News @ M-Media

Tag: Bangladesh

  • မုဒိမ်းမှုကျူးလွန်သူအား ကွပ်မျက်နိုင်မည့် ဥပဒေတစ်ခုကို ဘင်္ဂလားဒေ့ရှ် အတည်ပြု

    မုဒိမ်းမှုကျူးလွန်သူအား ကွပ်မျက်နိုင်မည့် ဥပဒေတစ်ခုကို ဘင်္ဂလားဒေ့ရှ် အတည်ပြု

    အောက်တိုဘာ ၁၃၊ ၂၀၂၀
    M-Media

    -အဓမ္မကျင့်သူတွေကို အမြင့်ဆုံး သေဒဏ်အထိပေးနိုင်မယ့် ဥပဒေပြင်ဆင်ချက်တစ်ခုကို ဘင်္ဂလားဒေ့ရှ်အစိုးရက မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်း နိုခါလီဒေသမှာ အုပ်စုတစ်စုက အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် ဒီလိုကျူးလွန်သူတွေကို သေဒဏ်ချမှတ်တာအပါအဝင် ပြင်းပြင်းထန်ထန် အပြစ်ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    မနေ့ကကျင်းပပြုလုပ်တဲ့ အစိုးရဝန်ကြီးများအစည်းအဝေးမှာ ဒီအချက်ကို ဆွေးနွေးခဲ့ပြီး အဓမ္မကျင့်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေး ဥပဒေပြင်ဆင်ဖို့ သဘောတူခဲ့ကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူ ခန်ကာ အန်ဝါရွလ် အစ္စလာမ်က မနေ့က အတည်ပြုခဲ့တဲ့ ‘အမျိုးသမီးများနှင့် ကလေးများအပေါ် စော်ကားဖိနှိပ်မှု တားဆီးရေးဥပဒေ ပြင်ဆင်ချက် ၂၀၂၀’ အရ အဓမ္မပြုကျင့်သူတွေကို အမြင့်ဆုံး သေဒဏ်၊ ပြင်းထန်တဲ့ထောင်ဒဏ်တွေ ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီဥပဒေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ စတင်အာဏာသက်ရောက်မယ့် ရက်တွေကို ဘင်္ဂလားဒေ့ရှ် သမ္မတရုံးက ဒီကနေ့မှာ ကြေငြာချက်ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာများကို ပြန်မခေါ်လို၍ မြန်မာအာဏာပိုင်များက သတင်းမှားလွှင့်နေသည်ဟု ဘင်္ဂလားဒေ့ရှ် စွပ်စွဲ

    ရိုဟင်ဂျာများကို ပြန်မခေါ်လို၍ မြန်မာအာဏာပိုင်များက သတင်းမှားလွှင့်နေသည်ဟု ဘင်္ဂလားဒေ့ရှ် စွပ်စွဲ

    အောက်တိုဘာ ၁၊ ၂၀၂၀
    M-Media

    -ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှောင့်နှေးစေဖို့အတွက် မြန်မာအာဏာပိုင်တွေက သတင်းမှားလွှင့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက စွပ်စွဲပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က ကုလသမဂ္ဂမိန့်ခွန်းမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက အကြမ်းဖက်အဖွဲတွေဖြစ်တဲ့ AA နဲ့ ARSA တို့ဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်​ကို အသုံးပြုနေတယ်လို့ ပြောကြားခဲ့ပြီး ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ အခြား ဥပဒေပ လုပ်ရပ်တွေနဲ့ နှစ်နိုင်ငံသဘောတူထားတဲ့ ရိုဟင်ဂျာ ပြန်လည်လက်ခံရေး အစီအစဉ်အပေါ် အနှောက်အယှက်ပြုနေတာကို တားဆီးဖို့လိုအပ်ကြောင်း၊ ဒီလုပ်ရပ်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ​အေကေ အဘ်ဒူလ် မိုမန်က AA နဲ့ ARSA တို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးပြုတယ်ဆိုတဲ့ မြန်မာအာဏာပိုင်တွေရဲ့ စွပ်စွဲချက်ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ နှောင့်နှေးအောင် သတင်းမှားဖြန့်တာသာဖြစ်ကြောင်း၊ မိမိတို့က ဒါကို ယတိပြတ်ငြင်းဆိုကြောင်း မနေ့က သတင်းဌာနတွေကို ပြောကြ​ကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာတွေကို သူတို့ရဲ့ဇာတိ ရခိုင်ပြည်နယ်ကို ပြန်ပို့ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ပြန်မခေါ်တာပါ။ ရိုဟင်ဂျာတွေ သူတို့ရဲ့အမိမြေကို လုံလုံခြုံခြုံပြန်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်က အခြေအနေတွေကို တိုးတက်အောင် မြန်မာအာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

    ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးရာအဖွဲ့ ဥက္ကဌ ဖာရွတ်ခန်းကလည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ သဘောတူညီချက် ရခဲ့ပေမယ့် ဒီအတွက် လုပ်ဆောင်မှုတွေကို အခုအချိန်အထိ မတွေ့ရသေးကြောင်း မြန်မာနိုင်ငံဟာ နေရပ်ပြန်ရေးလုပ်ငန်းကို အချိန်ဆွဲဖို့ ကြိုးစားနေကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ခုလုံးကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်ဖို့ မြန်မာနိုင်ငံက အစကတည်းက ကြိုးစားခဲ့တာပါ။ နှစ်ဖက်ဆွေးနွေးပွဲတွေ၊ သက်ဆိုင်သူတွေပါဝင်တဲ့ ဖိုရမ်တွေမှာ ဒီပုံဖော်မှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အခြေအမြစ်မရှိတဲ့ အဖျက်သဘောဆောင် ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”

    ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေက ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှသာ ဒီကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ဆန္ဒမျိုး ရှိလားဆိုတာကို မေးခွန်းထုတ်လိုကြောင်း ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စက်တင်ဘာနှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကြီးကို ခေါ်ယူကာ နယ်စပ်မှာ မြန်မာစစ်တပ်က တပ်တွေ ထပ်တိုးချထားတဲ့အကြောင်း မေးမြန်းခဲ့ပါတယ်။ အရင်က ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်ဖက် မောင်းထုတ်တာမျိုး ထပ်မဖြစ်စေဖို့ ဒီလိုခေါ်ယူမေးမြန်းရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဖက်က ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ်မှာ တပ်တွေ ထပ်တိုးချထားခဲ့ပါတယ်။

    မြန်မာနိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံကာ နယ်စပ်တစ်လျှောက် ARSA နဲ့ AA တို့ လှုပ်ရှားနေကြောင်းသတင်းရတဲ့အတွက် တပ်တွေထပ်တိုးချထားတာလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

    Ref: Benar News

  • ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်း ပြန်လည်ဦးမော့လာ

    ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်း ပြန်လည်ဦးမော့လာ

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    -ကိုဗစ်ကာလ အစောပိုင်းမှာ သိသိသာသာ ကျဆင်းခဲ့တဲ့ အထည်ချုပ်လုပ်ငန်းဟာ လက်ရှိအချိန်မှာ ပြန်လည်ဦးမော့လာတယ်လို့ ဘဂ်လားဒေ့ရှ် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ဘဂ်လားဒေ့ရှ်ဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းပြည်စီးပွားရေးရဲ့ အဓိကလုပ်ငန်းလည်း ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကာလ နောက်ပိုင်း ကမ္ဘာတစ်၀ှမ်း အ၀တ်အထည်ကုမ္ပဏီတွေက အမှာတွေရပ်ဆိုင်းခဲ့တာကြောင့် ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရဲ့ ပြည်ပတင်ပို့မှုဟာ ဧပြီလမှာ ၈၃ ရာခိုင်နှုန်း၊ မေလမှာ ၅၀ ရာခိုင်နှုန်းကျော်လောက် ကျဆင်းခဲ့ပါတယ်။

    ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်းနဲ့ ပြည်ပတင်ပို့သူများ အသင်း (BGMEA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခန်း မိုနီရူလ် အလမ်က ကမ္ဘာ့အ၀တ်အထည်ကုမ္ပဏီက အမှာတွေ ၈၀ ရာခိုင်နှုန်းလောက် ပြန်တက်လာတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီလိုအမှာတွေ ပြန်တက်လာတဲ့အတွက် တစ်ချို့ အထည်ချုပ်ကုမ္ပဏီတွေက အလုပ်သမား ရှာဖွေတာတွေကိုပါ လုပ်ဆောင်လာကြပါတယ်။ မိုနီရူလ်က တိုင်းပြည်အထည်ချုပ်လုပ်ငန်းရဲ့ ကိုဗစ်အလွန် အလားအလာကို နောက်ထပ် ၅ လအတွင်း ရှင်းရှင်းလင်းလင်း မြင်ရဖို့ ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : AFP

  • ကိုဗစ်ကာကွယ်ဆေးအတွက် ဘဂ်လားဒေ့ရှ်က အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်မည်

    ကိုဗစ်ကာကွယ်ဆေးအတွက် ဘဂ်လားဒေ့ရှ်က အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်မည်

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေး စမ်းသပ်ဖို့ အသင့်ရှိတယ်လို့ ဘဂ်လားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးရဲ့ အခုတစ်ပတ် ဘဂ်လားဒေ့ရှ်ခရီးစဥ်မှာ ကိုဗစ်ကာကွယ်ဆေးကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။

    ဘဂ်လားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စမ်းသပ်မှုပါအ၀င် အိန္ဒိယရဲ့ Covid-19 ကာကွယ်ဆေးထုတ်လုပ်မှုမှာ ပူးပေါင်းပါ၀င်ဖို့ အသင့်ရှိနေပြီး၊ အဆင်သင့်ဖြစ်တဲ့အခါ စျေးသက်သက်သာသာနဲ့ ရရှိဖို့လည်း ရည်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရာ ကုမ္ပဏီရှိတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိမှာ ကိုဗစ်အတွက် ကာကွယ်ဆေး ၃ ခုကို စမ်းသပ်နေပါတယ်။

    ဘဂ်လားဒေ့ရှ်ဟာ တရုတ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကိုလည်း နိုင်ငံအတွင်းမှာ စမ်းသပ်အသုံးပြုနေပါတယ်။

    Ref: The Star

  • တိုင်းရင်းသားဒေသတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုလာဓာတ်အားပေးစနစ်များ အခမဲ့တပ်ဆင်ပေးမည်

    တိုင်းရင်းသားဒေသတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုလာဓာတ်အားပေးစနစ်များ အခမဲ့တပ်ဆင်ပေးမည်

    ဇူလိုင် ၁၈၊ ၂၀၂၀
    M-Media

    -ရခိုင်မျိုးနွယ်စုအပါအဝင် တိုင်းရင်းသား​တွေနေထိုင်တဲ့ စစ်တကောင်း တောင်တန်းဒေသမှာ ဘင်္ဂလားဒေ့ရှ်က နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်တွေ အခမဲ့တပ်ဆင်ပေးဖို့ စီစဉ်နေပါတယ်။

    ကန်ဒေါ်လာ ၂၆ သန်းကုန်ကျမယ့် ဒီအစီအစဉ်မှာ ဒေသ ၃ ခုက ကျောင်းသားအဆောင်တွေ၊ မိဘမဲ့ကလေးဂေဟာတွေ၊ အများပြည်သူသုံး စင်တာတွေနဲ့ နေအိမ်ပေါင်း ၄ သောင်းလောက်ကို ဆိုလာဓာတ်အားပေးစနစ် တင်ပေးမှာပါ။

    လက်ရှိမှာ စီမံကိန်းပထမအဆင့် ပြီးဆုံးသွားပြီး ဒုတိယအဆင့်ကို စတင်ဆောင်ရွက်နေပါတယ်။

    ၂၀၄၅ ခုနှစ်ရောက်ရင် ပင်မဓာတ်အားလိုင်းကနေ ဓာတ်အားသုံးစွဲနိုင်ရေး စီမံကိန်းကို စစ်တကောင်း တောင်တန်းဒေသတွေမှာ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနိုင်တာကြောင့် ဓာတ်အားရရှိရေး ဘင်္ဂလားဒေ့ရှ်အစိုးရက အခြားနည်းလမ်းတစ်ခုနဲ့ စီစဉ်ပေးတာ ဖြစ်ပါတယ်။

    နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း လူပေါင်း ၄၂၅၀၀ ဦး အစိုးရက သင်တန်းပေးသွားမှာပါ။ စစ်တကောင်း တောင်တန်းဒေသရဲ့ လူဦးရေ ၉၆ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား ရရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သွားလာရခက်တဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်တွေကို အကောင်အထည်ဖော်နေပါတယ်။ လက်ရှိမှာ ဆိုလာဓာတ်အားလိုင်း ၂၁ လိုင်းကို အသုံးပြုနေပြီး နောက်ထပ် ၆ လိုင်းကိုလည်း တည်ဆောက်နေပါတယ်။

    Ref: pv magazine