News @ M-Media

Tag: bangladesh_ramu_buddhist_attack

  • ဦးဖေမြင့်ရဲ့ ပြန်ကြားရေး ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံဆော်နေတာလား?

    ဦးဖေမြင့်ရဲ့ ပြန်ကြားရေး ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံဆော်နေတာလား?

    နိုဝင်ဘာ ၂ ၊ ၂၀၁၆
    စတီဗင်ရေးသည်။

    စစ်အစိုးရလက်ထက်က အစိုးရသတင်းစာဆိုတာ အစိုးရကောင်းကြောင်းနဲ့ အတိုက်အခံ မကောင်းကြောင်း ၀ါဒဖြန့်ဖို့ အတွက်ဖြစ်ခဲ့တယ်။ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ အစိုးရ သတင်းစာဟာ နည်းနည်းလေး ပုံစံပြောင်းလာပေမယ့် သွေးထိုးလှုံဆော်မှု လုပ်ဖို့ အတွက် အသုံးပြုနေတုန်းပဲ။ ဥပမာ တောင်ကုတ် လူသတ်မှုသတင်းကို မွတ်စလင်တွေက မှားလို့ပဲ အသတ်ခံရသလိုလို၊ တခြား ပဋိပက္ခတွေမှာလည်း မွတ်စလင်တွေဘက်က လွန်လို့ အလုပ်ခံရသလိုလိုနဲ့ တစ်ဖက်စောင်းနင်းတွေရေးတယ်။ တောင်ကုတ် ကိစ္စဆိုရင် ဆူပူအောင် မွတ်စလင်ကုလားလို့ တမင်ထည့်ရေးတယ်။ မွတ်စလင်ကိစ္စနဲ့ ပတ်သက်လာရင် တခြားပုဂ္ဂလိက အမည်ခံ ခရိုနီပိုင်သတင်းစာ အများစုရဲ့ ရပ်တည်ချက်ကလည်း တစ်ဖက်စောင်းနင်းဆန်တယ်။

    အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်ရောက်လာတော့ အရပ်သား အစိုးရကြီးစိုးပြီပေါ့။ မဟုတ်မမှန် မုန်းတီးရေး ၀ါဒဖြန့်တာတွေကိုလည်း ကိုင်တွယ်မယ်။ တရားဥပဒေ စိုးမိုးအောင်လည်း လုပ်မယ်ဆိုတော့ လူနည်းစုတွေခမျာ မျှော်လင့်ချက် တသီတသန်းကြီးနဲ့ပေါ့ဗျာ။ ဦးဖေမြင့် ဦးဆောင်မယ့် ပြန်ကြားရေး ၀န်ကြီးဌာနက အရင်လို သွေးထိုးလှုံဆော်တာတွေ မလုပ်တော့ဘူးလို့ အတော်လေးမျှော်လင့်မိတယ်။ အစပိုင်းမှာလည်း မီဒီယာဆိုတာ တစ်ဖက်ဖက်ကို မလိုက်ဘူးဆိုတဲ့ အနေနဲ့ ဗုဒ္ဓဘာသာအဆုံးအမတွေ၊ ဘုန်းကြီးတွေရဲ့ တရားတွေကို မျက်နှာဖုံးထိပ်စီးမှာ ထည့်တာတွေ မလုပ်တော့ဘဲ စီကျူလာဆန်ဆန် ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ သိပ်မခံပါဘူး၊ တခြား ဘာသာချစ်တွေအပါအ၀င် မဘသ အုပ်စုက အဓိက ဖိအားပေးတာကြောင့် အဲဒါတွေ ပြန်ထည့်လိုက်ရတယ်။ အင်း .. ပြည်သူအများစုရဲ့ ဆန္ဒသဘောထားနဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီဆိုတော့လည်း ဘာများ ပြောလို့ရပါ့မလဲ ပေါ့နော်။ ဒီလိုပဲ အသားကျနေခဲ့တာကြာပြီဆိုတော့ ထူးပြီး ဘာမှမခံစားရဘူး။

    အဲ… ၀မ်းသာမိတာက အစိုးရ သတင်းစာတွေမှာ အရင်လို သွေးထိုးလှုံဆော်တာတွေ၊ မှိုင်းတိုက်တာတွေ မပါတော့ဘူးဆိုတာပဲ။ ဒါပေမဲ့ မြ၀တီက စစ်တပ် သတင်းတွေကိုထည့်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲသတင်းတွေ၊ နယ်မြေ သတင်းတွေဖော်ပြပုံကို သိပ်စိတ်တိုင်းမကျဘူး။ အင်း… ဒါလည်း တပ်မတော်နဲ့ ပလဲနံပသင့်အောင် လုပ်ဖို့ လိုတာကိုးပေါ့။ ဘာသာရေးသွေးထိုးလှုံဆော်တာမျိုးကို အစိုးရသတင်းစာတွေကပဲဖြစ်ဖြစ် တရားဝင် ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာကပဲ ဖြစ်ဖြစ် မလုပ်တော့ရင် ကျေနပ်ပါပြီပေါ့။

    ကဲဗျာ.. စကားတောင်မဆုံးသေးဘူး၊ ဒေါက်တာဖေမြင့်ဝန်ကြီးလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ဒီနေ့ထုတ် ကြေးမုံသတင်းစာက ပြည်ပက ရာဇ၀တ်မှုတစ်ခုကို ဘာသာတရားတွေခေါင်းစဉ်တပ်ပြီး ဟီးနေအောင် ရေးသဗျ။

    ဘာတဲ့ … “ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ်ဘာသာဝင်များက ဟိန္ဒူဘုရား ရှိခိုးကျောင်းနှင့် နေအိမ်များ တိုက်ခိုက်ဖျက်ဆီး” တဲ့။

    14959070_1243772865695407_410897045_o
    ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ အဆိုပါသတင်းကို ထပ်ဆင့်ဖြန့်ဝေခဲ့ပါတယ်။

     

    မူရင်း အင်္ဂလိပ်သတင်းကို Arab News ဆိုပြီး အကိုးအကားပေးထားတာတွေ့ရတယ်။

    ဒါ့အပြင် မူရင်း အင်္ဂလိပ် သတင်းခေါင်းစဉ်မှာ “Hundreds attack Hindu homes, temples in Bangladesh” လို့ သာ ထည့်ထားပြီး MOI က ခေါင်းစဉ်ပေးထားသလို “အစ္စလာမ်ဘာသာဝင်များက ဟိန္ဒူဘုရားရှိခိုးကျောင်း …” ဆိုတာမျိုး တိုက်ရိုက်မရေးထားပါ။

    ဒါနဲ့ မူရင်း အင်္ဂလိပ်နဲ့ ပြန်ကြားရေးက ဘာသာပြန်ကို တိုက်ကြည့်မိတယ်။ ( http://www.arabnews.com/node/1004751/world )အဲဒီမှာ ပြန်ကြားရေးရဲ့ ရည်ရွယ်ချက် ပေါ်လာတာပဲ။ မူရင်း သတင်းမှာ ထည့်သွင်းဖော်ပြထားခြင်းမရှိတဲ့ အောက်ဆုံးအပိုဒ် …

    “၂ဝ၁၂ ခုနှစ်ကလည်း ပင်လယ်ကမ်းခြေမြို့ဖြစ်သော ကော့ဘဇားမြို့တွင် အစ္စလာမ်ဘာသာဝင်များ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်”

    …. ကို ထည့်ထားတယ်။

    14907256_1878043982426006_4691483064186847087_n

    ဒါဟာ သတင်းသိမှုကို ဖော်ပြချင်လို့ ဘက်ဂရောင်းထည့်တယ်လို့ ကျနော်တော့ မမြင်ပါဘူး။ ဒါတမင် သက်သက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်ပြီး လှုံဆော်ထားတာပါ။

    ပုံနှစ်ပုံကို ယှဉ်တွဲဖော်ပြထားပါတယ်။

    ဒါအပြင် ပြန်ကြားရေးက ဖျက်ဆီးတာကို ထည့်ပြီး ဘင်္ဂလားဒေရှ်အစိုးရက အားလုံး အသစ် ပြန်ဆောက်ပေးတာကို ချန်ရစ်ခဲ့ပါသေးတယ်။

    bk01487
    ဘင်္ဂလားဒေရှ်အစိုးရ အသစ်ပြန်ဆောက်ပေးခဲ့သော ဘုန်းကြိးကျောင်း

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး ပန်းဝါ ဒေသမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ က မီးရှို ဖျက်ဆီး ခံရတဲ့ ဗုဒ္ဓ ဘာသာ ဘုန်းကြီး ကျောင်း ၁၉ ကျောင်း ကို တာကာငွေ ကုဋေ ၂၀ အကုန် အကျ ခံပြီး ၈ လ နဲ့ အပြီး တည်ဆောက် ပြီး နိုဝင်ဘာ ၂၀၁၄ မှာ  ဝန်ကြီးချူပ် ရှိတ်ဟာဆီးနာ ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့တာပါ။

    သတင်းမီဒီယာ ကျင့်ဝတ် အကုန်ပလုံ။ သတင်းခေါင်းစဉ်ကို ဒီလိုပြူးတူးပြူးတဲ တပ်လိုက်ရင် နလပိန်းတုန်း အများစုရှိတဲ့ မြန်မာဖေ့စ်ဘုတ် ယူဇာတွေ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ မသိလေရော့သလား။ မုန်းတီးရေးအခံ အများစုရှိတဲ့ လူတွေရဲ့ စိတ်ထဲမှာ ဘာအစိုင်အခဲတွေ ဆက်လက်ကြီးထွားလာမလဲ မသိဘူးလား။ ခေါင်းစဉ်ကို ခပ်ယဉ်ယဉ်တပ်ပြီး သတင်းစာ ကိုယ်ထဲရောက်မှာ ဖြစ်စဉ်ကို ထည့်ရေးလို့ရော မရဘူးလား။ အမှန်တော့ ပဋိပက္ခတွေ ပြသနာတွေ ငြိမ်စေချင်တယ်ဆိုရင် ဒီလိုသတင်းမျိုးတွေက ရှောင်သင့်တယ်။ မထည့်လည်း ဘာမှထူးပြီးဖြစ်လာမှာ မဟုတ်ဘူး။ ထည့်မှ ရိုက်ခတ်မှုဖြစ်မှာလေ။ နောက်ပြီးတော့ ပြည်ပ သတင်းလေ။ စဉ်းစားလေလေ၊ တမင်သက်သက် လုပ်တာပါလို့ အဖြေထွက်လေလေပဲ။ ဘာရည်ရွယ်ချက်နဲ့လဲ၊ ဘာသဘောလဲ။

    သူရဲသူမိန်နဲ့ လုံခင်းမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတော်နဲ့ အဆောက်အအုံတစ်ချို့ကို ဖျက်ဆီးချိန်မှာတော့ “ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်နှင့် နေအိမ်များ တိုက်ခိုက်ဖျက်ဆီး” လို့ ခေါင်းစဉ်မတပ်ပါလားဗျ။ အဲဒီတုန်းက Conflict Journalism ကို နားလည်ပြီး အခုကျတော့ ထင်တိုင်းကျဲနေပါရော့လား။

    မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီနဲ့ မြန်မာနည်းမြန်မာ့ဟန် မီဒီယာ ကျင့်ဝတ် ကျဆုံးပါစေ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ ဘယ်ကိုဦးတည်နေပြီလဲ။ တုန်လည်းတုန်လှုပ်မိသလို အံ့လည်း သြမိပါကြောင်း။

    ပြန်ကြားရေး သတင်းထုတ်ပြန်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ လှုံဆော်တယ်လို့ ပြောချင်ပါတယ်။

    ဆက်စပ် သတင်းနှင့် ဆောင်းပါးများဖတ်ရန်
    ———————————————–

    ရာမူးပန်းဝါ ဘုန်းကြီးကျောင်းသစ် ပြန်တည်ဆောက်
    http://www.m-mediagroup.com/news/17807
    ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ် ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ
    http://www.m-mediagroup.com/news/6170

    နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ
    http://www.m-mediagroup.com/news/6191

    ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ
    http://www.m-mediagroup.com/news/6225

    ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို
    http://www.m-mediagroup.com/news/6164

    ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်
    http://www.m-mediagroup.com/news/6222

    ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား
    http://www.m-mediagroup.com/news/6151

    ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး
    http://www.m-mediagroup.com/news/6123

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ
    http://www.m-mediagroup.com/news/6115

  • ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ

    ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ

    အောက်တိုဘာ၊ ၆၊ ၂၀၁၂

    Source: BBC မြန်မာပိုင်း

    တနင်္လာနေ့မှာ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမယ်

    ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ တိုက်ခိုက် ခံရမူနဲ့ ပတ်သက်ပြီး ဝန်ကြီးချူပ် ရှိတ်ခ် ဟာဆီနာက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို စနေနေ့က ဝန်ကြီးချူပ် ရုံးခန်းကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ခဲ့ပါတယ်။

    တနာရီလောက် ကြာတဲ့ ဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချူပ် ရှိတ်ခ်ဟာဆီနာက အကြမ်းဖက် သူတွေကို ဖမ်းဆီးပြီး တရား ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်သလို နစ်နာ သူတွေကိုလည်း လျော်ကြေး ပေးမယ်လို့ ကတိပြု ပြောကြား ခဲ့တယ်လို့၊ တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ မာရမာကြီး ရှေ့နေ ဘီပလော့ ဘရဝါက ဘီဘီစီကို ပြောပြ ပါတယ်။

    ဝန်ကြီးချူပ်ဟာ လာမယ့် တနင်္လာနေ့မှာ အကြမ်းဖက် မီးရှို့တိုက်ခိုက် ခံခဲ့ ရတဲ့ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမှာ ဖြစ်သလို ဘာသာရေး ခေါင်းဆောင်တွေနဲ့ လည်း အဲဒီမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

    အခုအခါ ဒီအရေး ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေခဲ့တာကြောင့် အာဏာပိုင်တွေဟာ အရေးယူမူတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

    စနေနေ့က ထုတ်ပြန်တဲ့ သတင်းတွေ အရ လူပေါင်း ၂၅၀ဝ လောက်ကို ရဲက တရားစွဲဆို ထားပြီး၊ ဖမ်းဆီးထားသူ ၂၀ဝ ကျော်ကိုလည်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

  • ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်

    ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်

    ရန်ကုန် အောက်တိုဘာ ၅

    Source: The Voice Weekly

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များ အား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့က အကြမ်း ဖက်မှု များပြုလုပ်နေခြင်း အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။

    “ဒီလို သာသနာ့ အဆောက်အဦးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် နေတာကို ကျွန် တော်တို့ အနေနဲ့ လုံးဝ လက်မခံသလို အပြင်းအထန် ကန့်ကွက် ပါတယ်“ဟု ၄င်းကဆိုသည်။

    ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့က စပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ယင်းဒေသရှိ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စု များအား အကြမ်းဖက်မှု များခြင်းကို ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး ရှေ့တွင် သံဃာတော် များကလည်း အောက်တိုဘာလ ၅ ရက်နေ့က ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

    “အခုလို သတ်ဖြတ် ဖျက်ဆီး ခံရတဲ့ အပြစ်မဲ့ သူတွေအတွက် စိတ်မကောင်းဖြစ် ရပါတယ်“ ဟု ဦးဝဏ္ဏရွှေ က ဆိုသည်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း အကြမ်းဖက်မှုများကြောင့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ဖျက်ဆီး ခံရပြီး ၊ အဖိုးတန် ဗုဒ္ဓ ရွှေဆင်းတုတော်များ လုယက် ခံရသည့် အပြင် ရှေး ဟောင်း ပဋိကတ်တော် မြောက်များစွာ မီးရှို့ခံ ရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကားမြို့ ရှိ ရခိုင် တိုင်းရင်းသားများ ထံမှ ပေးပို့သော သတင်း အချက်လက်များ အရသိရသည်။

  • “Animism” ရဲ့ အကျဉ်းချုပ်

    “Animism” ရဲ့ အကျဉ်းချုပ်

    အောက်တိုဘာ၊ ၆ ၊ ၂၀၁၂

    ငြိမ်းချမ်းအေး

    “Animism” ဆိုတာ ဘာမှန်း မသိ..၊ ဘာသဘောလဲဆိုတာ နားမလည်..၊ ဆိုင်လား မဆိုင်လား မသိ..၊ သူတပါး ကိုးကွယ် ယုံကြည်မှု ကို စော်ကားချင်တာနဲ့ ရမ်းသုံး..။ ဘာသာပြန် ရမ်းပြန်တော့ တိရိစ္ဆာန်ဝါဒတဲ့..။

    အပြစ် တင်ချင်တဲ့ ဘာသာ နဲ့ “Animism” နဲ့ “ပြဒါးတလမ်း၊ သံတလမ်း” လားလားမှ မဆိုင်ဆိုတာလဲ မသိ..။

    ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်စဉ် ကိုင်ဆောင်ထားသည့် ပိုစတာ

    ကိုယ် ကိုယ်စားပြုတဲ့ ဘာသာ ရဲ့ အခွဲတွေ နဲ့ သဘော၊ လုပ်နည်း၊ လုပ်ဟန်၊ ဓလေ့ ထုံတမ်း တချို့ မှာ “Animism” သဘော ပါတယ် ဆိုတာလည်း ဘာသာ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ လို့ ခံယူထားပေမယ့် နားမလည်..။

    “စိတ် နဲ့ ငါ နဲ့ ညစ် တယ်” လို့ပဲ ဆိုရတော့မယ်..။

    ဒီလို သောက်တလွဲ တွေချည်းပဲ လိုက်ဖြေရှင်း နေရသလို ဖြစ်နေတယ်..။

    ဒါက “Animism” ရဲ့ အကျဉ်းချုပ်..။

    “Animism” သဘော မှာ လူ၊ တိရိစ္ဆာန်၊ သတ္တ လောက၊ ကမ္ဘာ့ ပထဝီ မြေကြီး၊ ရေ၊ မြေ၊ တောတောင် သဘာဝ ဖြစ်စဉ် အားလုံးမှာ ရုပ်/နမ် မခွဲဘဲ (spiritual ရော physical နှစ်မျိုးလုံးမှာ) ဝိညဉ် တည်ရှိ နိုင်တယ်..။ ဒီလို ဝိညဉ် က ဝတ္ထု ပစ္စည်း တိုင်း မှာ တည်ရှိပြီး တည်ရှိမှု ဖြစ်စဉ်ကို ချုပ်ထိန်းနိုင်တယ်..၊ လူသား ဘဝ နဲ့ ဖြစ်စဉ် တွေကို လွှမ်းမိုးနိုင်တယ် လို့ ယုံကြည်တာမျိုးဟာ “Animism” သဘော ဖြစ်တယ်..။

    ဒီလို သဘော၊ အယူ နဲ့ ဆက်စပ်တဲ့ သဘောထား၊ ဖြစ်ရပ် တွေကို ရှင်တို ဘာသာ၊ ဟိန္ဒို ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ တွေမှာလည်း တွေ့နိုင်တယ်..။

    တကယ်တော့ “Animism” သဘောက ကမ္ဘာဦး ရှေး လူသားတွေ ကိုးကွယ်ယုံကြည်မှု ဘာသာတရား ကို စတင် လိုအပ်၊ ဖန်တီး လာတဲ့ အခြေအနေမျိုး ဖြစ်တယ်..။ သဘာဝ တရား နဲ့ နေစဉ် ဘဝ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင် ဖြေရှင်းရာမှာ တခုခုကို ယုံကြည်ဖို့ လိုလာတယ်..။ တခုခုကို အားကိုးရာရှာဖို့လိုလာတယ်..။ ဒါကြောင့် တောင်အကြီးကြီး (သို့) ကျောက်တုံးအကြီးကြီး (သို့) နေမင်း စတဲ့ အရာဝတ္ထု တခုခု မှာ မမြင်နိုင်တဲ့ (တန်ခိုးလည်းရှိတဲ့) တစုံတရာ ရှိတယ်..။ သူက နေ့စဉ် လူသားဘဝ ကို တခုခု လွှမ်းမိုးတယ် လို့ ယုံကြည်လာတယ်..။ ဒါကြောင့် သူ့ကို ပူဇော်တယ်..။ သူ့ရဲ့ အစောင့်အရှောက်ကို ခံယူတယ်.. စတဲ့ သဘောပဲ ဖြစ်တယ်..။

    ဒါဟာ အလွယ်ပြောရရင် ဘာသာတရား၊ ကိုးကွယ် ယုံကြည်မှုတွေ စပေါ်လာတဲ့ အဆင့်လို့ ဆိုနိုင်တယ်..။

    ဒီသဘောဟာ ကမ္ဘာ့ ရှေးဟောင်းလူ့အဖွဲ့အစည်းတိုင်းမှာ ရှိတယ်…။ ဌာနေ အမေရိကန် တွေရဲ့ ကိုးကွယ်ယုံကြည်မှု တွေ ဆိုရင် “Animism” လို့ ပြောလို့ ရတယ်..။ ခုအချိန် ထိ “Animism” ကို အများစု ကျင့်သုံးနေကြတဲ့ အထဲက ကိုယ်နဲ့ နီးစပ်တဲ့…၊ မြင်သာတဲ့ နိုင်ငံ ပြရရင် အာဆီယံ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ လာအိုး(စ်) ကို ပြရမယ်..။ သူ့ဆီမှာ ဆိုရင် ဗုဒ္ဓဘာသာ ပြီးရင် ဒုတိယ အများဆုံးက “Animism” လို့ ဆိုနိုင်တယ်..။

    နိဂုံးချုပ်ရရင်.. အမှောင်တကာ အမှောင်မှာ အဝိဇ္ဇာ အမှောင် က အကြီးဆုံးပါ..။ အဝိဇ္ဇာ “မသိမှု” က လောကမှာ အဆိုးဆုံးပဲ..။ “မသိမှု” ကို “သိမှု” ဖြစ်စေတဲ့ ပညာ မျက်စိ ကန်းရင် ဘာဆို ဘာမှ မမြင်နိုင်တော့ဘူး..။ အကျိုးအကြောင်း မစဉ်းစားတတ်တော့ဘူး..။ အဲ့လို ဖြစ်ရင် လုပ်တဲ့ အလုပ်၊ ကျင့်တဲ့ အကျင့်၊ ယူတဲ့ အယူ ကလည်း မမှန်တော့ဘူး..။

    အားလုံး “အဝိဇ္ဇာ အမှောင်” ဖယ်ရှားနိုင်ပြီး “ပညာ အလင်း” ရပါစေ..။

    ငြိမ်းချမ်းအေး
    ၀၆ ၊ အောက်တိုဘာ ၊ ၂၀၁၂

     

    ဆောင်းပါးတိုကို ဆောင်းပါးရှင်း ငြိမ်းချမ်းအေးရဲ့ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ

    နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ

    အောက်တိုဘာ၊ ၆၊ ၂၀၁၂

    M-Media

    ဇေယျာသူ

    အခုတလော ကျွန်မလည်း စာမရေးဖြစ်ပဲ စာတွေပဲဖတ်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား သတိထား ဖတ်မိနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘုန်းကြီးကျောင်းတွေကို မီးရှို့တဲ့သတင်းကစထွက်ပေါ်လာကတည်းက အခုနောက်ဆုံး အခြေအနေထိကို ဆက်တိုက်ဖတ်ဖြစ်နေတယ်။

    ကျွန်မကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်လုပ်တာမျိုးကို မနှစ်သက်ပါဘူး။

    ဘင်္ဂလားဒေရှ် နိုင်ငံ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)

    “ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟဆီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။”

    “အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလီဒါဇီရာကမူ အစိုးရသည် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ သူမက အစိုးရအနေဖြင့် ယခုကိစ္စကို အမြတ်ထုတ်ကာ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန် ရည်ရွယ်ထားကြောင်း အပြစ်ဖို့ခဲ့သည်။ “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် မကောင်းတဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်”ဟု ဇီရာက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နေရာဒေသ တစ်လျှောက်တွင် ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရက လူအများ စုရုံးမှုကို ပိတ်ပင်တားဆီးထားပြီ ဖြစ်သည်။”

    ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ (၁)ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး ယခင်ကမူ မတူညီသော ကိုးကွယ်ယုံကြည်မှု နှစ်ခုကြား အများအားဖြင့် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ တနင်္လာနေ့ကလည်း ရွက်ဖျင်တဲများဖြင့် ယာယီနေထိုင်နေရသော ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ် ဘာသာဝင် မိသားစုများက အစားအသောက်များ လာရောက် ကူညီ လှူဒါန်းခဲ့သလို အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ဗုဒ္ဓဘာသာဝင် အချို့ကို အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်ဘေးတွင် ယာယီအခန်းများ ဆောက်လုပ်ပေးကာ နေထိုင်နေစေကြောင်း သတင်းများက ဖော်ပြသွားသည်။

    နောက်သတင်းတပုဒ်မှာ  ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြားသွားတဲ့သတင်းကို ဖတ်ရတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို လေးစားမိတယ်။ တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ် (၁၀) ယောက် လူမဆန်တဲ့ နည်းလမ်းတွေနဲ့ နေခင်းကြောင်တောင်ကြီး မင်းမဲ့စရိုက်ဆန်ဆန် ရိုက်သတ်ခံရတုံးက ဘယ်တာဝန်ရှိသူ တစ်ဦးမှ ဝမ်းနည်းကြောင်း တရားဝင်မပြောခဲ့ဘူး။ လူနည်းစုကို ကာကွယ်မယ်ဆိုတဲ့ အသံ မထွက်ခဲ့ဘူး။ မြန်မာအများစုရဲ့ စာနာဖေးမမှုအစား ဆိုရှယ် မီဒီယာတွေမှာ အဆဲသံတွေ မိုးမွှန်နေခဲ့တယ်။ ကျွန်မတို့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်ဟာ အခုဆိုရင် ၄-လအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် ဘာတစ်ခုမှ ရေရေရာရာ မထွက်ပေါ်လာခဲ့ပါဘူး။ ဒီကြားထဲ ကိုယ်ချင်းစာမေတ္တာတရားကြီးမားပါတယ်ဆိုတဲ့ မြန်မာအများ(အများစု)က ဘာမသိညာမသိ ရခိုင်က အခြေအနေတွေကို သေချာမသိပဲ မျက်ကန်းမျိုးချစ်တွေအဖြစ် တိုးပွားလာခဲ့ကြတယ်။ တကယ်တမ်း ရခိုင်မှာဖြစ်နေတဲ့ အခြေအနေတွေဟာ Media တွေရဲ့ တဘက်သတ်ဆန်လွန်းတာတွေကြောင့် ပြဿနာတွေပိုကြီးလာခဲ့တယ်။

    တကယ်တမ်းတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စရပ်ကို ကျွန်မတို့အဝေးကနေသူတွေက ဘာကိုမှရေရေရာရာ မသိကြတာပါ။ ရခိုင်ကပြန်လာသူတွေကို သူတို့အတွေ့အကြုံတွေကို ကျွန်မမေးကြည့်တော့ ဖျက်ဆီးခံရတဲ့ ဗလီတွေလည်းရှိပါတယ်။ မွတ်စလင်မ်အများစုက ပိုပြီးဒုက္ခရောက်နေကြရပါတယ်။ ကဲ … ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို ကျန်တဲ့မြန်မာပြည်သူပြည်သားတွေ ဘာကြောင့်မြင်အောင် မကြည့်တတ်ကြတာလဲ။ မမြင်ချင်ယောင် ဆောင်နေကြတာလဲ။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ပဲ ဘာကြောင့် တထစ်ချ စွတ်စွဲနေကြတာလဲ။ ရခိုင်ပြည်နယ်မှာ ဘိုးဘွားစဉ်ဆက် နေထိုင်လာကြတဲ့ မွတ်စလင်မ်တွေ ရှိနေတယ်ဆိုတာကို ဘာလို့လက်မခံကြတာလဲ။ မြေမြိုလို့လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မယ် ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူသားချင်းစာနာမှုကို ဘာလို့မျက်ကွယ်ပြုကြတာလဲ။ ဒါက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ကိစ္စရပ်ပါ။ အခု ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတဲ့ကိစ္စရပ်ဟာလည်း ရခိုင်ကိစ္စနဲ့ပြောင်းပြန် အချိုးကျနေတယ်လို့ ကျွန်မသုံးသပ်မိတယ်။ ဒီလိုအခြေအနေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေက ဘယ်လိုတုန့်ပြန်ဖြေရှင်းနေကြသလဲ။ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကွာခြားချက်ကတော့ သိသိသာသာကြီးကို မြင်လိုက်ရပါတယ်။ မေတ္တာတရား ကြီးမား ပါတယ်ဆိုတဲ့ မြန်မာတို့ရဲ့ မေတ္တာတရားတွေ ဘယ်မှာလဲ။

    ကဲ – အဓိကပြောချင်တဲ့အကြောင်းအရာကို ဆက်ပြောပါ့မယ်။

     

    အဲဒါတွေကိုတွေ့တော့ ကျွန်မ တော်တော်တော့ရီချင်တယ်။ ကိုယ့်အမိမြန်မာနိုင်ငံမှာ ကိုယ့်လူအများစုက လူနည်းစုကို အနိုင်ထက်စီးနင်းလုပ်နေတာကို တစ်ခြားသူတွေက ပြောတော့ ဟိုလူ့ကန့်ကွက်၊ ဒီလူကန့်ကွက်နဲ့ လုပ်လိုလုပ်။ အမျိုးချစ်နေရင် ခေါ်သွားကြဆိုပြီးတော့တောင် ပြောလိုက်ကြသေးတယ်။ ထားပါတော့။ ‘ဂျူးမား၊ မရမာကြီးများသင်တို့နှင့်ကျွန်ုပ်တို့ ထပ်တူရှိပါသည်။’  ‘လူနည်းစုတို့၏ အခွင့်အရေးကို လေးစားပါ’တဲ့ တကယ်ကောင်းတဲ့ ဖေးမမှုလေးပါပဲ။ ဖြစ်သင့်ပါတယ်။ ကျွန်မလည်း ကိုယ့်အမိမြန်မာနိုင်ငံကို ထိပါးစော်ကားလာရင် အားလုံးနဲ့တစ်သားတည်း အဲလိုပဲ ရှိမှာပါပဲ။ မကောင်းမှုလုပ်ရင် ၀ဋ်ဆိုတာလည်တတ်တယ်၊ သံသရာရဟတ် တပတ်လည်တတ်တယ်ဆိုတာကို ကျွန်မတို့ လုံးဝမမေ့သင့်ပါဘူး။ ဒီတော့ ကိုယ့်ကို ထိတော့ နာတတ်ကြသလို “သြော် သူတို့မှာလည်း ……….” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးရှိခဲ့မယ်ဆိုရင်တော့ ………………………. ။