News @ M-Media

Tag: bangladesh_ramu_buddhist_attack

  • ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ်  ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ

    ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ် ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ

    အောက်တိုဘာ၊ ၃ ၊ ၂၀၁၂

    M-Media

    ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာ မုဟမ္မဒ်ယူနွစ်က ဘင်္ဂလားဒေရှ်နိုင်ငံ ပန်းဝါနှင့် ရာမူးဒေသမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့  နေအိမ်များ ဖျက်ဆီးခံရမှုကို စိတ်ပျက် ထိတ်လန့်တုန်လှုပ်မိကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အဆိုပါကြေငြာချက်မှာ ဒီတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သူတွေကို  စုံစမ်းစစ်ဆေးမှုတွေ သေချာပြုလုပ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ဒေါက်တာယူနွစ်က ဘင်္ဂလားဒေရှ် အစိုးရကို တိုက်တွန်းထားပါတယ်။

    “ကျနော် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာကို စိတ်ပျက်မိကြောင်း” ဒေါက်တာယူနွစ်က ပြောပါတယ်။

    ဒေါက်တာ ယူနွစ်က ဗုဒ္ဓဘာသာများနှင့် ဟိန္ဒူဘာသာဝင်များကို စာနာကြောင်း ၄င်းတို့၏ စိတ်ရှည်သီးခံမှုအတွက် ကျေးဇူးတင်ကြောင်းကြေငြာချက်မှာ ဖော်ပြပါတယ်။

    အောက်တိုဘာ ၁ ရက်နေ့တွင် Facebookပေါ်တွင် အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကုရ်အာန် ကျမ်းစာအုပ်ကို မီးရှို့သည့် ဓာတ်ပုံတစ်ပုံနှင့် ပတ်သက်ပြီး ဒေါသထွက်နေသော အစ္စလာမ် ဘာသာဝင်များသည် နိုင်ငံတောင်ပိုင်းရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းနှင့် ဗုဒ္ဓဘာသာဝင် နေအိမ် (၅၀)ကျော်ကို မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း သတင်းများတွင် ဖော်ပြကြပသည်။

် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာယူနွစ်သည် စီးပွားရေးပညာရှင်တဦးဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်  Micro Finance ခေါ် အသေးစားငွေချေးမှုစနစ်ကို ဆင်းရဲသားများအတွက်  တီထွင်ကြံဆပေးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်းခံရပြီး နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံထားရသူဖြစ်သည်။

     

    ကိုးကား http://www.banglanews24.com

  • ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို

    ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို

    အောက်တိုဘာ၊ ၃ ၊ ၂၀၁၂

    Source: VOA

    Cox’s Bazar ခရိုင်၊ Ramu ဒေသအတွင်းမှာ ဖျက်ဆီးခံခဲ့ရသော ဘုန်းကြီးကျောင်းတစ်ကျောင်း။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက် မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အချိန်မီ အကာကွယ်မပေးနိုင်တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံချုပ်က အမိန့်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအပါအ၀င် အခင်းဖြစ်ပွားခဲ့တဲ့နယ်မြေတွေက လုံခြုံရေးအရာရှိတွေလည်း အခု အမိန့် ထုတ်ပြန်ချက်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

    အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၂၀ ကျော်နဲ့ စေတီပုထိုး အတော်များများ ပျက်စီးခဲ့ရတဲ့ အဲဒီ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကို အစိုးရအနေနဲ့ ဘာကြောင့် အချိန်မီ အကာကွယ်မပေးနိုင်တာလဲဆိုပြီး ဗဟိုတရားရုံးရှေ့နေတဦးက အဆိုတင်သွင်းလာတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးချုပ်က ကြားနာပြီး အခုလို ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul Karam Azad က ပြောပါတယ်။

    သူပြောသွားတာကတော့ – “ဘုန်းတော်ကြီးကျောင်းတွေ အရေအတွက် အများအပြား ပျက်စီး ဆုံးရှုံး တဲ့အထိ ဖြစ်သွားစေတဲ့ ဒီတိုက်ခိုက်မှုကို အစိုးရအနေနဲ့ ဘာကြောင့် အချိန်မီ ဟန့်တားနိုင်ခဲ့ခြင်း မရှိတာလဲ ဆိုတာနဲ့ နောက်ပိုင်း လိုအပ်တာတွေကို ဘာကြောင့် အချိန်မီ မလုပ်ဆောင်ဘဲ ရေငုံနှုတ်ပိတ် လုပ်နေတာလဲဆိုတဲ့အပေါ် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက အဆိုတင်သွင်း လာပြီး တဲ့နောက်မှာ တရားရုံးချုပ်က အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်-တဲ့။ ဗဟိုတရားရုံးချုပ်ရဲ့ ဒီအမိန့်ကို အစိုးရအနေနဲ့ မကြာခင် ရက်ပိုင်းအတွင်းမှာ အကြောင်းပြန်ကြားပေးရမှာ ဖြစ်ပါ တယ်”လို့ ပြောသွားတာပါ။

    ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတ၀ှမ်းလုံးမှာရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ရဟန်း သံဃာတော်တွေအပါအ၀င် တခြား ဘာသာတိုင်းရဲ့ ၀တ်ပြု ဆုတောင်းရာ နေရာတွေ အားလုံးကို အစိုးရအနေနဲ့ လုံခြုံ စိတ်ချမှုရှိအောင် လုပ်ဆောင်ပေးရမယ်ဆိုတဲ့ နောက်ဆက်တွဲ အမိန့်တခုကို လည်း အဲဒီအမိန့်ချပြီး နာရီအနည်းငယ်အကြာမှာ ဗဟို တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။

    Ramu ခေါ် ပန်းဝါမြို့နဲ့ Cox’s Bazaar ခေါ် ဖလောင်းချိတ်ဒေသတွေမှာ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပြီးပြီးချင်း နောက်တနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် အခြေအနေတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း တိုးမြှင့် ချထားခဲ့ တာကြောင့် ဗဟိုတရားရုံးချုပ်ရဲ့ ဒီ အမိန့်ဟာ အစိုးရတာဝန်ရှိသူတွေအတွက် ပဟေဠိ ဖြစ်နေတာပါ။

    အစိုးရအနေနဲ့ အခင်းဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်ဆိုပေမယ့်လည်း တခြားဒေသတွေမှာ ရှိနေသေးတဲ့ ဘာသာရေး အဆောက်အဦးတွေကိုပါ အကာကွယ်ပေးရမယ့် တာဝန်ရှိတာကြောင့် ဗဟိုတရားရုံးချုပ်က အခုလို အမိန့်ချမှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ Abdul Karam Azad ကတော့ သုံးသပ်ပါတယ်။

    သူပြောသွားတာကတော့ – “ဗဟိုတရားရုံးချုပ်က ဒီအမိန့်ကို ထုတ်ပြန်တာဟာ အခင်းဖြစ်ပွား တဲ့ နေရာဒေသတွေတင်သာ မကပဲ တခြား နေရာတွေမှာပါ ယိုပေါက်မရှိစေရအောင် အစိုးရအနေနဲ့ လုံခြုံရေးတွေ တိုးမြင့် ချထားဖို့အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်နိုင်ပါတယ်”- လို့ ပြော သွားတာပါ။

    အခု ဗဟိုတရားရုံးချုပ်က ထုတ်ပြန်တဲ့ အမိန့်ဟာ အစိုးရအဖွဲ့လို့ ရည်ညွန်း ဖော်ပြထားပေမယ့်လည်း အဓိကအားဖြင့်တော့ တိုင်းပြည်ရဲ့ လုံခြုံရေးကိစ္စတွေမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်၊ နိုင်ငံတော် ရဲချုပ်အပါအ၀င် Ramu နဲ့ Cox’s Bazaar ဒေသတွေက ရဲမှူးတွေနဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေကို ရည်ညွန်း ပြောဆိုတာ ဖြစ်ပါတယ်။

    ဗဟိုတရားရုံးချုပ်က အစိုးရအနေနဲ့ လုံခြုံရေးကိစ္စတွေမှာ ပိုမို တင်းကြပ်လုပ်ဆောင်ဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပေမယ့်လည်း အခင်းဖြစ်ပွားခဲ့တဲ့ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။

    အဲဒီဒေသမှာ အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်နေပြီး နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း ထပ်မဖြစ်တော့တဲ့အတွက် အခုလို ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေး လိုက်တာ ဖြစ်နိုင်တယ်လို့ The Daily Star သတင်းထောက် Abdul Karam Azad က တော့ သုံးသပ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်းကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။

    အခုချိန်ထိတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်လို့ မသင်္ကာသူ ၁၆၆ ဦးကို ဖမ်းဆီးထားပြီးဖြစ်တဲ့ အကြောင်း ပြည်ထဲရေးဝန်ကြီး ၀န်ကြီး Muhiuddin Khan Alamgir က ပြောကြားထားပါတယ်။ ဒါပေမယ့် အခု ဖမ်းထားတဲ့သူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ အစိုးရဘက်က သတင်း ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူတို့တွေဟာ အများက ထင်ကြေးပေးနေသလို့ ရိုဟင်ဂျာတွေနဲ့ ဂျမား အစ္စလားမီးယားလို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ဝင်တွေ ဟုတ်မဟုတ်ဆိုတာတော့ ကွဲကွဲ ပြားပြား မသိရသေးပါဘူး။

    မနေ့က အောက်တိုဘာ ၂ ရက်နေ့ကတော့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာ အကွယ် ပေးဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အစိုးရအနေနဲ့ ထိုက်တန်တဲ့ လျော်ကြေး ထုတ်ပေးဖို့ ရာနဲ့ချီတဲ့ ဒါကားတက္ကသိုလ် ကျောင်းသားတွေ ချီတက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျား။

  • ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား

    ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား

    အောက်တိုဘာ၊ ၃၊ ၂၀၁၂

    Source: Planet

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။

    “ကျွန်တော်တို့ ကနဦး စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အစ္စလာမ် ဘာသာရေး အစွန်းရောက် ဝါဒီတချို့ဟာ တခြားဘာသာဝင်တွေရဲ့ နေအိမ်တွေနဲ့ ဝတ်ပြုတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာကို အတည်ပြုနိုင်ပါတယ်”ဟု ၎င်းက အခင်းဖြစ်ရာ နေရာများသို့ သွားရောက်ပြီးချိန်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ခန်အလမ်ဂီက ယခုဖြစ်စဉ်တွင် အတိုက်အခံ ပါတီဘက်မှ မြှောက်ပင့် သွေးထိုးပေးမှုများ ပါဝင်နေနိုင်ကြောင်းလည်း အရိပ်အမြွက် စွပ်စွဲသွားသည်။ ၎င်းက ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒ ပါတီ၏ ဒေသခံ အဖွဲ့ဝင်တစ်ဦးဖြစ်သော လတ်ဖာ ရာမန် ကာဂျေးလ်သည် ယခုတိုက်ခိုက်မှုများအတွက် သွေးထိုး လှုံ့ဆော်ခဲ့သည်ဟု ယူဆရကြောင်း ရိပ်ဖမ်းသံဖမ်း ပြောကြားခဲ့သည်။ ယင်းကို အတိုက်အခံ ပါတီဘက်က ငြင်းဆန်ထားသည်။

    Facebookပေါ်တွင် ကိုအာရ် ကျမ်းစာအုပ်ကို မီးရှို့သည့် ဓာတ်ပုံတစ်ပုံနှင့် ပတ်သက်ပြီး ဒေါသထွက်နေသော အစ္စလာမ် ဘာသာဝင်များသည် နိုင်ငံတောင်ပိုင်းရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းနှင့် ဗုဒ္ဓဘာသာဝင် နေအိမ် (၄၀)ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြသည်။ ယင်းအခြေအနေကြောင့် ဗုဒ္ဓဘာသာဝင် ရာပေါင်း အတော်များများသည် နေရပ်ကို စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဗုဒ္ဓဘာသာဝင်များ၏ လုံခြုံရေးအတွက် တင်းကျပ်သော အစောင့်အကြပ်များ ချထားပေးခဲ့သည့်နောက် တနင်္လာနေ့က ဗုဒ္ဓဘာသာဝင်များ နေရပ်သို့ ပြန်လာခဲ့ကြသည်။

    ရဲတပ်ဖွဲ့သည် ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လူပေါင်း (၁၆၀)ကျော်ကို ဖမ်းဆီးထားသည်။ ပြဿနာများ ဖြစ်ပွားရာ တောင်ပိုင်းရာမူ ဒေသမှ သတင်းထောက် တစ်ဦးဖြစ်သော မာမွတ်အလီက ယခုဖြစ်စဉ်သည် လူနည်းစု ရိုဟင်ဂျာများ၏ လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင် ပြောဆိုထားသည်။ သို့သော်လည်း ယင်းအချက်ကိုမူ ဝန်ကြီး ခန်အလမ်ဂီက အတည်ပြုခဲ့ခြင်း မရှိပေ။ ဗုဒ္ဓဘာသာဝင်များထံ သွားရောက် တွေ့ဆုံခဲ့သည့် ဝန်ကြီးက “ကျွန်တော်တို့ ခုကိစ္စရဲ့ လက်သည်စစ်စစ်ကို မြန်နိုင်သမျှ မြန်မြန် ဖော်ထုတ်ဖို့ ကြိုးစားသွားမှာပါ”ဟုလည်း ကတိပြုခဲ့သည်။

    အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလီဒါဇီရာကမူ အစိုးရသည် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ သူမက အစိုးရအနေဖြင့် ယခုကိစ္စကို အမြတ်ထုတ်ကာ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန် ရည်ရွယ်ထားကြောင်း အပြစ်ဖို့ခဲ့သည်။ “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် မကောင်းတဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်”ဟု ဇီရာက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နေရာဒေသ တစ်လျှောက်တွင် ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရက လူအများ စုရုံးမှုကို ပိတ်ပင်တားဆီးထားပြီ ဖြစ်သည်။

    အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ဗုဒ္ဓဘာသာဝင်များကို ရွက်ဖျင်တဲများတွင် နေရာချပေးနေသည့် ဒုတိယ ဗိုလ်မှူးကြီး ဂျာ့ဒ်ဟိုစိန်က “သူတို့ တဖြည်းဖြည်း ပြန်လာနေကြပါပြီ။ ဗုဒ္ဓဘာသာဝင်တွေကို ကျွန်တော်တို့ တပ်ဖွဲ့တွေက အကာအကွယ် ပေးထားပါတယ်”ဟု မာရန်ဂလာ ကျေးရွာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဝန်ကြီးကမူ မိမိတု့သည် လူပေါင်း (၁၆၆)ဦးကို ဖမ်းဆီးထားပြီး အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း ထွက်ပြေးသွားသည့် ဗုဒ္ဓဘာသာဝင် မိသားစု (၁၀၀၀)ကျော်သည် နေရပ်သို့ ပြန်လာနေကြောင်း ဒါကာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    တိုက်ခိုက်မှုအတွင်း လူ(၂၀)ဝန်းကျင် ဒဏ်ရာရခဲ့ပြီး မာရန်ဂလာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ပြေးသူ အတော်များများသည် ပိုင်ဆိုင်မှု အားလုံးလိုလို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးဖြစ်သူ ပရိုဒစ်ဘာရူအာက “ပြဿနာတွေဖြစ်တော့ ကျွန်တော် စပြေးတယ်။ ကလေးနှစ်ယောက်နဲ့ ဇနီးကိုပါ ခေါ်သွားတယ်။ ကျွန်တော့်အိမ်နဲ့ရော၊ ခုဒေသနဲ့ ဝေးတဲ့ထိ ပြေးပါတယ်”ဟု ဆိုသည်။ ၎င်းသည် တနင်္လာနေ့က နေရပ် ပြန်လာသောအခါ ပြာပုံဘဝ ရောက်နေသော ဆိုင်ကိုသာ တွေ့မြင်ခဲ့ရသည်။ ၎င်းက “ကျွန်တော် ခုချိန်မှာ ဘယ်လို အသက်မွေးရမလဲ။ ကျွန်တော့် ကလေးတွေကို ဘယ်လို ကျောင်းထားရမလဲ။ ကျွန်တော် ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးသွားပါပြီ”ဟု ဝမ်းနည်းပက်လက် ပြောကြားသွားသည်။

    ဝန်ကြီး ခန်အလမ်ဂီက အစိုးရသည် နေအိမ်ဖျက်ဆီးခံရသော ဗုဒ္ဓဘာသာဝင်များ၏ အိမ်များကို ပြန်ဆောက်ပေးမည်ဖြစ်ပြီး ၎င်းတို့အတွက် လုံခြုံရေးနှင့် ထောက်ပံ့ရေး အစီအစဉ်များကို အစိုးရက စဉ်းစားထားကြောင်း ဆိုသည်။ ယခုဖြစ်ရပ်သည် အသက်(၂၅)နှစ်အရွယ် ဒေသခံ ဗုဒ္ဓဘာသာဝင် တစ်ဦးက ကိုအာရ်ကျမ်းစာအုပ်ကို စော်ကားသည့် ဓာတ်ပုံအား Facebookပေါ် တင်ခဲ့သည့်အတွက်ဟု ဆိုသော်လည်း ထိုစွပ်စွဲခံရသူ အနေဖြင့် အမှန်တကယ် ထိုပုံကို လွှင့်တင်ခဲ့ခြင်း ရှိမရှိ အတည်မပြုနိုင်ချေ။

    ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ သန်း(၁၅၀)အနက် Facebookသုံးစွဲသူ ဦးရေမှာ (၀.၂)ရာခိုင်နှုန်းနှင့် ညီမျှသည့် (၃၀၀၀၀၀) ဝန်းကျင်သာ ရှိနေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထုတ်ဝေသည့် Daily Star သတင်းစာကမူ ယခုဖြစ်ရပ်တွင် အစွပ်စွဲခံရသော ဗုဒ္ဓဘာသာဝင်မှာ ယင်းဓာတ်ပုံကို ကိုယ်တိုင်တင်ခြင်း မဟုတ်ဘဲ အခြားတစ်ဦးက လူမှားကာ ယင်း၏ Profileတွင် Tagထားခြင်းဟု ရေးသား ဖော်ပြခဲ့သည်။ အမည်ဖော်မပြသော အဆိုပါ လူပုဂ္ဂိုလ်၏ Facebook Accountကို ယခုအခါ ပိတ်ထားလိုက်ပြီး ၎င်းနှင့် ၎င်း၏ မိခင်ကို ရဲတပ်ဖွဲ့က လုံခြုံရေး စောင့်ရှောက်မှု ပေးထားကြောင်း သိရှိရသည်။

    ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ (၁)ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး ယခင်ကမူ မတူညီသော ကိုးကွယ်ယုံကြည်မှု နှစ်ခုကြား အများအားဖြင့် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ တနင်္လာနေ့ကလည်း ရွက်ဖျင်တဲများဖြင့် ယာယီနေထိုင်နေရသော ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ် ဘာသာဝင် မိသားစုများက အစားအသောက်များ လာရောက် ကူညီ လှူဒါန်းခဲ့သလို အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ဗုဒ္ဓဘာသာဝင် အချို့ကို အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်ဘေးတွင် ယာယီအခန်းများ ဆောက်လုပ်ပေးကာ နေထိုင်နေစေကြောင်း သတင်းများက ဖော်ပြသွားသည်။

  • ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

    ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

    အောက်တိုဘာ၊ ၂၊ ၂၀၁၂

    Source: ဧရာဝတီ

    ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာဟာ အစ္စလမ်အခြေခံဝါဒီတွေ လက်ချက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ် (ဓာတ်ပုံ – Reuters)

     

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့က စတင်ခဲ့တဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာဟာ အစ္စလမ်အခြေခံ ဝါဒီတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ လူ ၁၇၀ ကျော်ထဲမှာ အတိုက်အခံ ပါတီဝင်တွေ ပါဝင်နေတယ်လို့လည်းလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။

    ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေဟာ စစ်တကောင်း တိုင်းအတွင်းက ကော့စ်ဘာဇာခရိုင်၊ ဦးကီယာ၊ တက္ကနာနဲ့ စစ်တကောင်း ခရိုင် ပေါ်တီယာမြို့တွေကို ပျံ့နှံ့သွားခဲ့ပြီးနောက် အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို အာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာ အခုဆို လူ ၁၇၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာထုတ် သတင်းစာတွေနဲ့ ဒေသတွင်း သတင်းစာတိုင်းမှာ ဖော်ပြနေပါတယ်။

    ဖမ်းဆီးမှုတွေအကြောင်း ကော့စ်ဘာဇာ ရဲအရာရှိတဦးက “ဖမ်းတာတွေကတော့ ၁၇၀ ကျော်ပြီ။ သူတို့ကို စစ်တကောင်းမြို့နယ်နဲ့ ကော့စ်ဘာဇာ မြို့နယ်တွေက ဖမ်းဆီးထားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

    ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ် ၄၀ လောက် မီးရှို့ဖျက်ဆီး ခံရအပြီး ဒေသတွင်းမှာ နေထိုင်ကြသူ ဒုက္ခသည် ဗုဒ္ဓဘာသာဝင်တွေ ရပ်ရွာကို ပြန်လာကြရာမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါတယ်။

    ဒေသခံ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အဆိုအရ လူ တထောင်လောက် ထွက်ပြေးခဲ့ရပြီး အခု တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးမယ် လို့လည်း အစိုးရက ပြောပါတယ်။

    အစ္စလမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေ ၁၅၃ သန်းမှာ ဗုဒ္ဓဘာသာဝင်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌရဲ့ အဆိုအရ ပြီးခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ချိန်ကစလို့ ဒီလိုမျိုး တခါမှ မကြုံသေးဘူးလို့ သိရပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဩဇာရှိတဲ့ လူမှုရေးခေါင်းဆောင် ၉ ဦးကလည်း တရားဥပဒေအရ စုံစမ်းစစ်ဆေးရေး အမြန်စဖို့ တောင်းဆိုထားပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည်တွေ တိုက်ခိုက်မှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ အဖမ်းအဆီး ခံရမှုများလည်း မရှိသေးပါဘူး။

  • ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ဘာသာပေါင်းစုံ ကန့်ကွက်ဆန္ဒပြ

    အောက်တိုဘာ၊ ၂ ၊ ၂၀၁၂

    Source: BBC

    ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ကန့်ကွက်ဆန္ဒပြ

    လုံခြုံရေး တွေကိုလည်း တိုးချထားပါတယ်

     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ တိုက်ခိုက် ခံခဲ့ရတဲ့ အပေါ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ စုပေါင်းပြီး ဒါကားမြို့ အမျိုးသား ပြတိုက်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

    ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး တွေ တင်းတင်း ကျပ်ကျပ် ချထားပြီး မတည်ငြိမ်မှု တွေ ဆက် မဖြစ်အောင် ထိန်းသိမ်း နေချိန်မှာပဲ အဖွဲ့ အစည်း ပေါင်းစုံက လူပေါင်း ၅၀ဝ လောက်က အခုလို ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

    မီးရှို့တိုက်ခိုက် ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ထဲမှာ တချို့ ကျောင်းတော် တွေဟာ နှစ်ပေါင်း ၂၅၀ ကျော် ၃၀ဝ ခန့်က တည်ရှိခဲ့တဲ့ ကျောင်းတွေ ဖြစ်ကြပါတယ်။ရှေးခေတ် ရွှေဆင်းတုတော်တွေ ပျောက်ဆုံးတာ၊ ပိဋကတ်တော်တွေ မီးလောင် ပျက်ဆီးသွားတာတွေနဲ့ ရှေးဟောင်း စာပေတွေ ပျက်ဆီး သွားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ရှေးခေတ် ယဉ်ကျေးမှု အမွေ အနှစ်တွေ လုယက် ဖျက်ဆီး ခံခဲ့ရတာ ဖြစ်လို့ ဘင်္ဂလားဒေရှ်က ဗုဒ္ဓဘာသာဝင်တွေ အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ အစ္စလာမ် ဘာသာကို စော်ကားတယ် ဆိုတဲ့ ဓာတ်ပုံ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက် ပေါ်ထွက်လာပြီး နောက် ရာမူးနဲ့ ကော့ဆက် ဘဇား မြို့တို့မှာ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ ဘုန်းကြီးကျောင်းတွေ၊ ဆင်းတုတော် တွေကို မွတ်ဆလင် တွေက တိုက်ခိုက်ခဲ့ ကြတာပါ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း သံဃာ အပါး ၁၀ဝ လောက်က ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြ တယ်လို့ သိရပါတယ်။