News @ M-Media

Tag: Business

  • ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပါက ဂျာမနီ ဘဏ်များ ထိခိုက်နိုင်

    ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပါက ဂျာမနီ ဘဏ်များ ထိခိုက်နိုင်

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    – ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမမှ ခွဲထွက်သွားပါက ယူကေဘဏ်များနှင့် အနီးကပ်အလုပ်လုပ်နေသည့် ဂျာမနီဘဏ်များမှာ ကြီးကြီးမားမား ထိခိုက်လိမ့်မည်ဟု ဂျာမနီဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ Bafin ၏ ဥက္ကဌ ဖီလစ် ဟူဖဲလ်ဒ်က ဂျာမန်သတင်းစာ Tagesspiegel သို့ ပြောကြားခဲ့သည်။

    ဗြိတိန်ပြည်သူများမှာ ယခုလ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးကြမည်ဖြစ်ပြီး ဟူဖဲလ်ဒ်ကမူ ခွဲမထွက်ရေး မဲပေးရန် မျှော်လင့်နေသည်။ ထိုသို့မဟုတ်ပါက နိုင်ငံအတွင်း ဘဏ်ကြီးများမှာ ကြီးမားသည့် ပြဿနာများဖြင့် ရင်ဆိုင်ရမည်ဟု ဆိုသည်။

    ဥရောပဗဟိုဘဏ်ကလည်း ဗြိတိန်၏ ထိုကိစ္စကို အနီးကပ်စောင့်ကြည့်နေပြီး ဘဏ်များကလည်း ဖြစ်နိုင်သည့် နောက်ဆက်တွဲကိစ္စများကို စောင့်ကြည့်ရန်အတွက် အဖွဲ့များဖွဲ့ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဗြိတိန်နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဂျာမန်ဘဏ်များတွင် Deutsche Bank AG နှင့် Commerzbank AG ကဲ့သို့ ဘဏ်ကြီးများလည်း ပါဝင်နေသည်။

    Ref: Reuters

  • ကမ္ဘာတစ်ဝှမ်း လာဘ်ပေးလာဘ်ယူမှုပမာဏမှာ နှစ်စဉ် ကန်ဒေါ်လာ ၂ ထရီလီယံနီးပါးရှိနေ

    ကမ္ဘာတစ်ဝှမ်း လာဘ်ပေးလာဘ်ယူမှုပမာဏမှာ နှစ်စဉ် ကန်ဒေါ်လာ ၂ ထရီလီယံနီးပါးရှိနေ

    မေ ၁၂၊ ၂၀၁၆
    M-Media

    – ကမ္ဘာတစ်ဝှမ်းတွင် လာဘ်ငွေအဖြစ် နှစ်စဉ် အပေးအယူပြုလုပ်နေသည့် တန်ဖိုးမှာ ကန်ဒေါ်လာ ၁.၅ ထရီလီယံမှ ၂ ထရီလီယံအထိ ရှိနေသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ဥက္ကဌ ခရစ္စတိုင်း လာဂါဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါပမာဏမှာ ကမ္ဘာ့စီးပွားရေးတွင် သုံးစွဲနေသည့် ငွေကြေးပမာဏ၏ ၂ ရာခိုင်နှုန်း ရှိနေပြီး လာဂါဒီကမူ မကြာသေးမီက ပြုလုပ်ခဲ့သော IMF ၏ သုတေသနကို ကိုးကား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လာဘ်ပေးမှုပမာဏမှာ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်စဉ်အပေးအယူပြုလုပ်နေသည့် စုစုပေါင်းကို ခန်မှန်းတွက်ချက်ထားခြင်း ဖြစ်သည်။

    လာဂါဒီကမူ ထိုကဲ့သို့ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှာ အစိုးရအပေါ် ယုံကြည်မှု ပျက်ပြားစေပြီး ပြည်သူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တကို ပျက်ဆီးစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အကျင့်ပျက်ခြစားမှုကြောင့် စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှုမှာ ထင်သာမြင်သာရှိသော်လည်း သွယ်ဝိုက်ထိခိုက်မှုမှာ ပိုမိုကြီးမားဆိုးရွားကာ တိုးတက်မှု နှေးကွေးခြင်းနှင့် ၀င်ငွေမညီမျှမှု ကြီးမားခြင်းတို့ ဖြစ်စေနိုင်သည်ဟုလည်း သူမက သတိပေးခဲ့သည်။

    Ref: IINA

  • ၁၀ စုနှစ်တစ်ခုကျော်အတွင်း Apple က ပထမဆုံး ရောင်းအားနှင့် အမြတ်ငွေလျော့ကျ

    ၁၀ စုနှစ်တစ်ခုကျော်အတွင်း Apple က ပထမဆုံး ရောင်းအားနှင့် အမြတ်ငွေလျော့ကျ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    apple 2

    – ကမ္ဘာကျော် Apple ကုမ္ပဏီအနေနဲ့ အခုနှစ် ပထမ ၃ လပတ်မှာ ၁၃ နှစ်အတွင်း ပထမဆုံးအဖြစ် အမြတ်ငွေလျော့ကျခဲ့ပြီး အိုင်ဖုန်းရောင်းချရမှုမှာလည်း ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်နဲ့ယှဉ်ရင် ၁၀ သန်းလောက် လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။

    အခုလိုဖြစ်ရပ်ကြောင့် Apple ကုမ္ပဏီ၊ စီအီးအိုဖြစ်သူ တင်မ်ကွတ်တို့ကို နောက်ထပ် ထုတ်ကုန်တွေအတွက် ဖိအားတွေဖြစ်စေခဲ့ပါတယ်။ ၀င်ငွေကျဆင်းခဲ့ပေမယ့် အခုနှစ် ပထမ ၃ လပတ် အကျိုးအမြတ်ကတော့ ဒေါ်လာ ၁၀.၅ ဘီလီယံ ရှိခဲ့ပါတယ်။

    Apple ရဲ့ နောက်ဆုံးထွက် အိုင်ဖုန်းဟာ အရင် မော်ဒယ်တွေနဲ့ ကွဲလွဲမှုသိပ်မရှိတာ၊ ပြိုင်ဘက်တွေများပြားလာပြီး ကမ္ဘာတစ်ဝှမ်း ရောင်းချရမှု ကျဆင်းလာတာတွေကလည်း ဒီလို အမြတ်ငွေနည်းပါးခြင်းရဲ့ အကြောင်အရင်းတွေ ဖြစ်ပါတယ်။ Apple ဟာ iPad၊ Mac ကွန်ပျူတာနဲ့ အခြားသော ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ရောင်းချပေမယ့် သူတို့ရဲ့ အမြတ်ငွေ ၃ ပုံ ၂ ပုံဟာ အိုင်ဖုန်းရောင်းချရမှုတွေထဲက ရရှိတာဖြစ်ပါတယ်။

    Sourc: AP

  • ၂၀၁၀ ခုနှစ် BP ကုမ္ပဏီ၏ ရေနံယိုဖိတ်မှုအတွက် နစ်နာကြေး ကန်ဒေါ်လာ ဘီလီယံ ၂၀ ပေးရမည်

    ၂၀၁၀ ခုနှစ် BP ကုမ္ပဏီ၏ ရေနံယိုဖိတ်မှုအတွက် နစ်နာကြေး ကန်ဒေါ်လာ ဘီလီယံ ၂၀ ပေးရမည်

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    oil 2

    – အမေရိကန်လောင်စာကုမ္ပဏီကြီးတစ်ခုဖြစ်သော BP အနေဖြင့် ၂၀၁၀ ခုနှစ်တွင် မက္ကဆီကို ပင်လယ်ကွေ့၌ ရေနံယိုဖိတ်မှုအတွင်း ထိုခိုက်နစ်နာမှုများကို ပြန်လည်ပြင်ဆင်ပေးရန်အတွက် နစ်နာကြေး ကန်ဒေါ်လာ ၂၀ ဘီလီယံ ပေးအပ်ရန် လူဝီစီယားနားပြည်နယ် တရားရုံးက ယမန်နေ့တွင် နောက်ဆုံး အတည်ပြုလိုက်သည်ဟု သိရသည်။

    အဆိုပါ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လက ကြေငြာခဲ့ခြင်းဖြစ်ပြီး အများပြည်သူ ရေသန့်ရှင်းရေးအက်ဥပဒေအရ ဒဏ်ငွေ ၅.၅ ဘီလီယံ ပေးဆောင်ရမည်ဖြစ်သည်။

    ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပြန်လည်အဖတ်ဆယ်ရန်နှင့် ရေနံယိုဖိတ်မှုကြောင့် နစ်နာမှုများရှိသည်ဟု တက္ကဆက်ပြည်နယ်၊ မစ္စစီပီပြည်နယ်၊ အလာဘားမားပြည်နယ်၊ ဖလော်ရီဒါပြည်နယ်နှင့် လူဝီစီယားပြည်နယ်တို့က တိုင်ကြားမှုများကြောင့် ပေးဆောင်ရမည်များကို ထည့်သွင်းတွက်ချက်ပါက ကန်ဒေါ်လာ ၂၀.၈ ဘီလီယံအထိ ကုန်ကျသွားမည်ဟု အမေရိကန်တရားရေးဌာက ခန့်မှန်းထားသည်။

    အဆိုပါ နစ်နာကြေးများကို ၁၆ နှစ်အတွင်း အပြီးအပြတ် ပေးချေရမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ်က BP က ဆောင်ရွက်သည့် ကမ်းလွန်ရေနံတူးဖော်စင်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ပြီး ရေနံဂါလံ သန်းပေါင်း ၁၃၄ သန်း ယိုဖိတ်ခဲ့သည်။ ထိုသို့ ယိုဖိတ်မှုမှာ ရေနံထုတ်လုပ်မှုသမိုင်းတွင် ရေပြင်အတွင်း အကြီးမားဆုံး ရေနံယိုဖိတ်မှုလည်း ဖြစ်သည်။

    Ref: Aljazeera

  • ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေသည်ဟု IMF ပြော

    ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေသည်ဟု IMF ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    economy

    – ကမ္ဘာ့စီးပွားရေးမှာ အလွန်အမင်း အားနည်းလာနေပြီး အမေရိကန်နှင့် အခြားသော နိုင်ငံကြီးများအနေဖြင့် ထိုပြဿနာကို ရင်ဆိုင်နိုင်မည့် အစီအစဉ်များကို အလျင်အမြန် ပြင်ဆင်ထားရန် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMF က သတိပေး ပြောကြားလိုက်သည်။

    အဆိုပါ သတိပေးချက်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဂျီ ၂၀ နိုင်ငံများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် တင်သွင်းရန် ပြင်ဆင်နေသည့် အစီရင်ခံစာဖြစ်သည်။ လက်ရှိအချိန်တွင် စတော့ဈေးကွက်များ ကျဆင်းမှု၊ ငွေကြေးဈေးကွက်များ မတည်ငြိမ်မှုနှင့် စီးပွားရေးအားနည်းလာမှု လက္ခဏာများကို ကြုံတွေ့နေရပြီး ထိုကိစ္စအတွက် ဖြေရှင်းရန် ဂျီ ၂၀ နိုင်ငံများက ဆွေးနွေးခြင်းဖြစ်သည်။

    IMF ၏ အစီရင်ခံစာတွင် ကမောက်ကမဖြစ်နေသည့် စီးပွားရေးမှာ ရေနံဈေးနှုန်းများ ကျဆင်းမှု၊ တရုတ်နိုင်ငံနှင့် အခြားသော စီးပွားရေးကြီးမားသည့် နိုင်ငံများ၏ စီးပွားရေးတိုးတက်မှု ကျဆင်းလာမှုကြောင့် ပိုဆိုးလာသည်ဟု ဖော်ပြထားသည်။

    “ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးဖို့ ရနိုင်သမျှ ဘဏ္ဍာရေးအခွင့်အလမ်းတွေကို အသုံးချပြီး တောင်းဆိုမှုတွေအတွက် ဂျီ ၂၀ နိုင်ငံတွဟာ အခုကတည်းက အစီအစဉ်တွေ လုပ်ထားရပါမယ်” ဟု အစီရင်ခံစာက ဆိုသည်။

    ထို့ပြင် စီးပွားရေးတိုးတက်မှု ဆက်လက်အားနည်းနေပါက ထပ်ဆောင်းဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်သင့်သည်ဟုလည်း IMF က ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တို့တွင် ၀.၂ ရာခိုင်နှုန်းသာ ရှိမည်ဟု IMF က ပြီးခဲ့သည့်လက ခန့်မှန်းခဲ့သည်။ ထိုခန်မှန်းချက်မှာ ယခင်က ထုတ်ပြန်ထားခဲ့သော ၃.၄ ရာခိုင်နှုန်းနှင့် ၃.၆ ရာခိုင်နှုန်းထက် ပိုမိုလျော့နည်းသွားခြင်းဖြစ်သည်။

    Ref: Aljazeera