News @ M-Media

Tag: Business

  • တရုတ်စတော့ဈေးကွက် အခြေအနေပြန်ကောင်း၊ ရေနံဈေးနှုန်းလည်း ပြန်တက်လာ

    တရုတ်စတော့ဈေးကွက် အခြေအနေပြန်ကောင်း၊ ရေနံဈေးနှုန်းလည်း ပြန်တက်လာ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    stock

    – နိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်အကြီးအကဲကို တရုတ်နိုင်ငံက အစားထိုးခဲ့ပြီးနောက် ယနေ့တွင် တရုတ်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်များမှာ မြင့်တက်လာခဲ့ပြီး ၄ ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီနှင့် ယခုနှစ်အစောပိုင်းတွင် စတော့ဈေးကွက် ပြိုလဲလုနီးပါးဖြစ်ခဲ့သည့် တရုတ်နိုင်ငံ၏ ထိုလုပ်ရပ်ကို ရင်းနှီးမြှုပ်နှံသူများက အကောင်းမြင်ခဲ့ကြသည်။ Shanghai Composite Index မှာ ၂.၃၇ ရာခိုင်နှုန်း တက်လာခဲ့ပြီး ၂ ၉၂၇.၁ ပွိုင့်သို့ ရောက်ရှိခဲ့ကာ ဟောင်ကောင်ရှိ Hang Seng Index မှာလည်း ၀.၉၃ ရာခိုင်နှုန်း တက်ခဲ့ကာ ၁၉၄၆၄.၀၉ အထိ ရှိခဲ့သည်။

    အမေရိကန်၏ ရေနံထုတ်လုပ်မှုနှုန်းမှာ ကျဆင်းသွားသည်ဟု အချက်အလက်များ ထွက်ပေါ်လာပြီးနောက် ရေနံဈေးနှုန်းမှာ ယနေ့တွင် တက်လာခဲ့သည်။ West Texas Intermediate (WTI) ရှိ ရေနံဈေးနှုန်းမှာ ၀.၅ ဒေါ်လာ တက်လာခဲ့ပြီး တစ်စည်ကို ကန်ဒေါ်လာ ၃၀ အထက်သို့ ရောက်ရှိလာခဲ့သည်။

    သို့သော်လည်း ဈေးကွက်အတွင်း ရောင်းလိုအား ပိုလျှံနေမှုကြောင့် ရေနံဈေးနှုန်းမှာ မတည်ငြိမ်သေးပေ။ အမေရိကန်ကမူ ယခုနှစ်အတွင်း ရေနံထုတ်လုပ်မှုကို လျှော့ချရန်ရှိနေပြီး ဈေးကွက်အား ရိုက်ခတ်မှုများ ရှိနိုင်သည်။ ရုရှားနှင့် အိုပက်နိုင်ငံတို့ကမူ ပြီးခဲ့သည့်လအတွင်းက စံချိန်တင်ပမာဏ ရောက်လုနီးပါးအထိ ရေနံထုတ်လုပ်ခဲ့သည်။

    Ref : Channelnewsasia

  • ကမ္ဘာ့စီးပွားရေး ၂၀ ရာခိုင်နှုန်းကျမည်ဟု ခန့်မှန်း၊ တရုတ်၏ ကားရောင်းချမှု ၈ ရာခိုင်နှုန်းတက်

    ကမ္ဘာ့စီးပွားရေး ၂၀ ရာခိုင်နှုန်းကျမည်ဟု ခန့်မှန်း၊ တရုတ်၏ ကားရောင်းချမှု ၈ ရာခိုင်နှုန်းတက်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    globe

    – ဘဏ္ဍာရေးဈေးကွက်များတွင် မတည်ငြိမ်မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်မည့် ဖြစ်နိုင်ချေများ ရှိနေသည်ဟု ပြင်သစ်အခြေစိုက် ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း Societe Generale က ပြောကြားလိုက်သည်။

    ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများရှိလာခြင်းက ဘဏ္ဍာရေးဈေးကွက်များအပေါ် ဆိုးရွားသည့် ရိုက်ခတ်မှုများ ရှိနေပြီး၊ ဗဟိုဘဏ်များအပေါ် ယုံကြည်မှု ပျောက်ဆုံးလာခြင်းကလည်း ကမ္ဘာ့ဈေးကွက်ကို ကြီးမားသည့် သက်ရောက်မှုများ ရှိနေသည်ဟု Societe Generale အဖွဲ့မှ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အကြီးအကဲ မီချာလာ မာရ်ကက်ဆန်က ဆိုသည်။ ၂၀၁၅ ခုနှစ် သြဂုတ်လက တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းမှုနှင့် ငွေကြေးစစ်ပွဲ ဖြစ်ပွားလုနီးနီး အခြေအနေကို မာရ်ကက်ဆန်က ထောက်ပြခဲ့သည်။

    ဘဏ္ဍာရေးဈေးကွက် ကမောက်ကမဖြစ်မှုနှင့် ကြုံတွေ့ခဲ့ရသည့် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ကားရောင်းချရမှုမှာ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု တရုတ် မော်တော်ယာဉ်ထုတ်လုပ်ရေး အသင်း CAMM က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သော်လည်း ကားရောင်းချရမှုမှာ ၂၀၁၅ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် နှေးကွေးသည့်နှုန်းဖြင့်သာ တိုးတက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်လက ကားရောင်းချမှုအရေအတွက်မှာ ၂.၅ သန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလနှင့် နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း တက်လာခဲ့ခြင်းဖြစ်သည်။

    အောက်တိုဘာလအတွင်းက အင်ဂျင်ပါဝင်နည်းသော ခရီးသည်တင်ကားများအတွက် အခွန်နှုန်းထား ချပေးခဲ့ခြင်းက တရုတ်နိုင်ငံအတွင်း ကားရောင်းချမှု မြင့်တက်လာခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ယမန်နှစ် ဂျီဒီပီမှာ ၁၉၉၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ခဲ့ပြီး ကားရောင်းချမှုမှာ ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။

    Ref: Channelnewsasia

  • ဗင်နီဇွဲလားက ရေနံဈေး အဆ ၆၀ တက်ခဲ့ပြီး တိုယိုတာက ကား ၃ သန်းနီးပါး ပြန်သိမ်းမည်

    ဗင်နီဇွဲလားက ရေနံဈေး အဆ ၆၀ တက်ခဲ့ပြီး တိုယိုတာက ကား ၃ သန်းနီးပါး ပြန်သိမ်းမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    venizuala

    – ရေနံမှီခိုသော တိုင်းပြည်၏စီးပွားရေး ပြိုလဲမှုမှ ကာကွယ်ရန်အတွက် ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံ၏ ငွေကြေးတန်ဖိုးကို ချခဲ့ပြီး ရေနံဈေးနှုန်းကို အဆ ၆၀ တိုးလိုက်သည်ဟု သိရသည်။

    သမ္မတ နီကိုလက်စ်မာဒူရိုက ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် ရေနံတစ်လီတာကို ၀.၁ ဘိုလီဗာမှ ၆ ဘိုလီဗာအထိ မြင့်တက်လာခဲ့သည်။ ထို့ပြင် ငွေလဲနှုန်းကိုလည်း အမေရိကန်တစ်ဒေါ်လာကို ၆.၃ ဘိုလီဗာမှ ၁၀ ဘိုလီဗာအထိ မြှင့်တင်လိုက်သည်။

    ဗင်နီဇွဲလားမှာ ကမ္ဘာ့ရေနံထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ဓာတ်ဆီဈေးကွက်ကိုလည်း ဖြည့်ဆည်းပေးနေသည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် အလယ်ပိုင်းမှစ၍ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် စီးပွားရေးမှာ ယိုင်နဲ့လာခြင်းဖြစ်သည်။

    ယခုကဲ့သို့ ရေနံဈေးတက်မှုနှင့် ငွေကြေးတန်ဖိုးချမှုမှာ ဟင်းချက်ဆီနှင့် အိမ်သာသုံးစက္ကူများကဲ့သို့ အခြေခံကုန်ပစ္စည်း ပြတ်လတ်မှုများကို ကြုံတွေ့နေရသည့် ဗင်နီဇွဲလားပြည်သူများ၏ ဆန့်ကျင်မှုကို ကြုံတွေ့ရဖွယ်ရှိနေသည်။

    ဂျပန်ကားထုတ်လုပ်ရေးဖြစ်သော တိုယိုတာကုမ္ပဏီမှာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၄ ခုနှစ် သြဂုတ်လအကြား ထုတ်လုပ်ခဲ့သော RAV4 4×4 ကား ၂.၈၇ သန်းကို ထိုင်ခုံခါးပတ် ပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းမှ ပြန်လည်သိမ်းယူမည်ဟု ယနေ့တွင် ကြေငြာခဲ့သည်။

    ထို့ကဲ့သို့ ပြန်လည်သိမ်းယူမှုတွင် မြောက်အမေရိကမှ အရေအတွက် ၁.၃၃ သန်း၊ ဥရောပမှ ၆၂၅၀၀၀ စီး၊ တရုတ်ပြည်မှ ၄၃၄၀၀၀ စီးနှင့် ဂျပန်နိုင်ငံမှ ၁၇၇၀၀၀ စီးတို့ ပါဝင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင်မူ အဆိုပါကား အရေအတွက် ၁၀၉၀၀၀ စီးကို ဆီတိုင်ကီပြဿနာကြောင့် ထပ်မံသိမ်းယူရန် စီစဉ်နေသည်။

    Ref: Aljazeera

  • ရေနံထုတ်လုပ်မှုလျှော့ချရန် ရုရှားနှင့် ဆော်ဒီတို့ သဘောတူ

    ရေနံထုတ်လုပ်မှုလျှော့ချရန် ရုရှားနှင့် ဆော်ဒီတို့ သဘောတူ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    Oil 3

    – ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူ ၂ နိုင်ငံဖြစ်သော ဆော်ဒီနှင့် ရုရှားတို့မှာ ရေနံထုတ်လုပ်မှုကို တိုးမြှင့်ခြင်းမပြုရန်အတွက် သဘောတူညီခဲ့ရသည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ်မှစ၍ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီးနောက် ဗင်နီဇွဲလားနှင့် နိုက်ဂျီးရီးယားတို့ကဲ့သို့ အိုပက်အဖွဲ့ဝင် နိုင်ငံများမှာ အရေးပေါ်အစည်းဝေးခေါ်ရန် တိုက်တွန်းခဲ့ပြီး ယနေ့တွင် ရုရှားနှင့် ဆော်ဒီတို့ပါအ၀င် ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကာ ထိုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အစည်းဝေးအပြီးနောက် ရုရှားစွမ်းအင်ဝန်ကြီး အလက်ဆန်ဒါ နိုဗက်နှင့် ဆော်ဒီ ရေနံဝန်ကြီး အလီ အလ်-နိုင်မီတို့က ဇန်န၀ါရီလတွင် ထုတ်လုပ်ခဲ့သည့် ပမာဏလောက်အထိရောက်အောင် လျှော့ချရန်သာ လိုအပ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် ၀ယ်သူများ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးချင်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီကမူ စောစောပိုင်းက အဓိကရေနံထုတ်လုပ်သည့်အခြားနိုင်ငံများ ရေနံထုတ်လုပ်မှုကို မလျှော့ချပါက မိမိတို့လည်း လျှော့ချမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ရုရှားကလည်း အခြားနိုင်ငံများက ပါဝင်မည်ဆိုလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • အာရှရှယ်ယာများပြန်တက်၊ ရေနံထုတ်လုပ်သူများက ဈေးကျမှုကို ရင်ဆိုင်ရန် ပြင်ဆင်

    အာရှရှယ်ယာများပြန်တက်၊ ရေနံထုတ်လုပ်သူများက ဈေးကျမှုကို ရင်ဆိုင်ရန် ပြင်ဆင်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    share

    – ယနေ့အာရှဈေးကွက်များတွင် ရှယ်ယာဈေးနှုန်းများမှာ တက်လာခဲ့သည်ဟု သိရပြီး၊ ရေနံထုတ်လုပ်သည့်နိုင်ငံများ၏ အစည်းအဝေး သတင်းကြောင့် ရေနံဈေးနှုန်းမှာလည်း ပြန်လည်တက်လာခဲ့သည်။

    ရှယ်ယာဈေးကွက်များ တက်ရသည့်အကြောင်းအရင်းမှာ တရုတ်ဈေးကွက် တည်ငြိမ်လာခြင်း၊ ရေနံဈေးပြန်တက်လာခြင်း စသည်တိုကြောင့်ဖြစ်သည်။ တရုတ်ပြည်မကြီးမှ ရှယ်ယာများမှာ ၂.၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး သီတင်းပတ် ၃ ပတ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ တောင်ကိုရီးယားမှ ရှယ်ယာများကမူ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

    ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံး နိုင်ငံများဖြစ်သော ဆော်ဒီနှင့် ရုရှားနိုင်ငံတို့မှာ ဗင်နီဇွဲလား၊ ကာတာတို့နှင့် ဒိုဟာမြို့၌ ယနေ့တွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါဆွေးနွေးပွဲမှာ ရောင်းလိုအား ပိုလျှံနေမှုကြောင့် ရေနံဈေးထိုးကျသွားမှုကို ရပ်တန့်ရန်အတွက် အိုပက်အဖွဲ့ဝင်နိုင်ငံအချို့၏ နောက်ဆုံးထွက်ပေါ်လာသော ကြိုးပမ်းမှုလည်းဖြစ်သည်။

    ဆွေးနွေးမှုအတွင်း ရေနံဈေးကို ထိန်းညှိရန်အတွက် ထုတ်လုပ်မှုလျှော့ချရန်ကိစ္စလည်း ပါဝင်နိုင်ပြီး ထိုသတင်းကြောင့် ရေနံဈေးနှုန်းမှာ ယနေ့မနက်တွင် တက်လာခဲ့သည်။ အမေရိကန်ရေနံဈေးကွက်တွင် ယနေ့ရေနံဈေးနှုန်းမှာ ၁.၄၃ ဒေါ်လာ တက်လာခဲ့ပြီး တစ်စည်ကို ၃၀.၈၇ ဒေါ်လာအထိ ရှိလာခဲ့သည်။

    ဆော်ဒီအာရေဗျကမူ အိုပက်အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှုကို လျှော့ချမှသာလျှင် မိမိတို့လည်း လျှော့ချမည်ဟု ပြောကြားထားသည်။ ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သည့် ရုရှားက ထိုသို့ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုထားပြီး ဈေးကွက်ကျဆင်းမှုကို မိမိတို့က ခံနိုင်ရည်ရှိသည်ဟု ဆိုသည်။

    ငွေကြေးဈေးကွက်များတွင် အမေရိကန်ဒေါ်လာက ပြန်မာလာခဲ့ပြီး ယူရိုကမူ ယမန်နေ့က ကျဆင်းခဲ့သည်။ ဥရောပဗဟိုဘဏ်ဥက္ကဌ မာရီယို ဒရာဂီက မိမိတို့အနေဖြင့် မတ်လအတွင်း ငွေကြေးပေါ်လစီ လျှော့ချရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့ခြင်းကြောင့် ထိုကဲ့သို့ ယူရိုငွေကြေးက ကျဆင်းခဲ့ခြင်းဖြစ်သည်။

    Ref: Channelnewsasia