News @ M-Media

Tag: Canada

  • ကနေဒါ၏ အမှတ်တံဆိပ် အဖြစ် ရပ်တည်လိုက်သော ကနေဒါ မွတ်စ်လင်မ် အဖွဲ့အစည်း

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media

    NCCM
    တိုရွန်တို။                ။ ကနေဒါ၏ အမွေအနှစ်များကို ထိန်းသိမ်းရန် ထင်ရှားသော မွတ်စ်လင်မ် ပြည်သူ့ အခွင့် အရေးအဖွဲ့သည် နိုင်ငံ၏ မွတ်စ်လင်မ်လူမျိုးစုအသီးသီးအတွက် အရေးပါသောအသံအား ကိုယ်စားပြုရန် ၄င်း၏ အမည်နာမကို ပြောင်းလဲလိုက်ကြောင်း သိရသည်။

    “ CAIR.CAN သည် ကနေဒီးယန်း မွတ်စ်လင်မ်များ နှင့် အခြားသောပြည်သူများကြား အပြန်အလှန်နားလည်မှုရရှိရေးအတွက် ပြည်သူ့အခွင့်အရေး နှင့် လူထုပူးပေါင်းမှုရန် အောက်ခြေ အဆင့် အထိ ဆင်း၍ အောင်မြင်စွာ လုပ်ဆောင်ခဲ့သော မှတ်တမ်းများရှိထားသည် ” ဟု National Council of Canadian Muslims (NCCM) မှ  ပြည်သူ့အခွင့်အရေး ဦးဆောင်သူ အမီရာ အလ်ဂ၀ါဗီ (Amira Elghawaby) သည် OnIslam.net သို့ပြောကြားခဲ့သည်။

    အမေရိကန် နှင့် အစ္စလာမ်ကြား ဆက်ဆံရေးကို တိုးမြှင့်ပေးနေသော ကနေဒါကောင်စီ (Canadian Council on American-Islamic Relations – CAIR.CAN) သည် ၄င်း၏ အမည်အား ဇူလိုင်လ ၆ ရက်နေ့တွင် NNCM သို့မဟုတ် Conseil National des Musulmans Canadiens (CNMC) အဖြစ် ပြောင်းလဲခဲ့သည်။

    “ ကနေဒါနိုင်ငံတစ်ခွင်လုံးမှာရှိတဲ့ ကနေဒါ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို သိမြင်နားလည်နိုင်တဲ့အတိုင်းအတာအထိ အနာဂတ်ကို ရှေ့ရှုဖို့လိုအပ်လာပြီလို့ CAIR.CAN မှ သိရှိလာခဲ့တယ် ” ဟု ဆို၏။

    CAIR.CAN သည်  ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့သည် အမေရိကန်နိုင်ငံရှိ အမေရိကန် မွတ်စ်လင်မ်များအတွက် လူ့အခွင့် အရေးအား ထောက်ခံပေးနေသော Council on American-Islamic Relations မှ ဆင်းသက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ယခုအချိန်သည် CAIR.CAN မှ ကိုယ့်နိုင်ငံအတွင်းရှိ မွတ်စ်လင်မ်များ၏အသံအား ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ရပ်အနေနှင့်  မိမိ၏ရင်းမြစ် ကနေဒါနိုင်ငံနှင့် တံဆိပ်ကို ထင်ဟပ်စေရန်  အချိန်တန်ပြီဖြစ်ကြောင်း ခံယူခဲ့သည်။

    “ ဒီပြောင်းလဲမှုဟာ အဖွဲ့အစည်းရဲ့ ပင်ကိုယ်သဘောထားကို ကိုယ်စားပြုနေပါတယ်။ ကျွန်တော်တိုရဲ့နာမည်သစ်က ကနေဒါနိုင်ငံအမွေအနှစ်ကို ထင်ရှားစေတဲ့အပြင်၊ အသင်းရဲ့ အဓိကဦးတည်ချက် နဲ့ ဆက်လက်လုပ်ဆောင်နေဆဲအချက်တွေဖြစ်တဲ့ မွတ်စ်လင်မ်တို့ရဲ့လူထုရေးရာပူးပေါင်းဆောင်ရွက်မှုနဲ့လူ့အခွင့်အရေး ထောက်ခံချက်များကို ဦးတည်ထားခြင်းဖြစ်ပါတယ် ” ဟု NNCM မှ ဘုတ်အဖွဲ့ဝင် ကာရှိဖ် အဟ်မဒ် (Kashif Ahmed) က ဆိုသည်။

    လွန်ခဲ့သော ၁၃ နှစ်မှ စတင်ခဲ့သော CAIR.CAN သည် ကနေဒါ မွတ်စ်လင်မ်များအတွက် လူ့အခွင့်အရေး လွတ်လပ်မှု အတွက် ဦးဆောင်လှုပ်ရှားခဲ့ပြီး၊ လူထုရေးရာ ပူးပေါင်းဆောင်ရွက်မှု ၊ နိုင်ငံတွင်းရှိ မွတ်စ်လင်မ်များနှင့် အခြားသော နိုင်ငံသားများကြား အပြန်အလှန် နားလည်မှု ရရှိရေးအတွက် ဖော်ဆောင် လမ်းခင်းသည့် အုပ်စုဖြစ်ကြောင်း ကျော်ကြား၏။

    မပြောင်းလဲသော အမြင်

    အဖွဲ့အစည်းအနေနှင့် ၄င်း၏အမည်သစ်အောက်မှ အမှတ်တံဆိပ်အသစ်တစ်ခု ပြောင်းလဲခဲ့သော်လည်း၊ ၄င်း၏ ရည်မှန်းချက်အမြင်၊ တာဝန် နှင့် လုပ်ဆောင်မှုများသည် ယခင်ကဲ့သို့ပင် တည်ရှိနေမည်ဖြစ်သည်။

    “ကျွန်တော်တို့အဖွဲ့အစည်းဟာ အရင်အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့အဖွဲ့ဝင်များနဲ့လက်တွဲဖော်များဟာ ကနေဒါမွတ်စ်လင်မ်လူ့အဖွဲ့အစည်းအသီးသီးကို ကျယ်ပြန့်စွာ ကိုယ်စားပြုသူများ အဖြစ် ရပ်တည်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နာမည်အသစ်အောက်မှာ ကျွန်တော်တို့ဟာ –  ပြည်သူ့အခွင့်အရေး ဖော်ဆောင်မှုတွေ၊ ကနေဒါအတွင်း မတူညီကွဲပြားတဲ့ လူမျိုးများစွာ အတူယှဉ်တွဲနေထိုင်ကြရေးအပေါ် အဓိကထားဦးဆာင်ပေးနေမှုတွေ – နှစ်မျိုးလုံးကို ဆက်လက်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ် ” ဟု NCCM အလုပ်အမှုဆောင်ဒါရိုက်တာ အိဟ်ဆန် ဂါဒီး (Ihsaan Gardee) က ပြောကြားခဲ့သည်။

    လာမည့် လအနည်းငယ်တွင် NNCM သည် နိုင်ငံတစ်ဝှန်းရှိ မွတ်စ်လင်မ်များနှင့် တွေ့ဆုံပူးပေါင်းရန် နှစ်ဆတိုးကြိုးပမ်းသွားနိုင်မည်ဟု မျှော်လင့်ထားသည်။

    “ NNCM အနေနဲ့ လာလတ္တံ့သော နေ့ရက်များ၊ ရက်သတ္တပတ်များ နဲ့ လများထဲမှာ ဇွဲလုံလရှိစွာ ကနေဒါနိုင်ငံတစ်ဝှန်းက မွတ်စ်လင်မ်အဖွဲ့အစည်းတွေနဲ့အတူ  လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ နိုင်ငံသားအဖြစ် လက်ခံရေး၊ လူမျိုးခွဲခြားဆက်ဆံမှု ပပျောက်ရေး နဲ့ အစ္စလာမ်အပေါ်ကြောက်ရွံ့မှုပပျောက်ရေးများကို ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ရည်ရွယ်ထားတဲ့ တိုးချဲ့ဝန်ဆောင်မှုတွေကတော့ – ကနေဒါမွတ်စ်လင်မ်များနဲ့ သက်ဆိုင်တဲ့အကြောင်းခြင်းရာများကို တစ်နိုင်ငံလုံး မျှမျှတတ ကြားနာခွင့်ရဖို့ ဗလီကျောင်းတော်များ၊ အစ္စလာမ့်စင်တာများ၊ လူမှုရေးအသင်းအဖွဲ့များရဲ့အသံကို နားထောင်ပြီး အတူယှဉ်တွဲ စူးစိုက်လုပ်ဆောင်သွားမှာဖြစ်တယ်  ” ဟု အလ်ဂ၀ါဗီ ကဆိုသည်။

    ကနေဒါနိုင်ငံ၏ အမြန်ဆန်ဆုံးကြီးထွားလာနေသော ဘာသာရေးဆိုင်ရာလူ့အဖွဲ့အစည်းသည် မွတ်စ်လင်မ်များ ဖြစ်ကြောင်း ကနေဒါနိုင်ငံစာရင်းအင်း ဌာန၏ နိုင်ငံတော် ကိန်းဂဏန်း အချက်အလက် မှတ်တမ်း၌ ဖော်ပြထားသည်။

    ကနေဒါ၏ မွတ်စ်လင်မ်လူဦးရေသည် လွန်ခဲ့သော ၁၀ နှစ်ထက် ၈၂ ရာခိုင်နှုန်း တိုးပွားလာပြီး၊ ၂၀၀၁ ခုနှစ်တွင် ၅၇၉,၀၀၀ ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၁ သန်းကျော်သို့ ရောက် ရှိလာခဲ့သည်။ ကနေဒါနိုင်ငံ လူဦးရေတွင် မွတ်စ်လင်မ်သည် ၃.၂ ရာခိုင်နှုန်း ရှိသည်။

  • ကနေဒါတွင် ပြုလုပ်သော ဟလာလ် ထုတ်ကုန် ဈေးပွဲတော်

    ဇွန်-၄၊ ၂၀၁၃
    M-Media

    Halal Festival Shows Canadaတိုရွန်တို။        ။ ကနေဒါနိုင်ငံတွင် ပထမဆုံးပြုလုပ်သော ဟလာလ် အစားအသောက် ပွဲတော်သည် စံချိန်တင်လောက်အောင် လူအမြောက်အများ လာရောက်ကြပြီး၊ မြောက်အမေရိကရှိ အဓိကမြို့တော်မှ ထူးခြားသော ဈေးကွက်တစ်ခုဖြစ်ခဲ့၏။

    ဟာလလ် အစားအသောက် ပွဲတော် ဈေးကွက် မန်နေဂျာဖြစ်သူ စလီမာ ဂျီဗ်ရာဂ်ျ (Salima Jivraj) မှ “တိုရွန်တိုမြို့မှာ ပြုလုပ်တဲ့ ဟာလလ် အစားအသောက်ပွဲတော်ဟာ ဟလာလ် အစားအသာက်များစွာရဲ့ မြင်ကွင်းကို ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး၊ တိုရန်တိုမြို့ဆိုတာ မတူကွဲပြားမှု နဲ့ ခြားနားမှုတို့ရဲ့ပေါင်းစုံရာဖြစ်ကြောင်း ပြသတာဖြစ်ပါတယ် ” ဟု OnIslam.net သို့ ပြောကြားခဲ့သည်။

    “အစားသောက် ပွဲတော်ပြုလုပ်ခြင်းဟာ  ဟလာလ် အစားအသောက်အကြောင်း လူတွေသိရှိသွားစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။  ဟလာလ် အစားအသောက်အမျိုးမျိုး ပြုလုပ်နိုင်တဲ့ လုပ်ငန်းတွေ ပိုမိုထွက်ရှိလာဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့လည်း ကျွန်တော်တို့မျှော်လင့်ပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။

    အစားအသောက်ပွဲတော်ကို တိုရန်တိုမြို့ရှိ အင်တာနေရှင်နယ် ခန်းမတွင်ကျင်းပပြုလုပ်ပြီး၊ တိုရွန်တိုဒေသမှ လူထောင်ပေါင်းများစွာဖြင့် ပြည့်လျှံစည်ကားသွားခဲ့သည်။ ကနေဒါ၏မြို့အသီးသီးမှ လူများသာမက၊  အမေရိကန်နိုင်ငံတစ်ဝှန်းရှိ လူများပါ လာရောက်ခဲ့ကြောင်းသိရသည်။

    စနေနေ့က လူပရိသတ်များသည် ၁၀၀,၀၀၀ ပေပတ်လည်ဝန်းကျင်အထိရှိပြီး၊ ပွဲတော်ထဲသို့ဝင်ရောက်ရန် ၂ နာရီ ကျော်စောင့်ဆိုင်းခဲ့ရသည်။

    foodfest2.jpg1

    ပွဲတော်သို့ဖိတ်ကြားသဖြင့် ရောက်ရှိလာသော အွန်တာရီရို (Ontario) ပြည်နယ်ဝန်ကြီး ကိသ်လီန် ၀ိန်း (Kathleen Wynne) က “ အွန်တာရီရို ပြည်နယ်အတွင်းမှာ ဒီလို ဟလာလ် အစားအသောက်စက်ရုံ အမြောက်အများတိုးပွား စည်ပင်လာတာကို မြင်ရတာ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒီဖွံ့ဖြိုးကြီးထွားမှုက ဒေသတွင်း လယ်သမားတွေ၊ လုပ်ငန်းရှင်တွေကို အထောက်အကူ ရရှိစေတဲ့အပြင်  စားသုံးသူတွေအဖို့လည်း ရွေးချယ်စရာ ပိုမို များပြားလာစေပါတယ်။ ဒါတင်မကသေးပါဘူး။ ဟလာလ် အစားအသောက် ပွဲတော်ဟာ ကျွန်ုပ်တို့အတူတကွ တည်ထောင်ခဲ့တဲ့ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းဟာ တောက်ပ အားကောင်းလျက်ရှိကြောင်း ထုတ်ဖော်ပြသချက် တစ်ရပ်လည်း ဖြစ်ပါတယ် ” ဟု  ပြောကြားခဲ့သည်။

    စံနစ်တကျအကွက်ရိုက် စီစဉ်ထားသောနေရာ၌ ၂ ရက်တိုင်ပြုလုပ်ခဲ့သည့် အစားအသောက်ပွဲတော်တွင် အစားအသောက် ဆိုင်ခန်းပေါင်း ၆၀ ကျော် ပါဝင်ပြီး၊ လာရောက်သူများသည် ကမ္ဘာအနှံ့မှ အစားအသောက်များအား ဖွယ်ဖွယ်ရာရာမြည်းစမ်းခဲ့ရကြောင်း သိရသည်။

    လာရောက်သူများသည် စင်မြင့်ပေါ်တွင် ပြုလုပ်သော အစားအသောက် အကြောင်းဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများ နှင့် ပြိုင်ပွဲများအပေါ်အလွန်နှစ်သက်ခဲ့ကြပြီး၊ ပွဲတော်ကာလတစ်လျှောက် ကနေဒါနိုင်ငံ နို့ထွက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းရှင်များမှပြုလုပ်သော ဒိန်ခဲမျိုးစုံ မြည်းစမ်းဆွေးနွေးပွဲကိုလည်း ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ကြသည်။

    ဆိုင်ခန်းများအပြည့်ခင်းထားသော လမ်းတစ်ခုလည်းရှိပြီး၊ ကလေးများအတွက် ကစားကွင်းနေရာ နှင့် စားဖိုမှူးများမှ ဟလာလ် အစားအသောက်များကို ချက်နည်းပြုတ်နည်းပြသသော စင်တစ်ခုပါဝင်သဖြင့် အလွန်အသက်ဝင်သည့်ပြပွဲ တစ်ခု ဖြစ်ခဲ့သည်။

    “ ကနေဒါမှာပြုလုပ်တဲ့ ပထမဆုံး ဟလာလ် အစားအသောက်ပွဲတော်အတွက် စပွန်ဆာ ပေးခွင့်ရတာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကနေဒါပြည်သူတွေ လိုအပ်နေတဲ့ လတ်ဆတ်ပြီး အရည်အသွေးပြည့်မှီတဲ့၊ ဟလာလ်နည်းအရ စီရင်ထားတဲ့ လက်ရာစုံကြက်သားတွေဟာ စားသုံးသူများအဖို့ အကြိုက်တွေ့စေနိုင်မှာဖြစ်တယ်” ဟု မီနာ စားသောက်ကုန်၏ ဈေးကွက်မြှင့်တင်ရေးအကြီးတန်းဒါရိုက်တာ ပါမ်ကဲလော့က် (Pam Kellogg) မှပြောကြားခဲ့သည်။

    လူကြိုက်များသော  လူရွှင်တော် အဇ်ဟာ အွစ္စမန်း (Azhar Usman) နှင့် မုစ်သကီးမ် (Mustaqueem)အဖွဲ့၏ nasheed (တေးလင်္ကာ) ဖျော်ဖြေမှုကိုလည်း ပွဲတော်၌ တင်ဆက်ခဲ့ကြောင်းသိရသည်။

    လာရောက်သူများအနေနှင့် Muslim Welfare Center သို့  ရေရှည်ခံပစ္စည်းများအား လှူဒါန်းခွင့်လည်း ပေးခဲ့ကြောင်း သိရသည်။

    တိုရန်တိုမြို့တွင် ဟလာလ်အစားအသောက်များကို ကွင်းဆင်းလေ့လာသုံးသပ်နေချိန် ဤကဲ့သို့သော ပွဲတော်အား စီစဉ်ရန် အကြံရရှိခဲ့ပါသည်ဟု ပွဲစီစဉ်သူ စလီမာ ဂျီဗ်ရာဂ်ျ က ဆိုသည်။

    “  တိုရန်တိုမြိုဧရိယာမှာရှိတဲ့ ဟလာလ်အစားအသောက်တွေ၊ ဆိုင်တွေကို လွယ်လင့်တကူရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစလို့ ကျွန်မဟာ halalfoodie.ca ဆိုတဲ့ ၀က်ဆိုဒ်ကို စတင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ လေ့လာသုံးသပ်ချက်များကို လူအများက နှစ်သက်ကြိုဆိုကြပြီး၊ ဟလာလ်အစားအသောက် အမျိုးမျိုးကို ရွေးချယ်စားသောက်လိုကြတဲ့မူစလင်တွေ များသထက်များပြားလာကြောင်း တွေ့ရှိခဲ့ရတယ်။ ဟလာလ်အစားအသောက်ဆိုတာ ရှဝါမာ(Shawarma) ဒါမှမဟုတ် ဒံပေါက်ဘဲရှိတယ် ဆိုတဲ့ခေတ်ကာလတွေ ကျန်ရစ်ခဲ့ပါပြီ။ အခုဆိုယင် အီတလီ နဲ့ ဂျပန်ရိုးရာ ဟလာလ် အစားအသောက်တွေ ဟင်းလျာတွေတောင် ရရှိနိုင်ပါပြီ ” ဟု ဂျီဗ်ရာဂ်ျ က ပြောပြခဲ့သည်။

    ဟလာလ်ဟူသည်မှာ အာရဗ်ဘာသာစကားအရ ခွင့်ပြုချက်ရှိ/ပြုလုပ်ပိုင်သော ဟု အဓိပ္ပာယ်ရပြီး၊ အစဉ်အလာအားဖြင့် အစားအသောက်အတွက် အသုံးများကြသည်။ မူစလင်များသည် စားပိုင်ခွင့်ရှိတိရစ္ဆာန်တို့ကို ထက်သောဓားဖြင့် လည်ပင်းအား အလ္လာဟ်နာမတော် တသ၍ လှီးဖြတ်ထားသည့် အသားသာ စားသုံးရန် ပညတ်ထားသည်။ အလ္လာဟ် ဟူသည် ကိုးကွယ်အပ်ရာဖန်ဆင်းရှင်ကို အရဗီဘာသာစကားအရ ခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်သည်။

    အလှကုန်များ၊ အ၀တ်အစားများ၊ ဆေးဝါးများ နှင့် ငွေကြေးဝန်ဆောင်မှုများ အပါအ၀င် အခြားသော ကုန်ပစ္စည်းနှင့်လုပ်ငန်းများကိုလည်း ဟလာလ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိနိုင်ပေသည်။

    ဤပွဲတော်သည် ကနေဒါ၌ ဟလာလ်ဆိုင်ရာလုပ်ငန်းအား ပို၍တွင်ကျယ်စေရန် အထောက်အကူပြုမည်ဟု ဂျီဗ်ရာဂ်ျမှ မျှော်လင့်ထားသည်။
    “ လူတွေကို သူတို့မြို့မှာရှိနေတဲ့ အရာများနဲ့ထိတွေ့နိုင်စေဖို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ သူတို့ ရွေးချယ်စရာ အများကြီးရှိကြောင်း သိသွားယင် ဒါဟာ တကယ့်အောင်မြင်မှုတစ်ခုပါဘဲ။ ရွေးချယ်မှုနဲ့လွယ်ကူစွာရရှိနိုင်မှု အမြောက်အများရှိခြင်းဟာ ကုန်ထုတ်လုပ်ငန်းကိုလည်း ပိုမိုကြီးထွားလာစေမှာဖြစ်ပါတယ်ရှင် ” ဟု သူမက ပြောကြားခဲ့သည်။

    မြောက်အမေရိကရှိ မြို့များအနက်  Greater Toronto Area သည် မူစလင်အများဆုံးရှိသော ဒေသဖြစ်ပြီး၊ မူစလင်များနှင့်ပတ်သက်သော စုရပ် နှင့် ပွဲတော်များလုပ်ဆောင်ရန် အကောင်းဆုံးနေရာရပ်ဝန်းတစ်ခုဖြစ်နေပါသည်။

    အနောက်တိုင်းရှိ မွတ်စလင်မ် တို့၏အကြီးမားဆုံး ဆုံစည်းမှုနှစ်ရပ်ဖြစ်သည့် အစ္စလာမ့် စိတ်ဓာတ်ရှင်သန်ရေး  နှစ်စဉ် ညီလာခံ နှင့် မွတ်စလင်မ် များ၏နွေရာသီစားသောက်ပွဲတော် – နှစ်ခုတိုင် တိုရွန်တိုမြို့တွင် လက်ခံကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

    အလ်ဗာတာ စိုက်ပျိုးရေး နှင့် စိုက်ပျိုးမြေထိန်းသိမ်းရေး (Alberta Agriculture and Rural Development) မှ လေ့လာတွေ့ရှိချက်အရ ကနေဒါပြည်တွင်းရှိ ဟလာလ် အသားဈေးကွက်မှာ  $ 214 သန်းရှိကြောင်း၊ အိမ်ထောင်စု တစ်ခုလျှင် နှစ်စဉ် $ 1,623 အထိ ၀ယ်လိုအားရှိကြောင်း ခန့်မှန်းထားကြသည်။

    ကနေဒါ၏ လူဦးရေ ၃၂.၈ သန်း၌ ရှိ  ၁.၉ ရာခိုင်နှုန်းမှာ မူစလင်များဖြစ်ကြသည်။ နိုင်ငံအတွင်း၌ ခရစ်ယာန်မဟုတ်သော အယူဝါဒအနက် အစ္စလာမ်သည် ထိပ်ဆုံးကရှိနေသည်။

    ကွင်းဆင်းလေ့လာချက်တစ်ခုအရ မူစလင်အများစုသည် ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူကြောင်း တွေ့ရှိခဲ့ရသည်။

  • အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့မတင်ရန် ကနေဒါမှ ပါလက်စတိုင်းကို သတိပေး

    မတ် ၆ ၊ ၂၀၁၃
    M-Media

    အစ္စရေးတို့၏ မူဝါဒအားထောက်ခံသည့် ကွန်ဖရင့်၌ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးက အကယ်၍ ပါလက်စတိုင်းတို့သည် ကုလသမဂ္ဂ၏ ထောက်ခံမှုအသစ်ဖြင့် အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံး – The International Criminal Court (ICC) သို့ စွဲချက်တင်မည်ဆိုပါလျှင်  ကနေဒါ ထံမှ အကျိုးဆက်ကို တွေ့ကြုံရင်ဆိုင်ရလိမ့်မည်ဟု ကြေငြာပြောကြားသည်။

    Canada’s Foreign Affairs Minister John Baird
    ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird

    ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အမေရိကန်-အစ္စရေး လူထုရေးရာကော်မတီ American Israel Public Affairs Committee (AIPAC) အဖွဲ့မှ ထောင်ချီသည့် ၀ါဒထောက်ခံသူများ နှင့် အမေရိကန်အစိုးရအဖွဲ့ဝင်များသို့ Johg Baird မှ မိန့်ခွန်းပြောရာ အောက်ပါကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

    “  ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုရေးရာအဖွဲ့ကြီးမှာ တွေ့မြင်ကြရတဲ့အတိုင်း – ကုလသမဂ္ဂအဖွဲ့မှာ တွေ့မြင်ကြရတဲ့ အတိုင်း – အလားတူစွာဘဲ ICC မှာ တွေ့မြင်ကြရတဲ့အတိုင်း ရှေ့ဆက် လှုပ်ရှားမှုတွေကို အလေးအနက်ထားမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်ပြီးသားပါ။ ပါလက်စတိုင်းအာဏာပိုင်နဲ့ကျွန်တော်တို့ ဆက်ဆံရာမှာ ပိုပြီးအရာရောက်အောင် လုပ်ရပါလိမ့်မယ် ”။

    အစ္စရေးတို့အပေါ် ၀န်ကြီးချုပ် စတီဗင်ဟာပါ အစိုးရအဖွဲ့၏ ထောက်ခံမှုကို ထုတ်ဖော်သောအားဖြင့် ပရိသတ်များက Baird ၏ မှတ်ချက် စကားကို ထောက်ခံအားပေးခဲ့ကြသည်။

    လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ၌ ပါလက်စတိုင်းတို့၏ နိုင်ငံမဲ့မှ နိုင်ငံသစ်ထူရေး ဦးတိုက်တင်သွင်းမှုကို ကနေဒါ မှ ကန့်ကွက်ခဲ့ပြီး၊ အစ္စရေး စိုးမိုးမှုအပေါ် ICC တွင် အတိုက်အခံမပြုရန် ပါလက်စတိုင်းအစိုးရကို သတိပေးထားခဲ့သည်။

    ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ပါလက်စတိုင်းအား ယူနက်စ်ကိုအဖွဲ့ဝင်အဖြစ် ထည့်သွင်းရေးအဆိုကို ကနေဒါမှလည်း ကန့်ကွက်ခဲ့သည်။

    ပါလက်စတိုင်းအကြီးအမှူးများက ပါလက်စတိုင်းပိုင်နယ်မြေများအတွင်း တရားမ၀င် အိမ်ယာတိုးချဲ့မှုများ ရပ်တန့်ရေးအတွက် ICC  ၌ အစ္စရေးရဲ့ အုပ်ချုပ်ပုံကို မိမိတို့မှ အတိုက်အခံပြု သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    နိုဝင်ဘာလ၌ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းအစိုးရအဖွဲ့ခေါင်းဆောင် မဟ်မူးဒ် အဗ်ဗာ့စ်၏ မိန့်ခွန်းအား “ ကျွန်တော်တို့ထဲက လူအတော်များများကို စိုးရိမ်ပူပန်မှုဖြစ်သွားစေခဲ့တယ် ” ဟု Baird  မှ ဝေဖန်လိုက်ပြီး၊ “ သူဟာ အစ္စရေးကို လက်ကမ်းကောင်း ကမ်းပေးပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအငွေ့ အသက်တစ်ရပ်ကို ဖော်ဆောင်ကောင်းဖော်ဆောင်ပါလိမ့်မယ်၊ သဘောထားကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူ့စကားထဲမှာတော့ စေတနာထက်သန်မှုကို ကျွန်တော်တို့ မတွေ့ခဲ့ကြပါဘူး ” ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

    ပါလက်စတိုင်း၏ အလားအလာကောင်းကို ကနေဒါ၊ အမေရိကန်၊ အစ္စရေး နှင့် နောက်ထပ် နိုင်ငံ ၆ ခုမှ ကန့်ကွက်မဲပေးခဲ့သော်လည်း၊ ညီလာခံအဖွဲ့ဝင် အခြားသောနိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ ထောက်ခံမဲပေးခဲ့ကြသည်။

    SAB/PKH

  • ကနေဒါတွင် မွတ်စလင် အမျိုးသမီး လူမှုထူးချွန်မှု့ကြောင့် ဘုရင်မ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

    ဇန်န၀ါရီ ၅ ၊၂၀၁၃
    M-Media

    ကနေဒါတွင် မွတ်စလင် အမျိုးသမီး လူမှုထူးချွန်မှု့ကြောင့် အဲလိဇဘက် ဘုရင်မ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

    Senator Salma Ataullahjan

    နှစ်ပေါင်းများစွာ လူမှုရေးလုပ်ငန်းများကို  အားတတ်သရောဆောင်ရွက်ခြင်းကြောင့် အွန်တရီအိုမြို့တောင်ပိုင်း Mississauga မြို့နေ ကနေဒါ မွတ်စလင်အမျိုးသမီးတစ်ဦးသည် တိုင်းပြည်အတွက် တာဝန်ကျေပွန်မှုအပေါ် The Queen Elizabeth II Diamond Jubilee Medal ဆု ချီးမြှင် ခြင်းခံရသည်။

    “ကနေဒါမှာ လေးဆယ့်ငါးနှစ် ကြာနေထိုင်စဉ် အတွင်း ယခုလို လုပ်အားပေးခဲ့တာပါ။ ကျွန်မ ကနေဒါကို စရောက်တုန်းက ဒီလို အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ တကယ်ကို မသိခဲ့ပါဘူး ၊ ကနေဒါ က တကယ်ကောင်းတဲ့ နိုင်ငံတစ်ခုပါ။ ” ဟု အိန္ဒိယနိုင်ငံ ဇာတိဖြစ်သူ Malik Syed က Mississauga သတင်းဌါနသို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါသည်။

    အိန္ဒိယတွင် ဆရာမ တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ သူမသည် ကနေဒါနိုင်ငံ အွန်တရီအိုတွင်လည်း ဆရာမ တစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပါသည်။ထို့နောက် သူမသည် Muslim Seniors Circle အဖွဲ့တွင် လုပ်အားပေးခဲ့ပြီး ဆေးရုံများသို့ ပုံမှန်သွားရောက် လုပ်အားပေးခဲ့ပါသည်။

    ကလေးများကို ကူညီပေးခြင်းသည် သူမအတွက် အလွန်တရာ ပျော်ရွှင်မှုပင်ဖြစ်သည်။ “ကျွန်မ မွတ်စလင်လူထုအတွက်ချည်းပဲ လုပ်အားပေးတာ မဟုတ်ပါဘူး ၊ ကနေဒါ လူထုအတွက်လည်း လုပ်အားပေးနေတာပါ ” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

    ယခုလို ကြိုးပမ်းမှုကြောင့်  Pushtun decent ယဉ်ကျေးမှု အဖွဲ့၏ ပထမဆုံး လွှတ်တော်အမတ်ဖြစ်သူ Salma Ataullahjan က Malik Syed အား ကနေဒါနိုင်ငံ Sheridan Way ဒေသတောင်ပိုင်းရှိ Islamic center တွင် ၄င်းဂုဏ်ပြုဆုအား ပေးအပ်ခဲ့သည်။ “Malik ဟာ ကနေဒါမှာ လေးဆယ့်ငါးနှစ်ကြာ လုပ်အားပေးခဲ့တာပါ ။ ဒီ Islamic Center မှာ သူမအခုလို ဆုကို ရရှိတာဟာ တကယ်ကို ထိုက်ထိုက်တန်တန်ပါပဲ” ဟု Salma က ဆုချီးမြှင့်မှု အပြီးတွင် ၀မ်းမြောက်စွာပြောကြားခဲ့ပါသည်။

    ဂုဏ်ပြုဆု ရယူမှု အပြီးတွင် “သူမထက်တောင် ကျွန်တော်က ပိုပျော်နေပါတယ် ” ဟု Malik Syed ၏ အမျိုးသားဖြစ်သူ Amjad Syed က ပြောကြားခဲ့ပါသည်။

    ဒီဆု ဟာဆိုရင် ကနေဒါနိုင်ငံသားတို့အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းသော အထင်ကရအောင်မြင်မှုဖြစ်ပါသည်။လူဦးရေ (၃၂.၈) သန်းတွင်  မွတ်စလင်ဦးရေ (၁.၉)သန်းရှိသော ကနေဒါနိုင်ငံသည် မြောက်အမေရိက တိုက်တွင် အစ္စလာမ်ဘာသာဝင် အများဆုံးဖြစ်သည်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ မွတ်စလင် အများစုသည် ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူလျက်ရှိကြသည်။                             ။

    ကိုးကား -.Onislam

  • မီဒီယာရဲ့ တဖက်စောင်းနင်းဖော်ပြမှုက ကနေဒါပါမောက္ခအား အစ္စလာမ်သို့ ဦးတည်စေခဲ့

    မီဒီယာရဲ့ တဖက်စောင်းနင်းဖော်ပြမှုက ကနေဒါပါမောက္ခအား အစ္စလာမ်သို့ ဦးတည်စေခဲ့

    ကိုင်ရို- မွတ်စလင်တွေနဲ့ အစ္စလာမ်ဘာသာတရားကို မီဒီယာတွေရဲ့ အပျက်သဘောဆောင်တဲ့ဖေါ်ပြချက်တွေက ကနေဒါနိုင်ငံသား ပါမောက္ခတစ်ယောက်ကို အစ္စလာမ်နှင့်ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာရန် စေ့စော်ခဲ့ပြီး အစ္စလာမ်အယူဝါဒကို သက်ဝင်ယုံကြည်သူအဖြစ် ဦးတည်စေခဲ့သည်။

    “ဆော်ဒီအာရေးဗီးယားကိုရောက်တော့မှ အနောက်တိုင်းမီဒီယာတွေဟာ အစ္စလာမ်ဘာသာတရားကို ပြင်းထန်ပြီး အကြမ်းဖက် အယူဝါဒအဖြစ် ဘယ်လောက်တောင် မှားယွင်းဖေါ်ပြနေတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။” ဟု အဗ်ဒွလ်အဇစ် တက္ကသိုလ်ရဲ့ အင်္ဂလိပ်ဘာသာစကား ပါမောက္ခဖြစ်တဲ့ ကနေဒါနိုင်ငံသား ဒေးဗစ် ရိုင် ၀ိုးကီး က အာရပ်နယူး သတင်းစာကို မတ်လ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

    “တကယ်တော့ အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းရေးနဲ့၊ ကမ္ဘာ့ညီရင်းအစ်ကို ၀ါဒဖြစ်ပါတယ်။”

    ၀ိုးကီ သည် ကမ္ဘာ့မွတ်စလင်လူငယ်များအစည်းအရုံး ရဲ့ ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က ရှဟာဒတ်ပေးခဲ့ပြီး သူ၏အမည်ကိုလည်း ဒါဝူးဒ် အဖြစ် ပြောင်းလဲခဲ့သည်။

    အစ္စလာမ် နှင့် ခရစ်ယာန် ဘာသာနှစ်ခုကို နိုင်းယှဉ်လေ့လာပြီးတဲ့နောက် အစ္စလာမ်ဘာသာသို့ပြောင်းရန် သူ့ကို ဦးတည်စေခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော် ဆော်ဒီကိုရောက်တဲ့အခါ အနောက်တိုင်းက မမှန်မကန် ပြောဆိုနေတာတွေနဲ့ စစ်မှန်တဲ့အစ္စလာမ် ဘာသာတရားဟာ အများကြီးကွဲပြားနေတယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။”

    “ဒါကြောင့် ဒီအယူဝါဒကို စေ့စေ့ပေါက်ပေါက်လေ့လာဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ အစ္စလာမ်နဲ့ ပက်သက်ပြီး အများကြီးလေ့လာပြီးတဲ့နောက်မှာတော့ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို ဖြောင့်မတ်မှန်ကန်တဲ့လမ်းဆီ ညွှန်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း အစ္စလာမ်ဘာသာကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ။” ဟု သူကဆိုသည်။

    အနောက်တိုင်းမီဒီယာများက မွတ်စလင်များကို ကြမ်းတမ်းသူများအဖြစ် မကြာခဏဖေါ်ပြကြလေသည်။

    မီဒီယာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ မွတ်စလင်တွေကို ခက်ထန်သူ၊ အန္တရာယ်ရှိသူ၊ ခြိမ်းခြောက်က်တတ်သူများအဖြစ် ဖော်ပြကာ အစ္စလာမ်အပေါ် အခြေအမြစ်မရှိစွပ်စွဲမှုတွေ၊ မလိုမုန်းထားမှုတွေနဲ့ အစ္စလာမ်မိုဖိုးဘီးယား (အစ္စလာမ်ကိုကြောက်စိတ်) စတာတွေကို ဆက်လက်ပြန့်ပွားစေသည်ဟု ဗြိတိန် ၏ မကြာသေးခင်က လေ့လာထားချက်တွင် ဖေါ်ပြထားလေသည်။

    အလ္လာဟ်အရှင်မြတ်နှင့် လူသား ဆက်သွယ်မှု။

    သူ့ရဲ့ နက်နက်ရှိုင်းရှိုင်းလေ့လာမှုက အစ္စလာမ်ဘာသာကို လက်ခံရန် ဦးတည်စေခဲ့သည်ဟု သူက ဆိုသည်။

    “ကျွန်တော့ရဲ့ မွတ်စလင်သူငယ်ချင်းတော်တော်များများက အစ္စလာမ်ကို လက်ခံဖို့ တိုက်တွန်းကြပါတယ်။”

    “တခါကဆို ပီဇာအရောင်းစာရေးတယောက်က ကျွန်တော့ကို မကြာခင် မွတ်စလင်ဖြစ်လာဖို့ သူဆန္ဒရှိတယ်လို့ ဆိုတယ်ဗျ။” ဟု သူကပြောသည်။

    အစ္စလာမ်ဆီ ပြန်လှည့်အပြီးမှာ အလ္လာအရှင်မြတ်နှင့်ဆက်သွယ်မှုကို ပိုပြီး ခိုင်မာချင်သည်ဟု ဆိုသည်။

    “ဘာသာတရားဆိုတာ လူတွေဖန်တီးထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ယုံကြည်မှုဆိုတာကတော့ အလ္လာဟ်အရှင်မြတ်နဲ့ လူသားတွေရဲ့ ကြားထဲက ဆက်သွယ်မှုပဲ။”

    “ကိုယ်တိုင် အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်ပြီးပဲ ကျွန်တော့်ရဲ့အချိန်တွေကို ကုန်ဆုံးချင်ပါတယ်။ အခြားလူတွေရဲ့ဆက်သွယ်မှုနဲ့ ပက်သက်ပြီး ကျွန်တော် အလုပ်ရှုပ်မခံချင်ပါဘူး။” ဟု အာရပ်နယူး သို့ သူကဖွင့်ဟခဲ့သည်။

    ဒါဝူးဒ်၏ အစ္စလာမ်ကို လက်ခံမှုသတင်းက ဆော်ဒီနိုင်ငံသားအမြောက်အများကို ပီတိဖြစ်စေခဲ့သည်။

    “ထောင်ပေါင်းများစွာသော လူတွေဟာ အယူဝါဒအမျိုးမျိုးကို ယုံကြည်ကြတယ်ဗျ။ ဒါပေမယ့် ၀ိုးကီး လို ပညာတတ် အမျိုးသားတွေ၊ အမျိုးသမီးတွေကတော့ နှစ်စဉ်နှစ်တိုင်း အစ္စလာမ်ကို သက်ဝင်လာကြတာပဲ။”

    “စာအုပ်ဆိုင်တိုင်းမှာ အင်္ဂလိပ်ဘာသာပြန် ကုရ်အာန်တွေ၊ အစ္စလာမ်နဲ့ ပါတ်သက်တဲ့ စာအုပ်စာတမ်းတွေ အများကြီးရှိနေတယ်။ ၀ိုးကီး လို ရိုးသားတဲ့လူတွေကို အစ္စလာမ်က ဘ၀င်ကျစေမှာ အသေအချာပါပဲ။” ဟု ကမ္ဘာ့မွတ်စလင်လူငယ်များအစည်းအရုံး၏ လက်ထောက် အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘာဒါဒါ က ပြောသည်။

    source: http://www.onislam.net/english/news/global/456433-media-bias-leads-canadian-professor-to-islam.html

    ဘာသာပြန်-ဝေဇင်