News @ M-Media
Tag: Champions League 2015-16
  • ၁၆ သင်းအဆင့်တက်မယ့် လေးသင်း ပေါ်ထွက်လာတဲ့ ယနေ့မနက် ချန်ပီယံလိဂ်ပွဲများ
    ၁၆ သင်းအဆင့်တက်မယ့် လေးသင်း ပေါ်ထွက်လာတဲ့ ယနေ့မနက် ချန်ပီယံလိဂ်ပွဲများ
    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    cham
    – ဒီနေ့မနက်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအုပ်စု ၄ ခုရဲ့ ပဉ္စမမြောက်ပွဲမှာတော့ နောက်တစ်ဆင့်တက်မယ့် အသင်းလေးသင်း ပေါ်ထွက်လာခဲ့ပြီး အက်သလက်တီကို၊ ဘင်ဖီကာ၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီတို့ပဲ ဖြစ်ပါတယ်။ ဗန်ဂါးလ်ရဲ့ မန်ယူကတော့ ၁၆ သင်းအဆင့် ရောက်ရှိရေးအတွက် အုပ်စုအနောက်ဆုံးပွဲအထိ ရုန်းကန်ရမှာ ဖြစ်ပါတယ်။
    အုပ်စု A
    ရှက်တာဒိုးနက် ၃-၄ ရီးယဲလ်မက်ဒရစ်
    မာလ်မို ၀-၅ ပီအက်စ်ဂျီ
    ရော်နယ်ဒိုခြေစွမ်းပြတဲ့ ရီးယဲလ် ၅၂ မိနစ်မှာတင် လေးဂိုးပြတ်ခဲ့ပေမယ့် ၇၇ မိနစ်ကနေ ၈၃ မိနစ်အထိ ၇ မိနစ်တွင်းမှာ ၃ ဂိုး လွယ်လွယ်ပေးလိုက်ရတာက ဘင်နီတက်ဇ်လက်ထက်မှာ ပိုကျစ်လစ်လာတယ်ဆိုတဲ့ ရီးယဲလ်နောက်တန်းအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ရော်နယ်ဒိုက ၂ ဂိုး၊ မိုဒရစ်နဲ့ ကာဗာဂျဲလ်တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ပီအက်စ်ဂျီကတော့ မာလ်မိုကို အခက်အခဲမရှိ ၅ ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဒုတိယနေရာကိုရယူကာ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဂိုးတွေကိုတော့ ဒီမာရီယာက ၂ ဂိုး၊ ရာဘီယော့၊ အီဗာရာဟီမိုဗစ်နဲ့ လူးကက်စ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    အုပ်စု B
    မန်ယူ ၀-၀ ပီအက်စ်ဗီ
    စီအက်စ်ကေအေ ၀-၂ ၀ုလ်ဖ်ဘာ့ဂ်
    အိုးထရက်ဖို့ဒ်မှာ မန်ယူတို့ အသာရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ပီအက်စ်ဗီအတွက်တော့ သရေရလဒ်ဟာ ထိုက်တန်ခဲ့ပြီး ၁၆ သင်းအဆင့်အတွက်လည်း မျှော်လင့်ချက် ပိုရှိလာပါတယ်။ ၈ မှတ်ရထားတဲ့ မန်ယူက နောက်ဆုံးပွဲမှာ အုပ်စုကို ၉ မှတ်နဲ့ ဦးဆောင်နေတဲ့ ၀ုလ်ဖ်ဘာ့ဂ်နဲ့ တွေ့ရမှာဖြစ်ပြီး အနိုင်ကစားနိုင်မှ နောက်တစ်ဆင့်ကို လွတ်လွတ် ကျွတ်ကျွတ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ၇ မှတ်နဲ့ တတိယနေရာရနေတဲ့ ပီအက်စ်ဗီကတော့ အုပ်စုတက်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ စီအက်စ်ကေအေနဲ့ ကစားရမှာ ဖြစ်တာကြောင့် အလားအလာ ပိုကောင်းနေပါတယ်။
    အုပ်စု C
    အက်သလက်တီကို ၂-၀ ဂါလာတာစာရေး
    အက်စ်တာနာ ၂-၂ ဘင်ဖီကာ
    အက်သလက်တီကိုက ဂါလာတာစာရေး အနိုင်ရတာကြောင့် အက်သလက်တီကိုရော ဘင်ဖီကာပါ နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဖိကစားနိုင်ခဲ့တဲ့ အက်သလက်တီကိုအတွက် ဂရီဇ်မန်းတစ်ဦးတည်းက ၁၃ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ ၂ ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။
    ဘင်ဖီကာကတော့ အားအနည်းဆုံး အက်စ်တာနာကို ၂ ဂိုးအရှုံးနဲ့ နောက်က လိုက်ကစားခဲ့ရပြီး နောက်ပိုင်း ၂ ဂိုး ပြန်သွင်းနိုင်ခဲ့လို့သာ သရေကျခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ အနိုင်ကြောင့် နောက်တစ်ဆင့်တက်တဲ့ ဘင်ဖီကာ အုပ်စုနောက်ဆုံးပွဲမှာ အုပ်စုဗိုလ် လုရမှာဖြစ်ပါတယ်။
    အုပ်စု D
    ဂျူဗင်တပ်စ် ၁-၀ မန်စီးတီး
    မိုချန်ဂလာဘက်ခ်ျ ၄-၂ ဆီးဗီးလား
    နောက်တစ်ဆင့်တက်သွားပြီးဖြစ်တဲ့ မန်စီးတီးကို မန်ဇူကစ်ရဲ့ စောစောပိုင်း ဂိုးတစ်ဂိုးနဲ့ အနိုင်ယူပြီး ဂျူဗင်တပ်စ်တို့ နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။
    အုပ်စုကတက်ဖို့ အခွင့်အရေးမရှိတော့ပေမယ့် မိုချန်ဂလာဘက်ခ်ျတို့ ဂုဏ်သိက္ခာအတွက် အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ယူရိုပါချန်ပီယံကို ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဆီးဗီးလားကတော့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ယဲ့ယဲ့လေး ပျက်သုဉ်းသွားခဲ့ပါတယ်။
  • ဘာစီလိုနာ၊ ဘိုင်ယန်တို့ နောက်တစ်ဆင့်တက်ခဲ့ပြီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ အသက်ရှုချောင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲစဉ်များ
    ဘာစီလိုနာ၊ ဘိုင်ယန်တို့ နောက်တစ်ဆင့်တက်ခဲ့ပြီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ အသက်ရှုချောင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲစဉ်များ
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    cham
    – ချန်ပီယံလိဂ် ဒုတိယအုပ်စုလေးခုရဲ့ ပဉ္စမမြောက် အုပ်စုပွဲစဉ်တွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့က ပြိုင်ဘက်တွေကို ဂိုးပြတ်နဲ့အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်ကလည်း အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်လာနိုင်ပါတယ်။
    အုပ်စု E
    ဘာစီလိုနာ ၆-၁ ရိုးမား
    ဘိုရီဆော့ဗ် ၁-၁ လေဗာကူဆင်
    ဘာကာကတော့ အိမ်ကွင်းမှာ တစ်ဖက်သက်ကစားခဲ့ပြီး ပထမပိုင်းမှာ ၃ ဂိုး ဒုတိယပိုင်းမှာ ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာကသက်သာပြီး ပထမဆုံး ပြန်ပါလာတဲ့ မက်ဆီက ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး ကျန်ဂိုးတွေကိုတော့ ဆွာရက်ဇ်က ၂ ဂိုး၊ ပီကေးနဲ့ အက်ဒရီယာနိုတို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်က ချန်ပီယံလိဂ် အုပ်စု ၅ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
    ဘိုရီဆော့ကတော့ ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် မထိန်းနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားပါတယ်။ လေဗာကူဆင်က ကစားပုံကောင်းခဲ့ပြီး ဂိုးသွင်းခွင့်လည်း တော်တော်များများ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် မဟ်မဒီရဲ့ ဂိုးတစ်ဂိုးနဲ့ သရေ ၁ မှတ်သာ အရယူနိုင်ခဲ့ပါတယ်။
    အုပ်စု F
    အာဆင်နယ် ၃-၀ ဒိုင်နမိုဇာဂရဘ်
    ဘိုင်ယန်မြူးနစ် ၄-၀ အိုလံပီယာကော့စ်
    ဒီပွဲနိုင်မှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိမယ့် အာဆင်နယ် အမှားမခံခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုစိုးမိုးခဲ့တဲ့ အိမ်ရှင်တို့ ၂၉ မိနစ်မှာပဲ အဖွင့်ဂိုး ရခဲ့ပြီး အိုဇေးလ်က ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ကျန် ၂ ဂိုးကိုတော့ ဂိုးသွင်းစက် ဆန်းချက်ဇ်က ၃၃ မိနစ်နဲ့ ၆၉ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ဘိုင်ယန်ကလည်း အပြတ်အသတ်ဖြစ်ခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးသွင်းခဲ့ကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။
    အုပ်စု G
    မက်ကာဘီ တဲလ်အဗီး ၀-၄ ချယ်ဆီး
    ပေါ်တို ၀-၂ ဒိုင်နမိုကိဗ်
    တဲလ်အဗီးရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ချယ်ဆီးအတွက် အဟန့်အတား မဖြစ်ခဲ့ပါဘူး။ ချယ်ဆီးနောက်ခံလူဟောင်း တဲလ်ဘင်ဟိန်း ၄၁ မိနစ်မှာ အထုတ်ခံခဲ့ရတာက အုပ်စုအတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ တဲလ်အဗီးအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ကာဟေးလ်၊ ၀ီလီယံ၊ အော်စကာနဲ့ ဇူးမားတို့က အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ဒီပွဲနိုင်ရင် နောက်တစ်ဆင့် တက်နိုင်ပေမယ့် ပေါ်တိုတို့ အိမ်ရှင်ဆိုတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ ခံစစ်ပိုင်းကျစ်လစ်ခဲ့တာက ဒိုင်နမိုကိဗ်ရခဲ့တဲ့ အောင်ပွဲရဲ့ အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ၈ မှတ်ရထားပြီး ဇယားကိုဦးဆောင်နေတဲ့ ချယ်ဆီးနဲ့ ပေါ်တိုထက် ၂ မှတ်လျော့နေတဲ့ ဒိုနမိုကိဗ်က အုပ်စုနောက်ဆုံးပွဲမှာ မက်ကာဘီ တဲလ်အဗီးနဲ့ တွေ့ရမှာဖြစ်တာကြောင့် ချယ်ဆီးကို အဝေးကွင်းမှာ သွားကစားရမယ့် ပေါ်တိုတို့ နောက်တစ်ဆင့်တက်ရေးအတွက် အားကုန်ထုတ်ရပါတော့မယ်။
    အုပ်စု H
    ဇင်းနစ် ၂-၀ ဗလင်စီယာ
    လိုင်ယွန် ၁-၂ ဂျန့်
    နောက်တစ်ဆင့် တက်သွားပြီဖြစ်တဲ့ ဇင်းနစ် ဗလင်စီယာကို ထပ်မံအနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲကို ရယူထားနိုင်ခဲ့ပါတယ်။ ဗလင်စီယာကတော့ အုပ်စုနောက်ဆုံး လိုင်ယွန်နဲ့ပွဲမှာ အနိုင်ကစားပြီး၊ ဂျန့်က သရေ ဒါမှမဟုတ် ရှုံးမှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
    ထည်ကြီးပျက်လိုင်ယွန်ကလည်း ဒီပွဲမှာ ပွဲအစ ၇ မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းထားနိုင်ခဲ့ပေမယ့် မထိန်းနိုင်တာကြောင့် ချန်ပီယံလိဂ် ပထမဆုံးအနိုင်နဲ့ ဝေးခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာရတဲ့ ဂျန့်အတွက် ၃၂ မိနစ်မှာ မီလီစီဗစ်က ချေပဂိုး သွင်းပေးခဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ကော်လီဘလီက အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် ၁၆ သင်းအဆင့် တက်ရောက်ရေးအတွက် မျှော်လင့်လာနိုင်ပြီ ဖြစ်ပါတယ်။
  • ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို
    ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို
    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media
    chelsea
    – ချန်ပီယံလိဂ်တွင် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အား အနိုင်ရခဲ့သည့်ပွဲက အားမလိုအားမရ ဖြစ်နေကြသည့် အသင်း၏ လူငယ် ပရိတ်သတ်များအတွက် ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲပေါင်းစုံ ၉ ပွဲတွင် ဒုတိယမြောက်အနိုင်ရသည့်ပွဲ ဖြစ်သည်။ မော်ရင်ဟိုကမူ ကစားသမားများကို ချီးကျူးပြောဆိုခဲ့သည်။
    “အသင်းနိုင်နေတဲ့အချိန်မှာတော့ ကျောင်းကို ချယ်ဆီးအင်္ကျီဝတ်သွားတာဟာ အသက် ၁၀ နှစ် ၁၂ နှစ်အရွယ် လူငယ်လေးတွေအတွက် ဘာပြဿနာမှ မရှိပေမယ့် အသင်းရှုံးတဲ့အခါကျရင်တော့ အသင်းအင်္ကျီဝတ် ကျောင်းသွားဖို့ သူတို့အတွက် ခက်ခဲပါတယ်။ နိုင်ပွဲတွေရနေတဲ့ အခြားအသင်းတွေရဲ့ ပရိတ်သတ်တွေက သူတို့ကို မခံချင်အောင် စတာနောက်တာတွေ လုပ်ကောင်းလုပ်နိုင်ပါတယ်။ အသင်း ကောင်းမွန်နေတဲ့အချိန်မှာရာ၊ ရှုံးနိမ့်နေတဲ့ အချိန်မှာပါ ပရိသတ်တွေက တစ်စိုက်မတ်မတ် အားပေးနေတယ်ဆိုတာကို မြင်ရတာ သိပ်ကို အံ့သြစရာကောင်းပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်
    ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်
    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media
    winger
    – ယနေ့မနက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲ ကစားပုံအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အသင်းအား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မိမိ၏ အသင်းကိုပင် မမှတ်မိတော့ဟု ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အုပ်စုပွဲစဉ် ၃ တွင် ဘိုင်ယန်အား အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင် အနိုင်ရရှိခဲ့သည့် အာဆင်နယ်မှာ ယနေ့ အဝေးကွင်းပွဲစဉ်၌ ၅ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် အာဆင်နယ်မှာ ၃ ပွဲအထိ ရှုံးထားပြီး ရမှတ် ၃ မှတ်ဖြင့် အုပ်စု F တွင် အောက်ဆုံးရောက်ရှိနေကာ နောက်တစ်ဆင့်တက်ရေးအတွက် အခွင့်အလမ်း နည်းသွားပြီဖြစ်သည်။
    “ဘိုင်ယန်ကိုတော့ သူတို့ရဲ့ အရည်အသွေးအတွက် ကျွန်တော်တို့ ချီးကျူးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အညှာလွယ်သွားခဲ့တာပါ။ တိုက်စစ်မှာတင်မဟုတ်ဘဲ၊ ခံစစ်မှာလည်း ကျွန်တော်တို့ သိပ်ကို ဆိုးရွားခဲ့ပါတယ်။ ကျွန်တော့်အသင်းကို မှတ်တောင်မမှတ်မိပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    အုပ်စုကျွတ်ရေးအတွက်မူ ၀င်းဂါးက “နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေးကတော့ ရှိနေတုန်းပါပဲ။ အခွင့်အရေးက သိပ်ပြီး သေးငယ်ပါတယ်။ ဒါပေမယ့် အဲဒါက စစ်မှန်တဲ့ အခွင့်အရေးပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • နေရာပြောင်းကစားရခြင်းက အကျိုးရှိသည်ဟု မန်စီးတီးတိုက်စစ်မှူးဆို
    နေရာပြောင်းကစားရခြင်းက အကျိုးရှိသည်ဟု မန်စီးတီးတိုက်စစ်မှူးဆို
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    de
    – မိမိမှာ အထောင်တိုက်စစ်မှူးအဖြစ် မည်သည့်အခါကမှ မကစားခဲ့ဖူးဘဲ ထိုနေရာတွင် ကစားရခြင်းက မိမိအတွက် အကျိုးရှိစေသည်ဟု မန်စီးတီးတိုက်စစ်မှူး ဒီဘရူနီက ပြောကြားလိုက်သည်။
    တောင်ပံကစားသမား သို့မဟုတ် နံပါတ် ၁၀ နေရာတွင်သာ ပုံမှန်ကစားလေ့ရှိသည့် ဘရူနီမှာ ယနေ့မနက် ဆီးဗီးလားနှင့် ချန်ပီယံလိဂ်ပွဲတွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး နာကျင်အချိန်ပိုတွင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
    “ရိုးရိုးသားသားပြောရရင် ကျွန်တော်ဟာ အထောင်တိုက်စစ်မှူးအဖြစ် များများစားစား မကစားခဲ့ဖူးပါဘူး။ အခုအချိန် ကျွန်တော်တို့မှာ တိုက်စစ်မှူးတွေ အများကြီး ရှိမနေတာကြောင့် နည်းပြက အဲဒီနေရာကို ကစားခိုင်းရင် ကျွန်တော် ကြိုးစားမှာပါ” ဟု ဒီဘရူနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဘရူနီမှာ မန်စီးတီးအတွက် ၇ ပွဲကစားပေးထားပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ကာ နေရာအပြောင်းအလဲလုပ်၍ ကစားရခြင်းက မိမိအတွက် အကျိုးရှိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal