News @ M-Media
Tag: China
  • ကမ္ဘာ့ပထမဆုံး 3D printing ဦးခေါင်းခွံ အစားထိုးမှု တရုတ်တွင်ပြုလုပ်
    ကမ္ဘာ့ပထမဆုံး 3D printing ဦးခေါင်းခွံ အစားထိုးမှု တရုတ်တွင်ပြုလုပ်
    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ကမ္ဘာ့ပထမဆုံးအဖြစ် 3D printing နည်းပညာကို အသုံးပြု၍ ဦးခေါင်းခွံ အစားထိုးခွဲစိတ်မှုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
    ဟန်ဟန်ဟု အမည်ရသည့် အဆိုပါကလေးငယ်မှာ မွေးရာပါ ဟိုက်ဒရိုဆပ်ဟာလက်စ်ရောဂါ ဖြစ်ပွားနေသူဖြစ်ပြီး ထိုရောဂါကြောင့် ဦးနှောက်အတွင်း အရည်တစ်မျိုးကို လုံလောက်စွာ မစုဆောင်းနိုင်ချေ။
    ထို့ပြင် ၎င်း၏ ဦးခေါင်းမှာလည်း သာမန်အရွယ်အစားထက် ၄ ဆခန့် ကြီးထွားနေကာ လည်ပင်းက ထောက်ပံ့မှု မပြုလုပ်နိုင်သောကြောင့် ဟန်ဟန်မှာ အိပ်ရာထဲတွင်ပင် လှဲနေရကာ အကျိုးဆက်အဖြစ် မျက်လုံးလည်း ကွယ်သွားခဲ့သည်။
    ချန်ရှာပြည်နယ် Second People ဆေးရုံမှ ခွဲစိတ်ဆရာဝန်များမှာ 3D printing နည်းပညာကို အသုံးပြု၍ ဦးခေါင်းခွံပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး၊ ဦးခေါင်းခွံအစားထိုးရာတွင် ဦးနှောက်အား အောက်ခံအဖြစ် ကာကွယ်ပေးမည့် တိုက်တယ်နီယံ ဇကာတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။
    ထို့နောက် ၁၇ နာရီကြာသည့် ခွဲစိတ်ကုသမှုတွင် ဦးခေါင်းခွံအား ဖယ်ရှားခဲ့ကာ 3D printing ဦးခေါင်းခွံကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့သည်။
    “ဦးခေါင်းခွံကို ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ ဦးနှောက်က အခွံခွာထားတဲ့ ဥလေးလိုပါပဲ။ ဦးနှောက်အမှေးပါး ကြပ်ကြပ်တည်းတည်းရှိဖို့နဲ့ ဦးနှောက် အရမ်းလှုပ်နေတာကို ရပ်တန့်စေဖို့အတွက် လိုအပ်နေတဲ့အရည်တွေကို အစက်ချ ထည့်သွင်းခဲ့ရပါတယ်။ ပြီးတော့ ဦးခေါင်းခွံရဲ့ဖိအားကိုလည်း မှန်ကန်အောင် လုပ်ခဲ့ရပါတယ်” ဟု ခွဲစိတ်မှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ကူအန် ဝေပင်းက
    ပြောကြားခဲ့သည်။
    ခွဲစိတ်ဆရာဝန်များမှာ ဦးနှောက်အတွင်းသို့ အရည် ၇.၅ လီတာကို ၄ နာရီကြာ ထည့်သွင်းခဲ့ရပြီး ဟန်ဟန်၏ မျက်နှာမှာ အကောင်းပကတိအတိုင်းရှိကာ ဦးခေါင်းခွံအသစ်နှင့် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်ဟု ဒေါက်တာကူအန်က ထည့်သွင်းပြောကြားခဲ့သည်။
    ဟန်ဟန်မှာ ဆက်လက်ကြီးထွားနေသောကြောင့် ဦးခေါင်းခွံအား အရွယ်ရောက်ပြီးသည့် ဦးခေါင်းခွံအရွယ်အစားကို အသုံးပြုခဲ့ရသည်ဟု ခွဲစိတ်ဆရာဝန်များက ဆိုသည်။ ထို့ပြင် သူမ၏ဦးခေါင်းမှာ သေးငယ်လာပါက ဦးခေါင်းခွံတစ်ရှူးများကို အသုံးပြု၍
    ထပ်မံကုသနိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဟန်ဟန်မှာ လက်ရှိအချိန်တွင် အထူးကြပ်မတ်ကုသမှုအောက်တွင် ရှိနေသည်။
    Ref: Straitstimes
  • ရှယ်ယာရှင်များ ရှယ်ယာထုတ်မရောင်းရန် တရုတ် အမိန့်ထုတ်
    ရှယ်ယာရှင်များ ရှယ်ယာထုတ်မရောင်းရန် တရုတ် အမိန့်ထုတ်
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    china
    – အစိုးရမှ သတ်မှတ်ထားသည့် ကုမ္ပဏီများမှ အဓိကရှယ်ယာရှင်များနှင့် အမှုဆောင်အရာရှိများမှာ ၎င်းတို့၏ ရှယ်ယာများကို နောက်ထပ် ၆ လအတွင်း ရောင်းချခြင်းမပြုရန် တရုတ်အစိုးရက ကန့်သတ်လိုက်ပြီး ဈေးကွက်ပြိုလဲမှုများကို ရပ်တန့်ရန်အတွက် တရုတ်အစိုးရထံမှ
    နောက်ဆုံးပေါ်ထွက်လာသည့် ဆောင်ရွက်ချက်လည်းဖြစ်သည်။
    ရှန်းဟိုင်းစတော့ဈေးကွက် အညွှန်းကိန်းမှာ ယနေ့မနက်တွင် ၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဈေးကွက်ပြိုလဲမှုကို ရှောင်ရှားရန် အစိုးရက ဆောင်ရွက်မှုများ ပိုမိုပြုလုပ်နေသော်လည်း ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
    Shanghai Composite အညွှန်းကိန်းမှာ ၁၂၉.၉၄ ပွိုင့်ကျဆင်းခဲ့ကာ ၃၃၇၇.၂၅ သို့ ရောက်ရှိခဲ့ပြီး၊ Shenzhen Composite အညွှန်းကိန်းမှာလည်း ၁၃.၉၁ ပွိုင့် ကျဆင်းခဲ့ကာ ၁၈၇၀.၅၄ သို့ ရောက်ရှိခဲ့သည်။
    ဂျပန်စတော့ဈေးကွက်ဖြစ်သော Nikkei မှာ ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သော်လည်း ဟောင်ကောင်၏ Hang Seng စတော့ဈေးကွက်မှာမူ ၀.၆၁ ရာခိုင်နှုန်း တက်လာခဲ့သည်။
    ပြီးခဲ့သည့် ဇွန်လအလယ်ပိုင်းက စတင်ခဲ့သည့် တရုတ်စတော့ဈေးကွက် ပြိုလဲမှုကြောင့်ယခုအချိန်တွင် ၃.၂ ထရီလီယံ ဆုံးရှုံခဲ့ရပြီး ဖြစ်သည်။
    “ဈေးကွက်က မသေချာသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်တွေကထက် ပိုကောင်းလာပါတယ်” ဟု
    ဈေးကွက်စောင့်ကြည့်သူတစ်ဦးဖြစ်သည့် ကွီယန်မင်းက ပြောကြားခဲ့သည်။
    ရှယ်ယာများ နောက်ထပ် ၆ လအတွင်း ထုတ်ရောင်းခြင်းမပြုရဟူသော အစိုးရ၏ ယခုအစီအစဉ်မှာ ဈေးကွက်ကို တည်ငြိမ်စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ဥပဒေအရ ရပိုင်ခွင့်ကို ပြည့်ပြည့်၀၀ ကာကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တရုတ်ဈေးကွက် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော CSRC က ယမန်နေ့ညပိုင်းတွင် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ၀ီဂါလူမျိုးများအတွက် တူရကီပြည်သူများ တရုတ်အစိုးရကို ဆန္ဒပြ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    turk
    – တာ့က်နွယ်ဖွား ၀ီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ ဆက်ဆံမှုကို မကျေနပ်သည့်အတွက် တူရကီတွင် တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။
    တရုတ်နိုင်ငံအနောက်ပိုင်း ဇင်ဂျန်းပြည်နယ်ရှိ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှုနှင့် ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလဆောက်တည်မှုများကို တရုတ်အစိုးရက ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တူရကီနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ မကြာသေးမီအချိန်မှစ၍ တင်းမာလာခဲ့သည်။
    တာ့က်နွယ်ဖွား ၀ီဂါလူမျိုးများကို တူရကီပြည်သူများက ယဉ်ကျေးမှုနောက်ခံနှင့် ဘာသာရေး မျှဝေသူများအဖြစ် မှတ်ယူသောကြောင့် ၀ီဂါလူမျိုးများ၏ ပြဿနာများမှာ တူရကီပြည်သူများအတွက် အရေးပါလာခဲ့ပြီး တရုတ်အစိုးရအား ဆန္ဒပြသည်အထိ ဦးတည်ခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်အတွင်း အုပ်စုငယ်တစ်ခုမှာ အစ္စတန်ဘူလ်မှ လူသိများသော တိုဖိန်း ခရိုင်ရှိ တရုတ်စားသောက်ဆိုင်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး ပြတင်းပေါက်များ ပျက်ဆီးခဲ့သည်ဟု တူရကီသတင်းစာ Hurriyet က ဖော်ပြခဲ့သည်။
    ယမန်နေ့ကလည်း အစ္စတန်ဘူလ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးသို့ ရာပေါင်းများစွာသော တူရကီပြည်သူများက ချီတက်သွားကြကာ အဆောက်အဦးအပြင်ဘက်တွင် တရုတ်အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ ယမန်နေ့မနက် အစောပိုင်းတွင်လည်း ဆန္ဒပြသူအချို့မှာ တရုတ်အလံကို မီးရှို့ခဲ့ကြသည်။
    “သူတို့ (၀ီဂါ)တွေဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဖြစ်ပြီး သူတို့ရဲ့ ယုံကြည်ချက်အတွက် ငြှင်းပန်းနှိပ်စက် ခံနေရပါတယ်။ သူတို့ ဘာအမှားမှ မလုပ်ပါဘူး။ သူတို့ရဲ့ ရမယ်ရှာခံရတဲ့ တစ်ခုတည်းသောအရာက မွတ်စလင်ဖြစ်ခြင်းပါပဲ” ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် ဂေါ့က်စီက ပြောကြားခဲ့သည်။
    တူရကီအစိုးရကလည်း ငြှင်းပန်းနှိပ်စက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ၀ီဂါလူမျိုးများအတွက် တံခါးဖွင့်ထားသည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။
    ထိုကဲ့သို့ တရုတ်အစိုးရဆန့်ကျင်မှုများ ဖြစ်ပွားနေသောကြောင့် တူရကီနိုင်ငံသို့ ခရီးသွားသည့် တရုတ်နိုင်ငံသားများအနေဖြင့် အထူးသတိပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
    Ref: Aljazeera
  • တရုတ်နိုင်ငံမှာ မိမိတို့၏ လျှို့ဝှက်ချက်များကို ခိုးယူနေသည်ဟု ဟီလာရီကလင်တန် ပြော
    တရုတ်နိုင်ငံမှာ မိမိတို့၏ လျှို့ဝှက်ချက်များကို ခိုးယူနေသည်ဟု ဟီလာရီကလင်တန် ပြော
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    chi
    – တရုတ်နိုင်ငံမှာ မိမိတို့နိုင်ငံ၏ ကုန်သွယ်မှု လျှို့ဝှက်ချက်များနှင့် အစိုးရအချက်အလက် အများအပြားကို ခိုးယူခဲ့သည်ဟု ၂၀၁၆ ခုနှစ် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။
    နယူးဟမ့်ရှိုင်းယား၌ ယမန်နေ့က ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတွင် ကလင်တန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိအနေဖြင့် တရုတ်နိုင်ငံအား ငြိမ်းချမ်းစွာ ကြီးထွားလာသည်ကို မြင်လိုသော်လည်း မိမိတို့အမေရိကန်မှာ ဆက်လက်၍ နိုးနိုးကြားကြားရှိသွားမည်ဟု ထည့်သွင်းသတိပေးခဲ့သည်။
    “ဒါပေမယ့် ကျွန်မတို့ အပြည့်အ၀ နိုးနိုးကြားကြားရှိရမှာပါ။ တရုတ်ရဲ့ စစ်တပ်ဟာ အလျင်အမြန် ကြီးထွားလာနေပါတယ်။ စစ်ဘက်ဆိုင်ရာ နေရာတွေကို သူတို့ တည်ဆောက်နေပြီး ကျွန်မတိုနဲ့ စာချုပ်စာတမ်းတွေရှိထားတဲ့ ဖိလစ်ပိုင်လို နိုင်ငံတွေကို ထပ်ပြီး ခြိမ်းခြောက်နေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အချေအတင်ဖြစ်နေတဲ့ နေရာမှာ သူတို့ ဆောက်နေလို့ပါပဲ ” ဟု ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
    ထို့ပြင် တရုတ်နိုင်ငံမှာ ကာကွယ်ရေးကန်ထရိုက်တာများမှ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်များကို ခိုးယူခြင်း၊ အစိုးရ၏ အချက်အလက် အမြောက်အများကို ခိုးယူခြင်းတို့ဖြင့် အမြတ်ထုတ်ရေး ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဆိုသည်။
    တရုတ်နိုင်ငံနှင့်ပတ်သက်၍ ကလင်တန်၏ ထိုသို့ပြောဆိုမှုမှာ သမ္မတအိုဘားမား၏ ဒီမိုကရက်တစ်အုပ်ချုပ်ရေးအဖွဲ့မှ များသောအားဖြင့် အသုံးပြုသော စကားများထက် ပိုမို၍ ပြင်းထန်နေသည်။
    ၂၀၁၆ ရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ကလင်တန်၏ ထိုပြောကြားမှုအတွက် မှတ်ချက်ပေးရန် အိမ်ဖြူတော်က ငြင်းဆိုခဲ့သည်။
    အမေရိကန်၏ ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှုရုံးမှ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်၍ ယခင်နှင့် ယခု ၀န်ထမ်း စုစုပေါင်း ၄.၂ သန်း၏ အချက်အလက်များ ခိုးယူခံရမှုတွင် တရုတ်နိုင်ငံမှာ ထိပ်ဆုံးမှ သံသယရှိသူဖြစ်သည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက မကြားသေးမီက ပြောကြားထားသည်။ သို့သော်လည်း တရုတ်နိုင်ငံကမူ မိမိတို့ ဆောင်ရွက်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။
    Ref: Aljazeera
  • အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို
    အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို
    ဇွန် ၂၆၊ ၂၀၁၅
    M-Media
    – အမေရိကန်သန်းပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကို ထိခိုက်စေခဲ့သော အစိုးရ အေဂျင်စီတစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှုအတွက် ထိပ်တန်းသံသယရှိသူမှာ တရုတ်နိုင်ငံပင်ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအကြီးအကဲက ပြောကြားလိုက်သည်ဟု Wall Street ဂျာနယ်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM ကို တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေသည်ဟု အစိုးရတာဝန်ရှိသူများက ၎င်းတို့၏ ကိုယ်ပိုင်သဘောထားအဖြစ် ထုတ်ဖော်ပြောဆိုသော်လည်း အိုဘားမားအစိုးရကမူ တရုတ်နိုင်ငံအား
    လူသိရှင်ကြား စွပ်စွဲခဲ့ခြင်းမရှိချေ။
    “သူတို့လုပ်ခဲ့တဲ့အရာအတွက် တရုတ်နိုင်ငံကို တမျိုးမျိုးနဲ့ အလေးပြုရပါမယ်” ဟု ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲမှုကို ရည်ညွှန်း၍ ၀ါရှင်တန်ရှိ ထောက်လှမ်းရေးညီလာခံတွင် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာရုံး DNI ၏ အကြီးအကဲ ဂျိမ်းစ်ကလပ်ပါက ပြောကြားခဲ့သည်။
    ကလပ်ပါ၏ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် “အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တရုတ်နိုင်ငံဟာ အဓိက သံသယရှိသူအဖြစ် ဆက်ရှိနေတယ်ဆိုတာ DNI က ရှင်းရှင်းလင်းလင်းသိပါတယ်” ဟု ဖော်ပြထားသည်။
    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM က ၎င်းတို့၏ ကွန်ပျူတာစနစ် တိုက်ခိုက်ခံရမှုတွင် လက်ရှိနှင့် ယခင် ဖဒရယ်ဝန်ထမ်းဟောင်း ၄.၂ သန်း၏ ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ယခုလတွင် ဖွင့်ဟပြောဆိုခဲ့ပြီး အချို့မီဒီယာများက အမေရိကန် ၁၈ သန်း၏
    ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားန်နက်စ်ကမူ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် သံသယရှိသူနှင့်ပတ်သက်၍ ယမန်နေ့တွင် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
    ကလပ်ပါက ပေါ်လစီချမှတ်သူများမှာ ကာကွယ်မှုအားနည်းခြင်းအား မဖြေရှင်းနိုင်မချင်း အမေရိကန်အစိုးရနှင့် အမေရိကန်ကုမ္ပဏီများမှာ ဆိုက်ဘာတိုက်ခိုက်မှုကို ဆက်လက်ခံစားရမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း အဆိုပါဂျာနယ်တွင် ဖြော်ပခဲ့သည်။
    အမေရိကန်အစိုးရကမူ ထိုတိုက်ခိုက်မှုကို တရုတ်နိုင်ငံမှ ပြုလုပ်ပြီး ကျူးလွန်သူများကို ထုတ်ပေးရန် လူသိရှင်ကြား တောင်းဆိုထားခြင်းမရှိချေ။ တရုတ်နိုင်ငံကလည်း ထိုတိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။
    Ref: Reuters