News @ M-Media
Tag: China
  • ၀ီဂါမွတ်စလင်များ ဥပုသ်သီလဆောက်တည်ခြင်းကို ယခုနှစ်တွင်လည်း တရုတ်အစိုးရက ပိတ်ပင်ပြန်
    ဇွန် ၁၇၊ ၂၀၁၅
    M-Media
    wiga
    – တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ် အနောက်ပိုင်းရှိ ဒေသများမှ အစ္စလာမ်ဘာသာဝင် ကွန်မြူနစ်ပါတီဝင်များ၊ အစိုးရ၀န်ထမ်းများ၊ ကျောင်းသားများနှင့် ဆရာများအနေဖြင့် မကြာခင်ကျရောက်တော့မည့် ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလ ဆောက်တည်ခြင်း မပြုရန် တရုတ်အစိုးရက တားဆီးလိုက်ပြီး ဒေသခံ ၀ီဂါလူမျိုးများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။
    “တရုတ်အစိုးရက ပိတ်ပင်မှုတွေကို တိုးမြှင့်နေပြီး ရမ်ဇာန်ကပ်လာတာနဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ၀ီဂါလူမျိုးတွေရဲ့ ဘာသာတရားကို နိုင်ငံရေးထဲ တော်တော်လေး သွတ်သွင်းပါတယ်။ ပြီးတော့ ထိန်းချုပ်မှု မြင့်တက်လာတာဟာ ပြင်းထန်တဲ့ ခုခံမှုကို ဖြစ်စေနိုင်ပါတယ်” ဟု အဝေးရောက် ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီလ်ဇက် ရာဇစ်က ပြောကြားခဲ့သည်။
    တရုတ်အာဏာပိုင်များအနေဖြင့် ၀ီဂါလူမျိုး အစိုးရ၀န်ထမ်းများကို ဥပုသ်သီလ ဆောက်တည်ခြင်းမပြုရန် တိုက်တွန်းမှုအား ရာဇစ်က ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာကို ထိန်းချုပ်ရန် ရည်ရွယ်မှုအဖြစ် ရှုမြင်သည်ဟု ပြောကြားခဲ့သည်။
    တရုတ်အစိုးရ၏ ၀ဘ်ဆိုက်တစ်ခုအရ ကာဇက်ကစ္စတန်နယ်စပ်အနီး ဂျင်ဂ်ဟီကောင်တီရှိ ဟာလာလ်စားသောက်ဆိုင်များကို ရမ်ဇာန်လအတွင်း ပုသ်သီလဆောက်တည်ကြသော နေ့ဘက်အချိန်၌ ဖွင့်လှစ်ရန် အစားသောက် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများက တိုက်တွန်းထားသည်ဟု သိရသည်။
    ထို့ပြင် ရမ်ဇာန်အတွင်း ထိုကဲ့သို့ ဖွင့်ထားသော ဟာလာလ် စားသောက်ဆိုင်များကို အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးသူများက လာရောက်ဆုချမည်ဟုလည်း အဆိုပါ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။
    ဇင်ကျန်းပြည်နယ်ရှိ မာရာလ်ဘီဇီကောင်တီတွင်လည်း ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများကို ပိုမိုပြုလုပ်လာပြီး ကွန်မြူနစ်ပါတီဝင်များအား “မိမိတို့တွင် ဘာသာအယူဝါဒမရှိ၊ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို တက်ရောက်မည်မဟုတ်၊
    ရမ်ဇာန်လတွင်လည်း ဥပုသ်သီလ ဆောက်တည်ခြင်းမပြု” ဟူသော ခံဝန်များကို နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ကတိပြုရန် အတင်းအဓမ္မ ဆောင်ရွက်ခဲ့သည်ဟုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
    တရုတ်အာဏာပိုင်များမှာ နှစ်စဉ် ရမ်ဇာန်ဥပုသ်လရောက်တိုင်း နိုင်ငံအနောက်မြောက်ပိုင်းရှိ ဇင်ကျန်းပြည်နယ်မှ ၀ီဂါမွတ်စလင်များကို ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများ အကြိမ်ကြိမ်အခါအခါ ပြုလုပ်ခဲ့သည်။
    ရမ်ဇာန်ဥပုသ်လတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ရန်မှာ မလုပ်မနေရ ဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးချို့တဲ့သူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားမည့်အန္တရာယ် ရှိနေသူများအတွက်မူ ပလပ်ခွင့်ရှိသည်။
    တရုတ်ကွန်မြူနစ်အစိုးရမှာ ရမ်ဇာန်လတွင် ဥပုသ်သီလဆောက်တည်ခြင်းမပြုရန် အင်အားသုံး ဆောင်ရွက်ခြင်း အပါအ၀င် ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါမွတ်စလင်များအား အစ္စလာမ်က သတ်မှတ်ထားသည့် လုံခြုံစွာ ၀တ်စားဆင်ယင်ခြင်းမပြုရန်နှင့် အစိုးရအဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုများမပြုရန် တားမြစ်ပိတ်ပင်ခြင်း၊ မွတ်စလင်ဈေးဆိုင်များအနေဖြင့်
    အစ္စလာမ်က တားမြစ်ထားသော အရက်နှင့် ဆေးလိပ်တို့ကို ရောင်းချရန် အတင်းအဓမ္မ ခိုင်းစေခြင်း စသည့် ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများနှင့် ဖျက်ဆီးမှုများကို နှစ်ပေါင်းများစွာ စနစ်တကျ ဆောင်ရွက်ပြုလုပ်လျက် ရှိနေသည်။
    ထိုသို့ ကန့်သတ်ချုပ်ချယ်မှုများကို မခံနိုင်သည့်အတွက်ကြောင့် သဘောထားတင်းမာသည့် ၀ီဂါလူမျိုးအချို့က အစိုးရအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြုလုပ်လာကြသည်။
    Ref: Onislam
  • နစ်မြုပ်တရုတ်သင်္ဘောမှ အလောင်း ၄၀၀ ကျော်စလုံးကို ဆယ်ယူနိုင်ခဲ့
    နစ်မြုပ်တရုတ်သင်္ဘောမှ အလောင်း ၄၀၀ ကျော်စလုံးကို ဆယ်ယူနိုင်ခဲ့
    ဇွန် ၁၅၊ ၂၀၁၅
    M-Media
    – ဇွန်လ ၁ ရက်နေ့က နိုင်ငံအလယ်ပိုင်း ယန်ဇီမြစ်တွင် နစ်မြုပ်ခဲ့သည့် Morning Star အပျော်စီးသင်္ဘောမှ အသက်ရှင်လျက် ၁၂ ဦးသာ ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူအားလုံးကို ဆယ်ယူရရှိပြီးဖြစ်သည်ဟု တရုတ်နိုင်ငံက ကြေညာလိုက်သည်။
    ယမန်နေ့က ကြေညာလိုက်ခြင်းဖြစ်ပြီး သင်္ဘောနစ်မြုပ်သည့်အချိန် ပျောက်ဆုံးခဲ့သည့် လူ ၄၄၂ ဦး၏ အလောင်းများအားလုံးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများ၏ အရေအတွက်မှာ စောစောပိုင်းက ၁၄ ဦးဟု ကြေညာခဲ့သော်လည်း တွက်ချက်မှုမှားယွင်းခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးသာဖြစ်သည်ဟု ဆိုသည်။ အဆိုပါ သင်္ဘောတွင် လိုက်ပါသွားသူ အများစုမှာ
    အပျော်ခရီးထွက်ကြသည့် အသက် ၆၀ ကျော် လူကြီးပိုင်းများ ဖြစ်သည်။
    အဆိုပါသင်္ဘော တိမ်းမှောက်မှုအတွက် လူဦးရေ ၆၀ ပါဝင်သည့် အဖွဲ့တစ်ခုက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး အထောက်အထားများ စုဆောင်းနေကာ သင်္ဘောကပ္ပတိန်အပါအ၀င် အသက်ရှင်ကျန်ရစ်ခဲ့သူ အများစုကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ကို စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် မေးမြန်းမှုများပြုလုပ်ရန် ထိန်းသိမ်းထားပြီး ကနဦးတွေ့ရှိချက်များအရ သင်္ဘောမှာ ၀န်များ အလွန်အကျွံတင်ခြင်း မရှိဘဲ သက်ကယ်အင်္ကျီများမှာလည်း လုံလုံလောက်လောက်ပါဝင်သည်ကို တွေ့ခဲ့ရသည်။
    အဆိုပါသင်္ဘောကို ပိုင်ဆိုင်သည့် ကုမ္ပဏီကလည်း အဆိုပါဖြစ်ရပ်ဆိုးအတွက် တောင်းပန်ခဲ့ပြီး စုံးစမ်းစစ်ဆေးမှုအတွင်း အပြည့်အ၀ ပူးပေါင်းသွားမည်ဟု ပြောကြားခဲ့သည်။ အစိုးရကလည်း အဆိုပါ ကိစ္စတွင် ထိန်ချိန်မှုမလုပ်ဟု ကတိပြုထားသည်။
    Ref: Channelnewsasia
  • တောင်တရုတ် ပင်လယ်အတွင်း နယ်မြေစိုးမိုးမှု ရပ်တန့်ရန် တရုတ်ကို အမေရိကန်ပြော
    တောင်တရုတ် ပင်လယ်အတွင်း နယ်မြေစိုးမိုးမှု ရပ်တန့်ရန် တရုတ်ကို အမေရိကန်ပြော
    ဇွန် ၁၂၊ ၂၀၁၅
    M-Media
    – တောင်တရုတ်ပင်လယ်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ရပ်တန့်ရန်အတွက် အမေရိကန်နိုင်ငံက တရုတ်အား ထပ်မံပြောဆိုလိုက်ပြီး တရုတ်နှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုကိုလည်း ဆက်လက်ပြုလုပ်ရန် သန္ဓိဌာန်ချထားသည်ဟု ဆိုသည်။
    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာမှာ တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ဖန်ချန်လွန်နှင့် ယမန်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
    ထို့ပြင် ရေရှည်တည်တံ့ပြီး ထိရောက်သည့် အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟုလည်း ကာတာက ထည့်သွင်းပြောကြားခဲ့ကာ အဆိုပါ ဆက်ဆံရေးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ခြင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းခြင်း၊ ပင်လယ်ဓားပြတိုက်မှု ချေမှုန်းခြင်း၊ ထိုနည်းတူစွာ
    မတူကွဲပြားမှုများအား အကျိုးရှိသည့် စီမံခန့်ခွဲခြင်း စသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆန္ဒအပေါ် အခြေခံသွားမည်ဟု ဆိုသည်။
    တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအတွက်လည်း စိုးရိမ်ကြောင်း ကာတာက ပြောကြားခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေများတွင် စိုးမိုးရေးလုင်ငန်းများနှင့် စစ်အင်အား တိုးချဲ့ခြင်းလုပ်ငန်းများကို ရပ်တန့်ရန်အတွက်လည်း တရုတ်နှင့် အခြားနိုင်ငံများကို
    တိုက်တွန်းခဲ့သည်။ ထို့ပြင် နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းသော အဖြေရှာရန်လည်း ပြောကြားခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    ဖန်ချန်လွန်၏ အိမ်ဖြူတော်သို့ လာရောက်တွေ့ဆုံမှုမှာ အမေရိကန်သို့ တစ်ပတ်ကြာ လာရောက်သည့် ခရီးစဉ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ်နှင့် ယနေ့တွေ့ဆုံမှုလည်း ပါဝင်သည်။
    Ref: Channelnewsasia
  • တရုတ်လိင်တူချစ်သူ စုံတွဲ ၇ ခု ဟောလီးဝုဒ်တွင် မင်္ဂလာဆောင်
    တရုတ်လိင်တူချစ်သူ စုံတွဲ ၇ ခု ဟောလီးဝုဒ်တွင် မင်္ဂလာဆောင်
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    china
    – တရုတ်အင်တာနက်ကုမ္ပဏီနှစ်ခု ပူးပေါင်းကျင်းပသော လိင်တူချစ်သူ စုံတွဲပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရသည့် တရုတ်နိုင်ငံမှ အမျိုးသား၊ အမျိုးသမီး လိင်တူချစ်သူ စုံတွဲ ၇ ခုမှာ အမေရိကန်နိုင်ငံတွင် လက်ထပ်လိုက်ပြီဟု သိရသည်။
    အဆိုပါ စုံတွဲပြိုင်ပွဲကို WeDo ဟု အမည်ပေးထားပြီး ၀င်ရောက်ယှဉ်ပြိုင်သူ စုံတွဲ ၂၀၀၀ ကျော် ရှိခဲ့သည်။ လိင်တူချစ်သူများမှာ ၎င်းတို့၏ ဇာတ်လမ်းများအကြောင်းကို ဗီဒီယိုမှတစ်ဆင့် ပြောကြားရပြီး ထိုဗီဒီယိုများကို အွန်လိုင်း ကုန်သွယ်ရေးကုမ္ပဏီ အလီဘာဘာ၏ အွန်လိုင်း ဈေးဝယ်ဆိုက်ဖြစ်သော Taobao တွင် အင်တာနက်သုံးစွဲသူများက မဲပေးရွေးချယ်ရခြင်း ဖြစ်သည်။
    ထိုပြိုင်ပွဲကို အလီဘာဘာနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး လိင်တူချစ်သူ မိုင်းဘိုင်း Dating အက်ပလီကေးရှင်း Blued တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ မဲအများဆုံးရသည့် လိင်တူချစ်သူ စုံတွဲ ၁၀ ခုကို ရွေးချယ်ခဲ့ပြီး ဆုအနေဖြင့် ကယ်လီဖိုးနီးယားတွင် လက်ထပ်ခွင့်နှင့် ဟန်းနီးမွန်းတို့အတွက် ကုန်ကျစားရိတ်အားလုံးကို ပြိုင်ပွဲကျင်းပပေးသည့် ကုမ္ပဏီများက ကျခံပေးသွားမည်ဖြစ်သည်။
    ၎င်းတို့ထဲမှ အမျိုးသားနှင့် အမျိုးသမီး လိင်တူချစ်သူ စုံတွဲ ၇ ခုမှာ ကယ်လီဖိုးနီးယားတောင်ပိုင်း လိင်တူချစ်သူလူ့အဖွဲ့အစည်း များပြားသည့် ၀က်စ်ဟောလီးဝုဒ်ရှိ မြို့တော်စာကြည့်တိုက်တွင် ယမန်နေ့က လက်ထပ်ခဲ့ကြပြီး လက်ထပ်ပွဲကို ၀က်စ်ဟောလီးဝုဒ် အုပ်ချုပ်ရေးမှူးက တာဝန်ယူ ကျင်းပပေးခဲ့သည်။
    “သူတို့ကို ၀က်စ်ဟောလီးဝုဒ်မှာ လက်ထပ်ပေးရတဲ့အတွက် ကျွန်မတို့ အရမ်းဂုဏ်ယူမိပြီး ပျော်လည်းပျော်ပါတယ်။ လူအားလုံးအတွက် တူညီတဲ့အခွင့်အရေးကို လက်သင့်ခံတဲ့၊ အထူးသဖြင့် ကျွန်မတို့ လိင်တူချစ်သူ လူ့အဖွဲ့အစည်းရဲ့ အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ပေးတဲ့ လူ့အဖွဲ့အစည်း ကျွန်မတို့ဆီမှာ ရှိနေတာ ကြာပါပြီ” ဟု အုပ်ချုပ်ရေးမှူး လင်ဆေး ဟော်ဗို့သ်က ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံတွင် လိင်တူဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားရာမှ ၁၉၉၃ ခုနှစ်တွင် ပယ်ဖျက်ခဲ့သော်လည်း လိင်တူလက်ထပ်မှုကိုမူ တရားမ၀င်ဟု သတ်မှတ်ထားသည်။
    ကယ်လီဖိုးနီးယားပြည်နယ်တွင်မူ ၂၀၁၃ ခုနှစ်က လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့သည်။ ယခုလက်ထပ်ထားသည့် စုံတွဲများမှာ တရုတ်နိုင်ငံတွင် တရားဝင်မည်မဟုတ်ပေ။
    Ref: Aljazeera
  • စာခိုးချမှုကိုဖမ်းဖို့ တရုတ်တွင် ဒရုန်းလေယာဉ်ကို အသုံးပြု
    စာခိုးချမှုကိုဖမ်းဖို့ တရုတ်တွင် ဒရုန်းလေယာဉ်ကို အသုံးပြု
    ဇွန် ၈၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ စာခိုးချသူတွေ ဖမ်းဆီးဖော်ထုတ်ဖို့အတွက် ဒရုန်းလေယာဉ်ကိုအသုံးပြုပြီး ဆောင်ရွက်နေပါတယ်။
    နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် လူအိုယန်မြို့က စာစစ်ဌာန ၂ ခုမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့အချိန် ပန်ကာ ၆ ခုပါတဲ့ ဒရုန်းလေယာဉ်ဟာ အခန်းထဲမှာပျံဝဲပြီး မသမာတဲ့လက္ခဏာတွေကို စောင့်ကြည့်နေခဲ့တာပါ။
    ဒါပေမယ့် စာမေးပွဲရဲ့ ပထမနေ့ဖြစ်တဲ့ မနေ့ကတော့ ဒီလို မသမာတဲ့ အပြုအမူမျိုးတွေ မတွေ့ခဲ့ရဘူးလို့ ဟီနန်ပြည်နယ် သတင်းဝဘ်ဆိုက်က ဆိုပါတယ်။
    တရုတ်နိုင်ငံက အထက်တန်းပြီးဆုံးသွားတဲ့ ကျောင်းသားတိုင်းဟာ ဒီလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ တက္ကသိုလ်ကို တက်နိုင်ဖို့အတွက် ဒီဝင်ခွင့်စာမေးပွဲ ရမှတ်က အတော်လေး အရေးပါမှာဖြစ်ပါတယ်။
    လူအိုယန်မြို့ရဲ့ ရေဒီယိုနည်းပညာစီမံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဗျူရိုကတော့ ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ဒရုန်းလေယာဉ်ကို အသုံးပြုဖို့အတွက် ယွမ်ငွေ သိန်းနဲ့ချီ ကုန်ကျခဲ့တယ်လို့ ပြောခဲ့ပါတယ်။
    Ref: Aljazeera