News @ M-Media

Tag: China

  • မြို့ပြဧရိယာများကို ညဘက် လ,အတုဖြင့် အလင်းပေးရန် တရုတ် စီစဉ်

    မြို့ပြဧရိယာများကို ညဘက် လ,အတုဖြင့် အလင်းပေးရန် တရုတ် စီစဉ်

    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media


    – မြို့ပြဒေသတွေမှာ ညဘက် လမ်းမီးတွေကို အစားထိုးဖို့နဲ့ လျှပ်စစ်ဓာတ်အားတွေ ချွေတာဖို့အတွက် တရုတ်က လ,အတုတစ်လုံးကို ၂၀၂၀ မှာ လွှတ်တင်ဖို့ ရှိနေပါတယ်။

    နိုင်ငံတောင်ပိုင်း ဆီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ လ,အတုကို ဖန်တီးနေပြီး တကယ့်လအစစ်လို နေအလင်းရောင်ကို ရယူကာ လ,အစစ်ထက် ၈ ဆ ပိုလင်းမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်းသတင်းဌာန China Daily က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    Tian Fu ခေတ်သစ် အာကာသသိပ္ပံအသင်း အကြီးအကဲ ၀ူချင်ဖန်က ၂၀၂၀ မှာ ဒီ လ,အတုကို စီချွမ်ပြည်နယ် ရှီချန်း အာကာသ လွှတ်တင်ရေး စခန်းကနေ လွှတင်မှာ ဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ရင် ၂၀၂၂ ခုနှစ်မှာ နောက်ထပ် ၃ လုံး ထပ်မံ လွှတ်တင်ကာ ပြည်သူလူထုနဲ့ စီးပွားရေး ကိစ္စတွေအတွက် ထိထိရောက်ရောက် အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နေကအလင်းရောင်းကို အလင်းပြန်ကာ လွှတ်ပေးမယ့် အဲဒီ လ,အတုဟာ စကွဲယားကီလိုမီတာ ၅၀ ရှိတဲ့ဒေသကို ကောင်းမွန်စွာ အလင်းပေးနိုင်မှာဖြစ်ပြီး ချန်ဒူးမြို့မှာ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကန်ဒေါ်လာ သန်း ၁၇၀ ဖိုး ချွေတာနိုင်မှာ ဖြစ်ပါတယ်။

    ၀ူက လ,အတုဟာ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပြတ်တောက်တဲ့အချိန် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာလည်း အထောက်အကူ ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်ဟာ အာကာသ စူးစမ်းရေးနယ်ပယ်မှာ အမေရိကန်နဲ့ ရုရှားတို့ကို လိုက်မီအောင် ကြိုးစားနေပြီး လစူးစမ်းရေးယာဉ် Chang’e-4 ကို အခုနှစ်နှောင်းပိုင်းမှာ လွှတ်တင်ကာ လရဲ့ အမှောင်ဘက်ခြမ်းကို လေ့လာမှာဖြစ်ပါတယ်။ ဒါဟာ လအမှောင်ဘက်ခြမ်းကို လူသားတွေ ပထမဆုံးေ လ့လာမှုလည်း ဖြစ်ပါတယ်။

    နေရဲ့အလင်းရောင်ကို ရယူကာ ကမ္ဘာကို အလင်းပြန်လွှတ်ပေးတဲ့ စီမံကိန်းကို ၁၉၉၀ ပြည့်နှစ်တွေမှာ ရုရှားက လုပ်ဆောင်ဖူးပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media

    ကြိုပေးကွပ်မျက် ခံခဲ့ရသည့် အင်မရန်း အလီ

    ၆ နှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့် သတ်ဖြတ်သူကို ပါကစ္စတန် ကြိုးပေး
    ====================
    ဇန်န၀ါရီလက အသက် ၆ နှစ်အရွယ် ကလေးငယ် ဇိုင်နဘ် အန်ဆာရီကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အင်မရန်းအလီကို ပါကစ္စတန်က ဒီကနေ့မနက် လာဟိုးရ်မြို့အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ အင်မရန်းဟာ အခြားမုဒိမ်းမှု၊ သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။ ဇန်န၀ါရီလနှောင်းပိုင်းမှာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကြိုးပေးတဲ့အချိန်မှာ ဇိုင်နဘ်ရဲ့ မိသားစုဝင်တွေ လာရောက်ကြည့်ရှုခဲ့ပြီး ဖခင်ဖြစ်သူက ပြစ်ဒဏ်ကို ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကွပ်မျက်မှုကို ရုပ်သံကနေတစ်ဆင့် တိုက်ရိုက်ပြသဖို့ ဇိုင်နဘ်ရဲ့ဖခင်က တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဒီအမှုကို ကိုင်တွယ်မှု နှေးကွေးတာနဲ့ပတ်သက်ပြီး ပါကစ္စတန် ရဲတပ်ဖွဲ့နဲ့ အစိုးရတို့ဟာ ပြည်သူတွေရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

    မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်သစ်တစ်မျိုးကို အီရန် ထုတ်လုပ်နိုင်
    ======================
    မြေပြင်ကနေ ရေထဲကို ၇၀၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လို့ရတဲ့ ဒုံးကျည်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ အီရန်လေတပ် ဗိုလ်ချုပ်တစ်ဦးက မနေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်ဟာ ကီလိုမီတာ ၂၀၀ ကနေ ၂၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေကို ထုတ်လုပ်နေတာပါ။ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်ရဲ့ လက်နက်သစ်ထုတ်လုပ်ရေးလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်လာခဲ့ပါတယ်။

    ကာကွယ်ဆေးအတုထုတ်သည့် ကုမ္ပဏီကို တရုတ် ဒဏ်ရိုက်
    ==============
    ခွေးရူးရောဂါ ကာကွယ်ဆေးကို ရက်လွန်ပစ္စည်းတွေနဲ့ ထုတ်လုပ်ပြီး မှန်မှန်ကန် စမ်းသပ်မှုမရှိတဲ့ Changchun Changsheng Life Sciences ကုမ္ပဏီကို တရုတ်အစိုးရက ဒဏ်ငွေတပ်မှု၊ ပိုင်ဆိုင်မှု သိမ်းဆည်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီကို ဇူလိုင်လမှာ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပြီး၊ လိုင်စင်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။ ဒဏ်ငွေနဲ့ ပိုင်ဆိုင်မှုပစ္စည်း သိမ်းဆည်းမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုးလောက် ရှိပါတယ်။ ကာကွယ်ဆေးအတုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ မရှိပေမယ့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းမှုလည်း တရုတ်အစိုးရက ပြုလုပ်ခဲ့ပါတယ်။

    Ref: BBC,Aljazeera, CNA

  • ရှင်ကျန်းတွင် ၀ီဂါများအား ထိန်းသိမ်းမှု ဆက်လုပ်မည်ဟု တရုတ်ပြော

    ရှင်ကျန်းတွင် ၀ီဂါများအား ထိန်းသိမ်းမှု ဆက်လုပ်မည်ဟု တရုတ်ပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media

    – ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်ဇာတ်သွင်းမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တိုင်းရင်းသားညီညွတ်မှုနဲ့ ဘာသာရေးသဟဇာတဖြစ်ဖို့ ရည်ရွယ်တယ်လို့ ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ယူချွမ်က ပြောကြားလိုက်ပါတယ်။

    ယိုချွမ်ဟာ ကွန်မြူနစ်ပါတီက တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ကြီးကြပ်မှုဌာန United Front Work ရဲ့ အကြီးအကဲဖြစ်ပြီး အခုတစ်ပါတ်အတွင်း ရှင်ကျန်းပြည်နယ်ကို သွားရောက်လည်ပတ်ရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    “ဘာသာရေးဆိုင်ရာမှာ ပါတီရဲ့ခေါင်းဆောင်မှု ဆက်ရှိသွားမှာပါ။ ဘာသာရေးအစွန်းရောက်ဝါဒ စိမ့်ဝင်မှုကို စောင့်ကြည့် ဆန့်ကျင်ရပါမယ်”

    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ၀ီဂါနဲ့ အခြားမွတ်စလင် ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးကာ အယူတိမ်းအောင် ဆောင်ရွက်နေတယ်၊ ညှင်းပမ်းနှိပ်စက်နေတယ်လို့ သတင်းထွက်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    တရုတ်ကတော့ ထိန်းသိမ်းထားတာကို ၀န်ခံခဲ့ပေမယ့် ညှင်းပမ်းတယ်ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းဆိုခဲ့ပြီး ရှင်ကျန်းပြည်နယ်ဟာ အစ္စလာမ့်မစ်စစ်သွေးကြွတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ယူချွမ်က ဘာသာရေးအသိုင်းအ၀ိုင်းကလူတွေအနေနဲ့ တိုင်းပြည်နဲ့ ဘာသာတရားကို ချစ်မြတ်နိုးစိတ်ဆိုတဲ့ ဓလေ့ထုံးတမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းတာဟာ ဘာသာတရားကို ဥပဒေနဲ့အညီ မှန်မှန်လိုက်နာကျင့်သုံးမှုဆီ ဦးတည်စေနိုင်ပြီး၊ အစ္စလာမ်သာသနာ ထွန်းကားဖွံ့ဖြိုဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ယူဟာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ အရေးပါတ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံသားတစ်ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    တရုတ်နိုင်ငံသားတစ်ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    အမေရိကန် ထိပ်တန်း လေကြောင်းကုမ္ပဏီ General Electric

    – စီးပွားရေးဆိုင်ရာ သူလျှိုလုပ်တယ်လို့ စွပ်စွဲကာ အမေရိကန်က တရုတ်နိုင်ငံသားတစ်ဦးကို တရားစွဲဆိုလိုက်ပြီး ဒီလူဟာ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးတစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ယန်ဂျွန်ရှူးဆိုသူဖြစ်ပြီး သူဟာ တရုတ်အတွက် အမေရိကန် လေကြောင်းကုမ္ပဏီတွေကနေ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ထိပ်တန်း လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ ကြိုးစားတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ယန်ကို အခုနှစ်အစောပိုင်းက ဘယ်လ်ဂျီယံမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ အမေရိကန်က လွှဲပြောင်းလက်ခံခဲ့ပါတယ်။

    အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယရှေ့နေချုပ်က ဒီကိစ္စဟာ စီးပွားရေးနဲ့ပတ်သက်ပြီး အမေရိကန်အပေါ် တရုတ်က ထိပ်ကွက်ဖို့လုပ်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ကာယအား၊ ဉာဏအားတွေကို နိုင်ငံတစ်နိုင်ငံက ခိုးယူတာမျိုး ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး”

    အစိုးရရှေ့နေတွေက ယန်ဂျွန်ရှူးဟာ တရုတ်ထောက်လှမ်းရေးဌာနက အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး တန်ပြန်ထောက်လှမ်းရေး၊ နိုင်ငံရပ်ခြား သူလျှိုမှု၊ နိုင်ငံရေးလုံခြုံရေးမှုဆိုင်ရာ ကိစ္စတွေအတွက် တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ယန်ဟာ လေကြောင်းကုမ္ပဏီတွေက ပညာရှင်တွေကို တက္ကသိုလ်တွေမှာ ဟောပြောပွဲလုပ်ပေးဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ တရုတ်ပြည်ကို ခေါ်ယူကာ အချက်အလက်တွေ ရယူဖို့ ကြိုးစားတယ်လို့လည်း အစိုးရရှေ့နေတွေက ဆိုပါတယ်။

    အမေရိကန်မှာ စီးပွားရေးဆိုင်ရာ သူလျှိုလုပ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၁၅ နှစ်ဖြစ်ပြီး၊ စီးပွားလျှို့ဝှက်ချက်တွေ ရယူဖို့ ကြိုးစားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ် ဖြစ်ပါတယ်။

    Ref: BBC

  • အကြွေးနွံနစ်မည့် စိုးရိမ်မှုကြောင့် တရုတ်စီမံကိန်းတစ်ခုကို ဆီရာလီယိုနီ ဖျက်သိမ်း

    အကြွေးနွံနစ်မည့် စိုးရိမ်မှုကြောင့် တရုတ်စီမံကိန်းတစ်ခုကို ဆီရာလီယိုနီ ဖျက်သိမ်း

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    ဆီရာလီယွန်နီသမ္မတနှင့် တရုတ်သမ္မတ

    – အကြွေးနွံနစ်မယ်ဆိုတဲ့ နိုင်ငံတကာရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီရာလီယိုနီနိုင်ငံဟာ တရုတ်က ငွေထုတ်ပေးမယ့် ကန်ဒေါ်လာ သန်း ၄၀၀ တန် နိုင်ငံတကာလေဆိပ်သစ်တစ်ခု ဆောက်လုပ်မယ့် စီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။

    Mamamah လို့အမည်ပေးထားတဲ့ အဲဒီ လေဆိပ်သစ် စီမံကိန်းကို သမ္မတဟောင်း အာရ်နက်စ် ဘိုင် ကိုရိုမာက ရွေးကောက်ပွဲမရှုံးခင် မတ်လမှာ ဒီစီမံကိန်းကို အတည်ပြုခဲ့ပြီး၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က စီမံကိန်းဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျဆင်းမယ့်အန္တရာယ် ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

    ဆီရာလီယိုနီရဲ့ လေကြောင်းဆိုင်ရာအကြီးအကဲ ကာဘီနဟ် ကာလွန်က ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် မလိုအပ်ဘဲ ရှိပြီးသား လေဆိပ်ကိုသာ ပြုပြင်မွမ်းမံမှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီရာလီယိုနီမှာ လက်ရှိ နိုင်ငံတကာလေဆိပ် တစ်ခုတည်းသာရှိပြီး လေဆိပ်ကနေ မြို့တော် ဖရီးတောင်းကိုရောက်ဖို့အတွက် စက်လှေ၊ ဒါမှမဟုတ် ရဟတ်ယာဉ်တွေ စီးပြီး သွားရတာ ဖြစ်ပါတယ်။

    လက်ရှိသမ္မတ ဂျူလီယက်စ်မာဒါက လေဆိပ်သစ်အစား ဖရီးတောင်းနဲ့ လက်ရှိလေဆိပ်ကို ဆက်သွယ်ပေးမယ့် တံတားတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ကာလွန်က ပြောကြားခဲ့ပါတယ်။

    အခုလို Mamamah လေဆိပ်သစ်စီမံကိန်း ဖျက်သိမ်းလိုက်တဲ့အတွက် တရုတ်ကို အလျော်ပေးရမလားဆိုတဲ့ကိစ္စကို အတိအကျ မသိရှိသေးဘဲ တရုတ်နဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့လည်း ကာလွန်က ဆိုပါတယ်။

    အာဖရိကနိုင်ငံတော်တော်များများဟာ တရုတ်ဆီက ငွေကြေးအကူအညီတွေ၊ ချေးငွေတွေကို ရယူနေကြပြီး စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒါဟာ အကြွေးထောင်ချောက်ထဲ သက်ဆင်းနေတာဖြစ်တယ်လို့ သတိပေးထားကြပါတယ်။

    တရုတ်ဟာ အာဖရိက ဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဥရောပကော်မရှင်၊ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံကာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ G8 နိုင်ငံအဖွဲ့ အားလုံးပေါင်းထက်ပိုပြီး အာဖရိကရဲ့ အခြေခံအဆောက်အဦးကဏ္ဍမှာ ငွေကြေးထောက်ပံ့သူ ဖြစ်လာပါတယ်။

    တရုတ်ကတော့ သူ့ရဲ့ ငွေကြေးထောက်ပံ့မှုတွေဟာ အကြွေးထောက်ချောက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

    Ref: BBC