News @ M-Media

Tag: Climate Change

  • ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်ကာ ဘေးအန္တရာယ် ပိုကြုံနိုင်သည်ဟု ကုလ သတိပေး

    ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်ကာ ဘေးအန္တရာယ် ပိုကြုံနိုင်သည်ဟု ကုလ သတိပေး

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    – ကမ္ဘာ့ရာသီဥတုကို စောင့်ကြည့်လေ့လာခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ ၄ နှစ်ဟာ ရာသီဥတုအပူဆုံးနှစ်တွေ ဖြစ်ခဲ့ပြီး ရှေ့ဆက် အပူချိန်မြင့်မားမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ ကုလ ကမ္ဘာ့ဇလဗေဒအဖွဲ့ WMO ရဲ့ မနေ့ကကြေငြာချက်မှာ သတိပေးလိုက်ပါတယ်။

    အလ်နီညိုဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရတဲ့ ၂၀၁၆ ခုနှစ်ဟာ သမိုင်းတစ်လျှောက် အပူချိန်အမြင့်ဆုံးနှစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အကုန်မှာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ စက်မှုခေတ်မတိုင်ခင် ကာလကထက် ၁ ဒီဂရီဆဲလ်စီးယက်စ် မြင့်တက်ခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    WMO ဟာ နိုဝင်ဘာလကလည်း ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဟာ စတုတ္ထမြောက် အပူဆုံးနှစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၂ နှစ်မှာ နှစ် ၂၀ ဟာ သမိုင်းတစ်လျှောက် အပူဆုံးနှစ်တွေ ဖြစ်ပါတယ်။

    WMO အတွင်းရေးမှူး ပက်တာရီ တာအာလက်စ်က နှစ်တစ်နှစ်စီ အပူချိန်တွေထက် ရေရှည်ဖြစ်လာမယ့် အပူချိန်တွေက ပိုမိုအရေးကြီးပြီး၊ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကုန်းမြေနဲ့ ပင်လယ်သမုဒ္ဒရာတွေပေါ်က အပူချိန်တွေ မကြုံစဖူး မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘေးအန္တရာယ် ပိုကြုံလာနိုင်

    အပူချိန် ဆက်လက်မြင့်တက်လာမယ့်အတွက် ကမ္ဘာကြီးဟာ ဟာရီကိန်းမုန်တိုင်း၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှုဒဏ်တွေကို ပိုမိုကြုံတွေ့ရမယ်လို့ WMO က သတိပေးခဲ့ပါတယ်။

    “ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးဝါးတဲ့ ရာသီဥတုတွေကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရမယ့် တကယ့် အမှန်တရားပါပဲ” လို့ တာအာလက်စ်က ပြောပါတယ်။

    ၂၀၁၈ ခုနှစ်ရဲ့ ရာသီဥတုဆိုးရွားမှုဒဏ်ကို ၂၀၁၉ ခုနှစ်မှာ ဆက်လက်ခံစားနေရတယ်လို့ WMO က ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သြစတေးလျမှာ အခုနှစ်ဇန်န၀ါရီလအတွင်း အပူချိန် စံချိန်တင်မြင့်မားမှုကို ကြုံတွေခဲ့ရပြီး အမေရိကန်ရဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာလည်း အပူချိန် စံချိန်တင်ကျဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။

    အမေရိကန် အာသာသအေဂျင်စီ နာဆာနဲ့ အမေရိကန် ပင်လယ်သမုဒ္ဒရာ စောင့်ကြည့်ရေးအဖွဲ့ NOAA တို့က ထုတ်ပြန်တဲ့ အစီရင်ခံစားတွေမှာလည်း ၂၀၁၈ ခုနှစ်ဟာ သမိုင်းတစ်လျှောက် စတုတ္ထမြောက် အပူချိန်အမြင့်ဆုံးနှစ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အာတိတ်နဲ့ အန္တာတိကတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ စံချိန်တင် ကျဆင်းခဲ့ကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေး ၁၄ ခုကြောင့် အနည်းဆုံး ၂၄၇ ဦးသေဆုံးကာ ကန်ဒေါ်လာ ၉၁ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ NOAA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: CNA

  • ဟိမ၀န္တာရေခဲပြင်၏ ၃ ပုံ ၁ ပုံ ပျော်ကျမှုကြောင့် အာရှတိုက်ရှိ မြစ်ကြီးများ ထိခိုက်ဖွယ်ရှိနေ

    ဟိမ၀န္တာရေခဲပြင်၏ ၃ ပုံ ၁ ပုံ ပျော်ကျမှုကြောင့် အာရှတိုက်ရှိ မြစ်ကြီးများ ထိခိုက်ဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၉
    M-Media


    – ကမ္ဘာကြီးရဲ့အပူချိန် မြင့်တက်လာတာကြောင့် ဟိမ၀န္တာနဲ့ ဟိန္ဒူကက်ရှ်ဒေသတွေက ရေခဲပြင် ၃ ပုံ ၁ ပုံဟာ အခုရာစုနှစ်အတွင်း အရည်ပျော်ဖို့ရှိနေပြီး အာရှဒေသက အဓိကမြစ်ကြီးတွေရဲ့ စီးဆင်းမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက မနေ့မှာ သတိပေးလိုက်ပါတယ်။

    Hindu Kush Himalaya (HKH) ဒေသဟာ ကမ္ဘာအမြင့်ဆုံး ဧ၀ရတ်တောင်နဲ့ ဒုတိယအမြင့်ဆုံး K2 တောင်တို့ တည်ရှိရာ ဒေသလည်း ဖြစ်ပါတယ်။

    တောင်တန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ International Centre for Integrated Mountain Development အဖွဲ့ရဲ့ မနေ့က အစီရင်ခံစာမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် HKH ဒေသ ရေခဲပြင်ကြီးတွ အခုရာစုနှစ်အတွင်း အရည်ပျော်ပြီး နိုင်ငံ ၈ နိုင်ငံကို ထိခိုက်နိုင်ကာ အရင်က မဖြစ်ခဲ့ဖူးတဲ့ ရာသီဥတုပြဿနာလို့ ဖော်ပြထားပါတယ်။

    အစီရင်ခံစာကို သိပ္ပံပညာရှင် ၂၁၀ က လေ့လာပြီး ပူးပေါင်းရေးသားထားတာဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်က လက်မှတ်ထိုးခဲ့တဲ့ ‘ပဲရစ် ရာသီဥတု သဘောတူညီချက်’ အတိုင်း ကမ္ဘာ့နိုင်ငံတွေက ဆောင်ရွက်မယ်ဆိုရင်တောင် ၂၁၀၀ ခုနှစ်အရောက်မှာ HKH ဒေသက ရေခဲပြင်ရဲ့ ၃ ပုံတစ်ပုံကျော်လောက် အရည်ပျော်သွားနိုင်ပြီး၊ သဘောတူညီချက်အတိုင်း မဆောင်ရွက်ရင် ၃ ပုံ ၂ ပုံလောက် ပျောက်ကွယ်သွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

    အာဖဂန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေအထိ ကျယ်ပြန့်တဲ့ HKH ဒေသက ရေခဲပြင်တွေဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက ပါးလာတာဖြစ်ပါတယ်။

    ဒီရေခဲပြင် အရည်ပျော်သွားရင် အာရှကပြည်သူတွေ အဓိက မှီခိုနေရတဲ့ ယန်ဇီမြစ်၊ မဲခေါင်မြစ်၊ အိန္ဒုမြစ်နဲ့ ဂင်္ဂါမြစ်တွေရဲ့ စီးဆင်းမှု၊ မြစ်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ထိခိုက်မှာဖြစ်ပြီး ကမ်းပါး တိုက်စားမှုတွေ မြေပြိုမှုတွေလည်း ပိုမိုဖြစ်ပွားမယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

    ရေခဲပြင်အရည်ပျော်မှုကြောင့် HKH ဒေသတွေမှာ နေထိုင်တဲ့ လူ သန်း ၂၅၀ အပြင် မြစ်ကြီးတွေတစ်လျှောက် နေထိုင်ကြတဲ့ လူ ၁.၆၅ ဘီလီယံလောက် အတိဒုက္ခရောက်ဖွယ် ရှိနေပါတယ်။ ရေခဲပြင်ပျော်ကျမှု နောက်ဆက်တွဲအဖြစ် ပင်လယ်ရေမျက်နှာပြင်ကလည်း ၁.၅ မီတာလောက်အထိ မြင့်တက်လာနိုင်ပြီး ကျွန်းတွေမှာ နေထိုင်ကြသူတွေဟာ ထိခိုက်မှု ပိုများနိုင်တယ်လို ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

    Ref : Reuters

  • ကမ္ဘာကြီးပူနွေးလာမှုကို အလျင်အမြန်လျှော့ချရန် သိပ္ပံပညာရှင်များ သတိပေး

    ကမ္ဘာကြီးပူနွေးလာမှုကို အလျင်အမြန်လျှော့ချရန် သိပ္ပံပညာရှင်များ သတိပေး

    အောက်တိုဘာ ၈၊ ၂၀၁၈
    M-Media

    – ကမ္ဘာကြီးရဲ့ အပူချိန် မြင့်တက်မှုဟာ စက်မှုမထွန်းကားခင်အချိန်ကထက် ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ်အထိလောက်သာရှိအောင် ထိန်းထားနိုင်မှ ဆိုးဆိုးဝါးဝါး ရာသီဥတုဖောက်ပြန်မှုတွေကို ရှောင်ရှားနိုင်မယ့်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်မှာ ကမ္ဘာကြီးရဲ့ အပူအချိန်မြင့်တက်မှုကို ၂ ဒီဂရီထက်မကျော်အောင် ထိန်းဖို့အတွက် သတ်မှတ်ထားတာပါ။

    ကမ္ဘာ့ ရာသီဥတုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Intergovernmental Panel on Climate Change (IPCC) က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အပူချိန်မြင့်တက်မှုကို ၂ ဒီဂရီအစား ၁.၅ ဒီဂရီလောက်သာရှိအောင် ထိန်းထားဖို့အတွက် ၁၂ နှစ်အတွင်း ညီညီညွတ်ညွတ် အားထုတ်ကြိုးပမ်းဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

    အဲဒီလို အပူချိန် လျှော့ချဖို့အတွက် စွမ်းအင်ထုတ်လုပ်မှုနည်းလမ်းတွေကို ပြောင်းလဲတာ၊ ရုပ်ကြွင်းလောင်စာ အထူးသဖြင့် ကျောက်မီးသွေး အသုံးပြုမှုကို လျှော့ချတာ၊ ပို့ဆောင်ရေးကဏ္ဍတွေကို သိသိသာသာ ပြောင်းလဲပစ်တာ၊ လူသားတွေရဲ့ နေထိုင်မှုစနစ်ကို ပြောင်းလဲတာတွေ လုပ်ဆောင်ရမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကမ္ဘာကြီးရဲ့အပူချိန်ဟာ စက်မှု မထွန်းကားခင် အချိန်ကထက် ၂ ဒီဂရီအထိ မြင့်တက်လာမယ်ဆိုရင် သန္တာကျောက်တန်းတွေ လုံးဝ ပျောက်ကွယ်သွားတာ၊ အာတိတ်က ရေခဲတွေ ပိုမြန်မြန်အရေပျော်တာ၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်တာတွေကြောင့် ရာသီဥတုဖောက်ပြန်တာ၊ ရေရှားပါးတာ၊ ရောဂါဘယတွေ ပြန့်နှံ့တာ၊ စားနပ်ရိက္ခာ ရှားပါးတာတွေကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ရမယ်လို့လည်း သိပ္ပံပညာရှင်တွေက အစီရင်ခံစာမှာ သတိပေးထားပါတယ်။

    အစီရင်ခံစာဟာ သိပ္ပံဆိုင်ရာ လေ့လာမှုပေါင်း ၆၀၀၀ ကျော်ကို အခြေခံ ရေးသားထားတာဖြစ်ပြီး၊ လေထုအတွင်း ကာဘွန်တွေကို လျှော့ချရေး နည်းပညာတွေကို ပိုမိုအသုံးပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: RT

  • ယခုနှစ်သည် ရာသီဥတုအပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်

    ယခုနှစ်သည် ရာသီဥတုအပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ဟာရီကိန်းမုန်တိုင်းများ၊ မိုးခေါင်ရေရှားမှုများ၊ ရေကြီးမှုများကဲ့သို့ သာမန်ထက်ပိုမိုးဆိုးရွားလာပြီး လူသားကြောင့်ဖြစ်သော ရာသီဥတုပြောင်းလဲမှု လက္ခဏာတွင် ယခုနှစ်မှာ စံချိန်ပူပြင်းသည့် နှစ် ၃ နှစ်ထဲမှ တစ်နှစ်ဖြစ်သည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာမှာ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို အင်တိုက်အားတိုက်ဆောင်ရွက်ရေး နိုင်ငံပေါင်း ၂၀၀ နီးပါး၏ အစည်းအဝေးအတွက် လမ်းညွှန်ချက်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “၂၀၁၇ ခုနှစ်ဟာ အပူပြင်းဆုံးသုံးနှစ်ထဲမှာ ပါပါတယ်” ဟု ကုလသမဂ္ဂ ကမ္ဘာ့ မိုးလေ၀သဆိုင်ရာအဖွဲ့ချုပ် (WMO) က ဆိုပြီး ပျှမ်းမျှမြေမျက်နှာပြင်အပူချိန်မှာ ၂၀၁၆ ခုနှစ်ကထက် အနည်းငယ်ပိုလာပြီး အပူပြင်းဆုံးနှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ်နှင့် အကြမ်းဖျင်း သွားတူနေသည်ဟု ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ၂၀၁၇ ခုနှစ်မှာ အလ်နီညိုမရှိဘဲ အပူပြင်းဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်မည်ဟုလည်း ကုလက ဆိုသည်။ ၂၀၁၅ နှစ် ၂၀၁၆ ခုနှစ်များတွင် အလ်နီညိုကြောင့် ကမ္ဘာကြီးမှာ ပိုမိုပူပြင်းခဲ့သည်။

    ဘွန်းအစည်းအဝေးမှာ ကမ္ဘာ့ စက်မှုအင်အားကြီးနိုင်ငံများက လေနှင့် နေစွမ်းအင်တို့ကို ပိုမိုအသုံးပြု၍ ရုပ်ကြွင်းလောင်စာကို လျှော့ချရန် မူချထားသည့် ပဲရစ်သဘောတူညီချက်အတွက် နည်းဥပဒေထွက်ရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    Ref: CNA