News @ M-Media

Tag: crime

  • ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား

    ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား


    ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေး စခန်းကလာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    အမှုနဲ့ပတ်သက်ပြီး လူအများအပြားကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

    ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦးဆိပ်ကမ်းကို မော်တော်ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်ဆလင်တွေဟာ အုပ်စုလိုက် ခဲနဲ့ဝိုင်းဝန်းပစ်ပေါက်တာကိုခံခဲ့ရတာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွတ်ဆလင်တွေကို ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ စစ်တွေမြို့ပေါ်ကို ခေါ်ဆောင်လာတဲ့ ရဲအရာရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောထားပါတယ်။

    ဓါတ်ပုံ – (ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို သယ်ဆောင်လာစဉ်)

    RFA Burmese မှ ကူးယူဖော်ပြသည်။

  • ဦးကိုနီအမှု တရားခံများလုံခြုံရေးကို တရားလိုရှေ့နေစိုးရိမ်

    ဦးကိုနီအမှု တရားခံများလုံခြုံရေးကို တရားလိုရှေ့နေစိုးရိမ်

    လေဆိပ်လုပ်ကြံမှု အရေးကြီးတရားခံတို့ကို အချုပ်ကားဖြင့် သယ်ဆောင်မှုမပြုခြင်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်ဖြစ်သည်ဟု ရှေ့နေက ယူဆသည်။

    ဇွန် ၂၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားခွင်မှ အင်းစိန်ထောင်သို့ ပြန်ရမည့် လေဆိပ်လူသတ်မှု အဓိက သံသယတရားခံတိုကို ရဲအစောင့်အရှောက်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးသည့် အချိန်အတွင်း လုံခြုံရေး ပိုမို ချထားသင့်သည်ဟု အာဏာပိုင်တို့ကို တိုက်တွန်းလိုကြောင်း တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ဇူလိုင် ၂၁ ရက်နေ့တွင် ပြောလိုက်သည်။

    တရားရုံးအနီး ဖြတ်သန်းသွားလာနေသူ များပြားလှပြီး ထိုအမှုနှင့် မဆက်စပ်သည့် မော်တော်ယာဉ် အများအပြားလည်း တရားခံတို့ကို တင်ဆောင်လာသည့် ယာဉ်အနီး ရပ်နားထားတတ်သည်ဟု သူက ဆက်ပြောသည်။

    နိုင်ငံတကာက စိတ်ဝင်စားနေသည့် လေဆိပ်လူသတ်မှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသူတို့ကို တရားခွင်သို့ ခေါ်ဆောင်ရာတွင် အချုပ်ကားကို အသုံးမပြုဘဲ သာမန်ရဲကားကိုသာ အသုံးပြုနေခြင်းမှာလည်း လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်သည်ဟု ယူဆကြောင်း ရှေ့နေက ဆိုသည်။

    “သူတို့အနားကိုကပ်သွားတဲ့အခါမှာလည်း လက်နက်ကိုင်လုံခြုံရေးတွေက နည်းနေတယ်။ အဓိကကျတဲ့ တရားခံကို နှုတ်ပိတ်တာတို့ဘာတို့ ဆိုတာ ဖြစ်နိုင်တယ်” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

    ဦးကိုနီလုပ်ကြံခံရမှုကို အကောင်အထည်ဖော်သူများအဖြစ် အာဏာပိုင်တို့ သံသယ ရှိနေသူများထဲတွင် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော် နှင့် အောင်ဝင်းထွန်းတို့ ညီအစ်ကိုသုံးဦး၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ လေဆိပ်တွင် အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူ သေနတ်သမား ကြည်လင်းတို့ ပါဝင်သည်။

    ၎င်းတို့ထဲမှ ၄ ဦးကို ဖမ်းဆီးရမိထားပြီး နေပြည်တော်ပရဆေးဥယျာဉ်အနီးရောက်ရှိပြီးနောက်ပိုင်း ခြေရာပျောက်သွားသည်ဟု အာဏာပိုင်တို့ ကြေညာထားသော ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲဖြစ်သည်။

    မိုင်းဖြတ်မြို့နယ် အမတ်
    ———————–

    အမှုနှင့် ပတ်သက်သည့် သက်သေများအနက် တစ်ဦးဖြစ်သူ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းကို စစ်ဆေးခွင့် မရရှိသေးကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

    မိုင်းဖြတ်လွှတ်တော်အမတ်သည် အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့်အတူ ရန်ကုန်၊ တာမွေမြို့နယ်ရှိ မော်ဒန် လက်ဘက်ရည်ဆိုင်တွင် ဦးကိုနီနှင့်ပတ်သက်ပြီး ပြောဆို ဆွေးနွေးကြရာမှ မကျေနပ်မှုများဖြစ်ပေါ်လာပြီး လုပ်ကြံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားကြောင်း ရှေ့နေက ထောက်ပြသည်။

    “ပြည်ထဲရေးက အခိုင်အမာသတင်းရှိလို့ပြောတာပေါ့၊ အဲဒါကို အစစွဲထုတ်ရင်တော့ နောက်ထပ် အစတွေ ထွက်လာဦးမှာပေါ့။ အဲဒါကို ကျွန်တော်တို့ ကြိုးစားနေပါတယ်။ (ဦးလင်းဇော်ထွန်းက) သက်သေထဲမှာ ပါနေတယ်။ ရှေ့ကိုတိုးပြီးဆောင်ရွက်ဖို့က ဥပဒေအရာရှိက စောပါသေးတယ် ဆိုတော့ ကျွန်တော်တို့က ဘာမှလုပ်မရဘူး” ဟု ရှေ့နေက ဆက်ပြောသည်။

     

     

  • မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

    မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now) – မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ (မြောက်) ရပ်ကွက်တွင် နေထိုင်သော ဦးလှအောင်သည် ဇူလိုင် ၁ဝ ရက်နေ့ညသန်းခေါင်က နေအိမ်သို့ ရောက်လာသော လူတစ်စု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရသည်။

    ၎င်းတို့၏ တူတော်စပ်သည့် လူငယ်တစ်ဦးကို လာရောက် ရှာဖွေရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု ဦးလှအောင်၏ ဇနီးသည် ဒေါ်သူဇာဝင်းက Myanmar Now ကို နောက်တစ်နေ့တွင် ပြောပြသည်။

    “သူတို့က ကျွန်မအမျိုးသားရဲ့တူကို ဖွက်ထားတယ်ဆိုပြီး ထုတ်ပေးဖို့ပြောတာ။ ကျွန်မအမျိုးသားက ဖွက်ထားတာ မဟုတ်ဘူး။ မယုံရင်ဝင်ကြည့်ပါဆိုပြီး ပြောတာ။ မရှိရင်၊ ရှိတဲ့လူကို လုပ်သွားမယ်ဆိုပြီး ကျွန်မ အမျိုးသားကို ဓားနဲ့ခုတ်တာ” ဟု ဒေါ်သူဇာဝင်းက ပြောသည်။

    “လုပ်တဲ့သူတွေကိုတော့ ဖမ်းစေချင်ပါတယ်။ သူများတွေလည်း ကျွန်မတို့လို အနိုင်ကျင်ခံရမှာ စိုးရိမ်ပါတယ်”

    နေအိမ်သို့ ရောက်လာပြီး ဝင်ရောက်ရိုက်နှက်သူများထဲမှ တစ်ဦးကို ရပ်ကွက်အတွင်း နေထိုင်သူများက သိရှိကြောင်း၊ ရိုက်နှက်ခံရမှုအတွက် ယခုအချိန်ထိ အမှုဖွင့်ခြင်း မရှိသေးကြောင်း ဒေါ်သူဇာဝင်းက ပြောသည်။

    ဦးလှအောင်သည် ဦးခေါင်း၊ နားရွက်၊ မျက်စေ့တို့တွင် ဒဏ်ရာ အများအပြား ရရှိခဲ့ပြီး မိတ္ထီလာဆေးရုံကြီးတွင် ကုသမှု ခံယူနေကြောင်း သူက ဆက်ပြောသည်။

    မိတ္ထီလာမြို့ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်သောအခါတွင် တာဝန်ကျ ရဲအရာရှိက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သူ့အထက်အရာရှိသာ ဖြေကြားနိုင်မည်ဟု ပြောသည်။

    ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သော်လည်း မြို့ပေါ်တွင် အခြေအနေ တည်ငြိမ်နေပြီး ဒေသခံများ အေးချမ်းစွာ သွားလာနေလျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးစန်းဝင်းရှိန်က ပြောသည်။
    —————-
    ဒဏ်ရာ ရသွားသူ ဦးလှအောင်

  • လူသတ်မှု အဖြစ်ပြောင်းလိုက်တဲ့ တာမွေ ဒုဦးစီးမှူးသေဆုံးမှု

    လူသတ်မှု အဖြစ်ပြောင်းလိုက်တဲ့ တာမွေ ဒုဦးစီးမှူးသေဆုံးမှု

    တာမွေ မြို့နယ်မှာ ဆွဲကြိုးချ သေဆုံးခဲ့တယ် ဆိုတဲ့ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးက ဒုတိယ ဦးစီးမှူးရဲ့အမှုကို ၃ လ အကြာမှာ လူသတ်မှု အဖြစ် ပြောင်းလဲ အမှုဖွင့် လိုက်ပါတယ်။

    မတ်လ ၁၅ ရက်နေ့က ဝန်ထမ်း အိမ်ရာမှာ သေဆုံးခဲ့သူ ဒုတိယ ဦးစီးမှူး ဦးနေမျိုးဆွေဟာ ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ်လို့ ရဲက စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ ဇေယျာဖြိုးရဲ့ အမှုနဲ့ ပတ်သက်တဲ့ သက်သေခံ ပစ္စည်းတွေကို ထိန်းသိမ်းသူ ဖြစ်ပါတယ်။

    သူ့ရဲ့ မိခင်နဲ့ အစ်မတို့က ရရှိတဲ့ ဆေးစစ်ချက် အရ ဦးနေမျိုးဆွေရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေကြောင်း ဖော်ပြ ထားတဲ့ ဆေးစာပေါ် အခြေခံပြီး မူလ သတ်မှတ်ထားတဲ့ သေမှု သေခင်းကနေ လူသတ်မှု အဖြစ် ပြောင်းလဲဖို့ တာမွေ ရဲစခန်းမှာ အမှုဖွင့်ခဲ့ရာမှာ ရဲစခန်းက လက်ခံလိုက်တာ ဖြစ်ကြောင်း ဦးလှသိန်းက ပြောပါတယ်။

    အမှုဖွင့်ထားတဲ့ ပုဒ်မ တစ်ခုကို အကြောင်းမခိုင်လုံဘဲ နောက်တစ်ခုကို ပြောင်းလေ့မရှိတဲ့ အတွက် အခုလို ပြောင်းလဲလိုက်ပြီးနောက်မှာ ရဲတပ်ဖွဲ့ အနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အစွမ်းကုန် ကြိုးစား ဆောင်ရွက် သွားမယ်လို့ ရဲစခန်းက မိသားစုကို ပြောကြောင်းလည်း သူက ပြန်ပြောပါတယ်။

    ဦးနေမျိုးဆွေ ကြိုးတန်းလန်းနဲ့ သေဆုံးနေစဉ် ပုဆိုး ဝတ်ထားပုံဟာ သူပုံမှန် ဝတ်နေကျ ပုံစံမျိုး မဟုတ်ဘူးလို့ သေဆုံးပြီး မကြာခင်မှာ ဝန်ထမ်းအိမ်ရာကို သွားရောက်ခဲ့စဉ် ကတည်းက သူ့မိခင်နဲ့ အစ်မက ပြောတယ်လို့ ဦးလှသိန်းက ဆိုပါတယ်။

    BBC မှ ကူးယူဖော်ပြပါသည်။

  • ပြည်တွင်းမှ ဗလီများ ဖောက်ခွဲဖို့ ကြံစည်မှုကြောင့် ဖမ်းခံရသူ ၃ ဦးအနက် ၁  ဦး ရက်စေ့၍ ပြန်လွတ်

    ပြည်တွင်းမှ ဗလီများ ဖောက်ခွဲဖို့ ကြံစည်မှုကြောင့် ဖမ်းခံရသူ ၃ ဦးအနက် ၁ ဦး ရက်စေ့၍ ပြန်လွတ်

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ

    bomb-to-masjid
    ၂၀၁၃ နှစ်က သတင်းထုတ်ပြန်ခဲ့စဉ်က

    ၂၀၁၃ ခုနှစ် အတွင်း ရန်ကုန်မြို့က ဗလီ ဝတ်ကျောင်းတော်တွေကို ဖောက်ခွဲဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီး ထောင်ချခံရသူ  ၃ ဦးအနက် တင်မောင် (ခ) ခိုင်နေမင်း မှာ ထောင်ဒဏ် (၄) နှစ် ပြစ်ဒဏ်ချခံရပြီး လွတ်ရက်စေ့ သဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီက စစ်တွေ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီ ဖြစ်ကြောင်း သိရသည်။ အခြား ၂ ဦးမှ ဖြစ်သည့် ဘိုဘိုထွန်းနှင့် သိန်းညွန့်တို့ နှစ်ဦး မှာ ထောင်ဒဏ် (၆) နှစ်အထိ အပြစ်ပေးခံခဲ့ရသည်။
    .
    “ ကျွန်တော်လက်ထဲမှာ အဲဒီအချိန်က ဘာဖောက်ခွဲရေးပစ္စည်းမှလဲ မရှိဘူး။ ကျွန်တော်က တိုင်းရင်းသား အဖွဲ့စည်းတွေ နဲ့ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးတာတွေ လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အ ချိန်မှာ ကျွန်တော်ကို အပေါ်မော့ခိုင်းပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။ မျက်စိဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အဲဒီပစ္စည်းတွေ က ကျွန်တော်ရှေ့မှာ   တွေ့ရတာဖြစ် ပါတယ် ”ဟု ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အား ကိုခိုင်နေမင်းက ပြောကြားကြောင်း မဇ္ဈိမ သတင်း တရပ်မှာ ဖော်ပြထားပါသည်။
    .
    ၂၀၁၃ ခုနှစ်  နိုဝင်ဘာလ ၁၃ ရက်နေ့ က လှိုင်သာယာ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ  ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများ နှင့် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ကိုသိန်းညွှန့် ၊ အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို စစ်တွေမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြိး ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ၄င်းတို့ကို ဖမ်းဆီးခဲ့စဉ်က  ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ ဖမ်းဆီးပြီး ၁၁ လ အကြာ  ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့ပါသည်။
    .
    အဆိုပါဖြစ်စဉ် အတွက် ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများ ရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်း အချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

    ကိုးကား- မဇ္ဈိမ၊ RFA

    ဆက်စပ်သတင်းများ
    ——————–