News @ M-Media

Tag: crime

  • မိထ္ထီလာ အစ္စလာမ် ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို (VOA)

    မိထ္ထီလာ အစ္စလာမ် ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို (VOA)

    မေ-၂၁-၂၀၁၃

    မိထ္ထီလာ အကြမ်းဖက်မှုတွင် အစ္စလာမ်ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု၊ ကျောင်းသားနှင့် ဆရာ ၂၄ယောက် အသတ်ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို

    ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အစ္စလာမ်ဘော်ဒါဆောင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအ၀င် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံတစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။

    ကျောင်းသား ၁၂၀ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုအတွင်း ဆရာ၊ ဆရာမ ၄ ဦးအပါအ၀င် ကလေး အယောက်၂၀ ထက်မနည်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ Physicians for Human Rights PHR လူ့အခွင့်အရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် PHR အဖွဲ့ကြီးက မီးလောင်မှုအတွင်း လွတ်မြောက်ခဲ့သူ ကလေးငယ်တွေနဲ့ အနီးနားမှာရှိတဲ့ မျက်မြင် သက်သေတချို့ကို PHR အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

    အခုလို အပြစ်မဲ့ ကလေးငယ်တွေ ရက်ရက်စက်စက် သေဆုံးမှုတွေကို မဖော်ထုတ်ခဲ့ဘူးဆိုရင် ပိုပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို  ဦးဆောင် ရေးသားပြုစုခဲ့သူ ရစ်ချတ် စော်လွန်မ် (Richard Sollom) က မြန်မာနိုင်ငံကို  ကိုယ်တိုင် သွားရောက်ပြီးတော့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ သူနဲ့ ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ –

    “မီးလောင်တဲ့အထဲက လွတ်လာတဲ့ ကလေးတွေနဲ့ ဆရာဆရာမတွေကို မေးကြည့်တဲ့အခါ သူတို့ အားလုံး က ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲကြားခဲ့ရတယ်။ မင်္ဂလာဈေးရုံရပ်ကွက်က သူတို့ကျောင်းကို ဒုတ်တွေ၊ အချွန်တွေ၊ ဓါးတွေ၊ သံပိုက်တွေ ကိုင်ထားတဲ့သူတွေက ကျောင်းကို မီးရှို့ခဲ့ပြီး ကျောင်းသားတွေကို မောင်းထုတ်ခဲ့တယ်ဆိုပြီးပြောပါတယ်။ ဒါဟာ မတ်လ ၂၀၊ ၂၁ ရက်နေ့တုန်းက မိတ္ထီလာ မြို့ တ၀ှမ်းမှာ လူနေအိမ်တွေ၊ ဈေးဆိုင်တွေ အများအပြား ဆုံးရှုံးပျက်ဆီးခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေထဲကတခုဖြစ်ပေမယ့် ဒါကိုသေသေချာချာဖော်ထုတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။”

    မျက်မြင်တွေရဲ့ အဆိုအရ ဒီအကြမ်းဖက်မှုမှာ တာဝန်ရှိ ရဲတွေက ကလေးငယ်တွေကို ကာကွယ်ခြင်းမပြုခဲ့ဘဲ ဒီကိစ္စကို ၀င်ရောက် ဖြေရှင်းခြင်း၊ အပြစ်ကျူးလွန်သူတွေကို ဖမ်းဆီးခြင်း မပြုခဲ့ဘူးလို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို တရားဝင်ခရီး လာရောက် လည်ပတ်နေတဲ့အချိန်မှာ ထွက်လာတာလည်း ဖြစ်တဲ့အတွက်ကြောင့်  ဒီလို အခါသမယမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥပေက္ခာ ပြုမထားသင့်ဘူးလို့  ရစ်ချတ် စော်လွန်မ် (Richard Sollom) က ပြောပါတယ်။

    ဒါ့ပြင် တနင်္လာနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု လူမျိုးကွဲ၊ ဘာသာကွဲတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ သမ္မတ အိုဘားမားအနေနဲ့ တိုက်တွန်းသင့်တယ်လို့ သူက ပြောပါတယ်။

    “အခုအချိန်မှာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်အစိုးရရဲ့ အရှိန်အ၀ါက ကြီးမားနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက စီးပွားရေး အထောက်အပံ့တွေ၊ နိုင်ငံရေး အကူအညီတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ Physicians for Human Rights အနေနဲ့ အမေရိကန်ရဲ့ အရှိန်အ၀ါကို ပြဖို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုဟာ စံသတ်မှတ်ထားတဲ့ အဆင့်ရောက်တဲ့အထိ အရေးယူ ပိတ်ဆို့မှုတချို့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်ရဲ့ ပထမခြေလှမ်းတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့နဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးတွေ၊ ဘာသာရေး ဆန့်ကျင်ရေးတွေကို ထုတ်ဖော်ပြောဆိုဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူဖို့ လိုအပ်ပါတယ်။”

    ဒါ့ပြင် ကုလသမဂ္ဂအနေနဲ့လည်း ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ သူက ပြောပါသေးတယ်။

    “ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာအစိုးရအနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်တာမရှိဘဲ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ မူဆလင်တချို့ကိုပဲ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို စုံစမ်းစစ်ဆေးခြင်း တရားစွဲဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တာ ဖြစ်ပါတယ်။”

    မြန်မာအစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာကွဲ လူနည်းစုတွေကို အကာအကွယ်ပြုဖို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ၊ သတင်းထောက်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ၀န်ထမ်းတွေကို အတားအဆီးမရှိ ၀င်ရောက်ခွင့် ပြုသင့်တယ်လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်း အကြံပြုထားပါတယ်။ နောက်ပြီး မြန်မာအစိုးရအနေနဲ့ သူ့လုံခြုံရေးတပ်ဖွဲ့ကို အရေးမယူမခြင်း တခြား လုံခြုံရေး အထောက်အပံ့တွေ မပေးဖို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    http://burmese.voanews.com/content/phr-calls-for-to-investigate-religious-conflict-in-burma/1665009.html

  • အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    မေ-၁၆၊၂၀၁၃
    M-Media

    အမေရိကန်နိုင်ငံ ရဲ၏ လူမဆန်သောလုပ်ရပ် ဗီဒီယိုသည် အွန်လိုင်း နှင့် လူမှုကွန်ရက် စာမျက်နှာ များသို့ ပြန့်နှံ့သွားပြီး၊ လူအများအား တုန်လှုပ်စေခဲ့သည် ဟုသိရသည်။

    ဗုဒ္ဓဟူးနေ့က အွန်လိုင်းသတင်းများတွင် တင်ပြခဲ့သည်မှာ ဗီဒီယိုတွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ  ကိုတတီ(Cotati) မြို့ငယ်လေး အတွင်းရှိ အိမ်တစ်လုံးအတွင်းသို့ ရဲအရာရှိများ ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ အိမ်ရှင်၏ ရှာဖွေရေး ၀ရမ်းတောင်းဆိုမှုအား လျစ်လျူရှုကာ၊ အိမ်ရှင် လင်မယားအား လျှပ်စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

    ထိုသို့မဖြစ်ပျက်မှီ၊ အိမ်တွင်ရှိသော ပြတင်းပေါက်ကြီးမှတစ်ဆင့် ရဲအရာရှိများသည် အိမ်ရှင်အား သူတို့သည် အိမ်နီးနားခြင်း၏ တိုင်ကြားမှုကြောင့် ၄င်းအိမ်ထဲတွင် ဆူညံ့စွာပြသနာ ဖြစ်ပျက်နေသည်ကို စစ်ဆေးရန်ရောက်ရှိလာကြောင်းပြောကြားခဲ့သည်။

    သို့သော် အိမ်ရှင်လင်မယားသည် အိမ်အတွင်း မည်သည့်ပြသနာမှဖြစ်ပွားမှု မရှိကြောင်း၊ ရှာဖွေရန် ၀ရမ်း မပြသနိုင်ပါက အိမ်ထဲသို့ ၀င်ခွင့်မပြုနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ရဲအရာရှိတစ်ဦးက “ခင်ဗျားတို့ အိမ်အပြင်ဘက်သို့ ဘာကြောင့်ထွက်မလာလဲ?” ဟုမေးကြောင်း။

    ယောင်္ကျားဖြစ်သူက “ကျွန်တော်တို့သည် ရဲများကြီးကြပ်နေသော ဒေသတွင်နေထိုင်နေသည် မဟုတ်ပါ၊ ဒီဒေသတွင် စစ်တပ်မှ အမိန့်ထုတ်ပြန်ထားခြင်းလည်းမရှိပါ” ဟုပြန်လည်ပြောကြားခဲ့သည်။

    ရဲအရာရှိများသည် သေနတ်များကိုင်ဆောင်လျက် တံခါးအား ဖျက်ဆီး ၀င်ရောက်လာခဲ့ကာ၊ အိမ်ရှင်လင်မယားအား ကြမ်းပေါ်တွင် ၀ပ်နေစေရန်အမိန့်ပေးခဲ့ကြောင်း။ လင်မယားမှ ရဲအရာရှိများ၏ အမိန့်ကို ဆန့်ကျင်ကာ “ခင်ဗျားတို့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိ” ဟု အမိန့်အားငြင်းဆိုခဲ့သဖြင့်၊ မိန်းမဖြစ်သူအား ဦးဆောင်သူ ရဲအရာရှိမှ လျှပ်စစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ယောင်္ကျားဖြစ်သူအား ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ထိုအဖြစ်အပျက်သည် မှတ်တမ်းအရ မေလ ၁၀ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ကြောင်း၊ ကိုတတီမြို့ ရဲဌာနမှ ရဲမှုးကြီး မစ်ရှလ် ပါရစ်ရှ်(Michael Parish) မှ မှတ်တမ်းအား လေ့လာရာတွင် သူ၏ ရဲဌာနသို့ ညနေ ၃.၄၅ မိနစ်တွင် အိမ်နီးချင်း၏ “သူ၏ဘေးအိမ်အတွင်းမှ ပြသနာ အကြီးကျယ်ဖြစ်ပျက်နေသည်ကို ကြားရှိကြောင်း”  တိုင်ကြားသည့် ဖုန်းကို လက်ခံရရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက် တစ်ခုတွင် ကယ်လီဖိုးနီးယားနိုင်ငံ ရဲအရာရှိများပါဝင်ပြီး၊ ကလေး ၄ ယောက်၏ ဖခင်ဖြစ်သူသည် လမ်းထောင့်တွင် မူးပြီးအိပ်ပျော်နေသည်ကို တွေ့ရှိ၍ ဖမ်းဆီးကာ သေသည်အထိ ရိုက်နှက်ခဲ့ကြောင်း၊ ထိုလူသေဆုံးပြီးနောက်တွင် ကာန် ကောင်တီ(Kern County) ရဲဌာနသည် မီးလောင်ခဲ့ကြောင်း သိရသည်။

    ထိုအဖြစ်အပျက်အပြီးနောက်၊ ရဲအရာရှိများသည် ၄င်းရိုက်နှက်မှုကို ဖုန်းများနှင့် စက်စ္စည်းများဖြင့် မှတ်တမ်းတင်ထားသော ထိုပတ်ဝန်းကျင်တွင်နေထိုင်သူများအား ဖမ်းဆီးခဲ့သည် ဟုသိရသည်။

    သတင်းထောက်များထံသို့ မျက်မြင်တွေ့သူများက တူညီစွာပြောကြားခဲ့သည်မှာ၊ ဒေးဗစ် ဆလ် ဆလ်ဗာ(David Sal Silva) ဆိုသူသည် သူ၏အသက်ချမ်းသာပေးရန်တောင်းပန်နေသည်ကို လျှစ်လျူရှု၍ ရဲအရာရှိများက လက်ကိုင်တုတ်များဖြင့်ခေါင်းကို မသေမခြင်းရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

    MFB/MFB

  • ဖလိုရီဒါ တွင် ၄ နှစ်သား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ် ကလေးသေဆုံး

    မေ-၁၆၊၂၀၁၃
    M-Media

    မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ၄ နှစ်အရွယ် ကလေးငယ်သေနတ်ဖြစ် ပစ်ခတ်မှုကြောင့်  ၁၁ နှစ်ရွယ်ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။

    amin20130515172855317
    An American little girl shoots with a gun. (file photo)

    ၁၁ နှစ်အရွယ် ကလေးငယ် ဂျာဗန် ဂျက်ဆန်မ်(Jarvan Jackson) သည် အင်္ဂါနေ့က ဖလိုရီဒါပြည်နယ် ဂိန်းစ်ဗဒ်လ် (Gainesville) မြို့ တက္ကသိုလ် ဧရိယာ အတွင်းရှိ ဆေးရုံတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည် ဟု ပြည်တွင်းသတင်း ဌာနများက ဖော်ပြခဲ့သည်။

    သေဆုံးသွားသည့် ကလေးငယ်သည် တနင်္ဂနွေနေ့က လိက်စီးတီး(Lake City) တွင်ရှိသော စီဒါ ပါ့ခ် တိုက်ခန်း (Cedar Park Apartment) တွင် မတော်တဆ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

    ရဲများက ကလေးငယ်သည် အိမ်တွင် အုပ်ထိန်းသူ၏ ကြပ်မတ်ကြည့်ရှုမှု အောက်တွင် ရှိ/မရှိနှင့် ကလေးလက်ဝယ်သို့ သေနတ်ရောက်ရှိခဲ့ပုံကို စုံစမ်းစစ်ဆေးရေး စတင်နေပြီဟု သိရသည်။

    မေလ ၄ ရက်နေ့တွင်၊ အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ဆယ်ကျော်သက်အစ်ကို ၏ သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ညီမငယ်သည် ရင်ဘတ်သို့သေနတ်မှန်ကာ သေဆုံးခဲ့ရသည်။

    ဧပြီလ ၃၀ ရက်နေ့၊ ကန်တက်ကီ(Kentucky) မြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်သည် အသက် ၂ နှစ်အရွယ် သူ၏ ညီမဖြစ်သူအား အိမ်မှုဝေယျာဝိစ္စများလုပ်နေစဉ် သေနတ်ဖြင့် သေစေနိုင်လောက်အောင် ဆိုးရွားစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဧပြီလ အစောပိုင်း၊ နယူးဂျာစီ(New Jersey) မြို့ တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် 22- Caliber ရိုင်ဖယ်သေနတ်အား အိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် သူ၏ သူငယ်ချင်းမှာသေဆုံးခဲ့ရသည်။

    ၁၄ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်၊အမေရိကန်နိုင်ငံရှိ ကွန်နက်တစ်ကက်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ စန္ဒီ ဟွက် (Sandy Hook) မူလတန်းကျောင်းတွင် သေနတ်သမား ၏ ပစ်ခတ်မှု ကြောင့် ကလေးငယ် အယောက် ၂၀ နှင့် လူကြီး ၆ ယောက်တို့ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းသိရသည်။ ထိုနေ့ အစောပိုင်းတွင် သေနတ်သမားသည် သူ၏ မိခင်ဖြစ်သူကို အခြားဒေသ တစ်ခုတွင် သတ်ပစ်ခဲ့သည် ဟုလည်းသိရသည်။

    အမေရိကန်နိုင်ငံတွင် နှစ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်သည် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးခဲ့ သည်ဟုဆိုသည်။

    ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ပပျောက်ရေး ထိန်းချုပ်မှု(Uninversity of Chicago Crime Lab and the Centers for Disease Control) ၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် ပျမ်းမျှ လူ ၈၇ ယောက် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးကြောင်း နှင့် ၁၈၃ ယောက် ဒဏ်ရာရကြောင်း လေ့လာတွေ့ရှိရသည် ဟုဆိုသည်။

    အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်သည် သေနတ်အများဆုံး ရောင်းရသောနှစ်ဖြစ်သည်။

    သို့သော်လည်း သေနတ် ထိန်းချုပ်ရေး ဥပဒေများသည်လည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်လာပြီး၊ ပြည်သူလူထု၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များအား သုံးစွဲမှု တားမြစ်ချက်အား ထောက်ခံသည်ဟုသိရှိရသည်။

    GMA/KA

  • ပြည်မြို့တွင် သက်တော်(၈၂)နှစ်၊ ၀ါတော်(၆၂)နှစ်ရှိ ဆရာတော်တစ်ပါး ဓါးထိုးခံရ

    ပြည်မြို့တွင် သက်တော်(၈၂)နှစ်၊ ၀ါတော်(၆၂)နှစ်ရှိ ဆရာတော်တစ်ပါး ဓါးထိုးခံရ

    မေလ ၁၄၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    ပြည် ။         ။           ပဲခူးတိုင်း၊ ပြည်မြို့ ပုညရှင်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ဦးသောဘိတအား ယနေ့ နေ့လည်ပိုင်းက ဓါးဖြင့် ထိုးခံရကြောင်း သိရှိရသည်။

    ယင်းသတင်းအား ဆက်သွယ်စုံစမ်းရာ သက်တော်(၈၂)နှစ်၊ ၀ါတော်(၆၂)နှစ်ရှိ ဆရာတော် ဦးသောဘိတသည် ကျောင်းတွင် သတင်းသုံးနေစဉ် လူတစ်စုမှ ကျောင်းပေါ်သို့တက်ရောက်လာပြီး ဆရာတော်အား ဓါးဖြင့်ထိုးကာ ပစ္စည်းများလုယက်ယူဆောင်သွားကြောင်းသိရသည်။ ဓါးထိုးခံရမှုကြောင့် ဆရာတော်သည် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်းလည်းသိရသည်။

    ဆရာတော်ဦးသောဘိတသည် သူ့အား ဓါးနှင့်ထိုးသူသည် ရဲဝင်းဆိုသူ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်းကို ခွဲစိတ်ခန်းမ၀င်မီတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ဆရာတော်အား ဓါးဖြင့်ထိုး၍ ပြစ်မှုကျူးလွန်သူ တရားခံအား ရာအိမ်မှူး ဦးနေ၀င်းမှ တရားလိုပြုလုပ်၍ ပြည်မြို့ အမှတ်(၂) ရဲစခန်းတွင် (ပ)၃၆၄၊ ပုဒ်မ(၃၆၂)ဖြင့် တိုင်ချက်ဖွင့်ထား၍ ရဲများမှ တရားခံ ရဲဝင်းအား လိုက်လံရှာဖွေဖမ်းဆီးနေပြီဖြစ်ကြောင်းလည်းသိရသည်။

    ဆရာတော် ဦးသောဘိတအား ဓါးနှင့်ထိုးခံရသည်ဟု သတင်းထွက်ပေါ်လာပြီး အချိန်ပိုင်းအတွင်းမှာပင် ဆိုရှယ်မီဒီယာတွင် သတင်းများပျံနှံ့သွားသည်။ တရားခံမှာ မွတ်စလင်မ်ဖြစ်မည်ဟု စွပ်စွဲပြောဆိုသံများ အွန်လိုင်းစာမျက်နှာများတွင် ပေါ်ထွက်လာခဲ့သော်လည်း ဆရာတော်အား ဓါးနှင့်ထိုးသူမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးသာဖြစ်ပြီး အစ္စလာမ်သာသနာဝင်များနှင့် ပတ်သက် ဆက်နွယ်မှု မရှိကြောင်းကိုလည်း M-Media မှ မေးမြန်းချက်တွင် ပြည်မြို့ခံမှ ရှင်းပြခဲ့ပါသည်။

  • လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂွာတီမာလာ စစ်အာဏာရှင်ဟောင်း ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ခံရ

    မေ-၁၁၊၂၀၁၃
    M-Media

    _67536989_017948225

    “ဂွါတီမာလာ နိုင်ငံမှ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ရီယို José Efraín Ríos Montt အား ဂွါတီမာလာ ခုံရုံးမှ ထောင်ဒါဏ် အနှစ် ၈၀ ချမှတ်”

    ဂွါတီမာလာ နိုင်ငံ ၏ မြို့တော် ဂွါတီမာလာ စီးတီး ခုံရုံးမှ နေ၍ စစ်အာဏာရှင် နှင့် ဗိုလ်ချုပ် တစ်ဦးဖြစ်သူ အသက် ၈၆ နှစ် အရွယ်ရှိ ရီယို အား ၁၉၈၂ ၊ ၁၉၈၃ ခုနှစ် အတွင်း လူနည်းစုလူမျိုးများဖြစ်သော မာယာလူမျိုး ၁၇၇၁ ယောက် သေဆုံးခဲ့ရသော လူမျိုးတုန်း သတ်ဖြတ်မှု တွင် တာဝန်ရှိသူ တစ်ဦးအဖြစ် ဆုံးဖြတ်ကာ ထောင်ဒါဏ် အနှစ် ၈၀ ချမှတ်လိုက်ပြီဖြစ်သည်။

    လွတ်မြောက်လာသူများနှင့် သက်သေများ၏ ထွက်ဆိုချက်အရ ထိုအချိန်က အာဏာရ ဂွါတီမာလာ စစ်တပ်သည် မာယာလူမျိုးများက အတိုက်အခံ လက်ဝဲ အင်အားစုများအား အထောက်အပံ့ ပေးသည်ဟု စွပ်စွဲကာ ထို လူမျိုးတုန်း သတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြလေသည်။

    သို့သော်လည်း အငြိမ်းစား ဗိုလ်ချူပ်ဖြစ်သူ ရီယိုကတော့ သူအာဏာ ရှိနေစဉ်အတွင်း ထို သတ်ဖြတ်မှူကြီးကို အမိန့်ပေး စေခိုင်းသူမှာ သူမဟုတ်သလို သိလည်းမသိကြောင်း ငြင်းဆိုထားပါသည်။

    ဤ အမှူအတွက် ဗိုလ်ချုပ် ရီယို အနေဖြင့် ခုံရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံ ဝင်လိုပါက ဝင်နိုင်ကြောင်း ခန့်မှန်းရရှိပါသည်

    Ref:BBC