News @ M-Media

Tag: Crimea

  • ခရိုင်းမီးယားမှ ရုရှားနှင့် ပေါင်းစည်း၊ ရုရှားဝင်စွက်မှု အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဟု အိုဘားမားပြော

    မတ် ၇ ၊ ၂၀၁၄
    M-Media

    Crimean city declares itself part of Russia

    – ခရိုင်းမီးယားဒေသအား ရုရှား၏ပိုက်နက်အတွင်းသို့ ၀င်ရောက်ရန် ခရိုင်းမီးယား ပါလီမန်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ယူကရိန်းမြို့တစ်မြို့ဖြစ်သည့် ဆီဗက်စတိုပိုလ်မြို့ကလည်း ၎င်းတို့အနေဖြင့် ရုရှားပိုက်နက်အတွင်းသို့ ခိုလှုံပြီဟု ကြေညာခဲ့သည်။

    ခရိုင်းမီးယားကျွန်းဆွယ်ရှိ အဆိုပါ မြို့မှာ ရုရှားရေတပ်၏ ပင်လယ်နက် ရေတပ်စခန်းရှိရာ ဌာနဖြစ်ပြီး ထိုကြေညာချက်အား ယမန်နေ့ည နှောင်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြေညာမှုအား ယူကရိန်းနိုင်ငံက ရှုတ်ချခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂကလည်း ယူကရိန်းမှ ခွဲထွက်ရန်အတွက် ခရိုင်းမီးယား ပါလီမန်၏ ဆုံးဖြတ်ချက်အား တရားမ၀င်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့တွင် လူထုဆန္ဒခံယူရန် စီစဉ်ထားသည်။

    ယူကရိန်းနိုင်ငံကမူ ထိုလုပ်ရပ်မှာ ဥပဒေနှင့် မည်ကဲ့သို့မှ ကိုက်ညီခြင်း မရှိဟု ပြောကြားခြဲံ့ပီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြည်သူ့ဆန္ဒ ခံယူခြင်းမှာ ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်

    သို့သော်လည်း ခရိုင်းမီးယားဒေသ၏ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ ရက်စ်တမ် တီမာဂလီယက်ဗ်ကမူ ထိုဆုံးဖြတ်ချက်မှာ ချက်ခြင်းအာဏာတည်ပြီး ရုရှား၏ လက်နက်ကိုင်တပ်များသာ ခရိုင်းမီးယား၏ တရားဝင် တပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ချမလား၊ ရုရှားနိုင်ငံသားခံယူပြီး ရုရှားစစ်တပ်ထဲဝင်မလားဆိုတာကို ရွေးချယ်ရပါမယ်။ တကယ်လို့သူတို့ ဒါကိုသဘောမတူဘူးဆိုရင် သူတို့ရဲ့ မိခင်နိုင်ငံ ယူကရိန်းကို အန္တရာယ်ကင်းစွာပြန်ဖို့ ကျွန်တော်တို့ စီစဉ်ပေးပါ့မယ်” ဟု တီမာဂလီယက်ဗ်က ဆိုသည်။

    ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ဆန်ယွတ်က ခရိုင်းမီးယားပါလီမန်၏ မဲခွဲဆုံးဖြတ်မှုမှာ တရားမ၀င်ဟုဆိုပြီး၊ သမ္မတ တာချီနော့ဗ်ကလည်း ခရိုင်းမီးယား ပါလီမန်အမတ်များမှာ သေနတ်ပြောင်းအောက်တွင် အလုပ်လုပ်နေရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းအရေး ရုရှားမှ ၀င်ရောက်စွက်ဖက်မှုမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး ပေါ်လစီအား ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သတိပေးခဲ့သည်။

    Ref: Al Jazeera and agencies

  • ခရိုင်းမီးယားတွင် တပ်စွဲထားမှာ ရုရှားစစ်တပ် မဟုတ်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးပြော

    မတ်- ၅၊ ၂၀၁၄
    M-Media
    APTOPIX-Ukraine-Russian-troops
    – ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ခရိုင်းမီးယားဒေသရှိ စစ်သားများမှာ ရုရှားစစ်သားများ မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စပိန်နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် လာဗရော့က မက်ဒရစ်မြို့တွင် ယူကရိန်းအရေးအရေး အကျဉ်းချုပ်အား ပြောကြားခဲ့ပြီး၊ ရုရှားရုပ်သံမှ ယနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထိုပြောကြားချက်တွင် လာဗရော့က ခရိုင်းမီးယား၌ တပ်ဖြန့်ချထားသော စစ်သားများမှာ ရုရှားများမဟုတ်ကြောင်း၊ ထိုစစ်သာများမှာ ရုရှား၏အမိန့်ကို မနာခံသောကြောင့် ပြန်ခေါ်၍ မရကြောင်း၊ ပင်လယ်နက်အတွင်းရှိ ရုရှားရေတပ်မှာ ပုံမှန်အနေအထားအတိုင်းပင် ရှိနေကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းအစိုးရအနေဖြင့် မိမိ၏နိုင်ငံသားများအား တိုက်ခိုက်ခြင်းအပါအ၀င်၊ နိုင်ငံအတွင်း သွေးထွက်သံယို ဖြစ်ပွားမှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတကာမှ လေ့လာသူများ ခရိုင်းမီးယား ဒေသအတွင်းသို့ ၀င်ရောက်ခွင့်ပြုရန်ကိုလည်း တိုက်တွန်းခဲ့သည်။

    လာဗရော့က ထိုကဲ့သို့ပြောကြားခဲ့သော်လည်း ရုရှားနိုင်ငံကမူ အဆင့်မြှင့်တင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ ပစ်မှတ်ကိုလည်း အတိအကျထိခဲ့ကြောင်း ရုရှားထိပ်တန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ဆန်ယွတ်ကမူ ခရိုင်းမီးယားတွင်ဖြစ်ပွားနေသည့် တင်းမာမှုများအားဖြေရှင်းရန်အတွက် ရုရှားအစိုးရနှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ သို့သော် ထိုသတင်းအား ရုရှားဘက်မှ တုံ့ပြန်ခဲ့ခြင်းမရှိပေ။

  • ယူကရိန်း ခရိုင်းမီးယားဒေသသို့ ရုရှားစစ်သား ၂၀၀၀ နီးပါးဝင်ရောက်ပြီး လေဆိပ် ၂ ခုစလုံး ထိန်းချုပ်ထား

    မတ် ၁၊ ၂၀၁၄
    M-Media
    2014228204640234734_20
    – လက်ရှိတွင် မငြိမ်သက်မှုများဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသ ဆင်မ်ဖီရိုပိုလ်မြို့တော် အနီးရှိ စစ်အခြေအစိုက်စခန်းသို့ စစ်သား ၂၀၀၀ ခန့်ကို ရုရှားလေယာဉ်များမှ ချပေးခဲ့ပြီး ရုရှားမှာ လက်နက်ကိုင် ကျူးကျော်မှုကို လုပ်ဆောင်နေသည်ဟု ယူကရိန်းအစိုးရ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောဆိုလိုက်သည်။

    “တစ်စီးမှာ စစ်သား ၁၅၀ ပါတဲ့လေယာဉ် ၁၃ စင်း (ဆင်မ်ဖီရိုပိုလ်မြို့အနီး)Gvardeyskoye လေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်” ဟု ခရိုင်းမီးယားဒေသဆိုင်ရာ ယူကရိန်းသမ္မတ၏ အထူးကိုယ်စားလှယ် ဆာဂျီ ကူနစ်ဆန်က ATR  ရုပ်သံချန်နယ်သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ စစ်တပ်များချထားပြီးနောက် လေဆိပ်အား ပိတ်ထားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ယူကရိန်း၏ ယာယီသမ္မတ အိုလက်ဆန်ဒါ တာချီနော့ဗ်ကလည်း ရုရှားအနေဖြင့် ပြောင်ပြောင်တင်းတင်း ၀င်ရောက်ကျူးကျော်သည်ဟု စွပ်စွဲခဲ့ပြီး ၂၀၀၈ ခုနှစ် ဂျော်ဂျီယာစစ်ပွဲမတိုင်ခင် ရုရှားလူမျိုး အများစုရှိရာ Akhazia ဒေသအား ခွဲထုတ်ခဲ့သည့် လုပ်ရပ်အတိုင်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ ရန်စခြင်းများအား ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်းခဲ့သည်။

    ခရိုင်းမီးယားဒေသရှိ အဓိကလေဆိပ်နှစ်ခုဖြစ်သည့် ဆင်မ်ဖီရိုပိုလ်မြို့မှ နိုင်ငံတကာလေဆိပ်နှင့် ဆီဗက်စ်တိုပိုလ်မြို့မှ စစ်တပ်လေယာဉ်ကွင်းတို့အား ရုရှားရေတပ်မှ တပ်သားများက သိမ်းပိုက်ခဲ့သည်ဟု ယူကရိန်းပြည်ထဲရေး ၀န်ကြီး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    ခရိုင်းမီးယားဒေသ မတည်ငြိမ်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ လစ်ယူယေးနီးယားနိုင်ငံ၏တောင်းဆိုမှုကြောင့် လုံခြုံရေးကောင်စီ အရေးပေါ် တံခါးပိတ်ဆွေးနွေးပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ပြီး၊ ကုလဆိုင်ရာ ယူကရိန်းသံအမတ် ယူရိ ဆာဂျီယက်ဗ်က ခရိုင်းမီးယားဒေသသို့ ရုရှားတပ်များဝင်ရောက်နေပြီး လေဆိပ်နှစ်ခုစလုံးမှာလည်း ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ၊ ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၁ စီးပင် နိုင်ငံအတွင်းသို့ ရောက်နေသည်ဟု သတင်းထောက်များအား ၀န်ခံပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဘာရက် အိုဘားမားကမူ ရုရှားတပ်များ လှုပ်ရှားနေမှုကို အလွန်စိုးရိမ်မိပြီး၊ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးစော်ကားခြင်းမှာ ထင်ရှားသော နှောက်ယှက်မှုပင်ဖြစ်သည်ဟု ယမန်နေ့တွင်ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

  • ခရိုင်းမီးယားမှ ဥဇဘက်ခန်း ၀တ်ကျောင်းတော်၏ နှစ် (၇၀၀) ပြည့် နှစ်ပတ်လည် အခမ်းအနား

    အောက်တိုဘာ-၂၂
    M-Media

    mosque_han_uzbekအရှေ့ဥရောပရှိ ရှေးအကျဆုံး ဘုရားကျောင်းကန်များအနက်အပါအ၀င်တစ်ခုဖြစ်သော ခန်းဥဇဘက် ဗလီဝတ်ကျောင်းတော်၏ အကြိမ် ၇၀၀ မြောက်နှစ်ပတ်လည် အခမ်းအနားကို ခရိုင်းမီးယား၌ ၂၀၁၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည်။ ၄င်းကို ခရိုင်းမီးယား၏ Verkhovnaya Rada ညီလာခံအစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

    ယင်းဆုံးဖြတ်ချက်သည် မွတ်စ်လင်မ်တို့၏သာသနိက အဆောက်အဦး ထိန်းသိမ်း စောင့်ရှောက်ပေးရေးကို သာမက ခရိုင်းမီးယားရှိ မတူကွဲပြားသည့် လူမျိုးနှင့် ဘာသာတရား အသီးသီးအကြား နားလည်မှု ခိုင်မာစေရန်လည်းဖြစ်ကြောင်း ခရိုင်းမီးယား Supreme Council ၏ ဥက္ကဌ ဗလာဒီမာ ကော်န်စတန်တီနော့ဗ် ကဆိုသည်။

    ခရိုင်းမီးယားပြည်ထဲရေးကောင်စီ (Supreme Council of Crimea) မှ ယူကရိန်းနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာချုပ်အား ဗလီဝတ်ကျောင်း၏အကြိမ် ၇၀၀ မြောက် နှစ်ပတ်လည်အခမ်းအနား အထိမ်းအမှတ် ဒင်္ဂါး ထုတ်လုပ်ရန်ကိုလည်းကောင်း၊ Ukrpochta ၏ ညွှန်ကြားရေးမှူးအား အမှတ်တရ ပိုစတာများ ရိုက်နှိပ်ရန်ကို လည်းကောင်း ညွှန်ကြားလိုက်ကြောင်း သိရသည်။

    လူဦးရေ ၄၅ သန်းကျော်ရှိသော ယူကရိန်းနိုင်ငံ တွင်  မွတ်စလင်မ် လူဦးရေ ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး  မွတ်စလင်မ် အများစုမှာ ကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ ခရိုင်းမီးယား ဒေသတွင် အခြေချနေထိုင်ကြသည်။ ယူကရိန်းနိုင်ငံတွင် မွတ်စလင်မ် လူမှုအဖွဲ့အသည်း ပေါင်း ၄၄၅ ခုရှိပြီး ဗလီဝတ်ကျောင်း ၁၆၀ ရှိကြောင်း ဝီကီရဲ့ ဖော်ပြချက်များအရသိရှိရပါသည်။

    ပုံအညွှန်း – ခန်းဥဇဘက် ဗလီဝတ်ကျောင်းတော်

    Source : islam.ru
  • ယူကရိန်းနိုင်ငံ Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဗလီဝတ်ကျောင်း ၄၂ လုံး ဆောက်လုပ်ရန် စီစဉ်

    အောက်တိုဘာ၊ ၇
    M-Media

    ozbek-han-mosque-in-staryi-krym-ukraine-0

    ယူကရိန်းနိုင်ငံ Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗလီဝတ်ကျောင်းတော် ၄၂ လုံးတည်ဆောက်ရန် စီစဉ်ထားရှိသည်ဟု Crimea မွတ်စလင်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Crimea မွတ်စလင်များက ၎င်းတို့လိုအပ်နေသည့် ယဉ်ကျေးမှု အဆောက်အဦးများဆောက်လုပ်ရန် တာဝန်ရှိသူများကို လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ဗလီဝတ်ကျောင်းတော် ၃ လုံးအား ဆောက်လုပ်ပေးခဲ့ပြီး၊ နောက်ထပ် အလုံး ၃၀ ဆောက်လုပ်ရန်မြေနေရာ သတ်မှတ်ပေးခဲ့ကာ၊ လျှောက်ထားခဲ့သည့် အခြားမြေနေရာ ၆ နေရာကိုလည်း တာဝန်ရှိသူများက စဉ်စားနေသည်ဟု သိရသည်

    Crimea မွတ်စလင်အဖွဲ့က ဒေသတွင်းရှိ မွတ်စလင်များအတွက် ဗလီဝတ်ကျောင်းတော် ၅၀ ခန့်ဆောက်လုပ်ရန် လိုအပ်သည်ဟု ကြေညာခဲ့သည်။

    လူဦးရေ ၄၅ သန်းကျော်ရှိသော ယူကရိန်းနိုင်ငံ တွင်  မွတ်စလင်မ် လူဦးရေ ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး မွတ်စလင်မ် အများစုမှာ Crimea ဒေသတွင် အခြေချနေထိုင်ကြသည်။ ယူကရိန်းနိုင်ငံတွင် မွတ်စလင်မ် လူမှုအဖွဲ့အသည်း ပေါင်း ၄၄၅ ခုရှိပြီး ဗလီဝတ်ကျောင်း ၁၆၀ ရှိကြောင်း ဝီကီရဲ့ ဖော်ပြချက်များအရသိရှိရပါသည်။

    ဓါတ်ပုံအညွှန်း- ၁၄ ရာစုနှစ်က တည်ဆောက်ခဲ့သည့် ယူကရိန်း နိုင်ငံ၏ ရှေးအကျဆုံး ဗလီဝတ်ကျောင်းဖြစ်သော  Ozbek Han Mosque
    တည်ဆောက်ခဲ့သည့်  AD-1314

    Ref: http://islam.ru