မတ် ၁၊ ၂၀၁၄
M-Media
– လက်ရှိတွင် မငြိမ်သက်မှုများဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသ ဆင်မ်ဖီရိုပိုလ်မြို့တော် အနီးရှိ စစ်အခြေအစိုက်စခန်းသို့ စစ်သား ၂၀၀၀ ခန့်ကို ရုရှားလေယာဉ်များမှ ချပေးခဲ့ပြီး ရုရှားမှာ လက်နက်ကိုင် ကျူးကျော်မှုကို လုပ်ဆောင်နေသည်ဟု ယူကရိန်းအစိုးရ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောဆိုလိုက်သည်။
“တစ်စီးမှာ စစ်သား ၁၅၀ ပါတဲ့လေယာဉ် ၁၃ စင်း (ဆင်မ်ဖီရိုပိုလ်မြို့အနီး)Gvardeyskoye လေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်” ဟု ခရိုင်းမီးယားဒေသဆိုင်ရာ ယူကရိန်းသမ္မတ၏ အထူးကိုယ်စားလှယ် ဆာဂျီ ကူနစ်ဆန်က ATR ရုပ်သံချန်နယ်သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ထိုကဲ့သို့ စစ်တပ်များချထားပြီးနောက် လေဆိပ်အား ပိတ်ထားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ယူကရိန်း၏ ယာယီသမ္မတ အိုလက်ဆန်ဒါ တာချီနော့ဗ်ကလည်း ရုရှားအနေဖြင့် ပြောင်ပြောင်တင်းတင်း ၀င်ရောက်ကျူးကျော်သည်ဟု စွပ်စွဲခဲ့ပြီး ၂၀၀၈ ခုနှစ် ဂျော်ဂျီယာစစ်ပွဲမတိုင်ခင် ရုရှားလူမျိုး အများစုရှိရာ Akhazia ဒေသအား ခွဲထုတ်ခဲ့သည့် လုပ်ရပ်အတိုင်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ ရန်စခြင်းများအား ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်းခဲ့သည်။
ခရိုင်းမီးယားဒေသရှိ အဓိကလေဆိပ်နှစ်ခုဖြစ်သည့် ဆင်မ်ဖီရိုပိုလ်မြို့မှ နိုင်ငံတကာလေဆိပ်နှင့် ဆီဗက်စ်တိုပိုလ်မြို့မှ စစ်တပ်လေယာဉ်ကွင်းတို့အား ရုရှားရေတပ်မှ တပ်သားများက သိမ်းပိုက်ခဲ့သည်ဟု ယူကရိန်းပြည်ထဲရေး ၀န်ကြီး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ခရိုင်းမီးယားဒေသ မတည်ငြိမ်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ လစ်ယူယေးနီးယားနိုင်ငံ၏တောင်းဆိုမှုကြောင့် လုံခြုံရေးကောင်စီ အရေးပေါ် တံခါးပိတ်ဆွေးနွေးပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ပြီး၊ ကုလဆိုင်ရာ ယူကရိန်းသံအမတ် ယူရိ ဆာဂျီယက်ဗ်က ခရိုင်းမီးယားဒေသသို့ ရုရှားတပ်များဝင်ရောက်နေပြီး လေဆိပ်နှစ်ခုစလုံးမှာလည်း ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ၊ ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၁ စီးပင် နိုင်ငံအတွင်းသို့ ရောက်နေသည်ဟု သတင်းထောက်များအား ၀န်ခံပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဘာရက် အိုဘားမားကမူ ရုရှားတပ်များ လှုပ်ရှားနေမှုကို အလွန်စိုးရိမ်မိပြီး၊ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးစော်ကားခြင်းမှာ ထင်ရှားသော နှောက်ယှက်မှုပင်ဖြစ်သည်ဟု ယမန်နေ့တွင်ပြောကြားခဲ့သည်။
Ref: Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.