News @ M-Media

Tag: D-Rose

  • “ယုံကြည်မှု” သည်အစွမ်းထက်သော ဆေးဝါးတစ်လက်

    “ယုံကြည်မှု” သည်အစွမ်းထက်သော ဆေးဝါးတစ်လက်

    ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၅
    နှင်းဆီခင် ရေးသည်။
    faith-2
    လူသားအသီးသီးမှာ (အများစုက) အားကိုးယုံကြည်မှုဆိုတာ ရှိစမြဲပါပဲ။ ရုပ်ဝတ္တုပစ္စည်းအနေနှင့် အကောင်အထည် လက်ဆုပ်လက်ကိုင် ပြလို့မရသည့်တိုင် လေးနက်တဲ့ ယုံကြည်မှုရဲ့အနှစ်အရသာကိုတော့ ရင်မှာခံစားလို့ ရနိုင်ပါတယ်။ သိပ္ပံပညာရဲ့ဆန်းသစ်တဲ့ တီထွင်ကြံဆမှုတွေအကြားမှာ စိတ်နှင့်သာ ခံစားသိမြင်နိုင်တဲ့ နာမ်တရားဟာလည်း ရှင်သန်လျက်ပါပဲ။

    လော့အင်ဂျေလိပ်မြို့မှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ အမျိုးသမီးအုပ်စုတစ်စုဟာ အပတ်စဉ် စည်းရုံးကြပြီး ကိုယ်လက် လှုပ်ရှားမှုတွေကို လေ့ကျင့်ရုံသာမက စိတ်ကိုလေးနက်တည်ငြိမ်စေတဲ့ တရားထိုင်ခြင်းများကိုပါ ပူးတွဲလေ့ကျင့်ကြတယ်။ နီဗါးဒါးတက္ကသိုလ် လက်ထောက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ရီနိုဟာဆုတောင်းခြင်းနှင့် ရိုးရာနည်း ကိုယ်လက်လှုပ်ရှားမှုနှင့်ကုသတဲ့ နည်းတွေကို နှိုင်းယှဉ်လေ့လာခဲ့တယ်။ သသနာပြုဆရာမတစ်ဦးဖြစ်တဲ့ ရိုဗာတာဟာ ဆုတောင်းမေတ္တာပို့သခြင်းနှင့် ညင်သာတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ရရှိတဲ့အေးချမ်းမှုကိုသိရှိခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဝေဒနာရှင်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိအောင် ကူညီသင်ကြားပေးခဲ့တယ်။

    မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာတရားအပေါ် အလေးအနက် ယုံကြည်ကိုးစားခြင်းဟာ လောကီချမ်းသာကို ပေးနိုင်တယ်လို့ ယေဘုယျ အနေနှင့် သတ်မှတ်သည်ပဲထား၊ အာဂန္တုရောဂါပဲဖြစ်ဖြစ် နာတာရှည်ရောဂါပဲဆိုဆို သက်သာပျောက်ကင်းနိုင်တဲ့အချက်ကို သိပ္ပံပညာရှင်တွေက အာရုံစိုက်ပြီး လေ့လာဆန်းစစ်ကြတယ်။

    “ကျွန်တော်တို့ဟာ သိပ္ပံနည်းကျကျ သက်သေပြလို့ မရတာကတော့ ဘုရားသခင်ဟာ ဝေဒနာတွေကို ပျောက်ကင်းစေတယ်ဆိုတာပါပဲ။ သက်သေပြနိုင်တာ တစ်ခုကတော့ ဘုရားသခင်ကို အလေးအနက် ယုံကြည်မှုရှိခြင်းကတော့ ထိရောက်တဲ့အကျိုးဖြစ်ထွန်းမှု ရှိတယ်ဆိုတာပါပဲ။”လို့ ဝါရှင်တန်ဆေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာဒေးလ် မက်သယူးက ကြေငြာတယ်။ နောက်ပြီး ဘာသာတရားအပေါ်အလေးအနက် ယုံကြည်မှုရှိခြင်းဟာ လူသားတွေကို ပိုပြီးကျန်းမာလာစေနိုင်တယ်ဆိုတာ ယုံမှားသံသယမရှိပါဘူးလို့လည်း ပြောပါတယ်။

    ဘာသာတရားအပေါ်ယုံကြည်မှုနှင့် ကျန်းမာရေးဆက်စပ်မှုကို သိပ္ပံသုတေသီတွေက လက်တွေ့လေ့လာမှုပေါင်း သုံးဆယ်ကျော် ဆောင်ရွက်ပြီးတဲ့နောက်မှာ အသက်ရှည်ကျန်းမာခြင်းဆိုတာကို လေ့လာဆန်းစစ်လို့ သိရှိခွင့်ရခဲ့တယ်။ ကယ်လီဖိုးနီးယားမှာနေထိုင်သူ ၅၂၈၆ ဦးကို သုတေသနပြုတဲ့အခါ ဘုရားရှိခိုးကျောင်းမှန်မှန်တက်သူတွေဟာ တက်ရောက်ခြင်းမရှိသူတွေထက် သေပျောက်နှုန်းလျော့နည်းတယ်လို့ သိရတယ်။ အသက်အန္တရယ်များလှတဲ့ ဆေးလိပ်၊ အရက်သောက်သုံးမှုနှင့် အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း တို့ကိုတော့ထည့်မစဉ်းစားဘူးပေါ့။

    ကင်ဆာရောဂါခံစားနေရသူ (၈) ဦးမှာ ဘာသာတရားကိုင်းရှိုင်းသူ၊ ဝေဒနာရှင် (၇) ဦးဟာ ဆိုးရွားတဲ့ရောဂါလက္ခဏ မတွေ့ရပါဘူး။ အလားတူပါပဲ သွေးတိုးရောဂါဖြစ်သူ (၅) ဦးမှာ (၄) ဦး၊ နှလုံးရောဂါသည် (၆) ဦးမှာ (၄) ဦးနှင့် အထွေထွေရောဂါသည် (၅) ဦးမှာ (၄) ဦးဟာ ဘာသာတရားကို လေးစားယုံကြည်စိတ် ပြင်းပြသူတွေဖြစ်ကြပြီး ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရသောကြောင်း လေ့လာဆန်းစစ်ထားတယ်။

    ဘာသာတရား ယုံကြည်လေးစားမှုနှင့် ကျန်းမာရေးတို့အကြား ဆက်သွယ်မှုမှာ ကိုးကွယ်ရာဘာသာ၊ ရေမြေဒေသ ယဉ်ကျေးမှုနှင့် အသက်အရွယ် စတာတွေနှင့် လုံးဝပတ်သတ်မှုမရှိဘူးဆိုတာကို လေ့လာမှု ၂၀၀ ကျော်လုပ်ပြီး သိရှိခဲ့ရတယ်လို့ အတိအလင်းကြေငြာခဲ့တယ်။

    ၁၉၃၀ နှင့် ၁၉၈၀ ခုနှစ် အကြား နာတာရှည်ဝေဒနာသည်တွေကို စူးစမ်းလေ့လာတဲ့ အခါမှာတော့ … အမေရိကန်ပြည်ထောင်စုက ပရိုစတက်တစ်တွေ၊ ဥရောပက ရိုမန်ကက်သလစ်တွေ၊ ဂျပန်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနှင့် အစ္စရေးနိုင်ငံက ဂျူးလူမျိုးတွေ (ကလေး၊ လူကြီးအပါအဝင်) ပါဝင်ပါတယ်။ ဆုတောင်းခြင်းက ရောဂါဝေဒနာကို ဘယ်လိုပျောက်ကင်းစေပါသလဲ ဆိုတဲ့အကြောင်း ကျွမ်းကျင်သူတွေက ဖြေရှင်းချက်များစွာပေးခဲ့တယ်။ တစ်နည်းပြောရရင် ယုံကြည်လေးစားမှုဟာ ဘာကြောင့်များ စွမ်းအားထက်လှတဲ့ အကာအကွယ်တစ်မျိုး ဖြစ်နေတာလဲဆိုတာကိုပေါ့။

    ဘာသာရေးဆိုင်ရာ စုဝေးဝတ်ပြုခြင်းများဟာ လူအများနှင့်ထိတွေ့ဆက်ဆံတာကို လေးနက်စေတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အဆင်ပြေဖို့ဆိုတာ သက်ရှည်ကျန်းမာခြင်းက အဓိကသော့ချက်ပဲလေ။ ယုံကြည်လေးစားမှုဟာ မျှော်လင့်ချက်အတွက် အသိအာရုံဖြစ်ပေါ်စေတဲ့အပြင် စိတ်ဖိစီးမှုဒဏ်ကို ထိန်းသိမ်းပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကိုလည်း ထိန်းသိမ်းနိုင်စွမ်းရှိတယ်။ ဘုရားသခင်ကို အာရုံပြုစုတောင်းနေသူဟာ သွေးတိုးနှုန်း၊ အစာချေဖျက်မှု နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းတွေ လျော့ကျနေတာမို့ စိတ်ရောလူပါ အပန်းပြေပြီး အသက်သာဆုံး အနေအထားမှာ ရှိနေပါတယ်လို့ ဒေါက်တာဟားဗတ်ဘင်ဆန်က ဆိုပါတယ်။ အလားတူပဲ စိတ်ပုတီးစိပ်ရင်း၊ တစ်စုံတစ်ခုသော တရားစာသား ဝေါဟာရတွေကို အဆက်မပြတ် ရွတ်ဆိုခြင်းကလည်း လူရောစိတ်ပါ အပန်းဖြေစေနိုင်ပါတယ်တဲ့။

    တခြားသူအတွက် ဆုတောင်းပေးခြင်းကရော ဝေဒနာကို လျော့ပါး သက်သာစေသလားဆိုတာ ဆေးပညာရှင်တွေက သုတေသနပြုကြပြန်တယ်။ နှလုံးရောဂါ ခံစားနေရသူတွေ (ဆန်ဖရန်စစ္စကို ဆေးရုံကြီးမှာ)ကို အုပ်စုနှစ်စု ခွဲလိုက်တယ်။ ပထမအုပ်စုကတော့ နိုင်ငံဝန်းကျင်အနှံ့မှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဆုတောင်းပေးခြင်းကိုခံရသူတွေ၊ ဒုတိယအုပ်စုကတော့ အဲဒီလို မဟုတ်ဘူး။ လူနာတွေကတော့ ဘယ်အုပ်စုမှာပါဝင်ခွင့်ရမယ်ဆိုတာကြိုပြီး သိမထားကြဘူး။

    လက်တွေ့မှာသိရတာက ဆုတောင်းပေးခြင်းခံရတဲ့အုပ်စုမှာ ပါဝင်သူတွေဟာ အဆုတ် အအေးမိတာ၊ နှလုံးထိခိုက်တာနှင့် နှလုံး ရပ်ဆိုင်းတာ နည်းပါးသလို ပဋိဇီဝဆေးသုံးစွဲရမှုလည်း လျော့နည်းတာကို တွေ့မြင်ရတယ်။ ဆရာဝန်တွေဟာ ဘာသာတရားကို အလေးအနက်ယုံကြည်သူ ဖြစ်သင့်တယ်လို့ ဆေးပညာရှင်တစ်ယောက်က မှတ်ချက်ချတယ်။ ဒါမှလည်း သူ့လူနာတွေအတွက် သီးသန့်ဆုတောင်းပေးမှာပါ။ နောက်ပြီး ဆရာဝန် (၂၆၉) ဦးကို ကွင်းဆင်းလေ့လာလို့ သိရှိရတဲ့အပြင် ကုသမှုပိုင်းဆိုင်ရာမှာ ထိရောက်လှတာကိုလည်း အထူးကုသမားတော်ကြီးတွေရဲ့ (၉၉) ရာခိုင်နှုန်းက ဆေးပညာညီလာခံတွေမှာ အတိအလင်းပြောကြတယ်။ ဆရာဝန်တစ်ဦးဆီရဲ့ သီးခြားအတွေ့အကြုံတွေကတစ်ဆင့် သိရှိရတာကတော့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ဖို့ ဘုရားသခင်က ကြားဝင်ပေးလေ့ရှိပါတယ်လို့ ဖြေကြားကြတယ်။ ဆုတောင်းခြင်းဟာ ဆေးကုသရာမှာ အစွမ်းထက်တဲ့ ကိရိယာတစ်မျိုးပါပဲတဲ့။ ဆေးပညာရဲ့ ရုပ်ပိုင်းဆိုင်ရာအစွမ်းဟာ ချိန်သီးလွှဲသလို တစ်ဖက်ကိုမြင့်တက်သွားသလောက် ယုံကြည်မှုပိုင်းအနေနှင့် တခြားတစ်ဖက်ကို ပြန်လိုလွှဲသွားသလိုပါပဲလို့လည်း ဆိုပါတယ်။ (ခွဲစိတ်ခန်းမဝင်ခင်) လေးလေးနက်နက် ဆုတောင်းခြင်းဟာ ထိရောက်အကျိုးများလှပါတယ် ဆိုတဲ့အကြောင်း။

    Ref: Phyllis Mc Intosh “Faith is Powerful Medicine”

    နှင်းဆီခင်

  • ကြီးနိုင်ငယ်ညှင်းတဲ့လား

    ကြီးနိုင်ငယ်ညှင်းတဲ့လား

    ဖေဖော်ဝါရီ ၄ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင် ရေးသည်။
    stop-bully-logo
    အလေ့အထတစ်ခုလို့ ပြောရမလား၊ သဘာဝတရားလို့ပဲ ဆိုမလား၊ အားသာသူက အားနည်းနိမ့်ပါးသူကို တစ်နည်းနည်း အနိုင်ယူ တတ်ကြတယ်။ ခွန်အားဗလကြီးသူက အားအင်ချည့်နဲ့သူကို ဗလအားကိုးနှင့် အနိုင်ယူသလို ငွေကြေးပြည့်စုံသူက ဆင်းရဲနွမ်းပါးသူကို အဖတ်မလုပ်၊ ထေ့ငေါ့တာမျိုးလည်း ရှိတတ်တယ်။ ဒီလိုပါပဲ ရုပ်ပိုင်းဆိုင်ရာ အားသာသူက ကျန်တဲ့သူတွေကို လျှော့တွက်ကြသည်ပဲပေါ့။ (လူတိုင်းကိုမဆိုလိုပါ)။ ကြီးနိုင်ငယ်ညှင်းတယ် ဆိုရာမှာ ထင်သာမြင်သာတဲ့ နှိပ်စက်ဒဏ်ခတ်ခြင်းမျိုးသာမကဘဲ စကားလုံးတွေနှင့် လည်း နှိပ်စက်နိုင် သည်ပဲပေါ့။ နှလုံးသားထဲ စူးနစ်ဝင်အောင် ပြင်းပြင်းထန်ထန် ခံစားရခြင်းဟာ ကိုယ်ခန္ဓာကို အနာတရဖြစ်စေတာထက် နာကျင်ခံစားရတယ်ဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ။

    တကယ်တမ်းပြောရရင် အသက်အရွယ်နှင့် အတွေ့အကြုံ ရင့်ကျက်လာသူတွေ၊ ညဏ်အမြော်အမြင်တွေနှင့် ဆင်ခြင်တတ်သူတွေဟာ ညှင်းပန်းဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြတယ်။ အရာရာကို ယထာဘူတကျကျ တွေးချင့်ပြီး ဥပေက္ခာပြုနိုင်ကြတာကြောင့် ပဲပေါ့။ စကားလုံးတွေနှင့် ထိုးနှက်ခံရတဲ့အခါ လေစကားလေထဲပျောက် သဘောမျိုးထားလိုက်ပြီး ဦးနှောက်ထဲက အပြီးထုတ်လိုက်ရော။ ထုတ်ပစ်ဆို ကိုယ့်ရဲ့အဖိုးတန်အချိန်တွေနှင့် အင်အားကို အလဟာသ ဖြုန်းတီးမပစ်ချင်တာလည်း တစ်ကြောင်းပေါ့။

    လူလတ်လူငယ် တော်တော်များများကတော့ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းနှင့် အနာဂတ်ဘဝ သာယာလှပဖို့အတွက် အာရုံစူးစိုက်လေ့ ရှိကြတယ်။ ကြုံလာသမျှ လောကဓံရဲ့အထိုးအနှက်ကို လုံးဝမခံစားရဘူးလို့ မဆိုနိုင်ပေမယ့် ဆင်ခြင်ဥာဏ်သုံးပြီး ထိန်းနိုင်စွမ်းရှိတယ်။ ဘဝအမောနှင့် သောကတွေကို စိတ်လက် ပေါ့ပါးသွားအောင် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ကြတယ်။ ယုံကြည်အားကိုးထိုက်သူ တစ်ယောက်ကို အားပါးတရ ရင်ဖွင့်ပြောပြလိုက်တာနှင့်ပဲ ရင်ထဲမှာခံစားနေရတဲ့ ကြီးနိုင်ငယ်ညှင်း ဒဏ်ကို လျော့ပါးသက်သာသွားအောင် လုပ်တယ်။ အကြံဥာဏ်ကောင်းတွေ ရယူတယ်။ ကိုယ့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစား လေ့ကျင့်ယူတယ်။ ဒါပေမယ့် အတွေးနုပြီး အငိုအရယ်မြန် ခံစားလွယ်တဲ့ ကလေးဘဝကိုလည်း လစ်လျူရှုထားလို့မရပြန်ဘူး။ အထူးသဖြင့်တော့ မိဘရင်ခွင်ကနေ ဦးဆုံးခွဲခွာစကာလအချိန်၊ မူကြိုအရွယ်ကလေးတွေပဲပေါ့။ ကလေးတွေဟာအန္တရာယ်ဖြစ်လောက်တဲ့ ရန်လိုမှုတွေကို မူကြိုကျောင်းမှာ ခံစားရတယ်ဆိုပါတော့။ အဲဒါတွေကို ကလေးသူငယ် ပြုစုစောင့်ရှောက်သူတွေအနေနဲ့ လစ်လျူရှုထား လိုက်မယ်ဆိုရင် ဒါဟာ ကြီးနိုင်ငယ်ညှင်းလုပ်ခြင်းကို အားပေးတဲ့သဘော ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။ အဲဒီကနေ ဆယ်ကျော်သက် အရွယ်ကို ရောက်လာတဲ့အခါ နိုင်ထက်စီးနင်းလုပ်ချင်တဲ့ဆန္ဒက အမြစ်တွယ်သွားတတ်တယ်။ အနိုင်အထက် ပြုလုပ်တာမျိုးတွေ ဟာ နေ့ကလေးထိန်းကျောင်းတွေနှင့် မူကြိုကျောင်းတွေမှာလည်း ရှိပါလားဆိုပြီးတချို့က အံ့သြကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နှစ်၊ သုံးနှစ်အရွယ်ကလေးတွေကလည်း တစ်ယောက်နှင့်တစ်ယောက် အနိုင်ကျင့်တတ်သလို၊ အနိုင်ကျင့်တာလည်း ခံရတတ်တယ်ကိုး။ တကယ်တော့ ကလေးအရွယ်မှာကလေးတိုင်း အပြစ်ကင်းစင်ကြတယ်လို့ ယေဘုယျအနေနှင့် ထင်မှတ်ထားတာလည်း တစ်ကြောင်းပေါ့။

    ဥပမာဖြစ်ရပ်လေးတွေ လေ့လာကြည့်ရအောင်ပါ။ ကလေးပြုစုစောင့်ရှောက်ရေး ဌာနတစ်ခုမှာပေါ့ ဆရာမက အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဘောလုံးတစ်လုံးပေးလိုက်တဲ့အခါ တခြား(အရွယ်နည်းနည်းကြီးတဲ့) ယောက်ျားလေးတစ်ယောက်က မိန်းကလေးလက်ထဲက ဘောလုံးကိုလုယူလိုက်တယ်။  ဒါပေမယ့် မိန်းကလေးက လျှောက်သွားပြီး ကစားစရာအရုပ်လေးတစ်ရုပ်ကို ယူလိုက်တယ်။ ဒါကိုလည်း အဲဒီယောင်္ကျားလေးက လုယူလိုက်ပြန်ရော။ ခဏလေးကြာတဲ့အခါ ဒုတိယ ယောင်္ကျားလေးတစ်ယောက်က ပထမကလေးဆီက ဘောလုံးကိုလုယူလိုက်တော့ ပြန်ရအောင် ကြိုးစားတယ်။ ဒါပေမယ့် မရတဲ့အခါ လက်လျှော့ပြီးထွက်သွားတယ်။ အဲဒီဖြစ်ရပ်အားလုံးကို ဆရာမက အသေအချာမြင်တယ်။ ဒါပေမယ့် ဘာမှမဟန့်ဘူး။

    နောက်ဖြစ်ရပ်တစ်ခုကတော့ လေးနှစ်အရွယ်ကလေးတွေက သစ်သားတုံးတွေနှင့် အိမ်ဆောက်တမ်း ကစားနေကြတယ်။ အဲဒီအချိန်မှာ တခြားကလေးတွေထက် ခေါင်းတစ်လုံးစာပိုမြင့်ပြီး ဝဝတုတ်တုတ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရောက်လာပြီး ကလေးတစ်ယောက် စီထားတဲ့ သစ်သားတုံးလေးတွေကို ခြေထောက်နှင့်ကန်ပစ်လိုက်တယ်။ ကောင်လေးက ဘာမှပြန်မလုပ်ဘူး။ ကျန်တဲ့ သစ်တုံးလေးတွေနှင့် ဆက်ပြီးကစားနေလိုက်တယ်။ ကောင်မလေးက တခြားကလေးနှစ်ယောက်ဆီသွားပြီး သူတို့ရဲ့သစ်သားတုံးလေးတွေ ပြန့်ကျဲသွားအောင် ကန်ပစ်လိုက်တယ်။ အဲဒီကလေးနှစ်ယောက်ကလည်း ဘာမှပြန်ပြီးမတုန့်ပြန်ကြပါဘူး။

    တကယ်တော့ နိုင်ထက်စီးနင်းလုပ်တယ်ဆိုတာဟာ ရန်လိုတဲ့အပြုအမူတစ်ခုဖြစ်ပြီး ခွန်အားမညီမျှခြင်းဟာ အပြစ်ကျူးလွန်သူကို မျက်နှာသာပေးတဲ့ သဘောပါပဲလို့ သတ်မှတ်ထားတယ်။ ဒါဟာ တရားမျှတမှုမရှိတဲ့လုပ်ရပ်ပါပဲ။ အထူးသဖြင့်တော့ ကလေးတွေအကြား နိုင်ထက်စီးနင်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်ပြီး အနိုင်ယူတာမျိုးပဲပေါ့။ တစ်စုံတစ်ယောက်ကို (နှိမ်တဲ့သဘောနှင့်) နာမည်ပြောင်ခေါ်တာ၊ မခံချင်အောင် တမင်တကာ နောက်ပြောင်ကျီစယ်တာတွေဟာ ကြီးနိုင်ငယ်ညှင်းလုပ်တဲ့ သဘောပါပဲ။

    “ထွက်သွားစမ်း” “နင့်မျက်နှာကိုငါမမြင်ချင်ဘူး” ဆိုတဲ့စကားရပ်တွေဟာ လူငယ်တွေအတွက် အခံရခက်လွန်းပါတယ်။ အားမတန်လို့ ပြန်မပြောသာလို့သာ ငြိမ်နေလိုက်မယ်။ ရင်ထဲမှာတော့ ကြိတ်မနိုင်ခဲမရ ဖြစ်မိတာအမှန်ပါပဲ။ ဒီလိုပါပဲ ကလေးဘဝတုန်းကဆို  “သွားသွား၊ နင်နဲ့မကစားချင်ဘူး” ဆိုတဲ့စကားတစ်ခွန်းကြောင့် သိပ်ကိုခံစားရသည်ပေါ့။ အဲဒီလိုစကားလုံးတွေနှင့် အနိုင်ကျင့်တာ၊ ကိုယ်ထိလက်ရောက်စော်ကားတာတွေကို မြင်လိုက်ရတာနှင့် တစ်ပြိုင်နက်တရား မျှတအောင် ဖြေရှင်းဆောင်ရွက်ပေး ရမှာက မိဘတွေ၊ လူကြီးသူမတွေနှင့် ကလေးပြုစုစောင့်ရှောက် သူတွေပဲပါပဲ။ ပေါ့ပေါ့တန်တန် သဘောထားပြီး မမှန်မကန်ဖြေရှင်းပေးတာ၊ လစ်လျူရူနေလိုက်တာတွေဟာ ကလေးတွေရဲ့ရင်ထဲမှာ စိတ်ဒဏ်ရာ ရသွားတတ်တာမို့ ဒီကိစ္စမျိုးတွေဟာ သာမန်လို့ထင်ရသည့်တိုင်ဘဝမှာ သိပ်ကိုအရေးပါပါတယ်။

    ငယ်ငယ်လေးကတည်းက အနိုင်ကျင့်ခံခဲ့ရဖန်များတဲ့အခါ လူငယ်ဘဝရောက်လာရင်လည်း သိမ်ငယ်စိတ်က လွှမ်းမိုးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘဝမှာအောင်မြင်သူဖြစ်လာဖို့ ငယ်ဘဝဟာ သိပ်ကိုအရေးကြီးတဲ့ အချိန်ကာလဆိုတာ မမေ့သင့်ဘူး။ နောင်တစ်ချိန်မှာ မိဘနေရာကို ရောက်လာကြမယ့် လူငယ် လူရွယ်တွေအနေနှင့်လည်း နိုင်လိုမင်းထက်လုပ်တာ၊ ဒါမှမဟုတ်ခံရတာတွေကို အလေးထား ဆင်ခြင်သင့်တယ်ဆိုတဲ့အကြောင်း ……။

    နှင်းဆီခင်

  • တေးဂီတရဲ့စွမ်းပကား

    တေးဂီတရဲ့စွမ်းပကား

    ဇန်နဝါရီ ၂၇ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင် ရေးသည်။
    Specific-music-notes-DNA-300x199
    လောကမှာရှိတဲ့ အရာတွေတော်တော်များများကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခံစားနိုင်ပါတယ်။ ဒါကလည်း ထင်သာမြင်သာ ရှိတာမို့ ငြင်းမရဘူးလေ။ ဒါပေမယ့် နှလုံးသားထဲကို နစ်ဝင်ထိရှပြီး ခံစားနိုင်တဲ့ အရာတွေဟာလည်း နှုတ်ကပြော မရသည့်တိုင် ရှိနေကြဆဲပါ။ ဆိုပါစို့ သံယောဇဉ်ဖွဲ့ခြင်း၊ အကြင်နာ၊ မေတ္တာ စတာတွေအပြင် တေးဂီတသံဟာလည်း တစ်ခု အပါအဝင်ပါပဲလို့ သုတေသနပညာရှင်တွေက အဆိုပြုကြတယ်။

    ကောင်းပြီ။ တေးဂီတသံနှင့် ပတ်သက်လို့ ဆန်းစစ် လေ့လာထားကြတဲ့ ပညာရှင်တွေရဲ့အာဘော်ကို ကြည့်ကြရအောင်ပါ။ တေးဂီတဟာ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို နိုးကြားသန်စွမ်းစေနိုင်ပါတယ်တဲ့။ အထူးသဖြင့်တော့ ဦးနှောက်ရဲ့အပြင် လျှာဆောင်ရွက်မှုတွေဖြစ်တဲ့ အာရုံစူးစိုက်မှုနှင့် ဥာဏ်ရည် (အိုင်ကျူ) ကို တိုးတက်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။

    စိတ်ဝေဒနာ ခံစားနေကြရသူတွေ ဆေးပညာရှင်တွေက ခေတ်မီနည်းပညာ၊ ဆေးဝါး စတာတွေနှင့် ကုသကြတဲ့အခါ ကုထုံးတစ်ခု အပြင် တေးဂီတကို အသုံးပြုလေ့ရှိတယ်။ တစ်နည်းပြောရရင် ဂီတသံဟာ အစွမ်းထက်တဲ့ ဆေးဝါးတစ်လက်လို့ ဆိုနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွင့်ပျံ့နေတဲ့ စိတ်အာရုံကြောင့် စိတ်ကစဥ့်ကလျား ဖြစ်နေတာတွေကို စုစည်းမှုရှိပြီး အာရုံစိုက်လာအောင် ကိုတော့ တေးဂီတသံနှင့် အကူအညီယူပြီး ကုသနိုင်တာကြောင့်ပါပဲ။ ဆေးပညာရှင်တွေရဲ့ ကုထုံးဆန်းသစ်မှုတွေအရ သိရတာကတော့ အာရုံကြောထိခိုက်မှုကြောင့် ဖြစ်ပွားလာရတဲ့ ကိုယ်၊ လက်၊ အကြောလေးခြင်း၊ စကားပြော မရတော့တာမျိုးတွေကို တေးဂီတ အသံအကူအညီယူပြီး သက်သာလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဂီတတေးသွားဟာ အရေးပါတဲ့ကုထုံးအဖြစ် အာရုံကြောထိခိုက်လို့ ခြေလက် လှုပ်ရှားမရ လမ်းလျှောက် မရတာမျိုးကို အကြောတွေပြန်ပြီး သန်စွမ်းစေရာမှာ အသုံးချပါတယ်။

    အသက်အရွယ်ရလာသူ သက်ကြီးပိုင်းတွေအတွက်လည်း တေးဂီတသံဟာ ထိရောက်မှုရှိလှပါတယ်လို့ ဆိုပြန်တယ်။ အထူးသဖြင့်တော့ အသက်ရလာလော သတိချို့ယွင်းပြီး မေ့မေ့လျော့လျော့ ဖြစ်လာလေမို့ (အသက်ကြီးသူတိုင်းမဟုတ်ပါ) တေးဂီတကိုအသုံချတာဟာ အထောက်အကူဖြစ်ကြောင်း သိရပါတယ်။ သာမန်အခြေအနေမှာဆိုရင်ပေါ့ အသက်အရွယ်ကြီးရင့်သူ အများစုဟာ အင်အားကုန်ခန်း သလိုဖြစ်ပြီး နားနားနေနေလေးပဲ နေချင်ကြတယ်။ ဒါပေမယ့် သူတို့တစ်တွေရဲ့ ငယ်ဘဝတုန်းက ခေတ်စား ခဲ့တဲ့ မြူးမြူးကြွကြွ တေးစာသားလေးတွေ ကို ကြားလိုက်ကြရတဲ့အခါ ဦးခေါင်းကိုမော့ (အရင်ကခေါင်းငိုက်စိုက်ချချင် ချထားတယ်) နောက်ပြီး ခေါင်းကိုလည်း တေးသွားအလိုက် ဘယ်ညာယိမ်းလားယိမ်းရဲ့၊ လက်ချောင်းကလေးတွေကို စည်းချက်ကျကျ လှုပ်ရှားလား လှုပ်ရှားရဲ့တေးဂီတသံမှာနစ်မျောနေတာမျိုးတွေကို တွေ့မြင်ရမှာပါ။

    မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာလည်း တေးဂီတဟာတော်တော်လေးကို အသုံးတည့်တယ်။ အထူးသဖြင့် နောက်ခံတေးသွားတစ်ခုခုကို အာရုံခံစားရာက ကိုယ့်ရဲ့မေ့လျော့နေတဲ့ အကြောင်းအရာတွေ အတိတ်က (ငယ်စဉ်ဘဝမှာ) အဖြစ်အပျက်တွေကို ပြတ်ပြတ်သားသား အမှတ်ရလာနိုင်တယ်လေ။ ဒါဟာ ဦးနှောက်ပိုင်းဆိုင်ရာကို နှိုးဆွပြီးလှုပ်ရှားစေတာကြောင့်ပါပဲ။

    ကလေးသူငယ်တွေအတွက်တော့ တေးဂီတဟာ တကယ့်ကိုထိရောက်တဲ့ သင်ထောက်ကူပစ္စည်း တစ်မျိုးလို့ ဆိုနိုင်တယ်။ ဂီတသင်ခန်းစာကို (ကျောင်းဘာသာရပ်တွေ အပြင်) အပိုဘာသာရပ်မှာပိုပြီးတော်လာတာ (၂၅-ရာခိုင်နှုန်းလောက်အထိ ပိုတယ်)ကို ပညာရှင်တွေက လေ့လာဆန်းစစ်သိရှိရပါတယ်တဲ့။ ဒါ့အပြင် တေးဂီတဟာ ကြောက်ရွံ့ စိုးရိမ်တတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း စတာတွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ ရှေးတရုတ်လူမျိုးတို့ရဲ့ သံစဉ်ငါးမျိုးတီးခတ်မှုဟာ ကိုယ်ခန္ဓာအတွင်းက အစိတ်အပိုင်းတွေကို ဆွဲငင်ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြတယ်။

    တစ်စုံတစ်ခုကြောင့် ဒဏ်ရာအနာတရဖြစ်ပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရသူများ အတွက်တော့ တေးဂီတရဲ့အစွမ်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ သက်သာခွင့်ရစေခဲ့ပါတယ်။ ဂီတသံစဉ်တွေဟာ လူကိုယ် ခန္ဓာမှာဖြစ်ပွားနေတဲ့ သွေးတိုး၊ သွေးခုန်နှုန်းတွေကို သက်သာလျော့ပါးစေရုံသာမက ကြွက်သားလှုပ်ရှားမှုကိုလည်း ထိန်းပေးနိုင်စွမ်းရှိတယ်လို့ ဆိုတယ်။

    တကယ်တမ်းပြောရရင် တေးဂီတဆိုတာ လက်ဆုပ်လက်ကိုင် ဖော်ပြလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိစေနိုင်တယ်။ မူကြိုအရွယ်ကလေးတွေ (အသက် ၂-နှစ်ကနေ ၅-နှစ်အတွင်း) အတွက်တော့ တေးသီချင်းတွေနှင့် သီဆိုလေ့ကျင့်ပေးတာက သင်ခန်းစာတွေကိုပိုပြီး အလွယ်တကူမှတ်သားမိပြီး တတ်မြောက်လွယ်တာကို အခိုင်အမာဆန်းစစ်ထားတာ သိရှိရတယ်။ လူတစ်ယောက်ရဲ့ဘဝဟာ ဂီတနှင့် ယဉ်ပါးခဲ့ရတာအမှန်ပါပဲလို့ ဆိုလေ့ရှိကြတယ်။ ယဉ်ပါးဆို ကလေးဘဝကတည်းကပဲ အမေတို့ရဲ့သားချော့တေးတွေ တွင်တွင်ဆိုရင်း သားသမီးလေးတွေကို ချော့မြှူယုယခဲ့ကြတာကိုး။ ကလေးဘဝမှာတော့ အမေတို့ရဲ့နှုတ်ဖျားက တေးသီချင်းတွေနှင့် လူကြီးဘဝကို စတင်ခဲ့ကြရသည်ပဲလေ။ အမေတို့ကလည်း သားသမီးလေးတွေ အကြိုက်လိုက်ပြီး (သီချင်းမဆိုတတ်သည့်တိုင်) ဆိုဖြစ်သွားကြတာချည်းပေါ့။

    လူ့သဘာဝပဲဆိုပါတော့ တေးသီချင်း တစ်ပုဒ်ကို အစကနေအဆုံးအထိ မရဘူးပဲထား၊ ကိုယ်ရသလောက် သီချင်းစာသားတွေ၊ တေးသွား အလိုက်လေးတွေကို ဆိုမိညည်းမိတတ်ကြသည်။ ဒီကနေ့ခေတ်လူငယ် လူရွယ်တော်တော်များများဟာ သွားရင်းလာရင်းသော်မှ နားကြပ်လေးတွေနှင့် သီချင်းနားထောင်တတ်ကြသည်ပဲ။ တေးဂီတဆိုတာ ခက်ထန် မာကြောတဲ့နှလုံးသား ကိုတောင် နူးညံ့ပျော့ပျောင်းစေနိုင်တယ် လို့ အဆိုရှိတာကိုး။ သီချင်းတစ်ပုဒ်ဟာ သာယာနာပျော်ဖွယ်သံစဉ်မျိုးရှိမယ်ဆိုရင် ဂီတကိုဝါသနာမပါတဲ့သူတောင်မှ နားထဲစွဲသွားရော။ တချို့ဆိုရင်အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စတစ်ခုခုလုပ်ရင်း သီချင်း နားထောင်လေ့ရှိကြတယ်။ အကျိုးဆက်အနေနှင့်ကတော့ အလုပ်တာဝန်တွေကို အလွယ်တကူပြီးစီးသလို ခံစားရတဲ့အပြင် စိတ်လက်ပေါ့ပါးပြီးရွှင်လန်းသလို ဖြစ်လာတတ်တယ်။

    နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်ရင်း စိတ်ဖိစီးမှုတွေကို ခံစားကြရတာ မဆန်းပါဘူးနော်။ အဲဒီအခါ သက်တောင့်သက်သာ အနေအထားမျိုးထိုင်ချလိုက်ပြီး မျက်လုံးတွေကိုမှိတ်၊ အသက်ရှုသွင်းချိန်မှာ ဂီတသံတွေကို တစ်ပါတည်းအာရုံနှစ်ပြီး နားထောင်ပေးပါ။ အသက်ရှုထုတ်လိုက်တဲ့အခါ စိတ်ဖိစီးတင်းကျပ်မှုတွေ သိသိသာသာလျော့ပါးသွားမှာပါဆိုတဲ့ ပညာရှင်တွေရဲ့စကား ဘယ်လောက်အထိမှန်သလဲဆိုတာ … ကဲ … လက်တွေ့လုပ်ကြည့်လိုက်ရအောင်ပါ။

    နှင်းဆီခင်

  • ကလေးစကား

    ကလေးစကား

    ဇန်နဝါရီ ၁၉ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    child_voice_speech
    လူ့ပတ်ဝန်းကျင်မှာ ဆက်သွယ်ဖို့အတွက် စကားဆိုတာကို မပြောမဖြစ် ပြောကြရပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲက ခံစားချက်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို သူများတကာသိအောင်ပြောပြမှ ဖြစ်တာကိုး။ တချို့တွေက စကားပြောကျွမ်းကျင်တယ်၊ စကားပြောကောင်းတယ်လို့ အသိအမှတ်ပြုခံရတယ်။ ဘာကြောင့်များလဲ။ တစ်ဖက်သား စိတ်ချမ်းသာအောင် လိုရင်းကို ထိထိမိမိပြောတတ်သူကြောင့် ပဲပေါ့။ ကိုယ့်စကား နားထောင်မယ့်သူကို ဝေဖန် ထောက်ပြတာမျိုးပဲဖြစ်ဖြစ် မရိုင်းအောင်၊ နားဝင်ခံသာအောင်ပြောနိုင်တဲ့ အရည်အသွေးမျိုးကို စကားပြောကောင်းသူတွေ ပိုင်ဆိုင်လေ့ရှိကြတယ်။ စကားပရိယာယ်လည်း ကြွယ်သလို ဥပမာ ဥပမေယျလေးတွေနဲ့ ရှင်းလင်းပြနိုင်စွမ်းလည်းရှိတယ်။ စကားများခြင်းနဲ့ စကားပြောကောင်းခြင်းတို့ရဲ့ ခြားနားချက်ကို ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားတာဖြစ်လို့ အကြောင်းအရာတစ်ခုခုကို ပြောမယ်ကြံရင် လိုရင်းတိုရှင်းပဲပြောတယ်။ ဝေ့ဝိုက်ပြီး စကားကြောရှည်နေရင် နားထောင်ရတဲ့သူ စိတ်မရှည်ဖြစ်တတ်တာကို ကောင်းကောင်းကြီး သဘောပေါက်ထားတယ်။

    တချို့ကျပြန်တော့ ရင်ထဲမှာ ဘာမှမထားတတ်ဘူး။ ပြောစရာရှိရင် ဘွင်းဘွင်းပဲ ပြောချလိုက်ရမှ ရင်ထဲပေါ့သွားတယ်လို့ ဆိုတယ်။ မှန်တယ်၊ အဲဒီလို ပွင့်လင်းတဲ့ ဘွင်းဘွင်းသမားတွေအတွက် ရင်ထဲပေါ့သွားပေမယ့် အပြောခံရသူတွေ အတွက်တော့ ပိဿာလေးဘေးပစ်မို့ ရင်ထဲအောင့်သွားမှာတော့အမှန်ပဲ။ ပြီးတော့ အပြောခံရလေခြင်းရယ်လို့ တနုံ့နုံ့ ခံစားသွားရပြီသာမှတ်။ ဒီတော့ အသိဥာဏ်ကြွယ်တဲ့ သူတွေအတွက် စကားပြောတဲ့အခါ ရှေ့နောက်ဆင်ခြင်ပြီး ထိန်းပြောတတ်တာ အကျင့်တစ်ခုလိုပါပဲ။ ကောက်ပင်ရိတ်လှီး အစချီတဲ့စကားကြီးဆယ်မျိုးကို မကျွမ်းမကျင်ဘူးပဲထား ပြောသင့်တဲ့စကားကို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြောဆိုတတ်ဖို့တော့လိုမယ်။ ရင်ထဲကခံစားချက်မှန်သမျှကို စကားလုံးအဖြစ် ဖွင့်မထုတ်ဘဲ ပြောသင့်သမျှသာပြော၊ မျိုချသင့်သလောက်မျိုချနှင့် စကားလှအောင် ပြောတတ်တာကို လူကြီးစကားလို့ သတ်မှတ်မယ်ဆိုရင်ပေါ့။ ဘာစကားလုံးရွေးချယ်မှုမှ မရှိဘဲ ရင်ထဲရှိသမျှ အမှန်အတိုင်း ဖွင့်ပြောပစ်တတ်တာကို ကလေးစကားလို့ပဲဆိုပါရစေ။

    ကလေးသဘာဝ လွတ်လွတ်လပ်လပ်ကြီး ဆော့ကစားလို့ နေချင်တယ်။ အချိန်တန်အိပ်မယ်၊ စားမယ် ဘာဆိုဘာမှ အပူအပင်မရှိဘူး။ ဒါပေမယ့် ကျောင်းထားရမယ့်အချိန် ရောက်လာတဲ့အခါ (များသောအားဖြင့် စိတ်မပါကြဘူး) ကျောင်းတက်ကြရသည်ပဲပေါ့။ စိတ်လွတ်ကိုယ်လွတ် မဟုတ်တော့ဘဲ စည်းကမ်းဘောင်တစ်ခုထဲမှာ နေကြရတဲ့အခါ သူတို့လေးတွေရင်ထဲက ခံစားချက်တွေကို အရှိအတိုင်း ထုတ်ဖော်ခွင့်ရမယ်ဆိုရင် …

    နိုင်ငံတကာကလေးတွေ တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းမှာ အတန်းစုံက ကလေးတွေကို ကျောင်းနှင့်ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရေးခွင့်ပေးတဲ့အခါ သိခွင့်ရတဲ့ ကလေးစကားတစ်ချို့ကို ဖော်ပြလိုက်ပါသည်။ သူတို့လက်ရေးလေးတွေနှင့်ရေးပြီး နံရံကသင်ပုန်းပေါ်မှာ ကပ်ထားတာတွေကတော့….

    “ကျောင်းဆိုတာဆူညံပြီး ရှုပ်ယှက်ခတ်နေတဲ့နေရာကြီးပဲ၊ နေချင်တိုင်းနေလို့မရ၊ သွားချင်တိုင်းသွားလို့မရဘူး။ တစ်ချိန်လုံးလိုလို တန်းစီပြီးသွားလာနေရတယ်။ ကျောင်းအုပ်ဆရာကြီးပြောတဲ့ စည်းကမ်းတွေ၊ ဆုံးမစကားတွေချည်း မနက်တိုင်းကြားနေရတယ်။ စာကြည့်တိုက်ဆိုလို့သွားပါတယ်။ သားရေဟောင်းအနံ့နဲ့ စာအုပ်တွေချည်းပဲ၊ အဲဒါကျွန်တော်တက်နေရတဲ့ကျောင်းပေါ့။”

    နောက်တစ်ယောက်ကတော့……..
    “တစ်ချိန်လုံးငြိမ်ငြိမ်လေးနေရတာ ကျွန်တော်စိတ်ညစ်မနေတတ်ဘူး။ ကျွန်တော်လေ စက်ဘီးစီးပြီးသွားနေရတဲ့အခါ လွတ်လပ်လိုက်တာဗျာ။ လေတွေကတိုက်လို့ ပန်းကလေးတွေကို ကြည့်လိုက် ဌက်ကလေးတွေကိုကြည့်လိုက်နဲ့ တအားပျော်ဖို့ကောင်းတာ။ ကျောင်းမှာကျတော့ ထိုင်ဆိုထိုင် ထဆိုထ၊ ကိုယ့်စိတ်နဲ့ကိုယ် ဘာမှလုပ်ခွင့်မရှိဘူး။ တစ်ခုတော့ရှိတာပေါ့။ ကျွန်တော်စိတ်ဝင်စားတဲ့ ပထဝီဝင်ဘာသာရပ်ကို သင်ရရင်ပေါ့။ တောတောင်တွေနဲ့ ကမ္ဘာ့နိုင်ငံအကြောင်းတွေလေ။”

    ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကနေရောက်လာတဲ့ ကျောင်းသားတစ်ဦးရဲ့ အဆိုကတော့ “ကျွန်တော့်ဇာတိက တီမောနိုင်ငံပါ။ စစ်ဖြစ်ဖြစ်ချင်းကျွန်တော်တို့မိသားစုက ဒီသြစတေးလျနိုင်ငံကို ပြောင်းလာခဲ့ကြတာပါ။ အစတုန်းကဆို ကျွန်တော်ဒီမှာဘယ်လိုမှ မပျော်ဘူး မနေတတ်ဘူး။ တီမောကိုပဲပြန်ချင်နေတယ်။ ဒါပေမယ့် ဒီမှာနေမှဖြစ်မယ်သားလို့ အမေကပြောတယ်။ ကျွန်တော်ကမေးတယ်။ အမေ … ဒါဆိုရင်ကောင်းပြီ၊ ကျွန်တော်ကျောင်းကို မနက်ဖြန်တက်လို့ရမလား” ဆိုတော့ အမေက – ရတယ်သား၊ အမေလိုက်ပို့ပေးမယ်တဲ့။မိုးလင်းတာနဲ့ အမေက ကျွန်တော့်ပစ္စည်းတွေ အဆင်သင့်စီစဉ်ပေးတယ်။ မနက်စာ စားပြီးပြီးချင်းမှာပဲ ကျောပိုးအိတ်လွယ်ပြီး ကျောင်းကိုသွားရတယ်။ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကိုခေါ်ပြီး တစ်ကျောင်းလုံးကို လှည့်ပတ်ပတ်တယ်။ ကျွန်တော်တက်ရမယ့်အတန်းမှာ  ဆရာကကျွန်တော့ကို အတန်းဖော်တွေအားလုံးနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အားလုံးက ကျွန်တော့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ စစ်ဖြစ်တဲ့နိုင်ငံက လာတာဆိုပြီး ဂရုလည်းစိုက်ကြတယ်။ အခုဆိုရင် ကျွန်တော်ကျောင်းတက်
    ရတာပျော်နေပြီ။ သြစတေးလျကိုလည်းချစ်သွားပြီ။”

    ကျောင်းသူလေးတစ်ယောက်ရေးထားပုံက – “ကျွန်မက ကျောင်းစာအားလုံး ဝါသနာပါတယ်။ ဂဏန်းသင်္ချာကလွဲလို့ပေါ့။ ဘယ်မကောင်းဆိုးဝါးကများ ဒီဂဏန်းသင်္ချာဆိုတာကြီးကို တီထွင်ထားပါလိမ့်။ ဦးနှောက်ပူအောင်စဉ်းစားရတဲ့ ဒီဘာသာရပ်ကြီးကို ကျွန်မအမုန်းဆုံးပဲ”

    အကြားအားရုံချို့တဲ့နေတဲ့ ကျောင်းသားတစ်ယောက်ကရေးထားတယ်။

    “ဒီကမ္ဘာကြီးမှာ နားကြားသူတွေရော မကြားနိုင်သူတွေပါ ရှိနေကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော့်နာမည် ရောဘတ်လင်းမ်ပါ။ ကျွန်တော် နားမကြားရသူတစ်ဦး ဖြစ်ပေမယ့် ကြားနိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ ကစားလေ့ရှိပါတယ်။ သူတို့ကကျွန်တော့်ကို ခင်ကြတယ်။ ကျွန်တော်ရောပေါ့။ နားကြပ် (နားကြားကိရိယာ) တပ်ထားရတာကို ကျွန်တော်မကြိုက်ဘူး။ နားကြပ်နဲ့ သီချင်းနားထောင်ရတာကိုပဲ ကြိုက်တယ်။ ကျွန်တော်တို့ အတန်းပိုင်ဆရာက သိပ်သဘောကောင်းတယ်။ ကျွန်တော်သဘောကျတယ်။ ဆရာက တစ်ခါတစ်လေမှ ဒေါသတကြီး ဖြစ်တတ်တာပါ။ ကျောင်းဆိုတာ အိမ်နဲ့မတူတဲ့ ပျော်စရာနေရာလေးတစ်ခုပါဗျာ”

    နွမ်းပါးလို့ ခက်ခက်ခဲခဲကျောင်းတက်နေရတဲ့ ကျောင်းသားလေး တစ်ယောက်ကတော့
    “ကျွန်တော့်ကမ္ဘာမှာ သူငယ်ချင်းတွေရော ရန်သူတွေပါရှိတယ်။ ကျွန်တော် ဆင်းရဲတာကို ချမ်းသာတဲ့ ကျောင်းသားတချို့က နှိမ်တယ်၊ ဝိုင်းစကြတယ်။ ကျွန်တော်လေ သူတို့ကို ပြန်ပြီးနှိမ်လို့ရတဲ့သူ ဖြစ်ချင်လိုက်တာဗျာ။ ဒါမှ သူတို့ဘယ်လိုခံစားရမလဲဆိုတာသိချင်လို့။ ဒါပေမယ့် ကျွန်တော့်ကိုခင်တဲ့ သူငယ်ချင်းတွေကတော့ အားပေးပါတယ်ဗျာ။ သူတို့ကြောင့်ပဲ ကျောင်းပျော်နေရတာပါ”

    အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်က ရေးထားတယ် “ကျွန်မက လူမှုရေးသိပ္ပံဘာသာကို အရမ်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘာသာရပ်ကိုသင်တဲ့ ဆရာဘရိုင်ယင်က သဘောကောင်းတယ်၊ စိတ်ရှည်တယ်၊ ကျောင်းသားတွေ နားလည်အောင်ရှင်းပြတတ်တယ်။ မျက်နှာကပြုံးပြုံးရွှင်ရွှင်ရှိတော့ အားလုံးက ချစ်ကြတာပေါ့။ ကျန်တဲ့ဘာသာရပ် ဆရာတွေ ဆရာမတွေက အပြစ်ရှာပြီး ကြိမ်းမောင်းနေကြတာပဲ။ သူတို့အားလုံး ဆရာဘရိုယင်လိုဖြစ်ရင်သိပ်ကောင်းမှာပဲနော်။ အခုတော့လေ ဟိုဟာမလုပ်နဲ့။ ဒါလုပ်ပါလားတွေချည်းကြားနေရတယ်။ သူငယ်ချင်းတွေက ပြောတယ် တစ်ကျောင်းလုံးမှာ ဆရာဘရိုင်ယင်တွေချည်းရှိရင် ကျောင်းတက်ရတာ သိပ်ကိုပျော်မှာပဲတဲ့”…..

    ကလေးအတွေးနှင့် ကလေးစကားတွေပါပဲ။ စာဖတ်သူရောပြန်တွေးမိမလား မသိဘူး။ ကျောင်းတက်ရခါစ ငယ်ဘဝကိုပေါ့။

    နှင်းဆီခင်

  • နာရီတွေကို မုန်းတယ်

    နာရီတွေကို မုန်းတယ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင်ရေးသည်။

    4413755617_smashing_alarm_clock_300x200_answer_2_xlarge

    “နာရီတွေကို မုန်းတယ်” လို့ ကျွန်မရဲ့စာရေးဖော် တစ်ယောက်ကပြောဖူးတယ်။ မုန်းဆို သူ့အကြောင်းနှင့်သူကိုး။ သူပြန်ပြောပြ သလောက် အရဆို…..

    “ငါ့အိမ်မှာနာရီတွေထားရတာ များပြောပါတယ်။ အိမ်ရှေ့ ဧည့်ခန်း နံရံမှာ တစ်လုံး၊ အိမ်ရှေ့ခန်းနဲ့ အိမ်ထဲအကူးမှာ တစ်လုံး၊ ကုတင်ဘေးကစားပွဲမှာ နိုးစက် နာရီ တစ်လုံး၊ နောက်ဆုံးဟယ် မီးဖိုခန်းနံရံမှာ တစ်လုံး၊ ဒါတောင် ငါတို့ မိသားစုလေးယောက် ပတ်တဲ့ နာရီတွေ မပါသေးဘူး။ ငါ့မှာအချိန်ကို အဲဒီလောက်ကိုးကွယ်ရတာလေ”

    “မိုးမလင်းသေးဘူး နှိုးစက်နာရီကထမြည်ပြီ။ အိပ်ရာထဲ ဇိမ်နဲ့နှပ်ဖို့တော့ လုံးလုံးစိတ်မကူးလေနဲ့။ အိပ်ရာကနေဝုန်းကခနဲထရတာ။ အင်း… အိပ်ယာထတဲ့အချိန်ကိုလည်းကြည့်ဦး၊ မိုးမလင်းသေးဘူလေ။ ကျီးမြီးဆွဲထရတာလို့ အမေပြောသလိုပြောလိုက်မယ်။ မျက်နှာသစ်၊ သွားကပျာကယာတိုက်၊ ဘုရားကိုပုဆိန်ပေါက်ရှစ်ခိုး၊ အဲ..ပြီးတော့နဲ့မီးဖိုခန်းကို တန်းဝင်ပေတော့ပဲ။ ပထမနှစ်ကျောင်းသား အကြီးကောင် အတွက် ထမင်းဘူး၊ ပြီးတော့ ငါ့ရဲ့အိမ်ဦးနတ်ကြီး အတွက် ထမင်းချိုင့်၊ နောက်ဆုံးတော့ ငါ့အတွက် ထမင်းချိုင့်၊ တန်းစီပြီး ချက်ရတယ်။ အသားမစားတဲ့သူ၊ ငါးမကြိုက်တဲ့သူ၊ အို…ဇီဇာကြောင်ကြတဲ့ တို့မိသားစုလေးယောက် အတွက် သယဇာတဖြစ်မဲ့ ဟင်းတွေကို အမြန်နှုန်းဖြင့် ချက်ရတာ။ ဟင်းအစီအစဉ်ကိုတော့ ငါ့ရုံးမှာ စာရင်းဇယားဆွဲသလို တစ်ပတ်ရေးမှတ်ထားရတယ်ဆိုရင် နင်အံ့သြမလား”

    “လူကသာမီးဖိုနားမှာချက်ပြုတ်နေတာ မျက်လုံးတွေ ကတော့ နံရံပေါ်က နာရီတွေဆီရောက်နေရတာ။ အိမ်ကထွက်ချိန်တွေ မတူကြပေမယ့် အားလုံးအတွက် မနက်စာကတော့ တစ်ချိန်တည်းစီစဉ်ရတာဆိုတော့ ပဲပြုတ်ထမင်းကြော်ကို နှစ်အတော်ကြာအောင် မရိုးမအီဘဲစားကြရတာ။ ပဲပြုတ်ကလည်း တစ်ရက်ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတာ၊ ဒါကလည်း အချိန်နဲ့ ဝယ်ရတာနော်။ နေနည်းနည်းမြင့်သွားလို့ကတော့ လမ်းထိပ်ကပဲပြုတ်သည် ခြင်းတောင်းသိမ်းလို့ အိမ်ပြန်ပြီ။ သားနှစ်ယောက်ရော သူ့အဖေပါ အိမ်အလုပ်တွေဝိုင်းကူကြပါတယ်။ ချက်ရေးပြုတ်ရေးကတော့ ငါပဲအဓိက တာဝန်ယူရတာပေါ့။ ငါတို့လည်းမနက် ၈ နာရီမခွဲခင် နာရီတကြည့်ကြည့်နဲ့အလုပ်တွေ လက်စသတ်ကြရတာ။ ပြီးရင်ရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ရရော။ ဒီတော့လေ မှန်ရှေ့မှာဘီးလေးကို ကိုင်ကာရယ် ဆိုတဲ့ငါတို့င်ငယ်ကသီချင်းလေးတစ်ပုဒ်လို အချိန်ယူပြီးအလှပြင်နေမအားဘူးဟယ်၊ သနပ်ခါးကဗျာကယာလိမ်း၊ လမ်းလျှောက်နဲ့အခါ လေတိုးခံနိုင်မဲ့ အာမခံဆံထုံးကို ခိုင်ခိုင်ထုံး ရုံးယူနီဖောင်းဝတ်ပြီး တက်သုတ်ရိုက်နေကျ”

    “နာရီကိုမော့မော့ကြည့်ရလွန်းလို့ ငါ့လည်ပင်းရှည် ထွက်လာကြေးဆိုရင်တော့ ဌက်ကြီး ဝန်ပိုဖြစ်လောက်ပြီ။ ၈ နာရီခွဲတိတိဆိုရင် အိမ်တံခါး သော့ခတ်ပြီးသားဖြစ်ရတယ်လေ။ ဒါမှ သားအဖသုံးယောက်က အိမ်ကကားနဲ့ ထွက်သွားကြ၊ ငါကတော့အိမ်နဲ့ရုံးက နီးတော့ ခြေလျင်ပေါ့။ အင်း… ငါ့စိတ်ထဲမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ပဲ မှတ်လိုက်တယ်။”

    “ညနေခင်းမှာမိသားစု ဆုံချိန်ကျတော့လည်း မထူးပါဘူး။ နာရီ တကြည့်ကြည့်နဲ့ပါပဲ။ နောက်တစ်နေ့အတွက် ဟင်းရွက်သင်ရင်း၊ ကြက်သွန်ခွာရင်းကနေ အငယ်ကောင်ကိုစာရှင်းပြရသလို အကြီးကောင်ကလည်း မကြာမကြာဆိုသလို နားမလည်နိုင် တာတွေမေးပြန်ရော။ အဲ.. အလုပ်ပြီးတော့ နားတော့မယ်ဆိုပြီး တီဗီရှေ့ရောက်တော့ မိနစ်ပိုင်းတောင်မကြာပါဘူး။ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားရော။ ဒါပေမယ့် ည ၁၀ နာရီကျော်ပြီဆိုရင်တော့ အိပ်ရာဝင်ချိန်ဆိုတာ ပုံသေဖြစ်နေတယ်။ ကဲ.. ငါ့ဘဝမှာနေထွက် ကနေ နေဝင်အထိ အချိန်နာရီတွေနှင့် နှစ်ပါးသွားနေရတာ နင်သိပြီမဟုတ်လား။ ခတ်တာက အဲဒီနာရီတွေကိုပစ်လို့လည်း မရပြန်ဘူး။ အင်းလေ… တစ်ချိန်ချိန်မှာတော့ နာရီတွေကိုကြည့်နေရမှာမလိုတဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုရလာဦးမှာပါ။ အလုပ်ကနားတဲ့ အငြိမ်းစားယူချိန်ပေါ့။ အဲဒီအခါကျရင်တော့ ငါထင်ပါတယ်။ ဘယ်အချိန်မှာ ဘာကိုအပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ဖိစီး တင်းကျပ်နေတာတွေ မရှိသလောက်တော့ပါဘူးနော်။ အခုချိန်မှာတော့လေ ငယ်သူငယ်ချင်းဖြစ်တဲ့ နင့်ကိုပြောလိုက်မယ်။ နာရီတွေကိုမုန်းတယ်လို့ ”

    “ပြောရဦးမယ်။ နင်စာရေးသူတစ်ယောက်ဆိုတော့ ငါပြောသမျှ ဒိုင်ခံ နားထောင်ပေးမယ်လို့ ငါယုံကြည်တယ်။ နောက်ပြီးကောင်းကောင်း အကြံညဏ်ကလေးတွေ ရှိရင်လည်းပေးပါဦးဟာ။ အထူးသဖြင့် အိပ်ရာနိုးချိန်မှာ စိတ်တင်းကျပ်နေတာကိုပေါ့” လို့သူငယ်ချင်းက ရင်ဖွင့်ပြောလာတာမို့၊ မှတ်ဖတ် ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

    တစ်နေ့လုံးလှုပ်ရှားသွားနေရတဲ့ လူတိုင်းဟာလုံလောက်တဲ့ အိပ်ချိန်အပြည့်အဝရှိဖို့လိုတယ်။ တစ်ချိန်လုံးလုံး ခပ်သုံးထားတဲ့ ရေတွင်းများလို ညအချိန်မှာ အနားပေးထားရင်၊ မိုးလင်းတာနှင့် ရေတွေပြန်ပြီးပြည့်လာသလိုပါပဲ။ လူတစ်ယောက် အတွက်လည်း အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အခါနောက်တစ်နေ့မှာ လှုပ်ရှားရုန်းကန်ဖို့ခွန်အားတွေပြည့်ဝလာပါတယ်။ အိပ်မောကျနေတုန်းမှာ ကြားလိုက်ရတဲ့ နာရီနှိုးစက်သံဟာ တကယ့်ကို ငှက်ဆိုးထိုးသံအတိုင်းပဲလို့ပြောကြတယ်။ အဲဒီအခါကြွက်သားတွေတောင့်တင်း သွားပြီး အားအင်ကုန်ခန်းသလို စိတ်ရှုပ်ထွေးပြီး အိပ်ရာကနေနိုးလာပါတယ်။ ဒါကြောင့် နှိုးစက်နာရီကို မသုံးမဖြစ် သုံးရမယ်ဆိုရင်လည်း နိုးရမယ့် အချိန်ထက် ၁၅ မိနစ်လောက်ဖြစ်ဖြစ်ကြိုထပါ။  ဒါဆိုရင် နှိုးစက်သံကြားကြားချင်း အိပ်ရာကနေ အလူးအလဲထစရာ မလိုတော့ပါဘူး။ ခဏလေးမှိန်းနေလို့ရပြီး မျက်လုံးတစ်ဝိုက်၊ နားထင်နှင့် နဖူးတစ်လျှောက် ဖြည်းဖြည်း သာသာလေးနှိပ်ပေးပါဆိုတဲ့ ရှေးပညာရှင်တစ်ဦးရဲ့ အကြံပြုတာကို လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။

    လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပူနွေးလာတဲ့အခါ မျက်စိမှိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ အသာအယာဖိကပ်ထားခြင်းဟာလည်း မျက်လုံးတစ်ဝိုက်သွေးလှည့်ပတ်သွားလာခြင်းကို ကောင်းမွန်စေတယ်။ မျက်လုံးတွေကို မဖွင့်ခင်အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ပြီးမှ ခပ်ဖြည်းဖြည်းလေး ရှုထုတ်တာကို အကျင့်တစ်ခုလိုလုပ်ပေးရင် ဦးနှောက်နှင့် နှလုံးအတွက် အကျိုးရှိလှပါတယ်လို့ ဆိုတယ်။ အိပ်ရာကမထခင် ကိုယ်လက် လှုပ်ရှားတဲ့ သဘောမျိုးလေးတွေကို တစ်ခဏလောက်လုပ်ပေးတာဟာ လူရေစိတ်ပါ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲလို့ ပညာရှင်ကအဆိုပြုထားပါတယ်။  ဖြစ်နိုင်ရင်တော့ နှိုးစက်မကူရအောင် အိပ်ရာကစောစော ဝင်ပြီး ခပ်စောစောလေး အိပ်ယာကထနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာကနေငေါက်ခနဲ ထထိုင်လိုက်တာမျိုး မဟုတ်ရင်တော့ စိတ်သက်သက်သာသာရှိမှာ အမှန်ပါပဲ။

    စာကြွင်း — နာရီတွေကိုမုန်းတယ်ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း “မမူ” ဖတ်မိပါစေလို့။

    နှင်းဆီခင်