News @ M-Media
Tag: DailySportsNews
  • အာဆယ်နယ်၊ မန်ယူ၊ မန်စီးတီးတို့ အနိုင်ရရှိခဲ့ပြီး မော်ရင်ဟို၏ ချယ်ဆီး ရှုံးနိမ့်ခဲ့ရသည့် ပရီးမီယားလိဂ် ပွဲစဉ် ၁၀ စနေနေ့ညပွဲစဉ်များ
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    MU
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ၏ ပွဲစဉ် ၈ ပွဲကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရာ ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းအီမရိတ်တွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ မန်ချက်စတာစီးတီးအသင်းမှာလည်း တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး စပါးအသင်းမှာ အိမ်ကွင်းတွင် အမှားအယွင်းမရှိ ၃ မှတ်ရယူနိုင်ခဲ့သည်။ မန်ယူအသင်းမှာ ဖူလ်ဟမ်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက နယူးကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သည်။
    အာဆင်နယ် ၂-၀ လီဗာပူးလ်
    လိဂ်ဖလားတွင် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် လူငယ်ကစားသမား ၀ီလ်ရှိုင်းယားနှင့် ဖလာမီနီတို့ မပါဝင်နိုင်ခဲ့ဘဲ ရိုစစ်စကီးက ဖလာမီနီ၏နေရာတွင် ၀င်ရောက်ကစားခဲ့သည်။
    လီဗာပူးအသင်းကလည်း ပြီးခဲ့သည့် သီတင်းပတ်က ၀က်စ်ဘရွန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား တစ်နေရာသာ အပြောင်းအလဲလုပ်ကာ အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။
    ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် လီဗာပူးလ်အသင်းက ပွဲကိုစိုးမိုးထားနိုင်ခဲ့သော်လည်း အဖွင့်ဂိုးကို ၁၉ မိနစ်တွင် အာဆင်နယ်အသင်းက ရရှိခဲ့သည်။ ထိုဂိုးအား ဆက်ဂ်နာ၏ ဖြတ်တင်ဘောမှတစ်ဆင် ကာဇိုလာကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၅၉ မိနစ်တွင် အာဆင်နယ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး အိုဇေးလ်၏ ဖန်တီးပေးမှုမှတဆင့် ရမ်ဆေးက သွင်းယူခဲ့ခြင်းဖြစ်သည်။
    အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ပြိုက်ဘက်များကို ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နေသည်။
    …………………………………………………
    ဖူလ်ဟမ် ၁-၃ မန်ယူ
    ရာသီအစတွင် ခြေစွမ်းမမှန်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် တည်ငြိမ်လာသည့် မန်ယူအသင်းမှာ အဝေးကွင်းတွင် ဖူလ်ဟမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။
    ဦးဆောင်ဂိုးကို မန်ယူအသင်းက ပထမပိုင်း ၉ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဗလင်စီယာက သွင်းယူပေးခဲ့သည်။ ထို့နောက် ပမထမိုင်း မိနစ် ၂၀နှင့် ၂၂ မိနစ်တို့တွင် တိုက်စစ်မှူး ဗန်ပါစီနှင့် ရူနီတို့က အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင်ပင် မန်ယူတို့ ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိနေခဲ့သည်။
    ဒုတိယပိုင်း ၆၅ မိနစ်တွင် အိမ်ရှင်အသင်း၏ကစားသမား ကာချန်နစ်လစ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သော်လည်း ကျန်ရှိသည့်ပွဲချိန်များတွင် မန်ယူအသင်းက ထိန်းကစားသွားခဲ့သောကြောင့် အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့သည်။ မန်ယူအင၏သင်းမှာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲတွင် ရှုံးပွဲမရှိသေးဘဲ ယခင်ပုံစံကောင်းကို ပြန်လည်ရရှိနေသည်။
    ………………………………………………….
    နယူးကာဆယ် ၂-၀ ချယ်ဆီး
    ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ်တွင်မန်စီးတီးအသင်းနှင့်၊ လိဂ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည့်
    ချယ်ဆီးအသင်းမှာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်အသင်းအား အရှုံးပေးခဲ့ရသည်။
    မော်ရင်ဟိုမှာ မန်စီးတီးအသင်းအား အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား ၂ နေရာအပြောင်းအလဲလုပ်ကာ နယူးကာဆယ်အသင်းအားရင်ဆိုင်ခဲ့သည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ချယ်ဆီးအသင်းကသာ ပွဲကိုစိုးမိုးထားပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲခြင်းမပြုနိုင်ခဲ့ပေ။
    အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း ၆၉ မိနစ်တွင် ဂေါ့ဖရင်က ကာဘာယီ၏ ဖရီးကစ်အားခေါင်းတိုက်၍လည်းကောင်း၊ ပွဲပြီးကာနီး ၈၉ မိနစ်တွင် ရီမီကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ယခုပွဲအရှုံးမှာ ချယ်ဆီးအသင်းအတွက် ယခုနှစ်ရာသီ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ဦးဆောင်သူ အာဆင်နယ်အသင်းနှင့်လည်း ၅ မှတ်ကွာဟသွားပြီဖြစ်သည်။
    ……………………………….
    မန်စီတီး ၇-၀ နော်ဝစ်ခ်ျ
    မန်စီးတီးအသင်း၏ အိမ်ကွင်းအီတီဟတ်တွင်ကစားခဲ့ရသည့် ယခုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ တန်းဆင်းဇုန်နားရှိ နော်ဝစ်ခ်ျအသင်းအား ဂိုးအများအပြားသွင်းကာ လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့သည်။
    မန်စီးတီးအသင်း၏ဂိုးများကို ကစားသမား ၇ ယောက်က တစ်ဂိုးစီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ၁၆ မိနစ်တွင် နော့်ဝစ်ခ်ျကစားသမား ဂျွန်ဆင်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုမှ ချယ်ဆီးတို့ အဖွင့်ဂိုးစရခဲ့ပြီးနောက်ပိုင်း ဒေးဗစ်ဆေးလ်ဗား၊ နက်စတာစစ်၊ နီဂရီဒိုတို့က သုံးဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် မန်စီးတီး အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရနေခဲ့သည်။
    ဒုတိယပိုင်းတွင် ယာယာတိုးယေး၊ အဂူရိုနှင့် ဇက်ကိုတို့က သုံးဂိုးထပ်မံသွင်းယူပေးခဲ့ပြီး ၇ ဂိုး ဂိုးမရှိဖြင့် ပွဲစဉ်ပြီးဆုံးခဲ့သည်။
    ……………………………………..
    ဟားလ်စီးတီး ၁-၀ ဆန်းဒါးလန်း
    ဟားလ်စီးတီးအသင်း၏ အိမ်ကွင်း KC ကွင်းတွင် ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ဟားလ်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၂၅ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးလန်းကစားသမား ကားလို့စ် စူအဲလာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်မှာ ဟားလ်စီးတီးအသင်း၏ ယခုနှစ်ရာသီ စတုတ္ထမြောက်နိုင်ပွဲလည်းဖြစ်သည်။
    ………………………………………..
    ပရီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲမရခဲ့သည့် ၀က်စ်ဘရွန်းအသင်းမှာ အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ………………………………………..
    စတုတ် ၁-၁ ဆောက်သက်တမ်
    ၁ ဂိုး စီသရေကျခဲ့သည့် စတုတ်နှင့် ဆောက်သက်တမ်တို့ပွဲတွင် ပွဲအစ ၁၃ စက္ကန့်တွင်ပင် အိမ်ရှင်အသင်းဂိုးသမားက အက်စ်မီရ် ဘီဂိုဗစ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ ၄၂ မိနစ်တွင် ဂျေးရော်ဒရီဂက်ဇ်က ဧည့်သည်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ၀က်စ်ဟမ်းနှင့် အက်စတွန်ဗီလာတို့ပွဲတွင် နှစ်သစ်စလုံး ဂိုးသွင်းခွင့်နည်းငယ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရှိသရေကျခဲ့သည်။
  • နိုဝင်ဘာ ၂၊ အားကစားသတင်းစုစည်းမှု
    နိုဝင်ဘာ ၂၊ အားကစားသတင်းစုစည်းမှု
    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media
    ရူနီနှင့် ဗန်ပါစီတို့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲဖြစ်သည်ဟု မိုယက်စ်ဆို
    မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က တိုက်စစ်မှူးရူနီနှင့် ဗန်ပါစီတို့မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ပြီး ယခုနှစ်တွင် ၎င်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်မှာ ထိပ်ဆုံးအဆင့်သို့ မရောက်သေးကြောင်း ပြောကြားခဲ့သည်။
    ၎င်းတို့နှစ်ဦးမှာ ယခုနှစ်ရာသီတွင် လက်ရှိအချိန်အထိ ၁၄-ဂိုးသွင်းယူပေးထားပြီး၊ ပရီးမီးယားလိဂ်တွင်ပြိုင်ဘက်ကင်း တိုက်စစ်အတွဲအဖြစ် မိုယက်စ်က ယုံကြည်နေ သည်။
    “၀ိန်းနဲ့ ရော်ဘင်ဟာ ဒီတိုင်းပြည်မှ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးသမားတွေထဲက အလိုက်ဖက်ဆုံး တိုက်စစ်အတွဲပါ။ သူတို့နှစ်ဦး အချိတ်အဆက်တွေ မိပြီ ဆိုရင်တော့ သူတို့ဟာ အကောင်းဆုံးဖြစ်သွားမှာပါ။ သူတို့နှစ်ယောက်စလုံးဟာ ဂိုးသွင်းပါရမီရှင်တွေပါ” ဟု မိုယက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________
    အီတလီတွင် နည်းပြလုပ်ရခြင်းမှာ လေထီးမပါဘဲ လေဟုန်စီးရသူကဲ့သိုဖြစ်သည်ဟု ရာနီယေးရီဆို
    မိုနာကိုအသင်း၏ နည်းပြဖြစ်သူ ကလော်ဒီယို ရာနီယေးရီက အီတလီဘောလုံးလောကတွင် နည်းပြလုပ်ရခြင်းမှာ လေထီးမပါဘဲ လေဟုန်စီးသကဲ့သို့ဖြစ်ပြီး စီးရီးအေ တွင် နည်းပြခြင်းဖြင့် အခြားသော ဘောလုံးလိဂ်များအတွက် အဆင်သင့်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
    ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမား၊ ဖီအိုရင်တီးနားနှင့် နာပိုလီအသင်းတို့တွင်နည်းပြခဲ့ဖူးသော နည်းပြတစ်ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိ ရာနီယေးရီက စိတ်သဘော ထား ကောင်းမွန်မှုက အီတလီ ရှင်သန်နိုင်ရန်အတွက် အရေးပါသည်ဟု ပြောကြားခဲ့သည်။
    “အီတလီမှာ တစ်ခါနည်းပြလုပ်ဖူးရင် အခြားဘယ်မှာမဆို နည်းပြလုပ်နိုင်ပါတယ်။ ပြီးတော့ အီလီမှာနည်းပြလုပ်ရတာ လေးထီးပွင့်မပွင့်မသိဘဲနဲ့ လေဟုန်စီးရတဲ့ သူလိုပါပဲ။ လျှို့ဝှက်ချက်ကတော့ တည်ငြိမ်မှုနဲ့ ကောင်းမွန်တဲ့အတွေးရှိဖို့ပါ” ဟု L’Equipe သတင်းစာသို့ ရာနီးယေးရီက ပြောကြားခဲ့သည်။
    goal
    _________________________
    Paris Masters တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖက်ဒါရာက ဒဲလ်ပေါ်ထရိုအား အနိုင်ယူ
    ပြင်သစ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် Paris Masters တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဆွဇ်ဇလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက အာဂျင်တိုင်း တင်းနစ် အကျော်အမော် ဒဲလ်ပေါ်ထရိုကို အနိုင်ရရှိခဲ့သည်ဟု သိရသည်။
    ဖက်ဒါရာမှာ ပြီးခဲ့သည့်တစ်ပါတ်က ယှဉ်ပြိုင်ခဲ့သည့် Basel Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါ်ထရိုအား ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် အကြိတ်အနယ်ကစားကာ ၆-၃၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင် နိုင်ခြေအဆင့် ၂ ရ ဂျိုကိုဗစ်မှာ ၀ါဝရင်ကာအား ၆-၁၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဖက်ဒါရာနှင့်တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ထို့ပြင်စပိန်တင်းနစ်အကျော်အမော်များဖြစ်သည့် ရာဖေးနာဒဲလ်မှာ ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်အား ၆-၄၊ ၆-၁ ဖြင့်လည်းကောင်း၊ ဒေးဗစ်ဖာရာ မှာလည်း နိုင်ခြေအဆင့်-၆ ရ ဘာဒစ်ချစ်အား အကြိတ်အနယ်ကစားကာ ၄-၆၊ ၇-၅၊ ၆-၃ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြသည်။
    Skysports
    _________________________
    သမီးဖြစ်သူနှင့် လမ်းခွဲခဲ့သည့်အတွက် အဂူရိုအား မာရာဒိုနာမကျေနပ်
    အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာက ၎င်း၏သမီးဖြစ်သူနှင့် လမ်းခွဲခဲ့သည့် မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုအား ယခုအချိန်အထိ မကျေမနပ်ဖြစ်နေ သည်ဟု သိရသည်။
    အဂူရိုမှာ မာရာဒိုနာ၏သမီး ဂီယန်နီနာနှင့် လွန်ခဲ့သည့် ၄ နှစ်က လက်ထပ်ခဲ့ပြီး ဘင်ဂျမင်ဟုခေါ်သည့် သားတစ်ယောက်ရရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ ယခုနှစ် အစောပိုင်းက လမ်းခွဲခဲ့သောကြောင့် မာရာဒိုနာက အဂူရိုအား မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။
    “သူက သူရဲဘောကြောင်သူတစ်ဦးပါ။ သူ့နာမည်ကိုတောင် ကျွန်တော်မကြားချင်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့က အာဂျင်တိုင်းရေဒီယိုနှင့် အင်တာဗျူးတွင် မာရာဒိုနာက ပြောကြားခဲ့သည်။
    ထို့ပြင် နီနာအနေဖြင့် အဂူရိုနှင့် ရင်ဆိုင်ရမည့် တရားရေးကိစ္စများတွင်လည်း သမီးဖြစ်သူဘက်မှသာ ရပ်တည်သွားမည်ဟု မာရာဒိုနာက ထည့်သွင်းပြောကြားခဲ့သည်။
    Straits Times
    _________________________
  • နိုဝင်ဘာ ၁ အားကစားသတင်းများ
    နိုဝင်ဘာ ၁၊ ၂၀၁၃
    M-Media
    ကာတာတွင်ပြသထားသည့် ဇီဒိန်း၏ ရုပ်ထုအား ပြန်လယ်ဖယ်ရှားခဲ့
    အကြမ်းဖက်မှုကို အားပေးနေခြင်းဖြစ်သည်ဟု ဘာသာရေးနှင့် လူမှုရေးအရ မကျေနပ်မှုများ ပေါ်ပေါက်လာသောကြောင့် ပြင်သစ် ဂန္တ၀င်ဘောလုံးသမား ဇီဒိန်း၏ ခေါင်းဖြင့် တိုက်ခဲ့သော ရုပ်ထုအား ကာတာနိုင်ငံက ပြန်လည် ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။
    ၅ မီတာအမြင့်ရှိသည့် အဆိုပါကြေး ရုပ်ထုမှာ ၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ်ကွင်းလယ်လူ ဇီဒိန်းက အီတလီနောက်ခံလူ မာကို မာတာရာဇီအား ခေါင်းဖြင့်တိုက်ခဲ့သော အပြုအမူအား ပုံဖော်ထုလုပ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုရုပ်တုအား အလ်ဂျီးရီးယားဖွား ပြင်သစ်နိုင်ငံသား ပန်းပုပညာရှင် အဒီလ် အဘ်ဒက်စ်စီမ်းက ၂၀၁၂ ခုနှစ် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာတာနိုင်ငံသို့ သယ်ဆောင်လာခြင်း မပြုမီ ပဲရစ်ရှိ Pompidou စင်တာတွင် ပြသခဲ့ပြီး ကာတာတွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲ ကြော်ငြာအဖြစ် ကာတာ အာဏာပိုင်များက ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း ထိုရုပ်ထုအားဖွင့်လှစ်ပြီး သီတင်းပတ်အနည်းအငယ်အကြာတွင်ပင် ဘာသာရေး အဖွဲ့အစည်းများက ထိုရုပ်တုမှာ ရုပ်တုဆင်းတု ကိုးစား ယုံကြည်မှုကို အားပေးသကဲ့သို့ဖြစ်နေပြီး၊ ရုပ်တု၏ ဟန်ပန်မှာလည်း အကြမ်းဖက်မှုကို မြှင့်တင်ပေးရာ ရောက်နေသည်ဟု ဝေဖန်ခဲ့ကြပြီး၊ ရုပ်တုအား ဖယ်ရှားပစ်ရန် ဖိအားပေးခဲ့ကြသောကြောင့် ပြန်လည်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
    Ref: OnIslam
    Qatar Removes Zidane’s Infamous Statue———————————
    ပြင်သစ်ကလပ်များရှိ လစာမြင့်ဘောလုံးသမားများ ၀င်ငွေ ၇၅ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်
    လစာမြင့်ကစားသမားများအား မြင့်မားသောဝင် အခွန်များကောက်ခံရန် စီစဉ်မှုကို ပြန်လည်စဉ်းစားရန်အတွက် ပြင်သစ်ရှိ ဘောလုံးကလပ် အသင်းများနှင့် ပြင်သစ် သမ္မတတို့၏ ဆွေးနွေးမှုမှာ အောင်မြင်ခဲ့ခြင်းမရှိဟုသိရသည်။
    ထိုဝင်ငွေခွန်သတ်မှတ်ချက်အား ပြင်ဆင်မပေးပါက ယခုလအတွင်း ကစားမည့် ဘောလုံးပွဲများအား မကစားဘဲ သပိတ်မှောက်မည်ဟု ကလပ်အသင်းများက ပြောကြားထားသော်လည်း ယမန်နေ့ကပြုလုပ်ခဲ့သော အဆိုပါဆွေးနွေးမှုတွင် ပြင်သစ်သမ္မတ ဖရန်စီအို့စ် ဟော်လန်ဒေးက တစ်နှစ်လျှင် ယူရို ၁ သန်းထက် ၀င်ငွေရရှိသည့် ဘောလုံးသမားများအား ၇၅ ရာခိုင်နှုန်းအခွန်ကောက်ခံမည့်ကိစ္စအား ပယ်ဖျက်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်။
    ပဲရစ်မြို့ရှိ Elysee နန်းတော်တွင်ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးမှုအပြီးတွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ နိုအယ်လ်လီဂရာအီတ်က ဟော်လန်ဒေးမှာ ၎င်းတို့၏ တောင်းဆိုမှုအား မလိုက်လျောခဲ့ကြောင်း၊ အနာဂတ်တွင် မည်ကဲ့သို့ ဆက်လက်ဖြစ်မည်ကို မသိကြောင်း ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ပြောကြားလိုက်ခြင်းမှာ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင် ၂ ရက်နေ့အထိ ပြုလုပ်မည့် ဘောလုံးပွဲများအား မကစားဘဲ သပိတ်မှောက်ရန် စီစဉ်ထားသည့် ဘောလုံးအသင်းများ၏ ဆုံးဖြတ်ချက်အား ပိုမိုတွန်းအားပေးသကဲ့သို့ ဖြစ်သွားစေသည်။
    Ref:aljazeera
    ——————————————
    ချယ်ဆီးအသင်းက ၎င်းအား ယုံကြည်မှုမရှိခဲ့ခြင်းကြောင်း လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း စတားရစ်ခ်ျဖွင့်ဟ
    ယခုအချိန်အထိ လီဗာပူးလ်အသင်းနှင့် ၂၄ ပွဲကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူပေးထားသည့် တိုက်စစ်မှူး စတားရစ်ချစ်က ချယ်ဆီးအသင်းတွင်ရှိနေစဉ် အသင်းက ၎င်းအား မယုံကြည်ခဲ့သောကြောင့် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းတွင် ပြသသောခြေစွမ်းကောင်းများကြောင့် အင်္ဂလန်အသင်း၏ နံပါတ် ၉ ဂျာစီအား ၀င်ခွင့်ရခဲ့သော စတားရစ်ချစ်မှာ ချယ်ဆီးအသင်းတွင် ၄ နှစ်ကြာကစားခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလတွင်မှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
    သူ့အားယုံကြည်သည့် နည်းပြလက်အောက်တွင် ကစားနေရခြင်းမှာ မတော်တဆဖြစ်ရပ်မဟုတ်ကြောင်း ပြောကြားခဲ့သည့် စတားရစ်ခ်ျက
    “ကျွန်တော်ဘာလိုအပ်တယ်ဆိုတာ ဘရန်ဒန်ရော်ဂျာ(လီဗာပူးလ်နည်းပြ)က သိပါတယ်။ တိုက်စစ်မှူးအဖြစ်ကစားဖို့ ယုံကြည်ချက်ကို ကျွန်တော်လိုအပ်နေတာပါ။ ချယ်ဆီးမှာ အဲဒီယုံကြည်မှုမျိုးကို ကျွန်တော်မရခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
    Ref:mirror.
  • အောက်တိုဘာ ၃၁ အားကစားသတင်းများ
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    ဖာဂူဆန်၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိအား မှတ်ချက်မပေးလိုဟု ဘက်ခမ်းပြော
    David Beckham
    မကြာသေးမီကထုတ်ဝေခဲ့သော မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တ၀င်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် ၎င်းအားဝေဖန်ရေးသားထားခြင်းနှင့် ပက်သက်ပြီး မှတ်ချက်မပေးလိုဟု မန်ယူအသင်း၏ အလယ်တန်း ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။
    ဘက်ခမ်း၏ ဘောလုံးအပေါ် အာရုံစူးစိုက်မှု နည်းပါးသောကြောင့် ၂၀၀၃ ခုနှစ်တွင် ရီးယဲလ်သို့ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဖာဂူဆန်က ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။ သို့သော်လည်း ၎င်းအား မန်ယူအသင်း ကစားသမားအဖြစ် ပျိုးထောင်ပေးခဲ့သည့် ဆရာဟောင်းအား မည်သည့် မကောင်းမြင်မှုမျိုးမှ မဖြစ်ဟု ဘက်ခမ်းကဆိုသည်။
    ဘက်ခမ်းက သူ၏ အထုပ္ပတ္တိစာအုပ်နှင့်ပက်သက်ပြီး ပရိတ်သတ်များအား ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားရာတွင်
    “ကျွန်တော်အမြဲတမ်းကစားရဖို့ အိပ်မက်မက်ခဲ့တဲ့အသင်းမှာ ငယ်ငယ်လေး ကတည်းက ကစားခွင့်ရအောင် အခွင့်အရေးပေးခဲ့သူ တစ်ယောက်ကို ကျွန်တော် ဒီမှာထိုင်ပြီး မကောင်းပြောမှာမဟုတ်ပါဘူး။ သူက ကျွန်တော့်ကို ယုံကြည်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တိုနဲ့ အတူထွက်ပေါ်လာတဲ့ အခြားလူငယ်ကစားတွေကိုလည်း ယုံကြည်ခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။
    ယခုအခါ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘက်ခမ်းမှာ မိုင်ယာမီရှိ အမေရိကန် ဘောလုံးကလပ် အသင်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။
    ဖာဂူဆန်မှာ ၎င်း၏ အထုပ္ပတ္တိစာအုပ်တွင် မန်ယူအသင်းကစားသမားအချို့ အပါအ၀င် လီဗာပူးလ်အသင်း၏ ကစားသမား အချို့ကိုလည်း ဝေဖန်ရေးသားထားသည်။
    Ref: Skysports
    Photo-dailymail (ဘက်ခမ်း မန်ယူတွင် ကစားခဲ့စဉ်က)
    ————————————————-
    ကော်နက်အားအနိုင်ယူကာ WTA Tournament of Champions ဆီးမီးဖိုင်နယ်သို့ ဆီမွန်နာ ဟဲလ်ပ်တက်ရာက်
    ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တွင် ကျင်းပပြုလုပ်နေသည့် WTA Tournament of Champions တင်းနစ်ပြိုင်ပွဲဆီမီးဖိုင်နယ်သို့ ဆီမွန်နာ ဟဲလ်ပ် တက်ရောက်သွားသည်ဟု သိရသည်။
    ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံထားရသည့် ဟဲလ်ပ်မှာ နိုင်ခြေအဆင့် ၇ ရ အလိုက်ဇ်ကော်နက်အား အကြိတ်အနယ်ကစားပြီး ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
    “သိပ်ကိုခက်ခဲ့တဲ့ပွဲစဉ်တစ်ခုပါ။ သူ(ကော်နတ်)ဟာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်မနည်းနည်းတော့ တုန်လှုပ်မိခဲ့ပြီး၊ အားနဲ့မာန်နဲ့ကစားခဲ့ရတဲ့ပွဲတစ်ခုပါ၊ တော်တော်လေးမောပန်းနေပေမယ့် အာရုံစိုက်ကစားနိုင်ခဲ့တဲ့အတွက် အနိုင်ရခဲ့တာပါ။ ဒီပွဲနိုင်လိုက်လို့ ကျွန်မ တော်တော်လေး ပျော်ရွှင်မိပါတယ်” ဟု ဟဲလ်ပ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    အခြားပွဲစဉ်များတွင် စမန်သာ စတိုစာက၊ ဆီဒင် ၅ ရ အဲလီနာ ဗက်စ်နီနာအား လည်းကောင်း၊ ပက်ဗလူချင်ကိုဗာက ဆဗီတိုလီနာအားလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
    Ref: Skysports
    …………………………………….
    Paris Masters တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ် တတိယအဆင့်သို့ တက်ရောက်
    ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Paris Masters တင်းနစ်ပြိုင်ပွဲတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်မှာ တတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။
    နာဒယ်လ်မှာ ၂၀၀၉ ခုနှစ်က ထိုပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအဆင့်တွင် တစ်နိုင်ငံတည်းသား တင်းနစ်သမား မာဆယ် ဂရန်နိုလာအား အကြိတ်အနယ် ကစားကာ ၇-၅၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် လက်ရှိချန်ပီယံ ဒေးဗစ်ဖာရာမှာလည်း လူးကက်စ်ရိုဆိုလ်အား အနိုင်ရရှိခဲ့သည်။ ၁ နာရီနှင့် ၂၇ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ဖာရာမှာ လူးကက်စ်အား ၆-၀၊ ၂-၆၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    တတိယအဆင့်တွင် ဖာရာမှာ နိုင်ခြေအဆင့် ၁၅ ရှိ ဂီလ်းစ်ဆိုင်မွန်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး နာဒယ်လ်မှာ ပိုလန်တင်းနစ်သမား ဂျာဇီ ဂျန်နိုဝစ်ဇ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    Ref: Skysports
  • အောက်တိုဘာ ၃၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၃၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media
    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်အား ပစ်မှတ်ထားသည်ဟု အာတီတာဆို
    ပရီးမီးယားလိဂ်ရှိ အသင်းတော်တော်များများမှာ ယခုနှစ်တွင် ချန်ပီယံဖြစ်ရန်အတွက် ပြိုင်ဆိုင်နေကြပြီး အာဆင်နယ် အသင်းမှာလည်း ယခုနှစ်တွင် စတုတ္ထနေရာ ရယူရန်အတွက်သာမဟုတ်ဘဲ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန်အတွက် ယှဉ်ပြိုင်သွားမည်ဟု အာဆင်နယ်အသင်း၏ ကွင်းလယ်လူ အာတီတာက ပြောကြားခဲ့သည်။
    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ၉-ပွဲကစားပြီးချိန်တွင် ချယ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းထက် ၂-မှတ် အကွာဖြင့် ထိပ်ဆုံးနေရာ၌ ရှိနေပြီး အသင်း၏ မျှော်လင့်ချက်မှာ ယခုနှစ်တွင် မြင့်မားလာခဲ့သည်ဟု အာတီတာက ယုံကြည်နေသည်။
    “အဆင့်လေးနေရာထက် ပိုကောင်းတဲ့နေရာရအောင် ကျွန်တော်တို့လုပ်ဖို့ မျှော်လင့်ထားပါတယ်။ ထိပ်ဆုံးမှာ ရှိနေတာဟာ ကျေနပ်စရာဖြစ်ပြီး ဖိအားတစ်ချို့ကိုလည်း ဖယ်ရှားလိုက်ပါတယ်” ဟု talkSPORT ရေဒီယိုသို့ အာတီတာက ပြောကြားခဲ့သည်။
    ထို့ပြင် အာဆင်နယ်အသင်းမှာ ယုံကြည်မှုတိုးပွားလာပြီး တစ်ရာသီလုံးတွင် ၂ ပွဲသာရှုံးနိမ့်မည်ဟုခန့်မှန်းထားကြောင်း၊ သို့သော်လည်း ချန်ပီယံဖြစ်ရန်အတွက် ယှဉ်ပြိုင် ရခြင်းမှာ ပိုမိုကျယ်ပြန့်လာကြောင်း အာတီတာက ၀န်ခံပြောကြားသွား ခဲ့သည်။
    goal
    _______________________
    ရော်နယ်ဒိုအား ဘလတ္တာတောင်းပန် 
    ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုအား ပြောင်ပျက်သည့်သဘောဖြင့်မှတ်ချက်ပေးခဲ့မှုနှင့်ပက်သက်ပြီး ဖီဖာ ဥက္ကဌဖြစ်သူ ဆပ် ဘလတ္တာက ပြန်လည်တောင်းပန် လိုက်သည်။
    အောက်စဖို့ဒ် တက္ကသိုလ်တွင်ပြုလုပ်ခဲ့သည့် မက်ဆီနှင့် ရော်နယ်ဒိုတို့နှင့် ပက်သက်ပြီး အမေးအဖြေတစ်ခုတွင် ဘလတ္တာက ‘တစ်ယောက်မှာ အခြားတစ်ယောက်ထက် ဆံပင်ညှပ်ဆိုင်တွင် ပို၍ အချိန်ဖြုန်းသည်’ ဟု ရော်နယ်ဒိုအား ရည်ညွှန်း၍ အရွှန်းဖောက်ပြောကြား ခဲ့ခြင်းဖြစ်သည်။
    ထိုစကားနှင့် ပတ်သက်ပြီး ရော်နယ်ဒိုကလည်း စိတ်ဆိုးခဲ့ပြီး၊ ထိုကဲ့သို့နောက်ပြောင်မှုမှာ သူနှင့် သူ့အသင်းအား ဖီဖာမှ ဘက်လိုက်မှုကို ပြနေသည်ဟု တုံ့ပြန်ပြောကြား ခဲ့သည်။ သို့သော်လည်း ဘလတ္တာက ထိုကစားနှင့် ပတ်သက်ပြီး တွစ်တာမှ တစ်ဆင့် ရော်နယ်ဒိုအား ပြန်လည်တောင်းပန်ခဲ့သည်။
    “သောကြာနေ့ကပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ကျွန်တော့်ရဲ့ သဘောရိုးနဲ့ပြောတဲ့ စကားကို ခင်ဗျားအနေနဲ့ မကျေမနပ် ဖြစ်တယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျားကို စိတ်ဆိုးစေဖို့ မရည်ရွယ်ခဲ့ပါဘူး” ဟု ဘလတ္တာက ရေးသားခဲ့သည်။
    ထို့ပြင် ရီးယဲလ်အသင်းပိုင်ရှင် ဖလော်ရန်တီနို ပီရက်ဇ်ထံသို့လည်း အိတ်ဖွင့်ပေးစာတစ်စောင်ပို့၍ တောင်းပန်ခဲ့သည်ဟု သိရသည်။
    goal
    _______________________
    ဘာလော့တယ်လီအား အာရုံစိုက်ခြင်းမပြုရန် မီဒီယာများအား အယ်လီဂရီ တိုက်တွန်း
    မီဒီယာများအနေဖြင့် ဘာလော့တယ်လီ၏ ကိုယ်ပိုင်ဘ၀အား အာရုံစိုက်မှု များလွန်းနေကာ၊ ကွင်းအတွင်း အပြုအမူကိုသာလျှင် ဝေဖန်ဆုံးဖြတ်သင့်ပြီး ဘာလော့တယ်လီ အား အေးချမ်းစွာနေခွင့်ပေးရန် အေစီမီလန် အသင်း၏ နည်းပြဖြစ်သူ အယ်လီဂရီက ပြောကြားခဲ့သည်။
    အသက် ၂၃-နှစ်အရွယ်ရှိ ဘာလော့တယ်လီမှာ ၎င်း၏ ကွင်းတွင်း၊ ကွင်းပြင် အပြုအမူများကြောင့် မီဒီယာများတွင် အသားပေးဖော်ပြခြင်း ခံခဲ့ရပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ပါးမားအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသောပွဲတွင် ဘာလော့တယ်လီအား လူစားလဲခဲ့မှုနှင့် နောက်နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့သည့် ကားမတော်တဆမှု အတွက် Assurri သတင်းစာ ခေါင်းကြီးပိုင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။
    အယ်လီဂရီကလည်း ပါးမားအသင်းနှင့်ပွဲတွင် ဘာလော့တယ်လီအား လူစားလဲခဲ့ခြင်းမှာ ကွင်းအတွင်းမှ ထုတ်ပယ် ခံရမည်ကို စိုးရိမ်၍ဖြစ်သည်ဟု ပြန်လည်ပြောကြား ခဲ့သည်။ ထို့ပြင် ကွင်းပြင်ပ၌ပြုလုပ်သည့် ဘာလော့တယ်လီ ၏ လုပ်ရပ်များကို မီဒီယာများက အလွန်ကျွံအာရုံစိုက်မှုများအပေါ် စိတ်ရှုတ်နေသည့် အယ်လီဂရီက “ဘာလော့တယ်လီ ကွင်းအတွင်းမှာ ဘာလုပ်တယ်ဆိုတာကိုပဲ ကျွန်တော်ဆုံးဖြတ်ပါတယ်။ တနင်္ဂနွေနေ့က ပါးမားနဲ့ပွဲမှာ သူကောင်းကောင်း မကစားနိုင်တဲ့အတွက် ကျွန်တော် သူ့ကို လူစားလဲလိုက်တာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _______________________
    ခံစစ်ပိုင်းဆိုင်ရာ အမှားကြောင့် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ၀င်းဂါးဆို
    ယနေ့နံနက်က ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲတွင် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့ရမှုမှာ ခံစစ်ပိုင်းဆိုင်ရာ အမှားကြောင့်ဖြစ်သည်ဟု အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    အိမ်ကွင်းအီမရိတ်တွင် ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး၊ မော်ရင်ဟိုကိုင်တွယ် သည့် ချယ်ဆီးအသင်းနှင့် ကိုးကြိမ်မြောက်တွေ့ဆုံမှုလည်း ဖြစ်သည်။ ချယ်ဆီးအသင်း အတွက် ဂိုးများကို ဆီဇာ အက်ဇ်ပီလီကျူတာနှင့် မာတာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    “သိပ်ကိုခက်ခဲတဲ့ပွဲဖြစ်ပြီး ဆုံးဖြတ်ချက်အမှား တစ်ခုနှစ်ခုလောက် လုပ်ခဲ့မိပါတယ်။ တချို့အခြေအေနေမှာ ကျွန်တော်တို့ အနည်းငယ် နုံအခဲ့ပါတယ်။ တစ်ဂိုး ဂိုးမရှိနဲ့ ကျွန်တော်တို့ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် သူတို့ကို တစ်ဂိုးထပ်ပေးလိုက်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ အခွင့်အရေးတွေ များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် လာမည့်စနေနေ့ လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်မှုများကို ပြသမည်ဖြစ်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    goal
    _______________________