News @ M-Media

Tag: DailySportsNews

  • အာဆင်နယ်၊ မန်စီတီး၊ စပါးတို့ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ဆူပါဆန်းဒေးပွဲစဉ်များ

    နိုဝင်ဘာ-၁၁ ၂၀၁၃
    M-Media

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ၏ လက်ကျန်ပွဲစဉ်များကို ယမန်နေ့က ကစားခဲ့ရာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး၌ ရှိနေသည့်အသင်းများမှာ ရှုံးနိမ့်ခဲ့ကြသည်။ အာဆင်နယ်အသင်းမှာ အိုးထရက်ဖို့ဒ်တွင် ကစားသမားဟောင်းဗန်ပါစီ၏ သွင်းဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မန်စီတီးအသင်းမှာ အဝေးကွင်းတွင် ဇယားအောက်ခြေနားရှိ ဆန်းဒါးလန်းအသင်းအား ရှုံးနိမ့်ခဲ့ပြီး၊ စပါးအသင်းမှာလည်း ပြီးခဲ့သည့်တစ်ပါတ်က ချယ်ဆီးအသင်းအား အနိုင်ယူနိုင်ခဲ့သည့် နယူးကာဆယ်အသင်းအား အိမ်ကွင်းတွင် အရှုံးပေးခဲ့ရသည်။

    မန်ယူ ၁-၀ အာဆင်နယ်

    မန်ယူအသင်းအမှာ ဆိုဆီဒက်သင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် လူစာရင်းအား လေးနေရာအပြောင်းအလဲလုပ်ခဲ့ပြီး၊ အာဆင်နယသင်းတါင်လည်း နောက်ခံလူ ဗာမေလန်နှင့် ကွင်းလယ်အဖျက် ဖလာမီနီတို့ပြန်လည်ပါဝင်လာခဲ့သည်။

    ပထမပိုင်းအစတွင် နှစ်သင်းစလုံးကစားကွက်မမိခဲ့သော်လည်း ယခုပွဲ၏ တစ်လည်းတည်းသောအနိုင်ဂိုးကို ၂၇ မိနစ်တွင်ရရှိခဲ့သည်။ ၀ိန်းရူနီ၏ ထောင့်ကန်ဘောအား အာဆင်နယ်ကစားသမားဟောင်း ဗန်ပါစီက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းမှာ ပထမပိုင်းထက်ကစားပုံကောင်းခဲ့သော်လည်း ထိရောက်သော ဖန်တီးမှုများမရှိခဲ့သည့်အတွက် ချေပဂိုးရရှိခဲ့ခြင်းမရှိဘဲ အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းအား အရှုံးပေးခဲ့ရသည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ ၉ ပွဲဆက် ရှုံးပွဲမရှိသည့် ပရီးမီယားလိဂ်ဇယားတွင်လည်း အဆင့် ၅ သို့ တက်ရောက်လာနိုင်ခဲ့သည်။

    RVP-AFP
    ………………………………….
    ဆန်းဒါးလန်း ၁-၀ မန်စီးတီး

    ချန်ပီယံလိဂ်တွင် ဂိုးပြတ်ဖြင့်အနိုင်ယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည့် မန်စီးတီးအသင်းမှာ ဆန်ဒါးလန်းအသင်း၏ အလင်းရောင်ကွင်းတွင် အရှုံးပေးခဲ့ရသည်။

    ဆန်ဒါးလန်းအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မိနစ် ၂၁ မိနစ်တွင် ၀က်စ်ဘရောင်း၏ ဖြတ်တင်ဘောမှတစ်ဆင့် ဖိလစ်ဘာ့ဒ်စလေက ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲမှာ တန်းဆင်းဇုန်သို့ရောက်နေသည့် ဆန်းဒါးလန်းအသင်း၏ ယခုနှစ်ရာသီ ဒုတိယမြောက်နိုင်ပွဲလည်းဖြစ်ခဲ့သည်။
    ……………………………………..
    စပါး ၀-၁ နယူးကာဆယ်

    ပြီးခဲ့သည့်တစ်ပါတ်က ချယ်ဆီးအသင်းအား အိမ်ကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့သည့် နယူးကာဆယ်အသင်းမှာ ယခုပွဲတွင်းလည်း ခြေစွမ်းထက်နေသည့် စပါးအသင်းအား အဝေးကွင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

    ပွဲအစတွင် အိမ်ရှင်စပါးအသင်းက ဖိကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးအား ဧည့်သည်အသင်းက စတင်ရရှိခဲ့သည်။ ထိုဂိုးအား ၁၃ မိနစ်တွင် ရီမီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဂိုးပေးလိုက်ရပြီးနောက် စပါးအသင်းမှာ ချေပဂိုးရရန် နယူးကာဆယ်အသင်းအား ဖိကစားခဲ့ပြီး ဂိုးသွင်းခွင်းများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် အိမ်ကွင်းတွင် နယူးကာဆယ်အသင်းအား အရှုံးပေးခဲ့ရသည်။
    ……………………………….
    နော်ဝစ်ခ်ျ ၃-၁ ၀က်စ်ဟမ်း

    ညီ့းခဲ့သည့် တစ်ပါတ်က မန်စီးတီအား ၇ ဂိုးဂိုးမရှိဖြင့် အရှုံးပေးခဲ့ရသည့် နော်ဝစ်ခ်ျမှာ ယခုပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဦးဆောင်ဂိုးကို ၃၂ မိနစ်တွင် ၀က်စ်ဟမ်းအသင်းက စတင်ရရှိခဲ့ခြင်းဖြစ်သည်။ ကီးဗင်နိုလန်၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ရာဗယ်လ် မော်ရစ်ဆင်က အနီးကပ်ကန်သွင်းယူခဲ့သည်။

    နောက်ပိုင်းတွင် အိမ်ရှင်နော်ဝစ်ခ်ျအသင်းက ကစားအားပိုကောင်းလာခဲ့ပြီး ၅၄ မိနစ်တွင် ဂါရီ ဟူးပါးက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့သည်။ ၇၂ မိနစ်တွင် နော်ဝစ်ခ်ျတို့ ဒုတိယဂိုးရရှိခဲ့ပြီး ရောဘတ် စနော့ဒ် ဂရက်က ဖရီးကစ်မှတစ်ဆင့် သွင်းယူခဲ့ပြီး၊ နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် လီရွိုင်း ဖာရ်က သွင်းယူးပေးခဲ့သည်။

    နော်ဝစ်ခ်ျအသင်းမှာ ယခုပွဲအနိုင်ကြောင့် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်ကတည်းက လန်ဒန်ကလပ်များကို အနိုင်မရရှိခဲ့သည့် စံချိန်အား ယခုပွဲအနိုင်ဖြင့်ချိုးဖျက်နိုင်ခဲ့သည်။ ၀က်စ်ဟမ်းအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၄ ပွဲတွင် နိုင်ပွဲမရရှိသေးချေ။
    ……………………………………..
    ဆွမ်ဆီး ၃-၃ စတုတ်

    ဆွမ်ဆီးအသင်း၏ အိမ်ကွင်လေဘာတီတွင်ကစားခဲ့သည့် ယခုပွဲတွင် စတုတ်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် သရေတစ်မှတ်အား ရရှိခဲ့ခြင်းဖြစ်သည်။

    စတုတ်အသင်းမှာ ဦးဆောင်ဂိုးများကို စောစီးစွာရရှိခဲ့ပြီး ပထမိုင်း ၈ မိနစ်နှင့် ၂၅ မိနစ်တို့တါင် ဂျိုနသန်ဝေါလ်တာနှင့် စတီဖင် အိုင်ယာလန်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    သို့သောလည်း ဒုတိယပိုင်း ၅၆ မိနစ်နှင့် ၇၄ မိနစ်တို့တွင် အိမ်ရှင်တို့ ချေပဂိုးရရှိခဲ့ပြီး ဘိုနီနှင့် နသန်ဒိုင်ယာတို့က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး ၈၆ မိနစ်တွင် ဆွမ်းဆီးတို့ အနိုင်ဂိုးရရှိခဲ့ပြီး ရှဲလ်ဗီ၏ ပေးပို့မှုမှတစ်ဆင့် ဘိုနီက သွင်းယူပေးခဲ့သည်။

    ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ဆွမ်ဆီးကစားသမား ၀ိန်း ရုတ်လက်ဂ်ျက ဧရိယာအတွင်း လက်ဖြင့်ဘောလုံးအား လက်ဖြင့်ထိမိခဲ့သောကြောင့် ပင်နယ်တီပေးခဲ့ရပြီး ချာလီအဒမ်က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့သောကြောင့် စတုတ်တို့ အဖိုးတန် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။

  • လီဗာပူးလ်၊ ဆောက်သက်တမ်တို့အနိုင်ရ ချယ်ဆီးသရေကျသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စနေနေ့ညပွဲများ

    လီဗာပူးလ်၊ ဆောက်သက်တမ်တို့အနိုင်ရ ချယ်ဆီးသရေကျသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စနေနေ့ညပွဲများ

    နိုဝင်ဘာ ၁၀၊ ၂၀၁၃
    M-Media

    187300_herol

    ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ယမန်နေ့ညတွင် ၆ ပွဲကစားခဲ့ရာ ထိပ်ဆုံးပိုင်းမှ လီဗာပူးလ်နှင့် ဆောက်သက်တမ်တို့ အနိုင်ရရှိခဲ့ပြီး ချယ်ဆီးနှင့် အဲဗာတန်တို့မှာ အိမ်ကွင်းတွင် သရေကျသွားခဲ့သည်။

    လီဗာပူးလ် ၄-၀ ဖူလ်ဟမ်

    အိမ်ကွင်းအန်ဖီးလ်တွင် ကစားခဲ့သည့် ယခုပွဲတွင် လီဗာပူးလ်အသင်းမှာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့သည်။
    လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့်သီတင်းပတ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲသည့်ပွဲမှ လူစာရင်းကို သုံးနေရာအပြောင်းအလဲလုပ်ကာ ဖူလ်ဟမ်အား ဧည့်ခံကစားခဲ့သည်။

    လီးဗာပူးလ်အသင်း၏ ဦးဆောင်ဂိုးကို ၂၃ မိနစ်တွင် ရရှိခဲ့ပြီး ဖူလ်ဟမ်ကစားသမား ဖာနန်ဒို အေမိုရီဘီယီတာက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ ၂၆ မိနစ်တွင် လီဗာပူးလ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး နောက်ခံလူစကာတယ်က ခေါင်းတိုက် သွင်းယူပေးခဲ့သည်။ တတိယနှင့် စတုတ္ထဂိုးများကို လူးဝစ်ဆွာရက်ဇ်က ၃၆ မိနစ်နှင့် ၅၄ မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ကြောင့် လီဗာပူးလ်အသင်းမှာ ထိပ်ဆုံးမှ အာဆင်နယ်အသင်းထက် တစ်ပွဲအသာ နှစ်မှတ်လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး၊ ဖူလ်ဟမ်အသင်းမှာ နောက်ဆုံးလေးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး တန်းဆင်းဇုန်နားသို့ရောက်ရှိနေသည်။
    ……………………………

    ဆောက်သက်တမ် ၄-၁ ဟားလ်စီးတီး

    ဆောက်သက်တမ်အသင်းမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ် ၄ ပွဲတွင် ပေးဂိုးမရှိခဲ့သည့်အသင်းဖြစ်ပြီး ယခုပွဲတွင်လည်း အိမ်ကွင်းတွင် ဟားလ်စီးတီးအား သက်တောင့်သက်သာဖြင့် အနိုင်ရရှိခဲ့သည်။

    ဦးဆောင်ဂိုးကို ၁၆ မိနစ်တွင် ဆောက်သက်တမ်အသင်းက ရရှိခဲ့ပြီး မော်ဂန် ရှန်ဒါလင်ကသွင်းယူပေးခဲ့သည်။ မိနစ် ၃၀ တွင် ဆောက်သက်တမ်အသင်းက ပင်နယ်တီရရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင် ရစ်ကီလမ်ဘာတ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည်။ ၃၇ မိနစ်တွင် အဒမ် လာလနာက ဂိုသမား၏ ညာဘက်အောက်ထောင့်ကို လှပစွာကန်သွင်းခဲ့ပြီး ဆောက်သက်တမ်အတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။

    ၅၅ မိနစ်တွင် ဟားလ်စီးတီးတို့ ချေပဂိုးရရှိခဲ့ပြီး ယာနစ်ဆာဂ်ဘိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၈၈ မိနစ်တွင် စတီဗင်ဒါးဗီးစ်က ဆောက်သက်တမ်အတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

    ဆောက်သက်တမ်အသင်းမှာ အခုပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်ဇယားတွင် တတိယနေရာသို့ တက်ရောက်နိုင်ခဲ့သည်။
    ………………………………………

    ချယ်ဆီး ၂-၂ ၀က်စ်ဘရွန်း

    ပြီးခဲ့သည့် သီတင်းပတ်က နယူးကာဆယ်အား အဝေးကွင်းတွင်ရှုံးနိမ့်ခဲ့သည့် ချယ်ဆီးအသင်းမှာ ယခုပွဲတွင်လည်း အိမ်ကွင်းတွင် ၀က်စ်ဘရွန်းအသင်းအား အနိုင်မယူနိုင်ခဲ့ဘဲ အေဒင် ဟာဇာဒ်၏ နောက်ကျပင်နယ်တီကြောင့်သာ သရေတစ်မှတ်ရခဲ့ခြင်းဖြစ်သည်။

    ယခုပွဲမှာ မော်ရင်ဟို၏ ချယ်ဆီးအသင်းနှင့် အိမ်ကွင်း ၁၀၀ ပြည့်မြောက်သည့် ပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲတွင် အသင်း၌မပါဝင်ခဲ့သည့် အေဒင်ဟာဇာဒ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီး ပထမပိုင်းတွင် ချယ်ဆီးအသင်းမှာ ဂိုးသွင်းခွင့် အနည်းငယ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းနိုင်ခဲ့ဘဲ ပွဲပြီးကာနီးတွင်မှ အဖွင့်ဂိုးရရှိခဲ့သည်။ ထိုဂိုးအား အီတူးက အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

    ဒုတိယပိုင်းတွင် ၀က်စ်ဘရွန်းတို့ ချေပဂိုးနှင့်အနိုင်ဂိုးများရရှိခဲ့ပြီး မိနစ် ၆၀ တွင် ရှိန်းလောင်နှင့် ၆၈ မိနစ်တွင် စတီဖိန်း ဆက်ဆဂ်နန်ကသွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချယ်ဆီးအသင်းမှာ ချေပဂိုးရရန်အတွက် ကြိုးစားကစားခဲ့ပြီး ဒုတိယပိုင်းပွဲအပြီး နာကျင်အချိန်ပိုတွင် ကံကောင်းစွာဖြင့် ချယ်ဆီးတို့ပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီအား ဟာဇာဒ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ချယ်ဆီးအသင်း အဖိုးသရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။
    ……………………………

    အက်စတွန်ဗီလာ ၂-၀ ကာဒစ်ဖ်

    ဗီလာမှာ ယခုပွဲတွင်အနိုင်ရရှိခဲ့သော်လည်း အနိုင်ဂိုးများကို ဒုတိယပိုင်းတွင်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ၇၅ မိနစ်တွင် လီယိုနာဒို ဘာကျူနာက ဖရီးကစ်မှလည်းကောင်း၊ ၈၃ မိနစ်တွင် လီဘို ကိုဇက်က ခေါင်းတိုက်၍လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………….

    နော်ဝစ်ခ်ျ ၃-၁ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၀-၀ အဲဗာတန်

    အခြားပွဲစဉ်များတွင် နော်ဝစ်ခ်ျအသင်းက ၀က်စ်ဟမ်းအသင်းအား အိမ်ကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး၊ အဲဗာတန်အသင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။

  • နိုဝင်ဘာ ၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media

    ဗန်ပါစီအား အာဆင်နယ်ကစားသမားအဖြစ်သာ ထင်မှတ်နေဆဲဟု ၀င်းဂါးဆို


    အာဆင်နယ်အသင်းမှ ပြောင်းရွှေ့သွားခဲ့သော်လည်း ဗန်ပါစီအား မြင်လိုက်သည်နှင့် အာဆင်နယ်ကစားသမားအဖြစ်သာ ထင်မှတ်မိသည်ဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ဗန်ပါစီမှာ အာဆင်နယ်အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူပေးခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမှ မန်ယူအသင်းသို့ပြောင်းရွှေ့သွားသူဖြစ်သည်။

    သို့သော်လည်း အာဆင်နယ်တွင်ပြသခဲ့သည့် ၎င်း၏ စွမ်းဆောင်ချက်များကြောင့် အသင်းက ၎င်းအားချစ်ခင်နေဆဲဟု ဖွင့်ဟခဲ့သည့် အာဆင်ဝင်းဂါးက  “မန်ယူဂျာစီနဲ့ သူ့ကိုတွေ့ရတာဟာ ထူးဆန်းနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ကျွန်တော့အတွက်တော့ အာဆင်နယ်ကစားသမားတစ်ယောက်ပါပဲ။ သူ့ကို ငယ်ငယ်ကလေး က ကျွန်တော်ခေါ်ယူခဲ့ပြီး အသင်းရဲ့ ခက်ခဲတဲ့ကာလတွေကို ကျွန်တော်တို့ အတူတူ ဖြတ်သန်းခဲ့ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    Goal
    ______________________
    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်အချို့အား အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းလဲကျင်းပနိုင်သည်ဟု ဘလတ္တာဆို


    ၂၀၂၂-ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပရန်ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲအချို့အား အီရန် သို့မဟုတ် အခြားသော ရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းလဲကျင်းပနိုင်ခြေ ရှိသည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။

    ပြိုင်ပွဲကျင်းပနိုင်ရန်အတွက် အဆောက်အဦးများဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးလုပ်သားများအား ကာတာနိုင်ငံမှ ကာကွယ်စောင့်ရှောက်မှုအား နည်းသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ပလာတီနီက ကမ္ဘာ့ဖလားပြိုင်ပွဲအား အခြားသောပင်လယ်ကွေ့နိုင်ငံများ၌ ပြောင်းရွှေ့ကျင်းပရန် အကြံပြုခဲ့ဖူးသည်။

    ယခုအခါ ပြိုင်ပွဲအား နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင်ပြောင်းရွှေ့ကျင်းပရန် ကာတာနိုင်ငံနှင့်ဆွေးနွေးနေကြောင်း ဆပ်ဘလတ္တာက ၀န်ခံခဲ့သည်။

    “ကျွန်တော် အီရန်ကို သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲအချို့ကို ကျင်းပခွင့်ရရင် သူတို့ပျော်ရွှင်မိမယ်လို့ အီရန်ကပြောခဲ့ပါတယ်။ အီရန်တစ်နိုင်ငံတည်း မဟုတ်ပါ ဘူး။ ယူအေအီးနိုင်ငံအပါအ၀င် အခြားပင်လယ်ကွေ့နိုင်ငံတွကလည်း ကျင်းပဖို့ စိတ်အားထက်သန်နေကြပါတယ်” ဟု ဘလတ္တာက အဘူဒါဘီတွင် ကျင်းပမည့် ၁၇ နှစ် အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်ခင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Goal
    ______________________
    မက်ဆီကြောင့် ရော်နယ်ဒိုမှာ ပိုမိုတိုးတက်လာသည်ဟု ပီကေးဆို


    ဘာစီလိုနာအသင်း၏ နောက်ခံလူ ဂျရက် ပီကေးက ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ မက်ဆီနှင့်ယှဉ်ပြိုင်ရခြင်းကြောင့် ပိုမိုတိုးတက်လာသည်ဟု ပြောကြားလိုက်သည်။

    ထို့ပြင် မန်ယူအသင်းတွင်တွဲကစားဖူးသည့် ရော်နယ်ဒို၏ ရည်ရွယ်ချက် ကြီးမားမှုအား အားကျနေပြီး ရီးယဲလ်၏ ငွေးကြေးသုံးစွဲမှုနှင့်ယှဉ်လျှင် ဘာစီလိုနာအသင်းမှာ အားနည်းသောအသင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “မန်ယူမှာ ကျွန်တော်တို့တွဲကစားဖူးခဲ့ပြီး အခုအချိန်အထိ ရော်နယ်ဒိုက မပြောင်းလဲပါဘူး။ သူဟာ အရင်တုန်းကလိုပါပဲ။ ပိုပိုပြီး ကြိုးစားနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက် ကြီးမှုကိုလည်း ကျွန်တော်အားကျပါတယ်” ဟု အားကစား သတင်းစာတစ်စောင် ဖြစ်သည့် So Foot သို့ ပီကေးက ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွင် မက်ဆီ၏နောက် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး၊ ယခုနှစ်တွင်လည်း ကမ္ဘာ့အကောင်းဆု ဇကာတင်စာရင်းတွင် မက်ဆီနှင့်အတူ ပါဝင်နေသည်။

    Goal
    ______________________
    ATP World Tour Finals ဆီမီးဖိုင်နယ်သို့ နာဒယ်နှင့် ၀ါဝရင်ကာတို့တက်ရောက်


    လန်ဒန်တွင်ကျင်းပနေသည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲတွင် အုပ်စု A မှာ ရာဖေးနာဒယ်နှင့် ၀ါဝရင်ကာတို့ ဆီမီးဖိုင်နယ်သို့ အသီးသီးတက်ရောက်သွား ပြီဖြစ်သည်။

    ကမ္ဘာ့အဆင့် ၁ စပိန်တင်းနစ်သမား နာဒယ်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘာ့အဆင့် ၆ ချက်ကစားသမား သောမတ်စ် ဘာဒစ်ခ်ျနှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး ထိုပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။

    ပထမပွဲငယ်တွင် နာဒယ်က ၆-၄ ဖြင့်အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ဘာဒစ်ခ်ျက ၆-၁ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သည်။ အဆုံးအဖြတ်ဖြစ်သည့် တတိယပွဲငယ်တွင် နာဒယ်က ၆-၃ ဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။

    အုပ်စု A ၏ အခြားပွဲစဉ်ဖြစ်သည့် ကမ္ဘာ့အဆင့် ၈ ၀ါဝရင်ကာနှင့် ကမ္ဘာ့အဆင့် ၃ ဒေးဗစ်ဖာရာတို့၏ပွဲတွင် ၀ါဝရင်ကာက ၆-၇ ၆-၄ ၆-၁ ဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    အုပ်စု B တွင် နိုဗက်ဂျိုကိုဗစ်မှာဆီးမီးဖိုင်နယ်သို့စောစီးစွာတက်ရောက်နိုင်ခဲ့ပြီး ဖက်ဒါရာနှင့် ဒဲလ်ပေါ်ထရိုတို့ပွဲမှ အနိုင်ရရှိသူက ဆီမီးဖိုင်နယ်သို့ ဂျိုကိုဗစ်နှင့်အတူ တက်ရောက်နိုင်မည်ဖြစ်သည်။

    ATP World Tour Finals တစ်နစ်ပြိုင်ပွဲမှာ ATP ပြိုင်ပွဲများတွင် ရာသီပိတ်နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသများသာ ၀င်ရောက် ယှဉ်ပြိုင်ရသည်။

    Skygports
    ______________________

  • နိုဝင်ဘာ- ၈ အားကစားသတင်းများ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media

    မန်ယူပြန်လာပြီဟု ရူနီဆို

    ဒေးဗစ်မိုယက်စ်လက်အောက်ရှိ မန်ယူအသင်းမှာ နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်လာပြီး၊ ယခုတစ်ပါတ် အာဆင်နယ်နှင့်ပွဲတွင် သက်သေပြမည်ဟု မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူမှာ ရာသီအစတွင် ၂၄ နှစ်အတွင်း အဆိုးဝါးဆုံး ရလဒ်များဖြင့် ရုန်းကန်ခဲ့ရသော်လည်း ယခုအချိန်တွင် ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ရရှိထားပြီး လာမည့်တနင်္ဂနွေနေ့တွင် ဇယားထပ်ဆုံးတွင်ရှိနေသည့် အာဆင်နယ်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ဧည့်ခံကစားရမည်ဖြစ်သည်။

    ယခုကဲ့သို့ မန်ယူအသင်း ကစားပုံပြန်လည်ကောင်းမွန်လာခြင်းက မိုယက်စ်လက်အောက်တွင် အသင်းရှိကစားသမားများ အသားကျသွားသည့် သက်သေဖြစ်ကြောင်း၊ နည်းပြဖြစ်သူ၏ စိတ်ကူးများကိုလည်း နားလည်လာ ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ အားလုံးအသစ်ဖြစ်လာပြီး နည်းပြရဲ့မတူညီတဲ့ သဘောတရားတွေကိုလည်းနားလည်လာပါပြီ။ ဒီသဘောတရားတွေကို ကျွန်တော်တို့နိုင်သလောက် အကောင်းဆုံး အကောင်အထည်ဖော်ဖို့ဆိုတာကတော့ ကျွန်တော်တို့အပေါ်မှာပဲမူတည်ပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref:mirror

    ………………………………….
    ဂျရတ်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလျှင် နိုင်ငံတကာကစားသမားဘ၀မှ အနားယူရန် ရော်ဂျာ မျှော်လင့်

    လာမည့်နွေရာသီတွင်ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် အင်္ဂလန်ကွင်းလယ်လူ ဂျရတ်အနေဖြင့် သူ၏နိုင်ငံကစားသမားဘ၀အား အဆုံးသတ်မည်ဟု ထင်ကြောင်း လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။

    မကြာမီ ချီလီနှင့် ဂျာမနီအသင်းတို့နှင့် ခြေစမ်းပွဲကစားမည့် အင်္ဂလန်အသင်းတွင် ဂျရတ်မှာရွေးချယ်ခြင်းခံထားရပြီး၊ ပထမကစားသမားအဖြစ်ပါဝင်ရန်လည်း အခွင့်အရေးရှိနေသည်။ ထိုကဲ့သို့ပါဝင်ခွင့်ရခဲ့ပါက ဂျရတ်မှာ လက်ရွေးစဉ်အသင်းအတွက် ပွဲအများဆုံးကစားပေးထားသည့် တတိယမြောက် ကစားသမားဖြစ်လာမည်ဖြစ်သည်။ ဂျာရတ်မှာ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲသုံးခုနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုတို့တွင် အင်္ဂလန်အသင်းအတွက် ၁၀၇ ပွဲကစားပေးထားသူဖြစ်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် အသက် ၃၄ နှစ်ဖြစ်လာမည့် ဂျရတ်အနေဖြင့် နိုင်ငံတကာကစားသမားဘ၀ကို အဆုံးသတ်ရန်အချိန်ရောက်ပြီဟု ရော်ဂျာက ရှုမြင်နေသည်။

    Ref:dailymail

    ……………………………………
    ဂျိုးဟတ်မှာ လက်ရွေးစင်အသင်း၏ နံပါတ် ၁ ဖြစ်နေဆဲဟု ဟဒ်ဆန်ဆို

    ကလပ်အသင်းတွင် အမှားမျာစွာပြုလုပ်ခဲ့သောကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရသော်လည်း ဂျိုးဟတ်မှာ အင်္ဂလန်အသင်း၏ နံပါတ် ၁ ကစားသမားဖြစ်နေဆဲဟု အင်္ဂလန်အသင်းနည်းပြ ဟဒ်ဆန်က ပြောကြားလိုက်သည်။

    အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် မန်စီးတီးအသင်း၏ ဂိုးသမား ဂျိုးဟတ်မှာ ချယ်ဆီး၊ အက်စတွန်ဗီလာ၊ ကာဒစ်ဖ်စီးတီးတို့နှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲများတွင် အမှားများပြုလုပ်ခဲ့သောကြောင့် ကလပ်အသင်း၏ နောက်ဆုံးကစားခဲ့သည့် ၂ ပွဲတွင် အရန်ခုံတွင်သာ ထိုင်နေခဲ့ရသည်။

    သို့သော်လည်း ဂျိုးဟတ်အနေဖြင့် ချီလီနှင့် ဂျာမနီတို့နှင့်ကစားမည့် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲများမှ တစ်ပွဲတွင်ပါဝင်ခွင့်ရမည်ဟု ပြောကြားခဲ့ပြီး ကလပ်အသင်းတွင်လည်း မကြာမီ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရလိမ့်မည်ဟု ဟဒ်ဆန်ကယုံကြည်နေသည်။

    “ဂျိုးဟတ်ဟာ မကြာခင် မန်စီးတီးမှာ နေရပြန်ရမယ့် ဂိုးသမားကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ သူဟာ (အင်္ဂလန်အသင်းခြေစမ်းပွဲနှစ်ပွဲမှ) တစ်ပွဲပါဝင် ကစားရမှာဖြစ်ပြီး နှစ်ပွဲလုံးတော့ ကစားရမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ တာဝန်အရ အခြားဂိုသမားနှစ်ဦးကိုလည်း စောင့်ကြည့်ရဦးမှာပါ” ဟု ဟဒ်ဆန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref:Goal

    ……………………………………

    ATP World Tour Finals တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဂျိုကိုဗစ်တက်ရောက်

    ကမ္ဘာ့အဆင့် ၁ မှ ၈ တွင်းရှိကစားသမားများသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် လန်ဒန်တွင်ကျင်းပပြုလုပ်နေသော ATP World Tour Finals တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    ကမ္ဘာ့အဆင့် ၂ ရှိ ဂျိုကိုဗစ်မှာ အုပ်စု B ၏ အဖွင့်ပွဲစဉ်တွင် ရော်ဂျာဖက်ဒါရာအား အနိုင်ရရှိခဲ့ပြီး ယခုပွဲတွင်လည်း ကမ္ဘာ့အဆင့် ၅ အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုအား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ပထမပွဲငယ်တွင် ဂျိုကိုဗစ်ကအနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ပေါ်ထရိုက အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။ အဆုံးအဖြတ်ဖြစ်သည့် နောက်ဆုံးပွဲငယ်တွင် ဂျိုကိုဗစ်က အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲအပြီးတွင် ၆-၃၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံလည်းဖြစ်ပြီး နှစ်ပွဲကစား ရှုံးပွဲမရှိဖြင့် ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။ ယခုပွဲမတိုင်ခင် စောစောပိုင်းက ကစားခဲ့သည့် ဖက်ဒါရာနှင့် ဂတ်စ်ကတ်တို့ပွဲစဉ်တွင် ဖက်ဒါရာက အနိုင်ရရှိခဲ့သည်။ ဖက်ဒရာနှင့် ဒဲလ်ပေါ်ထရိုတို့မှာ နှစ်ပွဲကစား တစ်ပွဲစီအနိုင်ရရှိထားပြီး နောက်ဆုံးပွဲတွင်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံရမည်ဖြစ်သည်။

    novak-djokovic

  • နိုဝင်ဘာ ၇၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၇၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလားအား ရရှိနိုင်သည်ဟု အင်္ဂလန်အသင်း ကစားသမားများက ယုံကြည်နေကြောင်း ဘက်ခမ်းပြော


    အင်္ဂလန်အသင်းသားများမှာ ၎င်းတို့အနေဖြင့် ကမ္ဘာ့ဖလားအားရယူနိုင်ပြီး မျှော်လင့်ထားသည်ထက် ပိုမိုလုပ်ပြနိုင်သည်ဟု ယုံကြည်နေကြာင်း အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ၁၉၆၆-ခုနှစ်တစ်ကြိမ်သာ ကမ္ဘာ့ဖလားအား ဗိုလ်စွဲနိုင်ခဲ့ပြီး ၁၉၉၀-ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာ နောက်ဆုံးလေးသင်းအဆင့်ကို တက်ရောက် နိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ယခုအချိန်တွင် အင်္ဂလန်အသင်းမှာ ကမ္ဘာ့အဆင့်-၁၀ နေရာတွင်ရှိနေပြီး ကစားသမားများအား ရည်ရွယ်ချက်ကြီးကြီးမားမားထားရှိကြရန် ဘက်ခမ်းက မျှော်လင့်နေသည်။

    “အင်္ဂလန်အသင်း ပြိုင်ပွဲ ၀င်ပြိုင်တဲ့အခါ ကျွန်တော်အမြဲတမ်းအကောင်းမြင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်လည်း အင်္ဂလန်အသင်းနဲ့အတူ ၀င်ပြိုင်ခဲ့ဖူးလို့ပါ။ ပြိုင်ပွဲကြီးတွေကို ၀င်ပြိုင်တဲ့အခါ ဘယ်လိုလဲဆိုတာကို ကျွန်တော်ခံစားဖူးပါတယ်”ဟု ဘက်ခမ်းက Sky Sports သို့ ပြောကြားခဲ့သည်။

    ထို့ပြင် နည်းပြ ရွိုင်ဟတ်ဆန်ရောက်လာပြီးနောက် အသင်းတွင် အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများ၊ ပါရမီရှိသည့် ကစားသမားများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အဓိကပြိုင်ပွဲကြီးများတွင် အတက်အကျ ရှိစမြဲဖြစ်ကြောင်း ဘက်ခမ်းက ထပ်လောင်းပြောကြားခဲ့သည်။

    Goal
    ___________________

    ချန်ပီယံလိဂ်ပွဲမတိုင်မီ ဆဲလ်တစ်ပရိတ်သတ်များ အဖမ်းခံခဲ့ရ


    အမ်စတာဒမ်တွင် ယနေ့နံနက်က ကစားခဲ့သည့် အေဂျက်အသင်းနှင့် ဆဲလ်တစ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဆဲလ်တစ်အသင်းပရိတ် သတ်များမှာ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆတ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များအား ဆဲလ်တစ်ပရိတ်သတ်များက ပုလင်းများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ပရိတ်သတ်များ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၈-ဦး ဒဏ်ရာရရှိခဲ့ကာ၊ ဆဲလ်တစ်ပရိတ်သတ် ၁၅ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အမ်စတာဒမ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

    လက်မှတ်မပါပါက ကွင်းအတွင်းသို့မ၀င်ရောက်ရန် ပရိတ်သတ်များအား ဆဲလ်တစ်အသင်းက သတိပေးထားသော်လည်း အမ်စတာဒမ်တွင် ပရိတ်သတ် ၁၂၀၀၀ က ကွင်းအတွင်းသို့ဝင်ရောက်ရန် စုရုံးခဲ့ကြသည်။

    ပြီးခဲ့သည့် အင်္ဂါနေ့ညနေကလည်း ဆဲလ်တစ်ပရိတ်သတ်များအား အေဂျက်ပရိတ်သတ်များက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

    Goal
    ___________________
    မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျကို တက်နင်းခဲ့သည့် ရီသာအား FA မှ သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်


    စနေနေ့က ကစားခဲ့သော မန်ယူအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ပွဲစဉ်တွင် မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျအား တက်နင်းခဲ့သည့် ဖူလ်ဟမ် ကစားသမားရီသာအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟုသိရသည်။

    ဂျာမန်ကစားသမား ရီသာမှာ ဂျာနူဇက်ဂ်ျ၊ အသင်းဖော်များနှင့် ဖူလ်ဟမ်ပရိတ်သတ်များအား တောင်းပန်ခဲ့သောကြောင့် ဒိုင်လူကြီး လီရော်ဘတ်က ပွဲအစီရင်ခံစာတွင် ထိုအဖြစ်အပျက်အား ထည့်သွင်းရေးသားခဲ့ခြင်းမရှိခဲ့သော်လည်း၊ FA ၏ စည်းမျဉ်းသစ်အရ ဒိုင်လူကြီးဟောင်းသုံးဦးက ပွဲမှတ်တမ်းအား ဗီဒီယိုကို ပြန်လည် ကြည်ရှု့ ခဲ့ပြီးနောက် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ရီသာမှာ စည်းမျဉ်းအသစ်အရ ပထမဦးဆုံးအရေးယူခံခဲ့ရသော ကစားသမားဖြစ်လာခဲ့သည်။ ရီသာကလည်း ထိုအရေးယူမှုအားလက်ခံခဲ့ပြီး ယခုအချိန်တွင် လေ့ကျင်ခန်းများကိုကြိုးစားလုပ်နေကြောင်း အသင်းတွင်ပြန်လည်ကစားရသည့်အခါ အကောင်းဆုံးကစားသွားမည်ဟု သူ၏ တွစ်တာ စာမျက်နှာတွင်ရေးသားခဲ့သည်။

    Daily
    ___________________
    အရှ်လေယန်း၏ ဟန်ဆောင်ဒိုက်ထိုးမှုအား မန်ယူအသင်း ဒုတိယအကြိမ် သတိပေး


    ရီးယဲယ်ဆိုစီဒက်နှင့်ပွဲတွင် ဟန်ဆောင်လှဲချခဲ့သည့် မန်ယူအလယ်တန်းကစား သမား အက်ရှ်လေယန်းအား မန်ယူအသင်း နည်ပြဖြစ်သူ ဒေးဗစ်မိုယက်စ်က သတိပေးခဲ့ သည်ဟုသိရသည်။

    အက်ရှ်လေယန်းမှာ ထိုပွဲတွင် ပင်နယ်တီရရှိရန်အတွက် ဟန်ဆောင်လှဲချခဲ့ပြီး၊ မိုယက်စ်က ထိုလုပ်ရပ်အား ပွဲပြီးပြီးချင်း လူသိရှင်ကြား ရှုတ်ချရန်ငြင်းဆိုခဲ့သည်။ သို့သော် လည်း ထိုလုပ်ရပ်များအား နောက်ထပ်မလုပ်ရန် မိုယက်စ်က အက်ရှ်လေယန်းအား သတိပေးခဲ့သည်။

    အသက် ၂၈-နှစ်အရွယ်ရှိပြီဖြစ်သည့် အရှ်လေယန်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ် ပွဲတွင်လည်း ဟန်ဆောင်လှဲ ချခဲ့ပြီး၊ ဖာဂူဆန်လက်ထက် ၂၀၁၁-၁၂ ဘောလုံးရာသီတွင်လည်း ထိုကဲ့သို့ တစ်ကြိမ်လှဲချခဲ့ဖူးသည်။

    ထိုလုပ်ရပ်နှင့်ပက်သက်၍ ဖာဂူဆန်က သူ၏ အထုပ္ပတ္တိစာအုပ်တွင် ယန်း၏ ထိုလုပ်ရပ်မှာ ၎င်းအနေဖြင့်သည်းမခံနိုင်သောလုပ်ရပ်ဖြစ်သည်ဟု ရေးသားခဲ့သည်။

    Mirror
    ___________________