News @ M-Media

Tag: Daw Aung San Suu Kyi

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို တောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့ ပြန်ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို တောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့ ပြန်ရုပ်သိမ်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – တောင်ကိုရီးယားက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ May 18 Memorial Foundation ဟာ ၂၀၀၄ ခုနှစ်မှာ  ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။

    May 18 Memorial Foundation ရဲ့ ဘုတ်အဖွဲ့က ဆုရုပ်သိမ်းဖို့ တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စစ်တပ်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ‘လစ်လျူရှုထားတဲ့အတွက်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာတွေ ခံစားရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သူမ လစ်လျူရှုထားတာဟာ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးရေးဆိုတဲ့ ဆုရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျင်တေးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ၁၉၈၀ ခုနှစ်က ဂွမ်ဂျူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရရှိရေး လူထုအုံကြွမှုကို အထိမ်းအမှတ်ပြုကာ May 18 Memorial Foundation လူ့အခွင့်အရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင် ချန်ဒူးဝမ်ကို ဆန့်ကျင်တဲ့ အဲဒီလူထုအုံကြွမှုမှာ လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးဒဏ်ရာရခဲ့ပါတယ်။

    အဲဒီအချိန်ကစခဲ့တဲ့ တောင်ကိုရီးယား ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ နောက်ထပ် ၇ နှစ်အကြာမှာတော့ အောင်မြင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်နဲ့ ကျူးလွန်မှုတွေ ရှိတယ်လို့ ကုလက စွပ်စွဲထားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ် နှုတ်ဆိတ်နေမှုအတွက် ကမ္ဘာတစ်ဝှမ်းရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Ambassador of Conscience Award ဆုကို ပြီးခဲ့တဲ့လမှာ ရုပ်သိမ်းခဲ့ပါတယ်။

    Ref: CNA

  • ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ ယခင်ကလို အရေးလှပါ့မလား

    ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ ယခင်ကလို အရေးလှပါ့မလား

    နိုဝင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – လွန်ခဲ့တဲ့ ၃ နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့မှုက ဆယ်စုနှစ်ချီရှိခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေကာ ဒီမိုကရေစီမျှော်လင့်ချက်လည်း ရှင်သန်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲလာဖို့ သိပ်မလိုတော့တဲ့ အခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သြဇာဟာ တစ်ဖြည်းဖြည်းချင်း လျော့ပါးလာပါတယ်။

    သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုယူပြီး ယုံကြည်ရတဲ့ သူတွေကနေတစ်ဆင့် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွင်း လူနည်းစုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကိစ္စမှာ အကိုင်အတွယ်မတတ်မှုကြောင့် ဂုဏ်သိက္ခာကျဆင်းမှုတွေကို ကြုံတွေ့နေရပါတယ်။ တိုင်းပြည်ရဲ့ လူများစုဖြစ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာတွေဟာ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်လူမျိုး၊ အစ္စလာမ်အများစုဖြစ်တဲ့ ရိုဟဂျာလူမျိုးတွေလို လူနည်းစုတွေနဲ့ ပဝေသဏီထဲက ပြဿနာတွေ ရှိခဲ့ကြပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ညှင်းပမ်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်နှာလွှဲခဲပစ် လုပ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်လက်ချက်ကြောင့် လူသိန်းချီ အိုးအိမ်စွန့်ခွာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို အစုလိုအပြုံလိုက် ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    လူနည်းစုများနှင့် NLD ဓာတ်မတည့်

    စစ်တပ်ရဲ့ ပစ်မှတ်ထား ဖိနှိပ်မှုကိုခံခဲ့ရတဲ့ မြန်မာနိုင်ငံက ဘာသာရေးလူနည်းစု၊ တိုင်းရင်းသားလူမျိုးစုတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ဖက်ကမရှိဘူးဆိုတာ သိရှိလာကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဗမာသူရဲကောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကို တိုင်းရင်းသားပြည်နယ်တွေမှာ စိုက်ထူမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဆန္ဒပြမှုတွေ တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေက နိုင်ငံ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ရှိပြီး သူတို့တွေရဲ့ ထောက်ခံမှု လျော့ကျလာတာက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ အခြေအနေကို ထိခိုက်စေမှာပါ။ ၂၀၂၀ မှာလည်း NLD ပဲ နိုင်လိမ့်မယ်လို့ လူတော်တော်များများက ယူဆထားပေမယ့် ၀ါရှန်တန်အခြေစိုက် လွတ်လပ်တဲ့ မြန်မာ့အရေး လေ့လာဆန်းစစ်သူ ဟန်တာ မာစတန်က ‘အပြတ်အသတ်မနိုင်လောက်ဘူး’ လို့ သုံးသပ်ပါတယ်။

    စစ်တပ်ကျောထောက်နောက်ခံပြု အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား ပါတီတွေက ‘၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ လွှမ်းမိုးမှု၊ လွှတ်တော်ကိုချုပ်ကိုင်တွေကို ဖဲ့ယူသွားမယ်’ လို့လည်း မာစတန်က ပြောကြားခဲ့ပါတယ်။

    အခုလအစောပိုင်းကပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အနိုင်ရရှိတဲ့ရာခိုင်နှုန်း များပေမယ့် အရင်ကနိုင်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ NLD ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ရန်ကုန်မှာ မဲပေးသူနည်းသွားပြီး ဒါဟာ စိုးရိမ်စရာဖြစ်တယ်လို့ မာစတန်က ထောက်ပြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ယိမ်းယိုင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ မတ်လမှာ သမ္မတဦးထင်ကျော် ရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားပြီး ဒါဟာ နိုင်ငံရေးခေါင်းဆောင်မှုပိုင်းအတွက် စိုးရိမ်ရတဲ့ လက္ခဏာတစ်ခုပါ။

    နိုင်ငံရေးစောင့်ကြည့်သုံးသပ်သူတွေက တိုင်းရင်းသားလူနည်းစုတွေဟာ NLD အပေါ် အချဉ်ပေါက်လာတာ မထူးဆန်းဘူးလို့ သုံးသပ်ပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တိုက်ပွဲတွေ ပိုလုပ်လာပြီး၊ နိုင်ငံရဲ့မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ သက်ရောက်မယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေက သိပ်ပြီး စိတ်မ၀င်စားကြပါဘူး ” လို့ တတ်သိပညာရှင်များအဖွဲ့တစ်ခုဖြစ်တဲ့ Council on Foreign Relations က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဂျိုရှူဝါ ကာလန်ဇစ်က မကြာသေးမီကပဲ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ခေါင်းဆောင်များ၏ ဝေဖန်မှု

    မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို အစုလိုအပြုံလိုက်သတ်ဖြတ်တာ၊ အုပ်စုဖွဲ့အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ကုလက စွပ်စွဲထာပြီး စစ်ခေါင်းဆောင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဖို့လည်း ဆော်သြတိုက်တွန်းထားပါတယ်။ မကြာသေးခင်က ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုဘွဲ့ကို ရုပ်သိမ်းခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဟာ ‘ဥပဒေအရ’ စစ်ဆင်ရေးလုပ်တာလို့ ပြောကြားခဲ့ပါတယ်။ လူမျိုးစုလိုက် သုတ်သတ်မှု မရှိဘူးလို့ သူမက ပြောကြားခဲ့သလို၊ ရခိုင်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုကို ဖော်ထုတ်တဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုကိုလည်း
    ကာကွယ်ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စတွေအပေါ် သူမရဲ့ လစ်လျုရှုမှုကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။

    အခုလအစောပိုင်း စင်ကာပူက အာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုအတွက် ဆင်ခြေပေးလို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး အမေရိကန်က သြဂုတ်လမှာ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ‘သိပ်ကို စိတ်ပျက်ရတယ်’ လို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု လျော့ကျရာမှာ နိုင်ငံရေးတင်မကဘဲ NLD ရဲ့ စီးပွားရေးပေါ်လစီကြောင့်လည်း ပါဝင်ပါတယ်။ အင်တာနက်မှာ ပိတ်ဆို့မှုတွေလုပ်တာ၊ ကုန်ဈေးနှုန်းတက်တာ၊ အခြေခံအဆောက်အဦးတွေ အားနည်းတာတွေကြောင့်လည်း လူထုကဒေါသထွက်မှု မြင့်တက်လာတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    “မြန်မာ့စီးပွားရေး တိုးတက်လာအောင် အစိုးရက မလုပ်နိုင်သလို၊ စီးပွားရေးစီမံကိန်းတွေကလည်း ရေရေရာရာ မရှိပါဘူး။ လူထုကြားထဲ ဆင်းရဲချမ်းသာ ကွာဟမှုလည်း ဆက်လက်ရှိနေဆဲပါ” လို့ ကာလန်ဇစ်က သုံးသပ်ပါတယ်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးသူအရေအတွက် နည်းတာဟာ စီးပွားရေး ပေါ်လစီနဲ့ တရားဥပဒေစိုးမိုးရေး မလုပ်ဆောင်နိုင်မှုတွေကို မကျေနပ်တာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    “၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ရဲ့ ရှေ့ပြေးနိမိတ်တွေဟာ မကောင်းတဲ့အနေအထား ဖြစ်နေပါတယ်”

    Ref: CNBC

    (CNBC သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar’s government won a landslide victory in 2015. It may not be so lucky next time ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာပိုသိဟု ကန်ဒုသမ္မတကို ဒေါ်အောင်ဆန်းစုကြည်ပြော

    ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာပိုသိဟု ကန်ဒုသမ္မတကို ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    – မိမိတို့နိုင်ငံအကြောင်းကို မိမိတို့သာ ပိုသိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ကို ပြောကြားလိုက်ပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်တဲ့ ပန့်စ်ရဲ့ မှတ်ချက်တွေကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေးအတွက် စင်ကာပူကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ မိုက်ပန့်စ်နဲ့ တွေ့ဆုံခဲ့တာပါ။ မိုက်ပန့်စ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုကိစ္စအတွက် ဘယ်လိုဆင်ခြေမျိုးမှ ပေးလို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားအောင် စစ်တပ်နဲ့ တုတ်ဓားကိုင်လူအုပ်ရဲ့ အကြမ်းဖက်မှု၊ ညှင်းပမ်းမှုတွေအတွက် ဆင်ခြေပေးလို့ မရပါဘူး။ လူသိန်းချီထွက်ပြေးအောင် အကြမ်းဖက်ခဲ့တဲ့သူတွေ၊ သတ်ဖြတ်မှုအပါအ၀င် ထိခိုက်ခံစားရအောင် လုပ်တဲ့သူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်နေတာမျိုးကို ခင်ဗျားဆီက ကျွန်တော်တို့ ကြားချင်ပါတယ်”

    ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ မိမိတို့ သဘောဆန္ဒအလျောက် နေရပ်ပြန်တာမျိုးကိုပဲ အမေရိကန်က မြင်ချင်တယ်လို့ မိုက်ပန့်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ ကုလက ပြောကြားထားပြီး၊ အမေရိကန်က ဒီလုပ်ရပ်တွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူတွေမှာ အမြင်ခြင်းမတူတာတွေ ရှိနိုင်ပြီး၊ မိမိတို့တိုင်းပြည်အကြောင်း မိမိတို့သာပိုသိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “လူတွေရဲ့အမြင်တွေ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာက ဓမ္မတာပါပဲ။ အရေးကြီးတာက အမြင်ချင်းဖလှယ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ပါ။ ကိုယ့်တိုင်းပြည်အကြောင်းကို တစ်ခြားသူတွေထက် ကိုယ်က ပိုသိတယ်လို့ ကျွန်မတို့ ပြောလို့ရတယ်။ ကျုပ်တို့တိုင်းပြည်အကြောင်းကို တစ်ခြားသူတွေထက် ကျုပ်တို့က ပိုသိတယ်လို့ ရှင်တို့လည်း ပြောမှာပဲလေ”

    မိုက်ပန့်စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး ဒုသမ္မတက ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးရေး အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

    Ref: CNA

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို AI အဖွဲ့ ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့်ဆုကို AI အဖွဲ့ ရုပ်သိမ်း

    နိုဝင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ယူကေအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ဆုတစ်ခုကို မနေ့က ရုပ်သိမ်းလိုက်ပြီး ‘တစ်ချိန်က သူမရပ်တည်ကာကွယ်ခဲ့တဲ့ တန်ဖိုးတွေကို ရှက်ဖွယ်သစ္စာဖောက်မှုကြောင့်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ambassador of Conscience Award ဆုဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တာပါ။ ဒီဆုဟာ Amnesty International က ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုလည်း ဖြစ်ပါတယ်။

    “ခင်ဗျားဟာ မျှော်လင့်ချက်၊ သူရသတ္တိတွေရဲ့ ပြယုဂ်မဟုတ်တော့ဘူး၊ လူ့အခွင့်အရေးကို မမှိတ်မသုန် ကာကွယ်သူ မဟုတ်တော့ဘူးလို့ စိတ်မကောင်းစွာနဲ့ဘဲ မှတ်ယူလိုက်ပါတယ်။ Ambassador of Conscience ဆု ရရှိထားသူတစ်ဦးအဖြစ် Amnesty International က မသတ်မှတ်နိုင်တော့တဲ့အတွက် ဒီဆုကို ၀မ်းနည်းစွာနဲ့ ရုပ်သိမ်းရတော့မှာ ဖြစ်ပါတယ် ” လို့ AI အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ကူမီနိုင်ဒိုက ဒေါ်အောင်ဆန်းစုကြည်ကို  တနင်္ဂနွေနေ့က ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

    မနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ AI အဖွဲ့က နိုင်ငံအတွင်း လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သူမရဲ့ ‘နိုင်ငံရေးနဲ့ စိတ်ပိုင်းဆိုင်ရာသြဇာ’ ကို အသုံးမပြုခဲ့ဘူးလို့လည်း ဝေဖန်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ ‘တစ်သဘောတည်းလိုဖြစ်နေကာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သည်းမခံမှု တိုးမြင့်လာတယ်’ လို့လည်း ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် နှုတ်ဆိတ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေဖန်ခံနေရပြီး သူမအပေါ် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတစ်ချို့ဟာ ပြီးခဲ့တဲ့လတွေမှာ ရုပ်သိမ်းခံခဲ့ရပါတယ်။

    နိုင်ဒူက ဒေါ်အောင်ဆန်းစုကြည်ဟာ ‘စစ်တပ်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရက်စက်တဲ့ ဖိနှိပ်မှုတွေကို လစ်လျူရှုတာ၊ ဆင်ခြေပေးတာတွေ လုပ်နေပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ခေါင်းဆောင်တွေအပေါ် အရေးယူဖို့ ကြိုးစားမှုကို တစ်စိုက်မတ်မတ် ကာကွယ်ပေးနေတယ်” လို့ သူ့ရဲ့စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    “ခင်ဗျားရဲ့အစိုးရက လူနည်းစုတွေကို မုန်းတီးလာအောင် ၀ါဒဖြန့်နေတာ၊ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမှုတွေကို ဖြေရှင်းရမယ့်အစား အားပေးနေတာတွေကို မြင်ရတာ တုန်လှုပ်မိပါတယ်”

    ရခိုင်ပြည်နယ်မှာတင်မဘဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ၊ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီး တရားစွဲခံရမှုတွေကိုလည်း AI အဖွဲ့က ထောက်ပြဝေဖန်ခဲ့ပါတယ်။

    “ခင်ဗျားရဲ့အစိုးရဟာ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာတွေ မလုပ်ရုံမျှမက၊ လွတ်လပ်စွာ ဖော်ထုတ်မှုကို တားဆီးပိတ်ပင်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေနဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး အကျဉ်းချနေတာတွေကို တွေ့ရတာ စိတ်ပျက်ရပါတယ်” လို့ နိုင်ဒူက ထည့်သွင်း ရေးသားခဲ့ပါတယ်။

    အမေရိကန်အခြေစိုက် ဂျူးပြတိုက် US Holocaust Memorial Museum ဟာ ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Elie Wiesel ဆုကို မတ်လမှာ ရုပ်သိမ်းခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှာ သူမကို ချီးမြှင့်ထားတဲ့ Freedom of the City of Oxford ဆုကို အောက်စဖို့ဒ်မြို့က ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို စက်တင်ဘာလမှာ ကနေဒ်ါလွှတ်တော်က ရုပ်သိမ်းခဲ့ပါတယ်။

    “သူမရဲ့ ထောက်ခံအားပေးမှု ပါပါ၊ မပါပါ မြန်မာနိုင်ငံမှာ တရားမျှမှုရရှိရေး၊ လူ့ အခွင့်အရေးတွေအတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” လို့ နိုင်ဒူက ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် နိုင်ငံတော်အတိုင်ပင်ခံ တနင်္လာနေ့ ထွက်ခွာမည်

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် နိုင်ငံတော်အတိုင်ပင်ခံ တနင်္လာနေ့ ထွက်ခွာမည်

    နိုဝင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    – လာမယ့်တစ်ပတ် စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းကို တက်ရောက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

    ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေဟာ ၄ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ကြေငြာချက်ပေါင်း ၆၀ လောက်လည်း ထွက်လာဖို့ ရှိနေပါတယ်။

    အာဆီယံအစည်းအဝေးနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အခြားကိစ္စတွေကို ဆွေး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က အာဆီယံရေးရာဌာနက ပြောပါတယ်။

    နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက ဒေါ်အောင်ဆန်းစုကြည်ဟာ မလေးရှား ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်အပါအ၀င် ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံအစည်းအဝေးတွေကို သူမ တက်ရောက်မှာဖြစ်ပြီး စီးပွားရေးဖိုရမ်မှာ အချို့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်”

    စက်တင်ဘာလက ကျင်းပပြုလုပ်ခဲ့တဲ့ ကုလအထွေထွေညီလာခံမှာ မဟာသီက ရခိုင်ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ဖူးပါတယ်။

    နိုဘ၀င်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကြာမြင့်မယ်ံ အကြိမ် ၂၀ မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ၃၃ ကြိမ်မြောက် အဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားကဏ္ဍ၊ တရားမျှတမှု၊ ပညာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ ‘ပြည့်စုံသော မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်’ ကို ထိထိရောက်ရောက် အကာင်အထည်ဖော်ရန် ဒေသတါင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    Ref: mmtimes