News @ M-Media

Tag: Daw Aung San Suu Kyi

  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ဗြိတိန်ပညာရေးအဖွဲ့တွေ ဘာ့ကြောင့် ရုပ်သိမ်းတာလဲ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ဗြိတိန်ပညာရေးအဖွဲ့တွေ ဘာ့ကြောင့် ရုပ်သိမ်းတာလဲ

    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် ရှိနေချိန် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ပြုဆုတံဆိပ်တွေကို ရုပ်သိမ်းရေးအတွက် ယူကေက တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေက လုပ်ဆောင်နေကြပြီး ရိုဟင်ဂျာပြဿနာအပေါ် သူမက နှုတ်ဆိတ်နေတယ်ဆိုတဲ့ စွဲချက်ရဲ့ နောက်ဆက်တွဲတွေလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ လန်ဒန်စီးပွားရေးတက္ကသိုလ် (LSE) က ကျောင်းသားတွေဟာ ၁၉၉၂ ခုနှစ်မှာ သူတို့ရဲ့ ကျောင်းသားသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဥက္ကဌဆိုတဲ့ ရာထူးကနေ ဖယ်ရှားဖို့ မဲပေးခဲ့ကြပြီး ဆုံးဖြတ်ချက်ကို ချက်ခြင်းသက်ရောက်စေခဲ့ပါတယ်။

    မဲပေးပြီးနောက် ထုတ်ပြန်တဲ့ကြေငြာချက်မှာ ကျောင်းသားသမဂ္ဂက ဒီဆောင်ရွက်မှုဟာ ‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအနေအထား၊ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် နှုတ်ဆိတ်နေမှုကို မိမိတို့က ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ လက္ခဏာတစ်ခု ဖြစ်တယ်’ လို့ ဖော်ပြထားပါတယ်။

    LSE ကျောင်းသားသမဂ္ဂဥက္ကဌ မဟာသီရ် ပက်စ်ဟာက မိမိတို့အဖွဲ့ဟာ ‘နိုင်ငံရေးတိုးတက်မှုကို အားပေးရာမှာနဲ့ တရားမဲ့မှုအပေါ် ဆန့်ကျင်ရာမှာ ရှည်ကြာတဲ့ ဂုဏ်ယူစရာသမိုင်းရှိတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    “ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ခံရတဲ့ ရိုဟင်ဂျာပြည်သူတွေနဲ့ LSE ကျောင်းသားတွေက တစ်သားတည်းရှိတယ်ဆိုတာ ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါ” လို့ ပက်စ်ဟာက ဆိုပါတယ်။

    စစ်အာရှင်စနစ်အပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ၁၀ စုနှစ်များစွာ ဆန့်ကျင်လာမှုဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရတဲ့အချိန်မှာ အထွပ်အထိပ်ကို ရောက်ခဲ့ပါတယ်။

    အဲဒီ ဆန့်ကျင်မှုကာလတစ်လျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ ချီးကျူးမှုနဲ့ ကမ္ဘာတစ်ဝှမ်းက ဆုတံဆိပ်တွေကို ရရှိခဲ့ပြီး အမြင့်ဆုံးက ၁၉၉၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တာပါ။

    ဒါပေမယ့် တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးကြသူတွဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က ပြုလုပ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူမရဲ့ နှုတ်ဆိတ်နေမှုကို မကျေနိုင်မချမ်းနိုင် ဖြစ်နေကြပါတယ်။ ကုလကတော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ ‘လူမျိုးစုလိုက်သုတ်သင်မှု ပုံစံ’ ဖြစ်နေတယ်လို့ ရှုတ်ချပြောကြားခဲ့ပါတယ်။

    သြဂုတ်လကစပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတယ်လို့ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်တပ်ဟာ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာ၊ နေအိမ် ဖျက်ဆီးမီးရှို့တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တယ်ဆိုတဲ့ အထောက်အထားတွေကို ရရှိခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီရက်စက်ကြမ်းကြုတ်မှုတွေကို အသိအမှတ်မပြုသေးဘဲ၊ စစ်တပ်ကိုလည်း ရှုတ်ချမှု မလုပ်သေးပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ရုပ်သိမ်းမှုဟာ LSE တစ်ခုတည်းမဟုတ်ပါဘူး။ သူမတက်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က တက်ကြွလှုပ်ရှားသူတွေကလည်း သူမအပေါ် ဂုဏ်ပြုမှုကို ရုပ်သိမ်းခဲ့ပါတယ်။

    အောက်တိုဘာလအတွင်းမှာ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုဂ်ျကောလိပ်က ကျောင်းသားတွေဟာ သူတို့ရဲ့ ဧည့်ခန်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို ဖြုတ်ချခဲ့ပြီး စက်တင်ဘာလကလည်း ပြခန်းထဲက သူမရဲ့ ရုပ်ပုံကို ဖယ်ရှားခဲ့ပါတယ်။

    အသက် ၇၂ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ အဲဒီကောလိပ်မှာ ပညာဆည်းပူးခဲ့ပြီး အကျော်ကြားဆုံး ကျောင်းသားဟောင်းတွေထဲက တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရတာ ဖြစ်ပါတယ်။

    စိန့်ဟုဂ်ျကောလိပ်က အင်ဂျင်နီယာကျောင်းသား အက်ဖ်နာဖီ ရဟ်မန်းက သူနဲ့ ကောလိပ်က အခြားကျောင်းသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အပေါ် အာဏာမရှိဘူးဆိုတဲ့ ဆင်ခြေကို လက်မခံဘူးလို့ ဆိုပါတယ်။

    “ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူညီရေး စတာတွေအပေါ် သူမရဲ့ ရပ်တည်ခဲ့မှုကြောင့် နိုင်ငံတကာရဲ့ ချီးမြှောက်မှုကို သူမ ရရှိခဲ့တာပါ။ ပြီးတော့ သူမဟာ လူ့အခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြုသူအဖြစ်လည်း မှတ်ယူခံခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူမဟာ ပြောင်းလဲသွားပါပြီ။ နှုတ်ဆိတ်တာထက် ကြံရာပါဖြစ်နေတာမျိုးပါ။ ပြဿနာတွေ ဆက်ဖြစ်နေတယ်ဆိုတာကို သူမက ငြင်းဆန်နေတာမျိုးပါ” လို့ ရဟ်မန်းက ပြောပါတယ်။

    ကျောင်းသားတွေထဲက တက်ကြွလှုပ်ရှားသူတွေဟာ ဧည့်ခန်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားဖြုတ်ချမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ရိုဟင်ဂျာပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ကြံရာပါဖြစ်နေမှု၊ နှုတ်ဆိတ်နေမှု’ ကို ရှုတ်ချတဲ့ စာတစ်စောင်ရေးပို့ရေး ကျောင်းအုပ်ကို တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

    ကောလိပ်တာဝန်ရှိသူတွေကတော့ အလ်ဂျာဇီးရားသတင်းဌာနရဲ့ မေးမြန်းမှုကို မဖြေခဲ့ပါဘူး။

    လန်ဒန်က Queen Mary တက္ကသိုလ်ရဲ့ International State Crime Initiative ဌာနက သုတေသနပညာရှင် ဒေါက်တာ သောမတ်စ် မက်မန်နက်စ်က တက္ကသိုလ်တွေမှာ ဒီလိုလှုပ်ရှားမှုတွေဟာ ထိရောက်ပြီး၊ တာသွားတဲ့ ဆောင်ရွက်မှုမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

    “အနောက်တိုင်းအစိုးရတွေဟာ အရေးယူဖို့၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာကို ဖွင့်ဟပြောဖို့ တွန့်ဆုတ်နေတယ်။ ပညာရေးအဖွဲ့အစည်းတွေနဲ့ ကျောင်းသားသမဂ္ဂတွေက ဒီကိစ္စအတွက် သူတို့ရဲ့ အစိုးရတွေကို ဖိအားပေးနိုင်ပါတယ်”

    နောက်ပြီး မြန်မာပညာရေးအဖွဲ့အစည်းတွေကို သပိတ်မှောက်တာ၊ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာဆန့်ကျင်ရေးနဲ့ မွတ်စလင်မုန်းတီးရေး စကားတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာကို ရှုတ်ချရေး၊ ဒါတွေကိုနားလည်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမဂ္ဂ ပညာရှင်တွေနဲ့ အကြီးတန်းအဖွဲ့ဝင်တွေကို သတင်းစကားပါးတာတွေနဲ့ မြန်မာအစိုးရအပေါ် ဖိအားပေးနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

    ပညာရေးနယ်ပယ်ကိုကျော်လွန်

    ဒီကိစ္စဟာ လက်ရှိမှာ ပညာရေးအသင်းအဖွဲ့တွေကိုပါ ကျော်လွန်သွားပြီး အောက်စဖို့ဒ် မြို့တော်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City ဆုကို အောက်တိုဘာလမှာ ရုပ်သိမ်းခဲ့ပါတယ်။

    “မြို့တော်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစ်စောင်ရေးသားပေးပို့ကာ သူမရဲ့နိုင်ငံက လူမျိုးစုလိုက် သုတ်သင်မှုကိစ္စကို ဆန့်ကျင်ဖို့နဲ့ ဒီကိစ္စကိုတားဆီးရေး သူမ တတ်နိုင်သလောက်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူမရဲ့ထံကနေ လက်ခံနိုင်လောက်တဲ့ တုန့်ပြ
    န်မှုမျိုး မရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ Freedom of the City ဆုကို ဆက်လက်ပိုင်ဆိုင်ဖို့ မသင့်လျော်တော့ဘူးလို့ ကောင်စီက ၀မ်းနည်းစွာနဲ့ ယုံကြည်လက်ခံလိုက်ရပါတယ်” လို့ အောက်စဖို့ဒ်မြို့တော်ကောင်စီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စကော့တလန်က ဂလက်စဂိုနဲ့ အေဒင်ဘာ့ဂ်မြို့တွေ အပါအ၀င် ယူကေက အခြားအာဏာပိုင်တွေကလည်း ဒီလိုမျိုး လုပ်လာတာ၊ လုပ်ဖို့ စိုင်းပြင်းလာကြတာတွေ ရှိနေပါတယ်။

    ဗြိတိန်မှာ အကြီးဆုံးသမဂ္ဂတွေထဲက တစ်ခုဖြစ်တဲ့ Unison ဟာ မြန်မာနိုင်ငံက ပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်ရာထူးကို ရပ်ဆိုင်းခဲ့ပါတယ်။

    ပက်စ်ဟာနဲ့ LSE က အခြားကျောင်းသားတွေက အခြားသော အဖွဲ့တွေဟာ သူတို့လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ရုပ်သိမ်းပေးဖို့ အချိန်တန်ပြီလို ပြောကြားခဲ့ပါတယ်။

    “အထူးသဖြင့် နိုဘယ်ကော်မတီလို ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဆုတွေ ပေးထားတဲ့ အခြားအသင်းအဖွဲ့တွေအနေနဲ့ သူမဟာ ဒီဆုတွေနဲ့ မထိုက်တန်တာကြောင့် ကျွန်တော်တို့လိုပဲ ချက်ချင်းရုပ်သိမ်းဖို့ တိုက်တွန်းပါတယ်” လို့ ပက်စဟာက ဆိုပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Aung San Suu Kyi honours revoked amid Rohingya backlash ဆောင်းပါးကို လေးမောင်က ဆီလျော်အာင် ဘာသာပြန်ဆိုသည်။)

  • ဂလက်စဂိုမြို့က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်း

    ဂလက်စဂိုမြို့က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်း

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့ မြို့တော်ကောင်စီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Free of Glasgow ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့အတွက် မနေ့က တစ်ညီတစ်ညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ချက်မျိုး ပေါ်ထွက်လာတာပါ။

    စစ်အာဏာရှင်လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ၂၀၀၉ ခုနှစ်မှာ ဂလက်စဂိုမြို့က ဒီဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

    “ကျွန်တော်နဲ့ မြို့တော်ကောင်စီအကြီးအကဲ ဆူဆန် အိုက်ကန်တို့ဟာ တလောက ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားခဲ့ပြီး သူမရဲ့မျက်စိအောက်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ရက်စက်မှုတွေကို မြို့တော်က စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်း
    ခဲ့ပါတယ်” လို့ ဂလက်စဂိုမြို့စား လော့ဒ် ပရိုဗို့စ် အီဗာ ဘိုလန်ဒါက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် တုန့်ပြန်မှုကတော့ စိတ်ပျက်စရာနဲ့ ၀မ်းနည်းစရာဖြစ်ကြောင်း၊ သူမကိုပေးထားတဲ့ ဂုဏ်ပြုဆုတွေ ရုပ်သိမ်းမှုဟာ မကြုံစဖူးဖြစ်ပြီး မိမိတို့ မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာ မဟုတ်ကြောင်းလည်း မြို့စားက ဆိုပါတယ်။

    ဂလက်စဂိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေရှိနေပေမယ့် တက္ကသိုလ်ကတော့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ပြဿနာကို ‘ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုနေတယ်’ ဆိုတဲ့ စွဲချက်နဲ့ ရှက်ဖီးမြို့ကလည်း သူတို့ရဲ့ Freedom of the City ချီးမြှင့်ထားမှုကို မကြာသေးခင်က ရုပ်သိမ်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်ကိုက ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခ၊ သုက္ခတွေအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။

    Ref: BBC

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်

    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media

    စစ်တွေလေဆိပ်ကို ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်

    – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဒီကနေ့မှာ နေ့ချင်းပြန်ခရီးစဉ် သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ပြည်နယ်မြို့တော် စစ်တွေကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို သွားရောက်ခဲ့ပါတယ်။

    Arakan Project စောင့်ကြည့်ရေးအဖွဲ့က ခရစ္စလီဝါက မောင်တောကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေမဖြစ်ပွားဖို့ ပြောကြားခဲ့ကြောင်း၊ မိမိတို့အစိုးရအနေနဲ့လည်း ကူညီပေးသွားမှာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် အာဏာရပြီးကတည်း ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း​ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်စုကြည်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၁၉၉၀ ပြည့်နှစ်တွေက နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံမယ်လို့ ကတိပြုခဲ့ပြီး၊ ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး စီမံကိန်းတစ်ခုကို စတင်ခဲ့ကာ သူမကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပါတယ်။

    Ref: Reuters

     

  • စစ်ခေါင်းဆောင်များအပေါ် အနောက်၏ပိတ်ဆို့မှု မြန်မာနိုင်ငံအတွက် ဆိုးကျိုးဖြစ်လာနိုင်သလား

    စစ်ခေါင်းဆောင်များအပေါ် အနောက်၏ပိတ်ဆို့မှု မြန်မာနိုင်ငံအတွက် ဆိုးကျိုးဖြစ်လာနိုင်သလား

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    ဘူးသီးတောင်ရှိ တင်မေရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရသည့် နယ်ခြားစောင့်တပ်ဖွဲ့များ

    – ရခိုင်ပြည်နယ်က လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွင်းမှာ ‘အင်အားကို မလျော်ကန်စွာ အသုံးပြုခဲ့တယ်’ လို့ သူတို့ခေါ်တဲ့ကိစ္စကို တုန့်ပြန်ဖို့အတွက် ဥရောပသမ္မဂဟာ တပ်မတော် အကြီးတန်းခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့အတွက် စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ ထွက်လာခဲ့ပါတယ်။ AFP က ရရှိခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ လက်မှတ်ထိုးဖို့ရှိတဲ့ ဆုံးဖြတ်ချက်မှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေဟာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အကြီးတန်းစစ်ခေါင်းတွေကို ဖိတ်ကြားမှု ရပ်တန့်ဖို့၊ မြန်မာနဲ့ ပြုလုပ်နေတဲ့ မြေပြင် ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်သုံးသပ်ဖို့ သဘောတူခဲ့ကြပါတယ်။

    ပြဿနာအခြေအနေဟာ တိုးတက်မှုမရှိဘူးဆိုရင် ‘ထပ်တိုးအရေးယူမှုတွေကို စဉ်းစားနိုင်တယ်’ လို့ အဲဒီ အဆုံးဖြတ်ချက်မှာ ဖော်ပြထားပြီး ဒါဟာ စီးပွားရေးပိတ်ဆို့မှုတွေကို ရည်ညွှန်းပုံ ရပါတယ်။ ရခိုင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ကုလရဲ့ လုံခြံရေးကောင်စီနဲ့ အမေရိကန် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးမှုနှစ်ခုစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ တပ်မတော်တို့ဟာ တိုင်းပြည်ကို စင်ပြိုင်အုပ်ချုပ်နေကြတယ်လို့ လက်ခံခဲ့ကြပါတယ်။

    တပ်မတော်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့ အီးယူရဲ့ ဆောင်ရွက်ချက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာတွေ ပြေလည်ဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့အတွက် မှန်ကန်တဲ့ဗျူဟာ ဖြစ်ရဲ့လား။

    စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ် ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေရဲ့ ရိုက်ခတ်မှုကို ပထမဆုံး စဉ်းစားဖို့ လိုပါတယ်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမစခင် စစ်အစိုးရဟာ ကမ္ဘာ့ လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစိုးရတွေထဲက တစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ စစ်အာဏာရှင်တွေဟာ စစ်အင်အား၊ အကြောက်တရားတွေနဲ့ အုပ်စိုးပါတယ်။ စစ်အစိုးရဟာ တက်ကြွလှုပ်ရှားသူတွေကို ညှင်းပမ်းနှိပ်စက်တာ၊ သဘောထားကွဲသူတွေကို နှိပ်ကွပ်တာ၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်တာ၊ ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ ရွာသားတွေကို ပေါ်တာဆွဲပြီး မိုင်းကွင်းတွေကို ဦးဆောင်ဖြတ်ခိုင်းတာ၊ ကလေးစစ်သားစုဆောင်းတာ စတာတွေကို လုပ်ဆောင်ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေကတည်း ပြုလုပ်ခဲ့ပြီး ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပြန်ရုပ်သိမ်းခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေဟာ တပ်မတော်အစိုးရအပေါ် သက်ရောက်မှုနည်းနည်း သာ ရှိခဲ့တာ ဒါမှမဟုတ် လုံးဝ မရှိခဲ့တာမျိုးပါ။

    ၂၀၁၁ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခန့်အပ်ခဲ့ပြီး အဲဒီနှစ်မှာပဲ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုတဲ့ လက္ခဏာတွေ ပြသခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ေ
    ရးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးသဘောတူစာချုပ်ဟာ ငြိမ်းချမ်ရေးဖြစ်စဉ် တိုးတက်ရေး တပ်မတော်ရဲ့ မကြံစဖူး လက်ခံလိုစိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဒီတိုးတက်မှု၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု စတာတွေဟာ အမေရိကန်နဲ့ ဥရောပတို့က အရေးယူပိတ်ဆို့မှုတွေ တစ်ဖြည်းဖြည်းချင်း လျှော့ပေါ့ပေးတာ၊ အစိုးရ၊ တပ်မတော်တို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတာတွေအထိကို ဦးတည်စေခဲ့ပါတယ်။

    နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သားအစိုးရအဖြစ် NLD ပါတီက ပြီးခဲ့တဲ့နှစ်မှာ အစိုးရနေရာ ရယူပြီးတဲ့နောက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေးဟာ သိသိသာသာကို အားကောင်းလာခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကြောင့် မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့ပြီး တပ်မတော်ကို မျက်လုံးဒေါက်ထောက်ကြည့်လာကြပါတယ်။

    အဲဒီလိုကြည့်လာတဲ့ အကြောင်းအရင်းတွေထဲမှာ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ သတ်မှတ်တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ တရားမ၀င် ၀င်ရောက်လာသူတွေ ဖြစ်တယ်ဆိုတဲ့ တပ်မတော်ရဲ့ တစ်စိုက်မတ်မတ် ရပ်တည်ချက်လည်း ပါဝင်ပါတယ်။ သူတို့တွေဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ မပါဝင်တာကြောင့် ရခိုင်ပြည်နယ်မှာ သူတို့တွေရဲ့တည်ရှိမှုကို လက်ခံလိုက်တာဟာ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ တပ်မတော်က ယုံကြည်နေပါတယ်။ အမေရိကန်သံမတ် စကော့မာစီယဲလ်နဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီပြဿနာအတွက် ဗြိတိသျှ ကိုလိုနီတွေကို ပြစ်တင်ခဲ့ပါတယ်။

    “ဘင်္ဂါလီတွေကို တိုင်းပြည်ထဲ မြန်မာတွေက ခေါ်လာတာ မဟုတ်ပါဘူး။ ကိုလိုနီတွေက ခေါ်လာတာပါ။ သူတို့ဟာ ဌာနေတိုင်းရင်းသားတွေမဟုတ်ပါဘူး။ မှတ်တမ်းတွေအရ ကိုလိုနီခေတ်တစ်လျှောက်လုံးမှာ သူတို့ကို ရိုဟင်ဂျာလို့တောင်မခေါ်ဘဲ ဘင်္ဂါလီလို့ ခေါ်ဆိုခဲ့တာပါ” လို့ ဗိုလ်ချုပ်မှူးကြီးက တွေ့ဆုံမှုမှာ ပြောကြားခဲ့ကြောင်း သူ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ လွှင့်တင်ထားပါတယ်။

    ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတော်တော်များများဟာ ရခိုင်ပြည်နယ်ကလို အခြေအနေမျိုးနဲ့ တူညီတဲ့ ပြဿနာမျိုးတွေကို ကြုံတွေ့ခဲ့ရပါတယ်။ တစ်ချို့နိုင်ငံတွေဟာ ဒီပြဿနာတွေကို နားလည်မှု၊ အသိပညာ၊ ရေရှည်အမြင်တွေနဲ့ ဖြေရှင်းခဲ့ကြပြီး ဒီလို အတွေ့အကြုံတွေကနေ သင်ယူဖို့အတွက် တပ်မတော်ကို တိုက်တွန်းရပါမယ်။

    သြဂုတ်လ ၂၅ ရက်နေ့နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုအပေါ် တပ်မတော်ရဲ့ တုန့်ပြန်မှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပါတယ်။ တပ်မတော်ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်သင့်ပြီး အမှားတွေကို ထောက်ပြရပါမယ်။

    ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုသင့်ပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ကော်မတီဖွဲ့စည်းကြောင်း ကြေငြာတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၂၅ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်း ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ တပ်ဖွဲ
့ဝင်တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာရဲ့လားဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ကော်မတီရဲ့ တွေ့ရှိချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်မယ်လို့လည်း ကြေငြာချက်မှာ ဆိုပါတယ်။

    လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဖြေရှင်းနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြသဖို့အတွက် တပ်မတော်အတွက် အရေးကြီးပါတယ်။

    တပ်မတော်ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဖြစ်လာရင် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက် ဆိုးကျိုးဖြစ်စေတဲ့ ဆိုးဆိုးဝါးဝါး နည်းလမ်းနဲ့ တပ်မတော်ဖက်က တုန့်ပြန်လာမလားဆိုတဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

    အတိတ်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ခါးသီးတဲ့ အတွေ့အကြုံပါ။ တပ်မတော်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားမယ့်အစား အီးယူ၊ အခြားအနောက်နိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အစိုးရကို အထောက်အကူဖြစ်စေနိုင်တဲ့ အရာမှန်သမျှကို လုပ်ဆောင်သင့်ပြီး၊ တပ်မတော်ကိုလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။

    ဒါမျိုးကသာ ရခိုင်ပြည်နယ်မှာ ရေရှည်ခံတဲ့ အဖြေတစ်ခုရရှိဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့ ရှေ့ဆက်သွားရမယ့် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar ၀ဘ်စာမျက်နှာတွင် စည်သူအောင်မြင့်ရေးသားသည့် Sanctions against Tatmadaw leaders would be counterproductive ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါပါ အမြင်များသည့် ဆောင်းပါးရှင်၏ ရေးသားမှုများသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

     

  • စစ်တပ်လက်ထွက် ၂၀၀၈ အခြေခံဥပဒေရဲ့ပြန်ပေးဆွဲမှုကို ဒေါ်အောင်ဆန်းစုကြည် ခံထားရတာလား

    စစ်တပ်လက်ထွက် ၂၀၀၈ အခြေခံဥပဒေရဲ့ပြန်ပေးဆွဲမှုကို ဒေါ်အောင်ဆန်းစုကြည် ခံထားရတာလား

    အောက်တိုဘာ ၂၃၊ ၂၀၁၇
    M-Media

    – မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က လတ်တလောအပြစ်အပျက်တွေဟာ ရေတိုမှာ ဖြေရှင်းဖို့ မဖြစ်နိုင်သေးတဲ့ ဒုက္ခသည်ပြဿနာလို အင်အားတောင့်တဲ့ စစ်တပ်နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြား ဆက်ဆံရေးဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် အာရုံစိုက်မှုကို ဖြစ်စေပါတယ်။

    ဒီပြဿနာ စတင်ကတည်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုပဲ နိုင်ငံတကာက ဝေဖန်သူတွေက အပြစ်တင်ကြပါတယ်။

    ဒါကာအခြေစိုက် စာရေးဆရာ ဂျာကော့ဘ် ဂျူဒါက စက်တင်ဘာ ၇ ရက်နေ့က New Yourk Times မှာ ရေးသားထားတဲ့ သူ့ရဲ့ သဘောထားအမြင်မှာ ‘အောင်ဆန်းစုကြည်နှင့် သူမ၏ ဗိုလ်ချုပ်များ’ လို့ ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ပေးအပ်ထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ပြန်လည်ရုပ်သိမ်းသင့်
    တယ်လို့ ဖော်ပြထားကာ ‘နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သူမရဲ့ လုပ်ဆောင်နိုင်မှုမှာ – နိုင်ငံရဲ့ စစ်တပ်ကို ကြီးကြပ်ရေး အခန်းကဏ္ဍပါတယ်’ လို့ ရေးသားထားပါတယ်။

    သဘာရှိတဲ့ နီခိုလက်စ် ကရစ်တော့ဖ်လို စာရေးဆရာတစ်ယောက်ကတောင်မှ စက်တင်ဘာ ၉ ရက်နေ့ နယူးယောက်တိုင်းက ဆောင်းပါးတစ်ခုမှာ ‘ချစ်ခင်ရသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွာတွေမီးရှို့ခံရပြီး၊ အမျိုးသမီးတွေ အဓမ္မကျင့်ခံရကာ၊ ကလေးငယ်တွေ သတ်ဖြတ်ခံရတဲ့ လူမျိုးစုလိုက်
    သုတ်သင်ရှင်းလင်းမှုကို ကြီးကြပ်နေတယ်’ လို့ အစချီ ရေးသားခဲ့ပါတယ်။ တစ်ပတ်အကြာမှာ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒုက္ခသည်ပြဿနာကို တုန့်ပြန်ရေး ‘နောက်ဆုံးအခွင့်အရေးတစ်ခုသာ’ ရှိတော့တယ်လို့ သတိပေးခဲ့ပါတယ်။

    ဒါပေမယ့် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်မင်းကိုယ်ချင်း ကိုယ့်လက်ကိုယ်ခြေ စစ်တပ်အပေါ် အာဏာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ စစ်တပ်က ရှိနေပါတယ်။ အခုနှစ် သြဂုတ်လမတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခံနေရချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလမှာ သြစတြီးယားနဲ့ ဂျာမနီ၊ ဇွန်လမှာ ရုရှား၊ ဇူလိုင်လမှာ အိန္ဒိယနဲ့ သြဂုတ်လမှာ ဂျပန်တို့ကို သွားရောက်ခဲ့ပါတယ်။

    အဲဒီသွားရောက်မှု တစ်ခုချင်းစီတိုင်းမှာ ကောဇောနီခင်းပြီး ကြိုဆိုမှုကို ရရှိခဲ့သလို ရိုဟင်ဂျာအရေးသာမကဘဲနိုင်ငံမြောက်ပိုင်းက ကချင်၊ ပလောင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေအကြောင်းကို ဟတောင်မဟခဲ့ပါဘူး။

    မြန်မာနိုင်ငံက အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး သဘောသဘာဝ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အမှန်တကယ်မှာ ဘယ်လိုပါဝါမျိုး ရရှိထားလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပြင်ပကမ္ဘာက တော်တော်လေး နားမလည်မှုတွေရှိနေတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ထောက်ပြပါတယ်။

    ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရဖွဲ့နိုင်ရေး ဦးတည်ခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ ပိုပြီး လစ်ဘရယ်ကျတဲ့ နိုင်ငံရေးခေတ်သစ်တစ်ခုရဲ အစလို့ တစ်ချို့က ရှုမြင်ခဲ့ကြပါတယ်။

    နောက်ဆက်တွဲအဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ မီဒီယာလွတ်လပ်ခွင့်ကို မကြုံစဖူးပေးလာတာ၊ နိုင်ငံရေးအခမ်းအနားတွေကို လုပ်ခွင့်ပေးလာတာတွေကြောင့် ဥရောပသမဂ္ဂရဲ့ External Action Service အကြီးအကဲ ရောဘတ်ကိုပါက အဲဒီလိုဆောင်ရွက်ချက်တွေဟာ ‘မြန်မာနိုင်ငံရဲ့ ဘာလင်တံတိုင်းအခိုက်အတံ့’ လို့ သမုတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    အရင် စစ်အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကို မြန်မာနိုင်ငံရဲ့ မီခေးလ် ဂိုဘာရှက်ဗ်လို့ ချီးကျူးတာမျိုးတွေရှိခဲ့ပြီး တစ်ချို့ကလည်း သူဦးဆောင်တဲ့ ‘ပြုပြင်ပြောင်းလဲရေးသမား’ တွေနဲ့ စစ်အာဏာရှင်အဖွဲ့ဟောင်းက ‘သဘောထားတင်းမာသူတွေ’ အကြား အာဏာအားပြိုင်မှု ရှိတယ်လို့ ပြောကြားခဲ့ကြပါ
    တယ်။

    အဲဒီအချိန်ကတည်းကစလို့ မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတာဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အင်နဲ့အားနဲ့ အသွင်ကူးပြောင်းတာမျိုးမဟုတ်ဘဲ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေ အပါအ၀င် အာဏာအတွက် အရေးပါတဲ့ အစိတ်အပိုင်းအားလုံးကို စစ်တပ်က ထိန်းချုပ်ကာ ရွေးကောက်ခံအစိုးရက ကျန်းမာရေး၊
    ပညာရေး၊ စိုက်ပျိုးရေး ပေါ်လစီတွေ၊ နိုင်ငံခြားရေးပေါ်လစီ တစ်စိတ်တစ်ပိုင်းကို တာဝန်ယူရတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း နိုင်ငံရေးစနစ်တစ်ခု ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို စစ်တပ်ရဲ့ ကြီးကြပ်မှုအောက်မှာ ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ် မေလမှာ သမာသမတ်ကင်းတဲ့ ပြည်သူဆန္ဒခံယူပွဲလုပ်ပြီးတဲ့နောက် အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမဆုံးအခန်း အခြေခံမူတွေထဲက တစ်ခုမှာ ‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆာင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်’ လို့ ဖော်ပြထားပါတယ်။

    အခြေခံဥပဒေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေအပါအ၀င် အရေးပါတဲ့ အာဏာအစိတ်အပိုင်းအားလုံး စစ်တပ်ကိုပေးထားပြီး၊ နယ်စပ်လုပ်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ အားလုံးဟာလည်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေအတွက် သတ်မှတ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပြုပြင်မှုမျိုးမဆို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း မဲပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    စစ်တပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ဒေသကိစ္စတွေကို အစိုးရကိုကျော်ပြီး ထိန်းချုပ်ထားပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) ဟာ ပြည်ထဲရေးလက်အောက်မှာရှိပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်ကနေ ခရိုင်၊ မြို့နယ်တွေအထိ ဒေသအစိုးရ ၀န်ထမ်းတွေအားလုံးကို ပြည်ထဲရေးက ခန့်အပ်တာဖြ
    စ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ အာဏာရကာ ၅၄ နှစ်အတွင်း စစ်တပ်မဟုတ်တဲ့ အစိုးရအဖွဲ့ကို ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် စစ်တပ်က အရေးပါတဲ့ ၀န်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေကို ချုပ်ကိုင်ထားဆဲပါ။ NLD က ၀န်ကြီးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေမှာ ရုပ်ပြအဆင့်ထက် နည်းနည်းပိုတဲ့ နေအထားသာ ရှိနေပါတယ်။ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးမှာ အရင်အာဏာရှင်အစိုးရလက်ထက်က ထားရာနေ၊ စေရာသွားခဲ့တဲ့
    စစ်တပ်ကခန့်အပ်ထားသူတွေသာ များနေပြီး အရပ်သားတွေ ထိန်းချုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေကို အာဏာလွှဲပြောင်းမှုဟာ အမှန်တကယ်မှာ မဆိုစလောက်သာရှိတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။

    ဒါပေမယ့် ဒါတွေကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေမျိုး ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ ဝေဖန်သူတွေက သူမဟာ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တာမျိုးမရှိဘဲ ရခိုင်ပြည်နယ်ကိုသွားပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ဒေသအစိုးရနဲ့ တွေ့ဆံ
ုကာ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းမှာ အကန့်အသတ်နဲ့ရှိနေတဲ့ အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ချဲ့ထွင်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

    အစွန်းရောက် ရခိုင်အမျိုးသားရေးဝါဒီတွေအများစုဖြစ်တဲ့ အစိုးရအဖွဲ့ဝင်တွေကို သူမ ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါပေမယ့် ဒီလိုသွားရောက်ခြင်းအားဖြင့် မြန်မာအစိုးရယန္တရားမှာ အရပ်သားအစိတ်အပိုင်းတစ်ခု ရှိနေတယ်ဆိုတာ ပြည်သူလူထုကို ချပြလိုက်သလို ဖြစ်မှာဖြစ်ပါတယ်။

    မွတ်စလင်၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူတွေလို အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းအားလုံးကလူတွေနဲ့ ဆေးရုံမှာ သူမ သွားရောက်တွေ့ဆုံနိုင်တယ်။ ဒီထက်ပိုပြီး ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အခြား လူမှုကိစ္စတွေအကြာင်း နိုင်ငံပိုင်ရုပ်သံကနေ အပတ်စဉ် မိန့်ခွန်းပြောနိုင်ပါတယ်။

    ဒါပေမယ့် ၂၀၁၆ ခုနှစ်ကတည်းကစလို့ သူမရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး သူ့ကို ထောက်ခံသူတွေအကြားမှာတောင် ပဟေဠိဖြစ်လာတာတွေ ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲအတွက် သူမကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေထံကနေ ဖယ်ခွာပြီး သူမဟာ နေပြည်တော်မှာ တစ်သီးတစ်သန့် နေလာရတယ်။ ဆိုးရွား
    လာတဲ့ ရိုဟင်ဂျာကိစ္စကို ညှာတာမှုမရှိတဲ့ စစ်တပ်ကို ကိုယ်တွယ်စေတဲ့ သူမရဲ့ ပေါ်လစီကြောင့် နိုင်ငံတကာ လေးစားမှုကလည်း ဆိုးဆိုးဝါးဝါးကို ပျက်ဆီးသွားပါတယ်။

    သူမရဲ့ရုံး ၀ဘ်ဆိုက်နဲ့ Facebook အကောင့်တွေက အငြင်းပွားဖွယ် ထုတ်ပြန်ချက် အများစုဟာ သူမရေးတာမဟုတ်ဘဲ သူမရဲ့ အကြံပေးတွေထဲကတစ်ဦးဖြစ်တဲ့ ဦးဇော်ဌေးနဲ့ သူ့အဖွဲ့က ရေးတာဖြစ်ပါတယ်။ ဦးဇော်ဌေးဟာ စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက်မှာလည်း အကြံပေးတာဝန်ကို ထမ်းဆောင်ခဲ့ဖူး
    ပါတယ်။

    ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ်ဖြစ်လာခဲ့သလို၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း သူမရဲ့ပါတီဟာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ ဒါဟာ ‘ကမ္ဘာ့အဆိုးဝါးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက တစ်ခု’ လို့ တစ်ချိန်က သူမေ
    ပြာခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်တယ်လို့ စောဒကတက်လို့ ရပါတယ်။

    ဇွန်လမှာ ၇၂ နှစ်ပြည့်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်မှာ အချိန်သိပ်မရှိတော့ပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်မရှိဘဲနဲ့ NLD ပါတီဟာ ၂၀၂၀ ခုနှစ်ရွးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်တုန်းကလို ပြည်သူလူထုကြီးရဲ့ တစ်ခဲနက်ထောက်ခံမှုမျိုး ထပ်ရဖို့ အလားအလာ မရှိပါဘူး။ နိုင်ငံရေးမှာ သူမ မပါဝင်နိုင်တော့တဲ့အခါကျရင် လွှဲပေးဖို့အတွက် NLD ထဲက တက်ကြွတဲ့ မျိုးဆက်သစ်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်
    ဒါမှမဟုတ် ပါတီရဲ့ ဇယာထောင်းခေါင်းဆောင်ပိုင်းက ပြင်ဆင်ထားတာမျိုးလည်း မရှိပါဘူး။

    ဒါ့ကြောင့် စစ်တပ်နဲ့ သူတို့ရဲ့ နိုင်ငံရေးကျောထောက်နောက်ခံ အင်အားစုတွေ အလွယ်တကူ အမြတ်ထုတ်အသုံးချနိုင်မယ့် ပါတီတွင်း အာဏာလစ်ဟာမှုကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် လစ်လျူရှုထားတယ်ဆိုတဲ့ အနေအထားပါ။

    ရေရှည်မှာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးအပေါ် သက်ရောက်မှုတစ်ခု ရှိလာပြီး စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အစလည်းဖြစ်လာမယ့် အစိုးရနဲ့ ပြည်သူလူထုအတွင်းမှာ အရပ်သားအာဏာပိုင်တွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာမယ့် လုပ်ငန်းစဉ်မျိုး သူမ လုပ်နိုင်ပေမယ့် အခုအချိန်အထိ အစပျိုးတာမျိုး မရှိသေးပါဘူး။

    ဒါပေမယ့် မြန်မာနိုင်ငံ အနေအထားမှာ ‘ဘာလင်တံတိုင်းအခိုက်အတံ့’ (ပေါင်းစည်းရေးအခိုက်အတံ့) ဆိုတာ မရှိပါဘူး။ တကယ်လက်တွေ့မှာ ဒီလိုဖြစ်လာဖို့အတွက် မျိုးဆက်တစ်ခုလောက်ကြာနိုင်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်မျိုး တော်တော်များများ ဖြစ်လာအောင်လည်း လုပ်ရပါလိမ့်မယ်။

    Ref : Asia Times

    (Asia Times တွင် ဘာတေးလ် လင်တနာရေးသာသည့် The ties that bind Suu Kyi’s hands ဆောင်းပါးကိုလေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါအကြောင်းအရာများသည် ဆောင်းပါးရှင်၏ ယူဆချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)