News @ M-Media

ဂလက်စဂိုမြို့က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်း

နိုဝင်ဘာ ၄၊ ၂၀၁၇
M-Media

– စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့ မြို့တော်ကောင်စီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Free of Glasgow ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့အတွက် မနေ့က တစ်ညီတစ်ညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ချက်မျိုး ပေါ်ထွက်လာတာပါ။

စစ်အာဏာရှင်လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ၂၀၀၉ ခုနှစ်မှာ ဂလက်စဂိုမြို့က ဒီဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်နဲ့ မြို့တော်ကောင်စီအကြီးအကဲ ဆူဆန် အိုက်ကန်တို့ဟာ တလောက ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားခဲ့ပြီး သူမရဲ့မျက်စိအောက်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ရက်စက်မှုတွေကို မြို့တော်က စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်း
ခဲ့ပါတယ်” လို့ ဂလက်စဂိုမြို့စား လော့ဒ် ပရိုဗို့စ် အီဗာ ဘိုလန်ဒါက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တုန့်ပြန်မှုကတော့ စိတ်ပျက်စရာနဲ့ ၀မ်းနည်းစရာဖြစ်ကြောင်း၊ သူမကိုပေးထားတဲ့ ဂုဏ်ပြုဆုတွေ ရုပ်သိမ်းမှုဟာ မကြုံစဖူးဖြစ်ပြီး မိမိတို့ မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာ မဟုတ်ကြောင်းလည်း မြို့စားက ဆိုပါတယ်။

ဂလက်စဂိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေရှိနေပေမယ့် တက္ကသိုလ်ကတော့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ပြဿနာကို ‘ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုနေတယ်’ ဆိုတဲ့ စွဲချက်နဲ့ ရှက်ဖီးမြို့ကလည်း သူတို့ရဲ့ Freedom of the City ချီးမြှင့်ထားမှုကို မကြာသေးခင်က ရုပ်သိမ်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်ကိုက ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခ၊ သုက္ခတွေအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။

Ref: BBC