News @ M-Media

Tag: Education

  • ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားမှ လှူဒါန်းသော မူလတန်းကျောင်း ၄ ကျောင်း ဖွင့်လှစ်

    ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားမှ လှူဒါန်းသော မူလတန်းကျောင်း ၄ ကျောင်း ဖွင့်လှစ်

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    Ktaw-B
    – မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်ရှိ ပညာရေးကဏ္ဍ တိုးတက်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ ဆောက်လုပ်လှူဒါန်းခဲ့သည့် မူလတန်းကျောင်း ၄ ကျောင်းအား ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ဆောက်လုပ်လှူဒါန်းခဲ့သည့် မူလတန်းကျောင်းများမှာ မင်းပြားမြို့နယ်တွင် သေကန် မူလတန်းကျောင်းနှင့် စမ္ဘလေ မူလတန်းကျောင်း၊ မောင်တောမြို့နယ်တွင် မောရ၀တီ စံပြကျေးရွာ မူလတန်းကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် သပြေကုန်းရပ်ကွက် (၁) မူလတန်းကျောင်း စသည်တို့ဖြစ်ကြပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီတွင် သေကန် မူလတန်းကျောင်းနှင့် စမ္ဘလေ မူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဒုတိယ ၀န်ကြီး အဘ်ဒူရဟ်မန် မိုဟာမက် ဖာချာရ်တို့ အပါအ၀င် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ ကျောင်းဆောင်သစ်များအား ဖွင့်လှစ်ပေးခဲ့ကြသည်။

    အဆိုပါ ကျောင်းများမှာ အင်ဒိုနီးရှားအစိုးရက ထောက်ပံ့မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်ကျောင်းဆောင်သစ်များဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် ခိုလှုံနိုင်ရန် တည်ဆောက်ထားသည်။

    ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစ္စလာမ်မစ်နိုင်ငံများမှာ ယခင်ကတည်းက လှူဒါန်းမှုများရှိခဲ့ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလက တိုက်ခတ်ခဲ့သည့် ဂီရိမုန်းတိုင်းသင့် ပြည်သူများအတွက် ဆော်ဒီအိမ်ရှေ့မင်သားက ကန်ဒေါ်လာ ၅ သောင်း လှူဒါန်းခဲ့ပြီး ကြင်ယာတော်ဖြစ်သူကလည်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးအတွက် ကန်ဒေါ်လာ ၅ သောင်း သီးခြားစီ လှူဒါန်းခဲ့သည်။

    ပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားခဲ့နောက်ပိုင်း ဒုက္ခသည်များအား ကူညီရန်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် OIC နှင့် အစ္စလာမစ်နိုင်ငံများမှ ပိုမိုလှူဒါန်းလာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း တူရကီနိုင်ငံကပင် ကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့သည်။

    ဒုက္ခသည်အများစုမှာ ရိုဟင်ဂျာများ ဖြစ်သော်လည်း ထိုကဲ့သို့ လှူဒါန်းမှုများတွင် အစ္စလာမ်မစ်နိုင်ငံများမှာ ရခိုင်တိုင်းရင်းသားများအတွက်ပါ အညီအမျှ ခွဲဝေလှူဒါန်းခဲ့ကြသည်။

    ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နှစ်ဖက်အသိုင်းအ၀ိုင်းများအကြား ရင်ကြားစေ့ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် OIC နှင့် အစ္စလာမ့်မစ်နိုင်ငံများက တိုက်တွန်းပြောဆိုမှုများကို မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ လှူဒါန်းမှုများတွင် မည်သည့် ကန့်ကွက်မှုမျှ မပြုလုပ်ကြချေ။

    ကိုးကား – ကြေးမုံ

    ဓါတ်ပုံအညွှန်း – စစ်တွေမြို့မှ ၆၅ မိုင်အကွာမှာရှိတဲ့ ကျောက်တောမြို့ ဒုက္ခသည်စခန်းမှ စာသင်ကျောင်းတခုမြင်ကွင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်တော်မြို့မှာရှိတဲ့ မွတ်စလင်မိသားစုဝင်များ ဒုက္ခသည်စခန်းမှာ သွားရောက်နေထိုင်နေရသည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ မိသားစုဝင်ပေါင်း ၆၀၀ ခန့်ရှိကြောင်းသိရပါတယ်။
    Photo: Ye Myint

  • တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများကို ဂုဏ်ပြုပွဲ ပဲခူးတွင်ပြုလုပ်

    တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများကို ဂုဏ်ပြုပွဲ ပဲခူးတွင်ပြုလုပ်

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    သတင်း-သူရိန်
    1
    ပဲခူး ။    ။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းအောင်သူများအား ဂုဏ်ပြုပွဲ တစ်ရပ်ကို ပဲခူးမြို့ ဒါရ်ဂါ ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရပါတယ်။

    သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသည့် အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ဂုဏ်ပြု ချီးမြှင့်သည့် အစီအစဉ်ကို နှစ်စဉ် ကျင်းပမြဲဖြစ်ရာ ယခုအခါ ဆယ်စုနှစ် တစ်ခုသို့တိုင် ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

    ၁၀ တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများကို ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ကြီးမှူးကျင်းပကာ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းလည်း ဖြစ်ကြောင်း သိရပါတယ်။
    6
    အဆိုပါ ကော်မတီဥက္ကဌ ဦးထွန်းအောင်ကျော်က ” အဓိကရည်ရွယ်ချက်ကတော့ ပဲခူးမြို့နယ်အတွင်းမှာ ရှိတဲ့ မွတ်စလင်မ် ကျောင်းသား လူငယ်တွေ ပညာတတ်တွေ တိုးပွားဖို့ ဖြစ်ပါတယ်”ဟုM-Media သို့ ပြောပြပါသည်။ တိုင်းပြည် တိုးတက်ဖို့ ပညာတတ် များစွာ လိုအပ်ကြောင်း ပဲခူးမှာ ပညာတတ်များ တိုးပွားဖို့ ရည်ရွယ်ကြောင်း ၄င်းကဆိုပါတယ်။

    ” ယခုကဲ့သို့ ဂုဏ်ပြုတဲ့ အတွက် အရမ်းလည်း ပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်” ဟု ဘုရားကြီးမြို့ မင်းလမ်းရပ်ကွက်မှ သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦးက ၄င်း၏ ပီတိစကားကို ပြောပါတယ်။

    2

    မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ၉တန်းနှင့် ၁၀တန်း အခမဲ့ ကျုရှင်ကို ဖွင့်လှစ်ထားပြီး ပညာရေးအပြင် ငြိမ်းချမ်းရေးနှင့် ပရဟိတ လုပ်ငန်းစဉ်များကို အခြားသော ရည်ရွယ်ချက်တူ အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရပါတယ်။

    ယခုနှစ် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများတွင် သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး နှစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး နှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၈ ဦးတို့ ပါဝင်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

  • လူမျိုး/ဘာသာမရွေး တက်နိုင်သည့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်း ကျိုလီယာ မွတ်စလင် အသင်းမှ ဖွင့်လှစ်မည်

    လူမျိုး/ဘာသာမရွေး တက်နိုင်သည့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်း ကျိုလီယာ မွတ်စလင် အသင်းမှ ဖွင့်လှစ်မည်

    စက်တင်ဘာ ၅၊ ၂၀၁၄
    M-Media
    လမင်း
    free tution
    ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (၁၀-တန်း) ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ပညာဒါန သင်တန်းတစ်ရပ်ကို  ကျိုလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

    ၎င်းတက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းအတွက်  မည်သည့်ငွေကြေးတစ်စုံတစ်ရာမှ ပေးဆောင်ရန်မလိုအပ်ပဲ  ၀ါရင့်ဆရာ/ဆရာမများမှ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ ၁၀-တန်းအတွက် ငွေကြေးအခက်အခဲရှိနေသော ကလေးငယ်များ အဆင်ပြေစေရန်နှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ မဟုတ်ဘဲ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ လူမျိုးဘာသာမရွေး တက်ရောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကျိုလီယာမွတ်စလင်မ်သာသနာ့ရန်ပုံငွေအဖွဲ့မှ ဟာဂျီဦးလှဋ္ဌေးက ပြောသည်။

    အဆိုပါ သင်တန်းအား တစ်ပတ်လျှင် ၆-ရက်ဖြင့် နေ့လည် ၁း၃၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး၊ အမှတ်(၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။

    သင်တန်းကိစ္စနှင့် ပတ်သက်၍ သိလိုသည်များရှိပါက ၀၁-၅၇၇၄၇၃၊ ၀၁-၈၅၅၁၁၉၁၊ ၀၉-၂၅၉၂၉၁၅၅၃၊ ၀၉-၂၅၉၂၉၁၅၅၄၊ ၀၉-၃၂၃၄၃၀၂၄၊ ၀၉-၇၃၁၃၇၅၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

  • ဘယ်ပညာ သင်ရမှာလဲ

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    .ရေးသူ- သဲတပွင့်
    education1
    ပြီးခဲ့တဲ့ရက်က ပညာရေး မြှင့်တင်မှု ဆွေးနွေးတဲ့အစီအစဉ်တစ်ခုမှာ မေးခွန်းတစ်ခု ကြားခဲ့ကြရပါတယ်။ ဆွေးနွေးမေးမြန်းသူက အစ္စလာမ် ဘာသာရေး စာသင်ကျောင်းက မော်လဝီ ဆရာတစ်ဦးပါ။

    အနောက်တိုင်းရဲ့ ပညာရေးစနစ်ကို ကြည့်ပြန်တော့လည်း သူတို့ဆီမှာ ဆယ်ကျော်သက် လူငယ် ကျောင်းသားလေးတွေက သေနတ် တစ်လက်နဲ့ ဆရာတွေ ကျောင်းသားတွေ တွေ့ကရာ ပစ်သတ်တာမျိုးတွေ၊ ကိုယ့်ကိုကိုယ်နဲ့ အခြားသူတွေကို သေကြောင်းကြံတဲ့ ကျောင်းတွင်း အကြမ်းဖက်မှုတွေ မကြာခဏဆိုသလို ကြုံကြရတယ်။ သူတို့ဆီက ကျောင်းတွေအကြောင်း ရိုက်ထားတဲ့ ဗီဒီယိုတွေ ကြည့်ပြန်တော့လည်း မြန်မာ့ယဉ်ကျေးမှုအရဖြစ်စေ၊ ဘာသာတရားတို့ရဲ့ သွန်သင်ချက်နဲ့ဖြစ်စေ တိုင်းတာကြည့်ရင် စိတ်ပျက်စရာ။

    နောက်တစ်ပိုင်းကို ကြည့်တော့ အဲဒါရဲ့ ဆန့်ကျင်ဘက် ခေတ်ပညာကို အားမပေးဘဲ ဘာသာရေးသက်သက်သာ သင်ယူကြသင့်တယ် ဆိုသူတွေ ဆိုပြန်တော့လည်း လောလော လတ်လတ် နာမည်ကြီးထားတဲ့ ဘိုကိုဟာရမ် ဆိုသူတို့ကို၊ တာလီဘန် ဆိုသူတို့ကိုပဲကြည့် … အစွန်းရောက်လှတဲ့ အတွေးအခေါ်တွေနဲ့ ဘယ်ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ဖြစ်စေမကိုက်ညီတာတွေ မဟုတ်တရုတ်လုပ်ရပ်တွေ လုပ်နေကြတာ တွေ့နေရပါတယ်။ ဒီလိုဆိုရင် ဒီပညာရေးစနစ်ကြီးနှစ်ခုက ဆန့်ကျင်ရာလိုဖြစ်နေလေတော့ ဝိရောဓိကြားမှာ အခက်တွေ့ကြရတဲ့ မြေစာပင်တွေ အကြောင်းတွေကို သူက ဆွေးနွေးပါတယ်။

    ပညာရေးကို စိတ်ဝင်တစားရှိသူတစ်ယောက်အနေနဲ့ ကျွန်တော်လည်း အတော်လေး အတွေးပွားမိပါတယ်။
     
    တကယ်တော့ ဒီနှစ်ခုမှာ မဆုံနိုင်တဲ့ မျဉ်းပြိုင်တွေ မဟုတ်သလို ဆန့်ကျင်ဘက် ဝိရောဓိဖြစ်စရာလို့လည်း ကျွန်တော်ကတော့ မမြင်မိပါ။ နှစ်ဖက်လုံးမှာ ဖြစ်နေတဲ့ ပြသနာ အစွန်းနှစ်ဖက်ဟာ တကယ်တော့ ပညာရေး စနစ်နှစ်မျိုးလုံးနဲ့ ဘာမှ တိုက်ရိုက် မဆိုင်တဲ့ ပြင်ပ ပယောဂတွေလို့ပဲ မြင်ပါတယ်။

    အနောက်တိုင်းက သေကြောင်းကြံ ကျောင်းသားဆိုတာမျိုးကို လေ့လာကြည့်ရင် လူမှုဘဝမှာ တစ်ခုခု အဆင်မပြေတာမျိုးကြောင့် … ဥပမာ မိဘများ ကွဲနေကြတာ၊ ငယ်စဉ်က စိတ်ပိုင်းဆိုင်ရာတစ်ခုခု ကြီးကြီးမားမား ထိခိုက်ခဲ့တာ စတဲ့ psycho problem တစ်ခုခု ရှိခဲ့တာကြောင့် … ဒါမျိုးလုပ်ကြတာမျိုးက အများစုပါ။ ကျောင်းပညာရဲ့ သွန်သင်မှုကြောင့် ဒါမျိုးဖြစ်လာစရာ အကြောင်းမရှိပါ။အနောက်တိုင်းပညာရေးရဲ့ အန္တိမ ပန်းတိုင်ကလည်း လူတော် လူကောင်း နိုင်ငံ သားကောင်း ဖြစ်စေဖို့ပါ။ ဘာသာရေး မလေးစားမလိုက်နာသူတွေဆိုတာတောင်မှပဲ Universal Value တွေဖြစ်တဲ့ တရားမျှတမှု၊ တာဝန်သိတတ်မှု၊ စည်းကမ်းသေဝပ်မှု စတာတွေနဲ့ ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်စေတဲ့ ပညာရေးပါ။ ဥပမာ စဉ်းစားကြည့်ရင် ဘယ်ကိစ္စအတွက်မဆို တန်းစီဖို့လိုရင် ဘယ်လိုရာထူးကြီးသူဖြစ်စေ စနစ်တကျ တန်းစီတာမျိုး၊ ညဘက်မီးပွိုင့်မှာ တစ်ဖက်ယာဉ်ကြောမှာ ဘယ်သူမှ မရှိဘဲ ရှင်းနေတာတောင် မီးနီနေရင် မကူးဘဲ စိမ်းတဲ့အထိ စောင့်တတ်တာမျိုးတွေဟာ ဒီ အနောက်တိုင်းသား ခေတ် ပညာတတ်ဆိုသူတွေမှာ တွေ့ရတဲ့ ချစ်စရာ့ ဓလေ့တွေပါ။ (အနောက်နိုင်ငံတွေရဲ့ လူမှုဘဝ ယဉ်ကျေးမှုက ကိုယ်တွေနဲ့ မကိုက်ညီတာက သီးသန့် တစ်ကဏ္ဍ စဉ်းစားရမှာပါ … ဒါလည်း ပညာရေးနဲ့ မဆိုင်ပါ။ ဘာသာတရားကို အလွန်လေးစားသော၊ အရက်မသောက် ဆေးလိပ်မသောက် အပျော်အပါးမလိုက်စားသော အမေရိကန်တွေ ကိုယ်တွေ့ ကြုံဖူးတာတွေလည်း အများအပြားပါ။ အနောက်နိုင်ငံက ဆိုတိုင်းလည်း အရက်ဘားမှာ၊ နိုက်ကလပ်မှာ အချိန်ကုန်ပြီး တစ်ညတစ်ယောက်နဲ့ အိပ်နေတာမျိုး မဟုတ်ပါ။)

    နောက်တစ်ပိုင်း … ဘာသာရေးပညာကိုသာ အသားပေးမယ် … ခေတ်ပညာကို ဆန့်ကျင်တယ်ဆိုတဲ့သူတွေဟာလည်း (ရှေးရိုးစွဲဆန်တဲ့ ခေတ်နောက်ပြန်တဲ့ အယူအဆတွေ ရှိတတ်ပေမယ့်လည်း) သာမန်အားဖြင့် ဘဝကို ရိုးသားစွာ ဖြတ်ကျော်ရင်း ကိုယ် ကိုးကွယ်ယုံကြည်ရာ ဘုရားသခင်ရဲ့ အလိုတော် အတိုင်း နေထိုင်ကြသူတွေက များတာပါ။ ရှေ့ပိုင်းမှာ ပြောခဲ့သလို မတော်တရော်တွေ လုပ်နေကြတာက တကယ်တမ်းတော့ ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ လားလားမျှ မပတ်သက်ဘဲ ကိုယ့်ရဲ့ ကျင်လည်ခဲ့ရာ ဘဝပေးအခြေအနေတွေကြောင့်ပါ။ (ဥပမာ တာလီဘန်တွေဟာ ရုရှလက်အောက်မှာ အင်မတန် ဘဝနာခဲ့ကြတာပါ။ Rambo 3 နဲ့ The Beast ဆိုတဲ့ ရုပ်ရှင်မျိုးတွေကို ကြည့်ရင် သိပါလိမ့်မယ်။ ထိုနည်းတူ ဘိုကိုဟာရမ်တို့ ကြီးစိုးသွားရာ အာဖရိက နိုင်ငံတွေဟာလည်း အင်မတန် ဆိုးရွားလှတဲ့ ကြမ်းတမ်းလှတဲ့ ခေတ်စနစ်တွေကို ကြုံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် သူတို့ဟာ ပညာတစ်ရပ်ရပ်က်ု သေချာ သင်ခွင့်မရဘဲ ရန်လိုတတ်သူ၊ မကောင်းမြင်တတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပါတယ်။) အဲဒီလိုမျိုး ဘဝဆိုးမှာ တွေ့ကြုံဖူးတဲ့ အငုံ့စိတ်ကို အခြေခံ၊ အတ္တကို အခြေခံ၊ နောက်တစ်ပိုင်းကလည်း လက်ရှိ အာဏာရှင်တို့က ကိုယ့်အာဏာစက်တည်မြဲရေးအတွက် လူပြိန်းကြိုက် အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ ဘာသာရေးနာမည်ခံ အသုံးချ မှိုင်းတိုက်လေတော့ မဖြစ်သင့်တာတွေ ဖြစ်နေရတာပါ။ မူလဘူတ ဘာသာတရားရဲ့ အဆုံးအမနဲ့ ဘာမှ မပတ်သက်ပါ။

    ခေတ်ပညာ၊ ဘာသာရေးပညာ … ဘယ်လိုပညာကို သင်ကြားထားသူဖြစ်ပါစေ အဲဒီပညာတွေက ပေးတဲ့ အသိကို လက်တွေ့ဘဝမှာ မကျင့်သုံးသမျှ စစ်မှန်တဲ့ ပညာတတ် မဟုတ်ပါ။ ပညာ သိသူသာ ဖြစ်ရင် ဖြစ်ပါမယ်။ ခေတ်ပညာ ဘွဲ့တွေရပြီး မတော်မတရားလုပ်သူတွေ၊ ဘာသာရေးပညာ ဆည်းပူးထားပြီး ဘုရားသခင် မကြိုက်တာ လုပ်သူတွေ စတဲ့ စုံးပြူးအချို့ကို ကြည့်ပြီး သူတို့တွေ သင်ဖူးတဲ့ ပညာရေးကို ကောက်ချက်ချဖို့ အတော်ခက်ပါမယ်။

    ကျွန်တော့် အမြင်အရတော့ ဒီပညာနှစ်မျိုးဟာ ငှက်တစ်ကောင်ရဲ့ အတောင်နှစ်ဖက်လိုပါပဲ … နှစ်ဖက်လုံး ဟန်ချက်ညီညီ ရှိတဲ့အခါ အအောင်မြင်ဆုံး အမြင့်မားဆုံး ပျံသန်းနိုင်မှာပေါ့။ နှစ်ဖက်လုံးတတ်သိနားလည်သူတွေ ကိုယ်ကျင့်တရား မြင့်မားသူတွေ၊ တာဝန်ယူတတ်သူတွေ၊ စိတ်ကောင်းရှိသူတွေ၊ လူကိုလူလိုမြင်သူ humanity စိတ်ဓာတ်ရှိသူတွေ မွေးထုတ်နိုင်ကြရမှာပါ။

    ဘယ် ဘာသာဝင်ပဲ ဖြစ်ပါစေ ကိုယ်တိုင်နဲ့ ကိုယ့်သားသမီးတွေကို စစ်မှန်တဲ့ ခေတ်ပညာ၊ စစ်မှန်တဲ့ ဘာသာရေးပညာ တတ်သိလိုက်နာကျင့်သုံသော ပြည့်ဝသော လူသားကောင်း ဖြစ်အောင် ပြင်ဆင် လေ့လာ သင်ယူကြရအောင်ပါလေ။

  • ITBEC ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ MCPA Quiz ခေါင်းစဉ်ဖြင့် ပြုလုပ်မည်

    ITBEC ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ MCPA Quiz ခေါင်းစဉ်ဖြင့် ပြုလုပ်မည်

    မေ ၉၊ ၂၀၁၄
    M-Media
    ချို(မန္တလေး)

    မန္တလေး ။      ။          ဂျပန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားပြီး တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပမြဲ ဖြစ်သော IT အရည်အချင်းစစ် စာမေးပွဲ ITBEC exam မေးခွန်းများအား မန္တလေးတိုင်း ကွန်ပျူတာ ပညာရှင်များအသင်းမှ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲခေါင်းစဉ်အား MCPA Quiz ဟု အမည်ပေးထားကြောင်း သိရသည်။

    MCPA Quiz ပြိုင်ပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးမှ “ ITBEC exam က Level (6) ခုရှိပါတယ်။ ခုပြိုင်ပွဲမှာ မေးမယ့်မေးခွန်းတွေကတော့ Level-2 ထဲကပါ။ ITBEC exam က မြန်မာနိုင်ငံမှာ Level (1) နဲ့ (2)အထိ ဖြေလို့ရပါတယ်။ Level (2) အောင်ရင်ကို professional ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

    ဂျပန်နိုင်ငံမှာတောင် Level (2) အောင်ဖို့ကို တော်တော်ကြိုးစားရတဲ့ အခြေအနေပါ။ MCPA Quiz ပြိုင်ပွဲက ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ အတွက် စီစဉ်ထားတာပါ။ တအုံ၊ ဒဟတ်တော နဲ့ မိထ္ထီလာ ကွန်ပျူတာ တက္ကသိုလ်က ဒုတိယနှစ်နဲ့ တတိယနှစ် ကျောင်းသူကျောင်းသားတွေ ပါဝင်လို့ရပါတယ်။ အုပ်စုတစ်ခုကို (၃)ဦးပါဝင်နိုင်ပါတယ်။ မေးခွန်းကတော့ ကျွန်တော်တို့ MCPA ကပဲ ထုတ်မှာပါ။ ဒီလိုပြိုင်ပွဲလေးလုပ်ဖြစ်တာ ဒါပထမဆုံးအကြိမ်ပါ ” လို့ ပြောကြားခဲ့ပါသည်။

    ပြိုင်ပွဲအစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ “ မေလ (၁၉)ရက်နေ့မှာ ပြုလုပ်ပါမယ်။ တက္ကသိုလ် တစ်ခုချင်းစီကနေ ပ၊ဒု၊တ ရပြီး တက်လာမယ့် အုပ်စုတွေက တက္ကသိုလ် သုံးခုပေါင်းပြီး final အဖြစ် ဆက်လက်ယှဉ်ပြိုင်ရပါမယ်။ final ပွဲကိုတော့ ကျွန်တော်တို့ MCPA ရုံးခန်းမှာပဲ မေလ (၂၀)ရက် ဒါမှမဟုတ် (၂၁)ရက်နေ့မှာ ပြုလုပ်သွားမှာပါ။ ဇွန်လထဲမှာ နိုင်ငံအဆင့် အနေနဲ့ ကျောင်းအသီးသီးက ပါဝင်ယှဉ်ပြိုင်ကြပါမယ်။ ပ၊ ဒု၊ တ ရွေးပြီး ဆုနဲ့ certificate ပေးသွားမှာပါ။

    ဆုအနေနဲ့ကတော့ ပထမဆု အနေနဲ့ ITBEC Level (2) သင်ရိုးညွှန်းတမ်း (၇)လုပ်ပါဝင်တဲ့ စာအုပ်(၃)စုံနဲ့ ငွေကျပ် သုံးသိန်း၊ ဒုတိယဆုကိုတော့ ငွေကျပ် ၂သိန်း နဲ့ တတိယဆုအတွက်တော့ ငွေကျပ် တစ်သိန်းခွဲ ပေးသွားမှာပါ” လို့ ဖြေကြားခဲ့သည်။