News @ M-Media

Tag: Education

  • တက္ကသိုလ်ဝင်တန်းများ အတွက် ပညာသင်ဒါနကျောင်း ဖွင့်လှစ်

    တက္ကသိုလ်ဝင်တန်းများ အတွက် ပညာသင်ဒါနကျောင်း ဖွင့်လှစ်

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media
    မိုးစက်

    ရန်ကုန်။    ။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရန်ပုံငွေအဖွဲ့ မှ လူမျိုးဘာသာမရွေး သင်ကြားနိုင်သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများအား ပညာဒါန အခမဲ့ သင်တန်းတစ်ရပ်ကို စက်တင်ဘာလ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါသင်တန်းကို ဘာသာရပ်တစ်ခုချင်းဆီမှ ဝါရင့်ဆရာ/ ဆရာမကြီးများကိုယ်တိုင် လာရောက်သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ သင်တန်းကာလမှာ ခြောက်လဖြစ်ပြီး တစ်ပတ်လျှင် ခြောက်ရက် တက်ရောက် သင်ကြားရမည်ဖြစ်သည်။

    နေ့လည် (၁) နာရီမှ ညနေ (၆) နာရီမှ သင်တန်းသားများ တက်ရောက် သင်ကြားရမည်ဖြစ်သည်။ ယနေ့မှစတင်ကာ သင်တန်းဝင်ခွင့်များကို လက်ခံနေပြီဖြစ်ကြောင်းလည်း သိရသည်။

    ယင်းသင်တန်းအား ကျိုလီယာ မွတ်စလင်မ် သာသနာ့ရန်ပုံငွေ အဖွဲ့မှ ဦးစီးသော အဖွားများသုခရိပ်သာ အမှတ်(၁) သုခလမ်း၊ ခ ရပ်ကွက် သင်္ဃကျွန်းမြို့နယ် ရန်ကုန်မြို့တွင် လူမျိုးဘာသာမရွေး တက်ရောက် သင်ကြားနိုင်သည်။

    အဆိုပါအဖွဲ့မှဦးစီးပြီး အခြားသော စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စကားပြော သင်တန်းများကိုလည်း လူမျိုးဘာသာမရွေး သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိသည်။

  • ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ်  ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း

    ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ် ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၅
    M-Media

    mala

    – ကလေးငယ်များအား ၁၂ နှစ်ကြာ အခမဲ့ပညာရေး ပေးအပ်နိုင်ရန်အတွက် ၈ ရက်စာ စစ်အသုံးစားရိတ်ကို ဖယ်ထုတ်ပေးရန် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်က ကမ္ဘာ့ခေါင်းဆောင်များအား အင်္ဂါနေ့တွင် တိုက်တွန်းခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ကလေးများ တစ်နှစ်စာ ပညာသင်ယူနိုင်ရေးအတွက် ရန်ပုံငွေမှာ ကန်ဒေါ်လာ ၃၉ ဘီလီယံရှိသည်ဟု မာလာလာတည်ထောင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Malala Fund က ခန့်မှန်းတွက်ချက်ခဲ့သည်။

    “ဒီပမာဏဟာ တော်တော်ကြီးမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလောက် မများပါဘူး။ တကယ်တော့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီ ၃၉ ဘီလီယံကို စစ်ဘက်မှာ ၈ ရက်လောက်နဲ့ သုံးနေတာပါပဲ” ဟု နော်ဝေနိုင်ငံ အော်စလိုတွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလ၏ ပညာရေးထိပ်သီးအစည်းအဝေးတွင် မာလာလာက ပြောကြားခဲ့သည်။

    အိန္ဒိယရှိ ကလေးငယ်များအရေး လှုပ်ရှားသူ ကိုင်လက်ရှ် ဆက်ယာသီနှင့် ပြီးခဲ့သည့် ဒီဇင်ဘာက နိုဘယ်ဆု အတူယူခဲ့ပြီးနောက် မာလာလာမှာ နော်ဝေသို့ ပထမဆုံး ပြန်ရောက်လာခြင်းလည်း ဖြစ်သည်။

    မာလာလာမှာ ဇွန်လအတွင်းကလည်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်မ် ယုံ ကင်နှင့် တွေ့ဆုံခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ရန် ကုလက စီစဉ်ထားသည့် “ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်” အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် အဆိုပါရည်မှန်းချက်များ ပြည့်မီရေးအတွက် ဘဏ္ဍာငွေရှာဖွေရန် နည်းလမ်းများနှင့် ပတ်သက်၍ လာမည့်သီတင်းပတ်၌ အီသီယိုးပီးယားတွင် အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်။

    “ကျွန်မပေးချင်တဲ့ မက်ဆေ့ခ်ျက ဒီရည်ရွယ်တွေမှာ ပါရှိတဲ့ အလယ်တန်းပညာရေး ရည်မှန်းချက်ကို အသေအချာ ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ကလေးတစ်ယောက်ကို ၁၂ နှစ်လောက် မူလတန်းနဲ့ အလယ်တန်းပညာရေး သင်ပေးဖို့ ပိုက်ဆံတွေက အဲဒီမှာ (စစ်အသုံးစားရိတ်မှာ) ရှိနေပြီးပါပြီ” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၀၀ ခုနှစ်က စတင်ခဲ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းကို အစားထိုးမည့် အဆိုပါ ရည်မှန်းချက်အသစ်များကို ဦးတည်နိုင်ငံများအနေဖြင့် လာမည့် ၁၅ နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်လားဆိုသည်ကို စက်တင်ဘာလတွင် ကုလက ချိန်ဆ ဆန်းစစ်သွားမည်ဖြစ်သည်။

    ထောင်စုနှစ်ရည်မှန်းချက်တွင် သန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်သော ကုလ၏ အစီရင်ခံစာ၌ ဖော်ပြထားပြီး ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အလွန်ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရသော အရေအတွက်မှာ ၁.၉ ဘီလီယံမှ ၈၃၆ သန်းအထိ ကျင်ဆင်းခဲ့ကာ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။

    ထိုကာလအတွင်း အသက် ၅ နှစ်အောက်ကလေးငယ်များ သေဆုံးမှုမှာလည်း လူ ၁၀၀၀ တွင် ၉၀ မှ ၄၃ ဦးအထိ လျော့ကျခဲ့သည်။

    “ဒါပေမယ့် တိုးတက်မှုက ဒေသတွေနဲ့ နိုင်ငံတွေကြားထဲမှာ အညီအမျှ မဖြစ်သေးဘဲ သိသာတဲ့ ကွာဟချက်တွေ ရှိနေပါတယ်။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခတွေဟာ အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်နေပြီး၊ ပြိုကွဲကာ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေဟာ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးကို ကြုံတွေ့ခံစားနေရပါတယ်” ဟု ကုလ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Dawn

  • ကမ္ဘာတစ်ဝှမ်း ပညာမသင်နိုင်သည့် ကလေးအရေအတွက် ၅၈ သန်းခန့်ရှိနေ

    ကမ္ဘာတစ်ဝှမ်း ပညာမသင်နိုင်သည့် ကလေးအရေအတွက် ၅၈ သန်းခန့်ရှိနေ

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    အာဖဂန်မှ ကလေးငယ်များ

    – လက်နက်ကိုင်ပဋိ့ပက္ခများက ကမ္ဘာတစ်ဝှမ်း သန်း ၃၀ သော ကလေးငယ်များအတွက် ပညာရေးကို လက်မဲ့ဖြစ်စေပြီး အစိုးရများအနေဖြင့် စာသင်ကျောင်းများအား ပိုမိုလုံခြုံမှုရှိအောင် ဆောင်ရွက်ရေးတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်ကြရန် နော်ဝေ ၀န်ကြီးချုပ် အာရ်နာ ဆိုလ်ဘာ့ဂ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၂၀၃၀ ကမ္ဘာကြီးဖွံ့ဖြိုရေး ရည်မှန်းချက်အသစ်များအတွက် အသိပညာပေးသော ကုလအဖွဲ့၏ တွဲဘက်ဥက္ကဌဖြစ်သူ ဆိုလ်ဘာ့ဂ်မှာ ပညာရေးအပေါ် ကြီးကြီးမားမား သုံးစွဲခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ၊ စီပွားရေးတိုးတက်မှုနှင့် အမျိုးသမီများ သာတူညီမျှမှုတို့ကိုလည်း ဖြစ်ထွန်းစေသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ကျွန်မတို့မှာ ကလေး ၅၈ သန်းလောက်က ပညာရေးမရပါဘူး။ အဲဒီထဲက ထက်ဝက်လောက်ဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာတွေကပါပဲ” ဟု ကမ္ဘာ့တစ်ဝှမ်းမှ ပညာရေးနှင့် သက်ဆိုင်သူများ တက်ရောက်ခဲ့သည့် အခမ်းအနားအတွင် ဆိုလ်ဘာ့ဂ်က ပြောကြားခဲ့သည်။ ကုလမှာ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ကလေးငယ်များအားလုံး ပညာရေး အပြည့်အ၀ရရှိရန် ရည်မှန်းချက်ကို ၂၀၀၀ ခုနှစ်က ချထားခဲ့သည်။

    ပညာရေးမရရှိသည့် ကလေးငယ်များတွင် ယောက်ျားလေးအရေအတွက်ထက် မိန်းကလေး အရေအတွက် ပိုမိုများပြားဖွယ် ရှိနေသည်။

    နော်ဝေမှာ ပညာရေးတိုးတက်မှု၊ တာလီဘန်၊ ဘိုကိုဟရမ်တို့ကဲ့သို့ အဖွဲ့များမှ ခြိမ်းခြောက်မှုများကို လျော့ချရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ အစည်းအဝေးတစ်ခုကို လာမည့် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပပြုလုပ်ရန်ရှိနေပြီး ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်း တက်ရောက်မည်ဖြစ်သည်။

    ဆွေးနွေးမည့် အဓိကအကြောင်းအရာများတွင် ပဋိပက္ခအတွင်း စာသင်ကျောင်းများမှာ ပစ်မှတ်ထား မခံရရေးလည်း ပါဝင်သည်ဟု ဆိုလ်ဘာ့ဂ်က ဆိုသည်။ ထို့ပြင် အကြမ်းဖက်သမားများ၏ သဘောထားအတွင်းသို့ မကျရောက်ရေးလည်း အရေးကြီးကာ သာမန်ဘ၀ ပြန်ရရေးအတွက် တိုက်ပွဲဝင်ချင်ပါက ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဆိုလ်ဘာ့ဂ်မှာ ပုဂ္ဂလိက စပွန်ပေးသူများအနေဖြင့် ကျန်းမာရေးလုပ်ငန်းတွင် ဆောင်ရွက်နေသကဲ့သို့ ပညာရေးကဏ္ဍတွင် ပိုမို ပါဝင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Alarabiya

  • ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    မေ ၉ ၊ ၂၀၁၅
    M-Media

    B9317081448Z.1_20150426132227_000_GH9AJB304.1-0
    ကာရေး ရှီယာ (ဝဲဘက် မျက်မှန်တပ်ထားသူ) နှင့် ကရင်တိုင်းရင်းသားများ

    – မြန်မာနိုင်ငံမှ ကလေးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် ကာရေး ရှီယာမှာ အဆိုပါကလေးများ၏ ပညာရေးအခွင့်အလမ်းများ တိုးတက်စေရန် အဓိကထား ဆောင်ရွက်နေပြီး အဆောင်တစ်ခု ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရှာဖွေမှုကိုလည်း လုပ်ဆောင်နေသည်။

    မိခင်ဖြစ်သူက လန်ကက်စတာတွင်နေထိုင်ပြီး၊ ရှီယာမှာ လွန်ခဲ့သည့် လေးလလုံးလုံး နိုင်ငံရပ်ခြားတွင် စေတနာ့ဝန်ထမ်း လုပ်ငန်းများလုပ်ကိုင်ခဲ့ကာ မြန်မာနှင့် ထိုင်းနယ်စပ်တို့တွင် နေထိုင်၍ နောက်ပိုင်းတွင်မြန်မာနိုင်ငံသို့ ၀င်ရောက်သွားခဲ့သည်။ သို့သော်လည်း အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှီယာ၏ ခရီးသွားမှုက သြစတေးလျမှ စတင်ခဲ့သည်။ သြစတေးလျတွင် သူမမှာ ကြက်ခြေနီအဖွဲ့နှင့် ခိုလှုံလာကြသူများကို ထောက်ပံ့သော အစီအစဉ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

    နောက်ဆုံးတွင်ရှီယာမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မိပြီး ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များနှင့် တိုက်ရိုက်ချိတ်ဆက်မိသွားကာ အခြားသူများအား ကူညီမှုဆီသို့ ဦးတည်သွားသည်။ ရှီယာက သူမမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အများအပြားရှိနေကြသည့် ကရင်လူမျိုးများအတွက် အလုပ်လုပ်ပေးနေသည်ဟု ဆိုသည်။

    အခြားကရင်လူမျိုးများမှာ မြန်မာနိုင်ငံတွင် အထူးသဖြင့် လျှပ်စစ်မီးမရှိသော၊ လမ်းကောင်းကောင်းမရှိသော၊ ဆေးရုံ၊ ကျောင်းတို့ မရှိသော၊ အိမ်များတွင် ရေသွယ်တန်းထားခြင်းမရှိသော တောင်တန်းများဝန်းရံနေသည့် ကရင်ပြည်နယ်တွင် နေထိုင်ကြသည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။ ထိုအခြေအနေများကို မြင်တွေ့ခဲ့ရပြီး ထိုဒေသရှိ ကလေးငယ်များ၏ အခြေအနေကို ရှီယာတစ်ယောက် တွေ့ခဲ့ရသည်။

    “ကျွန်မဟာ သူ့တို့ရဲ့ဒေသအကြောင်း ကမ္ဘာကြီးက သိဖို့နဲ့ ကရင်ပြည်သူတွေကို ပညာခေတ်ဆီ ဆောင်ကျဉ်းပေးဖို့ အကောင်းဆုံးကြိုးစားနေတဲ့ အမျိုးသားတစ်ယောက်နဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရွာပေါင်း ၅၅ ရွာမှာမှ အထက်တန်းကျောင်းတစ်ကျောင်းရှိပြီး ကလေးတွေက ကျောင်းတက်ဖို့ တစ်နေ့ကို ၅ နာရီလောက် လမ်းလျှောက်ရပါတယ် ကျွန်မ ဘာ့ကြောင့်သိလဲဆိုတော့ အဲဒီကလေးတွေနဲ့အတူ လမ်းလိုက်လျှောက်ပြီး သူတို့ရဲ့ ခရီးစဉ်ကို ရိုက်ကူးခဲ့လိုပါပဲ” ဟု ရှီယာက ဆိုသည်။

    ရှီယာမှာ ဘော်ဒါဆောင် ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရရန် ကြိုးစားနေသည့် ကရင်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ KCDS ဟုခေါ်သော အကျိုးအမြတ်မယူသည့် အဆိုပါအဖွဲ့နှင့်အတူ ဆောင်ရွက်နေသည်။ ၎င်းတို့၏ GoFundMe လှုပ်ရှားမှုက မြေတစ်ကွက်ရရှိခဲ့ပြီး ထိုမြေနေရာတွင် နေထိုင်၍ ယောက်ျားလေး ၁၅ ဦးနှင့် မိန်းကလေး ၁၅ ဦးတို့မှာ ကျောင်းနိုင်သည့် အခွင့်အရေးကို ရကြမည်ဟု KCDS ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “ဒီမြေနေရာက ကျောင်းကနေ မိနစ်အနည်းငယ် လမ်းလျှောက်လိုက်တာနဲ့ ရောက်ပါတယ်။ ပြီးတော့ အဲဒီမှာနေမယ့် ကျောင်းသားလေးတွေကို ထောက်ပံ့ကျွေးမွေးဖို့အတွက် စိုက်ပျိုးရေးလုပ်ဖို့ မြေနေရာ လုံလုံလောက်လောက်လည်းရှိပါတယ်” ဟု သူမက ရေးသားခဲ့သည်။

    ထို့ပြင် ရှေ့ဆက်လုပ်စရာများ ရှိနေသေးသည်ဟု ၎င်းကဆိုပြိး အမြဲတမ်းနေထိုင်နိုင်မည့် အဆောင်ကို ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅၀၀၀ ခန့် ထပ်လိုအပ်မည်ဟု KCDS က ယုံကြည်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ပြီးခဲ့သည့်လအတွင်း လူပေါင်း ၆၂ ဦးထံမှ လှူဒါန်းငွေများ ရရှိထားပြီး ယခုအချိန်တွင် ကန်ဒေါ်လာ ၄၁၄၁ ဒေါ်လာခန့် ရှိနေပြီဖြစ်သည်။ ရှီယာကမူ ထိုကိစ္စအတွက် နောက်ထပ် လှူဒါန်းမှုများ ရရှိမည်ဟု မျှော်လင့်နေသည်။
    B9317081448Z.1_20150426132227_000_GH9AJB30V.1-0
    “KCDS က ဒီကိစ္စဟာ နောက်ထပ် ၂ လောက်မှာ အမှန်တကယ်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တစ်ချိန်တည်းမှာပဲ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ လူ့အဖွဲ့အစည်းက အခြားသူတွေဟာလည်း ဒီမြေကို ခုတ်ထွင်ရှင်းလင်းနေကြပြီး အဆောင်တစ်ခု ဖြစ်လာတော့မယ်လို့ မျှော်လင့်နေကြပါတယ်” ဟု ရှီယာက ဆိုသည်။

    မြန်မာနိုင်ငံရှိ KCDS ရုံးခန်းတွင် ကလေးငယ် ၁၇ ဦးမှာ လာရောက်နေထိုင်ကာ ကျောင်းတက်နေကြရသည်ဟု ရှီယာက ဆိုသည်။

    “သူတို့ ဒီလို ဒုက္ခသုက္ခနဲ့ ရင်ဆိုင်နေရပါတယ်”

    အသက် ၂၁ နှစ်အရွယ်တွင် သြစတေးလျသို့ ရောက်ရှိလာပြီး ခရီးသွားဗီဇာ ရရှိခဲ့သည့် ရှီယာတစ်ယောက် သြစေတေးလျတွင် နေထိုင်ရန် ရည်ရွယ်ချက်မရှိခဲ့။ သို့သော်လည်း အစီအစဉ်များကို ပြောင်းလဲပစ်လိုက်ပြီး လက်ရှိတွင်တော့ သူမမှာ အမေရိကန်နှင့် သြစေတးလျ နှစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်နေပြီဖြစ်သည်။ ဘော်စတွန်တွင် ၂ လခန့် နေထိုင် ခဲ့ပြီးနောက် နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ဘော်ဒါဆောင် အကြောင်း မှတ်တမ်းရုပ်ရှင် အပြည့်အစုံ ရိုက်ကူးရေးအတွက် ပြန်လာရန် စီစဉ်ခဲ့သည်။

    လူငယ်လေးများနှင့် တိုက်ရိုက် အလုပ်လုပ်ရသည့် အတွေ့အကြုံက သူမအပေါ် ရိုက်ခတ်မှုရှိပြီး ထိုအတွေ့အကြုံက မျက်စိပွင့်စေသည်ဟု ရှီယာက ဆိုသည်။

    “ကျွန်မ သူတို့နဲ့စကားပြောတယ်။ သူတို့ကို အင်တာဗျူးလုပ်တယ်။ တစ်ချို့ကို ဗီဒီယိုရိုက်တယ်။ ထူးထူးခြားခြားတစ်ခု ကျွန်မလုပ်ချင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတာကြောင့် ထူးထူးခြားခြား တစ်ခုလုပ်ပြီး ကျွန်မရဲ့ မိတ်ဆွေတွေကို ကူညီချင်ပါတယ်။ ကျွန်မ တွယ်တာမိသွားပြီလို့ ခံစားရပါတယ်။ ကျွန်မ မခွဲနိုင်တော့ပါဘူး။ ဆက်လက် နှောင်ဖွဲ့သွားမှာပါ” ဟု ရှီယာက ပြောကြားခဲ့သည်။

    ၎င်းတို့ ရရှိထားသည့် ငွေများမှာ ဘော်ဒါဆောင် ဆောက်လုပ်ရန်အတွက် လုံလောက်သည်ဖြစ်စေ၊ မလုံလောက်သည်ဖြစ်စေ အဆိုပါဒေသရှိ ကျောင်းသားများကို ကူညီရန်အတွက် အသုံးပြုသွားမည်ဟု ရှီယာက ပြောကြားခဲ့သည်။ သို့သော်လည်း ပြည်သူများက လှူဒါန်းသော မည်သည့်ငွေပမာဏမဆို အကူအညီဖြစ်စေသည်ဟု အသိပေးခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် တကယ်လို့ လူတွေဟာ ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက် လှူတယ်ဆိုရင်လည်း ဒါဟာ အများကြီးပါပဲ။ အဲဒီမှာ (ကရင်ပြည်နယ်မှာ) ရှိတဲ့သူတွေဟာ တစ်နေ့ကို တစ်ဒေါ်လာအောက်လောက်နဲ့ အသက်ရှင်နေထိုင်နေရတာပါ။ ဒါ့ကြောင့် ပိုက်ဆံနည်းနည်းဟာလည်း တော်တော်လေး ခရီးရောက်ပါတယ်”

    ref: Eagle Gazette
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • နားထောင်တတ်ပါစေ

    နားထောင်တတ်ပါစေ

    မေ ၄ ၊ ၂၀၁၅
    M-Media
    လူမင်းဟန် ရေးသည်။
    11185832_10205997551165330_765534379_n
    ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာနယ်တစ်စောင် အင်တာဗျူးကို ဖတ်လိုက်ရသည်။ အဲဒီထဲက အန်တီစု ပြောသွားတဲ့ စကားလေး တစ်ခွန်းကို မှတ်မှတ်ရရ မှတ်မိနေသည်။ အန်တီစုပြောသွားတာက တဖက်နဲ့ တဖက် ပြသနာတစ်ခု ကို ဖြေရှင်းတော့မယ်ဆိုရင် နှစ်ဘက်စလုံးက နားထောင်တတ်ဖို့လို တယ်ဆိုတဲ့ စကားလေးပါ။
    .
    သူပြောတဲ့ နားထောင်တတ်ဖို့လိုတယ်ဆိုတာ နားထောင်ရုံထောင်နေတာ မျိုးမဟုတ်ဘဲ တဖက် ကပြောတာကို နားလည်တတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ ပြော တာလို့ ထင်ပါသည်။ အန်တီစု က ဆက်ပြောသေးတယ်။ ဒီကလူတွေဟာ သိတ်နား မထောင်တတ်ကြဘူးတဲ့။ ဘာလို့လဲ ဆိုတော့ ပညာရေး စနစ်ကြောင့်တဲ့။ အစတုန်းက တော့ သူပြောတာကို သိတ်နားမလည်ဘူးဗျ။ နားမထောင်တတ်တာနဲ့ ပညာရေးစနစ် နဲ့ ဘာဆိုင်လို့လဲ ပေါ့။
    .
    ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ သူပြောတာ ဟုတ်တယ်ဗျ။ ဆရာ ဆရာမ တွေဟာ ကျတော်တို့ပြောတာတွေကို နားထောင်လေ့မရှိကြဘူး။ သူတို့ပြောတာကို ပဲ ကျတော်တို့က နားထောင် ခဲ့ကြရတာမို့လား။ ဥမမာ ဆိုပါတော့ ဗျာ။ ဘုရင့်နောင်အကြောင်း ကျတော်တို့ သမိုင်းမှာ သင်တယ်။ ဆရာမ က ကျတော်တို့ကို ဘုရင့်နောင်အကြောင်း ရှင်းပြတယ်ပေါ့။ ဒါပေမယ့် ကျတော်တို့ ဘုရင်နောင်ကို ဘယ်လိုမြင်လဲ၊ ဘုရင့်နောင်အကြောင်းကို သင်ရတဲ့ အတွက် ဘယ်လို သင်ခန်းစာတွေရလဲ။ ဒါတွေကို ကျတော်တို့ ပြောခွင့်မရသလို ဆရာ၊ ဆရာမ တွေကလည်း မမေးပါဘူး။ ကြာတော့ ကျတော်တို့ကလည်း ကိုယ့်အမြင်ကို ထုတ်ဖော်ပြော ရကောင်းမှန်းတောင်မသိတော့ဘူး။ ဆရာမ ရှေ့ က အော်ပေးတဲ့ မှတ်စုကိုလိုက်ရေးမယ်။ အိမ်ပြန်ရောက်ရင် အဲဒါကို အလွတ်ကျက်မယ်။ စာမေးပွဲမှာ ပါလာရင် ၏ သည် မလွဲ ပြန်ရေးလိုက်မယ်။ တကယ်လို့များ ၏ နဲ့ သည် နဲ့လွဲသွားရင်တောင် အမှတ်လျှော့တော့မှာပဲ ဆိုပြီးတွေးပူခဲ့ရတာ။ ဒီလို နားမထောင် ကြတဲ့ ပတ်ဝန်းကျင်မှာ အသားကျ လာတဲ့ ကျတော်တို့ဟာ နောင်တစ်ချိန်ကျတော်တို့ ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါမှာလည်း သူများပြောတာကို နားမထောင်တတ်တော့ဘူး။ သူ့ရဲ့အမြင်ဟာ ဘယ်လိုလဲ။ သူနဲ့ကိုယ် နဲ့ ကြားထဲမှာ ဘာနားလည်မှု့လွဲနေလဲ ဆိုတာကို အဖြေရှာရမှန်းမသိတော့ဘူး။
    .

    ကျောင်းမှာ “ကျတော်၏ အကြောင်း” စာစီစာကုံးမှာတောင် ကိုယ့်နာမည်၊ ကိုယ့်မိဘနာမည်ကို ထည့်မရေးရဲလောက်အောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဆရာမ က ရှေ့က ရေးပြတဲ့အတိုင်း ကျတော့်နာမည် မောင်မောင်ဆို တစ်တန်းလုံး မောင်မောင်ပဲ၊ အဖေ နာမည် ဦးဘ ဆို တစ်တန်းလုံး ဦးဘ ပဲ။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။

    ဒီလို နားမထောင်တတ်တာဟာ ဆရာနဲ့ တပည့်တင်မဟုတ်ပါဘူး။ မိဘနဲ့သားသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကျတော်တို့ဆီမှာ သားသမီးက မိဘကို ပြန်ပြောတယ်ဆိုတာ အင်မတန်ရိုင်းတယ်လို့ သတ်မှတ်ထားကြတာမို့လား။ ကျတော်ကတော့ ဒီလိုသတ်မှတ်တာဟာ အခါခပ်သိမ်းမမှန်နိုင်ဘူးလို့ထင်တာပဲ။ မိဘကို ယဉ်ယဉ်ကျေးကျေး နှုတ်လှန်ထိုးတာမျိုး မဟုတ်ပဲ နဲ့ ကိုယ့်ခံစားချက်ကို ကိုယ့်အမြင်ကို ပြန်ပြောတာ ၊ ဖြေရှင်းတာ ဟာ မရိုင်းဘူး၊ ဒါဟာလုပ်သင့်တဲ့အလုပ်လို့ ကျတော်ကတော့ ယူဆတယ်။ လူကြီးတွေအနေနဲ့လည်း ကလေး တွေ ဘာခံစားနေရတာလဲ၊ သူ့ရဲ့အမြင်က ဘယ်လိုလဲ ဆိုတာကို သိအောင် လုပ်သင့်တယ် ဟု ထင်ပါသည်။ ငါပြောတဲ့အတိုင်းလုပ် မလုပ်ရင် ရိုက်လိုက်မယ်ဟဲ့၊ နှက်လိုက်မယ်ဟဲ့ ဆိုတာမျိုးကြီးမလုပ်သင့်ဘူးလို့ထင်တာပဲ။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ “အိုးထိန်းသည်ဟာ သူ့အိုးလေးတွေကို နစ်နာစေလိုတဲ့ စိတ်နဲ့ ရိုက်တာ မဟုတ်ဘူး၊ လှတဲ့၊ ကောင်းတဲ့ အိုးလေးတွေဖြစ်အောင် ရိုက်တာ” ။ ဒါပေမယ့် ခက်တာက သားသမီးတွေက အိုးမှ မဟုတ်တာ။ အိုးက ဘာခံစားချက်မှ မရှိဘူးလေ။ ကလေးတွေက ခံစားချက်ရှိကြတယ်မို့လား။ လုံးဝ မရိုက်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ရိုက်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ။
    .
    နောက်ပြီး အမြဲတမ်း ငါပြောသလိုလုပ် မလုပ်ရင်ရိုက်မယ်၊ အပြစ်ပေးမယ် ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိညဏ်ကို ဖျက်စီးရာရောက်တယ်လို့ထင်ပါတယ်။ reward and punishment ဆိုတဲ့ သဘောကို လက်ခံပါတယ်။ ဒါပေမယ့် reward and punishment မလုပ်ခင်မှာ ကိုယ်လုပ်စေချင်တဲ့ အရာရဲ့ အကောင်းအဆိုးကို အရင် နားလည်အောင် ရှင်းပြရင်မကောင်းဘူးလား။ ဥပမာဗျာ စာမကျက်တဲ့ကလေးကို စာကျက်လာအောင အရင်ဆုံး အကျိုးသင့် အကြောင်းသင့် ရှင်းပြသင့်တယ်လို့ထင်ပါတယ်။ နောက်ပြီး ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်က အရိုက်ခံရမှာ ကြောက်လို့၊ စာမေးပွဲကျ မှာ ဆိုးလို့ ဆိုတဲ့ အသိမျိုးဟာ ငယ်ငယ်တုန်းကဘာမှ မဖြစ်ပေမယ့် အသက်ကြီးလာတာ နဲ့အမျှ ဒီအသိဟာ မှားတယ်ဆိုတာ နားလည်လာဖို့လိုပါတယ်။ ပညာသင်တာဟာ အရိုက်မခံရအောင်လည်း မဟုတ်သလို၊ စာမေးပွဲ မကျအောင်လည်း မဟုတ်ပါဘူး။ ပညာသင်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်က တစ်ယောက်ချင်းစီ ရဲ့ အနာဂတ် ဘ၀ကို ရင်ဆိုင်တဲ့နေရာမှာ လိုအပ်တဲ့ အသိပညာတွေ အတတ်ပညာတွေကို အသုံးချတတ်အောင်သင်ယူတာ ဖြစ်ပါသည်။
    .
    ငါပြောသလိုလုပ်ရမယ်ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အမြင်ကိုလည်း ဖျက်စီးပစ်ရာ ရောက်ပါသေးတယ်။ ကျတော်တို့ ဘယ်လောက် ငါပြောသလိုလုပ် ဆိုတဲ့အယူအဆနဲ့ကျင့်သားရနေသလဲ ဆိုရင် ကျောင်းမှာ “ကျတော်၏ အကြောင်း” စာစီစာကုံးမှာတောင် ကိုယ့်နာမည်၊ ကိုယ့်မိဘနာမည်ကို ထည့်မရေးရဲလောက်အောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဆရာမ က ရှေ့က ရေးပြတဲ့အတိုင်း ကျတော့်နာမည် မောင်မောင်ဆို တစ်တန်းလုံး မောင်မောင်ပဲ၊ အဖေ နာမည် ဦးဘ ဆို တစ်တန်းလုံး ဦးဘ ပဲ။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။ ကလေးတွေဟာ “ကျတော်၏အကြောင်း” စာစီစာကုံးလိုမျိုးမှာ ကိုယ့်အကြောင်းကို ကိုယ် လွတ်လွတ်လပ်လပ်ရေး ခိုင်းသင့်တယ်လို့ထင်ပါတယ်။ ရေးတတ်အောင်လည်း လေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်။
    .
    ဒီအကျင့်ဟာ ကျတော်တို့ အထက်တန်းလို့ပြောတဲ့ ၁၀ တန်း အထိကို မပျောက်ပါဘူး။ ဥပမာ… ကျတော်တို့ ၁၀ တန်းမှာ မိဖုရားဖွားစောနဲ့ သိင်္ဃသူ့သမီး အကြောင်းသင်ရပါတယ်။ ကျတော်တွေ့ဘူးသမျှ စာအုပ်တွေရော၊ ဆရာတွေရောက မိဖုရားဖွားစော ကို မာနကြီးတဲ့ အမျက်စောင်မာန်ကြီးတဲ့ တရားမရှိတဲ့ မိန်းမကြီးလို့ သင်ကြရေးကြပြီး သိင်္ခသူ့သမီးကိုတော့ တရားသိတဲ့ ၊ လိမ္မာတဲ့ မိဖုရားတစ်ပါးလို့ ပြောကြတာပေါ့။ ကျောင်းသားတွေ အကုန်လုံးကလည်း ဒီလိုပဲ လိုက်ရေးကြတာပဲ။ စာအုပ်တွေရေးသလို ဆရာတွေသင်သလို မရေးပဲ မိဖုရားဖွားစောကို ထက်မြတ်တဲ့ မိဖုရားကြီးတစ်ပါးအနေနဲ့၊ သိင်္ဃသူ့သမီးကိုတော့ ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်အနေနဲ့ ဘယ်သူမှ မရေးကြပါဘူး။ တကယ် ဆို ရေးလို့ပြောလို့ရတာပဲ။ မိဖုရား ဖွားစောဆိုတာ သမိုင်းမှာ အထင်ကရ မိဖုရားကြီးဖြစ်ပြီး သိင်္ဃသူ့သမိးဆိုတာ သမိုင်းမှာ သူ့နာမည်တောင် မကျန်ရစ်တော့ဘူးမို့လား။ ကျတော်ပြောချင်တာက သမိုင်းကြောင်းကိုပြောချင်တာ မဟုတ်ပါဘူး။ ကျတော်တို့ ကျောင်းသားတွေရဲ့ ကိုယ့်အမြင်ကို ကိုယ် ထုတ်ဖော် မပြ ရဲတာ ၊ ပြရကောင်းမှန်းမသိတာကိုပြောချင်တာပါ။
    .
    ဒီအကျင့်တွေဟာကိုယ့်နိုင်ငံထဲမှာ တင်နေလို့ ဘာမှ မဖြစ်ပေမယ့် သူများနိုင်ငံရောက်ပြီဆိုတာနဲ့ ဒုက္ခဖြစ်တော့တာပါပဲ။ ဆရာမ ရှေ့ အော်ပေးတဲ့ မှတ်စုကိုပဲ လိုက်ရေးတတ်တဲ့ ကျတော်တို့ဟာ သူများနိုင်ငံမှာလည်း ကျောင်းသွားတက်ရော ဘာရေးလို့ရေးရမှန်းမသိ၊ ဘာကျက်လို့ ကျက်ရမှန်းမသိနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရတော့တာပါပဲ။ သူများနိုင်ငံတွေမှာ ကျောင်းသားတွေရဲ့ အမြင်၊ တွေးခေါ်မျော်မြင်တတ်မှု့ကို အရမ်း အလေးထားပါတယ်။ သူတို့ ပြောပြီးရင် What do you think? ဆိုတဲ့စကားကို အမြဲမေးလေ့ရှိပါတယ်။ ဒီမေးခွန်းဟာ အစပိုင်းမှာတော့ ကျတော်တို့ဗမာ ကျောင်းသားတွေအတွက် အရမ်းကို အဖြေခက်တဲ့ မေးခွန်းပါပဲ။ ကျတော်တို့က မနေ့က ပေးထားတဲ့ မှတ်စုကို အလွတ်ကျက်ပြီး ပြန်တာလောက်ပဲ အကျွမ်းတ၀င်ဖြစ်ခဲ့ကြတာမဟုတ်လား။ နောက်ပြီး ကျောင်းသားတွေ အချင်းချင်း အပြန်အလှန်အမြင်ချင်း ဖလှယ်ရတဲ့ အချိန်လည်း ရှိပါသေးတယ်။ အဲလိုအချိန်မျိုးဆိုရင် ကျတော့်မှာ သေချင်စော်ကို နံ ပါလေရော။ နောက်မှ တဖြည်းဖြည်း အသားကျသွားတာ။
    .
    အခုဆိုရင် ကျတော်တို့နိုင်ငံလည်း ပညာရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲ ရေး လုပ်ဖို့တော့ ပြင်ဆင်နေတာ ပါပဲ။ ပြင်ပါမှလည်း ဖြစ်မည်။ မဟုတ်ရင်တော့ ကျတော်တို့နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဆိုတဲ့စကားနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။