News @ M-Media

Tag: Education

  • ကမ္ဘာပေါ်တွင် ပညာသင်ခွင့်မရရှိသည့် ကလေးအရေအတွက် ၅၈ သန်းရှိနေ

    ကမ္ဘာပေါ်တွင် ပညာသင်ခွင့်မရရှိသည့် ကလေးအရေအတွက် ၅၈ သန်းရှိနေ

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    mdg-02-haiti

    – နိုင်ငံအတွင်းရှိ ကလေးငယ်များအားလုံး ၂၀၁၅ ခုနှစ်တွင် ခြေခံပညာရေး ရရှိရမည်ဆိုသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ပြည့်မီသည့်နိုင်ငံများမှာ ထက်ဝက်ခန့်သာရှိပြီး ကမ္ဘာတစ်ဝှမ်း ကလေးငယ်ပေါင်း ၅၈ သန်းမှာ ပညာသင်ခွင့်မရဟု ကုသမဂ္ဂမှ ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာကို ယူနက်စကိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ၂၀၀၀ ခုနှစ် နိုင်ငံတကာမှ အစိုးရများ သဘောတူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ပြီးဖြစ်ရသည့် ပညာရေးဆိုင်ရာ ရည်မှန်းချက် ၆ ခုကို ဖော်ဆောင်နိုင်သည့် နိုင်ငံမှာ သုံးပုံ ၁ ပုံသာရှိသည်ဟု ဆိုသည်။ ထိုရည်မှန်းချက်များကို ပြည့်မီအောင် မဖော်ဆောင်နိုင်သည့် နိုင်ငံများတွင် နိုင်ဂျာ၊ ချဒ်၊ ပါကစ္စတန်၊ နိုက်ဂျီးရီးယားနှင့် အီသီယိုးပီးယားနိုင်ငံတို့ ပါဝင်သည်။

    သုံးပုံနှစ်ပုံသော နိုင်ငံများမှာမူ စာတတ်မှု ထက်ဝက်လျော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့ပေ။

    “၂၀၀၀-၂၀၁၅ အားလုံးအတွက်ပညာရေး အစီအစဉ်” ကာလ ပြီးဆုံးသွားပြီးနောက် ယနေ့တွင် ကျောင်းတက်နိုင်သူအရေအတွက်မှာ ၁၉၉၉ ခုနှစ်ကထက်စာလျှင် သန်း ၅၀ ပိုလာခဲ့သည်။ လာမည့် ၁၅ နှစ်အတွင်း ပညာရေး ရည်မှန်းချက်အသစ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၂ ဘီလီယံ သုံးစွဲရမည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပညာရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ အာဖဂန်နစ္စတန်၊ နီပေါလ်၊ စီရာလီယွန်နီ၊ ရ၀မ်ဒါ၊ တန်ဇန်းနီးယားနှင့် အိန္ဒိယနိုင်ငံတို့၏ ဆောင်ရွက်မှုများကို အဆိုပါအစီရင်ခံစာတွင် ချီးကျူးထားသည်။

    မကြာသေးမီက စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု ပြဿနာ ပေါ်ပေါ်ခဲ့သော်လည်း နီပေါနိုင်ငံမှာ မူကြိုနှင့် မူလတန်းပညာရေးတွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ပြည့်မီအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် အမျိုးသမီးငယ်များ စာသင်ကျောင်းရောက်ရှိရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

    အာဖဂန်မှာ ပြည်တွင်းစစ်ဖြစ်ပွားခြင်းနှင့် တာလီဘန်တို့ အာဏာရစဉ်အတွင်း အမျိုးသမီးများ ပညာသင်ခွင့်ကို ပိတ်ပင်ခဲ့သောကြောင့် ၂၀၀၀ ခုနှစ်တွင် ပညာရေးနှင့်ပတ်သက်၍ အဆိုးဆုံးတိုင်းပြည်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

    သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် အာဖဂန်မှာ မူလတန်းအဆင့်တွင် မိန်ကလေးများ ပညာသင်ကြားမှုနှုန်းကို ၄ ရာခိုင်နှုန်းမှ ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် အလယ်တန်း ကျောင်းတက်ရောက်မှု နှုန်းမှာလည်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

    အမျိုးသမီးဆရာများ ခန့်ထားခြင်းနှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် အာဖဂန်အစိုးရက စာသင်ကျောင်းများ ဆောက်လုပ်မှုမှာ ထိုအောင်မြင်မှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်ဟု ယူနက်စကိုက ဖော်ပြထားသည်။

    နိုက်ဂျီးရီးယားနိုင်ငံကမူ ပညာမသင်ရသည့် ကလေးငယ်အရေအတွက် အမြင့်ဆုံးဖြစ်ပြီး ချစားခြင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းနှင့် ပဋိပက္ခများကြောင့် ကမ္ဘာ့ပညာရေးစနစ် အဆိုးဝါးဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ခဲ့သည်။

    Ref: Reuters

  • ဆော်ဒီ ဘုရင် အဗ္ဗဒူလာ၏ ပညာရေးအမွေ (သို့) ပညာတော်သင်ဆု အစီအစဉ်

    ဆော်ဒီ ဘုရင် အဗ္ဗဒူလာ၏ ပညာရေးအမွေ (သို့) ပညာတော်သင်ဆု အစီအစဉ်

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်- လေးမောင်
    gg
    – ဗာဂျီးနီးယား ဆင်ခြေဖုံးရှိ ကြေးနီရောင်အုတ်ခဲများနှင့် မှန်တံခါးများ တစ်ဝက်ဖွင့်ထားသော အဆောက်အဦးကြီးက အပြင်ပန်းကြည့်လျှင် ထူးခြားပုံမရဘဲ သာမန်မြင်နေရသည့် အဆောက်အဦးတစ်ခု၏ ပုံစံသာဖြစ်သည်။ ထို့ပြင် နည်းပညာကုမ္ပဏီ တစ်ခု၏ ရုံးချုပ်တစ်ခုနှင့် လည်း ဆင်တူနေသည်။ ထိုအဆောက်အဦး အတွင်းတွင်တော့ ဆော်ဒီတော်လှန်ရေး တစ်ခု ဖြစ်ပွားနေပြီး ဘုရင့်နိုင်ငံ၏ အနာဂတ်ကို ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုရှိမည့် တော်လှန်ရေးမျိုး ဖြစ်လေသည်။

    ထိုအဆောက်အဦးက အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ ယဉ်ကျေးမှုအဖွဲ့၏ ရုံးဖြစ်သည်။ ထိုယဉ်ကျေးမှုအဖွဲ့မှာ အမေရိကန်နိုင်ငံ အတွင်း `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ (KASP) ကို စီမံခန့်ခွဲရသည့် ရုံးဖြစ်သည်။ KASP မှာ အရှေ့အလယ်ပိုင်းသမိုင်းနှင့် ကမ္ဘာ့သမိုင်း လူမှုရေးနှင့် ပညာရေးနယ်ပယ်အတွင်း ရည်မှန်းချက် အကြီးမားဆုံး စွမ်းဆောင်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    ထိုအစီစဉ်အောက်တွင် ဆော်ဒီနိုင်ငံသား ၂ သိန်းခန့်မှာ ကောလိပ်ကျောင်းသား ဘ၀မှ ပါရဂူဘွဲ့ရသည့်အဆင့် အထိတိုင်အောင် ပညာသင်ထောက်ပံ့ကြေး အပြည့်အ၀ဖြင့် ပညာသင်ကြားခွင့်ရနေသည်။ ကျောင်းသားများမှာ တောင်အာဖရိကမှ တောင်ကိုရီးယား၊ အိုင်ယာလန်မှ အီတလီ၊ ယူကေမှ အမေရိကန်စသဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ပညာသင်ယူနေကြခြင်းဖြစ်ပြီး KASP က ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း ပေးအပ်ထားသည်။ ထိုကျောင်းသားများထဲတွင် ၂၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ဘွဲ့ရအဆင့်တွင် အရေအတွက်က ပိုမိုမြင့်တက်လာသည်။ ပညာရေး စူးစမ်းလေ့လာသူများကတော့ `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ မှာ အဆင့်မြင့်ပညာရေးအတွက် ကမ္ဘာ့တစ်ဝှမ်း နိုင်ငံတော်မှထောက်ပံ့သည့် အစီအစဉ်များထဲတွင် အကြီးမားဆုံး အစီအစဉ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    မိမိ၏လုပ်ပိုင်ခွင့်နှင့် ရေနံမှရရှိသော စည်းစိမ်တို့ကိုပေါင်းစပ်၍ ဘုရင် အဗ္ဗဒူလာ တစ်ယောက် ဆော်ဒီရှိ လူငယ်များအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုကို ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါလူငယ်များတွင် အများစုက အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူနေသူများ ဖြစ်သည်။ ထို့ကြောင့် ဆော်ဒီအာရေဗျ ယဉ်ကျေးမှုရုံးချုပ်ကို ဗာဂျီးနီးယား ဆင်ခြေဖုံးဒေသတွင် ဖွင့်လှစ်ခဲ့ပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ကိုင်နေသော ဌာန၊ အမေရိကန်တွင် ကျောင်းတက်နေသော ဆော်ဒီ လူငယ် ၁ သိန်း၏ ပညာရေးကို စီမံခန့်ခွဲသည့် ဌာနအဖြစ် ရှုမြင်ကြသည်။

    ပညာရှင်များဖြင့်စုစည်းထားသည့် အမေရိကန် ပညာတော်သင်အဖွဲ့ Woodrow Wilson International Center မှ အကြီးတန်း ပညာရှင်နှင့် ၀ါရှန်တန်ပို့စ်၏ ဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ဒေးဗစ် အော့တိုဝေးက အဆိုပါ ပညာတော်သင်အစီအစဉ်ကို `၁၉၅၃ ဘုရင်ကြီး အဗ္ဗဒူလ် အဇစ် ကွယ်လွန်ပြီးကတည်းက ဘုရင့်နိုင်ငံကို အုပ်ချုပ်လာခဲ့သည့် ၎င်း၏ သားတော် ၅ ပါးအနက် ဘုရင် အဗ္ဗဒူလာ မှာ လူကြိုက်အများဆုံးနှင့် ပါးနပ်မှုအရှိဆုံးဟု သမိုင်းတွင်သည့် ဘုရင်ဖြစ်လာစေသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ဆော်ဒီ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးတာ၊ စိန်ခေါ်မှုတွေရှိတဲ့ သူ့ရဲ့နိုင်ငံကို ခေတ်မီ တိုးတက်အောင်လုပ်ဖို့ ဆော်ဒီကျောင်းသား ထောင်ပေါင်းများစွာကို အမေရိကန်နဲ့ ဥရောပလွှတ်ပြီး ပညာသင်စေတာတွေ အတွက် သူ(ဘုရင် အဗ္ဗဒူလာ) ကို ဆော်ဒီသမိုင်းမှာ အမှတ်တရ ရှိနေမှာပါ´

    King Abdullah Scholarship Program

    အမေရိကန်တစ်ဝှမ်း
    ———————-
    သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သည့် Scientific Research Journal တွင် ချားလ်စ်တေလာနှင့် ၀က်စ်မီယာ အလ်-ဘက်စ်ရီတို့ ရေးသား ခဲ့သော ဆောင်းပါးတစ်ခုတွင် အမေရိကန်၌ လာရောက်ပညာ သင်ကြားသည့် ကျောင်းသား အရေအတွက်တွင် ဆော်ဒီအာရေဗျမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့နောက် စတုတ္ထအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆော်ဒီကျောင်းသားများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ပြန့်နှံ့နေပြီး ဆင်ခြေဖုံးဒေသရှိ ကျောင်းများတွင်သာမက အမေရိကန်၏ အဓိက တက္ကသိုလ်ကြီးများတွင် ပညာသင်ယူလျက် ရှိနေသည်။ အိုဟိုင်းယိုး၊ အီလီနွိုက်စ်၊ တက္ကဆက်၊ အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ ကန်တာကီ စသည့်ပြည်နယ်များ က ဆော်ဒီကျောင်းသားများ အဓိကစုဝေးရာ နေရာများဖြစ်သည်ဟု တေလာနှင့် ဘက်စ်ရီတို့က ဖော်ပြခဲ့သည်။

    အဆိုပါ ပညာတော်သင်အစီအစဉ်တွင် ဘုရင့်နိုင်ငံက နှစ်စဉ် ကန်ဒေါ်လာ ၂.၄ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားသည်။ ထိုအစီအစဉ်မစတင်ခင်က အမေရိကန်တွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသားဦးရေမှာ ၅၀၀၀ အောက်သာရှိပြီ ယခုအချိန်တွင်တော့ တစ်သိန်းနီးပါး ရှိနေပြီဖြစ်သည်။ အမေရိကန်၏ ပညာရေးသမိုင်းတွင် ကာလအနည်းငယ်အတွင်း မယုံနိုင်ဖွယ် မြင့်တက်မှုလည်းဖြစ်ခဲ့သည်။

    ဘုရင်ကြီး အဗ္ဗဒူလာ ထားခဲ့သည့် အမွေများ၌ အဆိုပါ ပညာတော်သင်အစီအစဉ်က ၎င်း၏ ပြုပြင်ပြောင်းမှုများမှ ရရှိခဲ့သည့် အအောင်မြင်ဆုံး ကိစ္စရပ်များတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ပညာရေးအဆင့်အတန်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန် စွမ်းအား မြှင့်တင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုတို့နှင့် ဆက်နွယ်မှုမှာ ငြင်းစရာမရှိ။ KASP အစီအစဉ်မှ ထွက်ပေါ်လာသော ပညာရေးမျိုးဆက်က ဘုရင့်နိုင်ငံသို့ အမြင်ကျယ်ကျယ်၊ ကျွမ်းကျင်မှုကောင်းကောင်းဖြင့် ပြန်သွားမည်ဖြစ်ပြီး နိုင်ငံ၏ တိုးတက်မှုနောက် တစ်ဆင့် အတွက် လိုအပ်နေသော ပုဂ္ဂလိကဆိုင်ရာဖွံဖြိုး တိုးတက်မှုကို ကူညီထောက်ပံ့နိုင်မည် ဖြစ်လေသည်။ အဆိုပါ အစီအစဉ်မှာ ငွေကြေး ကုန်ကျသည်နှင့်အမျှ နိုင်ငံ၏ ရေရှည် စီးပွားရေးအတွက်လည်း အဓိပ္ပါယ် ရှိမည်ဖြစ်သည်။
    King-abdullah's-scholarship-students-during-the-graduation-ceremony-in-Canada
    မှီခိုအားထားရမှုများခြင်း
    ————————-
    လူမှုသိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သော Journal of Humanities and Social Science မှပညာရေးနှင့်ပတ်သက်သည့် ကျွမ်းကျင် ပညာရှင် အဗ္ဗဒူလ် ရဟ်မာန် အမ် အဘူအမ်မိုဟ်၊ လယ်ရီ အာရ် စမစ်နှင့် အဗ္ဗဒူလ် အဇစ် အမ် ဒူဝေ့စ်တို့မှ ပူးပေါင်းရေးသား ထားသည့် ဆောင်းပါးတစ်ခုတွင် ဆော်ဒီ အာရေဗျအနေဖြင့် လက်ရှိအချိန်၌ နိုင်ငံခြား ကျွမ်းကျင်သူများကို လွန်စွာမှီခိုနေရပြီး စက်ရုံအလုပ်ရုံ ကဏ္ဍ သုသေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အတွက်လည်း နိုင်ငံခြားမှ သုတေသနပြုမှုများကို အားထားနေရသည်ဟု မှန်ကန်စွာ သုံးသပ်ဖော်ပြခဲ့သည်။

    KASP အစီအစဉ်မှ ကျောင်းသားများမှာ အိမ်ပြန်နေကြပြီဖြစ်သောကြောင့် ထိုလစ်ဟာမှုကို ကူညီဖြည့်ဆည်းပေးမည် ဖြစ်သည်။ အဆိုပါ ပညာတော်သင် အစီအစဉ် စတင်ပြီးကတည်းက နိုင်ငံရပ်ခြားတွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသား အရေအတွက်မှာ ၉၀၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထိုပညာရှင်များက ထောက်ပြခဲ့သည်။

    ဆော်ဒီအာရေဗျဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျိမ်းစမစ်က ဆော်ဒီ-အမေရိကန် ဆက်ဆံရေးနှင့် သတင်း အချက်အလက်အဖွဲ့ SUSRIS နှင့် တွေ့ဆုံရာတွင် KASP အစီအစဉ်၏ လူတော်လူကောင်းမြှောက်စားသည့် သဘာဝကို ဖွင့်ဟခဲ့သည်။

    `ဘုရင် အဗ္ဗဒူလာ ပညာတော်သင်အစီအစဉ်ဟာ ထူးခြားတဲ့ သဘာဝရှိတယ်ဆိုတာကို လူတော်တော်များများက နားမလည်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီအစီအစဉ်ဟာ အရည်အချင်းရှိတဲ့သူတွေ မြှောက်စားမှုကို အခြေခံတာဖြစ်ပြီး ဒီအတိုင်းသွားနေလို့ပါပဲ။ ဒါ့ကြောင့် ဒီအစီအစဉ်မှာ အကောင်ကြီးကြီးတွေရဲ့ သားသမီးတွေနဲ့ ပြည့်မနေဘဲ အရည်အချင်း ရှိတဲ့ ကျောင်းသားတွေ နဲ့သာ ပြည့်နေတာပါ။ ပြီးတော့ ကျွန်တော်တို့ ဗီဇာ ထုတ်ပေးတဲ့အခါမှာလည်း ဒီကျောင်းသားတွေဟာ မြို့ပေါ်က လူ့ဘော်ကျော့တွေသာ မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံးက ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေက ကျောင်းမှာ ထူးချွန်ကြသူတွေပါ။ ဒါ့ကြောင့် အရည်အချင်းကို အခြေခံတဲ့ KASP အစီစဉ်မှာ သူတို့ဟာ ပညာသင်ဆု ရကြတာပါပဲ´

    စိန်ခေါ်မှုများရှိနေ
    ——————-
    သို့ရာတွင် ဆော်ဒီပြည်တွင်း ပညာရေး စနစ်တွင်တော့ စိန်ခေါ်မှုများရှိနေသည်ကို စမစ်က ၀န်ခံခဲ့ပြီး အလွယ်ကူဆုံး က ကျောင်းများဆောက်ခြင်းဖြစ်သည် ဟု ထောက်ပြခဲ့သည်။ သို့ရာတွင် စိန်ခေါ်မှုက ကျောင်းများတွင် မည်သူရှိမည်နည်း ဆိုသည်ပင်။ ဆော်ဒီပြည်တွင်း ပညာရေးနှင့် ပတ်သက်၍ ချဲ့ထွင်ခြင်းနှင့် နှစ်မြှုပ်ဆောင်ရွက်ခြင်းက အစကနဦးအဆင့်ပင် ရှိနေသးသည်ဟု ပြောစရာရှိသည်။ လိုအပ်သည့် အခြေခံ အဆောက်ဦးများ ဆောက်လုပ်နေချိန်တွင် သင်ရိုးညွှန်းတမ်း အပါအ၀င် ကမ္ဘာ့အဆင့် ပညာရေး အတွက် လိုအပ်သည့် အရာအားလုံးက ဆက်လက်ပေါ်ပေါက်လာမည် ဖြစ်ပေသည်။

    `သတင်းကောင်းတစ်ခုကတော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ပညာဆည်းပူးနေတဲ့ ဒီကျောင်းသား တော်တော် များများက ဆော်ဒီ တက္ကသိုလ်တွေကို ပါမောက္ခတွေ အဖြစ် ပြန်လည်လာရောက်ဖို့ အစီအစဉ်ရှိကြပါတယ်။ ဒ့ါကြောင့် အလားအလာတွေ ကတော့ အများကြီးပါ။ သူတို့တွေအားလုံး တစ်ဆင့်ပြီးတစ်ဆင့် တက်လာဖို့နဲ့ ကမ္ဘာ့အဆင့် ပညာရေးစနစ်တစ်ခုကို သူတို့ တည်ထောင်ဖို့ဆိုတာ အချိန်နည်းနည်းပဲ ကြာတော့မှာပါ´ ဟု စမစ်က ထည့်သွင်းပြောကြားခဲ့သည်။

    KASP အစီအစဉ်၏ ဆော်ဒီ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအတွက် အကဲဖြတ်ရန် စောလွန်းနေသည်။ ဆော်ဒီသို့ပြန်လာကြသည့် ပညာတတ် လူငယ်များ ပုဂ္ဂလိကလုပ်ငန်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း ကလည်း အရေးကြီးနေသည်။ ယခုအချိန်အထိတော့ ဆော်ဒီလူငယ် မျိုးဆက်တစ်ခုလုံး ထူးခြားသည့် ပညာရေး အခွင့်အလမ်းကို ရရှိခဲ့ပြီးဖြစ်၏။ ကျန်ရှိသည့် ကိစ္စများကတော့ ၎င်းတို့အပေါ်တွင်သာ မူတည်နေပေသည်။

    ref:Alarabiya

  • ဆီးရီးယား ဒုက္ခသည်များ အတွက် တူရကီမှ အလင်းတန်း တစ်ခု (သို့) ပညာရေး အခွင့်အလမ်း

    ဆီးရီးယား ဒုက္ခသည်များ အတွက် တူရကီမှ အလင်းတန်း တစ်ခု (သို့) ပညာရေး အခွင့်အလမ်း

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
    M-Media
    Turkey-University for Syrians
    – တူရကီရှိ ဆီးရီးယား ဒုက္ခသည်စခန်းတွင် အသက် ၁၉ နှစ်အရွယ်ရှိ အိုစာမီ အီဆာတစ်ယောက် အင်ဂျင်နီယာပညာ သင်ကြားခွင့်ရရေး အိပ်မက်မက်နေသည်။ သို့သော်လည်း တူရကီ တက္ကသိုလ်များတွင် ၀င်ခွင့်ရရန်အတွက် လိုအပ်သော ဘာသာစကားအရည်အချင်း စစ်ဆေးမှုကို ကျော်ဖြတ်ရန် အီဆာမှာ တူရကီစကား ကောင်းကောင်းမပြောတတ်။

    ထိုအခက်အခဲက အီဆာတစ်ယောက်ထဲတွင် ကြုံရသည့် အခက်အခဲမဟုတ်။ ပြည်တွင်းစစ်ကြောင့် တူရကီနိုင်ငံတွင် ခိုလှုံနေရသည့် ၁.၆ သန်းသော ဆီးရီးယားပြည်သူ အများစုမှာလည်း တူရကီစကား မပြောတတ်ကြ။ ထိုဘာသာစကားသင်ယူနိုင်သည့် သင်တန်းမျိုးလည်း မရှိဟု ဒုက္ခများနှင့် ပြောင်းရွှေ့အခြေချသူများအတွက် အကျိုးဆောင်ပေးနေသော အန်ကာရာအခြေစိုက် သုတေသနစင်တာမှ အကြီးအကဲ မက်တင် ကိုရာဘာတီရ်က ဆိုသည်။

    `ကျောင်းသားတွေဟာ သူတို့ဆန္ဒရှိတဲ့ ဘာသာစကားနဲ့ သင်ယူနိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တူရကီဘာသာစကားကို သင်ယူနေရပါတယ်။ ကျွန်တော်ကြိုးစားနေပါတယ်´ ဟု တူရကီနိုင်ငံတောင်ဘက် ဂါဇီယန်တပ်မြို့အနီးရှိ နီဇစ်ဒုက္ခသည်စခန်းမှ အီဆာက ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟခဲ့သည်။

    တူရကီရှိ ပညာရေး စွန့်ဦးတီးထွင်သူတစ်ဦးကတော့ ထိုပြဿနာအား ဖြေရှင်းရန် ရည်မှန်းချက်ကြီးမားသည့် အကြံအစည်များကို ကြံစည်နေသည်။ သူက ဆီးရီးယားဒုက္ခသည်များအတွက်  တူရကီတက္ကသိုလ်တစ်ခု တည်ထောင်ပေးနိုင်ရေး ရန်ပုံငွေရှာရန် မျှော်လင့်နေသည်။ ထိုတက္ကသိုလ်တွင် အာရဘီ၊ အင်္ဂလိပ်နှင့် တူရကီဘာသာရပ်များ သင်ကြားနိုင်မည့် အတန်းများ ပါဝင်မည်ဖြစ်သည်။

    `ဒီလူငယ်တွေကို ပညာတတ်တွေဖြစ်အောင် ကျွန်တော်တို့က လုပ်ပေးရမယ်လို့ ယုံကြည်ပါတယ်´ ဟု ဒုက္ခသည်များ ပညာရေးအတွက် စွန့်ဦးတီထွင်သူ အန်ဗာရ် ယူစဲလ်က နယူးယောက်တွင် ပညာရေးနှင့် ပတ်သက်သည့် ဆုတစ်ခု လာယူရင်း ပြုလုပ်ခဲ့သော AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    `ဒီလူငယ်တွေကို ကျွန်တော်တို့ ပညာသင်မပေးနိုင်ဘူးဆိုရင် တူရကီနဲ့ သူတို့ရဲ့ မွေးရပ်နိုင်ငံ နှစ်ခုစလုံး၊ နောက်ပြီး ဒေသ တစ်ခုလုံးအတွက် သူတို့ဟာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်´

    ဂါဇီယန်တပ်မြို့အပါအ၀င် ဆီးရီးယားနှင့် ကပ်နေသည့် တူရကီ နယ်စပ်မြို့များတွင် တက္ကသိုလ်ငယ် များစွာ တည်ထောင်ရန် ယူစဲလ်က စိတ်ကူးထားသည်။ ပထမဆုံး တက္ကသိုလ်တစ်ခုက ဟာတေမြို့တွင် ရှိမည်ဖြစ်ပြီး အစိုးရ၏ ခွင့်ပြုချက် ရရှိပါက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၅၀၀ ကို သင်ကြားပေးရန် ၎င်းက မျှော်လင့်ထား၏။ ထိုတက္ကသိုလ်တွင် ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ပေးရန် ဆီးရီးယားဒုက္ခသည် ၄၀၀ အား ယူစဲလ်က ကမ်းလှမ်းထားသည်။

    ဆီးရီးယား ကျောင်းသားကျောင်းသူများ၏ ကျူရှင်ဖိုး အတွက်ကိုတော့ တူရကီအစိုးရ၊ ဖောင်ဒေးရှင်းများနှင့် တက္ကသိုလ်အား ထောက်ပံ့ပေးလိုကြသည့် ပုဂ္ဂိုလ်များထံမှ မေတ္တာရပ်ခံသွားမည်ဟု ယူစဲလ်က ပြောခဲ့သည်။ ပထမနှစ်အတွက် ကန်ဒေါ်လာ ၅၁ သန်းကုန်ကြမည်ဟု ၎င်းက ခန့်မှန်းထားပြီး တက္ကသိုလ်တွင် ကျောင်းသား ၅၅၀၀ ခန့် ဖြစ်လာဖွယ်ရှိသည့် ပဉ္စမမြောက်နှစ်အတွက် ကုန်ကျငွေမှာ ကန်ဒေါ်လာ သန်း ၂၉၀ ရှိမည်ဟု ယူစဲလ်က ကြိုတင် တွက်ချက်ထား၏။ သူကိုယ်တိုင်က ပထမနှစ်အတွက် ကန်ဒေါ်လာ ၉.၅ သန်း စိုက်ထုတ်သွားမည်ဖြစ်သည်။

    `ကျောင်းသား ၂၀၀၀၀ လောက်အထိ ဖြစ်သွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်´ ဟု ယူစဲလ်က ဆိုသည်။ ထိုအစီအစဉ်မှာ ကြီးမားသည့်အစီအစဉ်တစ်ခု ဖြစ်သော်လည်း ယူစဲလ်ကမူ ထိုလုပ်ငန်းတွင် အောင်မြင်သော မှတ်တမ်းတစ်ခု ရှိနေပြီးဖြစ်၏။ ယူစဲလ်မှာ နယ်နယ်ရရမဟုတ်။ အစ္စတန်ဘူလ်ရှိ ဘာချက်စီယာ တက္ကသိုလ်နှင့် နိုင်ငံတစ်ဝှမ်း တက္ကသိုလ်ပေါင်း ၅၅ ခု တည်ထောင်ကာ ကျောင်းသားပေါင်း ၃၀၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည့် Bahcesehir Educational Group အဖွဲ့ကို ဦးဆောင်နေသူတစ်ဦး ဖြစ်၏။ တူရကီနိုင်ငံတွင်သာမက တိုရွန်တို၊ ၀ါရှင်တန်၊ ဆီလီကွန်တောင်ကြား၊ ဘာလင်၊ ကိုးလုံး၊ ဟောင်ကောင်နှင့် ရောမမြို့များ တွင်ပင် ၎င်းတို့၏ တက္ကသိုလ်ခွဲများ ရှိနေ၏။ မကြာသေးမီကပင် ၀ါရှင်တန်၌ BAU ဟုခေါ်သည့် နိုင်ငံတကာ တက္ကသိုလ်တစ်ခုကို တည်ထောင်ခဲ့သည်။

    `လူတစ်ယောက်ရဲ့ဘ၀ကို ပညာရေးက တစ်ဆင့်သာ ကျွန်တော်တို့ ပြောင်းလဲနိုင်မှာပါ။ ပြီးတော့ အဲဒီ ပညာပြည့်ဝတဲ့ သူတွေဟာ ကမ္ဘာကြီးကို ပြေင်းလဲနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်´ ဟု ယူစဲလ်က ပြောကြားခဲ့သည်။

    ဆီးရီးယားပြည်တွင်းစစ်က ကလေးငယ်များ၏ မျိုးဆက်တစ်ခုကို ပညာသင်ခွင့် ဆုံးရှုံးစေခဲ့သည်။တက္ကသိုလ် တက်ရောက်ခွင့်ရရန် လူငယ်များ၏မျော်လင့်ချက်များ ပျက်ဆီးခြင်းမှာ ဆီးရီးယားပြည်သူများ၏ လူမှုဘ၀တွင် ထိခိုက်မှုအရှိဆုံး ကိစ္စရပ် ဖြစ်သည်။ ဆီးရီးယားလူငယ်အများစုက စာသင်နှစ်များစွာကို လွဲချော်ခဲ့ရပြီး ၎င်းတို့မိသားစု စာဝတ်နေရေး ပြေလည်ရန်အတွက် ကူညီပေးရမည့် ဖိအားများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် ခိုလှုံနေရသော တိုင်းပြည်များတွင်လည်း ၎င်းတို့၏ပညာရေးအတွက် အထောက်အပံ့ပေးမည့်သူများ ရှာမရ။ အဘယ့်ကြောင့်ဆိုသော် ကူညီပေးသူများကလည်း လူငယ်များ၏ ပညာရေးကို နောက်ထားကာ မွေးကင်းစ ကလေးငယ်များနှင့် ရင်ခွင်ပိုက် ကလေးငယ်များအတွက်သာ အာရုံစိုက် လုပ်ဆောင်နေရသည်။

    ဆီးရီးယားဒုက္ခသည်များ တူရကီရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားခွင့်ရရေးဝင်ခွင့်ဖြေဆိုမှုများနှင့် အထက်တန်းပြီးဆုံးကြောင်း သက်သေပြမှုများကို အလွန်အမင်း မခက်ခဲစေရန် တူရကီအစိုးရက တတ်နိုင်သမျှ ဆောင်ရွက်ပေးထားသည်။ သို့သော်လည်း ဘာသာစကား အခက်အခဲက ဆီးရီးယားကျောင်းသားများ အတွက် အဓိကပြဿနာဖြစ်နေသည်။

    `တူရကီတက္ကသိုလ်တွေက ဆီးရီးယားကျောင်းသား အနည်းငယ်ကိုပဲ လက်ခံလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ တူရကီစကား မတတ်ခြင်းကြောင့်ဖြစ်ပြီးလူတော်တော်များများကလည်း တက္ကသိုလ်တက်ဖို့ ငွေမသွင်းနိုင်ကြပါဘူး´ ဟု လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆီးရီးယားမှ ထွက်ခွာလာပြီး နီဇစ်ပ် ဒုက္ခသည်စခန်းတွင် သမိုင်းဘာသာရပ် သင်ကြားပေးနေသော ကျောင်းဆရာ ဘာဆာရ် အလ်-ဆူဗက်ဒ်က ပြောကြားခဲ့သည်။ ထိုစခန်းတွင် ဘာသာစကားအတန်းကို တစ်ပတ်လျှင် ၅ နာရီ သင်ကြားပို့ချပေးသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့သော်လည်း အာရဘီတက္ကသိုလ်များရှိပါက ဆီးရီးယားကျောင်းသားများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးနှင့် ပိုမိုကောင်းမွန်သောဘ၀တို့ကို ရရှိနိုင်သည်ဟု ၎င်းက ဖွင့်ဟခဲ့လေသည်။

    ဆီးရီးယားပြည်သူများမှာ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သော ဂျော်ဒန်၊ လက်ဘနွန်နှင့် အီရတ်နိုင်ငံများတွင် သွားရောက် ခိုလှုံနေကြရသည်။ သို့သော်လည်း တူရကီကဲ့သို့မဟုတ်ဘဲ ထိုနိုင်ငံများတွင် အသုံးပြုသော စကားမှာ အာရဘီစကားဖြစ်နေ၏။

    `ဘာသာစကားအခက်အခဲက အဓိကပြဿနာပါပဲ။ တစ်နေ့ ဒီလူတွေ ဆီးရီးယားကို ပြန်သွားတဲ့အခါမှာ မျိုးဆက်ပျောက် သွားတာမျိုး ဖြစ်လို့မရပါဘူး။ တိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်တဲ့ မျိုးဆက်တစ်ခုတော့ ရှိဖို့ လိုအပ်ပါလိမ့်မယ်´

    အန်ကာရာမှ သုတေသနပညာရှင် ကိုရာဘာတီရ်က ပြောခြင်းဖြစ်သည်။

    အသက် ၁၉ နှစ်အရွယ် အီဆာတစ်ယောက် ထိုမျိုးဆက်ထဲမှတစ်ဦး ဖြစ်ချင်နေ၏။

    `ကျွန်တော် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဆီးရီးယားမှာ စစ်ပွဲပြီးဆုံးသွားရင်အင်ဂျင်နီယာတွေ လိုအပ်လာမှာလေ´

    အနာတစ်ခုကို မျှော်တွေးထားသည့် ဆီးရီးယားလူငယ်တစ်ယောက်၏ အိပ်မက်ပင် ဖြစ်လေသည်။

    Ref : alarabiya
    .လေးမောင် မြန်မာပြန်ဆိုသည်။

  • သင်တန်းသား ၃၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်တဲ့ ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ ၏ နဝမအကြိမ်မြောက် ပညာဒါန သင်တန်းဆင်းပွဲ

    သင်တန်းသား ၃၀၀၀ ကျော်မွေးထုတ်ပြီးဖြစ်တဲ့ ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ ၏ နဝမအကြိမ်မြောက် ပညာဒါန သင်တန်းဆင်းပွဲ

    ဇန်နဝါရီ ၁၇၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ လူမျိုး ဘာသာ မရွေး သင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါန သင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်

    DSC00052

    ရန်ကုန်။      ။ ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ လူမျိုးဘာသာ မရွေးသင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါနသင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း န၀မအကြိမ်မြောက် သင်တန်းဆင်းပွဲတွင် ကျူလီယာ မွတ်စလင်သာသနာ့ ရံပုံငွေအဖွဲ့ မှ စာရင်းစစ်မှူး ဦးလှရွှေကပြောဆိုခဲ့သည်။

    ယင်းမှ ဆက်လက်ပြီး “သင်တန်းကို အတတ်နိုင်ဆုံး ပြည့်စုံအောင် သင်ထောက်ကူ ပစ္စည်းတွေ စုံလင်အောင်လည်း ဖြည့်ဆည်း ပေးထားပါတယ်။ အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုနဲ့ ပညာလိုလားတဲ့ လူငယ်တွေ အတွက် အခွင့်အလမ်းတွေ ရရှိအောင် အခုလိုသင်တန်းတွေကို ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်” ဟု သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ဆက်လက်ပြောဆိုခဲ့သည်။

    ယင်းသင်တန်းကျောင်းတွင် ကွန်ပျူတာ သင်တန်း အခြေခံမှစတင်ကာ လုပ်ငန်းခွင် ဝင်နိုင်သည့် အတတ်ပညာများအထိ သင်ကြားပေးခြင်း၊ ထို့အပြင် စက်ချုပ်သင်တန်းအားလည်း အခြေခံမှစကာ ကိုယ်ပိုင်ဒီဇိုင်းမျာ တီထွင်ပြီး လုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်သူများအဖြစ် ရပ်တည်နိုင်ရန်အတွက်မူ အဆင်မြင့် စက်ချုပ်ပညာများကိုပါ သင်ကြားပို့ချလျှက်ရှိသည်။ ၎င်းသင်တန်းများအပြင် အင်္ဂလိပ်စာ သင်တန်းများကိုလည်း စနစ်တကျ အခြေခံမှစကာ အဆင်မြင့်အတန်းများထိ ပို့ချလျှက်ကြောင်း သိရပါသည်။

    DSC00042

    “ကျွန်တော်အခုဒီသင်တန်းက ဆင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့ ကျွန်တော် ပညာတစ်ခုကို တတ်မြောက်နေပါပြီ။ ဒီမှာဆရာတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးတယ်။ အခုလိုကျွန်တော်တို့ကိုပညာတွေ ဆည်းပူးခွင့်ပေးတဲ့ ဒီအဖွဲ့ကိုလည်း ကျေးဇူးတင်မိပါတယ်” ဟု နဝမအကြိမ်မြောက် သင်တန်းဆင်း ကွန်ပျူတာသင်တန်းမှ ကျောင်းသားတစ်ဦးက ပီတိစကားဆိုခဲ့သည်။

    ထိုသင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းအား ပို့ချသင်ကြားလျှက်ရှိသော ဆရာဦးသန်းအောင်ကလည်း လူငယ်များအနေနှင့် ယနေ့ခေတ်တွင် ပညာရပ်တစ်ခုကို တတ်မြောက်မှ စိန်ခေါ်မှုရှိသည့် လူ့အဖွဲ့အစည်း အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပြီး အခုလိုအထောက်အကူပြုတဲ့ သင်တန်းတွေကိုတက်ရောက်ပြီး လက်တွေ့နယ်ပယ်မှာ ကောင်းမွန်စွာ အသုံးချနိုင်ရင် အလွန်ကောင်းမွန်ကြောင်း ပြောပါသည်။

    ကျူလီယာမွတ်စလင်သာသနာ့ရန်ပုံငွေအဖွဲ့မှ ထိုသင်တန်းများအား သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိပြီး တစ်ကြိမ်တွင် သင်တန်းသူ သင်တန်းသားများ ၃၀၀ နီးပါးတက်ရောက်၍ ပညာများကိုဆည်းပူးလေ့ရှိကြောင်း သိရသည်။

  • နည်းပညာတက္ကသိုလ် ပေါင်းကူးစာမေးပွဲ ကျောင်းသားများ ယုံကြည်မှုနည်း

    နည်းပညာတက္ကသိုလ် ပေါင်းကူးစာမေးပွဲ ကျောင်းသားများ ယုံကြည်မှုနည်း

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    သူရိန်
    10877585_10200197273810771_270441474_n
    နည်းပညာတက္ကသိုလ်များ၏ ပေါင်းကူးစာမေးပွဲများကို လာမည့်နှစ် ဇွန်လကုန်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဒီဇင်ဘာလ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ တဆင့်ကြေညာလိုက်သည်။ ထိုသို့ ပေါင်းကူးနှစ်တွင် နစ်နာခဲ့သော ကျောင်းသားကျောင်းသူများ ပြန်လည် ပညာသင်ခွင့်ရရန် စာမေးပွဲကျင်းပပေးမှုကို အဆိုပါ ကျောင်းသားကျောင်းသူအချို့က အယုံအကြည် ကင်းမဲ့လျက်ရှိကြသည်။ သမာသမတ်ရှိမှု အားနည်းခြင်း ဗဟိုချုပ်ကိုင်မှုများရှိနေသည်ဟု ယူဆခြင်း ပွင့်လင်းမြင်သာမှု အားနည်းခြင်းများကြောင့် ကျောင်းသားများအကြား ယခုကဲ့သို့ သံသယစိတ်များ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းသိရသည်။

    ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ ဘာသာအလိုက် ဖြေဆိုရမည့် scope များအားသင့်လျော်မျှတစွာ သတ်မှတ်ပေးရန်တောင်းဆို ထားကြပြီး အောင်စာရင်းမူဝါဒများကိုလည်းဝင်ခွင့်မဖြေဆိုမှီ အများပြည်သူသိရှိရန် ထုတ်ပြန်ပေးရန် မျှော်မှန်းထားကြသည်။ ဒါ့အပြင် ဝင်ခွင့်အောင်မြင် သူများကို ကျောင်းပြန်လည် တက်ရောက်ခွင့်ပေးရန် အတွက် ရာခိုင်နှုန်းဖြင့် သတ်မှတ် ခေါ်ယူခြင်းမျိုးကိုလည်း ကျောင်းသားများက မလိုလားကြပေ။ ကျောင်းသား အများစုက စာစစ်ဇုန်အလိုက်သာ အဖြေလွှာ စစ်ဆေးခြင်းနှင့် ဝင်ခွင့်အောင်စာရင်း ထုတ်ပြန်ပေးရန် လိုလားလျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်က ဝင်ရောက်စွတ်ဖက်မှုများကို ပပျောက်စေလိုကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်က ထုတ်ပြန်ခဲ့သော နည်းပညာ တက္ကသိုလ်များ၏ အောင်စာရင်း ရလဒ်တွင် အောင်မြင်သူ ကျောင်းသား အများအပြားကို ရာခိုင်နှုန်းဖြင့် ဖြုတ်ချခဲ့ပြီး ကျောင်းသားအများစု နစ်နာခဲ့ရကြောင်းသိရသည်။

    ယခုနှစ် ၂၀၁၄ခုနှစ်တွင်လည်း ပေါင်းကူးစာမေးပွဲများကို ကျင်းပပေးခဲ့ပြီး အချို့သောကျောင်းများတွင် အောင်မြင်သူမရှိ အနေအထားဖြင့် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရကြောင်းသိရှိရသည်။