News @ M-Media

Tag: Education

  • အိပ်မက်ထဲက ကျောင်းကလေး

    အိပ်မက်ထဲက ကျောင်းကလေး

    ဒီဇင်ဘာ ၂၁ ၊ ၂၀၁၅
    M-Media
    .ကျော်မိုးအောင် ရေးသည်။
    photo-wherefore-3
    မာတင်လူသာကင်း၏ “I have a Dream” မိန့်ခွန်း ကမ္ဘာကျော်ခဲ့ပါသည်။ သူ့ကိုအားကျမိခြင်း ဆိုရမည်လားမသိ ကျွန်တော်လည်း အိပ်မက်တစ်ခု အတန်ကြာ မက်နေခဲ့ဖူးသည်။ ကျွန်တော့် စိတ်ကူးယဉ် အိပ်မက်ထဲက ကျောင်းကလေးအကြောင်း ဝေမျှချင်ပါသည်။

    ထိုစိတ်ကူးအိပ်မက်က ထူးဆန်းလှသည်တော့ မဟုတ်။ လွယ်လွယ်ဖွင့်ဆိုရလျင် ငြိမ်းချမ်းသော အမုန်းမရှိသော ချစ်တတ်ကြသော မေတ္တာတရားကိုအခြေခံသော နားလည်ပေးတတ်ကြသော ကျောင်းလေးပင်။
    အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်ရှိ Woodburn School District အမည်ရှိ ကျောင်းလေးသို့ လေ့လာရေးရောက်ခဲ့ဖူးသည်။ ထိုကျောင်းလေး၏ အဝင်ဝတွင်ရေးထားသော စာသားလေးအား မိမိအသက်ရှင်နေသရွေ့ မေ့နိုင်တော့မည်မထင်။ “There is no place for hate at our school.” “အမုန်းတရားအတွက် တို့ကျောင်းမှာ နေရာမရှိ” တဲ့။ ထိုသို့သော အမုန်းမရှိသည့်ကျောင်းများ မြန်မာပြည်အနှံ့ စိတ်ကူးယဉ် မြင်ယောင်မိသည်။

    တကယ်တမ်းတော့ ထိုသို့သောကျောင်းများ မြန်မာပြည်တွင် အမြောက်အမြား ရှိခဲ့ဖူးသည်။ အသစ်အဆန်း မဟုတ်ပါ။

    ဥပမာအနေဖြင့် ဖော်ပြရလျင် မြန်မာနိုင်ငံ ကိုလိုနီဘဝက ဖွင့်ခဲ့သည့် နေရှင်နယ်ကျောင်း ခေါ် အမျိုးသားကျောင်းပင်။ အထူးသဖြင့် မန္တလေးမြို့တွင် ဆရာကြီးဦးရာဇတ် တည်ထောင်အုပ်ချုပ်ခဲ့သော ယခင်က အမျိုးသားအထက်တန်းကျောင်း လက်ရှိ အမှတ် (၂) အထက။ မြန်မာပြည်တွင် ရဟန်းတော်များ ကိုယ်ရင်များ သင်္ကန်းဝတ်ဖြင့် ကျောင်းတက်ခွင့်ပြုခဲ့သော ပထမဆုံးသောကျောင်း။ ဗုဒ္ဓဘာသာဝင် ကျောင်းသားများ မနက်စောစော ဘုရားမရှိခိုးပါက မွတ်စလင်မ်ဆရာကြီးက ကြိမ်လုံးတစ်ချောင်းဖြင့် လိုက်ရိုက်တတ်သောကျောင်း။ မွတ်စလင်မ်ကျောင်းသားများ သောကြာနေ့လည်တွင် ဝတ်ပြုရန် ဗလီသွားခွင့်ပြုသောကျောင်း။ မြန်မာမှု အမျိုးသားရေးစိတ်ဓာတ်အတွက် မြန်မာစာသာမက ပါဠိစာပေပါ သင်ကြားပေးပြီး တစ်ဖက်ကလည်း အင်္ဂလိပ်ဘာသာစကားဖြင့် မပြောမနေရ သတ်မှတ်ကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းစေသောကျောင်း။ မျက်ကန်းမျိုးချစ်မဟုတ်ဘဲ မှန်မှန်ကန်ကန်ဖြင့် တိုင်းပြည်အပေါ် အကျိုးပြုသူများအား မွေးထုတ်ပေးသောကျောင်း။ ထိုကျောင်းမှထွက်သော လူမျိုးကွဲ ဘာသာကွဲ ကျောင်းသားကျောင်းသူများ က ညီရင်းအစ်ကို မောင်ရင်းနှမပမာ ရာသက်ပန် ချစ်ခင်ကြလျက် တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြသည်။ မြန်မာ့အနာဂတ်အတွက် ထိုသို့သောကျောင်းများ မရှိမဖြစ် လိုအပ်နေသည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။

    အများသိကြသည့်အတိုင်း မကြာသေးမိကာလများက မြန်မာပြည်သူပြည်သား မောင်နှမများအကြား မလိုလားအပ်ဘွယ် ပဋိပက္ခများ ဖြစ်ခဲ့ကြရသည်။ အိမ်ကြက်ခြင်း အိုးမည်းသုတ်ခံရသည့်အတွက် နားလည်မှုလွဲမှားကာ အချင်းချင်း အမုန်းပွားကြစရာများ ကြုံခဲ့ကြရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ တိုင်းပြည်တွင်းရှိ မတူကွဲပြားသောသူတို့အချင်းချင်း လက်ချင်းယှက်ကာ အတူရှေ့ဆက်ကြရမည်က မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ မည်သည့်နည်းဖြင့်မျှ အမုန်းဖြင့် ရေရှည် ရှေ့ဆက်နိုင်ကြမည် မဟုတ်။ တစ်ဦးနှင့်တစ်ဦး တစ်သက်လုံး သူစိမ်းပြင်ပြင် ရန်သူသဖွယ် ဆက်ဆံကြဖို့ဆိုသည်ကလည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်။ မတည့်အတူနေကြရန် မဖြစ်သင့်သည့် တိုင်းသူပြည်သားအချင်းချင်း မတူဘဲ တည့်အောင် ထိမ်းကြောင်း ပေးနိုင်သည်က စာသင်ကျောင်းများကပင်။

    မတည့်သည့်အနေအထား ဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းသည် တစ်ယောက်အကြောင်း တစ်ယောက် အမှန်မသိကြဘဲ နားလည်မှု လွဲနေကြခြင်းကြောင့်သာ။ တစ်ဦးအပေါ်တစ်ဦး နားလည်ဖေးမပြီး ယုံကြည်မှု ရှိကြရန် လိုအပ်လှသည်။ ထိုအချက်ကို ဖြည့်ဆည့်ပေးကြရမည်က ကျောင်းများ၏ တာဝန်တစ်ရပ်ပင်။ ကျောင်းများတွင် မတူကွဲပြားကြသူအချင်းချင်း ငယ်စဉ်ကတည်းက လက်ပွန်တတီး ချစ်ချစ်ခင်ခင် နေတတ်သည့်အလေ့အကျင့် ကျောင်းများက ရနိုင်ပါသည်။

    စင်္ကာပူနိုင်ငံ သင်ရိုးစာအုပ်များကို လေ့လာကြည့်မိရင်း အင်မတန် အားကျအတုယူစရာသင်ခန်းစာများ တွေ့မိပါသည်။ မူလတန်းအရွယ် ကလေးများအတွက် လူမှုရေး Social Studies ဖတ်စာပါ အကြောင်းအရာက “ကျွန်တော့်တို့ အိမ်နီးခြင်းကောင်းများ Our Neighbours” ဟူသည့်အကြောင်းအရာ။ ထိုစာစဉ်၏ သင်ခန်းစာများက ကျောင်းသားများအား အခြား ယဉ်ကျေးမှုတို့နှင့် နီးစပ်ခွင့် ပေးခြင်း ဖြစ်သည်။ နည်းစပ်ခွင့်ပေးခြင်း ဆိုသည်ကို နားလည်မှု မလွဲစေရန် အလွန်အရေးကြီးလှသည်။ အခြားဘာသာသို့ ကူးပြောင်းစေရန် သာသနာပြုခြင်းမဟုတ် သူတို့ဘာလုပ်ကြသလဲ အပြန်အလှန် သိစေရန်သာ သွန်သင်ပြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆိုရလျင် အိမ်နီးခြင်းတစ်ဦးက ဟိန္ဒူဘာသာဝင် ဖြစ်ပြီး သူတို့၏ ဒီပါဝလီပွဲတော်သို့ သွားလည်ကြပုံ ဟိန္ဒူမိသားစု၏ ဓလေ့ထုံးစံများကို လေ့လာခွင့် ရပုံ သူတို့ ကျွေးမွေးဧည့်ခံသော အချိုမုန့်များ စားကြလျက် မီးအတူ ထွန်းကြပုံ စသည်တို့ကို ဇာတ်လမ်းသဖွယ် သရုပ်ဖော်ထားသည်။ ထိုနည်းတူစွာပင် ခရစ်ယာန်အိမ်နီးခြင်းတို့၏ ခရစ်စမတ်ပွဲတော်အကြောင်း မွတ်စလင်မ်တို့၏ ရမ္မဇာန် ဥပုသ်လနှင့် ဝါကျွတ် အီးဒ်ပွဲတော်အကြောင်း တရုတ်နှစ်သစ်ကူး အကြောင်း ဇာတ်လမ်းသဖွယ် ပုံဖော်ရင်း မတူညီမှုအလှတရားကို အိမ်နီးခြင်းကောင်းတို့ အဖြစ်  သွန်သင်သွားသည်က ပညာသား ပါလှသည်။ အမုန်းတရား ဖြစ်စေစရာကို အမြစ်မှ တွန်းလှန်ပေးထားသည် ဆိုနိုင်ပါသည်။

    ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုသို့သွန်သင်မည့်ကျောင်းများ မဖြစ်မနေ လိုအပ်နေပါသည်။ ကျောင်းများတွင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ချစ်ခင်ခင် စုပေါင်းနေတတ်ကြပုံကို (implicitly and explicitly) မသိမသာ ကျွဲကူးရေပါ သင်ရုံမျှမက သိသိသာသာလည်း သွန်သင်ပေးသင့်ပါသည်။ တစ်ဦးနှင့်တစ်သီး သူစိမ်းပြင်ပြင် တစ်ယောက်အကြောင်းတစ်ယောက်မသိသည့် အနေအထားဖြင့် ကြီးပြင်းလာကြလျင် ပတ်ဝန်းကျင်က ကြားသိသမျှဖြင့်သာ တစ်ဦးအပေါ်တစ်ဦး အမြင်လွဲမှားကြနိုင်ပါသည်။

    ထို့ကြောင့် ကျွန်တော့် စိတ်ကူးယဉ်အိပ်မက် ကျောင်းကလေးတွင် ငြိမ်းချမ်းမှုကိုလိုလားသော မေတ္တာတရားထွန်းကားစေလိုသော လူမျိုးဘာသာ အသီးသီးမှ အနာဂတ်ခေါင်းဆောင်များအား မေတ္တာတရားအကြောင်း အချစ်အကြောင်း ဟန်ပြမဟုတ်ဘဲ စံပြအဖြစ် သွန်သင်ပေးနေမိပါသည်။ ထိုကျောင်းလေးတွင် ဘာသာစုံ လူမျိုးစုံမှ ကျောင်းသားလေးများ တစ်ယောက်အကြောင်းတစ်ယောက် သိစေရန် ဘာသာစုံ လူမျိုးစုံတို့၏ ပွဲတော်များ ဓလေ့ထုံးတမ်းများကို အားလုံးပါဝင် ပျော်ပျော်ရွှင်ရွှင်ဖြင့် စိတ်ကူးယဉ် ကျင်းပပေးနေမိသည်။ ထိုကျောင်းလေးတွင် မည်သည့်ဘာသာတရားတစ်ခုခု၏ လွှမ်းမိုးမှုမှမရှိ သို့သော် အားလုံးသောသူတို့ ကိုယ့်ဘာသာတရားအတွက်ကိုယ် ဂုဏ်ယူ ပျော်ရွှင်တတ်စေရန် ခွင့်ပြုပေးထားသည်။ ကျောင်းစာကြည့်တိုက်တွင်လည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ၏ ချစ်စရာ့ အလှတရားများကို ဖော်ညွှန်းထားသည့် စာအဆိပ်မသင့်မည့် စာကောင်းပေမွန်များ ထားပေးထားချင်သည် တစ်ချိန်ချိန် ဦးဆောင်သူများ ဖြစ်လာကြသည့်အခါ ချစ်ချစ်ခင်ခင် နားလည်မှုရှိရှိ ရွှေလက်တွဲလျက် တိုင်းပြည်ကို ထူထောင်သူများ ဖြစ်စေရန် မတူညီခြင်းကို ပြသနာအဖြစ် မရှုမြင်ဘဲ မတူကွဲပြားခြင်း၏အားကို အသုံးချတတ်သူများ ဖြစ်စေရန် သွန်သင်ပေးချင်လှပါသည်။ ဘာသာစုံ လူမျိုးစုံမှ ဆရာများကလည်း စံနမူနာလက်တွဲကာ ငြိမ်းချမ်းခြင်း အလှတရားကို ဖော်ဆောင်ပေးနေသည့် စံပြကျောင်းလေးကို စိတ်ကူးယဉ် အကောင်အထည် ဖော်နေမိသည်။

    “There is no place for hate in our school အမုန်းတရားအတွက် တို့ကျောင်းမှာ နေရာမရှိ”ဆိုသည်မှ နောက်တဆင့်တက်ကာ “There is no place for hate in our society အမုန်းတရားအတွက် တို့အသိုင်းအဝိုင်းမှာ နေရာမရှိ” “There is no place for hate in our country အမုန်းတရားအတွက် တို့နိုင်ငံမှာ နေရာမရှိ” “There is no place for hate in our world အမုန်းတရားအတွက် တိုကမ္ဘာမှာ နေရာမရှိ”ဆိုသည့် အဆင့်ဆင့် တက်လှမ်းချင်မိသည်။

    ကလေးများနှင့်နေရသော ကျောင်းဆရာတစ်ဦး၊ ရင်သွေးငယ်ရှိသော ဖခင်တစ်ဦး၏     စိတ်ကူးယဉ် အိပ်မက် ဖြစ်ပါသည်။ ကလေးကလားဆန်သည် ဆိုချင်ဆိုနိုင်ပါသည်။ လက်တွေ့ ဖြစ်လာဖို့ကတော့ “ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါသည်” ဟူ၍သာ။

  • တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

    တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း – ဟိန်းထက်
    1934609_141056316263423_1967768195376760947_n
    ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် Peace Cultivation Network-(PCN) နှင့် ကမာကဆစ်ဆရာတော် ဦးဧသိက တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်း ဖွင့်ပွဲ့အခမ်းအနားကို  ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။

    အခမ်းအနားကို မနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အနောက်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာဒါနသင်တန်းကို ပံ့ပိုးကူညီပေးသည့် “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN)” မှ ဒုဥက္ကဌ ဦးတင်မျိုးဝင်း(ဗိုလ်မှူး ငြိမ်း) က သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် ကိစ္စများကို တင်ပြခဲ့သည်။

    ဒလမြို့အုပ်ချုပ်ရေးမှူးရုံး လူမှုအထောက်အကူပြုဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဆရာများကိုယ်စား ဆရာဦးစိုးအောင်က ပညာဒါနသင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းမှာ အခမဲ့ဖြစ်ပြီး ကျောင်းသားများအား၊ ဗလာစာအုပ်၊ ဘောပင်တို့ အပါအ၀င် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားမည့် စာရွက်စာတမ်းများကိုပါ အခမဲ့ ဝေငှသွားမည်ဖြစ်ကာ၊ မေခွန်းဟောင်း စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ်စီ အခမဲ့ပေးအပ်သွားရန် အစီအစဉ်ရှိနေသည်ဟု သင်တန်းတွင် အင်္ဂလပ်စာသင်ကြားပေးမည့် ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေမှာ ၃၅ ဦးရှိနေသည်ဟု သိရသည်။

    ပညာဒါနသင်တန်း သင်ကြားမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ၁၂ ခွဲအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာဒါနသင်တန်းတွင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆ ဦးရှိပြီး နောက်ထပ် ဆရာများကိုလည်း ထပ်မံ ပေါင်းထည့်သွားမည်ဟု သိရသည်။

    10615419_141055702930151_7031100829342592329_n

    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြားခဲ့ခြင်းဖြစ်ပြီး အောင်ချက်ကောင်းမွန်မှုကြောင့် ဒလမြို့ရှိပြည်သူများ အားထားရာ ပညာဒါန သင်တန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

    လူမျိုးဘာသာမရွေး လက်ခံသင်ကြားပေးသည့် အဆိုပါပညာဒါနသင်တန်းမှာ ချို့တဲ့သူသောပြည်သူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့ပြီး ဖွင့်လှစ်ခဲ့သည့်သက်တမ်း တစ်လျှောက်လုံး ကျောင်းထိုင်ဆရာတော် အပါအ၀င် ကမာကဆစ် အနောက်ကျောင်းတိုက်မှ လိုလေသေးမရှိ ကူညီပေးခဲ့သည်ဟု ဆိုသည်။

    12360295_546123302217507_6060416007306161999_n

  • လူမျိုး/ဘာသာမခွဲခြားတဲ့ ပညာဒါန တက္ကသိုလ်ဝင်တန်း ကျူရှင် ဒလ မှာ ဖွင့်

    လူမျိုး/ဘာသာမခွဲခြားတဲ့ ပညာဒါန တက္ကသိုလ်ဝင်တန်း ကျူရှင် ဒလ မှာ ဖွင့်

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၅
    M-Media
    မိုးစက်

    PCN dala copy
    Image Credit-Jefrey Tin Ohn FB

    ရန်ကုန်။    ။ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားဖို့အတွက် လာမည့်နှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ပညာဒါနသင်တန်းကို ငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ယက် (PCN) မှ ကြီးမှူးပြီး ဒလမြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက်တွင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

    အဆိုပါ အခမဲ့သင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး” မြန်မာနိုင်ငံသားတွေ လူငယ်တွေအနေနဲ့ ပညာတတ်တွေ ပေါများလာမယ်ဆိုရင် တိုင်းပြည်အကျိုးရှိလာမယ်၊ တိုင်းပြည်အနာဂတ် လှပလာမယ်၊ လူငယ်တွေ တွေးခေါ်စဉ်းစား တတ်လာမယ်။ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက်တွေနဲ့ သင်တန်းတွေကို ဖွင့်ပေးတာ ဖြစ်တယ်”  လို့ PCN မှ အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင်က M-Media ကို ပြောပါတယ်။

    ဒလမြို့နယ်တွင် ဖွင့်ရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် အများစုက ပညာသင်ကြားနိုင်ကြသည့်  ကျောင်းသားများ များပြားသည်ဖြစ်ကာ ဆင်ခြေဖုံးနေရာများ၊ လက်လုပ်လက်စား မိသားစုများရှိ ကျောင်းသားများတွင် ပညာသင်ကြားရန်အတွက် အခက်အခဲရှိနေသောကြောင့် ထိုနေရာတွင် အခြေခံလူတန်းစားများ တက်ရောက်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

    တက္ကသိုလ်ဝင်တန်း ဘာသာရပ်များကို ပညာဒါနဖြင့် ဆရာ/ ဆရာမများက သင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း အခကြေးငွေ ပေးစရာ မလိုအပ်ဘဲ တက်ရောက်နိုင်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန်အတွက်လည်း ယင်းသင်တန်းကို ကျောင်းချိန်နှင့် လွတ်ကင်းအောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

    ဦးဆောင်သင်ကြားပေးမယ့် ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများမှာ ပညာရေးလောကမှ ဝါရင့်သင်ကြားရေးအတွေ့အကြုံရင့် သူများဖြစ်ကြပြီး ပရဟိတ ပညာဒါန ပို့ချပေးမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

    ထိုသင်တန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ကျောင်းသား ကျောင်းသူများကိုလည်း အကန့်အသတ်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း  သိရပါတယ်။

    PCN မှ ရှေ့ဆက်လုပ်ငန်းစဉ်များအနေဖြင့်လည်း ထိုကဲ့သို့ အခမဲ့သင်တန်းများကို အခြားနေရာဒေသများတွင်ပါ ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ပညာရေး၊ ကျန်းမာရေး၊ အတွေးအခေါ်တွေ မြှင့်မားဖို့အတွက် Capacity building သင်တန်းများ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း သိရပါတယ်

  • မြန်မာနိုင်ငံမှ ပညာငတ်မွတ်နေသူများ (သို့မဟုတ်) ကလေးလုပ်သား

    မြန်မာနိုင်ငံမှ ပညာငတ်မွတ်နေသူများ (သို့မဟုတ်) ကလေးလုပ်သား

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    myan

    – စားပွဲများအကြား အပြေးအလွှား စားပွဲထိုးနေရပြီး၊ အော်ဒါမှာခြင်း၊ စီးရက်တိုများကို လှဲကျင်းခြင်း စသည့် အလုပ်များကို လုပ်နေရသည့် အသက် ၁၂ နှစ်အရွယ် မြတ်နိုးတစ်ယောက် တစ်နေ့လျှင် လုပ်အားခ တစ်ထောင်ကျော်သာ ရရှိလေသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားကိစ္စနှင့်ပတ်သက်၍ ဆိုးရွားသောမှတ်တမ်းများရှိသည့် နိုင်ငံလည်း ဖြစ်သည်။

    ယခင် အာဏာရှင်အုပ်စိုးသော မြန်မာနိုင်ငံတွင် မြတ်နိုးကဲ့သို့သော ကလေးငယ် သန်းနှင့်ချီသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြပြီး လက်ဖက်ရည်ဆိုင်များမှ စက်ရုံအလုပ်ရုံများအထိ ဖြစ်သည်။ သို့သော်လည်း ထိုအနေအထားနှင့် ဥပဒေများကို ပြောင်းလဲရန် ဖိအားများလည်း ရှိနေသည်။

    နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် နိုင်ငံရေးပါတီများမှာ မဲဆွယ်မှုများ ပြုလုပ်နေကြပြီး ၅ နှစ်အတွင်း နိုင်ငံတကာ စံချိန်စံညွှန်မှီပြီး မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ဆောင်ရွက်ပေးရန် လွှတ်တော်အမတ်များကို တိုက်တွန်းနေလေသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုရွေးကောက်ပွဲတွင် နေရာအတော်များများ အနိုင်ရလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သူမကလည်း ပညာရေးစနစ်မှာ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို လျှော့ချရန် အဓိကအရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသည်။ သို့သော်လည်း ယခုအချိန်အထိတော့ ထိုတောင်းဆိုချက်မှာ အထမမြောက်သေး။

    ရန်ကုန်မြို့၏ လမ်းမများတစ်လျှောက် ကြည့်ရှုလိုက်ပါက တိုင်းပြည်မှာ ရှေ့ဆက်သွားရန် လိုအပ်နေသေးသည်ကို မြင်ရမည်ဖြစ်သည်။ ပလက်စတစ်ထိုင်ခုံများ၊ စားပွဲများ ပြန့်ကျဲနေပြီး များသောအားဖြင့် ဆေးလိပ်သရဲများက မင်းမူထားသော လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် ၀န်ထမ်းအများစုက ကလေးငယ်များဖြစ်ပြီး အသက် ၇ နှစ်အရွယ်လေးများပင် ရှိနေသည်။

    “ကျွန်မ ရွာကနေ မြို့တက်လာတာပါ။ မိဘတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီရမယ်လေ။ သူတို့မှာ ငွေမရှိကြဘူးရှင့်” ဟု မြတ်နိုးက ပြောကြားခဲ့သည်။ ပုဂ္ဂိုလ်ရေး လုံခြုံမှုရှိစေရန်အတွက် သူမ၏ အမည်ကို ပြောင်းလဲဖော်ပြထားခြင်းဖြစ်သည်။ ကလေးလုပ်သားအများစုကဲ့သို့ပင် သူမမှာလည်း မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသား မျိုးနွယ်စုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကတည်းက လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်သည်။

    ကလေးအလုပ်သမားများက တစ်နေ့လျှင် ၁၄ နာရီခန့်ဖြင့် တစ်ပတ်လုံး အလုပ်လုပ်ရသည်။ အိပ်စက်ရာတွင်လည်း အခြားသောကလေးများနှင့်အတူ အခန်းတစ်ခုထဲတွင် အိမ်ရသလို၊ နေ့ခင်းပိုင်း ၎င်းတို့ စားပွဲထိုးရသည့် ပလက်စတစ်စားပွဲများပေါ်တွင် အိပ်ကြရသည်များလည်း ရှိလေသည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ မြတ်နိုးမှာ မြန်မာနိုင်ငံတွင် ကျောင်းမတက်ရသည့် ၄.၄ သန်းသော ကလေးငယ်များထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။

    မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားများအတွက် အဆိုးဝါးဆုံးနေရာအဖြစ် ဘေးအန္တရာယ် စူးစမ်းလေ့လာရေးအဖွဲ့ Verish Maplecroft မှ သတ်မှတ်သော စာရင်းတွင် အဆင့် ၇ နေရာ၌ ရှိနေကာ အိန္ဒိယနှင့် လိုက်ဘေးရီးယားတို့၏ အထက်တွင် ရှိနေသည်။

    ရှုပ်ထွေးသည့် အလုပ်သမားဥပဒေကလည်း ကလေးအလုပ်သမားများကို ပိတ်ပင်မထားဟု ရန်ကုန်ရှိ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO မှ အမျိုးသမီး ပီယမဲလ် ပီချိုင်ဝွန်က ပြေကြားခဲ့သည်။

    “အလုပ်စလုပ်နိုင်မယ့် အသက်အရွယ်အပိုင်းအခြားကို ဥပဒေမှာ တိတိကျကျ ဖော်မပြထားပါဘူး။ ပြီးတော့ အဲဒီဥပဒေတွကိုလည်း ကျင့်သုံးမှုမရှိပါဘူ”

    ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ILO ၏ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုသဘောတူညီချက်၌ ကလေးအလုပ်သမား၊ စစ်တပ်နှင့် လိင်လုပ်ငန်းအပါအ၀င် အတင်းအဓမ္မခိုင်းစေမှုတို့ကို တရားမ၀င်အဖြစ် ဖော်ပြထားသည်။ မြန်မာအစိုးရကမူ မိမိတို့အနေဖြင့် ထိုအခြေအနေကို ဖြေရှင်းချင်သော်လည်း ကလေးအလုပ်သမားများမှာ ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

    အလုပ်လုပ်နေသော ကလေးငယ်များ ပညာရေး ရရှိရန်အတွက် အဖွဲ့အစည်းအများအပြားမှာ ၎င်းတို့၏ အလုပ်သို့ သွားရောက်၍ အခမဲ့ စာသင်ကြားမှုများကို ပြုလုပ်ပေးနေသည်။

    စာပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် နိုင်လင်းအောင်မှာ လွန်ခဲ့သည့် ၆ လမှစ၍ တစ်ပတ်လျှင် ၃ ည ထိုအတန်းကို တက်ရောက်နေသည်။

    “အနာဂတ်မှာ ကျွန်တော် ဘာဖြစ်မလဲဆိုတာ မသိပါဘူး။ ဒါ့ကြောင့် အင်္ဂလိပ်စာ နည်းနည်းတတ်ချင်တယ်။ ကွန်ပျူတာလည်း နည်းနည်းလောက် သုံးတတ်ချင်တယ်။ ဖျားတဲ့နာတဲ့အချိန် အသုံးဝင်ဖို့အတွက် ဆေးဘက်ဆိုင်ရာ ဗဟုသုတလည်း ကျွန်တော် ရချင်ပါတယ်” ဟု အိပ်ရေးပျက်၍ နီရဲနေသော မျက်လုံးဖြင့် နိုင်လင်းအောင်က ပြောကြားခဲ့သည်။

    မြန်မာရွေ့လျား ပညာရေးစီမံကိန်း (myME) မှာ ရန်ကုန်နှင့် မန္တလေးမြို့များရှိ လက်ဖက်ရည်ဆိုင်များမှ ကလေးငယ် ၆၀၀ ခန့်ကို ဆိုင်ပိတ်သည့်အချိန်များတွင် ပညာသင်ကြားပေးလျက် ရှိနေသည်။ ၂၄ နာရီပတ်လုံး အလုပ်လုပ်နေရသည့် ထိုကလေးငယ်များအတွက် မီနီဘတ်စ်ကားလေးတွင် စာသင်ခန်းလုပ်ကာ ထိုအဖွဲ့က သင်ကြားပေးနေခြင်းဖြစ်သည်။

    myME ကို တည်ထောင်ခဲ့သူ ဦးတင်အေးဟာဒီက မြန်မာနိုင်ငံရှိ မျိုးဆက်များမှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းခံနေရသည်ဟု ပြောကြားခဲ့သည်။

    “သူတို့လေးတွေအတွက် ဘယ်လိုအလုပ်အကိုင်မျိုး ရနိုင်စရာရှိသလဲ။ သူတို့နဲ့ တိုင်းပြည်အတွက် ဘယ်လိုအနာဂတ်မျိုး ရှိနေသလဲ” ဟူ၏။

    Ref: The Straits Times

  • အရှေ့အလယ်ပိုင်းတွင် ပညာမသင်ရသည့် ကလေး ၁၃ သန်းကျော်ရှိနေ

    အရှေ့အလယ်ပိုင်းတွင် ပညာမသင်ရသည့် ကလေး ၁၃ သန်းကျော်ရှိနေ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    school

    – ပဋိပက္ခများကြောင့် အရှေ့အလယ်ပိုင်းတွင် ကျောင်းမနေရသည့် ကလေးငယ်အရေအတွက်မှာ ၁၃ သန်းခန့် ရှိနေသည်ဟု ကုလက ပြောကြားလိုက်ပြီး ၎င်းတို့ စာသင်ခန်းအတွင်းသို့ ပြန်မရောက်ပါက မျိုးဆက်တစ်ခု၏ မျှော်လင့်ချက်များမှာ ထိခိုက်ပျက်ဆီးသွားလိမ့်မည်ဟု သတိပေး ပြောကြားလိုက်သည်။

    အရှေ့အလယ်ပိုင်းနိုင်ငံ ၆ နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပညာရေးအပေါ် ထိခိုက်မှုနှင့်ပက်သတ်၍ ယူနီဆက်ဖ်က ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်တွင် ဒေသအတွင်း စာသင်ကျောင်းပေါင်း ၈၈၅၀ ကျော်မှာ တိုက်ခိုက်မှုများကြောင့် လုံးဝ သုံးမရတော့ဟု ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာ၌ ကျောင်းသားများနှင့် ဆရာများမှာ တိုက်ရိုက်ပစ်မှတ်ထားခံရမှု၊ ကျောင်းခန်းများကို ဗုံးခိုရာနေရာများအဖြစ် အသုံးပြုနေရမှု၊ ကျောင်းသားများမှာ ၎င်းတို့၏ စာမေးပွဲအတွက် ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကျော်သွားလာနေရမှုတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။

    “ဒေသတစ်ဝှမ်းလုံးမှာ ပဋိပက္ခရဲ့ဆိုးကျိုးတွေကို ကလေးတွေက ခံစားနေရပါတယ်။ ကျောင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာအရ ပျက်ဆီးရုံတင်မကပါဘူး။ ကျောင်းနေအရွယ်မျိုးဆက်ဟာ မျှော်လင့်ချက်ပျက်သုဉ်းနေတယ်လို့ ခံစားနေရပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေဟာ ပျက်သုဉ်းသွားပြီလို့လည်း ရှုမြင်နေကြပါတယ်” ဟု ယူနီဆက်ဖ်၏ အရှေ့အလယ်ပိုင်းနှင့်
    မြောက်အာဖရိကရေးရာ ဒါရိုက်တာဖြစ်သူ ပီတာ ဆလာမာက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်နှစ်တည်းတွင်ပင် ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ပါလက်စတိုင်းပိုင်နက်များ၊ ဆူဒန်နှင့် ယီမင်တို့တွင် စာသင်ကျောင်းပေါင်း ၂၁၄ ကျောင်း တိုက်ခိုက်ခံခဲ့ရသည်ဟု ကုလက စာရင်းပြုစုထားသည်။

    ၄ နှစ်ခွဲကြာ ပဋိပက္ခများဖြစ်ပွားနေသည့် ဆီးရီးယားတွင်မူ ပညာရေးမှာ အလွန်အမင်း ထိခိုက်နေသည်ဟု ကုလကဆိုသည်။ ကျောင်းလေးကျောင်းတွင် တစ်ကျောင်းမှာ ပိတ်ပစ်ထားရပြီး ကလေးငယ် ၂ သန်းခန့်မှာ ကျောင်းမတက်နိုင်ကြဘဲ၊ သန်းဝက်ခန့်မှာလည်း ကျောင်းပညာရေးဆုံးရှုံးရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

    ထို့ပြင် ဆီးရီးယားတွင် ဆရာ၊ ဆရာမပေါင်း ၅၂၀၀၀ ခန့်မှာလည်း အလုပ်ထွက်သွားကြပြီး၊ ကျွမ်းကျင်သူများ ရှားပါးခြင်းနှင့်အတူ တိုင်းပြည်၏ ပျက်ယွင်းနေသာ ပညာရေးစန်ကို ပိုမို ထိခိုက်စေခဲ့သည်။

    “တစ်ခြားတိုင်းပြည်တွေမှာ ဒုက္ခသည်အဖြစ်နဲ့ ဘ၀အဆုံးသတ်သွားတဲ့ ဆီးရီးယားကျောင်းဆရာတွေတောင်မှ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒါတွေက သူတို့ အလုပ်လုပ်ခြင်းကနေ တားဆီးနေပါတယ်” ဟု ယူနီဆက်ဖ်၏ အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

    Ref: Aljazeera