News @ M-Media

Tag: Egypt

  • အာဏာရှင်ဟောင်းအမှုကိုင်တွယ်သည့် တရားသူကြီး အသတ်ခံရမှု လူ ၃၀ ကျော်ကို အီဂျစ်က သေဒဏ်ချ

    အာဏာရှင်ဟောင်းအမှုကိုင်တွယ်သည့် တရားသူကြီး အသတ်ခံရမှု လူ ၃၀ ကျော်ကို အီဂျစ်က သေဒဏ်ချ

    ဇွန် ၁၇၊ ၂၀၁၇
    M-Media

    – အာဏာရှင်ဟောင်း မူဘာရက် တရားသေလွတ်မြောက်သွားသည့် အမှုကို ကိုင်တွယ်သည့် တရားသူကြီးအား သတ်ဖြတ်မှုနှင့် ပတ်သက်၍ လူ ၃၁ ဦးကို အီဂျစ်က ယနေ့တွင် သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    တရားသူကြီး ဟီရှမ် ဘရကသ်မှာ ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ကိုင်ရိုရှိ ၎င်း၏ အိမ်အနီးတွင် ကားဗုံးခွဲ လုပ်ကြံခံရခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိပေ။

    ယနေ့ အမိန့်ချမှတ်မှုအတွင်း တရားသူကြီး ဟာဆန် ဖာရစ်က အဆိုပါ သတ်ဖြတ်မှုမှာ စက်ဆုပ်စရာကောင်းပြီး သရဲဘောကြောင်သည့် ပူးပေါင်းကြံစည်မှုဟု ပြောကြားခဲ့သည်။

    “ရမ်ဇာန်မှာ ဥပုသ်စောင့်နေတဲ့ လူတစ်ယောက်ရဲ့သွေးကို သူတို့ မြေကျအောင်လုပ်တယ်။ ယုံကြည်သူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တဲ့ ဘယ်သူမဆို အဲဒီအတွက်အပြစ်ဒဏ်က ငရဲပါပဲ” ဟု ဖာရစ်က ဆိုသည်။

    တိုင်းပြည်၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ချပြီး သိပ်မကြာခင် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဘရကသ်ကို ကြားဖြတ်သမ္မတ အဒ်လီ မန်ဆူရ်က တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး အာဏာရှင်ဟောင်း ဟိုစနီမူဘာရက်၏ အမူအား ကိုင်တွယ်စေခဲ့သည်။

    ဘရကသ် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ လူ ၆၇ ဦးကို တရားစွဲဆိုထားပြီး ယခု သေဒဏ်ချမှတ်သည့် ၃၁ ဦး၏ အမှုကို အီဂျစ်နိုင်ငံ၏ တရားရေး ထုံးတမ်းစဉ်လာအတိုင်း တိုင်းပြည်၏ ထိပ်တန်း ဘာသာရေး အာဏာပိုင်ထံ တင်ပြထားကာ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြန်လည်ကြားနာမည်ဖြစ်သည်။

    မော်စီအား စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ၎င်း၏ မွတ်စလင်ညီအစ်ကိုတော်များပါတီမှ အဖွဲ့ဝင်များကို အီဂျစ်အစိုးရက အလွန်ပြင်းထန်သည့် အပြစ်ဒဏ်များကို ချမှတ်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty international က အစုလိုက်အပြုံလိုက် သေဒဏ်ချမှတ်မှုများအတွက် အီဂျစ်အစိုးရကို ဝေဖန်ထားသည်။

    Ref : Aljazeera

     

  • အီဂျစ်တွင် မံမီရုပ်အလောင်းများ ထပ်တွေ့

    အီဂျစ်တွင် မံမီရုပ်အလောင်းများ ထပ်တွေ့

    မေ ၁၄၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံတွင် ပုံမပျက်သည့် မံမီရုပ်အလောင်း ၁၇ ခု ပါဝင်သော ရှေးဟောင်း သင်္ချီုင်းတစ်ခုကို တူးဖော်နိုင်ခဲ့သည်ဟု သိရသည်။

    မြို့တော်ကိုင်ရို တောင်ဘက် ကီလိုမီတာ ၂၅၀ အကွာရှိ မင်ယာမြို့ မြေအောက် ၈ မီတာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ထုံးကျောက်နှင့် ရွှံ့များဖြင့် ပြုလုပ်ကာ အနုပညာလက်ရာများဖြင့် ချယ်သထားသော အခေါင်း၊ တိရစ္ဆာန်အခေါင်းများ၊ ရှေးဟောင်း ဒီမိုတစ် ဘာသာစကားဖြင့် ရေးသားထားသော ပေရွက်များ ပါဝင်သည်။

    အဆိုပါ နေရာကို ကိုင်ရိုင်တက္ကသိုလ် ကျောင်းသားများက ရေဒါနည်းပညာကို အသုံးပြု၍ ပြီးခဲ့သည့်နှစ်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    မံမီရုပ်အလောင်းများမှာ မည်သည့်အချိန်ကာလက ဖြစ်သည်ဆိုသည်ကို မဖော်ထုတ်နိုင်သေးသော်လည်း ဘီစီ ၃၃၂ ခုနှစ်အတွင် အလက်ဇန်းဒါး သည် ဂရိတ်က သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း ၆၀၀ ကြာမြင့်ခဲ့သည့် ဂရိကို-ရိုမန်ခေတ်ကဖြစ်မည်ဟု ယုံကြည်ရကြောင်း တူးဖော်မှုကို တာဝန်ယူဆောင်ရွက်သည့် ကိုင်ရိုတက္ကသိုလ် ရှေးဟောင်း သုတေသန ဌာနမှ မိုဟာမက် ဟမ်ဇာက ပြောကြားခဲ့သည်။

    တက္ကသိုလ်၏ အီဂျစ်ဗေဒ ပါမောက္ခ ဆာလာဟ် အလ်-ခိုလီကလည်း ထိုနေရာတွင် အမျိုးသမီးများ၊ ကလေးငယ်များ၊ ရင်ခွင်ပိုက်ကလေးများ အပါအ၀င် မံမီရုပ်အလောင်း ၃၂ ခုခန့် ရှိနိုင်မည်ဟု ဆိုသည်။

    ပြီးခဲ့သည့် လများအတွင်း အီဂျစ်၌ ရှေးဟောင်း မံမီရုပ်အလောင်းသစ်များ ဆက်တိုက် တွေ့ရှိထားပြီး ထိုသို့တွေ့ရှိမှုက ရုန်းကန်နေရသည့် ခရီးသွားလာရေးကဏ္ဍအတွက် အကူအညီဖြစ်စေမည်ဟု အီဂျစ် ရှေးဟောင်းပစ္စည်းများဆိုင်ရာ ၀န်ကြီးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အီဂျစ်အနုပညာရှင်တစ်ဦး ၎င်း၏ ကုရ်အာန်လက်ရေးမူကို ဂင်းနစ်မှတ်တမ်းဝင်ရန် မျှော်လင့်

    အီဂျစ်အနုပညာရှင်တစ်ဦး ၎င်း၏ ကုရ်အာန်လက်ရေးမူကို ဂင်းနစ်မှတ်တမ်းဝင်ရန် မျှော်လင့်

    မေ ၄၊ ၂၀၁၇
    M-Media

    မီတာ ၇၀၀ အရှည် စက္ကူလိပ်တွင် စအဒ်ရေးသားထားသည့် ကုရ်အာန်

    – အီဂျစ်နိုင်ငံက အနုပညာသမားတစ်ဦးဖြစ်တဲ့ စအဒ်မိုဟာမက်ဆိုသူဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ၃ နှစ်အတွင်း လက်ရေးနဲ့ ရေးသားချယ်မှုန်းခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုရ်အာန်ကျမ်းစာအုပ်အဖြစ် မှတ်တမ်းဝင်ဖို့လည်း မျှော်လင့်နေပါတယ်။

    ကိုင်ရိုမြို့မြောက်ဖက် ဘဲလ်ကီနာမှာ နေထိုင်တဲ့ စအဒ်ဟာ သူ့အိမ်ရဲ့ နံရံတွေနဲ့ မျက်နှာကျက်တွေမှာလည်း ကုရ်အာန်ကျမ်းက ပါဒတော်တွေကို စာပန်းချီ ချယ်မှုန်း အလှဆင်ထားပြီး၊ အခုတစ်ကြိမ်မှာတော့ မီတာ ၇၀၀ ရှည်တဲ့ စာရွက်လိပ်မှာ ကုရ်အန်တစ်အုပ်လုံးကို လက်ရေးနဲ့ ရေးသားခဲ့တာပါ။

    စာလုံးတိုင်းကို အနုစိတ်ကအစ အလှပဆုံး ချယ်မှုန်းထားတာဖြစ်ပြီး ဒီစာရွက်လိပ်ကြီးကို သစ်သားသေတ္တာထဲမှာ ရိုလာနဲ့ အလွယ်တကူ ဖတ်ရှုနိုင်အောင်လည်း သူက စီစဉ်ထားပါတယ်။

    “ဒီကုရ်အာန်ဟာ မီတာ ၇၀၀ ရှည်လျားပြီး၊ ဒါဟာ တ်ာတော်များတဲ့ စက္ကူပမာဏပါ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒီလုပ်ငန်းအတွက် ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ခဲ့တာပါ။ ကျွန်တော်ဟာ သာမန်လူတန်းစားဖြစ်ပြီး ဘယ်လိုထာက်ပံ့မှုမျိုးမှ မရှိပါဘူး” လို့ စအဒ်က Reuters Television ကို ပြောကြားခဲ့ပါတယ်။

    စအဒ်က သူ့ရဲ့ ဒီ ကုရ်အာန်ကျမ်းတော်မြတ်ကို ဂင်းနစ်မှတ်တမ်းဝင်ဖို့ အလိုရှိနေပါတယ်။

    ဂင်းနစ်မှတ်တမ်းစာအုပ် တာဝန်ရှိသူတွေကတော့ သူတို့ရဲ့မှတ်တမ်းမှာ ကမ္ဘာ့အကြီးဆုံး ပုံနှိပ်ကုရ်အာန်စာအုပ်သာရှိနေပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ မှတ်တမ်းတော့ မရှိဘူးလို့ ဆိုပါတယ်။

    ဒီလို ဂင်းနစ်မှတ်တမ်းဝင်နိုင်ဖို့ ကုန်ကျမယ့် ငွေကြေးအတွက် အစိုးရ၊ ဒါမှမဟုတ် အခြားသော စိတ်ဝင်စားသူတွေက ကူညီဖို့ စအဒ်က မျှော်လင့်နေပါတယ်။

    Ref: middle east eye

    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
  • ဘုရားသခင်အမည်ဖြင့် အကြမ်းဖက်မှုကို လက်မခံရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဘုရားသခင်အမည်ဖြင့် အကြမ်းဖက်မှုကို လက်မခံရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ဘုရားသခင်၏ အမည်နာမဖြင့် အကြမ်းဖက်မှုများ ပြုလုပ်နေခြင်းကို ဆန့်ကျင်ရန်၊ သည်းခံခွင့်လွှတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ဟောကြားရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပြီး ဘာသာတရားများအားလုံး စည်းလုံးညီညွတ်ကြရန်လည်း တိုက်တွန်းခဲ့သည်။

    အီဂျစ်နိုင်ငံသို့ ၂ ရက်တာ အလည်အပတ်ရောက်ရှိခဲ့သည့် ပုပ်ရဟန်းမင်းကြီးမှာ အစ္စလာမ့်ဓမ္မရေးရာ သင်ကြားပို့ချမှုတွင် နှစ်ပေါင်းထောင်ချီ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အလ်-အဇ်ဟာရ် တက္ကသိုလ် ငြိမ်းချမ်းရေးညီလာခံ မိန့်ခွန်း၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ပုပ်ရဟန်းမင်းကြီးကို အလ်-အဇ်ဟာရ် တက္ကသိုလ်မှ အီမာမ်ကြီး ရှိခ် အဟ်မဒ် အလ် တိုင်ယစ်ဘ်၊ အခြားသော မွတ်စလင်နှင့် ခရစ်ယာန်ခေါင်ဆောင်များက ကြိုဆိုခဲ့ကြသည်။

    “ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ အရေးကြီးတဲ့အရာအဖြစ် ဟန်ဆောင်ဖုံးကွယ်ထားတဲ့ အကြမ်းဖက်ဝါဒရဲ့ မျက်နှာဖုံးကို ခွာချဖို့ တောင်းဆိုပါတယ်။ ဘာသာတရားရဲ့နာမည်၊ ဘုရားသခင်ရဲ့ နာမည်နဲ့ လုပ်နေကြတဲ့ အကြမ်းဖက်မှု၊ လက်စားချေမှုနဲ့ အမုန်းတရား ပုံစံအားလုံးကို ခိုင်ခိုင်မာမာနဲ့ ရှင်းရှင်းလင်းလင်း ‘နိုး’ လို့ ထပ်ပြောကြပါစို့။ ဆင်းရဲမွဲတေမှုနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု အဆုံးသတ်ရေးကို ပူးပေါင်းဆောင်ရွက်ရင်း ငြိမ်းချမ်းရေးသမားတွေ၊ အကြမ်းဖက်မှုကို ရှောင်ရှားသူတွေ ဖြစ်ကြပါစို့” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် အမုန်းတရားကို ဆွပေးသူများ၏ ရက်စက်ကြမ်းကြုတ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်ရန်အတွက် လူငယ်များကို ရင့်ကျက်သည့်လမ်းကြောင်းပေါ်သို့ ပို့ပေးရန်၊ ကောင်းမွန်မှု တိုးတက်ဖြစ်ထွန်းရေးအတွက် စိတ်ရှည်သည်းခံစွာ ဆောင်ရွက်ခြင်းအားဖြင့် သွေးဆူအောင် လှုံ့ဆောင်ခြင်း သဘောတရားကို တုန့်ပြန်ရေး သင်ကြားပေးရန်လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။

    အလ်-အဇ်ဟာ တက္ကသိုလ်မှ အီမာမ်ကြီး အလ် တိုင်ယစ်ဘ်က အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘာသာဝင်များထဲမှာ လူတစ်စုက သွေးမြေကျစေရန်အတွက် ကျမ်းချက်အချို့ ကို အပိုင်စီးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဘာသာရေးကျမ်းစာများကို မှားယွင်းဘာသာပြန်ဆိုမှုအား ရှောင်ရှားရန်မှာ ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ကနဦးခြေလှမ်းဖြစ်ပြီး အကြမ်းဖက်မှုက အကြမ်းဖက်မှုကိုသာ ဦးတည်စေကြောင်း၊ အမုန်းတရားက အမုန်းတရားကိုသာ ဆောင်ကျဉ်းလာကြောင်း၊ ဘာသာပေါင်းစုံ ညီညွတ်ရေးကို အမြဲတမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Khaleejtimes

  • အီဂျစ်တွင် နှစ်ပေါင်း ၃၀၀၀ ကျော်သက်တမ်းရှိ မံမီရုပ်လောင်း ၈ ခု တွေ့ရှိ

    အီဂျစ်တွင် နှစ်ပေါင်း ၃၀၀၀ ကျော်သက်တမ်းရှိ မံမီရုပ်လောင်း ၈ ခု တွေ့ရှိ

    ဧပြီ ၁၉၊ ၂၀၁၇
    M-Media

    – အီဂျစ်တာဝန်ရှိသူတွေဟာ နှစ်ပေါင်း ၃၅၀၀ လောက် သက်တမ်းရှိတဲ့ ဂူတွေကနေ မံမီရုပ်အလောင်း ၈ ခု၊ ရောင်စုံ ကျောက်ထွင်းအခေါင်း ၁၀ ခုနဲ့ လူရုပ်အသေးပေါင်းများစွာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီဂျစ်ရှေးဟောင်း ပစ္စည်းများဆိုင်ရာ ၀န်ကြီးဌာနက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်း လူဇော်ရ်ဒေသက ဒရား အဘူလ် နာဂါလို့ခေါ်တဲ့ ရှေးဟောင်း သုဿာန်အဟောင်းမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အင်္ဂလိပ်အက္ခရာ T ပုံသဏ္ဍာန် အဓိကအုတ်ဂူက ယူဆာဟတ်လို့ခ်ါတဲ့ မြို့တရားသူကြီး တစ်ဦးရဲ့ဂူ ဖြစ်ကာ New Kingdom ခေတ်ကာလက ဂုဏ်သရေရှိသူတွေကို မြှုပ်နှံတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တူးဖော်မှုမှာ အပျက်အဆီး ၄၅၀ ကျူဗစ်မီတာလောက်ကို ဖယ်ရှားပြီးတဲ့နောက်ပိုင်း အဓိကအုတ်ဂူနဲ့ အခြား ဆက်စပ်နေတဲ့ ဂူနှစ်ခုရဲ့ ၀င်ပေါက်ကို တွေ့ရှိခဲ့တာပါ။

    အဓိကဂူမှာရှိတဲ့ အတွင်းခန်းမှာတော့ ၂၁ ဆက်မြောက် မင်းဆက်လက်ထက်က ကျောက်ထွင်းအခေါင်းတွေ၊ လီနင်စနဲ့ ပတ်ထားတဲ့ မံမီရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ၀န်ကြီးဌာနကတော့ ကျောက်ထွင်းအခေါင်းတွေဟာ အကောင်းအတိုင်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

    ဂူတွေမှာတွေ့ရှိခဲ့တဲ့ အလောင်းပုံစံ အရုပ်ကလေးတွေဟာ စဥ့်၊ ရွံ့၊ သစ်သားတွေနဲ့ လုပ်ထားပြီး မြေအိုးတွေလည်း ပါဝင်ပါတယ်။

    အခြားအခန်းတစ်ခုမှာလည်း ဒီလို အလောင်းပုံစံအရုပ်ကလေးတွေ၊ သစ်သားမျက်နှာဖုံးတွေနဲ့ ကျောင်းထွင်းအခေါင်းအဖုံးရဲ့ လက်ကိုင်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

    Ref: CNN