News @ M-Media

Tag: Egypt

  • ကမ္ဘာ့ဖလာခြေစစ်ပွဲအောင်မြင်သည့် လက်ရွေးစင်အသင်းကို အီဂျစ်သမ္မတ ဆုချမည်

    ကမ္ဘာ့ဖလာခြေစစ်ပွဲအောင်မြင်သည့် လက်ရွေးစင်အသင်းကို အီဂျစ်သမ္မတ ဆုချမည်

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အီဂျစ်ဘောလုံးအသင်း၏ အသင်းသားတိုင်းကို တစ်ဦးလျှင် အီဂျစ်ပေါင် ၁.၅ သန်း (ကန် ၈၄၉၀၀ ဒေါ်လာ) ချီးမြှင့်သွားမည်ဟု အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ပြောကြားလိုက်သည်။

    အီဂျစ်အသင်းမှာ ယမန်နေ့က ကွန်ဂိုအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

    အလ်-စီစီက ထိုအောင်မြင်မှုအတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့ပြီး အီဂျစ်ဘောလုံးအသင်းနှင့် ပြည်သူများကိုလည်း ချီးကျူးခဲ့ကာ ယနေ့တွင် ဘောလုံးအသင်းကို တွေ့ဆုံဂုဏ်ပြုရန် ရှိနေသည်။

    “သူရဲကောင်းဆန်ဆန် စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်တဲ့အတွက် လက်ရွေးစင်အသင်းကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ ‘အီဂျစ်တည်တံ့ပါစေ’ ဆိုတဲ့ သူတို့ရဲ့ ဟစ်အော်အားပေးမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒီအောင်မြင်မှုအတွက် အီဂျစ်ပြည်သူတွေကိုလည်း ကျွန်တော် ဂုဏ်ပြုပါတယ်” ဟု အလ်-စီစီက ၎င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ရေးသားခဲ့သည်။

    အီဂျစ်သမ္မတမှာ လက်ရွေးစင်အသင်း ကစားသမား တစ်ဦးစီတိုင်းကို အီဂျစ်ပေါင် ၁.၅ သန်း (ကန် ၈၄၉၀၀) ချီးမြှင့်မည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Alarabiya

     

  • အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်

    အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က မြန်မာသံရုံးမှာ စနေနေ့က အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်သွေးကြွအုပ်စုတစ်ခုဖြစ်တဲ့ Hasm က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်ပေးခြင်းမရှိခဲ့ဘဲ အဲဒီဒေသမှာ နေထိုင်သူတွေနဲ့ ဒေသတွင်းမီဒီယာတွေကတော့ ဒါဟာ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တယ်လို့ စောစောပိုင်းမှာ ပြောကြားခဲ့တာပါ။

    အခင်းဖြစ်ပွားရာနေရာမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း သဲလွန်စတွေ တွေ့ခဲ့ရတယ်လို့ လုံခြုံရေးရင်းမြစ် ၂ ခုက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သွေးကြွ Hasm အဖွဲ့က တနင်္ဂနွေနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဖောက်ခွဲမှုဟာ ‘ရခိုင်ပြည်နယ်က အမျိုးသမီးတွေ၊ ကလေးတွေကို သတ်ဖြတ်မှုတွေအတွက် သံရုံးကို သတိပေးတာဖြစ်ပြီး၊ ဒီအားနည်းတဲ့ သူတွေနဲ့အတူ ရှိနေတယ်’ လို့ ဖော်ပြခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်း ကိုင်ရိုတစ်ဝိုက် တရားသူကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အခုအကြိမ်ဟာ အရပ်သားပစ်မှတ်ကို ပထမဆုံး တိုက်ခိုက်တာဖြစ်ပါတယ်။

    စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေ၊ အပြစ်မဲ့ပြည်သူတွေကို မထိခိုက်ဖို့နဲ့ ထိခိုက်မယ်ဆိုရင် ရပ်တန့်လို့မရတဲ့ အနေအထားမျိုးနဲ့ တုန့်ပြန်သွားမယ်လို့လည်း Hasm က မြန်မာစ်တပ်ကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးကို မေးလို့မရသေးဘူးလို့ Reuters က ဖော်ပြပါတယ်။

    Hasm အဖွဲ့ဟာ ၂၀၁၃ ခုနှစ်က ပိတ်ပင်ခံထားရတဲ့ Muslim Brotherhood ပါတီနဲ့ ဆက်စပ်မှုရှိတယ်လို့ အီဂျစ်အစိုးရက စွပ်စွဲထားပြီး ပါတီကတော့ ငြင်းဆိုထားပါတယ်။

    Ref: Reuters

  • ကမ္ဘာ့အ၀ဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်

    ကမ္ဘာ့အ၀ဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    အိန္ဒိယတွင် ခွဲစိပ်ကုသမှု ခံယူပြီးနောက် တွေ့ရသည့် အေမန်

    – တစ်ချိန်က ကမ္ဘာ့အ၀ဆုံး အမျိုးသမီးဖြစ်ခဲ့သည့် အိဂျစ် အမျိုးသမီး အေမန် အဟ်မဒ်မှာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    အလက်ဇန်ဒရီးယားဇာတိဖြစ်သည့် အသက် ၃၆ နှစ်အရွယ်ရှိ အေမန်မှာ ဖေဖော်ဝါရီလက အိန္ဒိယနိုင်ငံတွင် မွမ်ဘိုင်းမြို့တွင် လာရောက် ခွဲစိပ်ကုသမှု ခံယူခဲ့ပြီး ၅၀၀ ကီလိုဂရမ်ဝန်းကျင်ရှိသည့် သူမ၏ ခန္ဓာကိုယ်မှ ၃၂၄ ကီလိုဂရမ်ကို လျှော့ချနိုင်ခဲ့သည်။

    သို့သော်လည်း အဘူဒါဘီသို့ ပြန်ရောက်ပြီးနောက် ကျန်းမာရေးမကောင်းတော့ဘဲ ပြီးခဲ့သည့်လတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်ဟု ယူအေအီးဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    နှလုံးရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်သည့် ရောဂါများအပါအ၀င် ရောဂါပေါင်းစုံကို ခံစားနေရသည့် အေမန်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီ ၃၅ မိနစ်တွင် ကွယ်သွားခဲ့သည်ဟု အဘူဒါဘီမှ သူအား ကုသနေသည့် Burjeel ဆေးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

    သူမမှာ ရှားပါးသည့် သိုင်းရွိုက်အခြေအနေကြောင့် ကလေးဘ၀ကတည်းက ယခုကဲ့သို့ အ၀လွန်ခဲ့ခြင်းဖြစ်သည်။

    Ref : Times of India

  • ခရစ်ယာန်များအားသတ်မှု၊ IS နှင့်ဆက်နွယ်မှုဖြင့် အီဂျစ်က လူ ၇ ဦးကို သေဒဏ်ချ

    ခရစ်ယာန်များအားသတ်မှု၊ IS နှင့်ဆက်နွယ်မှုဖြင့် အီဂျစ်က လူ ၇ ဦးကို သေဒဏ်ချ

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ကော့ပတစ်ခရစ်ယာန်များကို သတ်ဖြတ်မှုအပါအ၀င် IS နှင့် ဆက်နွယ်မှုများအတွက် လူ ၇ ဦးကို အီဂျစ်က ယနေ့တွင် သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    နိုင်ငံ၏ အစ္စလာမ့်ဓမ္မရေးရာ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သော မွဖ်သီချုပ်က သေဒဏ်ထိုက်သည်ဟု ဓမ္မသတ်ပေးခဲ့ပြီးနောက် တရားရုံးက ယနေ့တွင် အယောက် ၂၀ ပါသော အမှုတွဲမှ ၇ ဦးအတွက် သေဒဏ်အမိန့်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

    ၎င်းတို့အဖွဲ့အား စွဲချက်များတွင် လစ်ဗျားရှိ IS လက်ခွဲအဖွဲ့နှင့် ဆက်နွယ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှု၊ ၂၀၁၅ ခုနှစ် လစ်ဗျားတွင် အီဂျစ်နိုင်ငံသား ကော့ပတစ်ခရစ်ယာန် ၂၁ ဦးအား ခေါင်းဖြတ် သတ်ဖြတ်မှုတို့ ပါဝင်သည်။

    ကျန်ရှိသူများအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ချမှတ်ရန် စီစဉ်ထားပြီး၊ တရားခံများမှာ အယူခံဝင်နိုင်မည်ဖြစ်သည်။

    အီဂျစ်မှာ ဆိုင်းနိုင်းကျွန်းဆွယ်တွင် IS နှင့် ဆက်နွယ်သည့် တိုက်ခိုက်ရေးသမားများကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သည်တစ်ပတ်က ဆိုင်းနိုင်းတွင် IS တိုက်ခိုက်ရေးသမားများက ရဲတပ်ဖွဲ့ကားတန်းကို ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့ပြီး ၇ ဦးသေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ မတည်မငြိမ်ဖြစ်နေသည့် ဆိုင်းနိုင်းတွင် ယခုနှစ်အတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုများမှ တစ်ခုဖြစ်သည်။

    Ref: Aljazeera

  • နိုင်ငံရေးချောက်ချခံရသည့် ထိပ်တန်းအစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးကို အလိုရှိစာရင်းမှ အင်တာပိုလ် ပယ်ဖျက်

    နိုင်ငံရေးချောက်ချခံရသည့် ထိပ်တန်းအစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးကို အလိုရှိစာရင်းမှ အင်တာပိုလ် ပယ်ဖျက်

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – အီဂျစ်အစိုးရက နိုင်ငံရေးအရ လုပ်ကြံတိုင်ကြားမှုများကြောင့် ကမ္ဘာကျော် အစ္စလာမ့်ဓမ္မပညာရှင် ယူစွပ်ဖ် အလ်-ကွာရာဒါဝီကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိစာရင်းမှ ပယ်ဖျက်လိုက်သည်ဟု ယူကေအခြေစိုက် အာရပ် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (AOHR) က ပြောကြားခဲ့သည်။

    အီဂျစ်နိုင်ငံမှာ အလ်-ကွာရာဒါဝီကို အလိုရှိသူစာရင်းထဲ ထည့်သွင်းပေးရန်အတွက် ၂၀၁၄ ခုနှစ်တွင် တောင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအရ ကွာရာဒါဝီအပေါ် ပြုလုပ်ထားသည့် စွပ်စွဲချက်များမှာ အီဂျစ်အာဏာပိုင်များကို မထောက်ခံသည့်အတွက် လုပ်ကြံတိုင်ကြားခြင်းသာဖြစ်ကြောင်း အင်တာပိုလ်က တွေ့ရှိခဲ့ရသည်ဟု AOHR မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အသက် ၉၁ နှစ်အရွယ်ရှိ ကွာရာဒါဝီမှာ နိုင်ငံတကာ အစ္စလာမ့်ဓမ္မပညာရှင်များ အစည်းအရုံး ဥက္ကဌဖြစ်ပြီး လက်ရှိတွင် ကာတာနိုင်ငံ၌ နေထိုင်နေသည်။

    ၂၀၁၃ ခုနှစ် အီဂျစ်စစ်အာဏာသိမ်းမှုပြီးနောက် ဓားပြမှု၊ မီးရှို့မှု၊ လူသတ်မှုတို့ဖြင့် ကွာရာဒါဝီမှာ အလိုရှိစာရင်း အသွင်းခံရခြင်းဖြစ်သည်။

    အင်တာပိုလ်၏ စုံစမ်းစစ်ဆေးမှုတွင် ထိုအဖြစ်အပျက်များ ဖြစ်ပွားစဉ်က ကွာရာဒါဝီမှာ အီဂျစ်တွင် ရှိမနေဘဲ လုပ်ကြံဖန်တီး တိုင်ကြားထားခြင်းသာဖြစ်ကြောင်း၊ ၎င်း၏ အသက်အရွယ်နှင့် ဂုဏ်သိက္ခာအရ ထိုပြစ်မှုများကို ကျူးလွန်မည်ဟု ယုံကြည်လောက်စရာ အနေအထားမရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု AOHR က ဆိုသည်။

    “အလ်-ကွာရာဒါဝီကို အလိုရှိစာရင်းသွင်းတဲ့ကိစ္စရဲ့ နောက်ကွယ်မှာ ယူအေအီးအပါအ၀င် နိုင်ငံတော်တော်များများ ပါဝင်ပါတယ်။ သူ့ရဲ့အမည်ကို အလိုရှိစာရင်းသွင်းလိုက်တာ့ အီမရိတ်မီဒီယာနဲ့ နောက်ပိုင်းမှာ အီဂျစ်မီဒီယာတွေ၊ အီဂျစ်အစိုးရ ဆန့်ကျင်သူတွေကို အပုပ်ချတဲ့သူတွေဟာ ၀မ်းသာအားရဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီအူမြူးတာဟာ ကြာကြာမခံခဲ့ဘဲ အမှန်တရား ပေါ်ထွက်လာပြီး အရာရာတိုင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားပါတယ်” ဟု AOHR ဥက္ကဌ မိုဟာမက် ဂျမီးလ်က ပြောကြားခဲ့သည်။

    Ref: Aljazeera