News @ M-Media
Tag: Egypt
  • ကိုင်ရိုရှိ အစ္စလာမ့်အနုပညာပြတိုက် ပြန်လည် ဖွင့်လှစ်
    ကိုင်ရိုရှိ အစ္စလာမ့်အနုပညာပြတိုက် ပြန်လည် ဖွင့်လှစ်
    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media
    Museum of Islamic Art (MIA) တွင် ပြသထားသည့် ၉ ရာစု အဘ္ဘာစစ်မင်းဆက်လက်ထက်မှ ကုရ်ကျမ်းတော်မြတ် လက်ရေးမူ
    – ၂၀၁၄ ခုနှစ်က ကားဗုံးခွဲမှုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည့် ကိုင်ရိုရှိ ‘အစ္စလာမ့် အနုပညာပြတိုက်’ ကို ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အီဂျစ်သမ္မ အလ် စီစီနှင့် အခြားသော ထိပ်တန်းတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
    Museum of Islamic Art (MIA) ဟု အမည်ပေးထားသည့် အဆိုပါပြတိုက်မှာ ကိုင်ရိုမြို့လယ်ကောင် Bab El-Khalq ရပ်ကွက်တွင် တည်ရှိပြီး ဧည့်သည်များမှာ သောကြာနေ့မှစတင်၍ လာရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။
    ပြတိုက်ဘေးကပ်ရပ်တွင်ရှိနေသည့် အစိုးရအဆောက်အဦးတစ်ခုရှေ့တွင် ပေါက်ကွဲခဲ့သည့် ကားဗုံးကြောင့် ပြတိုက် မျက်နှာစာမှာ လုံးဝ ပြိုကျခဲ့ပြီး အနုပညာလက်ရာ ၁၇၉ ခု ပျက်ဆီးခဲ့သည်။ သို့သော် ၁၆၉ ခုကို ပြန်လည် ရယူနိုင်ခဲ့သည်။ ဗုံးဒဏ်ကို အနီးရှိ ‘အီဂျစ် အမျိုးသား စာကြည့်တိုက်နှင့် မော်ကွန်းတိုက်’ အဆောက်အဦးလည်း ခံစားခဲ့ရသည်။
    ပြတိုက် ပြန်လည်ပြင်ဆင်ရေးအတွက် ယူအေအီး၊ ယူနက်စကိုနှင့် အီတလီနိုင်ငံတို့က ငွေကြေးများ လှူဒါန်းခဲ့ပြီး အီတလီ၊ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုရှိ ကျွမ်းကျင်သူများက ပူးပေါင်းကာ ပြုပြင်ခဲ့သည်။
    ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကြာသာပတေးနေ့တွင် ပြတိုက်၌ ဂီတအခမ်းအနားတစ်ခုကို ပြုလုပ်သွားရန် ရှိနေသည်။
    အဆိုပါပြတိုက်တွင် ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်သမိုင်းကြောင်းတစ်လျှာက်တွင် အသုံးပြုခဲ့သည့် ငွေကြေးများ၊ ဘာသာရေး၊ ၀ိဇ္ဇာ သိပ္ပံဆိုင်ရာ ရှားပါလက်ရေးမူများ၊ ကြွေထည်မြေထည်၊ သစ်သားထည်၊ သံထည်များ၊ ဖန်ထည်မှန်ထည်မျာ၊ ချည်ထည်များ၊ အီဂျစ်သမိုင်းကြောင်းဆိုင်ရာ ပစ္စည်းများ စသည့် သမိုင်းဆိုင်ရာ ရှားပါးပစ္စည်းပေါင်းများစွာကို ပြသထားသည်။
    Ref: english.ahram.org
  • အာဖရိကနိုင်ငံများဖလားတွင် အအောင်မြင်ဆုံး အီဂျစ်အသင်း၏ ကောက်ကြောင်း
    အာဖရိကနိုင်ငံများဖလားတွင် အအောင်မြင်ဆုံး အီဂျစ်အသင်း၏ ကောက်ကြောင်း
    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media
    egypt
    2010 တွင် အာဖရိကနိုင်ငံများဖလား ရရှိပြီး အောင်ပွဲခံနေသည့် အီဂျစ်အသင်းသာမျာ
    – ၂၀၁၇ ခုနှစ် အာဖရိကနိုင်ငံများဖလားပွဲကို ဇန်န၀ါရီ ၁၄ ရက်နေ့ကစပြီး ဂါဘွန်နိုင်ငံမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။
    လက်ရှိချန်ပီယံဟာ အိုက်ဗကို့စ်ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံးအသင်းကတော့ အီဂျစ်အသင်းဖြစ်ကာ ၇ ကြိမ်တိတိ ဗိုလ်စွဲထားပါတယ်။ အီဂျစ်ဘောလုံးအသင်းရဲ့ အာဖရိကနိုင်ငံများဖလား သမိုင်းတစ်လျှောက် ဖြတ်သန်းမှုကို M-Media ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
    ၁၉၅၇ (ဆူဒန်)
    ဖေဖော်ဝါရီလအတွင်း ဆူဒန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အီသီယိုးပီးယား၊ အီဂျစ်နဲ့ ဆူဒန် ၃ သင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ကို တည်ထောင်မှုမှာ ပါဝင်ခဲ့သူ တောင်အာဖရိက ကတော့ လူဖြူလူမည်း ခွဲခြားမှုကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
    အဖွင့်ပွဲစဉ်မှာ အိမ်ယှဉ် ဆူဒန်ကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးခဲ့တဲ့ အီဂျစ်ဟာ နောက်ဆုံးပွဲမှာ အီသီယိုးပီးယားကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ပထမဆုံး ပြိုင်ပွဲမှာ ပထမဆုံး ဗိုလ်စွဲခဲ့ပါတယ်။
    အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဒီယက်ဘ် အလ်-အတ္တာရ်ဟာ ပြိုင်ပွဲရဲ့ နာမည်ကျော်ကစားသမား ဖြစ်ခဲ့ပြီး ဆူဒန်နဲ့ပွဲမှာ ၁ ဂိုး၊ အီသီယိုးပီးယားနဲ့ပွဲမှာ ၄ ဂိုး စုစုပေါင်း ၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
    ၁၉၅၉ (အီဂျစ်)
    ဗိုလ်စွဲပြီး နောက်ထပ် ၂ နှစ်အကြာ အီဂျစ်မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာလည်း ဆူဒန်၊ အီသီယိုးပီးယားနဲ့ အီဂျစ်တို့သာ ပါဝင်ခဲ့ပါတယ်။
    အဖွင့်ပွဲမှာ အီဂျစ်ဟာ မဟ်မူဒ် အလ်-ဂိုဟာရီရဲ့ ဟက်ထရစ်၊ မီမီ အလ်-ရှာရ်ဘီနီရဲ့ သွင်းဂိုး ၁ ဂိုး စုစုပေါင်း ၄ ဂိုးပြတ်နဲ့ အီသီယိုးပီးယားကို အနိုင်ရရှိခဲ့ပြီး၊ နောက်ဆုံးပွဲမှာ ဆူဒန်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ကာ အာဖရိကနိုင်ငံများဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ အနိုင်ဂိုးတွေကို သွင်းပေးခဲ့တဲ့ အက်ဆမ် ဘာဟစ်ဂ်ဟာ ပြိုင်ပွဲရဲ့ အထင်ကရ ကစားသမား ဖြစ်ခဲ့ပါတယ်။
    အလ်-ဂိုဟာရီကကတော့ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။
    ၁၉၈၆ (အီဂျစ်)
    နှစ်ပေါင်း ၃၀ ကြာ ဝေးကွာခဲ့ရတဲ့ ဖလားကို ၁၉၈၆ ခုနှစ် ကိုယ့်ကွင်း၊ ကိုယ့်ပရိတ်သတ်ရှေ့မှာ အီဂျစ်တို့ ပြန်ယူနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အသင်း ၈ သင်းပါဝင်ခဲ့ပါတယ်။
    ဝေးလ်လူမျိုးနည်းပြ မိုက်စမစ် ကိုင်တွယ်ခဲ့ပြီး ဂန္တ၀င်တိုက်စစ်မှူးနဲ့ ၁၉၈၃ ခုနှစ် အာဖရိက တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုရ မဟ်မူဒ် အလ်-ခါတစ်ဘ်၊ နိုင်းမြစ်ဝှမ်းရဲ့ မာရာဒိုနာလို့ အမည်ပြောင်ပေးခြင်း ခံခဲ့ရတဲ့ တာဟီရ် အဘူ-ဇိုက်ဒ်၊ မဂ်ဒီ အဘ်ဒဲလ်-ဂါနီနဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အဘ်ဒဲလ်-ဟာမစ်၊ လူငယ်ကြယ်ပွင့် ဟိုစမ် ဟာဆန်တို့ ပါဝင်တဲ့ အဲဒီ အီဂျစ်အသင်းဟာ နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်။
    ဒါပေမယ့် အဖွင့်ပွဲမှာ ဆီနီဂေါလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ အိုက်ဗရီကို့စ်အင်းကို ၂ ဂိုး ဂိုးမရှိ၊ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မိုဇမ်ဘတ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
    မော်ရိုကို ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ နောက်ကျအနိုင်ဂိုးကို ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့သူ အဘူ-ဇိုက်ဒ်ဟာ တိုင်းပြည်အတွက် သူရဲကောင်း ဖြစ်ခဲ့ပါတယ်။
    နောက်ဆုံးဗိုလ်လုပွဲမှာတော့ ကင်မရွန်းနဲ့ကစားခဲ့ရပြီး ဂိုး မရှိသရေနဲ့ ပွဲပြီးခဲ့တာကြောင့် ပင်နယ်တီ ကန်ခဲ့ရကာ အီဂျစ်က ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယအကြိမ်မြောက် အာဖရိကဖလားကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
    ၁၉၉၈ (ဘာကီနာဖာဆို)
    အီဂျစ်ဟာ ဒီပြိုင်ပွဲမှာ မရွယ်ဘဲ စော်ကဲ မင်းဖြစ်သွားတာပါ။
    ပြိုင်ပွဲမစခင် အထင်ကြီးမခံရမှုကလည်း အီဂျစ်အသင်းအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
    အုပ်စုရဲ့ ပထမပွဲစဉ် ၂ ပွဲမှာ မိုဇမ်ဘတ်အသင်းကို ၂ ဂိုး၊ ဂိုးမရှိ၊ ဇမ်ဘီယာအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ မော်ရိုကိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အီဂျစ်ဟာ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
    ပြိုင်ပွဲမစခင် ခြေစွမ်းပုံမှန်မရှိတဲ့ တိုက်စစ်မှူး ဟိုစမ် ဟာဆန်ဟာ အုပ်စု ၃ ပွဲမှာပဲ ၅ ဂိုးသွင်းယူခဲ့ပါတယ်။
    ကွာတားဖိုင်နယ်မှာ အိုက်ဗရီကို့စ်ကို ပင်နယ်တီ ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရပြီး ဆီးမီးတက်လာတဲ့ အီဂျစ်ဟာ အိမ်ရှင် ဘာကီနာဖာဆိုနဲ့ တွေ့ခဲ့ရပါတယ်။
    ဆီမီးဖိုင်နယ်မှာ တောက်ပခဲ့သူကတော့ တိုက်စစ်မှူး ဟိုစမ် ဟာဆန်ဖြစ်ပြီး အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူကာ ၁၂ နှစ်အတွင်း အီဂျင်အသင်းကို ပထမဆုံးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
    ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် တောင်အာဖရိနဲ့တွေ့ဆုံခဲ့တဲ့ ဒီပွဲဟာ အီဂျစ်ဘောလုံးသမိုင်းမှာ မေ့မရတဲ့ပွဲတစ်ခု ဖြစ်ခဲ့ပြီး အဟ်မဒ် ဟာဆန်နဲ့၊ တာရစ် မိုစတာဖာတို့ရဲ့ လှပတဲ့ သွင်းဂိုးတွေနဲ့အတူ အာဖရိက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
    အီဂျစ်နည်းပြ အလ်-ဂိုဟာရီက ကစားသမားဘ၀နဲ့ရော၊ နည်းပြဘ၀နဲ့ပါ အာဖရိကနိုင်ငံများဖလားကို ပထမဆုံး ဆွတ်ခူးသူ ဖြစ်လာခဲ့ပါတယ်။
    ပြိုင်ပွဲရဲ့ အတောက်ပဆုံးဖြစ်ခဲ့ပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး ဟိုစမ် ဟာဆန်ကတော့ တောင်အာဖရိက ကစားသမား ဘန်နီ မက္ကာသီနဲ့အတူ ပူးတွဲရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။
    ၂၀၀၆ (အီဂျစ်)
    ဒီပြိုင်ပွဲက အီဂျစ်အသင်းဟာ အာဖရိဘောလုံးလောကကို နောက်ထပ် နှစ်တော်တော်ကြာ ကြီးစိုးမယ့် ရွှေရောင်မျိုးဆက်ဖြစ်ခဲ့ပါတယ်။
    ပြိုင်ပွဲမစခင်မှာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နည်းပြ ဟာဆန် ရှီဟာတာဟာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အီဂျစ်နိုင်ငံရဲ့မိုင်းက အကောင်းအဆုံးကစားသမားတွေထဲမှာ ပါဝင်လာမယ့် ဂိုးသမာ အက်စမ် အလ်-ဟာဒါရီ၊ နောက်ခံလူ အဟ်မဒ် ဖာသီ၊ ကွင်းလယ်လူ မိုဟာမက် အဘူ-ထရီကာတို့ကို မွေးထုတ်ပေးခဲ့ပါတယ်။
    အဲဒီအထဲက ဂိုးသမား အလ်-ဟာဒါရီနဲ့ ညာနောက်ခံလူ ဖာသီတို့ဟာ သိပ်မကြာခင်အချိန်အထိ အီဂျစ်လက်ရွေးစင်အသင်းမှာ အမာခံကစားသမားတြွေ ဖစ်ခဲ့ပါတယ်။
    အုပ်စု အဖွင့်ပွဲမှာ လစ်ဗျားကို ၃ ဂိုးပြတ်၊ ဒုတိယပွဲမှာ မော်ရိုကိုနဲ့ ဂိုးမရှိသရေကျ၊ နောက်ဆုံးပွဲမှာ အိုက်ဗရီကို့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ နောက်တစ်ဆင့်တက်လာတဲ့ အီဂျစ်ဟာ ကွာတားဖိုင်နယ်မှာ ဒီအာရ် ကွန်ဂိုကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
    ဆီမီးဖိုင်နယ်မှာ ဆီနီဂေါလ်အသင်းနဲ့ အသည်းအသန် ကစားခဲ့ရပြီး အီဂျစ်တို့ ဦးဆောင်ဂိုး ရခဲ့ပေမယ် ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ဒီပွဲမှာ နာမည်ကျော်အဖြစ်အပျက်က လူစားလဲခံရတဲ့ တိုက်စစ်မှူးမီဒိုနဲ့ နည်းပြ ရှီဟာတာတို့ အခြေအတင် စကားများခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မီဒိုအစားဝင်လာတဲ့ အမာရ် ဇာကီဟာ လက်ကျန် ၁၀ မိနစ်မှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အီဂျစ်တို့ ဖိုင်နယ်ရောက်ခဲ့ပါတယ်။
    ဖိုင်နယ်မှာလည် အိုက်ဗရီကို့စ်နဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ပယ်နယ်တီမှာ အိုက်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့အတူ အီဂျစ်တို့ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရကာ ၅ ကြိမ်မြောက် အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
    ဂါနာ (၂၀၀၈)
    အီဂျစ်တို့ ဒီပြိုင်ပွဲမှာ ၂ ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်က အိမ်ရှင်အားသာချက်နဲ့ ဖလားယူသွားတယ်ဆိုတဲ့ စွပ်စွဲမှုတွေကိုလည်း ချေဖျက်ပြခဲ့ပါတယ်။
    ဒီပြိုင်ပွဲမှာ အီဂျစ်ဟာ စွဲမက်လောက်ဖွယ် တန်ပြန်တိုက်စစ် နည်းပြဗျူဟာကို အသုံးပြုခဲ့ပြီး ကင်မရွန်းနဲ့ အိုက်ဗရီကို့စ်အပါအ၀င် အသင်းကြီးတစ်ချို့ကို ဒီဗျူဟာနဲ့ပဲ အနိုင်ယူခဲ့ပါတယ်။
    နည်းပြရှီဟာတာဟာ ဒီပွဲမှာ ကွင်းလယ်ကစားသမား ဟိုစနီ အဘ်-ရာဘူ၊ ဂျာမနီခြေစိုက် မိုဟာမက် ဇီဒန်းတို့လို လူငယ်လက်သစ်တွေကို အသုံပြုခဲ့ပြီး နှစ်ယောက်စလုံးက ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းဒုက္ခပေးကာ အဘ်-ရာဘူးဟာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့ပါတယ်။
    အဖွင့်ပွဲစဉ်မှာ အသင်းကြီး ကင်မရွန်းကို ၄ ဂိုး ၂ ဂို၊ ဆူဒန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံးပွဲမှာတော့ ဇမ်ဘီယာကို ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
    ကွာတားဖိုင်နယ်မှာ အန်ဂိုလာနဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် အလ်-ရာဘူ၊ ဇီဒန်းတို့ရဲ့ ဂိုးတွေကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်မှာ ရေပန်းအစားဆုံး အိုက်ဗရီကို့စ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။
    ဖိုင်နယ်မှာတော့ ကင်မရွန်းနဲ့ ပြန်တွေ့ခဲ့ပြီး အီဂျစ်ရဲ့ တန်ပြန်တိုက်စစ်ကိုထိန်းချုပ်ဖို့ နောက်တန်းကို ပိုအာရုံစိုက်ခဲ့ပေမယ့် ကင်မရွန်းတို့ မအောင်မြင်ခဲ့ပါဘူး။ ဇီဒန်းရဲ့ ခြေစွမ်းမှုနဲ့အတူ အဘူ-တရီကာက အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူခဲ့ပြီး အသင်းကို ဆဌမမြောက် ဒေသတွင်းအောင်ပွဲ ရရှိစေခဲ့ပါတယ်။
    ၂၀၁၀ (အန်ဂိုလာ)
    ကမ္ဘာဖလား play-off မှာ မြောက်အာဖရိကပြိုင်ဘက် အလ်-ဂျီးရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားဝင်ရောက်ခွင့် လက်လွှတ်ခဲ့ရတဲ့ အီဂျစ်တို့အတွက် ဒီပြိုင်ပွဲက ပေါက်ကွဲစရာနေရာ ဖြစ်ခဲ့ပါတယ်။
    နိုက်ဂျီးရီးယားကို ၃ ဂိုး ၁ ဂိုး၊ မိုဇမ်ဘတ်နဲ့ ဘီနင်တို့ကို ၂ ဂိုးပြတ်နဲ့အတူ ရာနှုန်းပြည့်အနိုင်နဲ့ အုပ်စုကတက်လာတဲ့ အီဂျစ်ဟာ ကွာတားဖိုင်နယ်မှာလည်း ကင်မရွန်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    ဆီမီးဖိုင်နယ်မှာ အလ်ဂျီးရီးယားနဲ့ မကျေပွဲနွှဲခဲ့ရပြီး အီဂျစ်က ၄ ဂိုးပြတ်နဲ့ ရှုံးကြွေးကို လှလှပပ ပြန်ဆပ်နိုင်ခဲ့ပါတယ်။
    ဖိုင်နယ်မှာ ဂါနာနဲ့ မထင်မှတ်ဘဲ အကြိတ်အနယ်ကစားခဲ့ရတဲ့ အီဂျစ်ဟာ ပွဲပြီးဖို့ ၅ မိနစ်အလို ဂီဒိုရဲ့ ဂိုးနဲ့ အာဖရိကနိုင်ငံများဖလား သမိုင်းတစ်လျှောက် ဖလားကို ၇ ကြိမ်ရယူနိုင်ခဲ့ကာ စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
    အနိုင်ဂိုးရှင် ဂီဒိုကာ အီဂျစ်အသင်းအတွက် အညတရ သူရဲကောင်းအဖြစ် မှတ်ယူခံခဲ့ရပြီး၊ ပြိုင်ပွဲတစ်လျှာက် အရန်ခုံကနေပဲ ၅ ဂိုးသွင်းကာ ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။
    Ref: ahram.org
  • ၀တ်ပြုရာနေရာကို တိုက်ခိုက်ခြင်းက ဘာသာတိုင်းနှင့် ဆန့်ကျင်သည်ဟု အီရန်ပြော
    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    egypt-3
    ဗုံးကွဲပြီးနောက် ဘုရားကျောင်းအတွင်း မြင်ကွင်း
    – ၀တ်ပြုရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ဘာသာတရားအားလုံး၏ သွန်သင်ဆုံးမမှုနှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဟ်ရမ် ကာစီမီက ပြောကြားလိုက်ပြီး ယမန်နေ့က အီဂျစ်ရှိ ကော့ပတစ်ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲခံရမှုကို ရည်ညွှန်းခြင်းလည်းဖြစ်သည်။
    အဆိုပါ ဗုံးကွဲမှုတွင် ကလေးငယ်များအပါအ၀င် လူပေါင်း ၂၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရှိခဲ့ကာ ကာစီမီကမူ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည်။
    “ခရစ်ယာန်တွေရဲ့ နှစ်သစ်ရောက်တော့မယ့်အချိန် ဒီသရဲဘောကြောင်တဲ့ ခရစ်ယာန်ဆန့်ကျင်ရေး တိုက်ခိုက်မှုက အကြမ်းဖက်ဝါဒဟာ နယ်နိမိတ်သတ်မှတ်မှု၊ လူမျိုးဘာသာခွဲခြားမှု မရှိဘူးဆိုတာကို သွေးဆာနေတဲ့ လူရမ်းကားအကြမ်းဖက်သမားတွေက ထပ်မံ ပြသလိုက်တာ ဖြစ်ပါတယ်” ဟု ကာစီမီက ပြောကြားခဲ့သည်။
    ထို့ပြင် ကမ္ဘာကြီးတွင် ပြန့်နှံ့နေသော အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်အတွက် နိုင်ငံအားလုံးနှင့် ဘာသာတရားအားလုံး စည်းလုံးရမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အီဂျစ် အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၏ ဌာချုပ်ဖြစ်သော ကိုင်ရိုမြို့လယ်ရှိ စိန့်မာ့က် ဘုရားကျောင်းနှင့် ကပ်နေသည့် စိန့်ပီတာ ဘုရားကျောင်းတွင် ပေါက်ကွဲခဲ့သော အဆိုပါ အဖြစ်အပျက်အတွက် ယခုအချိန်အထိ မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။
    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီကမူ အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်မျိုးအတွက် တိုင်းပြည်တွင် နေရာမရှိဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
    Ref : Press TV
  • ကိုင်ရိုရှိ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းတွင် ဗုံးကွဲ
    ကိုင်ရိုရှိ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းတွင် ဗုံးကွဲ
    ဒီင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    egypt-2
    စိန့်မာ့က် ဘုရားကျောင်းအတွင်းပိုင်း
    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကော့ပတစ်ခရစ်ယာန်ဘုရားကျောင်းအတွင်း ယနေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    ကိုင်ရိုမြို့လယ်ရှိ စိန့်မာ့က် ဘုရားကျောင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းဌာနကမူ ဗုံးကို ဘုရားကျောင်းအတွင်း ထောင်ထားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။
    အဆိုပါ ဘုရားကျောင်းမှာ အီဂျစ်ရှိ ခရစ်ယာန် အော်သိုဒေါ့စ်အသင်းတော်၏ ဌာနချုပ်ဖြစ်ပြီး အသင်းတော်၏ ရဟန်းမင်း ပုပ် တာဝါဒရို့စ် ၂ သီတင်းသုံးရုံးထိုင်ရာနေရာလည်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၅ ဦး ရှိခဲ့သည်။
    ထိုကဲ့သို့ ဗုံးခွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးပေ။ အီဂျစ်နိုင်ငံ၏ ၈၇ သန်းသော လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။
    ပြီးခဲ့သည့် သောကြာနေ့ကလည်း ကိုင်ရိုမြို့တွင် ဗုံးကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ရှမ်ဟုခေါ်သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။
    Ref : Aljazeera
  • အီဂျစ်တွင် နှစ် ၇၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ တွေ့ရှိ
    အီဂျစ်တွင် နှစ် ၇၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ တွေ့ရှိ
    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media
    egypt
    – နိုင်ငံတောင်ပိုင်း ဆိုဟဂ်ပြည်နယ်တွင် နှစ် ၇၀၀၀ ကျော် သက်တမ်းရှိ မြို့ဟောင်းတစ်ခုနှင့် အီဂျစ်၏ ပထမဆုံးမင်းဆက် လက်ထက်မှ သုဿာန်တစ်ခုကို တူးဖော်နိုင်ခဲ့သည်ဟု အီဂျစ် ရှေးဟောင်း သုတေသနဆိုင်ရာ ၀န်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားလိုက်သည်။
    အဆိုပါတွေ့ရှိမှုမှာ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဟိုစနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် မတည်ငြိမ်မှုနောက်ပိုင်း နောက်ပြန်ရောက်ခဲ့သော တိုင်းပြည်၏ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
    အဆိုပါ ရှေးဟောင်းမြို့တော်သည် အဆင့်မြင့် အာဏာပိုင်ပုဂ္ဂိုလ်များနှင့် သင်္ချိုင်းဂူတူးသူများ နေထိုင်ရာမြို့ ဖြစ်ဖွယ်ရှိပြီး ထိုရှာဖွေတွေ့ရှိမှုက အီဂျစ်သမိုင်းတွင် သက်တမ်းအရင့်ဆုံး မြို့များမှ တစ်ခုဖြစ်သော အဘီဒို့စ်မြို့အကြောင်း ပိုမို အတွင်းကျကျသိနိုင်ရေး အကျိုးရှိစေမည်ဟုလည်း ၀န်ကြီးဌာနမှထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ပညာရှင်များက အဘီဒို့စ်မြို့တော်သည် အီဂျစ်တွင် ဘုရင်စနစ် မထွန်းကားသည့်ကာလ အဆုံးနှင့် ပထမ မင်းဆက် ၄ ဆက် အုပ်စိုးစဉ်အတွင်း အီဂျစ်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ရှေးဟောင်းမြို့ကို နိုင်းမြစ်ပေါ်ရှိ Seti I ဘုရားကျောင်းမှ မီတာ ၄၀၀ အဝေးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
    ရှေးဟောင်း သုတေသနပညာရှင်များမှာ တဲများ၊ အိုးခွက်အစိတ်အပိုင်းများ၊ သံထည်ပစ္စည်းများနှင့် ကြီးမားသည့် ဂူဗိမာန် ၅ ခုတို့ကို တွေ့ရှိခဲ့ကြသည်။
    “သုဿာန်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီ ဂူကြီတွေရဲ့ အရွယ်အစားဟာ အဘီဒို့စ်မင်းဆက်လက်ထက်က နမူနာရှိထားတဲ့ ဂူတွေထက် ပိုကြီးပါတယ်။ ဒါဟာ အဲဒီမှာမြှုပ်နှံထားတဲ့သူတွေက ပိုအရေးပါတယ်။ အီဂျစ်သမိုင်းရဲ့ ဒီအစောပိုင်းကာလက သူတို့ရဲ့ သြဇာဟာ တော်တော်ကြီးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်”
    အီဂျစ်တွင် ၂၀၁၀ ခုနှစ်က ကမ္ဘာ့လှည့်ခရီးသည် ၁၄.၇ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၁ တွင် ၉.၈ သန်းအထိ လျော့ကျသွားခဲ့သည်။ ၂၀၁၆ ပထမလေးလပတ်တွင် အီဂျစ်သို့ လည်ပတ်သူ ၁.၂ သန်းခန့်ရှိကာ ၂၀၁၅ တွင်မူ ၂.၂ သန်း ရှိခဲ့သည်။
    Ref : IINA