News @ M-Media

Tag: Egypt

  • ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    rafa

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ထိစပ်နေတဲ့ ရာဖာနယ်ခြားကို ငါးရက်ကြာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ အီဂျစ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။

    “နယ်စပ်ဝင်ပေါက်ကို နှစ်ဖက်စလုံးသွားလာနိုင်အောင် ငါးရက်ကြာ အီဂျစ်အာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်” လို့ ဂါဇာနယ်စပ်အာဏာပိုင်အဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတွေ၊ လူနာတွေနဲ့ ပြည်ပနေထိုင်ခွင့် ကိုင်ဆောင်ထားသူတွေဟာ အဲဒီနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲ ၀င်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။ ဇွန်လ အစောပိုင်းတုန်းကလည်း အီဂျစ်အာဏာပိုင်တွေက ယင်းနယ်စပ်ကို လေးရက်ဆက်တိုက် ဖွင့်လှစ်ခဲ့ပြီး နေမကောင်းသူတွေနဲ့ ကျောင်းသားအများစုအပါအ၀င် ပါလက်စတိုင်းပြည်သူ ၃၀၀၀ လောက် အီဂျစ်ပိုက်နက်ထဲ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။

    ဟားမက်စ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းပြည်သူ ၂၄၀၀၀ လောက်ဟာ ရာဖာနယ်ခြားကို ဖြတ်ကာ အကူအညီတွေရယူဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရာဖာနယ်ခြားကို အီဂျစ်ဖက်က အချိန်တော်တော်များများ ပိတ်ထားခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ အဲဒီနယ်ခြားကို ၂၁ ရက်သာ ဖွင့်ပေးခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်ရဲ့ တစ်ခုတည်းသော ထွက်ပေါဟာ အီဂျစ်နဲ့ကပ်နေတဲ့ အဲဒီ ရာဖာနယ်ခြားဖြစ်ပြီး အီဂျစ်ကလည်း နယ်ခြားကို ပိတ်ထားတာကြောင့် ဂါဇာပြည်သူ ၁.၉ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ တွေ့ကြုံနေရပါတယ်။

    Ref : IINA

  • ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အဇ်ဟာရ် ရှေ့ဆောင်အီမာမ်တို့ တွေ့ဆုံ

    ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အဇ်ဟာရ် ရှေ့ဆောင်အီမာမ်တို့ တွေ့ဆုံ

    မေ ၂၉၊ ၂၀၁၆
    M-Media

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အစ္စလာမ်ကမ္ဘာမှ အမြင့်ဆုံး ဓမ္မတက္ကသိုလ်ဖြစ်သည့် အီဂျစ်နိုင်ငံ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ရှေ့ဆောင်အီမာမ်ကြီး ရှိခ် အဟ်မဒ် မိုဟာမက် အလ်-တိုင်ယစ်ဘ်တို့မှာ ယခုသီတင်းပတ်အစောပိုင်းတွင် တွေ့ဆုံခဲ့ကြပြီး အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒများအကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဗာတီကန်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ခေါင်ဆောင်း ၂ ဦးမှာ အရှေ့အလယ်ပိုင်းမှ ခရစ်ယာန်များအရေးနှင့် ၎င်းတို့အား မည်သို့မည်ပုံ ကာကွယ်ရမည်ဆိုသည့် ကိစ္စများ၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်တိုက်ခိုက်မှုပြဿနာများအကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အရှေ့အလယ်ပိုင်းဒေသတွင် IS အကြမ်းဖက်အဖွဲ့က ခရစ်ယာန်များအား လူမျိုးတုန်းသတ်ဖြတ်မှုများကို အဆုံးသတ်ရေး ပြီးခဲ့သည့်နှစ်က တိုက်တွန်းဆော်သြခဲ့ပြီး၊ အကြမ်းဖက်ဝါဒကို အစ္စလာမ်နှင့် နှိုင်းယှဉ်ပြောဆိုမှုမှာ မှားယွင်းသည်ဟုလည်း ပြောကြားခဲ့သည်။

    အလ်-အဇ်ဟာရ်နှင့် ဗာတီကန်တို့မှာ ၂၀၁၃ ခုနှစ်က အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခု ပထမဆုံးအကြိမ် ပြန်လည်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

    ပုပ်ရဟန်းမင်းကြီးက အနောက်နိုင်ငံများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေး ယဉ်ကျေးမှုကို အလေးမထားဘဲ ၎င်းတို့၏ ကိုယ်ပိုင် ဒီမိုကရေစီပုံစံကို တင်သွင်းရန် ကြိုးပမ်းနေသည်ဟုလည်း ပြီးခဲ့သည့် တစ်ပတ်က ဝေဖန်ပြောကြားခဲ့သည်။

    Ref: Huffingtonpost.com

  • ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အဇ်ဟာရ်မှ ရှေ့ဆောင်အီမာမ်တို့ တွေ့ဆုံမည်

    ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အဇ်ဟာရ်မှ ရှေ့ဆောင်အီမာမ်တို့ တွေ့ဆုံမည်

    မေ ၂၀၊ ၂၀၁၆
    M-Media

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အစ္စလာမ် ဓမ္မရေးရာတွင် ထိပ်တန်းတက္ကသိုလ်ဖြစ်သော အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ရှေ့ဆောင်အီမာမ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်နှင့် လာမည့် တနင်္လာနေ့တွင် တွေ့ဆုံမည်ဟု သိရသည်။

    ဗာတီကန်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဘာသာတရားနှစ်ခုအကြား အရေးပါသည့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်း ဖြစ်သည်။

    “ပရိတ်သတ်တွေက ဒီအတွက်ပြင်ဆင်နေပြီး အစီအစဉ်ကို တနင်္လာနေ့ သတ်မှတ်ထားပါတယ်” ဟု ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီး ဖက်ဒရီကို လွမ်ဘာဒီက ထိုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    အလ်-တိုင်ယစ်ဘ်နှင့် ယခင်ပုပ်ရဟန်းမင်းကြီးဟောင်း ဘင်နီဒစ်တို့မှာ ၂၀၁၁ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က အီဂျစ်နိုင်ငံမတည်မငြိမ်ဖြစ်မှုအတွင်း လူနည်းစုခရစ်ယာန်များကို ကာကွယ်ပေးရန် ဘင်နီဒစ်က ပြောကြားခဲ့သောကြောင့် ထိုပြောဆိုမှုမှာ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ အလ်-တိုင်ယစ်ဘ်က တွေ့ဆုံရန် အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တက်လာချိန်တွင်မူ အလ်-အဇ်ဟာရ်နှင့် ဗာတီကန်တို့၏ ဆက်ဆံရေးမှာ တိုးတက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်မတ်လက ဗာတီကန်၌ ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံညီလာခံသို့ တက်ရောက်ရန် အလ်-အဇ်ဟာရ်က ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့သည်။

    Ref : catholicherald

  • အီဂျစ် ခရီးသည်တင်လေယာဉ်တစ်စီး မြေထဲပင်လယ်တွင် ပျက်ကျ

    အီဂျစ် ခရီးသည်တင်လေယာဉ်တစ်စီး မြေထဲပင်လယ်တွင် ပျက်ကျ

    မေ ၁၉၊ ၂၀၁၆
    M-Media

    egypt

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းလာသည့် EgyptAir လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၈၀၄ မှာ ဒေသစံတော်ချိန် ယနေ့ မနက်ပိုင်းတွင် ရေဒါမှ ပျောက်ဆုံးသွားခဲ့ကာ အီဂျစ်လေကြောင်းဌာနမှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးကမူ မြေထဲပင်လယ်ထဲသို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၅၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦးတို့ လိုက်ပါသွားပြီး ပျက်ကျသွားသည်ဆိုသည့် ဖြစ်နိုင်ချေကို အတည်ပြုပြီးဖြစ်ကာ လက်ရှိတွင် အပျက်အဆီးများ ရှာဖွေရေးကို စတင်လုပ်ဆောင်နေသည်ဟု အဆိုပါ တာဝန်ရှိသူ၏ ပြောကြားမှုကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

    သို့သော်လည်း အီဂျစ်လေကြောင်းဝန်ကြီးဌာနက နောက်ပိုင်းတွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျသွားသည်ဆိုသည့် ကိစ္စကို အတည်ပြုရန် စောလွန်းသည်ဟု ပြောကြားခဲ့သည်။

    Airbus A320 အမျိုးအစား အဆိုပါလေယာဉ်မှာ ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီတွင် ပဲရစ်ရှိ ချားလ်စ်ဒီဂေါလ်လေဆိပ်မှ ပျံသန်းထွက်ခွာလာခြင်းဖြစ်ပြီး အီဂျစ်လေပိုင်နက်ထဲသို ၀င်ရောက်ပြီး ၁၆ ကီလိုမီတာအရောက် ပေပေါင်း ၃၇၀၀၀ အမြင့်တွင် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်ဖြစ်သည်။

    Ref: Aljazeera

  • အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည်

    အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည်

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    egypt 2

    – ပင်လယ်နီကိုဖြတ်ကာ နိုင်ငံချင်းဆက် တံတားတစ်ခုကို ဆောက်လုပ်ရန်အတွက် အီဂျစ်နှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု ဆော်ဒီဘုရင်ကြီး ဆလ်မန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အီဂျစ်သို့ အလည်အပတ်ရောက်ရှိနေစဉ်တွင် ရုပ်သံမှထုတ်လွှင့်သော မိန့်ခွန်း၌ ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်ကို အီဂျစ်သမ္မ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီနှင့် တွေ့ဆုံစဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ၂ နိုင်ငံကိုယ်စားလှယ်များကလည်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို လက်မှတ်ရေးထိုခဲ့ကြသည်။

    “ဒါဟာ အာဖရိကနဲ့ အာရှ တိုက်ကြီး ၂ တိုက်ကို ဆက်သွယ်ဖို့အတွက် သမိုင်းဝင်ခြေလှမ်းပါပဲ။ ပြီးတော့ တိုက်ကြီးနှစ်တိုက်အကြား ကုန်သွယ်မှုတွေ တစ်မူထူးခြားတဲ့အဆင့်နဲ့ တိုးတက်လာမယ့် ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဘုရင်ကြီးက ပြောကြားခဲ့သည်။

    မည်သည့်နေရာ၌ ဆောက်လုပ်မည်ကို ပြောဆိုခဲ့ခြင်းမရှိသော်လည်း အီဂျစ်နိုင်ငံ ရှာမ် အလ်-ရှိခ်၊ ဆော်ဒီအာရေဗျရှိ ရက်စ် အလ်ရှိခ် ဟာမစ် စသည့်နေရာများမှာ တံတားတည်ဆောက်ရန် အနီးစပ်ဆုံးနေရာ ဖြစ်နေသည်။ ထိုကဲ့သို့ နိုင်ငံချင်းဆက် တံတားဆောက်လုပ်ရန် ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှ သဘောတူညီချက် ရရှိခြင်းဖြစ်သည်။

    Ref: Aljazeera