News @ M-Media
Tag: Egypt
  • မွတ်စလင်မ် လောကအတွက် မျှော်လင့်ချက် အသစ်ဖြစ် တည်စေသည့် ရာဘီအဟ်(Rabia) သင်္ကေတ
    စက်တင်ဘာ ၂ ရက်၊ ၂၀၁၃
    M-Media
    Rabia
    အစ္စတန်ဘူလ်။    ။ ကမ္ဘာအနှံ့ရှိ လူ ၁၀ သန်းကျော် အသုံးပြုနေသည့်  လက်လေးချောင်းထောင် အောင်မြင်ရေး သင်္ကေတသည်   အီဂျစ်နိုင်ငံသားထောင်ပေါင်းများစွာ၏ ၄၅ ရက်ကြာ ယာယီစခန်းကို ကိုယ်စားပြုဖော်ပြချက်ဖြစ်၏။ ၄င်းသင်္ကေတသည် ယခုအခါ ကမ္ဘာ့မွတ်စ်လင်မ်များကြား မျှော်လင့်ချက်သင်္ကေတ တစ်ခုအဖြစ်သို့ အသွင် ကူးပြောင်းလာခဲ့ပြီဖြစ်သည်။
    “ ရာဘီအဟ်သင်္ကေတဟာ ရိုးရှင်းသော အမှတ်အသားတစ်ခုပါပဲ။ သို့သော်လည်း “ ကျွန်တော်တို့ထံမှာ ပြောစရာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ ” ဆိုပြီး မွတ်စလင်မ်လောကရဲ့ကမ္ဘာကို အသိပေးချက်တစ်ရပ် ဖြစ်လို့လာပါပြီ။ ဒီသင်္ကေတက မွတ်စ်လင်မ်ကမ္ဘာကြီးရဲ့အပြောင်းအလဲကိုလည်း တရားဝင်ပြသနေပါတယ် ” ဟု World Bulletin သို့ Union of NGOs of the Islamic World (UNIW) ၏ အထွေထွေစည်းရုံးရေးမှူး စီဟန်ဂီရ် အစ္စဘိလီရ် (Cihangir Isbilir) မှ  သြဂုတ်လ ၃၀ ရက်၊ သောကြာနေ့တွင်  ပြောကြားခဲ့သည်။
    ရာဘီအဟ် အမည်ရှိ ယာယီစခန်း၌ စုပြုံ သတ်ဖြတ်ခံရခြင်းအပေါ် တရားမျှတမှုအတွက် လက်လေးချောင်းထောင် ရာဘီအဟ် သင်္ကေတ ဖြစ်ပေါ်အသုံးပြုလာခြင်းဖြစ်သည်။
    အာရဗီဘာသာစကားအရ “ရာဘီအဟ်” ဆိုသည်မှာ နံပါတ်လေး သို့မဟုတ် လေးခုဟု အဓိပ္ပာယ်ထွက်၏။ ၄င်း သင်္ကေတသည် အီဂျစ်နိုင်ငံရှိ မတရားအာဏာသိမ်းမှုအား ဆန့်ကျင်သော အမှတ်သင်္ကေတ ပင်ဖြစ်သည်။
    ဇူလိုင်လ ၃ ရက်နေ့တွင် သမ္မတဟောင်း မုဟမ္မဒ် မိုရ်စီ (Mohamed Morsi) အား ကာကွယ်ရေးဝန်ကြီးချုပ် အဗ်ဒုလ် ဖတာဟ် အလ်စစ်စီ (Abdul Fatah al-Sisi) က ဖြုတ်ချခဲ့မှုနောက်တွင် လွန်ခဲ့သောလ၌ ယင်းသို့  ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
    စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ကန့်ကွက်ဆန္ဒပြသူများသည် ကိုင်ရို ရာဘီအဟ် (Cairo Rabai) နှင့် နဟ်ဒါ စကွဲရ် (Nahda Squares) တွင် တစ်လခွဲကျော်ကြာ ယာယီစခန်းချခဲ့ကြသည်။
    Rabia5
    လွန်ခဲ့သော သြဂုတ်လ ၁၄ ရက်နေ့တွင် အီဂျစ်လုံခြုံရေးအဖွဲ့သည် ယင်းအခြေအနေအားအဆုံးသတ်ရေးအတွက် ကန့်ကွက် ဆန္ဒပြသူများကို ဖြိုခွဲခဲ့သဖြင့် လူပေါင်း ရာကျော် သေဆုံးကာ၊ ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြသည်။
    ဖြိုခွဲမှုမတိုင်မှီ နာရီပိုင်းအလိုတွင်  အီဂျစ်ရှိ ဒီမိုကရေစီလိုလားသော ကန့်ကွက်ဆန္ဒပြသူများက ၄င်းတို့၏ တောင်းဆိုချက်ကို ကမ္ဘာမှသိစေရန် လက်လေးချောင်းထောင် သင်္ကေတဖြင့် ပြသခဲ့ကြသည်။
    တူရကီနိုင်ငံရေး လှုပ်ရှားသူများ၏ “R4bia.com”  ၀က်ဘ်ဆိုဒ်မှတစ်ဆင့် တင်ပြရာမှ ထိုသင်္ကေတသည် မွတ်စ်လင်မ် ကမ္ဘာအတွင်း ပျံ့နှံ့သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် “#Whatisr4bia” ဆိုသော စာသားအား Twitter တွင် ဖော်ပြရေးသားခဲ့ကြပြီး၊ တူရကီနိုင်ငံတွင် လူကြည့်အများဆုံး Trend Topics (TT) ဖြစ်လာခဲ့သည်။ ပြီးနောက် ကမ္ဘာသိအဆင့်သို့ ၀င်ရောက်နေရာယူလာခဲ့သည်။ ယခုသော် အာရှ မှ ဥရောပ၊ အာဖရိက မှ အမေရိကအထိ ကမ္ဘာ့တစ်ဝှန်း လူအသီးသီး၏ စိတ်ဝင်စားမှုကို ရရှိသော ကမ္ဘာ့ဦးတည်ချက်စာသား တစ်ခုဖြစ်လာခဲ့ပေပြီ။
    ပါကစ္စတန်၊ အီရတ်၊ အီဂျစ်၊ ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၊ မလေးရှား နှင့် အင်ဒိုနီးရှားရှိ အင်တာနက် အသုံးပြုသူ ထောင်ပေါင်းများစွာမှ တွင်တွင် ကျယ်ကျယ်အသုံးပြုလာပြီး ဥရောပ နှင့် အမေရိကတို့တွင်လည်း ထို “#Whatisr4bia” ခေါင်းစဉ်အောက်ရှိ စာသားများ နှင့် ဓာတ်ပုံများကို ဖြန့်ဝေခဲ့ကြသည်။
    Facebook ပေါ်၌ “ ရာဘီအဟ် သင်္ကေတ ” အား Profile Picture အဖြစ်အသုံးပြုသူများမှာ သန်း ၁၀၀ ကျော် ရှိနေကြောင်း သိရသည်။
    “ ရာဘီအဟ်သင်္ကေတဟာ ကမ္ဘာအနှံ့ ပြန့်နှံ့လျက်ရှိတယ်၊ ထို့အတူ လူအများကလည်း မတုန့်မဆိုင်း လက်ခံခဲ့ကြသလို လူမှုကွန်ရက်တွေမှာ လူ သန်း ၁၀၀ လောက် ဖြန့်ဝေနေကြပါတယ် ” ဟု အစ္စဘိလီရ် က ဆိုသည်။
    သူ့အမြင်အရ ထိုကဲ့သို့ သင်္ကေတပြန့်နှံ့ခြင်းမှာ မွတ်စ်လင်မ်ကမ္ဘာသည် လွန်ခဲ့သော နှစ် ၂၀က ပျောက်ဆုံးနေခဲ့သော “ မိမိကိုယ်ကိုပြန်လည်ရှာဖွေခြင်း” ဖြစ်စဉ်သို့ ၀င်ရောက်နေခြင်းဖြစ်ကြောင်း၊ အီဂျစ်ပြည်သူတို့၏ ထူးခြားပြင်းထန်သော ခုခံကာကွယ်မှုသည် ယခုတွင်တော့ အများပြည်သူ နှင့် လူမျိုးစုတို့အတွင်း၌ အသိတရားများ နှင့် ပြန်လည် သက်ဝင်နိုးကြားရေး လှုပ်ရှားမှုများအဖြစ် မထင်မှတ်စွာ အသွင်ကူးပြောင်းခဲ့ကြောင်း ၄င်းမှ ထည့်သွင်းပြောကြားခဲ့သည်။
    Ref: OnIslam
    Photo- http://www.r4bia.com/
    Rabia3 Rabia4 Rabia7  Rabia9
    Rabia8
  • အီဂျစ်ပေါ် ၀ါရှင်တန်မှ အကူအညီ ဆက်ပေးနေခြင်း အဓိကအကြောင်း ၁၀ ရပ်
    သြဂုတ်လ- ၂၀ ရက်၊ ၂၀၁၃
    M-Media
    Top ten reasons Washington’s Egypt aid continues
    စစ်တပ်မှ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ရပ်တည်မှုကိုဖယ်ရှားပြိးနောက် ချီတက်ဆန္ဒပြအုပ်စုအား အကြမ်းဖက်နှိမ်နှင်းသည်တွင် ယခုရက်သတ္တပတ်အတွင်း ရာနှင့်ချီသောအသက်များ ဆုံးရှုံးနေရာ ပြီးခဲ့သည့်သောကြာနေ့၌ နောက်ထပ် လူ ၈၀ ဦး ထပ်မံ သေဆုံးကြောင်း သိရသည်။ အကြမ်းဖက်မှုအချို့သည် ရဲတပ်သားတို့၏ ပြင်းထန်စွာနှိမ်နှင်းမှု၊ အချို့မှာ လက်နက်ကိုင်ဆောင်ထားသော မွတ်စ်လင်မ်ညီနောင်အဖွဲ့မှ ရဲဌာနတစ်ခုကို တိုက်ခိုက်မှုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။
    ပဋိပက္ခရှေ့ဆက်နေမှုကြောင့် အီဂျစ်အား စစ်ရေးအထောက်အပံ့ ဖြတ်တောက်လိုက်ရန် အိုဘားမားအစိုးရအပေါ် ဖိအားပေးလာကြသည်။ ဤသည်မှာ ပြည်တွင်းရေး နှင့် ကျင့်ဝတ်ရေးရာကိစ္စမျှသာဖြစ်သော်လည်း ၀ါရှင်တန်အဖို့ ယင်းသို့ပြုလုပ်ရန် ခက်ခဲမှုအချို့ရှိနေ၏။
    ၁။ အမေရိကန်၏အထောက်အပံ့သည် အီဂျစ်ပြည်သူတို့အကျိုးအတွက် များပြားစွာ ပေးကမ်းနေခြင်းမဟုတ်။ နှစ်စဉ် ကူညီငွေဒေါ်လာ ၁.၅၅ ဘီလီယံအနက်မှ  သန်း ၂၅၀ သာ အရပ်သားပြည်သူအတွက်ဖြစ်သည်။ ယင်းအထောက်အပံ့သည် အီဂျစ်စစ်အရာရှိများ နှင့် ပင်တဂွန် အကြား ဆက်ဆံရေးခိုင်မြဲရန်သာ ဖြစ်နေ၏။
    ၂။ နှစ်စဉ် ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ စစ်ရေးအထောက်အပံ့မှာ လက်နက်များပေးခြင်းဖြစ်ပြီး အမေရိကန်မှ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သုံးစွဲရသည်။ အကယ်၍ ထောက်ပံ့မှု ဖြတ်တောက်ပါက Lockheed-Martin နှင့် General Dynamics ကဲ့သို့သော အမေရိကန် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းရှင်များ(နှင့် ၄င်းတို့၏လုပ်သားများ) အတွက် နစ်နာဆုံးရှုံးမှု ရှိပေမည်။
    ၃။ ကွန်ကရက်မှ အီဂျစ်ဗိုလ်ချုပ်တို့ကို လက်နက်များ အကြွေးဝယ်ယူခွင့် ပေးထားခဲ့သည်။ ၄င်းဖြင့် ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိ F-16 တိုက်လေယာဉ် နှင့် M1A1 တင့်ကားဝယ်ယူရေး၌ အသုံးချရန်ဖြစ်သည်။ အကယ်၍ အမေရိကန်အထောက်အပံ့ကို ဖျက်သိမ်းပါက အမေရိကန်အစိုးရအနေနှင့် ၄င်းငွေကြေးစာရင်းအား ပြန်လည်ရုပ်သိမ်းရပေတော့မည်။
    ၄။ လူထုရေးရာအထောက်အပံ့အများစုကိုပင်လျှင် အမေရိကန်၏ ထွက်ကုန် ပစ္စည်းများ၌ အသုံးချရန် သဘောတူထားရာ အမေရိကန်အတွက် ဧရာမအကျိုးအမြတ်ကြီး ဖြစ်နေသည်။
    ၅။ ယင်းအထောက်အပံ့သည် အစ္စရေးနှင့်အလွမ်းသင့်အောင်ဆက်ဆံရန် အီဂျစ်ထိပ်တန်းပုဂ္ဂိုလ်များအား လာဘ်ထိုးခြင်း တစ်ရပ်ဖြစ်သည်။ စီနိုင်းကျွန်းဆွယ် နှင့် အီဂျစ်၌ မတည်မငြိမ် ပရမ်းပတာဖြစ်အောင် ပြဿနာဖော် ပေးလေလေ ထိုအရေး၌ ကွန်ကရက်လွှတ်တော်မှ လွန်ခဲ့သော နှစ် ၄၀ ကာလထက် ပိုမို သောကထားဆောင်ရွက်လေလေ ဖြစ်စေမည်။
    ၆။ အထောက်အပံ့ကို ဖြတ်တောက်ဆိုင်းငံ့ခြင်း မပြုရန် အစ္စရေးတို့က တောင်းဆိုထားသည်။
    ၇။ အီဂျစ်နိုင်ငံ၌ အစ္စရေး-အီဂျစ် ဖက်စပ်လုပ်ငန်းများ ထူထောင်ရန် စီးပွားရေးဆိုင်ရာလိုအပ်ချက်အဖြစ် ကွန်ကရက်မှ ပုံဖော်သတ်မှတ်ထားခြင်းဖြစ်သဖြင့် အီဂျစ်ကိုပေးကမ်းသည့် အထောက်အပံ့အနက် အချို့မှာ အစ္စရေးသို့ ရောက်ရှိပြီးသား ဖြစ်နေသည်။
    ၈။ တရားဝင်အားဖြင့်မဟုတ်သော်လည်း အီဂျစ်စစ်တပ်သည် အီရန်( ရံဖန်ရံခါ အီရတ်) နှင့် ဆန့်ကျင်ပြီး ဆော်ဒီအာရေဗျ၊ ကူဝိတ် နှင့် ယူအေအီးတို့အတွက် လုံခြုံရေးထီးမိုးပေးသကဲ့သို့ ဖြစ်နေသည်။ ရေနံထွက် ပါးရှင်းပင်လယ်ကွေ့နိုင်ငံများထံ၌လည်း သြဇာကြီးသည့်ဝါရှင်တန်ဘက်တော်သားများရှိနေသည်။ ထို့ကြောင့် အီဂျစ်အား ယင်းသို့အခြေအနေထံ တွန်းပို့ခြင်းဖြင့် ရေနံအတွက် စိတ်အေးရမည်မဟုတ်လော။
    ၉။ စင်စစ်၌ မွတ်စ်လင်မ်ညီနောင်အဖွဲ့အစည်းကိုအခြေပြုထားသည့် လွတ်လပ်မှုနှင့်တရားမျှတမှုပါတီ – Freedom and Justice Party အား စစ်ဗိုလ်ချုပ်များ၏ ဖယ်ရှားခြင်းလုပ်ရပ်အပေါ် ကွန်ကရက်အမတ်အများအပြားက သဘောမတူကြ။ သို့သော် ယင်းသို့ အမြစ်ပြတ်အောင် ဖြိုလှဲခြင်းကိုလည်း မကန့်ကွက်ချေ။ အကြောင်းမှာ ၄င်းတို့က ထိုအဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမြင်ရှိသောကြောင့်ဖြစ်၏။
    ၁၀။ ဖြစ်အင်မြင်ကွင်းများ၏နောက်ကွယ်တွင် အီဂျစ်စစ်ထောက်လှမ်းရေးက အမေရိကန်၏ အစွန်းရောက်များဖယ်ရှားရေး လုပ်ငန်းစဉ် (နှင့်) မုဘာရပ်က်လက်ထက် အလ်ကိုင်းဒါးဟု သံသယရှိသူတို့အား နှိပ်စက်ခဲ့ခြင်းကို ပြည်ဖုံးကားချရေး၌ ၀ါရှင်တန် အကျိုးအတွက် ကူညီဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ အမေရိကန်မှ ယင်းဆက်နွှယ်မှုအား အရှိန်အဟုန်မြှင့်ကာ ထိန်းသိမ်းထားမည့်သဘော၌ ရှိနေပေသည်။
    AGB/HJ
  • ၂၀၁၃ ခုနှစ် အီဂျစ်ပြည်၊ မူရ်စီ နှင့် သုံးသပ်ချက်တစ်ခု
    သြဂုတ်-၁၇-၂၀၁၃
    M-Media
    သတင်းဆောင်းပါး/သတင်းသုံးသပ်ချက်- မြင့်မိုရ်မောင်မောင်
    အီဂျစ်သွေးချောင်းစီးမှု နဲ့ နိုင်ငံတကာအသံများ
    injured in cairo
    ဗုဒ္ဓဟူးနေ့တွင် ဒဏ်ရာရထားသူ ဖြုတ်ချခံအီဂျစ်သမ္မတ မုဟမ္မဒ် မူရ်စီထောက်ခံသူတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုင်ရို ရှိ Rabaa Adawiya square နေရာသို့ သယ်ဆောင်လာစဉ် (ရိုက်တာ -ဓာတ်ပုံ)
    အီဂျစ်မှာ သေဆုံးသူဦးရေ ၅၀၀ (update ၇၀၀ကျော်) ကျော်သွားပြီဖြစ်လို့ ကမ္ဘာ့နိုင်ငံကြီးတွေ အသံကျယ်လောင်လာပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနက ဒဏ်ရာရသူပေါင်း ၃၇၁၇ ဦး နဲ့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့(Muslim Brotherhood) က သေဆုံးသူ ၂၆၀၀ ဦးရှိသွားပြီလို့ဆိုပါတယ်။ ဒိန်းမတ်နိုင်ငံက အထောက်အပံ့ရွှေ့ဆိုင်းလိုက်သလို အခြားနိုင်ငံများကလည်း အလားတူ လုပ်ဆောင်ဖို့ရှိနေတယ်။ ဖိလစ်ပိုင်ကတော့ မိမိနိုင်ငံသားတွေကို အီဂျစ်ကနေ ထွက်ခွာဖို့ တွန်းအားပေးလိုက်ပါပြီ။
    ရာထူးကနေဖြုတ်ချပစ်တဲ့ အီဂျစ် သမ္မတ မုဟမ္မဒ် မူရ်စီ ကို ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုအပေါ် သွေးချောင်းစီးနှိမ်နှင်းမှုကြောင့် အီဂျစ်စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာက ကြာသပတေးနေ့မှာ ရှုတ်ချကန့်ကွက်ခဲ့ကြတယ်။ နောက်ဆက်တွဲပဋိပက္ခများ နဲ့ တုန့်ပြန်တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေ ၅၀၀ ကျော်လွန်သွားပြီဖြစ်လို့ပါဘဲ။
    အချိန်အတန်ကြာအုပ်ချုပ်ခဲ့သူ အာဏာရှင် ဟော့စ်နီ မုဘာရက်လက်ထက် ၂၀၁၁ ခုနှစ်က အဆိုးဆုံးကာလထက် ပိုဆိုးနေပြီး သေဆုံးသူ ၅၂၅ ဦး နဲ့ ဒဏ်ရာရသူ ၃၇၁၇ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ခါလစ် အလ် ခသွီးဘ် က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်တယ်။
    မူရ်စီရဲ့ Muslim Brotherhood အဖွဲ့က သေဆုံးသူ ၂၆၀၀ အထိရှိပြီး ဒဏ်ရာရသူပေါင်း တစ်သောင်းဝန်းကျင်အထိ ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေကို အတည်မပြုနိုင်သေးပါဘူး။
    ဒီလို လွန်လွန်ကျူးကျူးအကြမ်းဖက်မှုကြီးကို အမေရိကန်က ဦးဆောင်ပြီး ကန့်ကွက်ခဲ့ကြတယ်။ ပဲရစ်၊ လန်ဒန်၊ ဘာလင်၊ ရောမတို့က အီဂျစ်သံအမတ်များကို ဆင့်ခေါ်ပြီး မိမိတို့မှ စိုးရိမ်သောကကြီးမားနေကြောင်းကို ထုတ်ဖော်ပြောဆိုကြတယ်။ မူရ်စီကို အားပေးထောက်ခံတဲ့ တူရကီဝန်ကြီးချုပ် ရီဆက် သွိုင်ယစ် အာဒိုဂန်ကလည်း ဆန္ဒပြသူများကို တအုံတကျင်းသတ်ဖြတ်နေမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ဆော်သြလိုက်ပါတယ်။
    တရုတ်ပြည်ကတော့ ထုံးစံအတိုင်း နှုတ်ဆိတ်နေခဲ့တယ်။ ပါတီအားလုံးက ကိုယ်စီကိုယ်ငှ အတတ်နိုင်ဆုံးထိန်းချုပ်ကြဖို့ပဲ ဆိုပါတယ်။ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ရုရှကလည်း ကမ္ဘာလှည့်ခရီးသည်များ အီဂျစ်ကို မသွားကြဖို့ တိုက်တွန်းတာလောက်ဘဲ ရှိခဲ့တယ်လို့ Agence France Presse (AFP) သတင်းဌာနက ဆိုတယ်။
    ကိုင်ရိုက စစ်ခေါင်းဆောင်တွေကို ထောက်ခံကြောင်း ယူအေအီး နဲ့ ဘာရိန်းတို့သာလျှင် အစပိုင်းကတည်းက အသံထွက်ခဲ့ကြတာပါ။
    “ အီဂျစ်မှာ ပြည်တွင်းစစ်ကို ရှောင်လွှဲဖို့ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ပြုလုပ်မှဖြစ်တော့မယ်။ ဒီဝမ်းနည်းစရာဖြစ်ရပ်တွေအပေါ် မိမိတို့အစိုးရက အလွန်စိုးရိမ်ပူပန်မိပါတယ်။ ပြင်သစ်အနေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေတစ်ရပ်ရှာဖွေဖို့၊ တတ်နိုင်သမျှ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ဖို့ အီဂျစ်ကြားဖြတ်အစိုးရနဲ့ လက်တွဲဆောင်ရွက်သွားဖို့ ရှိနေပါတယ် ” လို့ ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်ဒီက အီဂျစ်သံတမန်ကို ပြောကြားခဲ့တယ်။ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း၊ လုံးလုံးလျားလျား ထိန်းချုပ်ဖို့လိုကြောင်း ထုတ်ဖော်ပြောကြားချက်နဲ့အတူ ရှုတ်ချခဲ့တယ်။
    ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဂီဒို ၀က်စ်တာဝီလီက အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ နဲ့ ရင်ကြားစေ့ညှိနှိုင်းရေးကို စတင်ဖို့ နှိုးဆော်လိုက်ပြီး၊ မိမိတို့အနေနဲ့ မရေရာတဲ့အနေအထားမှာ မပါဝင်ဘူးလို့ အီဂျစ်သံတမန်ကို ပြောဆိုခဲ့ကြောင်း ၀န်ကြီးရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
    တူရကီဝန်ကြီးချုပ် အာဒိုဂန်က “ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အီဂျစ်ပြည်သူတွေကို ခုလို တအုံတကျင်းသတ်ဖြတ်တာ တော်တော့်ကို ဆိုးရွားလှပါတယ် ” လို့ဆိုခဲ့တဲ့အပြင် ဒီသွေးချောင်းစီးမှုအပေါ် ရေငုံနှုတ်ပိတ်နေနေတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းတွေကိုလည်း ဝေဖန်လိုက်ပါတယ်။
    အီဂျစ်နိုင်ငံရဲ့ ပထမဦးဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့အပြင် အစ္စလာမ့်ခေါင်းဆောင်လည်းဖြစ်တဲ့ မူရ်စီကို ဖြုတ်ချတဲ့ကိစ္စမှာ အမေရိကန်က ကနဦးပိုင်းကတော့ ကန့်ကွက်တာ မရှိခဲ့ဘူး။ အဲ့ဒီဖြုတ်ချနိုင်မှုကို အောင်မြင်မှု/အသာစီးရမှု ဆိုတဲ့ အသုံးအနှုန်းမျိုးကိုလည်း ရှောင်ကြဉ်ထားတာကို တွေ့ရတယ်။ ကိုင်ရိုအပေါ် နှစ်စဉ် ထောက်ပံ့ဖို့ရှိနေတဲ့ စစ်ရေးစားရိတ် ဒေါ်လာ ၁.၃ သန်းကိုလည်း အမေရိကဥပဒေအရ ဆိုင်းငံ့လိုက်ပါတယ်။ ဒါပေမယ့် ဂျွန်ကယ်ရီက စစ်တပ်ကျောထောက်နောက်ခံအီဂျစ်အစိုးရကို ကူညီထောက်ပံ့မယ်ဆိုတဲ့ ကနဦးဖွင့်ပြောချက်ကို ပြန်လည်ရုပ်သိမ်းလိုကြောင်း သူ့စကားထဲမှာ တွေ့ခဲ့ရတယ်။ ရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းလိုက်လို့ပါဘဲ။
    “ လက်ရှိဖြစ်စဉ်တွေဟာ အလွန် ရုပ်ပျက်ဆင်းပျက်နိုင်ပါတယ်။ အီဂျစ်ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့သဘောထား၊ ပြည်သူ့ပါဝင်မှု နဲ့ အစစ်အမှန်ဒီမိုကရေစီစံနစ်ကို သူတို့က ဆန့်ကျင်လိုက်တယ်လေ ” လို့ သူက ဆိုပါတယ်။
    အီဂျစ်ကိုစိုးမိုးနေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့နိုင်ငံကို ဒီမိုကရေစီလမ်းစဉ်ပေါ် ပြန်လည်တင်ဆောင်နိုင်စွမ်း ရှိကြောင်း ပေါ်လွင်ထင်ရှားစွာ ပြသနိုင်ပြီးမှသာ အမေရိကရဲ့စစ်ရေးထောက်ပံ့မှုကို ပြန်လည်စဉ်းစားသင့်တယ်လို့  New York Times သတင်းစာက သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းရေးသားထားတယ်။
    ရောမမြို့အနီး ပုပ်ရဟန်းမင်းကြီးဌာနီ Castel Gandolfo မှာပြုလုပ်တဲ့ ဆုတောင်းဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိမိဟာ အကြမ်းဖက်ခံရရသူများအတွက် ဆုမွန်ကောင်းတောင်းပေးနေပါတယ်။ ငြိမ်းချမ်းရေး၊ ဆွေးနွေးမှု နဲ့ ရင်ကြားစေ့သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့အတွက်လည်း လိုလားလျက်ရှိတယ်လို့ မိန့်ကြားခဲ့တယ်။
    သွေးချောင်းစီးဖြစ်ရပ်တွေ (နဲ့) ဒီမိုကရေစီစံနစ်ထွန်းကားမှုကို စိတ်ပျက်ဝမ်းနည်းဖွယ် အလှည့်အပြောင်းဖြစ်စေခြင်းအပေါ် တုန့်ပြန်တဲ့အနေနဲ့ အီဂျစ်ထောက်ပံ့ရေး ယူရို လေးသန်း(ကန်ဒေါ်လာ ၅.၃ သန်း)ကို ဒိန်းမတ်က ရွှေ့ဆိုင်းခဲ့တယ်။
    အာရှတိုက်အနေနဲ့ ပါကစ္စတန်က အပြစ်မဲ့သူများစွာ ဆုံးရှုံးရခြင်းအပေါ် များစွာစိတ်ထိခိုက်ပြီး စိုးရိမ်ပူပန်နေကြောင်း ဖော်ပြတဲ့အပြင် ဒီဖြစ်ရပ်တွေကို “ ဒီမိုကရေစီဖက်ပြန်လှည့်ရေးအတွက် အီဂျစ်ရဲ့အဓိကအတားအဆီးကြီး ” အဖြစ် သမုတ်လိုက်ပါတယ်။
    ဖိလစ်ပိုင်ကလည်း အီဂျစ်မှာရှိနေတဲ့ မိမိနိုင်ငံသား ၆၀၀၀ ကို ထွက်ခွာလာကြဖို့အကြောင်း၊ ပြည်တွင်းမငြိမ်သက်မှု တစ်စစကြီးထွားလာပြီဖြစ်ကြောင်း သတိပေးနှိုးဆော်ခဲ့တယ်။
    ဒီကိစ္စဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိန်းသိမ်းတဲ့တာဝန်ယူမှုအဖြစ် ယူအေအီး နဲ့ ဘာရိန်း နှစ်နိုင်ငံတည်းကသာ အီဂျစ်စစ်ခေါင်းဆောင်တွေကို ထောက်ခံပြောကြားခဲ့တယ်။
    အာဏာသိမ်းလိုက်တဲ့အီဂျစ်အစိုးရဟာ ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံး အဆုံးစွန်အထိစောင့်ကြည့်ပြီးမှ ဆောင်ရွက်တဲ့အပေါ် မိမိမှ နားလည်ကြောင်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
    အစွန်းရောက်နိုင်ငံရေးအုပ်စုတွေက အကြမ်းဖက်မှုဖြစ်ပေါ်လာအောင် အစဉ်တစိုက် သွေးထိုးပြောဆိုလှုံ့ဆော်ခဲ့မှုဟာ (ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားသွားတဲ့) ၀မ်းနည်းဖွယ်အဖြစ်ဆီ တွန်းပို့လိုက်တာဖြစ်တယ်ဆိုတဲ့အဆိုကို ပင်လယ်ကွေ့ဒေသက ဝေဖန်ခဲ့ကြတယ်။
    ဘာရိန်းရဲ့အဆိုကတော့ “ အီဂျစ်နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတာကြောင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းတဲ့ အနေနဲ့ဆောင်ရွက်မှုဖြစ်ပါတယ် ” တဲ့။
    မူရင်းအားဖတ်ရှုလိုလျှင် – http://www.arabnews.com/news/461313
    နိုင်ငံအ၀ှန်း အီဂျစ်ပြည်သူတို့ရဲ့ ဒေါသလှိုင်းလုံးချီတက်ပွဲ
    အီဂျစ်ကအကြမ်းဖက်မှုကို ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံးသွေးချောင်းစီးမှုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ရှုတ်ချလိုက်ပါပြီ။
    ဒါပေမယ့် Muslim Brotherhood က ဒေါသမီးမွှေးပေးလို့ ပဋိပက္ခတွေထပ်မံဖြစ်ပွားလာယင် ပြင်းပြင်းထန်ထန် အင်အားသုံးဖြေရှင်းသွားဖို့ လက်ရှိအီဂျစ်အာဏာပိုင်တွေကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။
    “ အီဂျစ်က အကြမ်းဖက်မှုကို အဆုံးသတ်လိုက်ဖို့၊ အုပ်စုတွေကလည်း အပြန်အလှန်အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ကြဖို့ အရေးကြီးတယ်လို့ ကောင်စီအဖွဲ့ဝင်တွေ အမြင်ရှိကြပါတယ်။ အကြမ်းဖက်မှုကို တားဆီးကြဖို့ နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖက်လမ်းကြောင်းဖို့ တူညီစွာ အဆိုပြုခဲ့ကြပါတယ် ” လို့ ကုလသမဂ္ဂဆိုင်ရာ အာဂျင်တီးနားသံအမတ် မာရီယာ ခရစ္စတီးနား ပါစီဗလ်က အရေးပေါ်တံခါးပိတ်အစည်းအဝေးအပြီးမှာသတင်းထောက်များကို ပြောကြားခဲ့တယ်။
    အမေရိကန်သမ္မတ ဘားရက်အိုဘားမားက လက်ရှိအနေအထားအပေါ် မနှစ်မြို့မှုပြသတဲ့အနေနဲ့ အီဂျစ်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့ပေမယ့်လည်း စစ်ရေးအထောက်အပံ့ကိုတော့ မဖြတ်တောက်ခဲ့ပါဘူး။
    “ အီဂျစ်ကြားဖြတ်အစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖော်ဆောင်တဲ့ခြေလှမ်းတွေကို အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ် ” လို့ အိုဘားမားကဆိုခဲ့တယ်။ အီဂျစ်(ကြားဖြတ်)အစိုးရကလည်း သူ့စွပ်စွဲချက်တွေက အခြေအမြစ် မရှိဘူးလို့ ချက်ခြင်းဘဲ နှုတ်လှန်ထိုးပါတော့တယ်။
    “ အချက်အလက်ပေါ်အခြေမခံတဲ့ သမ္မတရဲ့စိုးရိမ်စကားဟာ လက်နက်ကိုင်အကြမ်းဖက်အုပ်စုတွေကို အားပေးအားမြှောက်ပြုရာရောက်နေပါတယ်။ အီဂျစ်နိုင်ငံဟာ အုပ်ချုပ်မှုယန္တရားတွေကိုရည်ရွယ်တဲ့အကြမ်းဖက်မှုကို ရင်ဆိုင်ရတဲ့အတွက် အရေးပေါ်အာဏာထိန်းသိမ်းဖို့ဖြစ်လာတာပါ ”
    လူထုလုံခြုံရေးနဲ့နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက်လို့ဆိုပြီး အီဂျစ်အာဏာပိုင်များက လုံခြုံရေးတပ်ဖွဲ့ဝင်တိုင်းကို လိုအပ်ပါက ပြင်းပြင်းထန်ထန်အင်အားသုံးနှိမ်နှင်းဖို့ အခွင့်အာဏာပေးခဲ့တယ်။
    ရာနဲ့ချီတဲ့ မူရ်စီထောက်ခံသူများက ကြာသပတေးနေ့မှာ Giza က အစိုးရအဆောက်အဦတစ်ခုကို ဖြိုလဲမီးရှို့လိုက်ပြီးနောက် အစိုးရအဆောက်အဦကိုဖြစ်စေ အစိုးရအင်အားစုကိုဖြစ်စေ တိုက်ခိုက်မှုမှန်သမျှအပေါ် ပြည်ထဲရေးဝန်ကြီးက ပစ်မိန့်ပေးလိုက်ခြင်းဖြစ်တယ်။ မူရ်စီထောက်ခံသူများဟာ အီဂျစ်တစ်ခွင်က ကော့ပ်တစ် ခရစ်ယာန် ချာ့ခ်ျ နဲ့ စာသင်ကျောင်း မျာစွာကိုလည်း ဦးတည်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဓိကရုဏ်းရက်သတ္တပတ်အတွင်းမှာ ဆန့်ကျင်ဖက်အားဖြင့် ဒေသခံမွတ်စ်လင်မ်တစ်ချို့က အဲ့ဒီချာ့ခ်ျကျောင်းများကို အကာအကွယ်ပေးခဲ့ကြတာကိုလည်း တွေ့မြင်ရပြန်တယ်။
    1002594_624635710892291_1289887999_n
    မူရ်စီထောက်ခံသူများကို အပြင်းထန်ဆုံးရိုက်ချိုးခဲ့တဲ့အတွက် သောကြာနေ့မှာ အီဂျစ်တစ်နိုင်ငံလုံး တောရောမြို့ပါမကျန် ဒေါသလှိုင်းလုံးချီတက်ပွဲလုပ်ဖို့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။
    “ ယခု ကျွန်တော်တို့ကြုံတွေ့နေတဲ့ ပွင့်အံမှု၊ ဖမ်းဆီးမှု နဲ့ သတ်ဖြတ်မှုရဲ့နောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဘယ်သူမှ မထိန်းချုပ်နိုင်အောင် ဖြစ်နေပါပြီ ” ဆိုပြီး မွတ်စ်လင်မ်ညီနောင်များအဖွဲ့ပြောဆိုခွင့်ရှိသူ Gehad El-Haddad က ပြောကြားခဲ့တယ်။
    ဗုဒ္ဓဟူးနေ့၊ မူရ်စီထောက်ခံဆန္ဒပြသူတွေရဲ့စခန်းတွေကို အာဏာပိုင်တွေက ဖြိုလဲလိုက်ပြီးနောက် နောက်ဆုံးရအချက်အလက်များအရ လူပေါင်း ၆၃၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၃၉၉၄ အထိ ရှိသွားပြီလို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုတယ်။ သေဆုံးသူများအနက် လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၄၃ ဦးလည်း ပါဝင်ခဲ့တယ်။
    သို့ပေမယ့်လည်း အဲ့ဒီ စုပြုံသတ်ဖြတ်မှုမှာ သေဆုံးသူဦးရေဟာ ၄၅၀၀ အနည်းဆုံးရှိခဲ့တယ်လို့ အတိုက်အခံဖက်က ဆိုကြတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ ဗလီဝတ်ကျောင်းတော်များကို စီးနင်းတိုက်ခိုက်ခဲ့ကြယုံမက သေဆုံးသွားသူတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းသာဖြစ်ကြောင်း၊ ရုပ်ကလာပ်တွေကို အစဖျောက်ဖို့ မီးရှို့ခြင်းမရှိကြောင်း ပြောဆိုကြဖို့ ကွယ်လွန်သူတွေရဲ့သားချင်းတွေအပေါ် ဖိအားပေးခဲ့ကြတယ်လို့ လူမှုလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
    စုပြုံသတ်ဖြတ်မှုကြီးရဲ့နောက်မှာတော့ အီဂျစ်တစ်ခွင်က ဗလီဝတ်ကျောင်းတော်ထဲက ယာယီဈာပနနေရာတွေမှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ့ကို တွေ့ကြရမှာဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနဟာ ဒဏ်ရာရ၊ သေဆုံးသူအရေအတွက်ကို ဖုံးကွယ်ထားတယ်လို့ ၀င်ရောက်လုပ်ကိုင်နေတဲ့ သူနာပြုလုပ်သားတွေကလည်း ပြစ်တင်စွပ်စွဲခဲ့ပါတယ်။
    သုတ်သင်မှုအပြီး မရှေးမနှောင်းမှာပဲ ကိုင်ရို၊ အလက်ဇန်းဒြီးယား၊ စူးအက် အပါအ၀င် အဓိကမြို့ကြီးများမှာ တစ်လတာ တိုင်းပြည်အရေးပေါ်ကာလတစ်ရပ် ကြေငြာခဲ့တယ်။ နေ၀င်ချိန်ကနေ နံနက်မိုးသောက်ချိန်ထိ ကာဖျူးအမိန့်ကိုလည်း ထုတ်ပြန်ခဲ့တယ်။ စစ်တပ်ရဲ့အနိုင်ကျင့်မှုအပေါ် ဆက်လက်အမျက်ဖွင့်ပြဦးမယ့် ဆန္ဒပြသူတွေကတော့ အဲ့ဒီကြေငြာချက်နဲ့အမိန့်တွေကို လျစ်လျူရှုထားကြဆဲပါ။
    မွတ်စ်လင်မ်ညီနောင်များအဖွဲ့(ပါတီ)က ဘာကြောင့် ကျရှုံးရသလဲ ?
    ဒီနေရာမှာ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ကျဆုံးခန်းနဲ့ပတ်သက်ပြီး အရှေ့ဂျေရုဆလင်က ပါလက်စတိုင်းလူမျိုး စာရေးဆရာနဲ့ဂျာနယ်လစ်ဖြစ်သူ Maysa Abu Ghannam ရဲ့ သုံးသပ်ချက်အချို့ကို ကြားညှပ်ကောက်နှုတ်ဖော်ပြလိုပါတယ်။
    လက်ရှိဖြစ်ရပ်တွေဟာ မူရ်စီကြောင့် မဟုတ်ပါဘူး။ စင်စစ်မှာတော့ တိုင်းပြည်နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲကြားကာလအတွင်း လူ့အဖွဲ့အစည်းတွေပေါ် သက်ရောက်လေ့ရှိတဲ့ နိုင်ငံရေးအားပြိုင်ချက် တစ်ရပ်လို့သာ ဆိုရပါမယ်။ အာဏာကို မပြတ်ဆုပ်ကိုင်ထားလိုတဲ့ဘက်တော်သားတွေ နဲ့ အာဏာကိုပြန်ရယူလိုတဲ့ဘက်တော်သားတွေအကြားက ပဋိပက္ခမျှသာ ဖြစ်ပါတယ်။
    အီဂျစ်မှာ မိမိအာဏာတည်မြဲနေဖို့ အခြားသူကို တွန်းထုတ်တတ်တဲ့ အစဉ်အလာတွေ ရှိနေခဲ့ပြီးသားပါ။ ကိုယ်ကျိုးစီးပွား၊ ဒေသဆိုင်ရာအကျိုးစီးပွား နဲ့ အပြည်ပြည်ဆိုင်ရာအကျိုးစီးပွားတို့ရဲ့ သုံးပွင့်ဆိုင်ထိပ်စွန်းကိုကြည့်လိုက်ယင် အုပ်ချုပ်စိုးမိုးလိုတဲ့ဆန္ဒ ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီကနေ မိမိပြိုင်ဖက်ကို သစ္စာဖောက် နဲ့ အကြမ်းဖက်ဆိုပြီး စွပ်စွဲပြီးတော့ (ဒါမှမဟုတ်) လွတ်လပ်မှု၊ ဒီမိုကရေစီအမည်နဲ့ တိုင်းပြည်ကိုကာကွယ်တယ်ဆိုပြီးတော့ သတ်ဖြတ်မှုတွေ ဖြစ်ပွားစေလေ့ရှိပါတယ်။
    မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဟာ နိုင်ငံ့လူငယ်ထုအင်အားနဲ့ ဇန္န၀ါရီလ ၂၅ ရက်မှာ အောင်ပွဲခံပြီး အထွဋ်အထိပ်ကို ရောက်ခဲ့တယ်။ သူတို့က လူမှုရေးသာတူညီမျှမှု၊ ဒီမိုကရေစီ စသဖြင့်ကို ဖော်ဆောင်ဖို့ မျှော်မှန်းခဲ့ကြတယ်။ မိမိတို့ စိတ်ကူးနိုင်ငံတော်တည်ဆောက်ကြမယ်လို့ ကြွေးကြော်ခဲ့ကြတယ်။ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေက အရှိတရားအပေါ် အခြေမခံတတ်ကြဘူး။ အစ္စလာမ့်နိုင်ငံရေးမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ရှိတယ်၊ သာသနာ့အလံကို လွှင့်ထူခွင့်ရှိပါတယ်။ ဒါပေမယ့် ဟားမားစ်၊ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ နဲ့ သူတို့ရဲ့မဟာမိတ်အသီးသီးတို့က ယနေ့လူသားတွေဟာ အကြွင်းမဲ့လွတ်လပ်မှုအပေါ်သာ အာသာငမ်းငမ်းဖြစ်နေကြတယ်ဆိုတာကို သတိမပြုမိကြဘူး။ ခရစ်ယာန်သော်လည်းကောင်း၊ ဂျူးသော်လည်းကောင်း၊ အခြားဘာသာဝင်များကိုသော်လည်းကောင်း လမ်းမှားနေသူတွေအဖြစ် စွပ်စွဲဖို့၊ ခွဲခြားဆက်ဆံဖို့၊ အနိုင်ယူထိန်းချုပ်ဖို့အတွက် အစ္စလာမ့်ရွှေခေတ်ကြီးတုန်းကအတိုင်း နေရာမရှိတော့ပါဘူး။ (အစ္စလာမ့်ရွှေခေတ်ကြီးတုန်းက ခွဲခြားဆက်ဆံမှု မရှိခဲ့ဘူး)။
    ယဉ်ကျေးမှု၊ သိပ္ပံ၊ လူ့အခွင့်အရေး အစရှိတဲ့နေရာတွေမှာ အနောက်နိုင်ငံများက ကမ္ဘာ့ဦးဆောင်သူတွေ ဖြစ်နေကြပါပြီ။ ဒါဟာ ခရစ်ယာန်ကျောင်းတော်ဝါဒသုံး အုပ်ချုပ်မှု(သာသနာ့ပဒေသရာဇ်စံနစ်)ကို စွန့်ပစ်လိုက်တာနဲ့တစ်ပြိုင်နက် အောင်မြင်လာကြခြင်းဘဲ ဖြစ်ပါတယ်။ သူတို့ဟာ လူတစ်ဦးချင်းရဲ့ တန်ဖိုး နဲ့ စွမ်းရည်ကို ဦးတည်တန်ဖိုးထားအသိအမှတ်ပြုရာက တစ်ဟုန်ထိုးတိုးတက်လာခဲ့တာပါဘဲ။ ဒါပေမယ့် တစ်ဖက်မှာတော့ ဖန်ဆင်းရှင် နဲ့ လူသားအကြားမှာရှိတဲ့ သာသနာရေးကလည်း သီးသန့်ကိစ္စတစ်ခုလို ဖြစ်သွားပြန်ရော။
    မည်သို့ဆိုစေ သာသနာ့ပဒေသရာဇ်ဆန်တဲ့လုပ်ရပ်များက အစ္စလာမ့်လောကထဲမှာတော့ အမြစ်တွယ်နေဆဲ ဖြစ်တာကို တွေ့ရတယ်။ ဒါတွေဟာ ယနေ့လူ့ဘောင်နဲ့ မကိုက်ညီတော့ပါဘူး။ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က (မဖွယ်မရာ)လုပ်ရပ်တွေနဲ့ လက်ရှိခေတ်မှာ ရှင်သန်နေထိုင်သူတွေလိုမျိုး ဖြစ်နေပါတယ်။ အကယ်၍များ ဒီကနေ့ ဒီအချိန်မှာ တမန်တော်မြတ်(SAW) သက်ရှိထင်ရှားရှိပြီး အစ္စလာမ့်နိုင်ငံတော်ထူထောင်မယ်ဆိုယင် ဓာတုနဲ့နျူကလိယ အစရှိတဲ့ လက်နက်တီထွင်မှုတွေအပေါ် အရေးယူကောင်းယူတော်မူပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ အမျိုးသမီးတွေကို ကားမောင်းနှင်ခွင့် နဲ့ လွတ်လပ်စွာဥပဒေပြုခွင့်ကိုလည်း ပေးတော်မူမှာအမှန်ပါ။
    ပကတိတရားကို မဆုပ်ကိုင်နိုင်မှု၊ အတိတ်မျှော်ပြီး အတွက်အချက်မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံမလုံလောက်မှု၊ ပဋိပက္ခကို စီမံကိုင်တွယ်ရာမှာ အားနည်းမှု၊ အမှောင်ခေတ်ထဲပြန်လည်တွန်းပို့လိုမှုတို့ကြောင့် အီဂျစ်ရဲ့အနေအထားက အလွယ်တကူ လှုပ်ခါသွားတဲ့အတွက် မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဟာ ကျဆုံးခန်း ဆိုက်ရောက်ရခြင်း ဖြစ်ပါတယ်။
    မူရ်စီနဲ့သူ့အစိုးရအဖွဲ့ဖြုတ်ချခံရတာဟာ ဒီအကြောင်းတရားတစ်ရပ်တည်းကြောင့်လို့တော့ မဆိုလိုချင်ပါဘူး။ တခြား အချက်တွေလည်းရှိပါသေးတယ်။ ပထမဆုံးနဲ့အရေးအကြီးဆုံး အချက်ကတော့ သူတို့ရဲ့နည်းလမ်းတွေကို ဒေသတွင်းနဲ့နိုင်ငံတကာက လက်ခံလာအောင် မဆောင်ရွက်နိုင်ခဲ့တာပါဘဲ။ ဘာသာရေးတစ်ခုတည်းကိုသာ အခြေခံတဲ့ အယူအဆဟာ အစွန်းရောက်မှုကို တွန်းပို့ရာလည်း ရောက်သွားတယ်လို့ ဆိုရဦးမှာပါ။
    ဒီအချက်တွေဟာ လူငယ်တော်လှန်ရေး နဲ့ တာမာရော့ဒ် လှုပ်ရှားမှုအပါအ၀င် မူရ်စီကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လာဖို့ တံခါးဖွင့်လှစ်လိုက်သလို ဖြစ်သွားတယ်။ မူရ်စီကတော့ မိမိနိုင်ငံအပေါ် မိမိရဲ့ကိုင်တွယ်မှုက ပိုသင့်လျော်တယ်၊ မိမိဟာ အီဂျစ်ပြည်သူတွေရဲ့တရားဝင်ခေါင်းဆောင်ဖြစ်နေသေးတယ် ဆိုပြီး ယုံကြည်နေဆဲ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း လူတွေက မိမိကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးရေးအတွက် တိုက်ပွဲဝင်လာပြီဆိုယင် ဖွဲ့စည်းပုံဥပဒေတစ်ရပ် နဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးရတော့မှာဖြစ်ကြောင်း ကျွန်တော်တို့ကို သမိုင်းအဆက်ဆက်က သင်ခန်းစာပေးထားတယ် မဟုတ်လား။
    ဘာသာရေး၊ လောကီရေးဆိုင်ရာ ဘယ်လူ့အဖွဲ့အစည်းမှာဖြစ်ဖြစ် ပါဝင်နေကြတဲ့ မွတ်စ်လင်မ်တွေ၊ ခရစ်ယာန်တွေ၊ ကွန်မြူနစ်တွေ အားလုံးဟာ လူသားတွေသာဖြစ်တယ်လို့ ကျွန်တော်တို့ အသိအမှတ်ပြုလက်ခံကြရမှာ ဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ ခွဲခြားမှုတွေ ပြုလာပြီဆိုယင်တော့ မူရ်စီကြုံရတဲ့လမ်းကြောင်းကို ရောက်ကြဖို့ဘဲ ရှိပါတယ်။
    စစ်တပ်ကိုကျောထောက်နောက်ခံပြုပြီး နိုင်ငံရေးအာဏာသိမ်းမှုတွေက အီဂျစ်ရာဇ၀င်မှာ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ အီဂျစ်နိုင်ငံရေးအပြောင်းအလဲတွေကို လေ့လာနေတဲ့ သုတေသီများအဖို့ ဒီပုံဟန်မျိုးက မဆန်းကြယ်လှပေဘူး။ အီဂျစ်မှာ စစ်တပ်က အခရာအကျဆုံးကဏ္ဍမှာ ပါဝင်နေတယ်လေ။ ဒါကြောင့် စစ်တပ်ကို ညက်ညက်ညောညောနဲ့ကောင်းစွာ မကိုင်တွယ်နိုင်ဘူးဆိုယင် ဘယ်အရွေးချယ်ခံသမ္မတမှ နိုင်ငံကို အုပ်ချုပ်သွားနိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ပြည်သူ့ရွေးချယ်မှုတစ်ခုတည်းကိုသာ အားပြုခဲ့တာက မူရ်စီရဲ့ ပထမဆုံးနဲ့နောက်ဆုံးအမှားအယွင်း ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း သူဟာ အလွယ်တကူ ဖယ်ရှားခြင်း ခံလိုက်ရတာပါဘဲ။  စစ်တပ်အခြေပြု နိုင်ငံတစ်ခုဟာ တခြားဘယ်အင်အားစုကိုမှ အသာမပေးတတ်တဲ့ သဘာဝရှိနေပါတယ်လို့ဘဲ နိဂုံးအားဖြင့် တင်ပြလိုက်ရပါတယ်။
    ( အောက်ဖော်ပြပါသတင်းဆောင်းပါး “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင် ပေါင်းစပ်ပြန်ဆိုထားခြင်း ဖြစ်သည် )
    ကိုးကား
    ၁။  World powers slam Egypt carnage; deaths surpass 500
    http://www.arabnews.com/news/461313
    ၂။  Egypt vows lethal response ahead of nationwide ‘March of anger’
    http://rt.com/news/egypt-violence-un-protest-551/
    ၃။  Understanding the failure of the Muslim Brotherhood
    http://www.i24news.tv/en/mobile#content/3323
  • မွတ်စလင်မ်နိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးအရ သပိတ်မှောက်ရန် ကမ္ဘာကျော် အလ်အဇ်ဟရ်တက္ကသိုလ် အကြီးအကဲပြော
    ဇွန်-၁၆၊၂၀၁၃
    M-Media
    ကိုင်ရို ၊ အီဂျစ်။       ။ IINA ၏ တင်ပြချက်များအရ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအပေါ် ထပ်မံကျူးလွန်သည့်ပြစ်မှုများကို ကာကွယ် တားဆီးရန်အတွက် လက်တွေ့ကျသော အဆင့်များ စတင်ပြုလုပ်သင့်ပြီဟု အလ်အဇ်ဟရ် တက္ကသိုလ် အကြီးအမှူးက ပြောဆိုလိုက်သည်။
    Ahmed Al-Tayyeb
    အလ်အဇ်ဟရ် အကြီးအမှူး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဗ် နှင့် အီဂျစ်သမ္မတ မော်စီ
    မြန်မာအစိုးရ၏ အုပ်ချုပ်ပုံအပေါ် ဖိအားပေးရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဤသည်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ပညာရှင်များ ညီညွတ်သွေးစည်းရန် လိုအပ်ကြောင်း၊ မွတ်စ်လင်မ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်မြောက်မှုမှာ ညီညွတ်မှု အရှိန်မြှင့်တင်ခြင်း နှင့် သဘောကွဲလွဲနေမှုများမှ ရှောင်ကြဉ်ခြင်း၌ တည်မှီနေကြောင်း အလေးအနက်ထား ပြောဆိုခဲ့သည်။
    အလ်သွိုင်ယစ်ဗ်ကိုယ်တိုင်လည်း  မြန်မာမွတ်စ်လင်မ်တို့၏အနေအထားကို လေ့လာအကဲဖြတ်ရန် မြန်မာနိုင်ငံသို့ များမကြာမီလာရောက်ဖို့ပြင်ဆင်ထားကြောင်း သတင်းများအရ သိရသည်။
    Ref:Ahlul Bayt News Agency
  • အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်
    အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်
    စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂
    Source: BBC
    Photo http://www.washingtonpost.com
    မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ နေတာကို လက်မခံနိုင်ဘူးလို့ အီဂျစ် သမ္မတသစ် မုဟမ္မဒ်မော်စီက ပြောကြား လိုက်ပါတယ်။
    ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။
    ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။သမ္မတ မော်စီက အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။
    အစ္စလာမ် ဘာသာ ကြောက်ရွံ့မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ သူက ဆိုပါတယ်။