News @ M-Media
Tag: Egypt
  • အလ် ဆမာဟာ (သို့)  အီဂျစ်က အမျိုးသားဝင်လို့မရတဲ့ အမျိုးသမီးစံပြရွာ
    အလ် ဆမာဟာ (သို့) အီဂျစ်က အမျိုးသားဝင်လို့မရတဲ့ အမျိုးသမီးစံပြရွာ
    ဇန်န၀ါရီ ၂၉၊ ၂၀၁၈
    M-Media
    – အလ် ဆမာဟာဆိုတဲ့ ရွာလေးဟာ အီဂျစ်နိုင်ငံက အမျိုးသမီးတွေ သီးသန့်နေထိုင်တဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။
    လက်ရှိမှာ အမျိုးသမီး ၃၀၃ ဦး နေထိုင်ပြီး အမျိုးသားတွေ ၀င်ရောက်မှုကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတွေဟာ ရွာထဲက ချက်ခြင်း ပြောင်းပေးရပါတယ်။
    အဲဒီရွာလေးဟာ နိုင်ငံတောင်ပိုင်း အက်စ်ဝမ်မြို့က ကီလိုမီတာ ၁၂၀ အကွာ အဒ်ဖူမြို့မှာ တည်ရှိတာပါ။
    ဒီရွာလေးကို အစိုးရက မုဆိုးမတွေ၊ တစ်ခုလပ်တွေအတွက် သတ်မှတ်ပေးထားတာဖြစ်ပြီး သူတို့ရဲ့ ၀င်ငွေအတွက် လယ်ယာစိုက်ပျိုးဖို့၊ ကြက်မွေးမြူရေး၊ ကျွဲနွားမွေးမြူရေးတွေလုပ်ဖို့ ခွင့်ပြုထားပါတယ်။
    “စိုက်ပျိုးရေးဝန်ကြီးဌာနက တစ်ခုလပ်တွေနဲ့ မုဆိုးမတွေ သီးသန့်နေထိုင်ဖို့အတွက် ၁၉၉၈ ခုနှစ်မှာ ဒီရွာစီမံကိန်းကို စတင်ခဲ့တာပါ” လို့ ရွာကို ကြီးကြပ်သူ ဟမ်ဒီ အလ်-ကာရှက်ဖ်က ပြောကြားခဲ့ပါတယ်။
    အမျိုးသားတွေမရှိဘဲ အမျိုးသမီးတွေသာ ကလေးတွေနဲ့ နေထိုင်တယ်လို့လည်းသူက ပြောပါတယ်။
    မိသားစုတစ်ခုကို စိုက်ပျိုးမြေ ၆ ဧက အစိုးရကပေးထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စီမံကိန်းဖော်ဆောင်သူတွေကလည်း အခြားအကူအညီတွေ ပေးနေပါတယ်။
    ဒီအမျိုသမီးတွေအတွက် အိမ်ထောင်ပရိဘောဂ၊ လယ်ယာသုံးပစ္စည်းတွေနဲ့ ရေတိုချေးငွေတွေကိုလည်း အစိုးရက ထုတ်ပေးပါတယ်။ မိသားစုတစ်စုစီအတွက် တစ်ထပ်အိမ်ကလေးတွေကို အစိုးရက ဆောက်ပေးပြီး နေထိုင်သူတွေက နောက်ပိုင်းမှာ အရစ်ကျ ပြန်ဆပ်ရပါတယ်။
    နေထိုင်သူအမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ပြုလိုက်ရင်တော့ မြေနဲ့အိမ်ကို အစိုးရက ပြန်သိမ်းတယ်လို့ အလ်-ခါရှက်ဖ်က ပြောပါတယ်။ ကြံကလွဲလို့ အခြားသီးနှံအားလုံးကို ဒီအမျိုးသမီးတွေက စိုက်ပျိုးနိုင်ပြီး ဒီအချက်ကို မလိုက်နာရင် အစိုးရက ဓာတ်မြေသြဇာ ထုတ်မပေးပါဘူး။
    ဒီစီမံကိန်းဟာ မိသားစု ဆုံးရှုံးသွားသူတွေ အနာဂတ်မပျောက်ဖို့၊ ကလေးတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိနေတဲ့ အမျိုးသမီးတွေကို ကူညီဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    Ref: Alarabiaya
  • အီဂျစ်အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဒုတိယသက်တမ်းအတွက် ၀င်အရွေးခံမည်
    အီဂျစ်အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဒုတိယသက်တမ်းအတွက် ၀င်အရွေးခံမည်
    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media
    – အီဂျစ် စစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်ပြီး လက်ရှိတွင် သမ္မတအဖြစ် တ၀န်ထမ်းဆောင်နေသည့် အဘ်ဒဲလ် ဖာတာ အလ်-စီစီက လာမည့်မတ်လတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောကြားလိုက်သည်။
    ယမန်နေ့က ရုပ်သံမှပြုလုပ်သည့် အစည်းအဝေးတွင် ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ်က စတင်ခဲ့သည့် ‘ဒီမိုကရေစီ အတွေ့အကြုံကို နိုင်ငံသားများအတွက် ထိန်းသိမ်းထားရန်’ အရေးကြီးသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    အီဂျစ် သမ္မတရွေးကောက်ပွဲကို မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်သူများမှာ ဇန်န၀ါရီ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း စာရင်းပေးရမည်ဖြစ်သည်။
    လက်ရှိတွင် လူ့အခွင့်အရေး လှုပ်ရှားသူနှင့် အတိုက်အခံခေါင်းဆောင် ခါလစ် အလီ၊ အီဂျစ် အာကာသ သိပ္ပံပညာရှင် အက်စမ် ဟက်ဂီတို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြေငြာထားသည်။
    အလ်-စီစီဦးဆောင်သည့် စစ်တပ်မှာ အီဂျစ်သမိုင်းတွင် ဒီမိုကရေစီနည်းကျ ပထမဆုံး တင်မြှောက်ခံရသည့် မိုဟာမက် မော်စီကို ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချကာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရကာ သမ္မတဖြစ်လာခဲ့သည်။
    Ref : Aljazeera
  • နိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘုရားကျောင်း ၃၀၀၀ ကျော်ကို အီဂျစ်က တရားဝင် အသိအမှတ်ပြုမည်
    နိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘုရားကျောင်း ၃၀၀၀ ကျော်ကို အီဂျစ်က တရားဝင် အသိအမှတ်ပြုမည်
    ဇန်န၀ါရီ ၁၂၊ ၂၀၁၈
    M-Media
    အီဂျစ်မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခု
    – နိုင်ငံအတွင်းက ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံမှုကြောင့် အီဂျစ်ဟာ အစိုးရထံမှာ ၀တ်ပြုရာနေရာအဖြစ် တရားဝင် စာရင်းမသွင်းရသေးတဲ့ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၃၀၀၀ ကျော်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပေးလိုက်ပါတယ်။
    အီဂျစ် ခရစ်ယာန်အသင်းတော်တွေအားလုံးက ကိုယ်စားလှယ်တွေပါဝင်ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ဖွဲစည်းခဲ့တဲ့ အဖွဲ့က ၂၀၁၆ ခုနှစ် ခရစ်ယာန်ဘုရားကျောင်းများ တည်ဆောက်ရေးဥပဒေအရ တရားဝင် စာရင်းမသွင်းရေးသေးတဲ့ ဘုရားကျောင်းတွေကို အသိအမှတ်ပြုပေးဖို့ အခုတစ်ပတ်အစောပိုင်းမှာ အီဂျစ်အစိုးရထံ တောင်းဆိုခဲ့တာပါ။
    ကော့ပတစ် အော်သိုဒေါ့စ်အသင်းတော်က နိုင်ငံတစ်ဝှမ်း အသိအမှတ်ပြုဖို့ လိုအပ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ၀တ်ပြုဆောင်စာရင်း ၂၆၀၀၊ အင်ဂလီကန် အသင်းတော်က ၄၅၀၊ ကက်သလစ်အသင်းတော်က ၁၂၀ အသီးသီး အစိုးရကို ပေးအပ်ခဲ့ပါတယ်။
    အီဂျစ်ဟာ အရင်က ၀တ္တကနယ်မြေအဖြစ် စာရင်းမသွင်းရသေးတဲ့ ဘုရားကျောင်းတစ်ချို့ကို အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့် အခုမေတ္တာရပ်ခံမှု ပြီးတဲ့နောက်ပိုင်းမှာတော့ ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။
    “ကျွန်တော်တို့ အသင်းတော်ဟာ ၂၀၁၆ ခုနှစ် ဥပဒေအရ အသိအမှတ်ပြုဖို့လိုနေတဲ့ ဘုရားကျောင်း ၂၆၀၀ စာရင်းကို ပေးထားပါတယ်။ အသုံးပြုဖို့ ခွင့်ပြုချက်မရတဲ့အခါ အစိုးရဆီကနေ ဖြေရှင်းချက် တောင်းခဲ့ပါတယ်။ အစိုးရက အသိအမှတ်ပြုရေးလုပ်ငန်းစဉ် မပြီးဆုံးသေးပေမယ့်လည်း စာရင်းပါ ဘုရားကျောင်းတွေမှာ ပုံမှန် ၀တ်ပြုနိုင်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်” လို့ အော်သိုဒေါ့စ်အသင်းတော်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘိရှော မီခေးလ် အန်တွန်က ပြောကြားခဲ့ပါတယ်။
    လူနည်းစုခရစ်ယာန်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အစိုးရက ဒီလို အာမခံပေးခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကြောင့် IS အစွန်းရောက်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အီဂျစ်ခရစ်ယာန်တွေမှာ ရှိနေပါတယ်။
    အီဂျစ်က ကော့ပတစ်ခရစ်ယာန်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်ခံစားလာခဲ့ရပါတယ်။
    Ref: Alarabiya
  • ပထမဆုံး ဒီမိုကရေစီ သမ္မတဟောင်းကို အီဂျစ်က ထောင် ၃ နှစ် ထပ်ချ
    ပထမဆုံး ဒီမိုကရေစီ သမ္မတဟောင်းကို အီဂျစ်က ထောင် ၃ နှစ် ထပ်ချ
    ဒီဇင်ဘာ ၃၁၊ ၂၀၁၇
    M-Media
    – အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတဖြစ်လာခဲ့သည့် သမ္မတဟောင်း မိုဟာမက် မော်စီအား အီဂျစ်တရားရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်သည်ဟု သိရသည်။
    ၂၀၁၁ ခုနှစ် လူထုတော်လှန်ရေးတွင် အာဏာရှင် မိုဘာရက် ပြုတ်ကျခဲ့ပြီးနောက် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မော်စီမှာ သမ္မတဖြစ်လာခဲ့သည်။
    သို့သော်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး မော်စီ၏ မွတ်စလင်ဘရားသားဟုဒ်ပါတီကို တရားမ၀င်ပါတီအဖြစ် ကြေငြာကာ ပါတီဝင်များအပါအ၀င် လူသောင်းချီကို အာဏာသိမ်းအစိုးရက ဖမ်းဆီးခဲ့သည်။
    မော်စီမှာ လက်ရှိတွင် ၎င်း၏ ယခင် ထောင်ဒဏ် ၄ နှစ်ကို ကျခံနေရသည်မှာ တစ်နှစ် ကြာမြင့်နေပြီဖြစ်ပြီး၊ သမ္မတအဖြစ် တာဝန်ယူစဉ်က ပြောကြားသော မိန့်ခွန်း၌ တရားရေးစနစ်ကို အသရေဖျက်သည်ဆိုသည့် အမှုဖြင့် ယမန်နေ့တွင် ကိုင်ရိုမြို့ ရာဇ၀တ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့သည်။
    ထို့ပြင် မော်စီက စွပ်စွဲပြောကြားခဲ့သည်ဆိုသော တရားသူကြီးအား အီဂျစ်ပေါင် တစ်သန်း (ဒေါ်လာ ၅၆၂၇၀) နစ်နာကြေးပေးရန်လည်း အမိန့်ချခဲ့သည်။
    မော်စီနှင့်အတူ အခြား ၁၉ ယောက်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရကာ ထင်ရှားသည့် ဒီမိုကရက်တစ် လှုပ်ရှားမှုခေါင်းဆောင် အေလာ အဘ်ဒဲလ်-ဖာတာအပါအ၀င် အခြား ၅ ဦးမှာ ဒဏ်ငွေ အီဂျစ်ပေါင် ၃ သောင်း ပေးဆောင်ရန် တရားရုံးက အမိန့်ချခဲ့သည်။
    Ref: Aljazeera
  • အီဂျစ်ရှိ ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရ၊ လူ ၁၀ ဦး သေဆုံး
    အီဂျစ်ရှိ ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရ၊ လူ ၁၀ ဦး သေဆုံး
    ဒီဇင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    – အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရှိ ကော့ပတစ်ခရစ်ယာန်ဘုရားကျောင်းကို သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
    ကိုင်ရိုတောင်ပိုင်း ဟဲလ်ဝန်မြိုရှိ Mar Mina ဘုရားကျောင်းဖြစ်ပြီး သေနတ်သမားမှာ လုံခြုံရေးယူထားသည့် တပ်ဖွဲ့ဝင်များကို ပစ်ခတ်ကာ အတွင်းသို့ ၀င်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်သမားကို အသေပစ်သတ်ခဲ့သည်။
    တိုက်ခိုက်မှုကို ပြုလုပ်သည့် သေနတ်သမားမှာ ၂ ဦးဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့ပြီး သေဆုံးသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။
    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ IS အကြမ်းဖက်အဖွဲ့မှာ ယခုနှစ်အတွင်း အီဂျစ်ရှိ ကော့ပတစ်ခရစ်ယာန်များကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
    မေလတွင် အီဂျစ်နိုင်ငံအလယ်ပိုင်းရှိ ဘုရားကျောင်းတစ်ခုသို့ သွားရောက်နေသည့် ခရစ်ယာန်များကို လက်နက်ကိုင်အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့သောကြောင့် ၃၉ ဦး သေဆုံးခဲ့သည်။ ဧပြီလကလည်း Palm Sunday ပွဲတော်ရက်အတွင်း ခရစ်ယာန်ဘုကျောင်း ၂ ခု ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။
    Ref: Aljazeera