News @ M-Media

Tag: Egypt

  • အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကို ချေချင်းညာက ဂုဏ်ထူးဆောင်နိုင်ငံသားပေး

    အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကို ချေချင်းညာက ဂုဏ်ထူးဆောင်နိုင်ငံသားပေး

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    – အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ရုရှားနိုင်ငံတောင်ပိုင်း ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်လိုက်ပါတယ်။

    ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ အီဂျစ်အသင်းအတွက် မနေ့က နှုတ်ဆက် ညစာစားပွဲ လုပ်ပေးစဉ်အတွင်း ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်က ဒီလို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

    ဆာလာဟ်ကို နိုင်ငံသားအဖြစ်သတ်မှတ်ကြောင်း ကြေငြာချက် မိတ္တူ၊ အမည်ရေးထိုးထားတဲ့ ငွေသားတံဆိပ်နဲ့ ချေချင်းညာအခြေစိုက် ဘောလုံးအသင်း FC Akhmat Grozny ရဲ့ ဂျာစီအင်္ကျီတစ်ထည်တို့ကို ပေးအပ်ခဲ့ပါတယ်။

    ဂုဏ်ပြုညစာစားပွဲမှာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးတဲ့နောက် ကာဒီရော့ဗ်က ချေချင်းညာအလံငယ်ကို ဆာလာဟ်ရဲ့ လေ့ကျင့်ရေးဂျာစီမှာ စိုက်ပေးခဲ့ပါတယ်။

    “မိုဟာမက် ဆာလာဟ်ဟာ ချေချင်းပြည်သူ့သမ္မတနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသား ဖြစ်သွားပါပြီ။ ဟုတ်ပါတယ်။ ကြီးကျယ်တဲ့ကစားသမားဖြစ်ပြီး အီဂျစ်နဲ့ လီဗာပူးလ်ကစားသမား ဖြစ်သူကို ဒီလိုအမြင့်ဆုံးဆု ချီးမြှင့်တဲ့ အမိန့်တစ်ခုကို ဒီညမှာ ကျွန်တော် လက်မှတ်ထိုးလိုက်ပါပြီ” လို့ ကာဒီရော့ဗ်က Telegram မှာ ရေးသားခဲ့ပါတယ်။

    အီဂျစ်အသင်းဟာ ချေချင်းညာမြို့တော် ဂရိုဇ်နီမှာရှိတ့ ဂျာမေဗလီကြီးက သောကြာနေ့ စုပေါင်း ၀တ်ပြုဆုတောင်းမှုမှာလည်း ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အီဂျစ်တိုက်စစ်မှူး ဆာလာဟ် ရုရှားနှင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေ

    အီဂျစ်တိုက်စစ်မှူး ဆာလာဟ် ရုရှားနှင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေ

    ဇွန် ၁၈၊ ၂၀၁၈
    M-Media

    လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် ဆာလာဟ်

    – ပုခုံးဒဏ်ရာကြောင့် အနားယူနေရတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ မနက်ဖြန်ကစားမယ့် ရုရှားနဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

    ဆာလာဟ်ဟာ ပြီးခဲ့တဲ့လ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရရှိကာ အနားယူနေရပြီး ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။

    သူရဲ့အေးဂျင့်နဲ့ အီဂျစ်အသင်းရဲ့ ဆရာဝန်တို့က လက်ရှိ ဆာလာဟ်ရဲ့အခြေအနေဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆာလာဟ်ဟာ လေ့ကျင်ရေးတစ်ခုလုံးမှာ အသင်းဖော်တွေနဲ့အတူ ပါဝင်ခဲ့ပြီး၊ ရုရှားနဲ့ပွဲ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်” လို့ အီဂျစ်နည်းပြ အီဟဘ် လီဟီတာက ပြောကြားခဲ့ပါတယ်။

    ဥရုဂွေးနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အီဂျစ်ဟာ ၈၉ မိနစ်အထိ ဂိုးမရှိသရေ ကစားနိုင်ခဲ့ပြီးမှ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။

    လီဟီတာက ပထမပွဲ ရှုံးထားတာကြောင့် ရုရှားနဲ့ပွဲဟာ မိမိတို့အတွက် အရေးပါကာ ခက်ခဲမယ့်ပွဲဖြစ်ကြောင်း၊ မဖြစ်မနေ အနိုင်ရဖို့လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Arabnews

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇွန် ၅၊ ၂၀၁၈
    M-Media

    အင်္ဂလိန် ထိပ်သီးကလပ်တွင် လုပ်ခ ၁ ပေါင်တည်းဖြင့် ကစားရန် ယာယာတိုးယေး ဆန္ဒရှိ
    ==============
    မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုးယေးဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း ၆ သင်းက ဘယ်အသင်းမှာမဆို လုပ်ခ ၁ ပေါင်သာယူပြီး ဂွါဒီယိုလာမှားကြောင်း သက်သေပြချင်နေတယ်လို့ သူ့ရဲ့ အေးဂျင့်က ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာမှာ ဂွါဒီယိုယာလက်ထက်က မန်စီးတီးကို ရောင်းထုတ်ခံလိုက်ရတဲ့ တိုးယေးဟာ မန်စီးတီးကို ဂွါဒီယိုလာ ရောက်လာချိန်မှာလည်း နေရာပျောက်ခဲ့ပါတယ်။ ဒါ့ကြောင့် လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အေးဂျင့် ဆီလုက်က တိုးယေးကို ကမ်းလှမ်းထားတဲ့အသင်း တော်တော်များများ ရှိနေပေမယ့် တိုးယေးကတော့ မန်ယူအပါအ၀င် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေမှာ လုပ်ခ ၁ ပေါင်တည်းနဲ့ ကစားပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ကြေငြာခဲ့ပါတယ်။

    ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒို လက်ရှိလစာထက် သန်း ၃၀ ပိုလိုချင်နေ
    ============
    ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းမှာ ဆက်ရှိနေဖို့အတွက် တစ်နှစ်လစာ ယူရို ၇၅ သန်းလောက် လိုချင်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးတဲ့နောက် ရော်နယ်ဒိုက သူဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။ အခုတောင်းဆိုတယ်ဆိုတဲ့ပမာဏဟာ လက်ရှိလစာထက် ယူရို သန်း ၃၀ ပိုများနေသလို သူ အသက် ၃၉ နှစ်အရွယ် ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် ၆ နှစ်တာ စာချုပ်သစ်ကိုလည်း ရော်နယ်ဒိုက ချုပ်ဆိုချင်နေပါတယ်။

    တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ကမ္ဘာ့ဖလား အီဂျစ်လူစာရင်းတွင် ပါဝင်လာ
    ==============
    ပြီးခဲ့တဲ့လ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုခုံးဒဏ်ရာရပြီး အနားယူနေရတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ မနေ့ကထုတ်ပြန်တဲ့ အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်လာပါတယ်။ လီဗာပူးလ်အသင်း ဆေးအဖွဲ့ဝင်တစ်ဦးက ဆာလာဟ်ဟာ ၃၊ ၄ ပတ်လောက် နားရမယ်လို့ ပြောကြားထားပြီး ဇွန်လ ၂၅ ရက်နေ့ကစားမယ့် ဆော်ဒီနဲ့ အုပ်စုပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ ဆာလာဟ်ကတော့ သူ ဂျင်မ်ကစားနေတဲ့ပုံကို တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီး ‘ပျော်နေတယ်’ လို့ ရေးသားခဲ့ပါတယ်။

    Ref: Goal, BBC

  • လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်

    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်

    မေ ၂၇၊ ၂၀၁၈
    M-Media

    – ဒီနေ့မနက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ၂ လလောက် အနားယူရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။

    ရီးယဲလ်က ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ အဲဒီပွဲ ပထမပိုင်း မိနစ် ၃၀ မှာပဲ ဆာလာဟ်ဟာ ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်ပုံကြောင့် ပုခုံးဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။

    ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ဆာလာဟ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်နိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ် EFA က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဇွန်လ ၁၅ ရက်နေ့ ဥရုဂွေးနဲ့ကစားမယ့် အုပ်စုအဖွင့်ပွဲမတိုင်ခင် ပြန်လည်သက်သာလာဖို့ မျှော်လင့်ချက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့ ဥက္ကဌ အလ်-ရှိခ်က ဆာလာဟ်ရဲ့ဒဏ်ရာဟာ ၂ လလောက် နားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ အာရပ်စတား မိုဟာမက် ဆာလာဟ်ဟာ ဒဏ်ရာကြောင့် ၂ လောက်နားရမယ်လို့ စိတ်မကောင်းစွာနဲ့ပဲ အတည်ပြုပါတယ်။ ဒါ့ကြောင့် သူဟာ ကမ္ဘာ့ဖလားကို လွဲချော်မှာ ဖြစ်ပါတယ်”

    ရှေရှည်မှာ အန္တရာယ်ရှိနိုင်တာကြောင့် လီဗာပူးလ်အသင်းဟာ ဆာလာဟ်ကို ကမ္ဘာ့လားပြိုင်ပွဲ လွှတ်မှာ မဟုတ်ဘူးလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဟာ အီဂျစ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေတာလည်း ဖြစ်ပါတယ်။

    Ref: Goal

  • အီဂျစ်ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်က ပထမဆုံး သံပြိုင်ဂီတအဖွဲ့တစ်ခု ဖွဲ့စည်း

    အီဂျစ်ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်က ပထမဆုံး သံပြိုင်ဂီတအဖွဲ့တစ်ခု ဖွဲ့စည်း

    မေ ၂၂၊ ၂၀၁၈
    M-Media

    – အီဂျစ်နိုင်ငံက နာမည်ကျော် အစ္စလာမ့်တက္ကသိုလ် အလ်အဇ်ဟာရ်ဟာ ပထမဆုံးအကြိမ်ဖြစ် သံပြိုင်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ဖျော်ဖြေမှုတွေ ပြုလုပ်နေပါတယ်။

    ကျောင်းသား ၈ ဦးနဲ့ ကျောင်းသူ ၈ ဦးတို့ပါဝင်တဲ့ အဲဒီသံပြိုင်အဖွဲ့ဟာ ဧပြီလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ အနုပညာနဲ့ တီထွင်ဖန်တီးမှုပွဲတော်မှာ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီပွဲတော်ကို အလ်-အဇ်ဟာရ်တက္ကသိုလ်ရဲ့ အစည်းအဝေးစင်တာမှာ ကျင်းပတာဖြစ်ပြီး တက္ကသိုလ်ရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

    သံပြိုင်အဖွဲ့ရွေးချယ်ရေးမှာ ကျောင်းသား ၆၀၀ နီးပါးလောက် ပါဝင်ခဲ့ကြပါတယ်။ အဲဒီ သံပြိုင်အဖွဲ့ဟာ တက္ကသိုလ်ကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ လက်ရှိရွေးချယ်ထားတဲ့ ၁၆ ယောက်ဟာ အသက် ၁၉ နှစ်ကနေ ၂၂ နှစ်အရွယ်ရှိသူ လူငယ်တွေပါ။

    သူတို့ကိုလေ့ကျင်ပေးဖို့အတွက် နာမည်ကျော် အနုပညာရှင်တစ်ဦးကို ခန့်အပ်ထားပြီး၊ ပုဂ္ဂလိက တက္ကသိုလ်က ဆရာတစ်ဦးနဲ့အတူ တွဲသင်ပေးမှာ ဖြစ်ပါတယ်။

    မတ်လမှာ အီဂျစ် လူငယ်နဲ့ အားကစားဝန်ကြီးဌာနက ပြုလုပ်တဲ့ ဂီတပြိုင်ပွဲ Ibda’a- Creativity ကို အလ်-အဇ်ဟာရ်က အဲဒီအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရရှိခဲ့ပါတယ်။

    အဖွဲ့ကို ဂီတလောကမှာ နှစ်ပေါင်း ၄၀ ကျော် ကျင်လည်လာခဲ့တဲ့ နာမည်ကျော် ဂီတပညာရှင် ဟာဆန် ဖစ်ကရီက ဦးဆောင်တာ ဖြစ်ပါတယ်။

    အလ်-အဇ်ဟာရ်တက္ကသိုလ်ဟာ အနုပညာနဲ့ တီထွင်ဖန်တီးမှုပိုင်းကို စိတ်ဝင်စားနေပြီး တက္ကသိုလ်ရဲ့ ဒုတိယအကြီးအကဲ အဘတ်စ် ရှိုမန်က သူတို့တက္ကသိုလ်အနေနဲ့ အနုပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မဆန့်ကျင်ဘဲ ပြည်သူတွေက လက်ခံဖို့ပဲလိုတယ်လို့ အနုပညာနဲ့ တီထွင်ဖန်တီးမှုပွဲတော် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Alarabiya