News @ M-Media
Tag: EPL 2015-16
  • ထိုင်းနိုင်ငံရောက် လက်စတာအသင်းကို ထိုင်းပြည်သူများ တစ်ခဲနက်ကြိုဆို
    ထိုင်းနိုင်ငံရောက် လက်စတာအသင်းကို ထိုင်းပြည်သူများ တစ်ခဲနက်ကြိုဆို
    မေ ၁၈၊ ၂၀၁၆
    M-Mediaြ
    thai
    – ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားသည့် လက်စတာအသင်းမှာ ယနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ထိုင်းပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
    တစ်ရာသီလုံးတွင် ၃ ပွဲသာ ရှုံးခဲ့သည့် လက်စတာမှာ ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ဒုတိယနေရာမှ အာဆင်နယ်အား ၈ မှတ်ဖြတ်နိုင်ခဲ့သည်။ နည်းပြ ရာနီယေးရီနှင့် အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်တို့ ခေါင်းဆောင်သည့် လက်စတာအသင်းမှာ ခြေစမ်းခရီးအဖြစ် ယနေ့တွင် ဘန်ကောက်ရှိ သုဝဏ္ဍဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။
    လက်စတာ၏ ရှယ်ယာအများစုကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် King Power က ပိုင်ဆိုင်ထားပြီး လက်စတာအသင်းမှာ ထိုင်းနိုင်ငံတွင်အခြားသော ပရီးမီးယားလိဂ်အသင်းများထက် ပိုမိုအားပေးမှုကို ရရှိသည့်အသင်းဖြစ်သည်။
    “အရင်က ထိုင်းကိုလာတဲ့အခါမှာ ထူးခြားတဲ့ ကြိုဆိုဧည့်ခံမှုကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ကတော့ ဘာနဲ့မှကို မတူပါဘူး။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့ ဒီကိုလာရတဲ့အတွက် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပိုင်ရှင်တွေအတွက် ဘယ်လောက်တောင် အဓိပ္ပါယ်ရှိမလဲဆိုတာကိုလည်း ကျွန်တော်တို့သိပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံး အသင်းအတွက်၊ ကစားသမားတွေအတွက် အများပြီး လုပ်ပေးခဲ့ပါတယ်” ဟု အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်က ပြောကြားခဲ့သည်။
    Ref: Goal
  • တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို လက်စတာနည်းပြ ရရှိ
    တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို လက်စတာနည်းပြ ရရှိ
    မေ ၁၇၊ ၂၀၁၆
    M-Media
    LMA
    – အင်္ဂလန်ရှိ အမှတ်ပေးလိဂ်နည်းပြများအသင်း LMA က ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း၏ နည်းပြ ကလော်ဒီယို ရာနီယေးရီက ရရှိခဲ့သည်ဟု သိရသည်။
    ရာနီယေးရီမှာ ပြီးခဲ့သည့် ၁၂ လအရင်က တန်းဆင်းဇုန်၌ ရုန်းကန်ခဲ့ရသည့် လက်စတာကို ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အားကစားသမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
    LMA က ရွေးချယ်ပေးအပ်သည့် အဆိုပါဆုကို ရရှိခဲ့ခြင်းကြောင့် ရာနီယေးရီမှာ အာဆင်ဝင်းဂါးနောက်ပိုင်း ထိုဆုကို ရရှိခဲ့သည့် ဗြိတိန်မဟုတ်သော ဒုတိယမြောက် နိုင်ငံခြားနည်းပြ ဖြစ်လာခဲ့သည်။ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးအဖြစ် Brighton and Hove Albion နည်းပြ ခရစ် ဟူတန်က ရရှိခဲ့သည်။
    မြောက်အိုင်ယာလန်အသင်းအား ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မီခေးလ် အိုနီးလ်ကမူ LMA ၏ အထူးဆုကို ရရှိခဲ့သည်။
    Ref: Goal
  • ၀င်းဂါး၏ အာဆင်နယ်အနာဂတ် မသေချာတော့
    မေ ၁၄၊ ၂၀၁၆
    M-Media
    winger
    – အသင်းနှင့် သက်တမ်းတိုးရန် သေချာသည့်အစီအစဉ် မရှိသေးဘဲ ထိုကိစ္စအတွက် ဆွေးနွေးမှုကို လာမည့်ရာသီကုန်အထိ ပြုလုပ်သွားမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ထို့ပြင် ပရိတ်သတ်များက ၀င်းဂါးအပေါ် စိတ်ပျက်မှုမှာ ၎င်းတာဝန်ယူခဲ့သည့် နှစ် ၂၀ အတွင်း အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီး ၀င်းဂါးကိုယ်တိုင်ကလည်း ၂၀၁၇ အလွန် အသင်း၌ ဆက်ရှိနေရေး သေချာသည့် ဆုံးဖြတ်ချက်မျိုး မရှိပေ။
    “တော်တ်ာနောက်ကျတဲ့အချိန်အထိ ကျွန်တော် စောင့်သွားမှာပါ။ နောက်ရာသီအကုန်အထိ အသင်းနဲ့ မဆွေးနွေးဘူးလားဆိုရင်တော့ – အမှန်ပါပဲ။ ဒါဟာ ကျွန်တော့်အတွက်မဟုတ်ဘဲ အသင်းအတွက်လည်း ပါပါတယ်။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက အသင်းအတွက် တတ်နိုင်သလောက် ပေးဆပ်ဖို့ဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော် ဘယ်အဆင့်မှာရှိလဲ အသင်း ဘယ်နေရာမှာရှိလဲဆိုတာကို ကြည့်ရပေါ့ဗျာ” ဟု ၀င်းဂါက ပြောကြားခဲ့သည်။
    Ref : Goal
  • လက်စတာတိုက်စစ်အတွဲကို ဂုဏ်ပြုသည့်အနေဖြင့် Nike က အထူးဖိနပ် ထုတ်လုပ်ပေး
    လက်စတာတိုက်စစ်အတွဲကို ဂုဏ်ပြုသည့်အနေဖြင့် Nike က အထူးဖိနပ် ထုတ်လုပ်ပေး
    မေ ၁၄၊ ၂၀၁၆
    M-Media
    vardy 1
    – ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်း၏ တိုက်စစ်မှူးများဖြစ်သော ဂျာမီဗာဒီနှင့် ရီယာ့ဒ်မဟ်ရက်ဇ်တို့အား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာကျော် အားကစားကုမ္ပဏီဖြစ်သော Nike က အထူး ဘောလုံးကန်ဖိနပ် ၂ ရံကို ထုတ်လုပ်ပေးခဲ့သည်ဟု သိရသည်။
    ၎င်းတို့နှစ်ဦးမှာ လက်စတာ ချန်ပီယံဖြစ်ရေးလမ်းကြောင်းတွင် သွင်းဂိုးများ၊ ဖန်တီးမှုများဖြင့် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်တွင် နှစ်ဦးပေါင်း ၄၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ပြင် PFA နှင့် FWA မှ ပေးအပ်ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများကိုလည်း ၎င်းတို့ ၂ ဦးက ရရှိခဲ့သည်။
    Nike က ၎င်းတို့၏ ထိုအောင်မြင်မှုအတွက် Vahrez ဟူသော အမည်ဖြင့် ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်ပေးခဲ့ပြီး အဖြူနှင့် အနက်ရောင်စပ်ထားသော အဆိုပါဖိနပ်ကို ယခုတစ်ပတ် ချယ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွင် ၀င်ဆင်ကစားမည်ဖြစ်သည်။
    “ဒီရာသီနောက်ဆုံးပွဲဟာ အခမ်းအနားတစ်ခုဖြစ်မှာဖြစ်ပြီး ကျွန်တော်နဲ့ မဟ်ရက်ဇ်ကြား ရှိနေတဲ့ နားလည်မှုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒါဟာ ကျွန်တော်ဂုဏ်ယူရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီဖိနပ်တွေကလည်း ဒါကို ရောင်ပြန်ဟပ်စေပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။
    မဟ်ရက်ဇ်ကမူ မိမိနှင့် ဗာဒီတို့မှာ ယခုအခြေအနေသို့ ရောက်ရှိရန် ပုံမှန်မဟုတ်သော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်း ထိုသို့ဖြတ်သန်းခဲ့ရမှုက မိမိတို့အကြား နားလည်မှုကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဖိနပ်သစ်ကို ယခုရာသီ မိမိတို့၏ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ၀င်ဆင်ရမည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
    Ref: Goal
  • မိမိအသင်းမှာ ချန်ပီယံလိဂ်နှင့် ထိုက်တန်သည်ဟု မန်စီးတီးနည်းပြပြော
    မိမိအသင်းမှာ ချန်ပီယံလိဂ်နှင့် ထိုက်တန်သည်ဟု မန်စီးတီးနည်းပြပြော
    မေ ၁၃၊ ၂၀၁၆
    M-Media
    – ရာသီပြီးဆုံးရန် တစ်ပွဲလိုတော့သည့်အချိန် မြို့ခံပြိုင်ဘက် မန်ယူနှင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယှဉ်ပြိုင်နေရသည့် မန်စီးတီးနည်းပြ ပယ်လီဂရီနီက မိမိအသင်းမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ပြောကြားလိုက်သည်။
    မန်စီးတီးမှာ လက်ရှိတွင် အဆင့် ၄ နေရာ၌ ရှိနေပြီး အဆင့် ၅ မှ မန်ယူအား ၂ မှတ်ဖြတ်ထားကာ နောက်ဆုံးပွဲအဖြစ် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မန်စီးတီးတွင် ၃ နှစ် တာဝန်ယူပြီး ပရီးမီးယားလိဂ် ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူပေးထားသည့် ပယ်လီဂရီနီက အသင်းသားများမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ ချန်ပီယံလိဂ်ရောက်ဖို့ ထိုက်တန်ပါတယ်။ (၂ ဂိုးစီသရေကျခဲ့သည့်) အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဥရောပ၀င်ခွင့်ရဖို့လည်း ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဆိုတာ မလွယ်ကူပါဘူး။ အာဆင်နယ်နဲ့တုန်းက ကစားပုံမျိုးနဲ့ပဲ ရာသီကို အဆုံးသတ်ချင်ပါတယ်။ (ချန်ပီယံလိဂ်) ရီးယဲလ်နဲ့ပွဲအတွက် ကျွန်တော်စိတ်ပျက်ခဲ့ရပြီး အဲဒီတုန်းက ကျွန်တော့်အသင်းနဲ့ကို မတူပါဘူး။ ဖလားတွေရတာကို ကျွန်တော်ဂုဏ်ယူမိသလို ကစားပုံအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ ပရိတ်သတ်တွေအတွက် ကစားကြတာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    Ref : Goal