News @ M-Media

Tag: EPL 2015-16

  • ယခုနှစ်ပရီးမီးယားလိဂ်တွင် မန်ယူ ဗိုလ်မစွဲနိုင်ဟု ဗန်ဂါးလ်ပြော

    ယခုနှစ်ပရီးမီးယားလိဂ်တွင် မန်ယူ ဗိုလ်မစွဲနိုင်ဟု ဗန်ဂါးလ်ပြော

    စက်တင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    mu

    – ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန်မှာ မဖြစ်နိုင်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး ယခုတစ်ပတ် လီဗာပူးလ်နှင့် ပွဲတွင်မူ အနိုင်ကစားမည်ဟု ဆိုသည်။

    ပရီးမီးယားလိဂ်၏ ခါးသီးသောပြိုင်ဘက်ဖြစ်သည့် လီဗာပူးလ်နှင့် မန်ယူတို့မှာ ယခုတစ်ပတ် စနေနေ့တွင် အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နွေရာသီအပြောင်းအရွှေ့တွင် ပေါင် သန်း ၁၀၀ ကျော် အသုံးပြုထားသည့် မန်ယူမှာ ပရီးမီးယားလိဂ် ၄ ပွဲတွင် ၇ မှတ်သာ ရရှိထားသည်။

    ဗန်ဂါးလ်ကမူ ၃ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ရရှိနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ပြီး လာမည့်နှစ်မှ ဖြစ်လိမ့်မည်ဟု ဆိုသည်။

    “မဖြစ်နိုင်ပါဘူး။ ဒုတိယနဲ့ တတိယနေရာတွေက ပိုပြီး လက်တွေ့ကျပါတယ်။ ဒါပေမယ့် နောက်နှစ်လောက်တော့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဆွမ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့မှုမှာ မိမိ၏အမှားကြောင့်ဖြစ်ပြီး ထိုအတွက်လည်း တောင်းပန်သည်ဟုဆိုကာ လီဗာပူးလ်နှင့်ပွဲတွင် အနိုင်ကစားသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူပရိတ်သတ်များမှာ အသင်းရှုံးသော်လည်း စိတ်ပျက်ခြင်းမရှိဘဲ ဆက်လက်အားပေးကြသည့်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံးပရိတ်သတ်ဖြစ်သည်ဟု ဗန်ဂါးလ်က ဆိုသည်။

    “ဘာစီလိုနာမှာ အသင်းရှုံးပြီဆိုရင် ပရိတ်သတ်တွေက လက်ကိုင်ပုဝါအဖြူတွေကို ဝှေ့ယမ်းကြတယ်။ မြူးနစ်မှာဆိုရင်လည်း ပရိတ်သတ်က လက်ခေါက်တွေမှုတ်ကြတယ်။ အေဂျက် ပရိတ်သတ်တွေကတော့ အရင်နည်းပြဟောင်းကို တမ်းတကြပါတယ်။ မန်ယူပရိတ်သတ်တွေက နည်းပြနဲ့ အသင်းရဲ့နောက်မှာ မားမားမတ်မတ် ရှိပါတယ်။ ဒါ့ကြောင့်ပဲ မန်ယူရဲ့ ပရိတ်သတ်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တာပါ”

    Ref: Goal

  • ၂၀၁၆ ဂင်းနစ်မှတ်တမ်းတွင် မော်ရင်ဟို၏ စံချိန် ၅ ခု ပါဝင်မည်

    ၂၀၁၆ ဂင်းနစ်မှတ်တမ်းတွင် မော်ရင်ဟို၏ စံချိန် ၅ ခု ပါဝင်မည်

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    chel

    – ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေမည့် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ချယ်ဆီးနည်းပြ မော်ရင်ဟို၏ ကလပ်အသင်း ၄ ခုတွင် ရရှိခဲ့သည့် စံချိန်မှတ်တမ်း ၅ ခုအား ထည့်သွင်းဖော်ပြမည်ဟု သိရသည်။

    ယခုနှစ်ရာသီအစတွင် ချယ်ဆီးမှာ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် တစ်ပွဲသာအနိုင်ရထားကာ မော်ရင်ဟိုမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    သို့သော်လည်း ပေါ်တို၊ ချယ်ဆီး၊ အင်တာနှင့် ရီးယဲလ်မက်ဒရစ်တို့တွင် ၎င်း၏ နည်းပြစွမ်းရည်အား မှတ်ကျောက်တင်ထားမှု မှတ်တမ်းများ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ထည့်သွင်းခံရမည့်အတွက် မော်ရင်ဟိုက ပျော်ရွှင်နေသည်။

    မော်ရင်ဟိုမှာ နည်းပြတစ်ယောက်အနေဖြင့် အိမ်ကွင်း အချိန်အကြာဆုံး ရှုံးပွဲမရှိသည့် စံချိန်ကို ရရှိထားပြီး ၉ နှစ်တာကာလ ကလပ်အသင်းလေးခုတွင် အိမ်ကွင်း ၁၅၁ ပွဲ ရှုံးပွဲမရှိခဲ့ချေ။ ပေါ်တိုနှင့် အင်တာအသင်းတို့အား ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုမှာ မတူညီသော ကလပ်အသင်းများဖြင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးရရှိခဲ့သည့် နည်းပြ ၅ ဦးထဲမှ တစ်ဦးအဖြစ် ဂင်းနစ်စာအုပ်တွင် မှတ်တမ်းဝင်ခဲ့သည်။

    ထို့ပြင် ၄၉ နှစ်နှင့် ၁၂ ရက်ဖြင့် ချန်ပီယံလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်သည့် မော်ရင်ဟိုမှာ အသက်အငယ်ဆုံးဖြင့် ချန်ပီယံလိဂ် ပွဲ ၁၀၀ ပြည့်မြောက်သည့် စံချိန်ကိုလည်း ရရှိခဲ့သည်။

    ၂၀၀၄-၀၅ ဘောလုံးရာသီက ချယ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဗိုလ်စွဲချိန်တွင် မော်ရင်ဟိုက အသင်းအား ၉၅ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ထိုအမှတ်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်အမှတ်ဖြစ်သည်။ ပရီးမီးယားလိဂ်မှ အခြားစံချိန်တစ်ခုမှာ ချယ်ဆီးနှင့် အိမ်ကွင်း၌ ရှုံးပွဲမရှိသည့်ပွဲ အများဆုံးရရှိအောင် စွမ်ဆောင်နိုင်ခြင်းဖြစ်သည်။

    အသက် ၅၂ အရွယ် မော်ရင်ဟိုကမူ ထိုကဲ့သို့ စံချိန်များ တင်နိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်မိပြီး၊ အနာဂတ် အောင်မြင်မှုအတွက် အာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။

    “သူတို့ ကျွန်တော့်ကို ဒီလိုပေးတဲ့ဆုတွေကို ရုံးခန်းမှာချိတ်ထားရတာ ကောင်းပါတယ်။ ပျော်စရာကောင်းတဲ့ အရာတစ်ခုပါ။ တစ်နေ့မှာ ဂင်းနစ်မှတ်တမ်းစာအုပ်ထဲ ၀င်လိမ့်မယ်ဆိုပြီး ငယ်ငယ်တုန်းက စိတ်တောင် မကူးခဲ့ပါဘူး။ ခင်ဗျားတို့ ကျွန်တော့်အကြောင်းသိပါတယ်။ ဒီဆုတွေဟာ အတိတ်က ကျွန်တော်လုပ်ခဲ့တာဖြစ်ပြီး တော်တော်လေး ကျေနပ်စရာပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက် ပိုအရေးကြီးတာက အနာဂတ်မှာ လုပ်နိုင်ဖို့ပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ရာသီသစ်တွင် လီဗာပူးလ်မှာ ကံကောင်း၍ အမှတ်ရခြင်းဟု နည်းပြဟောင်းပြော

    ရာသီသစ်တွင် လီဗာပူးလ်မှာ ကံကောင်း၍ အမှတ်ရခြင်းဟု နည်းပြဟောင်းပြော

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    liver

    – လီဗာပူးလ်အသင်းမှာ နှစ်များစွာအတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသည်ဟု နည်းပြဟောင်း ဟယ်ရီရက်နပ်က ပြောကြားလိုက်ပြီး၊ ယခုရာသီအစတွင် တစ်မှတ်ထက်ပို၍ ရခြင်းမှာ ကံကောင်း၍သာဖြစ်သည်ဟု ဆိုသည်။

    လီဗာပူးလ်မှာ ၂၀၁၅-၁၆ ဘောလုံးရာသီကို ခက်ခဲစွာ စတင်နေရပြီး ပထမဆုံး ၄ ပွဲတွင် စတုတ်စီးတီးနှင့် ဘုန်းမောက်တို့ကို ဂိုးနည်းနည်း ဖြင့်နိုင်ကာ၊ အာဆယ်နယ့်သရေကျပြီး၊ ၀က်စ်မ်းကို အိမ်ကွင်း၌ပင် ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

    နည်းပြဟောင်း ရက်နပ်ကမူ လီဗာပူးလ်အား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ရော်ဂျာ၏ အသင်းမှာ သာမန်အောက်ရောက်နေသည်ဟု ဆိုသည်။

    “လီဗာပူးလ်ကို ကျွန်တော် လုံးဝ မကြိုက်ပါဘူး။ နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး လီဗာပူးလ်အသင်းကို မြင်နေရတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ သူတို့ သာမန်အောက်ပဲရှိပါတယ်။ ကံကောင်းလို့ အမှတ်ရတာပါ။ ဘုန်းမောက်က သူတို့ကို နိုင်သွားသင့်ပါတယ်။ စတုတ်နဲ့တုန်းက တော်တော်ကောင်းကောင်း ဂိုးတစ်ဂိုး သူတို့ရတယ်။ အာဆင်နယ်နဲ့ကလည်း ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” ဟု ရက်နပ်က Telegraph Total Football Live အခမ်းအနားတွင် ယမန်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီကုန် လီဗာပူးလ်အသင်း၏ အခြေအနေနှင့်ပတ်သက် ၎င်းက ခန့်မှန်းခဲ့ပြီး၊ အသင်း၏မျှတမှု ပျက်ယွင်းခြင်း၊ ရော်ဂျာ၏ နည်းစနစ်ပိုင်းဆိုင်ရာတို့နှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချခဲ့ကာ လီဗာပူးလ်အသင်းတွင် မည်သည့် လက္ခဏာမှမရှိဟု ထည့်သွင်းပြောကြားခဲ့သည်။

    “သူတို့ ထိပ်ဆုံး ၅ သင်းလောက်ဝင်ပြီး ရာသီသိမ်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်တစ်နှစ်လုံးမှာ လီဗာပူးလ်ကို ကျွန်တော် အားမပေးပါဘူး။ ပြောရရင် သူတို့ လိဂ်မှာ ဗိုလ်စွဲကောင်း စွဲပါလိမ့်မယ်”

    Ref: Goal

  • တစ်နှစ်အတွင်း အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှု ပရီးမီးယားလိဂ်တွင် စံချိန်တင်

    တစ်နှစ်အတွင်း အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှု ပရီးမီးယားလိဂ်တွင် စံချိန်တင်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    ep

    – ၂၀၁၅ ခုနှစ်အတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် ၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    နွေရာသီအပြောင်းအရွှေ့မှာ ယမန်နေ့က ပိတ်သွားခဲ့ပြီး၊ ထိုကာလတစ်ခုတည်းမှာပင် ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် သန်း ၈၇၀ ရှိခဲ့သည်ဟု အကြံပေးလုပ်ငန်း Deloittle က ပြောကြားခဲ့သည်။

    အဆိုပါပမာဏမှာ ၂၀၁၄ ခုနှစ်က ပေါင်း ၈၃၅ သန်းထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး၊ ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းများသုံးစွဲခဲ့သည့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ ကို ပေါင်းထည့်ပါက ယခုနှစ်အတွင်း အပြောင်းအရွှေ့အသုံးစားရိတ် စုစုပေါင်းမှာ ပေါင် ၁ ဘီလီယံအထိ ရှိခဲ့သည်။ ထိုပမာဏမှာ ပရီးမီးယားလိဂ်တွင် ပြက္ခဒိန်တစ်နှစ်အတွင်း ပြောင်းရွှေ့ကြေးပမာဏ စံချိန်သစ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    Deloitte မှ အားကစားစီးပွားရေးဆိုင်ရာ အကြီးတန်းမန်နေဂျာဖြစ်သူ အဲလက်စ် သော်ပီက

    “ပရီးမီးယားလိဂ် အသင်း ၂၀ စလုံးဟာ တစ်ကမ္ဘာလုံးက အမြတ်အစွန်းရခဲ့တဲ့ ကလပ်အသင်းတွေရဲ့ ထိပ်ဆုံး ၄၀ အတွင်းမှာ ရှိနေပါတယ်။ ပြီးတော့ သူတို့တွေဟာ နိုင်ငံတကာက ပါရမီရှိ ကစားသမားတွေအတွက် ဈေးကွက်မှာ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်တာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ နွေရာသီအပြောင်းအရွှေ့တွင် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲခဲ့သည့်အသင်း ဖြစ်ခဲ့ပြီး၊ စတာလင်၊ အော့တာမန်ဒီ၊ ဒီဘရူနီတို့အား ခေါ်ယူခဲ့ရာတွင် ပေါင် သန်း ၁၆၀ ခန့် အသုံးပြုခဲ့သည်။

    သော်ပီကမူ နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ နိုင်ငံခြားအသင်းများမှ ကစားသမားများအတွက် အသုံးပြုမှုမှာ ပေါင် သန်း ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။

    “ဥရောပတစ်လွှားကိုကြည့်ရင်၊ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဒီနွေရာသီအတွင်း အသားတင်သုံးစွဲမှုဟာ ဥရောပက အခြားသောလိဂ်တွေထက် ၂ ဆကျော်လောက် ရှိပါတယ်။ ဒါရဲ့ နောက်ကွယ်အကြောင်းအရင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံလွှင့်ခွင့်လုပ်ငန်း တိုးတက်ပြီး ပြန့်နှံ့လာမှုကြောင့် ဖြစ်ပါတယ်”

    ချန်ပီယံလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားသည့် ပရီးမီးယားလိဂ်မှ မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးနှင့် အာဆင်နယ်တို့၏ စုစုပေါင်း ပြောင်းရွှေ့ကြေးသုံးစွဲမှုမှာ ပေါင်း သန်း ၃၄၀ ရှိခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများအားလုံး သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်း ရှိနေသည်။

    ပရီးမီးယားလိဂ်ပြီးနောက် နွေရာသီဈေးကွက်တွင် ပြောင်းရွှေ့ကြေး ဒုတိယအများဆုံးသုံးသည့် လိဂ်မှာ စီးရီးအေဖြစ်ပြီး ပေါင်း ၄၀၅ သန်းရှိခဲ့ကာ၊ လာလီဂါက သန်း ၄၀၀ ရှိသည်။ ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးတို့မှာ ပေါင် သန်း ၂၉၀နှင့် ၂၂၀ အသီးသီး ရှိနေကြသည်။

    Ref: Goal

  • ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် မန်ယူသို့ ရောက်ရှိလာခဲ့သည့် လူငယ်တိုက်စစ်မှူး အန်သိုနီမာရှယ်က မိမိအနေဖြင့် အသင်းတွင် ဖိအားများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။

    အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် မာရှယ်ကို မန်ယူက မိုနာကိုမှ ပေါင် ၅၈.၇ သန်းဖြင့် ယမန်နေ့တွင် ခေါ်ယူခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားလည်း ဖြစ်လာခဲ့သည်။

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ယူရိုပါလိဂ်တွင် လိုင်ယွန်နှင့်အတူ ပထမဆုံး ပွဲထွက်ခဲ့သည့် မာရှယ်မှာ ပြင်သစ်လီဂူးတွင် ၅၂ ပွဲသာ ကစားရသေးသူဖြစ်သည်။ သို့သော်လည်း ပြင်သစ် ယူ ၂၁ ကစားသမား မာရှယ်က အိုးထရက်ဖို့တွင် စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဖိအားကို မခံစားပါဘူး။ ဖိအားရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီအတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ” ဟု မာရှယ်က MUTV သို့ ပြောကြားခဲ့သည်။ ထို့ပြင် မန်ယူသို့ ပြောင်းရွှေ့ခဲ့ရသည့်အတွက် ပျော်ရွှင်မိသည်ဟုလည်း ၎င်းက ဆိုသည်။

    “မန်ယူဟာ အင်္ဂလန်မှာ အသင်းအကြီးတစ်သင်း ဖြစ်တာကြောင့် ကျွန်တော် အရမ်း ပျော်ရွင်ပါတယ်။ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဒီအတွက် ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာကြောင့် အလွန် ပျော်ရွှင်မိပြီး၊ မိသားစုကလည်း တော်တော်ဝမ်းသာနေပါတယ်”

    ထို့ပြင် မိမိအနေဖြင့် နည်းပြဗန်ဂါးလ်ဖြင့် စကားပြောခဲ့ပြီး၊ အလွန်ကြိုးစားရမည်ကို သိရှိကြောင်း၊ မိမိမှာ လျင်မြန်သော ကစားသမားဖြစ်ကာ အသင်း၌ အရာအားလုံး အဆင်ပြေမည်ဟု မျှော်လင့်ကြောင့် မာရှယ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal