News @ M-Media

Tag: EPL 2015-16

  • ဗန်ဂါးလ်နှင့်ပြဿနာကြောင့် မန်ယူမှထွက်ခွာရခြင်းဟု ဒီမာရီယာပြော

    ဗန်ဂါးလ်နှင့်ပြဿနာကြောင့် မန်ယူမှထွက်ခွာရခြင်းဟု ဒီမာရီယာပြော

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    dimaria

    – မိမိနှင့် နည်းပြဗန်ဂါးလ်တို့အကြား ပြဿနာများစွာ ရှိခဲ့ပြီး ထိုအကြောင်းကြောင့်ပင် အသင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်ဟု ပီအက်စ်ဂျီ အလယ်တန်းကစားသမား ဒီမာရီယာက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ဒီမာရီယာမှာ ရီးယဲလ်မှ အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ပြီးခဲ့သည့်နှစ်က မန်ယူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် အသားကျရန် ရုန်းကန်ခဲ့ရပြီး ယခုနှစ် သြဂုတ်လအစောပိုင်းတွင် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရသည်အထိ ဦးတည်သွားခဲ့သည်။

    မိုနာကိုအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဒီမာရီယာကမူ မန်ယူမှ ထွက်ခွာရခြင်း၏ အကြောင်းအရင်းကို ပြောကြားခဲ့သည်။

    “ဗန်ဂါးလ်မှာ သူ့ဒဿနနဲ့သူရှိပြီး အဲဒါက မန်ယူကို ကျွန်တော် ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ဒါပေမယ့် ဗန်ဂါးလ်ရဲ့ လုပ်ဆောင်မှုကို အသားကျဖို့ ခက်ခဲခဲ့ပါတယ်။ သူနဲ့ နှစ်ကြိမ်လောက် ကျွန်တော် အခြေအတင် ဖြစ်ခဲ့ပါတယ်။ အစကောင်းခဲ့ပေမယ့် ကျွန်တော် ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြန်ကောင်းတဲ့အချိန်မှာ ဗန်ဂါးလ်က ကျွန်တော့်ကို
    နေရာချိန်းလိုက်တယ်။ ပီအက်စ်ဂျီနည်းပြ လော့ရန့် ဘလန့်ကို ကျွန်တော်ပြောတဲ့အခါမှာ သူက ကျွန်တော် ရီးယဲလ်မှာကစားတဲ့ နေရာမှာပဲ ကစားစေမယ်လို့ ပြောပါတယ်” ဟု ဒီမာရီယာက ESPN Radio သို့ ပြောကြားခဲ့သည်။

    အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ မိုနာကိုမှ ဆယ်ကျော်သက်ကစားသမား အန်သိုနီမာရှယ်ကို ယူရို သန်း ၄၀ နီးပါးဖြင့် ခေါ်ယူခဲ့ပြီး၊ တိုက်စစ်မှူး ဟာနန်ဒက်ဇ်နှင့် အဒ်နန် ယာနူဇေးတို့မှာ လေဗာကူဆင်နှင့် ဒေါ့မွန်သို့ အသီးသီး ပြောင်းရွှေ့သွားခဲ့သည်။

    Ref: Goal

  • မော်ရင်ဟို၊ ရော်ဂျာတို့ မျက်နှာပျက်ခဲ့ရပြီး၊ ပယ်လီဂရီ အမြင့်ဆုံးမှာပျံသန်းနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃

    မော်ရင်ဟို၊ ရော်ဂျာတို့ မျက်နှာပျက်ခဲ့ရပြီး၊ ပယ်လီဂရီ အမြင့်ဆုံးမှာပျံသန်းနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media

    epl 3

    – ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ မန်စီးတီးက ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီး၊ မော်ရင်ဟိုရဲ့ ချယ်ဆီးက အိမ်ကွင်းနိုင်ပွဲစံချိန် ကျိုးပျက်သွားပါတယ်။ လီဗာပူးလ်ကလည်း အိမ်ကွင်းမှာ အရှက်ကွဲခဲ့ပြီး၊ မန်ယူဟာ ရာသီသစ်ရဲ့ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။

    အိမ်ကွင်း ပွဲ ၁၀၀ ပြည့်မြောက်တဲ့ စနေနေ့ပွဲမှာ မော်ရင်ဟို မျက်နှာကောင်းမရခဲ့ပါဘူး။ ချယ်ဆီးက ခြေစွမ်းမပြနိုင်တာထက် ခရစ္စတယ်ပဲလေ့စ်က ပိုကောင်းခဲ့တာကြောင့်ဖြစ်ပြီး မနှစ်က မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ချယ်ဆီးနောက်တန်းဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ တောင်ပံတိုက်စစ်တွေကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်။ ခြေစွမ်းပြနေတဲ့ ဘေကရီဆာခိုက ၆၅ မိနစ်မှာ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်။ ၇၉ မိနစ်မှာ ချယ်ဆီးတို့ ချေပဂိုးရခဲ့ပြီး မန်ယူမှာ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ဖယ်လ်ကာအိုက သွင်းပေးခဲ့တာပါ။ ဒါပေမယ့် ၈၁ မိနစ်မှာ ဆာကိုရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဂျိုးလ်ဝါ့ဒ်ရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ချယ်ဆီးရဲ့ အိမ်ကွင်းစံချိန်ကောင်း ကျိုးပျက်ခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ သူတို့အသင်းဟာ အရှုံးနဲ့ မထိုက်တန်ခဲ့ဘဲ အနည်းဆုံး သရေတော့ရသင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

    epl 2

    အန်ဖီးလ်မှာကစားခဲ့ ၀က်စ်ဟမ်းနဲ့ လီဗာပူးလ်ပွဲမှာ ပွဲအစ ၃ မိနစ်မှာပဲ အာဂျင်တိုင်း ကွင်းလယ်လူ မန်နျူယဲလ် လန်ဇီနီက ၀က်စ်ဟမ်းအတွက် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာက ဧည့်သည်အသင်းအတွက် အားတက်စရာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လီဗာပူးလ်ကို သူတင်ကိုတင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ နောက်ထပ် အနိုင်ဂိုး ၂ ဂိုးကိုတော့ ၂၉ မိနစ်မှာ နိုဘယ်လ်နဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဆာခိုတို့က အသီးသီး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီအနိုင်ဟာ အန်ဖီးလ်မှာ ၅၂ နှစ်အတွင်း ၀က်စ်ဟမ်းရဲ့ ပထမဆုံးအနိုင်လည်း
    ဖြစ်ပါတယ်။

    အာဆင်နယ်ကတော့ တစ်ပွဲလုံး တစ်ဖက်သက်ဖိကစားပြီး နောက်ခံလူ ကိုလိုချီနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့်သာ အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်က ခံစစ်မှာ ပိတ်ကစားခဲ့ပေမယ့် အာဆင်နယ်တို့ ဂိုးသွင်းခွင့်တော်တော်များများရခဲ့ပြီး ဂိုးသမား ကားလ်ရဲ့ အံ့ဖွယ်လက်စွမ်းကိုတော့ ချီးကျူးရပါလိမ့်မယ်။ အာဆင်ဝင်းဂါးက အသင်းဟာ အဆုံးသတ်ပိုင်းကို အာရုံစိုက်ရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

    epl 1

    ဒီတစ်ပတ်ရဲ့ နောက်ဆုံးပွဲမှာ မန်ယူတို့ ဖေဖော်ဝါရီက ကံကြမ္မာအတိုင်းပဲ ဆွမ်းဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ၄၈ မိနစ်မှာ မာတာက သူ့ရဲ့ ပရီးမီးယားလိဂ် ဂိုး ၅၀ မြောက်အဖြစ်ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့တဲ့ ဆွမ်ဆီးဟာ ၆၁ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရခဲ့ပြီး ရာသီသစ်မှာ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဆွမ်ဆီးဟာ
    မန်ယူနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    မန်စီးတီးepl 4ကတော့ တန်းတက်ဝက်ဖို့ဒ်ကို သက်တောင့်သက်သာကစားကာ စတာလင်၊ ဖာနန်ဒင်ဟိုတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ရာသီသစ်မှာ အမြင့်ဆုံးအနေအထားကနေ ပျံသန်းနေပါတယ်။ အခုနှစ်မှာ အံ့သြဖွယ်ခြေစွမ်းနဲ့ လက်စတာကလည်း နောက်ကျ ပင်နယ်တီနဲ့ ဘုန်းမောက်ဆီက တစ်မှတ်ခွဲယူခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    နယူးကာဆယ် ၀-၁ အာဆင်နယ်
    အက်စတွန်ဗီလာ ၂-၂ ဆန်းဒါးလန်း
    ဘုန်းမောက် ၁-၁ လက်စတာ
    ချယ်ဆီး ၁-၂ ခရစ္စတယ်ပဲလေ့စ်
    လီဗာပူးလ် ၀-၃ ၀က်စ်ဟမ်း
    မန်စီးတီး ၂-၀ ၀က်ဖို့ဒ်
    စတုတ် ၀-၁ ၀က်စ်ဘရွန်း
    စပါး ၀-၀ အဲဗာတန်
    ဆောက်သက်တမ် ၃-၀ နော်ဝစ်ခ်ျ
    ဆွမ်ဆီး ၂-၁ မန်ယူ

  • ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    dako

    – ယခုနှစ်မှ ရောက်ရှိလာခဲ့သည့် တောင်ပံကစားသမားသစ် ဘေကရီ ဆာခိုအား ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ချီးကျူးလိုက်ပြီး ၎င်းမှာ အသင်းအား အသွင်တစ်မျိုးဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    မာလီကစားသမား ဆာခိုမှာ ချန်ပီယံရှစ်အသင်းဖြစ်သော ၀ုလ်ဗ်မှ ခရစ္စတယ်ပဲလေ့စ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် အလျင်အမြန် အထိုင်ကျခဲ့ကာ ပြီးခဲ့သည့်တစ်ပတ် အက်စတွန်ဗီလာပွဲနှင့် ယခုတစ်ပတ် ချယ်ဆီးအပေါ် သမိုင်းဝင်နိုင်ပွဲတို့တွင် ခြေစွမ်းပြကာ တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။

    ပါဂျူးကမူ ဆာခိုအား ချီးကျူးခဲ့ပြီး ၎င်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုနှင့် ဂိုးကန်သွင်းမှုများတွင် အသင်းရှိ အခြားသောတိုက်စစ်မှူးများထက်ပို၍ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေသည်။

    “သူက ကျွန်တော်တို့အတွက် တကယ့် အင်အားတစ်ခုပါ။ (ပြီးခဲ့တဲ့တစ်ပတ်) အက်စတွန်ဗီလာပွဲနဲ့ ချယ်ဆီးပွဲတွေမှာ သူမပါဘဲ ကျွန်တော်တို့ အနိုင်မရနိုင်ပါဘူး။ သူကစားတဲ့ပုံစံကို ကြည့်တာနဲ့ သူဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အံကိုက်ပဲလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါပေမယ့် သူက ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ပြီး ကျွန်တော်တို့ အမြဲတမ်း အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဇာဟာနဲ့ ဘိုလာစီတို့ဟာ
    ဂိုးလုံလုံလောက်လောက် ရကြပါဘူး။ ဒါပေမယ့် သူ(ဆာခိုက)ကတော့ ရပါလိမ့်မယ်” ဟု ပါဂျူးက ပွဲအပြီးတွင် ချီးကျူးခဲ့သည်။

    ဆာခိုမှာ ချယ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယမန်နေ့ပွဲတွင် ဒုတိယပိုင်း မိနစ် ၆၀ ကျော်၌ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ပွဲပြီးကာနီး ဂျိုးလ် ၀ါ့ဒ် ခေါင်းတိုက်သွင်းယူသည့် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “ကျွန်တ်ာတို့ အရမ်းကောင်းခဲ့ပါတယ်။ ဒီပွဲဟာ သိပ်ကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲပါပဲ။ ချယ်ဆီးကလည်း သူတို့ဟာသူတို့ ကစားပါတယ်။ ကျွန်တော်ကတော့ သူတို့ကောင်းတယ်လို့ထင်ပါတယ်” ဟု ပါဂျူးက နိုင်ပွဲ ရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • အိမ်ကွင်းပွဲ ၁၀၀ ပြည့် ရှုံးမှသာ မော်ရင်ဟို အောင်ပွဲခံမည်

    အိမ်ကွင်းပွဲ ၁၀၀ ပြည့် ရှုံးမှသာ မော်ရင်ဟို အောင်ပွဲခံမည်

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    chel

    – ချယ်ဆီးနှင့် အိမ်ကွင်းပရီးမီးယားလိဂ် ပွဲ ၁၀၀ မြောက်တွင် ရှုံးနိမ့်မှသာ မိမိ အောင်ပွဲခံမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယခုနှစ်တစ်ပတ်တွက် ချယ်ဆီးမှာ ခရစ္စတယ်ပဲလေ့စ်အား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ထိုပွဲမှာ မော်ရင်ဟိုအတွက် အိမ်ကွင်းပွဲ ၁၀၀ ပြည့်မြောက်သည့်ပွဲလည်း ဖြစ်သည်။ ချယ်ဆီးမှာ အိမ်ကွင်းမှတ်တမ်းကောင်းရှိပြီး ပြီးခဲ့သည့်နှစ်က ဆန်းဒါးလန်းတစ်သင်းကိုသာ ရှုံးနိမ့်ထားသည်။

    မော်ရင်ဟိုကမူ မိမိတို့အသင်း ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရရှိပါက အောင်ပွဲခံရန် အစီအစဉ်မရှိဘဲ ရှုံးနိမ့်မှသာလျှင် ရလဒ်အတွက် စိတ်မပျက်ကြောင်း အပြင်ထွက်၍ သက်သေပြမည်ဟု ပြောကြားခဲ့သည်။

    “ဒင်နာအကြောင်းမေးရင် ကျွန်တောကတော့ ဆန့်ကျင်မှာပါ။ တကယ်လို့ ကျွန်တော်တို့ ရှုံးရင် အပြင်ထွက်စားမယ်။ ဒီထက်ပိုပြီး ကျွန်တော်တို့နိုင်ရင် အပြင်ထွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်သွားလေ့ရှိတဲ့ စားသောက်ဆိုင် လေးငါးဆိုင်လောက်ရှိပါတယ်” ဟု သတင်းထောက်များအား မော်ရင်ဟိုက ပြောကြားခဲသည်။

    ထို့ပြင် မိမိအနေဖြင့် မိသားစုကိစ္စများကို ကြိုက်နှစ်သက်ကြောင်း၊ ပွဲရှုံးသည့်အတွက် ပုန်းရှောင်နေစရာမလိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရာသီအစ ရလဒ်မကောင်းမှုများနှင့်ပတ်သက်၍ မော်ရင်ဟို၏ ရာသီအကြို လေ့ကျင်မှု နောက်ကျခြင်းကို အပြစ်တင်ခဲ့ကြပြီး ၎င်းကမူ မိမိ၏ ဆုံးဖြတ်ချက်ကို ရာသီကုန်မှသာ ကြည့်ရှုရမည်ဟုဆိုသည်။

    “ရာသီကုန်အကြောင်းပဲ ပြောရအောင်။ ကျွန်တော်တို့ ဘယ်လိုအဆုံးသတ်မလဲဆို၊ တစ်ခြားသူတွေက ဘယ်လိုဖြစ်မလဲဆိုတာ၊ ကျွန်တော်တို့ ဘယ်လို ကျော်ဖြတ်နိုင်လဲဆိုတာသာ ကြည့်ရအောင်။ တစ်ချိန်တည်းမှာ ပြိုင်ပွဲ ၃၊ ၄ ခုလောက်ပေါ့။ ကြည့်ကြည့်ပါ”

    Ref: Goal

  • အပြောင်းအရွှေ့မပိတ်ခင် နာမည်ကြီးကစားသမားတစ်ဦး မန်ယူ ခေါ်ယူဖွယ်ရှိနေ

    အပြောင်းအရွှေ့မပိတ်ခင် နာမည်ကြီးကစားသမားတစ်ဦး မန်ယူ ခေါ်ယူဖွယ်ရှိနေ

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    vangal

    – လာမည့်အင်္ဂါနေ့ အပြောင်းအရွှေ့မပိတ်ခင် ကစားသမားများ ထပ်မံဝယ်ယူမည့်အခြေအနေနှင့် ပတ်သက်၍ မန်ယူနည်းပြ ဗန်ဂါးလ်က ငြင်းဆိုခဲ့ခြင်း မရှိဘဲ၊ နာမည်ကြီးကစားသမားတစ်ဦးကို ၀ယ်ယူမည်ဆိုသည့် ကောလဟာလများမှာလည်း ခိုင်မာလာခဲ့သည်။

    မန်ယူမှာ နွေရာသီအပြောင်းအရွှေ့တွင် အဓိက လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး ပေါင်း သန်း ၇၀ ခန့် သုံးစွဲခဲ့ကာ မော်ဂန် ရှနိုက်ဒါလင်၊ ဘက်စ်တီယန် ရှဝိုင်းစတိုင်ဂါ၊ မန်ဖစ်ဒီပိုင်းနှင့် ဆာဂျီယို ရိုမဲရိုးတို့ကဲ့သို့ ကစားသမားများကို ၀ယ်ယူခဲ့သည်။

    သို့သော်လည်း အသင်းမှ ဂိုးသမား ဒေးဗစ်ဒီဂီယာမှာ ရီးယဲလ်သို့ပြောင်းရွှေ့ရန် ဆက်သွယ်မှုများ ရှိနေပြီး၊ သောမက်စ်မူလာ၊ နေးမာနှင့် ဂါရက်ဘေးလ်တို့ကဲ့သို့ ကစားသမားမျိုးဖြင့် တိုက်စစ်ပိုင်းအတွက်လည်း မန်ယူက အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ယုံကြည်ရသည်။

    မန်ယူ၏ အပြောင်းအရွှေ့လုပ်ငန်း ပြီးဆုံးပြီလားဟု မေးမြန်းရာတွင် နည်းပြဗန်ဂါးလ်က

    “ခင်ဗျားအဖြေလိုချင်တဲ့အချိန်မဟုတ်ဘဲ ကျွန်တော်တို့ ကြေငြာချင်တဲ့အချိန်ကျရင် ဒါကို ကြေငြာသွားမှာပါ” ဟု ဗန်ဂါးလ်က ပြန်လည်ဖြေကြားခဲ့ကာ နောက်တစ်ဦးက ထပ်မံမေးမြန်းရာတွင်လည်း ယခုကဲ့သို့ပင် ပြောဆိုခဲ့သည်။

    မန်ယူမှာ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်တွင် ၇ မှတ်ရထားပြီး ချန်ပီယံလိဂ် ခြေစစ်ပွဲတွင်လည်း ဘရုဂျက်အသင်းအား ပြတ်ပြတ်သားသား အနိုင်ရကာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ မနက်ဖြန်တွင် မန်ယူမှာ ဆွမ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲ ကစားရမည်ဖြစ်သည်။

    Ref: Goal