News @ M-Media
Tag: EPL 2015-16
  • နော်ဝစ်ခ်ျပွဲအတွက် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြပြော
    နော်ဝစ်ခ်ျပွဲအတွက် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြပြော
    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Medias
    rodger
    – ယမန်နေ့က နော်ဝစ်ခ်ျအသင်းအား သရေကျခဲ့သည့်ပွဲအတွက် မိမိအနေဖြင့် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။
    အိမ်ကွင်းအန်ဖီးလ်၌ ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ကစားကွက်အသာရခဲ့ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ နော်ဝစ်ခ်ျအသင်းအား ချေပဂိုး ပြန်ပေးခဲ့ရကာ ၁ ဂိုးစီ သရေဖြင့် အဆုံးသတ်ခဲ့သည်။
    လီဗာပူးလ်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း ၀က်စ်ဟမ်းအသင်းအား အိမ်ကွင်း၌ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ရော်ဂျာကာမူ အသင်း၏ပါးနပ်မှု တိုးတက်လာသည်ကို မြင်ရသော်လည်း ရလဒ်အတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။
    “စိတ်ပျက်တယ်။ ရလဒ်အတွက်လည်း စိတ်ကုန်မိပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ သွက်လက်မှုနဲ့ ဖန်းတီးနိုင်မှု လက္ခဏာတွေ ပိုမြင်ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ဟာ နည်းနည်း ထိုင်းမှိုင်းခဲ့ပါတယ်။ သင့်တော်တဲ့အခြေအနေမှာ ကျွန်တော်တို့ ဘောလုံးကိုင်ခဲ့နိုင်တယ်။ ဒါပေမယ့် ဂိုးရှေ့က လှုပ်ရှားမှုကတော့ ကျွန်တော်တို့ နှစ်သက်တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နည်းနည်းပိုပြီး သွက်သွက်လက်လက် ဖြစ်ခဲ့ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင် လီဗာပူးလ်မှာ ရမှတ် ၈ မှတ်ဖြင့် အဆင့် ၁၃ နေရာသို့ ရောက်ရှိနေပြီး အဲဗာတန်နှင့် အောက်တိုဘာ ၄ ရက် မာဆေးဆိုက်ဒါဘီပွဲမတိုင်ခင် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှိနေသည်။ ရော်ဂျာကမူ အသင်း အဆင့်တက်ရေးအတွက် ထိုပွဲစဉ်များကို အသုံးချရန် စိတ်အားထက်သန်နေသည်။
    “ဖန်တီးမှုအားဖြင့်ဆိုရရင် ဒီနေ့ဟာ ကျွန်တော်တို့အတွက် ရှေ့တစ်လှမ်းတက်တယ်လို့ ထင်ပါတယ်။ ဒီကနေပြီတော့လည်း ကျွန်တော်တို့ဟာ ရှေ့ဆက် တိုးတက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ စွမ်းဆောင်မှုကို ရဖို့အတွက် ကျွန်တော်တို့မှာ ပွဲကြီး ၄ ပွဲ ရှိနေပါတယ်”
    Ref: Goal
  • ဒီယေဂိုကော်စတာ၊ မာရှယ်၊ မဲဟ်ရာ့ဇ်တို့နဲ့ မြိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆
    ဒီယေဂိုကော်စတာ၊ မာရှယ်၊ မဲဟ်ရာ့ဇ်တို့နဲ့ မြိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆
    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီး ပထမဆုံး ရှုံးပွဲတွေ့ခဲ့ရပြီး၊ လန်ဒန်ဒါဘီမှာ ချယ်ဆီးက အရှုံးတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ လက်စတာကတော့ ချေပဂိုးတွေ လိုက်သွင်းပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
    စတမ်းဖို့ဒ်ဘရစ်ခ်ျက လန်ဒန်ဒါဘီမှာ ချယ်ဆီးတို့ တစ်ပတ်အတွင်း ၂ ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ အငြင်းပွားဖွယ်လုပ်ရပ်နဲ့အတူ နောက်ခံလူ ဂါဘရီယဲလ် အထုတ်ခံလိုက်ရတာက အာဆင်နယ်အတွက် ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ၅၃ မိနစ်မှာ ကာ့ ဇူးမားနဲ့၊ ဒုတိယပိုင်း နာကျင်ချိန်ပိုမှာ ဟဇာ့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
    epl 3
    ၅ ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲ၊ ပေးဂိုးမရှိမှတ်တမ်းနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးက လီဗာပူးလ်၊ အာဆင်နယ်တို့ကို အဝေးကွင်းမှာ နှိပ်ကွပ်ခဲ့တဲ့ ၀က်စ်ဟမ်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ကစားကွက်အသာ ဂိုးသွင်းခွင့်အသာ ရခဲ့တဲ့ အိမ်ရှင်တို့ အရှုံးနဲ့ မထိုက်တန်ပါဘူး။ ဒါပေမယ့် အခွင့်အရေး ၂ ကြိမ်မှာ ၂ ကြိမ်စလုံး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ ၀က်စ်ဟမ်းကိုတော့ ချီးကျူးရမှာပါပဲ။
    ချန်ပီယံလိဂ် အဝေးကွင်းရှုံးပွဲ တွေ့ထားတဲ့ မန်ယူ ဆောက်သက်တမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် လွယ်ကူတဲ့ ပွဲတစ်တော့ မဟုတ်ခဲ့ပါဘူး။ ၁၃ မိနစ်မှာပဲ အိမ်ရှင်တို့ အဖွင့်ဂိုးရခဲ့ပြီး ပထမပိုင်း မိနစ် ၃၀ လောက် မန်ယူက ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် လူငယ်တိုက်စစ်မှူး အန်သိုနီ မာရှယ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၃၄ မိနစ်နဲ့ မိနစ် ၅၀ မှာ မန်ယူက ချေပဂိုးတွေ ပြန်ရခဲ့ပါတယ်။ မာရှယ်သွင်းယူခဲ့တဲ့ ဒီဂိုးတွေဟာ တော်တော်လေး အဆင့်မြင့်ပြီး စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ၆၈ မိနစ်မှာ ဒီပိုင်းရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို မာတာက ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး တတိယဂိုး ရယူနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ဆောက်သက်တမ်တို့ တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။ ပွဲအပြီးမှာတော့ နည်းပြဗန်ဂါးလ်က မာရှယ်အပေါ်မှာ အရမ်းကြီး မျှော်လင့်မထားဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။
    လီဗာပူးလ်က အိမ်ကွင်းမှာ ကစားခဲ့ပြီး အနိုင်ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် နော်ဝစ်ခ်ျကို ချေပဂိုး ပြန်ပေးခဲ့ရကာ ၁ မှတ်သာရခဲ့ပါတepl 4ယ်။ ပြီးခဲ့တစ်ပတ်က အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၂ ဂိုးပြတ်ရှုံးနေရာကနေ ၃ ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့တဲ့ လက်စတာ ဒီတစ်ပတ်မှာလည်း စတုတ်ကွင်းမှာ ၂ ဂိုး ပြတ်နေရာကနေ ချေပဂိုးတွေ လိုက်သွင်းပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဂိုးသွင်းပေးခဲ့တဲ့ လက်စတာတိုက်စစ်မှူး မဲဟ်ရာ့ဇ်ကတော့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ၅ ဂိုးနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၂-၀ အာဆင်နယ်
    အက်စတွန်ဗီလာ ၀-၁ ၀က်စ်ဘရွန်း
    ဘုန်းမောက် ၂-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ၀က်ဖို့ဒ်
    စတုတ် ၂-၂ လက်စတာ
    ဆွမ်ဆီး ၀-၀ အဲဗာတန်
    မန်စီးတီး ၁-၂ ၀က်စ်ဟမ်း
    စပါး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    လီဗာပူးလ် ၁-၁ နော်ဝစ်ခ်ျ
    ဆောက်သက်တမ် ၂-၃ မန်ယူ
  • ဒီယေဂိုကော်စတာကဲ့သို့ အဖြစ်အပျက်ကြောင့် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဟု မော်ရင်ဟိုပြော
    ဒီယေဂိုကော်စတာကဲ့သို့ အဖြစ်အပျက်ကြောင့် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဟု မော်ရင်ဟိုပြော
    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    chel
    – အာဆင်နယ်နှင့်ပွဲတွင် ဒီယေဂိုကော်စတာ၏ အငြင်းပွားဖွယ် အဖြစ်အပျက်က မိမိအတွက် ထိုပွဲ၏ အကောင်းဆုံးကစားသမား ဖြစ်စေခဲ့ပြီး၊ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကြောင့်ပင် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ၎င်းတို့နှစ်သင်းပွဲတွင် ပထမပိုင်း၌ ဒီယေဂိုကော်စတာမှာ အာဆင်နယ်နောက်ခံလူ ကွန်စီယဲလ်နီနှင့် အချင်းများခဲ့ပြီး၊ ဖြန်ဖြေရန်လာသည့် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်နှင့် ထပ်မံအချင်းများခဲ့သည်။ နောက်ဆက်တွဲအဖြစ် ဂီဘရီယဲလ်မှာ အထုတ်ခံခဲ့ရသည်။
    ဒီယေဂိုကော်စတာ၏ လုပ်ရပ်အတွက် ပရိတ်သတ်များက ဝေဖန်မှုများရှိခဲ့ပြီး အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကလည်း ၎င်း၏ လုပ်ရပ်မှာ လက်မခံနိုင်ဟု ပြောကြားခဲ့သည်။
    မော်ရင်ဟိုကမူ ထိုသို့ ဖြစ်ပွားခြင်းမှာ ဖျော်ဖြေမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။
    “ဒီယေဂိုကော်စတာအကြောင်း ကျွန်တော့်ကိုမေးရင် – သူကစားရမယ့်ပုံစံအတိုင်း ကစားခဲ့တယ်လို့ ကျွန်တော် ဖြေမှာပါ။ ဒီလိုအဖြစ်အပျက်ကြောင့်ပဲ ကွင်းလူပြည့်တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက လူပေါင်း သန်းနဲ့ချီ ကြည့်ရှုကြတာပါ။ ပွဲဆိုတာ ဒီလိုပဲ ကစားရပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ကော်စတာမှာ မိမိအတွက် ထိုပွဲ၏ အကောင်းဆုံးကစာသမားဖြစ်ခဲ့ပြီး၊ အနီကဒ်နှင့် မထိုက်တန်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    “ဒီပွဲမှာ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်ခဲ့တာဟာ အဲဒီဒိုင်လူကြီးပါပဲ။ သူပဲ ကျွန်တော်တို့အတွက် ပင်နယ်တီနှစ်လုံး မပေးခဲ့တာပါ။ ဟာဇာ့ဒ်ကို ဂါဘရီယဲလ် လုပ်ခဲ့တာအတွက်လည်း အပြစ်ပေးလို့ရပါတယ်”
    Ref: Goal
  • အသင်းမှာ အာရုံစူးစိုက်မှု ပိုရှိရမည်ဟု မန်စီးတီးနည်းပြ ပြော
    အသင်းမှာ အာရုံစူးစိုက်မှု ပိုရှိရမည်ဟု မန်စီးတီးနည်းပြ ပြော
    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    mancity
    – ၀က်စ်ဟမ်းအား ရှုံးနိမ့်ခဲ့မှုအတွက် မိမိအနေဖြင့် စိတ်ပျက်မိပြီး အသင်းမှာ အာရုံစူးစိုက်မှု ပိုရှိရတော့မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ် ၅ ပွဲစလုံးကို ပေးဂိုးမရှိဘဲ ရာနှုန်းပြည့်နိုင်ပွဲရခဲ့သည့် မန်စီးတီးအသင်းမှာ ယမန်နေ့က အိမ်ကွင်း အီတီဟတ်တွင် ၀က်စ်ဟမ်းအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချန်ပီယံလိဂ်တွင် ဂျူဗင်ပတ်စ်ကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးမှာ တစ်ပတ်အတွင်း ၂ ပွဲဆက် ရှုံးနိမ့်ခြင်းလည်း ဖြစ်သည်။
    ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပယ်လီဂရီနီမှာ အလွန် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး မေးခွန်းများကို တိုတိုတုတ်တုတ်သာ ဖြေသွားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ခြေချော်မှုမျိုး ပြန်လည်ရောက်ရှိလာပြီလားဟု မေးမြန်းသည့်အခါတွင် ပယ်လီဂရီနီက
    “ရာသီတစ်ခုနဲ့တစ်ခုကို ကျွန်တော် မနှိုင်းယှဉ်ချင်ပါဘူး။ ပြီးခဲ့တဲ့နှစ်ပွဲက နောက်တန်းမှာ လိုအပ်နေတဲ့ အာရုံစူးစိုက်မှုမျိုး၊ တောင့်တင်းမှုမျိုး ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဂိုးစည်းထိပ်က ကန်သွင်းခွင့်ရတဲ့ တစ်လုံးနဲ့ ထောင့်ကန်ဘောတစ်ကြိမ်တို့ဟာ ၀က်စ်ဟမ်းရခဲ့တဲ့ တိုက်စစ်ဆင်မှု အားလုံးပါပဲ။ အဲဒီ ၂ လုံးက ရလဒ်အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက်ရပါလိမ့်မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထိုပွဲတွင် မန်စီးတီး၏ ကစားသမားသစ်ဖြစ်သော ဒီဘရူနီ ပထမဆုံး ၀င်ရောက်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးတစ်ဂိုးကို အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေးခဲ့သည်။ သို့သော်လည်း ပွဲနိုင်ရန်သာ အရေးကြီးသည်ဟု ပယ်လီဂရီနီက ဆိုသည်။
    “သူဂိုးသွင်လား၊ မသွင်းဘူးလားဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ အရေးကြီးတာက နိုင်ဖို့ပါ။ ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး”
    “အံ့သြစရာပါပဲ။ ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ကလပ်အသင်း၊ ပရိတ်သတ်တွေ၊ ၀န်ထမ်းတွေနဲ့ ဘုတ်အဖွဲ့တွေလို အသင်းနဲ့ ဆက်နွယ်ပတ်သက်နေသူ လူတိုင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကစားသမားတွေအတွက်ပေါ့ဗျာ” ဟု ဘီလစ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ရူနီ ဂိုးမိုးခေါင်မှုအတွက် ဗန်ဂါးလ် မစိုးရိမ်
    ရူနီ ဂိုးမိုးခေါင်မှုအတွက် ဗန်ဂါးလ် မစိုးရိမ်
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    mu
    – တိုက်စစ်မှူး ၀ိန်းရူနီ၏ ပရီးမီးယားလိဂ် ဂိုးမိုးခေါင်မှုအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဘဲ၊ ကစားသမားဘ၀မှ အနားမယူခင် မန်ယူ၏ ဂိုးသွင်းစံချိန်ကို ချိုးစေချင်သည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။
    အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာသည့် ရူနီမှာ မန်ယူ၏ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း ချန်ပီယံလိဂ် ခြေစစ်ပွဲဖြစ်သည့် ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရူနီမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။
    ထို့ပြင် အသင်း၏ ဂန္တ၀င်ကစားသမား ဆာ ဘော်ဘီချာလ်တန် တင်ထားသော ၂၄၉ ဂိုးစံချိန်ကိုလည်း မှီရန် နီးစပ်နေပြီး ဗန်ဂါးလ်ကမူ ရူနီ၏ သမိုင်းက စကားပြောသွားလိမ့်မည်ဟု ဆိုသည်။
    “ပရီးမီးယားလိဂ်ဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ဘယ်သူ ဂိုးသွင်းသွင်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးများများ သွင်းရပါမယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ရူနီနှင့်ပတ်သက်၍လည်း “ရူနီမှာ ဂျူအန်မာတာ၊ မမ်ဖစ်ဒီပိုင်း၊ အန်သိုနီမာရှယ်နဲ့ မာရိုနီ ဖယ်လိုင်နီတို့လို ဂိုးသွင်းစတိုင်မျိုးစုံ ရှိပါတယ်။ သူသွင်းတဲ့ဂိုးတွေအားလုံးကို ခင်ဗျား ရေကြည့်လို့ရပါတယ်။ ကျွန်တော်သိသလောက်တော့ ရူနီဟာ ဂိုးတွေအများကြီး သွင်းခဲ့ဖူးပြီး ကလပ်က ဂိုးအများဆုံးစံချိန်နား ကပ်နေပါပြီ။ သူ အဲဒီစံချိန်ကို ချိုးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    မန်ယူမှာ တနင်္ဂနွေနေ့တွင် ဆောက်သက်တမ်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး ဒဏ်ရာအသေးစားမှ ပြန်လည်သက်သာလာသည့် ရူနီမှာ ပါဝင်လာမည်ဖြစ်သည်။ သို့သော်လည်း အားထားရသည့် လူငယ်နောက်ခံလူ လုခ်ရှောမှာ ချန်ပီယံလိဂ် ပီအက်စ်ဗီနှင့်ပွဲတွင် ခြေထောက်အရိုး နှစ်ချောင်းစလုံး ကျိုးသွားသောကြောင့် အနည်းဆုံး ၆ လ ခန့် အနားယူရမည်ဖြစ်သည်။
    Ref: Goal