News @ M-Media

Tag: famous_myanmar_muslim

  • မန္တလေးတိုင်း ဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်း

    မန္တလေးတိုင်း ဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်း

    Third Medel Prize in Weight lifting

    ရွှေမန်းမောင် ဦးဘသိန်းကို ၁၉၂၅ခု၊ ဒီဇင်ဘာလ(၂၆)ရက် (စနေ)နေ့တွင် မန္တလေးမြို့၊ စစ်ကိုင်းတန်းရပ်၊ ၈၃လမ်းတွင် ဖွားမြင်သည်။

    ၁၉၄၄-၄၅ခု၊ ဂျပန်ခေတ်တွင် အာရှလူငယ်အဖွဲ့၏ ကာယဗလမှူး အဖြစ် အမရပူရတိုက်နယ်၊ ဘုံးအိုးရွာ  တွင်တာဝန်ယူ ဆောင်ရွက် ခဲ့သည်။ ၁၉၄၆ခု၊ အထက်မြန်မာပြည် အလေးမပြိုင်ပွဲ (၁၄၈)ပေါင်တန်းတွင် ချန်ပီယံဆုရရှိခဲ့ပြီး ၁၉၄၇-၄၈ ခုနှစ်များတွင်လည်း ဆက်တိုက်ရရှိခဲ့သည်။

    ၁၉၄၇ခု၊ ‘ဓားတန်းအလေးမအသင်း’ စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၄၉ခုနှစ်တွင် ‘ရွှေမန်းမောင်’ ဘွဲ့ရခဲ့သည်။ ၁၉၅၀ မှ ၅၆ အထိ မြန်မာပြည်အလေးမပြိုင်ပွဲများ၌ ဗိုလ်စွဲခဲ့သည်။

    ၁၉၅၁-ခု၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသော ပထမအကြိမ် အာရှအားကစားပြိုင်ပွဲ၊ (၁၆၅)ပေါင်တန်း အလေးမပြိုင်ပွဲ၌ တတိယရရှိခဲ့သည်။ အရပ် ၅-ပေ၊ ၉-လက်မ အထက် အာရှမောင် ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည်။

    385320_10150565935443219_1121368430_n
    ၁၉၅၁ ခုနှစ် နယူးဒေလီမှာ ပြုလုပ်တဲ့ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲ အာရှမောင်ပြိုင်ပွဲ ဒုတိယဆုရရှိခဲ့စဉ် ပြိုင်ပွဲဝင်ဟန် ဓါတ်ပုံ – ဦးသိန်းထွဋ် FB

    ၁၉၅၅-ခု မှ ၁၉၈၈ အထိ ဓားတန်းအလေးမအသင်းတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆- ခုတွင် မြန်မာပြည် အိုလံပစ်အလေးမပြိုင်ပွဲ၌ ပထမရရှိပြီး ၁၉၃၆-ခုနှစ်က ဆရာဦးဇော်ဝိတ်၏အနှစ်(၂၀)ကြာ ထိန်းသိမ်းထားခဲ့သော အနှေးမစံချိန်ကို ပထမဆုံး တရားဝင် စံချိန်ချိုးနိုင်ခဲ့သည်။

    ၁၉၆၅-ခု အပြည်ပြည်ဆိုင်ရာ အလေးမဒိုင်လူကြီးအဆင့်(၂)အဖြစ်လည်းကောင်း၊ ၁၉၇၂-ခုတွင် အဆင့် (၁) အဖြစ် ဒိုင်လူကြီးလက်မှတ်ရရှိခဲ့ပြီး ၁၉၆၅-မှ-၇၅ခုအထိ ‘မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်’၊ အမှုဆောင်
    တာဝန်ထမ်းခဲ့သည်။

    ၁၉၆၉-ခု၊ ရန်ကုန်မြို့ (၅)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအလေးမအသင်း အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၅-ခု၊ ထိုင်းနိုင်ငံတွင် ကျင်းပသော(၈)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ၌ အလေးမ ဒိုင်ချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။

    ၁၉၆၇-မှ-၇၄ ထိ၊ မန္တလေး-ဗထူးအားကစားကွင်း အုပ်ချုပ်မှုကော်မတီ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-ခု မှ ကွယ်လွန်သည့် ၂၀၀၃-ခုနှစ်အထိ၊ မန္တလေးတိုင်း၊အား/ကာအဖွဲ့ဝင်၊ အလေးမ နှင့် ကာယဗလမောင်ဆပ်ကော်မတီများတွင် ဥက္ကဌ၊ ဘောလုံးဆပ်ကော်မတီတွင် အဖွဲ့ဝင် အသီးသီး ဆောင်ရွက်ခဲ့သည်။

    Dar Dan weight lifting association young members
    ဓားတန်းအလေးမအသင်း မှ လူငယ်များနှင့် အတူ ဓါတ်ပုံ ဦးသိန်းထွဋ် FB

    ၁၉၉၆ခု၊ ရန်ကုန်တွင်ကျင်းပသော ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကာယဗလပြိုင်ပွဲတွင် ပြုလုပ်သော Managers’ meeting and Judges’ meeting သို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

    ၁၉၅၅ခု၊ ဧပြီလ (၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်၏ အထက်မြန်မာနိုင်ငံကိုယ်စားပြု အမှုဆောင်အဖြစ် တာဝန်ပေးအပ်ခံရသည်။

    မန္တလေးတိုင်းဂုဏ်ဆောင်၊ မြန်မာ့အလေးမဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်းသည် ၂၀၀၃ခု၊ ဇန်န၀ါရီ (၂၁)ရက် (ကြာသပတေး)နေ့ တွင် အရှင်မြတ်အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ခင်ခင်အေးနှင့် သားသုံးဦးကျန်ရစ်ခဲ့သည်။

    2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

    ဓါတ်ပုံများကို ဦးဘသိန်း ၏ သားဖြစ်သူ ဦးသိန်းထွဋ်၏ FB စာမျက်နှာမှာ ရရှိ ဖော်ပြပါသည်။

     

    First Asian Olympic, 1951. Burma Contingent

    10923393_10153510785683219_592956831328825174_n A young body builder and weight lifter, Shwe Man Maung

  • မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်

    မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်

    Ko Hla Maung

    တက္ကသိုလ်နွယ်ထွန်း တင်ပြသည်

    (၁)
    မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ သမဂ္ဂ၏ကြွေးကြော်သံ မဂ္ဂဇင်းကို ထုတ်ဝေမည်ဟု သိရ သည်။ ယခုနှစ်တွင် ဤသို့သိရခြင်းမှာ မဂ္ဂဇင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ်ဟု ဆိုရပေမည်။ အကြောင်း ဆိုသော် လွန်ခဲ့သော ၄ နှစ်လောက်ကလည်း ဤသို့ပင်သမဂ္ဂမှ မဂ္ဂဇင်းထုတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုစဉ်က သမဂ္ဂအမှုဆောင်များ မဂ္ဂဇင်းတာဝန်ခံများမှာ အောက်တိုဘာကိစ္စနှင့် အဖမ်းခံခဲ့ရ ပြီး ထောင်ထဲ ရောက်ခဲ့ကြရသဖြင့် မဂ္ဂဇင်းကိစ္စမှာ ပျက်ပြားသွားခဲ့ရလေသည်။

    ယခုနှစ်တွင် ပွဲဦးထွက် အဖြစ်ဖြင့် အမဂ္ဂမှ မဂ္ဂဇင်းထုတ်မည်ဆိုသောအခါ ကျွန်တော့်အဖို့ အကြောင်းတရပ်ကို သတိမရဘဲ မနေနိုင်ဖြစ်ရသည်။ ၎င်းမှာစစ်ပြီးခေတ် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်၏ အကြောင်းပင်ဖြစ်တော့သည်။ ကိုလှမောင်သည် ကျောင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် တောခိုသွားခဲ့သည်။ တောခိုယင်းပင် ကွယ်လွန်သွားခဲ့ရပေသည်။

    ကိုလှမောင်နှင့် ကျွန်တော်မှာ ကောင်းစွာရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ၎င်းအကြောင်းကို ကျွန်တော်သိသမျှတင်ပြရန်သည် ကျွန်တော်၏၀တ်တရားတစ်ခုဟု ယူဆလိုပါသည်။

    (၂)
    ဂျပန်ခေတ်မှ စတင်၍ ကိုလှမောင်နှင့် ကျွန်တော်သိကျွမ်းခဲ့ရသည်။ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အာရှလူငယ်များအစည်းအရုံးခွဲသည် နယ်အတွင်း၌ အာရှလူငယ် အစုခွဲများကို အမြောက်အများ ဖွဲ့စည်းနိုင်ခဲ့သည်။ ကန့်ဘလူမြို့၏ အာရှလူငယ် အစည်းအရုံးခွဲ၏ အတွင်းရေးမှူး ကိုဗစိန်း (ယခုမန္တလေးမြို့ ၈၃ လမ်းမှ ဂျုံစက်တစ်ခုတွင် အလုပ်လုပ်နေသူ) နှင့် စာကြည့်တိုက်မှူးဖြစ်သူ ကျွန်တော်တို့သည်နယ်အတွင်းသို့ ကြိမ်ဖန်များစွာ အစည်းအရုံးကိစ္စနှင့် ရောက်ခဲ့ကြသည်။ ထန်းတပင် (ဇီးကုန်း)နယ်
    ဘူးကြီးရွာသို့ ရောက်သောအခါ ကိုလှမောင်နှင့် တွေ့ရပေတော့သည်။

    ကိုဗစိန်းနှင့် ကိုလှမောင်သည် စစ်မဖြစ်မီက ရွှေဘို အက်စ်-ပီ-ဂျီ အထက်တန်းကျောင်းတွင် ကျောင်းနေဘက်များဖြစ်ခဲ့ကြ၏။ သို့ဖြင့် ကိုဗစိန်းကို အကြောင်းပြု၍ ကိုလှမောင်ကို ကျွန်တော်သိရ၏။ စစ်ဖြစ်လာသဖြင့် ရွှေဘိုမှ ဘူးကြီးရွာသို့ ကိုလှမောင်တို့ မိဘများပြောင်းရွှေ့ နေထိုင်ကာ စစ်ဘေးကို ခိုလှုံနေကြခြင်းဖြစ်လေသည်။ ဘူးကြီးရွာတွင် အာရှလူငယ် အစုခွဲဖွဲ့သောအခါ ကိုလှမောင်သည် ဥာဏဗလမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့လေသည်။

    ကိုလှမောင်သည် ဘူးကြီးရွာမှာပင် ဖွားမြင်ခဲ့သည်။ ကွယ်လွန်သူမြေပိုင်ရှင် ဦးထွန်းစိန်နှင့် ဒေါ်မယ်မတို့၏သားသမီး ၅ ယောက်အနက် ဒုတိယသားဖြစ်သည်။ ၎င်း၏ အထက်တွင် အစ်ကို တစ်ယောက်ရှိ၍ ၎င်း၏အောက်တွင် နှမ ၃ ယောက်ရှိလေသည်။ ရွှေဘိုအက်စ်ပီဂျီကျောင်းမှ ၁၀ တန်းအောင်ပြီး မန္တလေး ဥပစာကောလိပ်သို့ ဆက်လက်ပညာသင်ယူနေရာမှ စစ်ဖြစ်၍ ကျောင်းထွက်ခဲ့ရသည်။

    ကိုလှမောင်၏ ဘ၀နှင့် စိတ်ဓါတ်တို့မှာ ကွာခြားခဲ့လေသည်။ ယင်းသို့ ကွာခြားမှုကြောင့် ဤသို့သော အဖြစ်မျိုးသို့ ရောက်ရှိ သွားခဲ့သည်ဟုဆိုလျှင် မှားလိမ့်မည်မထင်ပေ။ ၎င်း၏မိဘမှာ ပစ္စည်းဥစ္စာ ကြွယ်ဝသူများဖြစ်၏။ ဘူးကြီးရွာအနီး တ၀ိုက်နှင့် ရွှေဘို အနောက်ပိုင်း ညောင်ပင်သာကံသာကုန်း မြင်းစီးရွာ တ၀ိုက်တွင် ၎င်း၏မိဘပိုင်လယ်ဧက ၅၀၀၀ ခန့်ရှိခဲ့၏။ မိဘကမြေပိုင်ရှင် ဘ၀ ရောက်နေခြင်းကိုပင် ကိုလှမောင်သည် မလိုလားခဲ့ကြောင်း သိခဲ့ရသည်။ အတိုးပေးရာ၌ အဆမတန် အတိုးယူခြင်းများကို တွေ့သောအခါ အမြဲကန့်ကွက်ခဲ့သည်။ အတိုးများများ ယူခြင်းသည် မရှိဆင်းရဲသား လယ်လုပ်သူတို့အား ရက်စက်ခြင်းဟုယူဆခဲ့သူ ဖြစ်လေသည်။

    ကန့်ဘလူမြို့နယ်အတွင်း အာရှလူငယ်လုပ်ငန်းများ လုပ်တိုင်း ကိုလှမောင် ပါသည်။ အသင်းကိစ္စတွင် အထူးစိတ်ပါဝင်စားခဲ့သည်။ ထိုစဉ်က ဘူးကြီးရွာမှ ကိုလှမောင်နှင့် ၀က်တိုးရွာမှ ဆရာချယ်တို့သည် နိုင်ငံရေးအမြင်ရှိ၍ အသိဥာဏ်ကြွယ်ဝသူများ ဖြစ်ကြောင်းတွေ့ခဲ့ ရပေသည်။ ဆရာချယ်ဆိုသူကား အခြားမဟုတ် မကြာမီက အင်္ဂလန်မှ ပြန်လာခဲ့သူ ယခု ရမည်းသင်းတောင်ပိုင်း ပြည်သူလွှတ်တော် အမတ် ဦးဘိုးချယ် ပင် ဖြစ်လေသည်။

    (၃)
    ခေတ်တခေတ်ပြောင်းလဲသွားကာ ဂျပန်များ ဗမာပြည်မှ ဆုတ်ခွာသွားပြီး အင်္ဂလိပ်များ ရောက်ရှိလာခဲ့ပြန်သည်။ ကိုလှမောင်နှင့် ကျွန်တော်သည်လည်း  အဆက်ပြတ်သွားခဲ့ပြီး ၎င်းသည် မန္တလေးဥပစာကောလိပ်ကို ဆက်တက်စဉ် ကျွန်တော်လည်း ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ဒုတိယအကြိမ် ပညာဆက်လက်သင်ယူစဉ် နှစ်ဦးနှစ်ဝ ပြန်လည်တွေ့ကြပြန်သည်။

    ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းအနီး၌ နေထိုင်၏။ ကိုလှမောင်က ရတနာပုံကျောင်းဆောင်၌ နေ၏။ ကိုလှမောင် မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ပထမဆုံး ဥက္ကဌဖြစ်ရသော အကြောင်းနှင့် ပတ်သက်၍ ကျွန်တော်မမေ့နိုင်သော အချက်တစ်ရပ်ကို ဖေါ်ပြရပေဦးမည်။

    ရတနာပုံကျောင်းဆောင်နေ ကိုလှမောင်ထံ ကျွန်တော် မကြာခဏရောက်၏။ ကျောင်းဆောင်သဟာယ နှင့် စာကြည့်သင်းမှ စာအုပ်များကို ၎င်းကိုအကြောင်းပြု၍ ကျွန်တော်ငှား၍ ဖတ်နိုင်ခဲ့၏။ ၎င်းထံ ကျွန်တော် ရက်အတန်ကြာမသွားဘဲ နေလျှင် “ဟေ့-ဘာလို့မလာတာလဲ” ဟု မေးလေ့ရှိ၏။ တနေ့သ၌ ကျွန်တော်ကျောင်းဆောင် ၎င်းထံသို့ ရောက်နေစဉ် ကိုဘစီ(ထိုစဉ်က ဥပစာ အထက်တန်းကျောင်းသားယခု ဘီအယ်လ် အောင်ပြီးသူ)က “ကျုပ်တို့တော့ ကိုလှမောင်ကို ဥက္ကဌတင်ရမှာပဲဗျို့”ဟု ခပ်ပြုံးပြုံးပြော
    လိုက်ရာ ကုတင်ပေါ်၌ လဲလျောင်း၍နေသော ကိုလှမောင်က “အမယ်လေး မလုပ်ပါနှင့်ဗျာ-မလုပ်ပါနှင့်”ဟု ပြုံးဝင့်သော မျက်နှာဖြင့်ပြန်၍ ပြောလိုက်လေသည်။ သမဂ္ဂဖွဲ့စည်းရန် ဥက္ကဌနေရာအတွက်ညှိုနှိုင်းပြောဆိုနေကြခြင်း ဖြစ်၏။ တရက်-နှစ်ရက်မျှ အကြာတွင် သမဂ္ဂကိုဖွဲ့စည်းပြီးရာ ကိုလှမောင်ပင် ဥက္ကဌဖြစ်သွား၏။ အတွင်းရေးမှူးမှာ ကိုမောင်လေး(လူထုဒေါ်အမာ၏မောင်) ဖြစ်လေသည်။ ယခုဈေးချိုရတနာပုံ ဖိနပ်ဆိုင်ရှင် ကိုမောင်လေး(ဘီအေ) ပင်တည်း။

    ထိုစဉ်က ရတနာပုံကျောင်းဆောင် အပေါ်ထပ် အရှေ့ဘက်ရှိ အခန်းတခုတွင် ကိုလှမောင်၊ ကိုဘစီ၊ကိုကြည် (ယခုအလုပ်သမား အရာရှိ ဖြစ်နေသူ)နှင့် ကိုအုန်း(ယခု နိုင်ငံခြားရောက်နေသူ)တို့ နေထိုင်ကြ၏။ အားလုံး ဥပစာတန်းကျောင်းသားများဖြစ်၏။ ၎င်းတို့ လေးဦးစလုံးနှင့် ကျွန်တော်ခင်မင်ခဲ့ရသည်။

    ကိုလှမောင် ဥက္ကဌဖြစ်စဉ် သမဂ္ဂ၏ အာဘော် “ကျောင်းသားသတင်းစဉ်” ကို ကျောက်ပုံနှိပ်၍ ထုတ်ဝေခဲ့၏။ သတင်းစဉ်စာတည်းမှာ ကိုမောင်မောင်ဆိုသူဖြစ်၏။ သမဂ္ဂ၏ အမျိုးသမီးဌာနမှူးမှာ မသန်းသန်း ဆိုသူဖြစ်၏။ ကိုမောင်မောင်နှင့် မသန်းသန်းကို ကိုလှမောင်က မိတ်ဆက်ပေး၍ ကျွန်တော်သိရှိခဲ့ရသည်။ နောင်သောအခါ ကိုလှမောင်၊ ကိုမောင်မောင်နှင့် မသန်းသန်းတို့ အားလုံးသည် တောခိုသွားခဲ့ကြလေသည်။

    စာတည်းကိုမောင်မောင်မှာ ယခုမန္တလေးတက္ကသိုလ် ဥပစာ(ခ ပိုင်းမှ ခင်ခင်အေး)၏ အစ်ကိုဖြစ်၍ သူလည်းတောခိုယင်း ကွယ်လွန်သွားခဲ့ရသူ ဖြစ်လေသည်။

    (၄)
    ထိုစဉ်က မန္တလေးဥပစာကောလိပ်နှင့် မန္တလေးခရိုင်မှ ကျောင်းသားကိစ္စ ဟူသမျှတွင် ကိုလှမောင်မပါလျှင် မပြီးတော့ချေ။ နောက်ဆုံး၌ မန္တလေးဥပစာကောလိပ်၏ ဥက္ကဌသာမက မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌအဖြစ်ပါ ကိုလှမောင် အဖို့တာဝန်ယူခဲ့ရလေသည်။

    ၁၉၄၉ခု၊ ကျွန်တော်အမျိုးသားကျောင်း(၈)တန်း၌ရှိစဉ် မန္တလေးမြို့၏ အခြေအနေမှာ အတော်ဆိုးဝါး၍ လာခဲ့သည်။ မန္တလေးသူရိယ ကိုသန်းမောင်ဦးစီးသော ဒီမိုကရေစီ တပ်ပေါင်းစုတွင်လည်း ကိုလှမောင်ပါခဲ့သည်။ တပ်ပေါင်းစုတွင် ကိုလှမောင်ပါသွားခြင်းဖြင့် တကယ့်အရေးကြီးသော အချိန်တွင်လည်းတကယ့်အလုပ်ကို ကိုလှမောင် လုပ်ခဲ့ရလေတော့သည်။ တောခိုသွားတော့သည်။

    ၁၉၄၉ ခုနှစ်၌ကား ကျွန်တော်သည် မန္တလေးစီဗီလိုင်းရပ်တွင်နေ၏။ တနေ့တွင် ကျွန်တော်ရေချိုးနေခိုက်စတေရှင်ဝက်ဂွန်းကားဖြင့် ကိုလှမောင် ဖြတ်သွားသည်ကိုမြင်လိုက်ရ၏။ ဆံပင်မှာ ဖီးထားခြင်းမရှိ၊ ကဘိုကယို ဖြစ်နေသည်ကို မြင်လိုက်ရ၏။ တာဝန်ဝတ္တရားအရ သွားလာနေသည်ကိုဟု ကျွန်တော်ရိပ်မိသိရှိသဖြင့် နှုတ်ဆက်ခြင်း မပြုလိုက်ပေ။ သူကလည်း ကျွန်တော်ကို နှုတ်မဆက်နိုင်ချေ။

    ထိုအခါကား ကျွန်တော်သည် ကိုလှမောင်ကို နောက်ဆုံးမြင်လိုက်ရခြင်းပင် ဖြစ်လေသည်။ ထိုနေ့က ၎င်းသည် ကျွန်တော်နေသောအိမ်နှင့် မနီးမဝေးရှိ မန္တလေးတိုင်းဒုတိယပညာဝန်ဦးကြင်ပုနှင့် လာတွေ့ကာ ပညာရေးကိစ္စများ ဆွေးနွေး သွားသည်ဟု သိလိုက်ရသည်။ ကိုလှမောင်သည် တောတွင်း၌ ကျောင်းသားခေါင်းဆောင် ဗ-က-သ အထက်ဗမာပြည်တာဝန်ခံအဖြစ် တာဝန်ယူရသည်ဟု ဆိုလေသည်။

    (၅)
    နောက်ပိုင်း၌ ကိုလှမောင်နှင့် ကိုမောင်မောင်တို့သည် တောတွင်း၌ သေဆုံးကြပြီဟု ကြားရတော့သည်။ မိတ်ဆွေအချို့အား “ကိုလှမောင်တို့ ဆုံးတာမှန်သလား”ဟု မေးခဲ့ရသည်။ မှန်သည်ဟု ဖြေကြသည်။

    လွန်ခဲ့သော(၃)လလောက်က ဤဆောင်းပါးအတွက် အထောက်အကူ ဖြစ်စိမ့်သောငှါ မန္တလေးသူရိယကိုသန်းမောင်(ထိုစဉ်က သတင်းစာပြန်ထုတ်ရန် စီစဉ်နေဆဲ အခါဖြစ်သည်) ကို၊ ကိုလှမောင်တို့ သတင်းကို ကျွန်တော်မေးကြည့်ဖူးရာ ကိုလှမောင်တို့ သေဆုံးရပုံကို ဤသို့ကိုမောင်သန်းက ပြောပြလေသည်။

    သူ့နောက်ကြောင်းတွေကိုတော့ ခင်ဗျားတို့သိမှာပါပဲ၊ ၁၉၄၉ခုနှစ်က ကျွန်တော်တို့ တောခိုတယ်၊ ပထမဆုံး တံတားဦးနယ်ဘက်ကိုထွက်သွားတယ် ကိုလှမောင်တို့လဲပါတယ်။

    ၁၉၄၉ခုနှစ် အလယ်လောက်မှာ ပြည်မြို့မှာတောတွင်းကျောင်းသား ကွန့်ဖရင့်လုပ်တယ်။ အဲဒီကွန့်ဖရင့်ကို ကိုလှမောင်နှင့် ကိုမောင်မောင် လဲတက်ဖို့ ဆိုပြီးသွားကြတယ်။ ဒါနဲ့ မကွေးမှာ မကွေးပြည်သူ့ရဲဘော်က၊ ကွန်မြူနစ်ကျောင်းသားတွေ ဆိုပြီးဖမ်းတယ်ဂိုဏ်းဂဏစိတ်တွေ သိပ်ပြင်းထန်နေတဲ့အချိန်မို့ သူတို့နှစ်ယောက်ကို ပြည်သူ့ရဲဘော်က မကွေးမှာပဲ သတ်ပစ်လိုက်တယ်။ သူတို့နှစ်ဦးစလုံးသေတာအမှန်ဘဲ။

    ကိုလှမောင်နှင့် ကျောင်းသားသတင်းစဉ်စာတည်း ကိုမောင်မောင်တို့သည် ဤသို့ဤနှယ် သေဆုံးသွားခဲ့ ကြရသည်။

    (၆)
    ကိုလှမောင်နှင့် ကိုမောင်မောင်တို့၏ အလောင်းများထည့်ထားသည့် ခေါင်းများပေါ်တွင် ကျောင်းသားအလံလွှမ်း၍ ရိုက်ထားသောဓါတ်ပုံကို ကမ္ဘာ့ကျောင်းသားစာစောင် (World Student News)တွင် ပါရှိခဲ့သည်ကိုမှတ်မိပါသည်။

    လွန်ခဲ့သော ၃နှစ်လောက်က မန္တလေးဆရာအတက်သင်သိပ္ပံသို့ လာရောက်တက်သော ကိုလှမောင်၏နှမ မခင်ပုထံသို့ ကျွန်တော်သွားရောက် တွေ့ဆုံခဲ့ဖူးပါသည်။ ၎င်းတို့မောင်နှမတစု ကိုလှမောင်သေဆုံးသွားသည်ကို သိရှိသော်လည်း ၎င်းတို့၏ မိခင်ကိုမူ သေသည်ဟုမပြောဘဲ ဖုံးထားကြောင်း၊ တောခိုနေသည်၊ တောထဲမှာ ရှိသည်ဟုသာ ပြောထားကြောင်းဖြင့် သိရှိခဲ့ရသည်။ မိခင်တဦးအနေဖြင့် သားဖြစ်သူအတွက် အပူမီးတောက်ရှာ ပေလိမ့်မည်။ ယခုအခါမူ နှစ်ကြာလာပြီဖြစ်၍ ကိုလှမောင်၏မိခင်သည်
    သား၏အဖြစ်ဆိုးကို သိရှိကောင်း သိရှိနေတော့မည်ဟု တွေးဆမိသည်။

    ကိုလှမောင်သည် ဗမာမူစလင်တယောက် ဖြစ်သော်လည်းဗမာကို အထူးချစ်ခင်သူဖြစ်သည်၊ ဗမာလူမျိုးနှင့် ဗမာပြည်ကို မြတ်နိုးသူဖြစ်သည်။ ဗမာပြည်၏အကျိုးကို သယ်ပိုးလာသူဖြစ်သည်။ သူတက်နိုင်သလောက် သူ၏ယုံကြည်ချက်ဖြင့် သယ်ပိုးဆောင်ရွက်သွားသူလည်း ဖြစ်ပေသည်။

    လူအနေအားဖြင့် ရုပ်ရည်သန့်ပြန့်သည်၊ အရပ် ရှည်သည်၊ ပကာသနကိုမမက်မော၊ ဓါတ်ပုံရိုက်ခြင်းကိုဝါသနာမရှိ၊ သူ့သူငယ်ချင်းများက ထုံးစံအတိုင်း ဓါတ်ပုံတောင်းတိုင်း ပေးလည်းမပေးခဲ့၊ ပေးစရာလည်းရှိဟန်မတူချေ။

    ၁၉၄၇ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ပြန်ဖွင့်ခဲ့သည်။ ထိုနှစ်က ကိုလှမောင် သမဂ္ဂဥက္ကဌ ဖြစ်ခဲ့သည်။ ပထမ ၄ နှစ်အတွင်း သမဂ္ဂဥက္ကဌများမှာ(လှမောင်၊ လှမျိုးသန်း၊ လှညွန့်၊ လှရွှေ) ဟူ၍ “လှဥက္ကဌတွေ” ဆက်နေခဲ့ကြောင်း ပြောစမှတ် ရခဲ့သည်။ ယခုနှစ် ၁၉၅၆-၅၇ အထိ ဥက္ကဌ(၁၀)ဦး ရှိခဲ့ပြီ။ ကိုလှမောင်သည် ပထမဆုံးဥက္ကဌ ဟုမှတ်တမ်းတင်ခဲ့ရပေသည်။

    ယခုတော့ ပထမဆုံးဥက္ကဌကြီး ကိုလှမောင်သည် သေဆုံးရှာလေပြီ၊၊ သူတောခိုသည်ကို အပြစ်ဆိုစရာ မဟုတ်သော်လည်း ဂိုဏ်းဂဏစိတ်များပြီး ဗမာအချင်းချင်း အယုံအကြည်ကင်းမဲ့ကာ သတ်ဖြတ်နေခြင်းကိုသာ မုန်းစရာဖြစ်လေသည်။ ပြည်တွင်းစစ်ကိုလည်း မုန်းစရာဖြစ်လေသည်။ ကိုလှမောင်သည် ဗမာတဦးအနေဖြင့် ဗမာသတ်၍သေခဲ့ရသည်။ သူ့မိခင်က မွေးခဲ့သမျှ မောင်နှမတစုတွင် ကိုလှမောင်သည် သားကောင်းတယောက် ကျောက်ကောင်းတစေ့ ဟုဆိုနိုင်လေသည်။

    မိမိတို၏ယုံကြည်ချက်ဖြင့် ရွပ်ရွပ်ချွံချွံဆောင်ရွက်ကာ ဗမာပြည်၏အကျိုးကိုသည်ပိုးသွားကြသော ကျောင်းသားခေါင်းဆောင် ကိုလှမောင်နှင့်ကိုမောင်မောင်တို့သည် ကောင်းရာသုဂတိသို့ လားကြပါစေဟူ၍ ဆုတောင်းမိပေသည်။

    တက္ကသိုလ်နွယ်ထွန်း

    မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(၁၉၅၅-၅၆) မှထုတ်ဝေသော တက္ကသိုလ်မဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၅၆) မှ ကူးယူဖော်ပြသည်။

    ဓါတ်ပုံ- နိဗ္ဗာန်ဆော် မဂ္ဂဇင်း

    ဆက်စပ် အကြောင်းအရာများ ဖတ်လိုလျင်
    ———————————–
    http://www.m-mediagroup.com/news/tag/student_union

  • လူမှန်နေရာမှန် (အပိုင်း – ၂)

    လူမှန်နေရာမှန် (အပိုင်း – ၂)

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၅
    M-Media
    ဆောင်ပါးရှင် – ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)

    အပျော်တမ်းရဲတပ် တပ်မှူး ဆရာကြီးဦးရာဇတ်
    အပျော်တမ်းရဲတပ် တပ်မှူး ဆရာကြီးဦးရာဇတ်

    လူမှန်နေရာမှန် (အပိုင်း – ၂)

    Right man in the right place

    ဒီဇင်ဘာလ၂၆ရက်နေ့၊ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ရွေးကောက် ပွဲအောင်နိုင် ခြင်းအတွက် အနှေးယာဉ်လုပ်သားမှာ ဂုဏ်ပြုတွေ့ဆုံပွဲတွင်  ပါတီဝင်ထဲမှာ ၀န်ကြီးတနေရာ တောင်း တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ကျွန်တော်တို့Community ထဲမှာလည်း ခေါင်းဆောင် အကြောင်းရေးသားကြတာတွေ ရှိပါတယ်။အမှန်တကယ်တော့ ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို မိမိ၊ ရွေးချယ်လို့ မရပါဘူး။ အများက ကျေကျေနပ်နပ်နဲ့ ရွေးချယ်မှ ခေါင်းဆောင်ဖြစ်ပါတယ်။ အုပ်စုဖွဲ့ပြီး ခေါင်းဆောင်လုပ်ရင်လည်း ခေါင်းဆောင် အစစ်အမှန် ဖြစ်မလာပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်များ အကြောင်းကို လူမှန်နေရာမှန် အပိုင်း(၁) Link ၊ ယခု အပိုင်း(၂) အဖြစ် ရေးသားဖော်ပြနေခြင်း ဖြစ်ပါတယ်။ အဲဒီ့ပုဂ္ဂိုလ်ကြီးတွေက မိမိတို့ကိုယ် မိမိ ခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့သူတွေ မဟုတ်ပါဘူး။

    ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက် အကြောင်းကို ထပ်မံတင်ပြပါမည်။ အခြားတော့မဟုတ်ပါဘူး။ ထင်ရှားကျော်ကြားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ဖြစ်ပါ တယ်။ တကယ်တော့ ဆရာကြီးအကြောင်းကို ၀ါစဉ်အရ ဦးစွာရေး သားဖော်ပြရမှာပါ။ (၁၈.၁၂.၂၀၁၅) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းများ စွမ်းရည်မြှင့်သင်တန်း အပါတ်စဉ် (၁) ဆင်းပွဲ အခမ်းအနားမှာ ဦးဖေခင်အကြောင်းကို ဥပမာပေးပြီးပြောခဲ့လို့ ဦးဖေခင်အကြောင်းကို အပိုင်း-၁ မှာ စတင် ဖော်ပြခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်ကို အစိုးရအဖွဲ့ထဲမှ ၀န်ကြီးအဖြစ် ရွေးချယ်ခဲ့ ရာမှာ ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။

    “ငါတို့ ဆရာကြီးကို ရွေးချယ်ခန့်ထားတာ မွတ်စလင် တစ်ယောက်သက်သက်အနေနဲ့ မဟုတ်ပါဘူး။ အသင့်တော်ဆုံး အမျိုးသား ခေါင်းဆောင်တစ်ယောက် အနေနဲ့ ရွေးချယ် လိုက်တာ ဖြစ်တယ်။ မျိုးချစ်စိတ်အပြည့်အ၀ရှိတဲ့အတွက် မန္တလေးက ဆရာတော်များ၊ ရဟန်းတော်များ ကိုယ်တိုင်က အကောင်းဆုံး၊အတော်ဆုံးခေါင်းဆောင် အဖြစ် တောင်းဆိုထောက်ခံခဲ့တာမို့ပြဿသနာ တက်လာစရာ အကြောင်းမရှိဘူး” လို့ပြောခဲ့ဘူးပါတယ်။

    မန္တလေးမြို့၊ လေးပြင်ရပ်က ဆရာတော်ကြီး (၁၀)ပါးက ဗိုလ်ချုပ်ထံ မေတ္တာရပ် စာရေးသားတောင်းဆိုခဲ့ကြတာပါ။ ဗိုလ်ချုပ်က ရွေးချယ်ရာမှာလည်း လူမျိုး၊ ဘာသာခွဲခြားခြင်း မရှိပါဘူး။

    ဦးရာဇတ်ရဲ့နိုင်ငံရေးအပိုင်းကတော့ ၁၉၂၀ ယူနီဘာစီတီ အက်ဥပဒေကို အကြောင်းပြု ဆန့်ကျင်တိုက်ခိုက်တဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်မှာ ဦးရာဇတ်သည် တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

    ရန်ကုန်နဲ့ ယုဒသန်ကောလိပ်တွေက နှုတ်ထွက်ကြတဲ့ကျောင်းသားတွေထဲမှာ ပါဝင်ခဲ့ပါ တယ်။ ဒီသပိတ်တိုက်ပွဲဟာ ကျွန်ပညာရေးစနစ်ကိုအကြောင်းပြုပြီး၊ နယ်ချဲ့စနစ်ကို ဆန့်ကျင် တိုက်ခိုက်တဲ့ပထမဦးဆုံးတိုက်ပွဲဖြစ်ပါတယ်။

    ဆရာကြီးသည် ဘီအေဘွဲ့ကို ပါဠိဘာသာဂုဏ်ထူးနဲ့ ရန်ကုန်တက္ကသိုလ် မှ အောင်မြင်ခဲ့ပြီး မဟာဝိဇ္ဇာတန်း ဆက်တက်မည့် ဆဲဆဲတွင် ကျောင်းသားသပိတ် တွင်ပါဝင်ခဲ့တယ်။ သပိတ်လှန်ြ့ပီး နောက်ပိုင်းမှ မန္တလေးဗဟိုအမျိုးသားအထက်တ န်းကျောင်းကြီးကိုတည်ထောင်ခဲ့ပါတယ်။ ပါဠိ ဘာသာနဲ့ အင်္ဂလိပ်စာကို ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းကျောင်းသားများအား ဆရာကြီး ကိုယ်တိုင်သင်ကြားပေးခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်မှ အမျိုးသားပညာရေးအဖွဲ့ချုပ် (Council of National Education) က ကျင်းပတဲ့ B.A. စာမေးပွဲကိုအောင်မြင်ခဲ့ပြီး မန္တလေးဗဟိုအမျိုးသား ကျောင်း အုပ်ကြီးအဖြစ်ဆောင်ရွက်ခဲ့တယ်။ ဆရာကြီးရဲ့ ကျောင်းမှာတက် တဲ့ကျောင်းသားတွေ ထဲ မှာ ဘုန်းတော်ကြီး များလည်းပါပါတယ်။ အနီးစခန်းဆရာတော် ဦးပဏ္ဍိမှာ ဆရာကြီးရဲ့ အမျိုးသားကျောင်းကနေ ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ နောင် သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးး ဦးအုန်းလွင်(ကွယ်လွန်)လည်း ဆရာကြီးရဲ့ကျောင်းက ဆယ်တန်းအောင်မြင်ခဲ့ပါတယ်။
    263694_248277785185936_100000111498246_1079774_5445358_n
    မန္တလေးမြို့၊ ဗဟို အထက်တန်းကျောင်းရဲ့ Insignia အဖြစ် ရွှေခြင်္သေနဲ့ “အတ္တာဟိ အတ္တနောနာထော” ဆောင်ပုဒ်ပါ တံဆိပ်အမှတ်အသား အဖြစ် ဆရာကြီး ကသတ်မှတ်ပေးခဲ့ပါ တယ်။ ကျောင်းသားအားလုံး နေ့စဉ်ဒေါင်းအလံကြီးကို အလေးပြုရတယ်။ အမျိုးသားသီချင်းဆို ရတယ်။ ဗုဒ္ဓဘာသာဝင်ကျောင်းသားများသည် နံနက်ကျောင်းတက်ချိန်မှာ ခန်းမဆောင်ကြီးတွင် ဘုရားရှိခိုး၊ ငါးပါးသီလခံယူရတယ်။ အမျိုးသားသီချင်းမဆိုတဲ့ကျောင်းသားများကို ဆရာကြီးက ကြိမ်လုံးနဲ့ ရိုက်လေ့ရှိပါတယ်။

    Sir Walter Scott ရဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ကိုလည်း ကျောင်းသားများကို အလွတ်ကျက် ခိုင်းလေ့ရှိတယ်။

    Breathes there the man with soul so dead who never to himself hath said:’ This is my own, my native land.’
    ”ဒါတို့ပြည်၊ ဒါတို့မြေ မဆိုတဲ့သူသူဟာ အသက်ရှင်လျှက် ၀ိညာဉ်မဲ့နေတဲ့လူလို အသုံးမကျဘူး” လို့ အဓိပ္ပါယ်ရပါတယ်။

    ဆရာကြီးက ကျောင်းသားတွေကို ပညာသင်ကြားပေးရုံမက၊ အမျိုးသားရေး စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို မွေးဖွားပေးခဲ့ပါတယ်။

    ဗဟိုအမျိုးသားကျောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး၊ မက်ဆိုပိုတေးမီးယား (ယခု အီရတ်) စစ်မြေပြင်မှာ မဟာမိတ်တပ်များဘက်က တိုက်ပေးတဲ့ ဆာဦးဘတင် (ဗိုလ်ဘတင်) ကို သူ့ရဲ့ကျောင်းသားများအား စစ်ပညာသင်ကြား ပေးစေခဲ့တယ်။ ဆရာကြီးကိုယ်တိုင် လည်း ရဲတပ်ဖွဲ့ရဲ့ ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူဆောင်ရွက် ခဲ့တယ်။ ရံဖန်ရံခါ ဆရာကြီး ကိုယ်တိုင်လိုက်ပါခဲ့ပြီး ဦးပိန်တံတား ရန်ကင်းတောင်ဘက်ဆီကို Route march လမ်းလျှောက်ချီတက်ခဲ့ကြတယ်။
    279641_248268261853555_100000111498246_1079758_807440_o
    ရဲတီးဝိုင်းဖွဲ့ပြီး ရွှေဘိုမြို့အလောင်းဘုရား ပြဿ ဒ်ဂူပန္နက်ချပွဲတွင် ဘင်ခရာတီးခဲ့ရာ ထိုစဉ်က နန်းရင်းဝန်ဦးစောရဲ့ ၀ါးရင်းတုတ်တပ် နောက်ကောက် ကျခဲ့ပါတယ်။ ရဲဝတ်စုံအပြည့်ဝတ်ထားတဲ့ ဆရာကြီးက ကျေနပ်ပီတိဖြစ်နေစဉ်မှာ ၀ါးရင်းတုတ်တပ်ဗိုလ်ချုပ် နန်းရင်းဝန်ကြီးချုပ် ကတော့ ဒေါသဖြစ်ခဲ့ပါတယ်။ အဲ့ဒီတီးဝိုင်း ဓာတ်ပုံကို Drummer ကိုသန်းနိုင် (သခင်ဗဟိန်းညီ၊ မန်းရုပ်ရှင်) က တပ်မတော်မော်ကွန်းတိုက်သို့ လှူထားပါ တယ်။

    ဆရာကြီးက လက်ဝှေ့အားကစားကိုလည်း မန္တလေးအမျိုးသားကျောင်းမှာ စီစဉ်ပေးပါ တယ်။ ဘီလ်ဖစ်ရှားဆိုတဲ့နည်းပြဆရာကို အခကြေးငွေပေးပြီး ကျောင်းသားတွေကို သင်ကြား ပေးစေခဲ့ပါတယ်။ ထူးချွန်တဲ့ Boxer များ ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကိုမျိုးသန့်က လန်ဒန်သွားထိုးခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ ကျားဘညိန်း၊ ကိုချစ်အုန်းနဲ့အတူ ဟဲလ်ဆင်ကီ၊ အိုလံပစ်သွားခဲ့တယ်။ ၁၉၅၆ ခုနှစ်မှာ ကိုစံဝင်းက တိုကျိုမှာသွားထိုးခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ ကိုစန်းထွန်းက ရောမမှာ သွားထိုးခဲ့တယ်။ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်က အသိအမှတ်ပြုတဲ့ လက်ဝှေ့ ဒိုင်စာရင်းမှာ ကျားဘညိန်းပါဝင်ခဲ့တယ်။

    ဆရာကြီးရဲ့ကျောင်းကနေ ဖ.ဆ.ပ.လ ၀န်ကြီးဟောင်း ဗိုလ်ခင်မောင်ကလေး၊ သံအမတ်ကြီး ဦးချန်ထွန်း၊ သံအမတ်ကြီး ဗိုလ်မှူးကြီးခင်ညို၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၊ ကိုသိန်းအောင်၊ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ မန္တလေးပိဋိကတ် တိုက်မှူး ဒေါ်တင်လှ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ စွမ်းအင်ဝန်ကြီး ဦးခင်မောင်သိန်း၊ စက်မှု(၂)၀န်ကြီး ဦးသန်းရွှေ၊ မြို့တော်ဝန်ဦးကိုလေး၊ သိပ္ပံမှူးတင် စတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ် အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အတော်များများဟာလည်း ဆရာကြီးရဲ့တပည့်များဖြစ်ကြပါတယ်။ ဆရာကြီးက သူ့တပည့်တွေကို နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးနဲ့ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ခေါင်းဆောင်ကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။

    “ဘာပဲလုပ်လုပ် နောက်ကလည်းမလိုက်နဲ့၊ ဘေးတိုက်လည်း ကန့်လန့်ကန့်လန့်မလိုက်နဲ့၊ ရှေ့ထိပ်က ခေါင်းဆောင်ဖြစ်အောင်ကြိုးစား၊ ယုတ်စွအဆုံး ဓားပြတိုက်စားရင်တောင် ဓားပြ ခေါင်းဆောင်သာဖြစ်ပါစေ၊ ဒါမှသာ ဆရာကြီးရဲ့တပည့် အမျိုးသားကျောင်းထွက် ကျောင်းသား ပီသမယ်” လို့ တပည့်တွေကို သြ၀ါဒပေးလေ့ရှိတယ်။

    ဖ.တ.ပ.လ အဖွဲ့ချုပ်သည် ၂၄ အောက်တိုဘာ၊ ၁၉၄၅ ခုနှစ် ဘုရင်ခံအမှုဆောင် (၀န်ကြီး) အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘအုန်း၊ သခင်မြ၊ ဦးညိုထွန်း၊ ဦးရာဇတ်၊ ဦးသိန်းဖေ၊ ဦးအေး၊ မန်းဘခိုင်၊ စောဘဦးကြီးတို့ရဲ့အမည် စာရင်းတင်သွင်း ရာမှာ ဆရာကြီးပါဝင်ခဲ့ပါတယ်။

    ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ဆရာကြီးရဲ့ရုံးခန်းမှာ ဆွေးနွေးတိုင်ပင်ကြတယ်။ ဆရာကြီး ဆီက အကြံဥာဏ်ရယူခဲ့ရတယ်။ လေးထပ်ဗဟို အမျိုးသားကျောင်းကြီးဟာ လည်း သပိတ်စခန်းဖြစ် သွားခဲ့တယ်။ မန္တလေးအာဇာနည် (၁၇)ဦး စတဲ့ မန္တလေးနိုင်ငံရေးလှုပ်ရှားမှုများမှာ တက်တက် ကြွကြွပါဝင်ခဲ့တယ်။ ဂျပန်ခေတ်မှာ (၆)လကျော်ခန့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်။ မန္တလေးခရိုင် ဖ.ဆ.ပ.လ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။ ဗမာမွတ်စလင်ကွန်ဂရက်(ဗ.မ.က)ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့မှာ ပညာရေးနှင့်အမျိုးသားစီမံကိန်းဝန်ကြီး အဖြစ် နိုင်ငံ့တာ ၀န်များကို ထမ်းဆောင်ခဲ့ပါတယ်။ မန္တလေးမှာဒီဂရီကောလိပ်ဖွင့်ခဲ့တယ်။

    “အေးကွာ၊ မင်းတို့လဲကြားရမှာပေါ့၊ သွားသတိ၊ လာသတိ၊ နေသတိထားပြီး သွားလာ နေရတယ်ကွာ၊ အဲ့တော့ ဒရိုင်ဘာကိုလဲပြောထား ရတယ်၊ ကားလေးဘီးစလုံး မထွက်ခင်စစ်ဆေး၊ အကယ်၍ လမ်းမှာဘီးပေါက်ရင် ရပ်မနေနဲ့ ဖြစ်သလို ဆက်သာမောင်းလို့လဲ ပြောထားရ၊ မှာထားရတယ်ကွာ”လို့ ဆရာကြီး မကျဆုံးမှီ (၂)ရက် (၃)ရက်ခန့်အလိုမှာ ဆရာကြီးနဲ့တွေ့ခဲ့တဲ့ သူ့တပည့်တစ်ဦး က ပြန်ပြောပြခဲ့ပါတယ်။ ဆရာကြီးဟာ ဥပစ္ဆေဒကကံကို မလွဲမရှောင်သာ ကြုံတွေ့ရမယ်ဆိုတာ ကြိုတင်တွက်ဆထားပုံရပါတယ်။

    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှာ ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည်ခေါင်ဆောင်ကြီးများနဲ့အတူ မသမာသူများရဲ့လက်ချက်ကြောင့် ကျဆုံးခဲ့ရပါတယ်။

    ဆရာကြီးရဲ့ သြ၀ါဒစကား
    =================
    “ဆရာကြီးအနေနဲ့ဒီကောင်ဗုဒ္ဓဘာသာ၊ဒီကောင်ဟိန္ဒူ၊ ဒီကောင်မွတ်စလင်၊ ဒီကောင် ခရစ်ယာန်ရယ်လို့ပြောရင် မကြိုက်ဘူး။ဒါဟာ စိတ်ဝမ်းကွဲစေတယ်။ဘယ်ဘာသာ ကိုးကွယ်၊ ကိုးကွယ၊်မြန်မာဟာမြန်မာဘဲဆိုပြီး ခေါင်းထဲရိုက်သွင်းခဲ့တယ်”(ဆရာ ဗိုလ်ခင်မောင်ကလေး၊ မန္တလေးအမျိုးသားကျောင်း-နောင် ဖ.ဆ.ပ.လ ၀န်ကြီး)

    ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့နောက်ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကိုလူမှန်နေရာ မှန် အပိုင်း(၃)မှာ ဆက်လက်တင်ပြပါဦးမယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ် ။
    ခင်မောင်ချို

    လူမှန်နေရာမှန် (အပိုင်း – ၁) ဖတ်ရန်

    Link

  • မေ့မရနိုင်သော မင်းသားကြီးမောင်မောင်တာ

    မေ့မရနိုင်သော မင်းသားကြီးမောင်မောင်တာ

    KayMone 20151227

    အိုးဝေခင်မောင်ကွန့်

    ဒပ်ဗလင်တက္ကသိုလ်မှ SPHD ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိ ခဲ့သော နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး၊ ဒါရိုက်တာ ဒေါက်တာမောင်မောင်တာ ၏ ဖခင်ဘက်မှ အဘိုး ခန်ဆွာဟိဗ်-ခန်ဗဟာဒူရ်အာဂါအလီ အက္ကဗရ်ရှီ ရာဇီမှာ မြန်မာနိုင်ငံဆိုင်ရာ ပါရှားနိုင်ငံ(အီရန်)ကောင်စစ်ဝန်(၁၉၂ဝ-၁၉၂၉) မြေပိုင်ရှင်၊ မီးတိုင်အုပ်၊ ကုန်သည်ကြီး၊ အစိုးရကန်ထရိုက်တာဖြစ်ပြီး မန္တလေး ရွှေမြို့တော်၏ ပထမတန်းစားဂုဏ်ထူးဆောင် သမာဓိမြို့ဝန်မင်း၊ တရားသူကြီး လည်းဖြစ်သည်။ သူသည် ၁၉၂၉ ခုနှစ် (၆၃)နှစ်တွင် ရန်ကုန်မြို့၌ ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

    မိခင်ဘက်မှ မြန်မာဗုဒ္ဓဘာသာအဘိုးမှာ စစ်ကိုင်းတောင်ရိုးတွင် တည် ဆောက်လှူဒါန်းထားသော ရွှေကျောင်းကြီး၏ ဒါယကာ၊ မန္တလေးမြို့မလွန်ဆန်လှူ အသင်းကြီးကို ထူထောင်ခဲ့သူ ရွှေကျောင်းဒါယကာ-ဦးကျားဖြစ်သည်။ ဤဆန်လှူအသင်းကြီးကား ယနေ့တိုင်တည်ရှိလျက်ပင်။ ဦးကျားမှာ မန္တလေး မြို့တော် စည်ပင်မြူနီစီပါယ်ကောင်စီဝင်အဖြစ် (၃၅)နှစ်လုံးလုံးမဲဆန္ဒဖြင့် နှစ်စဉ် ရွေးချယ်တင်မြှောက်ခြင်းမပြုရဘဲ ဆက်တိုက်ယှဉ်ပြိုင်ဘက်မဲ့အရွေးခံတာဝန်ယူရ သူဖြစ်သည်။ သူသည် ၁၉၄၄ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုးရွှေကျောင်းတွင် ကွယ်လွန်၍ စစ်ကိုင်းတောင်ရိုးရွှေကျောင်းကြီးမှာပင် ဂူသွင်းမြှုပ်နှံခဲ့ သည်။

    ၁၉၅၄ ခုနှစ်တွင် ဗိုလ်ကြီးမောင်မောင်တာမှာ တောင်ငူမြို့တွင် စခန်းချ နေသော အမှတ်(၂)တပ်မဟာအောက်တွင် အမှုထမ်းခဲ့စဉ် လုပ်သက်ခွင့် သုံးလ ရရှိခဲ့သည်။ ထိုသို့ခွင့်နှင့်နေစဉ် အမေရိကန်နိုင်ငံ ဟောလိဝုဒ်ရုပ်ရှင် မြို့တော်မှ စာရေးဆရာအသင်းဥက္ကဋ္ဌ ပေါလ်ဂန်ဂလင်၊ရုပ်ရှင်ထုတ်လုပ်သူ အိုဝိလ်ဖော့စ်၊ရုပ်ရှင်ဒါရိုက်တာ ဂျော့ဆိုက်ဇ်တို့မှ စနေနေ့ညတစ်ညတွင် ရန်ကုန်မြို့ရှိ (၉၉)ကလပ်တွင် ဗိုလ်ကြီးမောင်မောင်တာနှင့် ရတနာနတ်မယ်(ခ) ဂျွန်ရိုဇ်ဘလမီတို့ အနောက်တိုင်း’တန်ကို’အက ကနေစဉ် တွေ့ရှိကာ ဗိုလ်ကြီး မောင်မောင်တာအား မင်းသားအဖြစ် ရွေးချယ်ရန် မျက်စိကျခဲ့သည်။

    ထိုဟောလိဝုဒ်အဖွဲ့မှာ ထိုအချိန်ကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ ကွန်မြူ နစ်ဆန့်ကျင်ထားသော ‘လူထုအောင်သံ’ ပြဇာတ်ကို ရုပ်ရှင်ရိုက်ရန် ရောက်ရှိ နေသည့်အဖွဲ့ဖြစ်သည်။ ရတနာနတ်မယ် ဂျွန်ရိုဇ်သည် နောင်တစ်ချိန်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်း၏ ဇနီး(First Lady) ဖြစ်ခဲ့ သည်။

    ‘လူထုအောင်သံ’ဇာတ်ကားကို မြန်မာပြည်အနှံ့အပြား အောင်မြင်စွာ ပြသခဲ့ရာ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ဖွင့်ပွဲအတွက် ဗမာ့လေတပ်မတော်က ကောင်းကင်မှနေပြီး ကွန်မြူနစ်ဆန့်ကျင်ရေး ‘လူထုအောင်သံ’ဇာတ်ကား ကြော်ငြာများကို လေယာဉ်ဖြင့် ရန်ကုန်၊ ပြည်၊ ပဲခူးမြို့များပေါ် ဖြန့်ကြဲပြီး ကြော်ငြာခဲ့သည်။

    ထိုကွန်မြူနစ်ဆန့်ကျင်ရေး ‘လူထုအောင်သံ’ဇာတ်ကား ဝဇီရာရုံ၌ အထူးပွဲ ပြသရာတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး စောခွန်ချိုနှင့် အခြားဝန်ကြီး ဧည့်သည် တော်များအပြင် နောင်တစ်ချိန်တွင် ကုလသမဂ္ဂ၌ အတွင်းရေးမှူးချုပ်ဖြစ်လာသူ ဦးသန့်နှင့် နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်းတို့တက်ရောက် ချီးမြှင့်ခဲ့ကြရာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ဗိုလ်ကြီးမောင်မောင်တာအား တပ်မတော်မှ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံး၌ ဒုတိယ အတွင်းဝန်အဖြစ်ခန့်အပ်ရန် သဘောတူခဲ့သည်။ သို့ရာတွင် ထိုရာထူးကိုလက်ခံရန် အခြေအနေမပေးခဲ့သဖြင့် ဗိုလ်ကြီးမောင်မောင်တာမှာ မသွားနိုင်ခဲ့ပေ။
    180223_1547297603189_7185289_n
    ၂၄-၅-၅၂ နေ့စွဲပါ တပ်မတော်မှ နုတ်ထွက်ခွင့်စာအရ ခွင့်ရက်များခံစား ပြီး တပ်မတော်ဗိုလ်ကြီးအဆင့်မှ မင်းသားဘဝသို့ ကူးပြောင်းလာခဲ့သည်။

    တပ်မတော်ပြန်တမ်းဝင်အရာရှိမှ ရုပ်ရှင်မင်းသားဘဝသို့ Army Service to Movie Star ဗြိတိသျှဘားမားရုပ်ရှင်ပိုင်ရှင် ဦးညွန့်၏သား ဦးချန်ထွန်းနှင့် ဒါရိုက်တာ ရွှေဒုံးဘီအောင်တို့၏ မေတ္တာရပ်ခံချက်အရ ဗိုလ်ကြီးဟောင်း မောင်မောင်တာ သည် ရုပ်ရှင်မင်းသားအဖြစ် ‘ဒေါက်တာ အောင်ကျော်ဦး’ ဇာတ်ကားကို မင်းသမီး မေသစ်၊ မေရီမြင့်တို့နှင့်တွဲဖက်လျက် ဇာတ်ကားရိုက်ကူးခဲ့ရာမှ အမေရိကန်နိုင်ငံတွင် သံတမန်လုပ်ငန်းကို မလုပ်နိုင်ခဲ့ဘဲ မြန်မာ့ရုပ်ရှင်လောက တွင် ၁၉၅၄ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ်အတွင်း ဇာတ်ကားပေါင်း ၄ဝ ကျော် ရိုက်ကူးကာ ‘ဒေါက်တာ အောင်ကျော်ဦး’ဇာတ်ကားမှ ဇာတ်ကားဆု၊ ဒါရိုက်တာ ဆု အကယ်ဒမီများရရှိခဲ့သည်။

    မင်သားမောင်မောင်တာက ကိုယ်တိုင်ဒါရိုက်တာ၊မင်းသားအဖြစ် ရိုက်ကူး ခဲ့သော ဇာတ်ကားများအနက် ‘မျှော်တလင့်လင့်’ ဇာတ်ကားမှာလည်း ၁၉၆၂ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဇာတ်ကားဟူ၍ ကြေညာနိုင်ခဲ့သည်။ ၎င်းရိုက်ကူးခဲ့သော ဇာတ်ကား ၄ဝ ကျော်တွင် တွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီးများမှာ အကယ်ဒမီ ကြည်ကြည်ဌေး၊ အကယ်ဒမီ မြင့်မြင့်ခင်၊ မေသစ်၊ မေရီမြင့်၊ အကယ်ဒမီ တင်တင်မူ၊ အကယ်ဒမီ စံရှားတင်၊ ကသာမယ် မခင် မှီ၊ ပဲခူးမယ်မြင့်၊ အေဝမ်းမေလွင်၊ အကယ်ဒမီ ခင်ယုမေ၊ အကယ်ဒမီ ခင်သန်းနု၊ မေရီမြ၊ မသက်ပန်၊ အကယ်ဒမီ ဝါဝါဝင်းရွှေတို့ဖြစ်ကြသည်။ တွဲဖက်သရုပ်ဆောင် ခဲ့သော မင်းသားများမှာ အကယ်ဒမီ ထွန်းဝေ၊ အကယ်ဒမီ ကောလိပ်ဂျင်နေဝင်း၊ အကယ်ဒမီ ဗိုလ်ဗကို၊ အကယ်ဒမီ မောင်သင်၊ တင်ဖေ၊ ကျော်ဖေ၊ အကယ်ဒမီ ကျော်ဟိန်း၊ ဇော်ဝမ်းတို့ဖြစ်ကြသည်။

    မင်းသားမောင်မောင်တာ၏ အကြိုက်ဆုံးဇာတ်ကားများမှာ လူထုအောင် သံ၊ မျှော်တလင့်လင့်၊ ဒေါက်တာအောင်ကျော်ဦး၊ ဤလူ့ဘောင်တွင်၊ သစ္စာ မဏ္ဍိုင်နှင့် ဆုဇာတ်ကားတို့ ဖြစ်သည်။ ၎င်းအား ”မောင်မောင်တာ အကယ်ဒမီ ဘာကြောင့် မရသလဲ”ဟု မေးသည့်အခါ အမေရိကန်နိုင်ငံ ဗွီအိုအေအသံလွှင့် ဌာနမှတစ်ဆင့် ဖြေခဲ့သည်မှာ သူက ဒေါက်တာအောင်ကျော်ဦးဇာတ်ကားမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု အကယ်ဒမီရခဲ့ပေမယ့် အောင်ကျော်ဦးအသွင် သရုပ်ဆောင်ခဲ့သူ ကျွန်တော် အကယ်ဒမီမရခဲ့သည်မှာ ထိုအချိန်က ပြန်ကြား ရေးဝန်ကြီး ဦးထွန်းဝင်း၏ ခင်မင်ရင်းနှီးစွာ ပြောဆိုချက်အရ ”မောင်မောင်တာ မင်းကမြင်း၊ မြင်းကို ချိုတပ်ပေးလိုက်မယ်ဆိုရင် ကန်လည်းကန်မယ်၊ ဝှေ့လည်း ဝှေ့မယ်” ဆိုပြီး ရယ်မောလျက် ဖြေခဲ့ပါသည်ဟူ၏။
    169034_1547299923247_53959_n
    အာရှရုပ်ရှင်ပွဲတော် မနီလာမြို့ Fifth Asian Film Festival- Manila ၁၉၅၇ ခုနှစ်တွင် မင်းသားမောင်မောင်တာသည် ဖိလစ်ပိုင်ကျွန်း မနီလာမြို့တော်၌ ကျင်းပခဲ့သော (၅)ကြိမ်မြောက် အာရှရုပ်ရှင်ပွဲတော်ကြီးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

    မနီလာမြို့၌ ဖိလစ်ပိုင်သမ္မတကြီး ကာလိုဂါးရှား (President Carlo Garcia)၏ ဧည့်သည်တော်အဖြစ် မာလကာနီရွန်နန်းတွင်း ဧည့်သည်တော် ဖြစ်ခဲ့သည်။

    ရုပ်ရှင်သက်ကြီးပူဇော်ပွဲ Paying Respect to the Aged Movie Stars မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နှစ်စဉ်ကျင်းပလျက်ရှိသော ရုပ်ရှင်သက်ကြီးပူဇော်ပွဲများသို့ နှစ်စဉ်မပျက်မကွက် တက်ရောက်အပူဇော်ခံနေသူဖြစ်သည်။ သူသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်က အသက် (၈၉)နှစ်ပြည့်ခဲ့ သည်။

    သူ၏ ဝါသနာမှာ ငယ်စဉ်ကပင် အနောက်တိုင်းအက (Ballroom Dancing) ကခြင်းပင်ဖြစ်သည်။ သူသည် အသက်(၁၂)နှစ်အရွယ်ကပင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ကမ္ဘာ့အနောက်တိုင်းအကချန်ပီယံ Victor Silverstor ကို ဆရာတင်ပြီး အကသင်ခဲ့သည်။ ဒေါက်တာမောင်မောင်တာသည် မြန်မာနိုင်ငံတွင် (၉)ကြိမ်တိုင်တိုင်Vinese waltz ‘ဝီယာနိဇ်ဝါလ်(စ)ချန်ပီယံဘွဲ့ ကို ဆွတ်ခူးခဲ့သည်။

    167645_1547312203554_3688038_n

    မွေးချင်းများ
    ————–
    ခန်ဗဟာဒူရ်ဟာဂျီဂိုလမ်ဟိုစိုင်န်ရှီရာဇီ(ခ) ဦးမောင်မောင်ကြီးနှင့် ဒေါ်သန်းတင်တို့မှ မွေးဖွားသော ဦးဗိုကြီး(မွေး -၁၉၂၄)(ဆုံး-၂ဝဝ၈)၊ဒေါက်တာ မောင်မောင်တာဟာဂ်ျ(မွေး-၁၉၂၆)၊ ဒေါ်ခင်စောမူ(မွေး-၁၉၂၇)၊ ဦးမောင် မောင်ပါ(မွေး-၁၉၃ဝ)စသည့် မွေးချင်းလေးဦးအနက် ဒေါက်တာမောင်မောင် တာသည် ဒုတိယသားဖြစ်သည်။ ကျန်ညီအစ်ကိုမောင်နှမများမှာ မန္တလေးမြို့၌ ယနေ့တိုင်သက်ရှိထင်ရှား ကျန်းမာစွာဖြင့် နေထိုင်လျက်ရှိကြသည်။

    သို့သော်လည်း ဒေါက်တာမောင်မောင်တာဟာဂ်ျသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သော်မဆင်ရိပ်သာ ၅၄လမ်း အမှတ်(၆၃)မြေညီထပ်တွင် လက်ရှိအိမ်ထောင်ဆိုဖီယာ (ခ) မစန်းယုမော်နှင့် သမီးမိုနာမောင်မောင်တာ(၁၁)နှစ်၊ သားနိုင်မင်းတာ(၉)နှစ်ခွဲတို့နှင့် နေထိုင်ပြီး အသက်အရွယ်ကြီးမြင့်လာ သည့်အတွက် ဘာသာသာသနာလုပ်ငန်းများကို အေးချမ်းစွာဖြင့် လုပ်ကိုင်ရင်း နေထိုင်လျက်ရှိစဉ် ၂ဝ၁၅ ခုနှစ် မတ် ၂၆ရက် အသက် (၉ဝ)အရွယ်တွင် နာမကျန်းဖြစ်ကာ ရန်ကုန်မြို့တွင် ကွယ်လွန်သွားရှာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့်ပင် ကျန်ရစ်သူ မိသားစုမှ ၂ဝ၁၅ ခုနှစ်ကုန်တွင် ဒါရိုက်တာ၊ မင်းသားကြီး ဒေါက်တာမောင်မောင်တာ ဖောင်ဒေးရှင်းကို တည်ထောင်ကာ လှူဒါန်းတော့မည်ဟု သိရှိရသည်။ (ဒေါက်တာမောင်မောင်တာ ကိုယ်တိုင်ရေး သားထားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ) ရုပ်ရှင်မင်းသားကြီးနှင့် ရုပ်ရှင် ဒါရိုက်တာ ဒေါက်တာမောင်မောင်တာသည် ငြိမ်းချမ်းရေးသံအမတ်ကြီးနှင့် ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါကြောင်း။

    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၅ ထုတ် ကြေးမုံ သတင်းစာမှ ကူးယူဖော်ပြသည်။

    ဆက်စပ်အကြောင်း အရာ ဖတ်ရန်
    ——————————–
    မင်းသားကြီး မောင်မောင်တာ (သို့) ကြွေလွင့်သွားတဲ့ ကြယ်တပွင့်
    http://www.m-mediagroup.com/news/39336

  • ၂၀၁၅ အကောင်းဆုံး မြန်မာ့ရိုးရာ လက်ဝှေ့သမားဆု ထွန်းထွန်းမင်းရရှိ

    ၂၀၁၅ အကောင်းဆုံး မြန်မာ့ရိုးရာ လက်ဝှေ့သမားဆု ထွန်းထွန်းမင်းရရှိ

    12241281_1692541460991398_473555449807385293_n
    မန္တလေး ဒီဇင်ဘာ ၁၂

     
    မန္တလေးမြို့မှ မြန်မာ့ရိုးရာ လက်ဝှေ့ချစ်မြတ်နိုးသူ ဝါသနာရှင် များ စီစဉ်သည့်၂၀၁၅ ခုနှစ် မြန်မာ့ ရိုးရာလက်ဝှေ့အကောင်းဆုံး ထူးချွန် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ (၃၅)လမ်းနှင့် (၇၆)လမ်းရှိ တီးမားတင်ဝင်း မင်္ဂလာ ခန်းမ၌ ကျင်းပသည်။ မြန်မာ့ရိုးရာလက်ဝှေ့ ထူးချွန်ကလပ်အသင်းဆုနှင့် ထူးချွန် အားကစားသမားများဆုပေးအပ်ခြင်း ကို မန္တလေးမြို့က ပထမဆုံးအကြိမ် စတင်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
    12316509_1692541507658060_8979806615644654882_n
    အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ဆရာမခင်ခင်ဝင်း (ပညာရေး) က ဆောင်ရွက်သည်။ ရှေးဦးစွာ မန္တလေးမြို့၏ ဝါရင့်လက်ဝှေ့ ပွဲများကို စီစဉ်သူ ဆရာကြီးကီးမားဦးတင်ဝင်းက မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများအကြောင်း ကိုလည်းကောင်း၊ ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ဆရာဦးမြင့်လွင် (ကျားကြီး)က မြန်မာ့ ရိုးရာလက်ဝှေ့ ဆုချီးမြှင့်ပွဲ ကျင်းပခြင်းအတွက် မုဒိတာစကားပြောကြားသည်။
     
    ဆက်လက်၍ ဆရာကြီး ဦးဂျွန်ပေါ က ၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံးထူးချွန်ဆုပေးပွဲ ဖြစ် ပေါ်လာပုံကို ရှင်းလင်းတင်ပြသည်။
    12321165_1692541487658062_2797401717471323765_n
     
    ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ ဆရာကြီး ကီးမား ဦးတင်ဝင်းက ကြိုးစားအားထုတ်မှု ထူးချွန်ကလပ်အသင်းဆုရ အဖြူရောင်သွေးသစ်ကလပ်မှဆရာကြီး ဦးအောင်ပွဲမောင်အားလည်းကောင်း၊ ဆရာစနေမောင်မောင်က အတိုးတက်ဆုံး မြန်မာ့ရိုးရာ
    လက်ဝှေ့ အားကစားသမားဆု ရသွေးသစ်အောင်အား လည်းကောင်း၊ဆရာဦးဂျွန်ပေါက မြန်မာ့ရိုးရာလက်ဝှေ့ အလဲထိုးစွမ်းဆောင်ရည် အမြင့်ဆုံးဆု (အလဲထိုးဘုရင်)ရ ရဲသွေးနီအားလည်းကောင်း၊ ဆရာ ဦးစိုးမင်းက မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံး အားကစားသမားဆုရ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်း အားလည်းကောင်း ဆုဖလားနှင့် ကျပ်ငွေငါးသိန်းစီ ဆုချီးမြှင့်သည်။
     
    ခင်ခင်ဝင်း(ပညာရေး)
     
    ၁၃၊ ၁၂၊ ၂၀၁၅ ကြေးမုံမှ ကူးယူဖော်ပြသည်။
     
    ဓါတ်ပုံ- ထွန်းထွန်းမင်း FB