News @ M-Media

Tag: famous_myanmar_muslim

  • တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ)

    တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ)

    ဧပြီ ၁၆ ၊ ၂၀၁၆
    M-Media
    nandar mate
    မူရင်းစာအုပ်အမည်မှာDefeat into victory ဖြစ်သည်။ ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်း၏ အတွေ့ အကြုံမှတ်တမ်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ တိုက်ခိုက်သော မြန်မာပြည် စစ်မြေပြင်နှင့် ပတ်သက်၍ အပြည့်စုံဆုံးစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် ဆလင်းသည်မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတို့ကိုလည်း ဖြည့်သွင်းရေးသား ထားသည်။

    COB5633တက္ကသိုလ်နန္ဒမိတ်သည် ဤစာအုပ်ကို ပြန်ဆိုရာတွင် အတော်ပင် အကျဉ်းချုံး၍ ပြန်ဆိုထားသော်လည်း ဤစာအုပ် အလျင်က ဤမျှပြည့်စုံသော စစ်မှတ်တမ်း ဘာသာပြန်စာအုပ် မရှိခဲ့သဖြင့် အထူးပင်အောင်မြင်မှုရရှိသည်။ ဤစာအုပ်ကြောင့် ပင် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော စစ်ဘာသာပြန်စာအုပ်များ အများအပြားပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်နန္ဒိမိတ်ကိုယ်တိုင်လည်း နောက်ထပ် စစ်စာအုပ်များစွာ ပြန်ဆိုခဲ့သည်။[ဘာသာပြန်စာပေစာတမ်းများ -ဒုတိယတွဲ၊ ဘာသာပြန် သုတ(ဝိဇ္ဇာ)စာပေ၊ နတ်နွယ်၊ လှသမိန်၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၀၊ စာ-၄၅-၄၆]

    တက္ကသိုလ်နန္ဒမိတ် ( ၈ မတ် ၁၉၂၂ – ၁၅ နိုဝင်ဘာ ၁၉၆၈) သည် သံတွဲခရိုင် တောင်ကုတ်ဇာတိဖြစ်သည်။ အဖ မြို့ပိုင် ဦးမောင်မောင်ကြီး အမိဒေါ်ရွှေတို့၏ သားဖြစ်သည်။ အမည်ရင်းမှာ မုဟမ္မဒ်အလီခေါ် ဦးတင်အောင်ဖြစ်သည်။ ၁၉၄၆ တွင် သံတွဲ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။ တိုးတက်ရေးသတင်းစာ၊ ရောင်ခြည်ဂျာနယ်၊ ရုင်ရှင်ပဒေသာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် မြဝတီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၄၂ – သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့။ နယ်ချဲ့မောင်းထုတ်ရေး ကျောင်းသားလှုပ် ရှားမှုတွင် ပါဝင်ခဲ့။

    ၁၉၄၅ – ၄၆ – သံတွဲမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့။

    ၁၉၄၆ – ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့။

    ၁၉၄၇ – ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃)ပါ ”မောင်တို့ရခိုင်ပြည်” ကဗျာသည် အစောဆုံး စာပေလက်ရာဖြစ်သည်။

    ၁၉၄၉ – ၅၀ – ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍတွဲဖက်စာတည်း။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း ဒု-ဥက္ကဌ။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီ တာ။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် ”မောင်တင်အောင်(၀ိဇ္ဇာ- အထက်တန်း)” အမည်ဖြင့်”ကဗျာတကျော့” ၀တ္ထုတို ပထမဆုရခဲ့။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်လည်စာ စောင် (တွဲ-၁၊ အမှတ်-၃)၌ ”ကိုယ်ပျောက်ဆေးလုံး ပြဇာတ်”။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် ‘ခေတ်၏ကြေးမုံ’ (တေးကြို)ကဗျာကို ရေးသားခဲ့။

    ၁၉၅၀ – ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့။ ပထမဆုံးလုံးချင်း ”နန္ဒာပုလဲ” ၀တ္ထုကို ရေးသားထုတ်ဝေ။(ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာ တွင် လက်ထောက်အယ်ဒီတာ။

    ၁၉၅၃ – ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ။

    ၁၉၅၄ – မြ၀တီမဂ္ဂဇင်းတိုက်ထုတ် ”ရောင်ခြည်ဂျာနယ်” အယ်ဒီတာ။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိဆောင်ရွက်ခဲ့။ ”မောင်ကြီးလာပါဟေ့” လုံးချင်းဝတ္ထုထွက်။

    ၁၉၅၆ – ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထုထွက်။

    ၁၉၆၀ -ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ ”စုံထောက်မဂ္ဂဇင်း”ကို အယ်ဒီတာအဖြစ်ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့။ ”ရွှေပြည်ကြီး” မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့်”ပန်းဖွက်တမ်း” ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့။

    ၁၉၆၁ – သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ပင်ကိုယ်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ ”စာရေးချင်သောသူများသို့” စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့။

    ၁၉၆၃ – ”စစ်ကြောင်းချီသော်” စစ်ဝတ္ထုထုတ်ဝေ။ ”နန္ဒာပုလဲ” ဒု အကြိမ်ထွက်။ ”စာရေးချင်သောသူများသို့” ဒု အကြိမ်ထွက်။

    ၁၉၆၄ – ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထွက်။ ”မောင်ကြီး လာပါဟေ့” ၀တ္ထု ဒုတိယအကြိမ်ထွက်။

    ၁၉၆၅- ဂျပန်တော်လှန်ရေးတိုက်ပွဲ။ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာ ပြည်စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များထွက်ရှိ။

    ၁၉၆၆- သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်။ ဇက်တပ်ဖွဲ့စသောဘာသာပြန်လုံးချင်းများထွက်ခဲ့။ ”ရွှေပြည်ကြီးနှင့်အခြားဝတ္ထုတိုများ”စာအုပ်ထွက် ”စာရေးချင်သောသူများသို့” (တ)အကြိမ်ထွက်။

    ၁၉၆၇ -အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ပန်းပါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များထွက်ရှိခဲ့။

    ၁၉၆၈ – ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များထွက်။

    ၁၉၆၉ – သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများထွက်။

    ၁၉၇၁ – ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ ထွက်။ ‘မြန်မာပြည်စစ်မြေပြင်’ ဒုအကြိမ်ထွက်။

    ၁၉၇၇ – ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများထွက်။

    ၁၉၈၁ – သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)ထွက်။

    ၁၉၈၂ – တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များထွက်။

    ၁၉၈၃ – တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များထွက်။

    ၁၉၈၄ – မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့ အမွေ၊ စသောစာအုပ်များထွက်။

    ၁၉၈၅ – တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ) စသောဘာသာပြန်လုံးချင်းများ ထွက်။

    ၁၉၈၆ – သံမဏိသစ္စာ၊ ၃၄-အရှေ့၊ ဘာသာပြန်လုံးချင်းများထွက်။

    ၁၉၈၆ – နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅)နာရီအချိန်တွင် အင်းစိန်မြို့ရွာမအရှေ့၊ အောင်မင်္ဂလာလမ်း သွယ်၊ အိမ်အမှတ် (၉၉၁)တွင် ကွယ်လွန်၊ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့။

    nurse 1947

    ထင်ရှားသောစာအုပ်အချို့
    (၁) နန္ဒာပုလဲ၊
    (၂) မြ၀တီစစ်ကြောင်း
    (၃) ပန်းပါစစ်ကြောင်း
    (၄) ရွှေပြည်ကြီး
    (၅) ယုံကြည်ချက်အတွက် အသက်စွန့်သူများ
    (၆) ဗန္ဓုလခံတပ်
    (၇) မြန်မာပြည်စစ်မြေပြင်
    (၈) သံလွင်တိုက်ပွဲ
    (၉) မြစ်ကြီးနားတိုက်ပွဲ
    (၁၀) မန္တလေးကိုဖြတ်၍
    (၁၁) စာရေးချင်သောသူများသို့
    (၁၂) တတိယမီးကျည်
    (၁၃) သန်းခေါင်ယံခုနှစ်မီးနှစ်
    (၁၄) အင်ဖာတိုက်ပွဲ
    (၁၅) တိုင်တန်းနစ် (၂-တွဲ)
    (၁၆) သုံးရောင်ခြယ်တစ္ဆေသင်္ဘော

    စာညွှန်း ။ ။
    1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
    2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
    3. မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
    4. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
    5. စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
    6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]
    7. ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)

  • ဂဠုန်ဦးစောကို တရားစီရင်ခဲ့သည့် အထူးခုံရုံး အဖွဲ့ဝင် သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

    ဂဠုန်ဦးစောကို တရားစီရင်ခဲ့သည့် အထူးခုံရုံး အဖွဲ့ဝင် သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

    Thiri_Pyan_Chi_U_Si_Buu 4
    ဦးစီဘူးကို အဘ – ပညာဝန် ဦးနော်ဒင် နှင့် အမိ – ဒေါ်ရဲမ တို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ(ကမန်ရွာ)တွင် ၁၈၉၈ ခုနှစ်၌မွေးဖွားခဲ့သည်။ မွေးချင်း (၈) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ရွှေမြဦးဖြစ်သည်။ ဦးစီဘူးသည် ဗြိတိသျှ ကိုလိုနီအစိုးရ လက်ထက်ကပင် ရခိုင်တိုင်း စစ်တွေမြို့၌ စက်ရှင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဦးစီဘူး သည် ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင် ကြီးများကို နယ်ချဲ့လက်ပါးစေတစ်စုက လုပ်ကြံသတ်ဖြတ်လိုက်သည့် နိုင်ငံတော်လုပ်ကြံကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့တွင် ဘုရင်ခံက လုပ်ကြံမှုကို စစ်ဆေးစီရင်ရန် အထူးခုံရုံးဖွဲ့စည်းသည့်ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ခုံရုံးတွင် နာယကနှင့် အဖွဲ့ဝင်နှစ်ဦး ပါဝင်ရမည်ဖြစ်သည်။ ထိုစဉ်က တရားလွှတ်တော် တရားဝန်ကြီးချုပ်ဖြစ်ခဲ့သော ဆာဘဦး ကအထူးခုံရုံးအတွက် နာယကနှင့် အဖွဲ့ဝင်များ ရွေးချယ်ပေးခဲ့ရ၏။ “ နာယကရွေးရတာကတော့ ခက်ခဲခြင်းမရှိခဲ့ပါ။

    ဦးကျော်မြင့်ကို ထိုတာဝန်ပေးအပ်ရာ သူကလိုလိုချင်ချင်ပင် လက်ခံပါသည်။ အဖွဲ့ဝင်နှစ်ဦးကို ရွေးရာတွင်မူ မလွယ်ကူခဲ့ပါ။ တရားသူကြီးများသည် ရိုးသားရမည်၊ အရည်အချင်းပြည့်စုံရမည်၊ ကြံ့ခိုင်ရမည်၊ သူတို့ကို အစိုးရနှင့်ပြည်သူက လက်ခံနိုင်ရမည်။ ထိုအရည်အချင်းအားလုံးနှင့် ပြည့်စုံသော စက်ရှင်တရားသူကြီးများကို ရှာဖွေရတာမလွယ်ပါ။ အချို့မှာ ရိုးသား၍ အရည်အချင်း ပြည့်စုံကြပါ၏။ သို့ရာတွင် ကြံ့ခိုင်ခြင်းမရှိကြပါ။ အချို့ကိုမူ အစိုးရက သဘောမကျပါ။ နောက်ဆုံး၌ ဦးအောင်သာကျော်နှင့် ဦးစီဘူးကို ရွေးချယ်လိုက်ရပါသည်။ ’’ ဟု ဆာဘဦးက ‘ ကျွန်ုပ်၏မြန်မာပြည် ’ တွင်မှတ်တမ်းတင်ခဲ့လေသည်။ ဤမှတ်တမ်းအရ အထူးခုံရုံးအဖွဲ့ဝင် စက်ရှင် တရားသူကြီးများ၏ သီလ၊ သမာဓိ၊ ပညာ အရည်အချင်းတို့ကို သိမြင်နိုင်ပေသည်။   ဘုရင်ခံသည် အထူးခုံရုံးကို  ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ၂ဝ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။ ထိုအထူးခုံရုံးတွင် တရားလွှတ်တော် တရားရေးဝန်ကြီး ဦးကျော်မြင့်က နာယကအဖြစ်ဆောင်ရွက်ပြီး ဦးစီဘူးနှင့် ဦးအောင်သာကျော်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

    Thiri_Pyan_Chi_U_Si_Buu 2
    တရားခွင်သို့လာကြစဉ်

    ဦးစောနှင့် အပေါင်းအပါတို့ကို စစ်ဆေးရာတွင် အထူးခုံရုံးက မျှတမှန်ကန်စေရန် အထူးကြိုးပမ်းခဲ့လေသည်။ ငွေကြေးမတတ်နိုင်သော တရားခံများအတွက် အစိုးရစရိတ်ဖြင့် ရှေ့နေငှားရမ်းပေးခဲ့သည်။ အမှုစစ်ဆေးရာတွင် တစ်ဖက်သတ်မပြု။ အကျေအလည် ပြန်လှန် မေးမြန်းခွင့်၊ ပြောခွင့်၊ ဆိုခွင့် တို့ကိုပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော နိုင်ငံခေါင်းဆောင်ကို လုပ်ကြံသူများပါတကားဟု ကြိုတင်၍ စိတ်ပိုင်းဖြတ်ခြင်းမျိုးကို မပြုမိအောင် ကြိုးပမ်းသည်။ ထိုသို့စိတ်ပိုင်းဖြတ်ထားခြင်းမရှိကြောင်းကို အမျိုးမျိုးသောနည်းများဖြင့် ပြသ၍ ထင်ရှားစေခဲ့သည်။ တရားသူကြီးများ၏စိတ်တွင် ကြိုတင်စိတ်ပိုင်းဖြတ်ခြင်းနှင့် ဒေါသ လုံးဝကင်းရှင်းသည်ဟုကား တပ်အပ်သေချာစွာ မဆိုနိုင်။ သို့ရာတွင် ထိုဒေါသကို ဖယ်ရှားနိုင်သမျှဖယ်ရှား၍ ဥပဒေနှင့်အညီသာ မူခင်းကို တည်တည်ငြိမ်ငြိမ်  စစ်ဆေးခဲ့ကြသည်ကို ပြည်သူတို့မြင်ကြရလေသည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝရက်နေ့ တွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါတရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့သည်။ နိုင်ငံတော်လုပ်ကြံမှု အထူးခုံးရုံးအဖွဲ့ဝင် တရားသူကြီးများအား နိုင်ငံတော်မှ သီရိပျံချီရွှေတံဆိပ်ဆုများကို အသီးသီး ချီးမြှင့်အပ်နှင်းခဲ့သည်။

    U-Si-Bu
    သီရိပျံချီ ဦးစီဘူး
    Thiri_Pyan_Chi_U_Si_Buu 1
    နိုင်ငံတော်မှ ချီးမြှင့်မှု

    ထိုနောက်ပိုင်း တစ်ဆက်တည်းတွင် ဦးစီဘူးသည် တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီး အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် အသက် (၅၅) နှစ်အရွယ် ၁၉၅၃ခုနှစ်တွင် ရန်ကုန်မြို့၌ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခဲ့လေသည်။ ဦးစီဘူးမှာ ဂဠုန်ဦးစော၏ မိတ်ဆွေလည်းဖြစ်သည်။ ဂဠုန်ဦးစောက ကြိုးစင်တက်ခါနီးတွင် ဦးစီဘူးအား “မင်းလုပ်ရပ်မှန်ပါတယ်” ဟု ပြောခဲ့ကြောင်း ဦးစီဘူး၏ဇနီးဖြစ်သူ အသက်ထင်ရှား ရှိစဉ်က နောင်လာ နောက်သားတို့ထံ ပြန်လည်ပြောပြခဲ့သည်။ နိုင်ငံတော်အစိုးရပေးအပ်သော တာဝန်များကို အမြင့်မားဆုံး ထမ်းဆောင်ခဲ့သော အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ တရားလွှတ်တော်ချုပ် တရားရေး ဝန်ကြီး သီရိပျံချီ ဦိးစီဘူး၏ အတ္ထုပ္ပတ္တိကို ခေတ်ကြေးမြင်မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

    စာတည်းအဖွဲ့

    ထုတ်နုတ်။  ။ မောင်ဆန္ဒ(လယ်ဝေး)၏ ကမန်မျိုးနွယ်စုသမိုင်း။
    ဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော)

    ” ခေတ်ကြေးမြင်မဂ္ဂဇင်း စာတည်းအဖွဲ့က သီရိပျံချီဦးစီဘူး၏ အတ္ထုပ္ပတ္တိကို ပြုစုထားခြင်းဖြစ်ပါသည်။ “

    “ခေတ်ကြေးမြင် မဂ္ဂဇင်း မှကူးယူဖော်ပြပါသည်။ “

  • ကြက်တောင်ချန်ပီယံ ကိုစိုးမြင့်တင် (ခ) ကိုစိုးမြင့်

    ကြက်တောင်ချန်ပီယံ ကိုစိုးမြင့်တင် (ခ) ကိုစိုးမြင့်

    မတ် ၂၆ ၊ ၂၀၁၆
    M-Media
    U Soe Myint
    ဦးဘဦး+ဒေါ်တင်ဦးတို့၏ သားသမီး(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ မန္တလေးဇာတိ ဖြစ်သည်။

    ဒိုင်အိုစီဇင်ကျောင်း (ယခု အ.ထ.က- ၁၀)တွင် ပညာသင်ကြားခဲ့ပြီး ကြက်တောင်အားကစား၌ ထူးချွန်၍ အောင်ကလပ်တွင် ကြက်တောင်ရိုက် စတင်ဆည်းပူးခဲ့သည်။

    ၁၉၈၂ခု တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲ၊ ၁၉၈၃ခု လူငယ်တံခွန်စိုက် တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင် ပွဲတွင် ပထမဆု ရရှိခဲ့သည်။

    ၁၉၈၄ မှ ၁၉၈၇ အထိ ကြက်တောင်ရိုက်ကစားခဲ့ရာ ၁၉၈၇တွင် မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့သည်။

    ၁၉၈၉တွင် ထိုင်းနိုင်ငံ အာရှအားကစားပြိုင်ပွဲသို့ အရွေးခံရသော်လည်း အကြောင်းကြောင်းကြောင့် မသွားရောက်ခဲ့ရပါ။ ထိုနှစ်မှာပင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ အရှေ့တောင်အာရှအားကစားပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။

    ဇနီးဒေါ်ခင်ညိုလှိုင်နှင့် သားသမီး နှစ်ဦး ထွန်းကားခဲ့သည်။

    *2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

  • ကြက်တောင် ချန်ပီယံ ဦးကိုကြီး

    ကြက်တောင် ချန်ပီယံ ဦးကိုကြီး

    U Ko Gyee 1
    ဟာဂျီ ဦးမောင်လေး+ဟာဂျီမ ဒေါ်ကူတို့၏ သားသမီး (၈)ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ မန္တလေးမြို့ ဇာတိဖြစ်သည်။

    ဒိုင်အိုစီဇင် သံတဲကျောင်း (ယခု အ.ထ.က-၁၀)ကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး ကြက်တောင်ရိုက် အားကစားတွင် ထူးချွန်ခဲ့သည်။ ထို့ကြောင့် အောင်ကလပ်တွင် ကြက်တောင်ရိုက် စတင်လေ့ကျင့် ဆည်းပူးခဲ့သည်။

    ၁၉၆၉ မှ ၁၉၇၃ ခုနှစ်အထိ ပြည်ထောင်စုဒိုင်းကို (၅)နှစ် ဆက်တိုက်ရရှိခဲ့ပြီး အကောင်းဆုံးအားကစား သမားဆုကို ရရှိခဲ့သည်။

    ၁၉၆၉ ခုတွင် တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲအတွက် မန္တလေးတိုင်းလက်ရွေးစင်အဖြစ် အရွေးခံခဲ့ရ သည်။

    ၁၉၇၁ခု ကျောင်းသားအားကစားပွဲတော်၌ မန္တလေးတိုင်း တံခွန်စိုက်ဒိုင်းကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် လူငယ်တံခွန်စိုက်တစ်ဦးချင်း ယှဉ်ပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့သည်။

    ၁၉၇၅ ခုတွင် ထိုင်းနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် တတိယဆု၊ ၁၉၇၇နှင့် ၁၉၇၈ ခုနှစ်တွင် ချန်ပီယံဆုများ ရရှိခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်မြို့တွင် တရုတ်မြန်မာချစ်ကြည်ရေးပွဲကို ကစားခဲ့သည်။

    ၁၉၇၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပသော အာရှတံခွန်စိုက်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၇၉နှင့် ၁၉၈၀ ခုနှစ်တွင် တရုတ်နှင့် စင်္ကာပူနိုင်ငံများသို့ ချစ်ကြည်ရေး ကြက်တောင်ရိုက်ပွဲများသို့  သွားရောက်ခဲ့သည်။

    ဇနီး ဒေါ်သန်းစိန်နှင့် သားသမီး လေးယောက်ထွန်းကားပြီး ၂၇နှင့် ၂၈လမ်း၊ ၈၂နှင့် ၈၃လမ်းအတွင်း သျှအာပလီဝင်း မန္တလေးမြို့တွင်နေထိုင်လျက် ရှိသည်။

    *2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

  • “သူရ”ဘွဲ့ရ မြန်မာ မွတ်စလင် တစ်ဦး (သို့) ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်

    “သူရ”ဘွဲ့ရ မြန်မာ မွတ်စလင် တစ်ဦး (သို့) ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်

    Thura_U_Hla_Din2

    ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင် (ကြည်း – ၅၉၁၈)

    (၁၉၂၀-၁၉၈၈) ဒုတိယဗိုလ်မှူးကြီး သူရလှဒင်ကို ၁၉၂၀ခုနှစ်တွင် အဘဦးဘထွန်း၊ အမိ ဒေါ်မုန်းတို့မှ ပျဉ်းမနားမြို့တွင်ဖွားမြင်ခဲ့သည်။ ပျဉ်းမနားမြို့ ဘက်ပတစ်အထက်တန်း ကျောင်း တွင် တက္ကသိုလ်ဝင်တန်းအထိတက်ရောက်ပညာသင်ကြားခဲ့သည်။

    ၁၉၄၂ ခုနှစ်တွင် ရန်ကုန် ယုဒသန်ကောလိပ်မှ ဥပစာဝိဇ္ဇာတန်းကို အောင်မြင်ခဲ့သည်။

    ၁၉၄၅ ခုနှစ်တွင် ဒေါ်ခင်ရွှေနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီး သားသမီး(၅)ဦး ထွန်းကားခဲ့သည်။

    ၁၉၄၆ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပျဉ်းမနားမြို့အမှတ်(၅) ဗမာ့ သေနတ်ကိုင် တပ်ရင်းသို့ ဝင် ရောက်ခဲ့ပြီး တပ်သားအဆင့်ဖြင့် စတင်အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဒုအရာခံဗိုလ်အဆင့်ဖြင့် မေမြို့တပ်မတော်ပညာရေးကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၄၈ ခုနှစ်တွင် အရာခံဗိုလ်အဆင့်ဖြင့် တပ်မတော် ဗိုလ်သင်တန်းကျောင်း၌ ပညာရေးနည်းပြအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးနည်းပြ သင်တန်းတက်ရောက်ရန် စင်္ကာပူနိုင်ငံသို့ စေလွှတ်ခြင်းခံခဲ့ရသည်။

    ၁၉၅၀ ခုနှစ်တွင် ဗိုလ်သင်တန်းကျောင်းအပတ်စဉ် (၄) ဗိုလ်လောင်း သင်တန်းသို့တက်ရောက်ခဲ့ပြီး ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဆင့်ဖြင့် ကယားတပ်ရင်း (၁)တွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

    တပ်မတော်တွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း ၁၉၅၂ ခုနှစ်တွင် ရှမ်းပြည်နယ် မူဆယ်၊ မုန်းယု၊ ကြူကုတ် နယ်မြေများတွင် ကျူးကျော်သူ တရုတ်ဖြူများကို သတ္တိပြောင်မြောက်စွာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် “သူရ” သတ္တိရွှေတံဆိပ်ကို နိုင်ငံတော်မှ ချီးမြှင့်ခြင်းခံခဲ့ရသည်။

    ၁၉၅၂ခုနှစ်မှ ၁၉၆၂ခုနှစ်အတွင်း လေ့ကျင့်ရေး(၁)၊ စစ်ထောက်ချုပ်ရုံး၊ သေနတ်ကိုင်တပ်ရင်း(၃)နှင့် ခြေလျင်တပ်ရင်း(၂၁) တို့တွင် အဆင့်ဆင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အမှတ် (၁၀၇) ခြေမြန်တပ်ရင်း၌ ဒုတပ်ရင်းမှူး ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယာဘက်လက် အရိုးကျိုး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တပ်မတော်မှ နိုင်ငံရေးတာဝန်ပြောင်းရွှေ့ပေးအပ် ခဲ့သဖြင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ၌ တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲအမှတ် (၅) ဖွင့်လှစ်နိုင်ရန်အတွက် အတွင်းရေးမှူးတာဝန်ဖြင့် ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၆၅ ခုနှစ်တွင် တပ်မတော်မှပြန်လည်ခေါ်ယူချက်အရ တပ်ရင်းမှူး တာဝန်ဖြင့် ခြေလျင်တပ်ရင်း(၅၈)တွင် ၁၉၆၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၆၈ခုနှစ်တွင် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး (စစ်ရုံးချုပ်)သို့ ဒု-ညွှန်ကြား ရေးမှူး အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့သည်။၁၉၇၀ခုနှစ်တွင် ပင်မစစ်လက်နက်ပစ္စည်းတပ်(အင်းတိုင်) သို့ တပ်မှူးကြီး အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ရပြီး ၁၉၇၉ခုနှစ်တွင် ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံတော်သို့ တပ်မတော်မှအငြိမ်းစားယူခွင့်ပြုပါရန် လျှောက်ထားချက်အရ အငြိမ်းစားယူခွင့် ရရှိခဲ့ပါသည်။

    နိုင်ငံတော်မှ ဒုတိယဗိုလ်မှူးကြီး သူရလှဒင်အား လွတ်လပ်ရေးတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းကောင်းတံဆိပ်၊ “သူရ” သတ္တိရွှေတံဆိပ် တို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက်တွင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို တတ်အား သရွေ့ဆောင်ရွက်ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး သူရလှဒင် သည် ၁၉၈၈ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့တွင် ရန်ကုန်မြို့နေအိမ်၌ ဆီးချိုရောဂါဖြင့် အလ္လာဟ် အရှင်မြတ် အမိန့်တော်ခံယူခဲ့သည်။

    ဒုတိယဗိုလ်မှူးကြီး သူရလှဒင်သည် လေသံအေးအေးနှင့် မာန်မာနမရှိဘဲ စိတ် သဘောထားပြည့်ဝသူဟု သူ၏ မိတ်ဆွေများက ပြောစမှတ်ပြုကြသည်။ သမိုင်း ပညာရှင်ကြီး ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ဘာသာတရား ကိုင်းရှိုင်းသူလည်းဖြစ်သည်။

    နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးကို စွမ်းစွမ်းတမံ သတ္တိပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်၏ အတ္ထုပ္ပတ္တိကို ခေတ်ကြေးမြင်မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြ အပ်ပါသည်။

    ” ခေတ်ကြေးမြင်မဂ္ဂဇင်း စာတည်းအဖွဲ့က ဒုတိယဗိုလ်မှူးကြီး သူရလှဒင်၏ အတ္ထုပ္ပတ္တိကို ၄င်း၏ သားဖြစ်သူနှင့် တွေ့ဆုံမေးမြန်း၍ ပြုစုထားခြင်းဖြစ်ပါသည်။ “

    “ခေတ်ကြေးမြင် မဂ္ဂဇင်း(၂၀၁၄-၁၅)  မှကူးယူဖော်ပြပါသည်။ “