သြဂုတ် ၁၃ ၊ ၂၀၁၆
M-Media
ရုပ်သံ/တည်းဖြတ် – မိုးစက်
.
ဦးမောင်မောင်ကြီး (ခ) အက္ကဘရ် (မွတ်စလင်ဘွဲ့အမည်) ကို ၁၉၂၅ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ အဖ ဦးမောင်မောင်ဂျမ်း၊ အမိ ဒေါ်မဘီတို့မှ မွေးဖွားခဲ့သည်။
.
လွတ်လပ်ရေး မတိုင်ခင် ခေတ်တွင် စစ်ပွဲကာလအတွင်း အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်၏ အသက်အား ကယ်ဆယ်ခဲ့ဘူးသည်။
.
လွတ်လပ်ရေးမရခင် ကာလကတည်းက တပ်မတော်ရေ သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်ထိ ၄၆ နှစ် တိုင် တပ်မတော်၌ တာဝန်ထမ်းရွက်ခဲ့သည်။
.
တပ်မတော်သား ဘဝ တွင် သမိုင်းဝင် စစ်ရေယာဉ် မေယု ရဲ့ စစ်ယာဉ်မှူးဟောင်း၊ စစ်ဦးစီး တက္ကသိုလ်ရဲ့ နည်းပြချူပ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် .သီလဝါဆိပ်ကမ်းကိုလည်း စတင်အကောင်အထည်ဖော်ခဲ့သူ ဖြစ်သည်။
.
.
၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
.
၁၉၈၀ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၈၄ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
.
သံအမတ်ကြီးအဖြစ် နိုင်ငံပေါင်း (၇) နိုင်ငံတွင် ၈ နှစ်ခွဲ ၉ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။
.
၁၉၅၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဒေါ်ညွန့်ညွန့်ကြီးနှင့် လက်ထပ်ခဲ့ပြီး တင်ကြီး၊ ခင်စံပါယ်၊ ညွန့်ကြီး ဟူသည့် သားသမီး ၃ ယောက် ထွန်းကားခဲ့သည်။
.
လှေလှော်ရွက်တိုက်အသင်း၊ ရေကူးအသင်း၊ သေနတ်ပစ်အသင်း၊ အလုပ်သမားနှင့် လယ်သမားများအသင်း၊ သမ္မတ၏ ကိုလံဘိုစီမံကိန်းကောင်စီ (၁၉၈၂-၁၉၈၃) တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ကျင်းပသည့် စတုထ္ထ အကြိမ်မြောက်အာရှ အားကစား ပြိုင်ပွဲတွင် ရေကူး ပြိုင်ပွဲ၌ ချန်ပီယံ ဆု ဆွတ်ခူးရရှိခဲ့သည့် မြန်မာဂုဏ်ဆောင် တင်မောင်နီကို လေ့ကျင့်ပေးခဲ့ဘူးကြောင်း သိရသည်။
.
ယခုအခါ အသက် ၉၁ ကျော်ရှိပြီ ဖြစ်တဲ့ ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ) ဟာ ရန်ကုန်မြို့ မလိခလမ်းနေအိမ်မှာ မိသားစုနဲ့ အတူ ကျန်းမာစွာဖြင့် နေထိုင် လျက်ရှိကြောင်းသိရသည်။
Tag: famous_myanmar_muslim
-
သံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ)
-
တို့ဗမာအစည်းအရုံးဝင် သခင်မင်းညို ကျန်းမာရေး အခြေအနေ ဆိုးရွားလာ၍ ဆေးရုံတင်ထားရ
ကျန်းမာရေးကောင်းစဉ်က ရိုက်ကူးထားပုံဖြစ်ပါတယ်။ ဇူလိုင် ၂၀ ၊ ၂၀၁၆
M-Media
သတင်း-သူရိန်တို့ဗမာ အစည်းအရုံးဝင် နှင့် ဟံသာဝတီခေတ် သတင်းစာရဲ့ သတင်းထောက်ဟောင်း သခင်မင်းညို(ခ) ဦးကျော်အေး (ခ) မုဟမ္မဒ်မူဆာ အသက် ၁၀၂နှစ် ဟာ ကျန်းမာရေး အခြေအနေဆိုးရွားလာသဖြင့် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။
သခင်မင်းညို၏ သားဖြစ်သူ ဦးငြိမ်းချမ်း က ” အသက်ကြီးတော့ ဆရာဝန်ပြောတာတော့ သွေးကြောကျဉ်းတယ်ပေါ့။ အစာနဲ့ပဲ ကုသတယ်။ ခွဲစိတ် ကုသလို့မရတော့ အစာနဲ့ပဲ ထိန်းထားပါလို့ ဖြောင့်ဖြပြောဆိုတယ်ပေါ့။ ၂နှစ်၃နှစ် လောက်တော့ ရှိပြီဗျ။ ထမင်း မနက်ဆိုရင် အခါးပန်းကန် ၁လုံးလောက်ပဲစားတယ်။ ညစာလုံးဝမစားဘူး။ လုံးဝကိုမစားတာ။ ensure ကို ဇွန်း၃ဇွန်းစာလောက် ဖျော်ပြီး တိုက်တယ်။ အသိကတော့ လုံးဝရှိတယ်”ဟု ပြောပါတယ်။
သခင်မင်းညို (ဗန်းမော်) မှာ ၁၉၃၆ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့ တို့ဗမာ အစည်းအရုံးစီရင်စု အဖွဲ့တွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ၉ ဦးအနက် အသက်အငယ်ဆုံး အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းသိရပါတယ်။
-
ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )
ဇူလိုင် ၁၅ ၊ ၂၀၁၆
M-Media
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် NLD နာယကကြီး ဖြစ်သော သူရဦးတင်ဦး ထံသို့ ကွယ်လွန်သူ ဟာဂျီ ရဲဘော်တင်မြင့် (မော်ကွန်းဝင်- ပထမဆင့်) ၏ ဇနီး ဟာဂျီမဒေါ်ခင်ရီ မိသားစု မှ ဖက်ဆစ်ဂျပန်တော်လှန်းရေး နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် စာအုပ် နှင့်အတူ ပိုးထည်ဖြစ် ယက်လုပ်ထားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံကို မှန်ဘောင် နှင့် တကွ ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊ရဲဘော်တင်မြင့်ရဲ့ အထုပတ္တိအကျဉ်း
————————————
*** ဟာဂျီ – ရဲဘော်တင်မြင့် { ဒဂုံမြင့် }***
မော်ကွန်းဝင် – ပထမဆင့် ၊ {အငြိမ်းစား၊စစ်မှုထမ်း}
လွတ်မြောက်ရေးမှတ်တမ်းဝင်ရဲဘော်တင်မြင့်ကို ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင် အဘဦးနာဝရီ ၊အမိ ဒေါ်ဖါတမာ ၊တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် သားအထွေးဆုံး ဖြစ်သည်၊၊
ရဲဘော်တင်မြင့်၏ ဖခင်ဖြစ်သူ ဦးနာဝရီ့မှာလဲ တောင်သူလယ်သမား အရေးတော်ပုံ ၊ ဆရာစံဖွဲ့စည်းခဲ့သော် ဂဠုန်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါသည်၊၊ဟသာင်္ံတခရိုင် ၊ ဇလွနိမြို့နယ် ၊ မရိုးခကျေးရွာတွင် ဆရာစံ၏ ညာလက်ရုံး တစ်ဦးဖြစ်သူ ကျောက်လုံး နှင့် အတူ တောင်သူလယ်သမား အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် အတွက် နယ်ချဲ့ဗြိတိသျှ အစိုးရ ၏ ဖစ်ဆီးအရေးယူပြစ်ဒဏ်ပေးခြင်း ကိုခံခဲ့ရသည်၊၊
ရဲဘော်တင်မြင့်သည်လည်း ဖခင်- ဦးနာဝရီ ကဲ့သို့ပင် မျိုးချစ် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်လာပြီး ၊ မြန်မာပြည်လွတ်လပ်ရေး အတွက် ကျရာကဏ္ဍများတွင် ပါဝင်လှုပ်ရှားမှုများ မှာ ဗမာ့လက်ရုံး တပ်ဖွဲ့ဝင်အဖြစ်၎င်း ၊ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ၊ (၁၃၀၀) ပြည့်အရေးတော်ပုံ ၊ အာရှလူငယ် သင်တန်းများ တို့တွင်လည်း ပါဝင်ခဲ့ပါသည်၊၊ရန်ကုန်မြို့ သို့ ဂျပန်များ ဝင်ရောက်လာပြီးနောက် ၊ (B.I.A) အတွက် ရိက္ခာ နှင့် ပစ္စည်းထောက်ပံရေးတာဝန် ၊ (၂) လစစ်သင်တန်းတက်၍ လုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ၊ မြို့စောင့်တပ်တွင် တပ်သားအဖြစ် ထမ်းဆောင်ခဲ့သည်၊၊
(၁၉၄၄) ခုနှစ် ၊ဖက်ဆစ်တော်လှန်ရေး ကြေငြာစာ ၊ လျှိ့ဝှက်စာကို တိုစဉ်က ခေါင်းဆောင်ကြီးများ ခိုင်းစေသည့်အတိုင်း သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည်၊၊(၁၉၄၅) ခုနှစ် ၊ ဧပြီလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ကို (မျိုးချစ်ဗမာ့တပ်မတော်မှ) သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ကြေညာချက်ကို ပြည်သူလူထူထံဝေဌခဲ့သည်၊၊မေလ(၁) ရက်နေ့တွင် ရဲဘော်တင်မြင့် နှင့် အခြားရဲဘော်များကို ဂျပန်တပ်မှ လက်ကျန်များဟု စွပ်စွဲကာ အိန္ဒိယတပ်မကြီး ၏ တပ်စိတ်ပိုင်းတခုက ဖမ်းဆီးပြီး မျိုးချစ်တပ်မတော်သားများ နှင့်အတူ ယခင်ကူရှင်ကျောင်း (ယခု အ ထ က (၄) အလုံ )တွင်ချုပ်နှောင်းခြင်းခံခဲ့ရပါသည်၊၊တော်လှန်ရေးပြီးဆုံးသွားသော အခါ ၊ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်သည့် အချိန် ရဲဘော်တင်မြင့်သည် ဗမာ့လွတ်လပ်ရေး အတွက် ဆက်လက်ဆင်နွှဲရန် ပြည်သူ့အရေးတော်ပုံ ပါတီ၏ တာဝန်ပေးချက်အရ ၊ ပြည်သူ့ရဲဘော် အဖွဲ့တွင် ပါဝင်ပြီး ၊ ရန်ကုန်အလယ်ပိုင်းတွင် တာဝန်ယူခဲ့ရပြီး ၊ (၁၉၄၆ – ခုနှစ် ) ရွှေတိဂုံအလယ် ပစ္စယံအထူး အစည်းအဝေးကြီး တွင်လည်း တက်ကြွစွာပါဝင်ခဲ့ပါသည်၊၊
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် နိုင်ငံတော် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ပါသည်၊၊၎င်း လုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပြီး ယင်းလုပ်ကြံမှုကြီး ဖော်ထုတ်နိုင်ရေး အတွက် ပြည်ထဲရေး နှင့် တရားရေးဝန်ကြီး ဦးကျော်ငြိမ်း ၏ တာဝန်ပေးညွှန်ကြားချက်အရ ဦးမင်းဒင် (ခ) သခင်ပန်းမြိုင် (ဝန်ကြီးဟောင်း) နှင့် ရဲဘော်တစ်စုကို တာဝန်ပေးအပ်ခဲ့ရာ ရဲဘော်တင်မြင့်သည် (ရဲတပ်ကြီး) တစ်ဦး အနေဖြင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို ဖမ်းဆီးရာ၌၎င်း ၊ လက်နက်များကို သိမ်းဆည်းရာတွင်၎င်း ၊ ထောင်ထဲတွင် ထားရှိစဉ်အတွင်း ညစောင့်အဖြစ်၎င်း ၊ ရုံးတင်စစ်ဆေးနိုင်ရေး အတွက် တာဝန်များ နှင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို (၁၉၄၈ ခုနှစ် ၊ မေလ (၈) ရက်နေ့) နံနက်ကြိုးပေးပြီးသည့်အထိ နိုင်ငံတော် မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်၊၊
မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် (၁၉၄၉ – ခုနှစ် မှ ၁၉၆၂ -ခုနှစ် ) ထိ ရဲဘော်တင်မြင့်သည် (ဖဆပလ) အဖွဲ့ကြီး နှင့် ( ပထစ ) အဖွဲ့ကြီးတို့၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ၊ စီးပွားရေး ၊ မြို့ပြစည်ပင်သာယာရေး နှင့် ကျန်းမာရေး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်၊၊မြန်မာပြည်လွတ်လပ်ရေး အတွက် နယ်ချဲ့ဆန့်ကျင်ရေး နှင့် ပြည်သူလွတ်လပ်ရေး တိုက်ပွဲများကို ကျရာကဏ္ဍများ၌ ပေးအပ်သောတာဝန် နှင့် ဝတ္တရားများကို ဦးလည်မသုန် သက်စွန့်ဆံဖျား အသက်ကို ပဓါနမထားဘဲ
ဆောင်ရွက်ခဲ့သောကြောင့် ၊ နိုင်ငံတော်မှာ ( ၁၉၇၅ ခုနှစ် ၊ မတ်လ (၂၅) ရက် နေ့စွဲ) ဖြင့် နိုင်ငံတော် ကောင်စီအမိန့် ကြော်ငြာစာပြန်တမ်း အမှတ် (၆) အမှတ်စဉ် ( ၁၆ / ၇၅ ) ဖြင့် လွတ်လပ်ရေး မော်ကွန်းဝင် – ပထမဆင့် ကိုချီးမြှင့်ခဲ့ပြီးနောက် ၊ ၁၉၇၈ ခုနှစ် ၊ ဇူလိုင်လ (၁၇) ရက် နေ့စွဲပါ ( ၄ / ၄၃၄ ) အရ လွတ်မြောက်ရေးဖဲပြား ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသော ရဲဘော်တစ်ဦးဖြစ်သည်၊၊ရဲဘော်တင်မြင့်သည် ယခုအချိန်အထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊ အားလပ်သည့်အချိန်များတွင် ( ဒဂုံမြင့်) အမည်ဖြင့် စာပေများရေးသားခဲ့ပြီး ၊ စာပေ နှင့် စာနယ်ဇင်း အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊၊
အသက်အရွယ်ကြီးပြင်းလာသောအခါ ဘာသာရေး ၊ လူမှုရေး ကိစ္စများတွင်ပါဝင် ဆောင်ရွက်ခဲ့သည်၊၊(ဘီအမ်အို)ဌာနချုပ်တွင် ရာသက်ပန်အဖွဲ့ဝင်အမှတ် ( ၇၄ ) ဖြင့် တက်စွမ်းသမျှ ကူညီပေးခဲ့သူတစ်ဦးလည်းဖြစ်သည်၊၊
မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန် မှ စ၍ပါဝင်ခဲ့ပြီး ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ဟာဂ်ျ ကိုယ်စားလှယ်အဖြစ် ဆောက်ရွက်ခဲ့ပြီး ၊ ( မ. အ . ဖ ) ရန်ကုန်တိုင်း ၊ နာယက အဖြစ် ထမ်းဆောင်ခဲ့သည်။
(၁၉၉၆ – ခုနှစ် ) နောက်ပိုင်း ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ကျိုလီယာဂျာမေဗလီကြီးတွင် ဂေါပက အဖွဲ့တွင် ပါဝင်ဆောက်ရွက်ခဲ့ပြီး ၊ ၁၉၉၈ ခုနှစ် ၊ မေလ ( ၁၁ ) ရက်နေ့တွင် အလ္လာဟ်အသျှင်မြတ်၏ အမိန့်ခံယူ (ကွယ်လွန်)သွားခဲ့ပါသည်၊၊
** အချက်အလက်မှတ်တမ်းများပေးပို့သူ ရဲဘော်တင်မြင့် ၏ သား အငယ်ဆုံး ဖြစ်သူအား M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။
-
ပင်လုံစာချူပ် ချူပ်ဖို့ ဗိုလ်ချူပ်ကို ကားမောင်းပို့ပေးခဲ့သူ တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်
ဇွန် ၃၊ ၂၀၁၆
M-Media
သီဟ
.
ပင်လုံစာချုပ်ချုပ်ဆို မှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ ခဲ့သူ၊ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်းကို ကားမောင်းပို့ပေး ခဲ့သူ၊ ဗိုလ်ချုပ်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ တောင်ကြီးမြို့တော်ဝန်ဟောင်း တောင်စွန္နီ ဂျာမေ့ဗလီ နာယကကြီးဖြစ်သူ ဦးခန်း(ခ)ဦးဖေရွတ်စ်ခါန်း ဒီကနေ့ ဇွန် ၃ ရက်နေ့ မနက် ၄:၃၀ တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
.
ဦးခန်းသည် ဗိုလ်ချုပ်အောင် ဆန်း ပင်လုံစာချုပ် လက်မှတ်ထိုး ရန် တောင်ကြီးမှ ပင်လုံသို့အသွား ကိုယ်တိုင် ကားမောင်းကာ လိုက် လံပို့ဆောင်ပေးခဲ့သူတစ်ဦးဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူတစ်ဦး ဖြစ်ပါတယ်။
.
ဗိုလ်ချုပ်နဲ့ တစ်နှစ်တည်း ၁၉၁၅ ခုနှစ်မှာမွေးတဲ့ ဦးခန်းကို တောင်ကြီးမြို့ ယခုမြို့မရပ်ကွက်၊ ယခင်လယ်ကျင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် ဦးခန်းသည် တောင်ကြီး ABM ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
.
လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ ခုနှစ်မှာ ဦးခန်းဟာ ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ ပထမဆုံးမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ နောက်လေးနှစ်အကြာမှာလည်း မြို့တော်ဝန် ဒုတိယ
သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဌအဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။
.
၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာချိန်တွင် ဦးခန်းအား ရှမ်းစော်ဘွားများနှင့် အတူ ဖက်ဒရယ်အရေး ဆောင်ရွက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပါတယ်။
.
ဦးခန်းဟာ တရားစွဲဆိုခြင်းမခံရဘဲ ထောင်ထဲမှာ ၆ နှစ်ကြာနေခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။
.
ထောင်မှလွတ်ပြီးသော်လည်း ဦးခန်းသည် ဇာတိတောင်ကြီးသို့ ချက်ချင်းပြန်ခွင့်မရသေးဘဲ ရန်ကုန်တွင် ခြောက်နှစ်ခန့် ခြေချုပ်နှင့်နေခဲ့ရပါတယ်။
.
ထောင်ကထွက်လာပြီး ဦးခန်းက နိုင်ငံရေးနဲ့လုံးဝ ကင်းရှင်းအောင် နေခဲ့ပေမယ့်လို့ ၁၉၈၈ ခုနှစ်နိုင်ငံတစ်ဝန်း ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ ရက်အတန်ကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
.
သားသမီးလေးဦးရှိပြီး မြေး ၁၁ ဦး၊ မြစ် ၇ ဦးတို့ ကျန်ရစ်ကြောင်းသိရှိရပါတယ်။
.
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးခန်းကို ယနေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့တို်င်းရင်းသားပေါင်းစုံ စွန္နီမွတ်စလင်မ်သုဿန်သို့ ပို့ဆောင် မြှုပ်နှံ သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။
.Bio ref and photo Credit- ဧရာဝတီ၊ 7Days
.
ဆက်စပ်သတင်းများ ဖတ်ရန်
——————————
ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ
.
ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီ
.
သက်ရှိ ပင်လုံမှတ်တမ်း -
အက္ကပတ်မြို့ဝန် ဦးခြုံစု
ဧပြီ ၂၃ ၊ ၂၀၁၆
M-Media
မင်းတုန်းမင်းလက်ထက်၌ မြို့ဝန်လေးဦးခန့်ထားသော်လည်း သားတော်သီပေါမင်းလက်ထက်၌ မြို့ဝန်သုံးဦးသာ ခန့်ထားသည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် ”သက္ကရာဇ် ၁၂၄၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ မြို့ဝန်တို့ကို ရွှေမြို့တော်နှင့် ရာဇဝတ်တော်ရေး ထိန်းသိမ်းရန် တံခါး ၁၂ ရပ်၊ မြို့တွင်း၁၂ ရပ်၊ ကင်းစောင့်လူများအပြင် မြို့တံခါးကြီး ၅၇ရပ်၊ မြို့ပြင် ၁၂၄ ကင်းလူတို့ကို ရုပ်သိမ်း၍ ယင်းမြို့တော်ဝန်မှာ နန်းဦး မင်္ဂလာမြင်းအမှုထမ်းလူ ၁၅ဝ၊ ရွှေလှံမြို့ဝန်မှာ ရွှေလှံအမှုထမ်းလူ ၁၅ဝ အသီးသီးပေးအပ်စောင့်ထိန်းစေ အမိန့်တော်ရ ရာဇဝတ်တော်ရေး၊ ခိုးသေးမီးပွား မရှိရအောင် စောင့်ကင်း၊ ဝပ်ကင်း၊ ပတ်ကင်းထား၍ ထိန်းသိမ်းကြသည်”ဟူ၍ ဖော်ပြထားသည်။ထို့ကြောင့် ယင်းမြို့တော်ဝန်မှာ မင်းကြီးသီရိမဟာဇေယျ ဂါမဏိဘွဲ့ရ ဦးပေစိဖြစ်သည်။ ဦးပေစိ၏ အတ္ထုပ္ပတ္တိ ကျောက်စာနှင့် အလှူဒါနကုသိုလ်များမှ ရွာဟိုင်းအနောက်ဘက် ရတနာပုံသာစေတီအတွင်း လေ့လာနိုင်သည်။ ရွှေလှံမြို့ဝန်ကား မင်းကြီးမဟာမင်းခေါင်နော်ရထာဘွဲ့ရ၍ အက္ကပတ်မြို့ဝန်မှာ မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ရသူ ဖြစ်သည်။
အက္ကပတ်မြို့ဝန် အမည်သည် ဦးခြုံစု သိရှိရပေသည်။ ပသီအမျိုးသားဖြစ်၍ နိုင်ငံခြားမှ တွေ့မြင်မှတ်သားထား သော အထူးသဖြင့် အီတလီနိုင်ငံမှ တွေ့မြင်ခဲ့သော အဆောက်အအုံပုံစံယူ၍ အက္ကပတ်မြို့ဝန်အုတ်ကျောင်းတော်ကို ယခု မဟာဒီပဲယင်းတိုက်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပေသည်။
အက္ကပတ်မြို့ဝန်သည် ပင်လယ်မြို့စားအဖြစ် သနားတော်မြတ်ခံရသည်။
အက္ကပတ်မြို့ဝန်၏ မြေးများသည် မန္တလေးမြို့ ဓာတ်စက်ရုံ အရှေ့ဘက်၌ နေထိုင်ခဲ့သည်။ ယခု ဝကပ်ဖ်တိုက်နေရာဖြစ်မည်ဟု ထင်ရသည်။ အက္ကပတ်မြို့ဝန်သည် သူ့ကုသိုလ်ကျောင်းတော်ကို ဂငယ်ပုံစံ လှေကားအဝိုက်အဆင့်တို့ဖြင့် သူမတူအောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် မင်းတုန်းမင်းလက်ထက် ပညာတော်သင်အီတလီ၊ ပြင်သစ် စသည့်ဥရောပနိုင်ငံများ ရောက်ခဲ့သူ ဖြစ်သည်။
သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ “ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည်” ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
၆၊၁၁၊ ၂၀၁၅ (ကြေးမုံ)
.
မူရင်းလင့်ခ်
https://www.facebook.com/MOIWebportalMyanmar/posts/796797010448167
.
ဓါတ်ပုံများကို Zaw Tun FB မှာ တဆင့် ဖော်ပြသည်။