News @ M-Media
Tag: famous_myanmar_muslim
  • “တိုင်းရင်းမွတ်စလင် စာပြု စာဆိုပုဂ္ဂိုလ်ကျော်များ” စာအုပ်ပါ ပုဂ္ဂိုလ်ကျော် ၁၂၂ ဦး
    “တိုင်းရင်းမွတ်စလင် စာပြု စာဆိုပုဂ္ဂိုလ်ကျော်များ” စာအုပ်ပါ ပုဂ္ဂိုလ်ကျော် ၁၂၂ ဦး
    မတ် ၇ ၊ ၂၀၁၅
    M-Media
    သီဟ
    11050907_853964157997529_221158226_n
    ပါမောက္ခဒေါက်တာအောင်ဇော်  ရေးသား ပြုစုတဲ့  “တိုင်းရင်းမွတ်စလင် စာပြု စာဆိုပုဂ္ဂိုလ်ကျော်များ” စာအုပ်ပါ   ပုဂ္ဂိုလ်ကျော် (၁၂၂) ဦး၏ နာမည်များကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။ အဆိုပါ စာအုပ်တွင် ၄င်း ပုဂ္ဂိုလ်ကျော် (၁၂၂) တို့၏ ဘဝဖြစ်စဉ်နှင့် စာပေဆိုင်ရာ စွမ်းဆောင်မှုများကို စာရေးသူမှ စုစည်းတင်ဆက်ထားပြိး  ရန်ကုန်မြို ၂၉ လမ်းရှိ ရွှေတောင်စာပေ တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါတယ်။
    ၁။ သွေးတောက်ကြီး ရန်ကင်း ဦးတုံးဖြူ
    ၂။ စာဆိုတော် ရွှေတောင်သာဂသူ ဦးနု
    ၃။ ဗဒုံမင်းလက်ထက် သာသနာပိုင်သခင်ကြီး
    ၄။ ဟာဂျီ ရှိုက်(ခ) အဗ်ဒုလ် အဇီးဇ်ခေါ် ဟာဂျီဦးကို
    ၅။ မိုးဆုပန် ဆရာတော်ကြီး
    ၆။ စာဆိုတော် ပန်းဝါနွယ် ဦးပွင့်
    ၇။ စာဆို ဦးရွှေတောင်
    ၈။ ပျို့ဆရာကြီး ဟာဂျီ ဖော့
    ၉။ မြတ်ဆုရလင်္ကာ စာဆို ဟာဂျီ မှန်
    ၁၀။ တေးထပ်ကပြောသော မြင်းခံတော်
    ၁၁။ လက်စွဲတော် ခုံမင်း မောင်ရွှေပု
    ၁၂။ ခေါင်မင်း သိဒ္ဓိနရာ ဦးရစ်ကြီး
    ၁၂။ ပန်းဝါနွယ် ဦးပွင့်
    ၁၃။ စာတော်ဖတ် ဦးဖိုးလှ
    ၁၄။ ခလီဖွာ သခင်ကြီး ဦးပု
    ၁၅။ကင်းတားကုလားပျို ဗိုလ်ပို
    ၁၆။အသုံးတော်ခံ စာဆိုတော် ဦးဘိုးအို
    ၁၇။ မြန်မာ့ဘာဏုရာဇာမောင်လာနာ အလီရှား
    ၁၈။ ဓမ္မ၀ါစက သခင်ကြီး ရှေဟာဘွတ်ဒင်
    ၁၉။  အဋ္ဌကထာ ပညာရှင် ဟာဂျီ လူ
    ၂၀။ ဇီဝကကြီး တစ်ဆူ ဟာဂျီဖြူ
    ၂၁။ဘာသာပြန်ဝတ္ထုဆရာ အမူကြင်
    ၂၂။သမိုင်းကျမ်းပြု ဦးမြ
    ၂၃။ မြန်မာစာညွန့်ပေါင်းကျမ်းအဖွဲ့ဝင် ဦးလှဒင်
    ၂၄။  ၀တ္ထုတော်ကြီး ဆရာ ဦးဖိုးခင်
    ၂၅။ ခလီဖွာ ဦးမြစ်
    ၂၆။ ၀ိပဿနာကျမ်းပြုဆရာရှိုက်အစ္စမာအိလ်
    ၂၇။ ဒေါက်တာ အက်စ် အေ ရာမန် ဖိုးသာဇံ
    ၂၈။ လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့် ပုဂ္ဂိုလ် ဟာဂျီဦးဘအို
    ၂၉။ ဥပဒေကျမ်းပြု ဦးရွှေယွန်း
    ၃၀။ ပညာရှင် မောင်လာနာ ရှမ္မစွတ်ဒင် အမီနီ
    ၃၁။ ရာဇ၀င် ၀တ္ထုဆရာ မောင်ကာစင်
    ၃၂။အလင်္ကာကျော်စွာ ဘိလပ်ပြန်ဆရာညိန်း
    ၃၃။ သံလမ်းအဒါကြီး
    ၃၄။ ဂီတပညာရှင် ဒေ၀ဣန္ဒာ မောင်မောင်လတ်
    ၃၅။ သုတေသီ ကျောင်းအုပ်ကြီး ဆရာကြီးခွာ
    ၃၆။ ပဉ္စရူပံ ဦးခ
    ၃၇။ မြိုင်ဆိပ်က မအန၀ီ
    ၃၈။ နိုင်ငံကျော်ဓမ္မကထိက ၀ဏ္ဏကျော်ထင်ဟာဖိဇ်ဟစံရှား
    ၃၉။ ပါဠိပါမောက္ခကြီး အဟ်မဒ်ကာစင်
    ၄၀။ ကာတွန်းဝိဇ္ဇာ ၊ ဒါရိုက်တာ သရုပ်ဆောင်ဦးဘကလေး
    ၄၁။ ပါမောက္ခချုပ်ဆရာကြီး ဦးကာ
    ၄၂။ မွဖ်သီဟာဂျီအဗ္ဗဒွလ်စွတ်ဗဟန်
    ၄၃။ ရွေးလက်ျာဆက် ပဏ္ဍိတဆရာသီ
    ၄၄။ သီချင်းကြီးအဆိုကျော် ဦးအလီ (ဒဂုန်မောင်ကြီး)
    ၄၅။ အိုလမာအဖွဲ့ ကနဦးဘာသာပြန်ဆရာ မောင်လာနာ ရဟ်မတွလ်လာ
    ၄၆။ အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်
    ၄၇။ ဓမ္မကထိကဆရာသိန့်
    ၄၈။  ကဗျာစာဆို ဦးပု (ဖြူး)
    ၄၉။ ဆရာကြီးပုံ
    ၅၀။သုတေသီအမတ်မင်းဦးဘိုးခိုင်
    ၅၁။သီရိပျံချီဦးဘစိန်
    ၅၂။ဝတ်လုံတော်ရ မစ္စတာ စီ၊ အေ ဆူးရ်မား B.A., L.L.M Bar at Law (London)
    ၅၃။ကုရ်ဘာသာပြန်အဖွဲ့ဝင် ၀တ်လုံတော်ရ မစ္စတာမီးရ်စူလိုင်မာန် M.A., B.L
    ၅၄။ခလီဖွာ ဦးကိုကို
    ၅၅။  စွယ်စုံအနုပညာရှင် ရတနာပုံမောင်စု
    ၅၆။ မိုးကျဗလီရှေ့ဆောင် မုဖ်သီမုဟမ္မဒ်စွလေဟ်အမီနီ
    ၅၇။အမိန့်တော်ရမင်း ဦးခင်စိုး (သာစည်)
    ၅၈။  ဦးဘရှီးအောင်ကျော်
    ၅၉။ဆရာမကြီးဝဏ္ဏ္ဏကျော်ထင် ဟာဂျီမ ဒေါ်စောရွှေ
    ၆၀။ သီရိပျံချီ ဦးဘသောင်း
    ၆၁။ အန်ဆွာရီဖခင်ကြီး ဆရာကြီး ဦးအဟ်မဒ်
    ၆၂။ တော်ဝင်စာပေအဖွဲ့ဝင် ဦးဘသော်
    ၆၂။ တောင်တွင်းကြီး ဟာဂျီ
    ၆၃။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး
    ၆၄။စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း
    ၆၅။ဂိုဏ်းချုပ်ဆရာကြီး ဆာလေကိုတ၀လ်
    ၆၆။ ဆရာကြီး အဲမ်အီဘရာဟင်
    ၆၇။မောင်လာနာMAဂနီ
    ၆၈။ တရားရုံးချုပ်ရှေ့နေ ဒိုင်ဂျက်ဦးလှအောင်
    ၆၉။ မဟာသရေစည်သူ ဦးဖေခင်
    ၇၀။ ကျောင်းသားသပိတ်ခေါင်းဆောင် ဝန်ကြီးဦးရာရှစ်
    ၇၁။ကျောင်းအုပ်ဆရာကြီး ဦးသန်းဖေ
    ၇၂။ တောင်တွင်းကြီး ဟာဂျီ အစ်ဟတ်(က်) တားရ် မိုဟမ်မဒ်
    ၇၃။ အစ္စလာမ်ပေါင်းချုပ် ဦးထွန်းကြွယ်
    ၇၄။ ကမ္ဗောဇငွေနှင်း
    ၇၅။  ရှိုက်ခုလ်ဟဒီးဆ် မောင်လာနာ မုဟမ္မဒ်ဗရှီရွလ္လာဟ် ဦးဗရှင်
    ၇၆။ နိုင်ငံဂုဏ်ရည် ပထမဆင့် ဆရာချယ်
    ၇၇။။ တော်ဝင်သမိုင်းပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်
    ၇၈။ကမ္ဘာ့အလင်းဆရာနူးရ်
    ၇၉။ နိုင်ငံကျော်ဓမ္မကထိက မော်လ၀ီ တွာဟီရ် ဦးဘသွင်
    ၈၀။ စာဆိုတော် ရွှေဘိုရတနာသိ
    ၈၀။ ဟာဂျီရှိုက်(ခ) အဗ်ဒုလ် အဇီးဇ် (ခ)ဟာဂျီဦးကို
    ၈၁။ သံလမ်းအဒါကြီး ဟာဖိဇ်ယူနွတ်စ် ဦးဘဒင်
    ၈၁။ ဆရာကြီး ဦးဃနီ (ဓူဝံ)
    ၈၂။ စီအေ ဦးဗလွင်
    ၈၃။ ဆရာဦးကို အမ်အေ (မန္တလေး တက္ကသိုလ်)
    ၈၄။  ပီကင်းပြန် ခြင်းဦးဘသိန်း
    ၈၅။ အိုလမာအဖွဲ့ဥက္ကဋ္ဌကြီး အိဗ်ရာဟင်မ် အဟ်မဒ် မဇွာဟေရီ
    ၈၆။ သီရိပျံချီ ဆရာ ဃာဇီ မုဟမ္မဒ်ဟာရှင်
    ၈၇။နိုင်ငံဂုဏ်ရည် ပထမဆင့် ဗိုလ်မှူးကြီး တင်စိုး
    ၈၈။မောင်လာနာ ကာရီ မက္ကဆူဒ်အဟ်မဒ်ခန်း ဦးခင်မောင်ကြီး
    ၈၉။ဓာတုဗေဒပါမောက္ခ ဆရာ ဦးအောင်ခင်
    ၉၀။ပါလီမန်အမတ် ဒေါ်အေးညွန့်
    ၉၁။ဘာသာပြန်မှူး မော်လ၀ီ နူးရ်မုဟမ္မဒ်ဦးခင်ရွှေ
    ၉၂။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့် ဟာဂျီ ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်
    ၉၃။ မောင်လာနာ ဖရီဒွတ်ဇမာန်းဦးသိန်းမောင်
    ၉၄။ မနုဿဗေဒဌာနမှူး ဒေါ်ခင်ခင်စု M.A Dip in Journalism
    ၉၅။ သုတေသီ စာဆို ဇာလီရှင်
    ၉၆။စာရေးဆရာ သမိုင်းသုတေသီ ပသီ ဦးကိုကိုလေး
    ၉၇။  တက္ကသိုလ်နန္ဒမိတ်
    ၉၈။ ဆရာတင်မောင်ရီ (ကျုံပျော်)
    ၉၉။ လက်ဝှေ့ကျော် ကျားဘညိမ်း
    ၁၀၀။ဘာသာပြန် ဆရာချစ်ညို
    ၁၀၁။အနုပညာရှင် စာဆို သီရိ ကိုလေး
    ၁၀၂။ ဓမ္မဗိမာန် ဗိသုကာကြီး ဟာဂျီဦးဘချစ်
    ၁၀၃။ ဆရာဦးတင့်ဆွေ (သဇင်)
    ၁၀၄။ ဓမ္မဗိမာန်မိခင်ကြီး ဟာဂျီမဒေါ်မြမြတင် B.Sc
    ၁၀၅။ဒေါက်တာလဲ့လဲ့ဝင်း M.B.B.S (Ygn). O(Obst). RCOG (London)
    ၁၀၆။ သမိုင်းပညာရှင် ဒေါက်တာဒေါ်ရီရီ Ph.D (London)
    ၁၀၇။ မောင်သော်က (ဗိုလ်မှူးဘသော်)
    ၁၀၈။ မန်းအောင်သိန်း (မန်းသူရိယ)
    ၁၀၉။မြန်မာနိုင်ငံ ဝိဇ္ဖာသိပ္ပံပညာရှင် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် အလ်ဟာဂ်ျ ဦးဆယ်မောင်
    ၁၁၀။ ရှိုက်ခွလ်အစ္စလာမ် ဥက္ကဋ္ဌကြီး ဟာဂျီ ဦးသိန်း
    ၁၁၁။ တက္ကသိုလ်ကျော့ရှင်း
    ၁၁၂။ပါမောက္ခ ဟာဂျီ ဒေါက်တာတင်မြင့်
    ၁၁၃။ မဟာဝင် မောင်မောင်ခင် (မန်း)
    ၁၁၄ ။ တက္ကသိုလ် မောင်လှသူ
    ၁၁၅။ ရာပြည့် ခလီဖွာ မောင်မောင်ကြီး
    ၁၁၆။ စစ်ကိုင်း အေးလွင်
    ၁၁၇။ တက္ကသိုလ် ခင်မောင်မက်
    ၁၁၈။ မော်ကျွန်းတင်အောင်
    ၁၁၉။ စီးပွားရေးပညာရှင် ပါမောက္ခ ဟာဂျီ ဒေါက်တာ တင်စိုး
    ၁၂၀။စာရေးဆရာ အယ်ဒီတာ မိုးဦး (ကောင်းထက်)
    ၁၂၁။ စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ ဦးကံချွန်
    ၁၂၂။ သတင်းထောက်သောင်းညွှန့်
  • “ဘိုးဘွားတွေရဲ့ နေရာမှန်ကို နောင်လာနောင်သားတွေကို သိရှိစေချင်လို့ စာအုပ်ရေးဖြစ်ခဲ့တာ” ပါမောက္ခ ဒေါက်တာအောင်ဇော်
    “ဘိုးဘွားတွေရဲ့ နေရာမှန်ကို နောင်လာနောင်သားတွေကို သိရှိစေချင်လို့ စာအုပ်ရေးဖြစ်ခဲ့တာ” ပါမောက္ခ ဒေါက်တာအောင်ဇော်
    မတ် ၆ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံမေးမြန်းသည်။
    ရှေးမြန်မာဘုရင်များလက်ထက်မှ စတင်ပြီး မျက်မှောက်ခေတ် ကာလအထိ ခေတ်အဆက်ဆက် ကျော်ကြား ထင်ရှား ခဲ့သည့် မြန်မာမွတ်စလင်မ် (၁၂၂) ဦး အကြောင်းပါဝင်သည့် “တိုင်းရင်းမွတ်စလင် စာပြု စာဆိုပုဂ္ဂိုလ်ကျော်များ” ဆိုသည့် စာအုပ်ကို ရေးသားပြုစုခဲ့သည့် ပါမောက္ခဒေါက်တာအောင်ဇော် (ခ) ကိုဇော် (ရန်ကုန်တက္ကသိုလ်) အားဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် မတ်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့တယ်။
    ပါမောက္ခဒေါက်တာအောင်ဇော် နှင့် ဆုံတွေ့ခိုက် ယခုလိုမေးမြန်းခဲ့ပါတယ်။
    10966731_648321721939858_217860268_n
    M-Media။    ။ ဆရာ အနေနဲ့ ဒီစာအုပ်ကို ဘယ်လိုအကြောင်းကြောင့် ရေးသားဖြစ်ခဲ့တာပါသလဲ။
    Dr အောင်ဇော်။    ။ ဆရာ့အိမ် လမ်းထိပ်ကျောင်းက မနက်တိုင်း နိုင်ငံတော်သီချင်းဆိုတယ်။ နားထဲကိုရောက်လာတာက “ဒို့ဘိုးဘွား အမွေအနှစ်ဖို့ ချစ်မြတ်နိုးပေ” တဲ့။ အဲဒါနဲ့ ဘိုးဘွား အမွေအနှစ်တွေဆိုတော့ တို့ရှေးက မြန်မာမွတ်စလင်မ် ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေ အကြောင်းကို ရေးရင်ကောင်းမှာပဲ ဆိုပြီးတော့ စဉ်းစားခဲ့တယ်။ ဘိုးဘွားတွေရဲ့ နေရာမှန်ကို နောင်လာနောင်သားတွေကို သိရှိစေချင်လို့ပါ။ ဒါနဲ့ပဲ ဒီစာအုပ်လေးကို ရေးသားခဲ့တာပါ။
    M-Media။    ။ ဆရာ ဒီစာအုပ်ကို ရေးသားတဲ့အခါမှာ ဘယ်လိုပုံစံ အချက်အလက်တွေကို စုဆောင်းခဲ့ရပါသလဲ။
    Dr အောင်ဇော်။    ။ ဆရာက ငယ်ငယ်လေး အထက်တန်းကျောင်းသားဘဝကတည်းက အထ္ထုပတ္တိတွေဆိုရင် သိပ်စိတ်ဝင်စားတယ်။ စာဖတ်ရင်း အဲ့လိုမျိုးတွေတွေ့ပြီဆိုရင် စာရွက်တွေကို သိမ်းထားခဲ့တယ်။ ကျောင်းသား ဘဝကတည်းက တော်တော်စုဆောင်းခဲ့တာပါ။ နောက် ဆရာပင်စင်ယူပြီးတဲ့ အချိန်ကျတော့ တစ်နေ့လုံးလိုလို အချိန်ပေးပြီး ဒီစာအုပ်ကို ပြုစုခဲ့တာပါ။
    M-Media။    ။ ဆရာ စာအုပ်ပြုစုရာမှာရော ဘယ်လိုအခက်အခဲမျိုးတွေ ရှိခဲ့ပါသလဲ။
    Dr အောင်ဇော်။    ။ တချို့ဟာတွေကျလည်း စာအုပ်တွေ ကိုးကားလိုက်ရင် အဆင်ပြေပါတယ်။ တချို့ကျတော့လည်း သူတို့ မိသားစုတွေနဲ့ သွားတွေ့ပြီး လိုအပ်တဲ့ အချက်အလက်တွေကို သေချာမေးမြန်းရပါတယ်။ အရမ်းခက်ခဲတာမျိုးတော့ မရှိပါဘူး။
    11050907_853964157997529_221158226_n
    M-Media။    ။ နောက်ထပ် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဆရာ့အနေနဲ့ ဘယ်လိုစာအုပ်မျိုးတွေ ထွက်ပေါ်လာစေချင်ပါသလဲ။
    Dr အောင်ဇော်။    ။ ဆရာကတော့ မြန်မာပြည်မှာ အထူးလိုအပ်နေတာက ထင်ရှားကျော်ကြားတဲ့ မွတ်စလင်များ အထင်ကရ ပုဂ္ဂိုလ်တွေ ဆိုတာကို သမိုင်းပညာရှင် တစ်ယောက်လောက်က သေချာပြုစုပြီး စာအုပ်ထုတ်မယ်ဆိုရင် သိပ်ကောင်းမှာပါ။
    M-Media။    ။ မြန်မာ မွတ်စလင်မ် လူငယ်တွေအနေနဲ့လည်း ဘယ်လိုစာအုပ်တွေကို ဖတ်သင့်ပါသလဲ။
    Dr အောင်ဇော်။    ။ မွတ်စလင်မ် လူငယ်တွေကလည်း အခုလို ထင်ရှားကျော်ကြားတဲ့သူတွေရဲ့ စာအုပ်တွေကို ဖတ်ပြီး အားကျ အတုယူနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပါပဲ။ အထ္ထုပတ္တိတွေကိုလည်း သေချာလေ့လာထားဖို့လိုမယ်လို့ ဆရာထင်မိပါတယ်။
    M-Media။    ။ ဆရာ့ ဒီစာအုပ်အပေါ်မှာ ဘယ်လိုမျှော်လင့်ထားပါသလဲ။
    Dr အောင်ဇော်။    ။ဆရာ့ စာအုပ်ကို ထုတ်ဝေချင်တယ်၊ စီဒီထုတ်ချင်တယ်လို့ လာပြောကြတယ်။ ဆရာက အကုန်ခွင့်ပြုပါတယ်။ ဆရာတို့ သိသလို အားလုံးကိုသိစေချင်တာပါ။ ဘယ်နည်းနဲ့မဆို ဆရာ့စာအုပ်ကို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ ဆရာ့စာအုပ်ကိုဖတ်ပြီး မသိသေးတာတွေ သိသွားမယ်ဆိုရင်ပဲ ဆရာကျေနပ်ပါပြီ။
    ဒေါက်တာအောင်ဇော်သည် အစ္စလာမ်ဘာသာဝင်တဦးဖြစ်ပြီး  ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိခဲ့ပြီး ယခုအခါ ရန်ကုန် တက္ကသိုလ် ပါရဂူဘွဲ့ကျမ်းများ ကြီးကြပ်လျှက်ရှိပြီး မြန်မာစာ သင်ကြားရေး အဖွဲ့ဝင်နှင့် မြန်မာစာဌာန ပါရဂူသင်တန်း ကြီးကြပ်မှု ကော်မတီဝင် အဖြစ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။
  • ပါမောက္ခ ဒေါက်တာအောင်ဇော် ကိုဂုဏ်ပြုတဲ့ပွဲ
    ပါမောက္ခ ဒေါက်တာအောင်ဇော် ကိုဂုဏ်ပြုတဲ့ပွဲ
    မတ် ၄၊ ၂၀၁၅
    M-Media
    မိုးစက်
     တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ စာအုပ်ရေးသူ ပါမောက္ခ ဒေါက်တာအောင်ဇော်အား ဂုဏ်ပြုပွဲကျင်းပ
    11053516_956737997692481_9045006121138013833_n
    ရန်ကုန်။ ။ တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ စာအုပ်ရေးသားခဲ့သည့် ပါမောက္ခဒေါက်တာအောင်ဇော် အားဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် မတ်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ဘိုးဘွားအမွေအနှစ်တွေ၊ မြန်မာနိုင်ငံရဲ့ကျေးဇူးကို စောင့်သိ ရိုသေပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို မျိုးဆက်သစ်တွေသိအောင်ရေးခဲ့တဲ့ ဆရာ့ကို ဂုဏ်ပြုတာပါ။ကျွန်တော်အရင်က မသိခဲ့တာတွေလည်းရှိတယ်။ ဒီစာအုပ်ထဲမှာအစုံပါ ပါတယ်။ ဒီစာအုပ်ဖတ်ပီးမှ သိလိုက် ရတာတွေလည်း ရှိပါတယ်။ ဒီစာအုပ်က သမိုင်းမှာတွင်ကျန်မဲ့စာအုပ် တစ်မျိုးပါ။ ကျေးဇူးရှိတဲ့သူကို ဂုဏ်ပြုရခြင်းဟာလည်း မင်္ဂလာတစ်ပါးပါပဲ” ဒေါက်တာအောင်ဇော်အား ဂုဏ်ပြုသူများထဲမှ တစ်ဦးဖြစ်သူ မြန်မာစာ ပါမောက္ခ ဒေါက်တာစိုးနိုင်က ဆိုခဲ့သည်။
    11056679_648318901940140_1101562987_n
    11056655_648319081940122_1694731429_n
    ဒေါက်တာအောင်ဇော်သည် တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ စာအုပ်တွင် ရှေးမြန်မာဘုရင်များ လက်ထက်မှ မျက်ခေတ်ထိ ခေတ်အဆက်ဆက်မှ တိုင်းရင်းသား မွတ်စလင်မ် (၁၁၄) ဦးအကြောင်းကိုရေးသားပြုစုထားခဲ့ခြင်းဖြစ်သည်။ ထိုစာအုပ်ထဲတွင် ရှေးခေတ်မွတ်စလင်တို့၏ တိုင်းပြည်အပေါ် သစ္စာစောင့်သိပုံ၊ တိုင်းပြည်အတွက်ကြိုးပမ်းခဲ့ပုံများနှင့် သာသနာအတွက် လုပ်ဆောင်ချက်များကို ထည့်သွင်း ရေးသားပြုစုထားခဲ့သည်။
    11047081_648318911940139_1406890005_n
    အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရှင် မြန်မာစာဌာန ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဌာနမှူး (အငြိမ်းစား) ဆရာမောင်ခင်မင် (ဓနုဖြူ) ကလည်း ထိုစာအုပ်ထဲတွင် ရှားရှားပါးပါးပုဂ္ဂိုလ်တွေကို သေချာသုတေသနပြုပြီးရေးသားထားပြီး တိမ်မြုပ်နေတဲ့သူတွေကို ဒီစာအုပ်ထဲမှာ အကုန်တွေ့နိုင်တာကြောင်း၊ မွတ်စလင်မ် လူထုအတွက်လည်း ထိုစာအုပ်သည် အထောက်အကူများစွာဖြစ်မိဟု ယုံကြည်မိကြောင်း ယင်းက ထိုစာအုပ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
    ဒေါက်တာအောင်ဇော်ကလည်း ယင်းစာအုပ်ရေးသားခဲ့ရခြင်းနှင့် ပတ်သက်ပြီး “ဒီစာအုပ်ထဲမှာပါတဲ့ ပုဂ္ဂိုလ်ကျော်တွေကိုကြည့်ပြီး နောင်လာနောင်သားတွေကို အတုယူစေချင်တာပါ။ ဆရာရေးလိုက်တဲ့ စာအုပ်ကြောင့် တစ်စုံတစ်ယောက်အတွက် အထောက်အကူပြုခဲ့မယ်ဆိုရင် အင်မတန်ဝမ်းမြောက်မိမှာပါ။ ဒီအခမ်းအနားကိုလည်း တာဝန်သိသိနဲ့ ကျင်းပပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
    ဒေါက်တာအောင်ဇော်သည် အစ္စလာမ်ဘာသာဝင်တဦးဖြစ်ပြီး  ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိခဲ့ပြီး ယခုအခါ ရန်ကုန် တက္ကသိုလ် ပါရဂူဘွဲ့ကျမ်းများ ကြီးကြပ်လျှက်ရှိပြီး မြန်မာစာ သင်ကြားရေး အဖွဲ့ဝင်နှင့် မြန်မာစာဌာန ပါရဂူသင်တန်း ကြီးကြပ်မှု ကော်မတီဝင် အဖြစ် ဆောင်ရွက်လျှက်ရှိသည်။
  • မြန်မာဘုရင်များ လက်ထက် မွတ်စလင် စစ်မှုထမ်းများ
    မြန်မာဘုရင်များ လက်ထက် မွတ်စလင် စစ်မှုထမ်းများ
    ဆရာချွန်(ယင်းတော်) ရေးသည်။
    (ကမ္ဘာ့အလင်းစာစောင် အတွဲ-၄၊ အမှတ်-၄၆၊ (၁၉၅၆-ခုနှစ်၊ အောက်တိုဘာလထုတ်) စာမျက်နှာ ၂၈-၃၁မှ ဆောင်းပါးကို အစအဆုံးမူရင်းအတိုင်း ကူးယူတင်ပြချက်ဖြစ်ပါသည်။)
    UBAU
    ခံတပ်ဗိုလ်ကရင်
    ——————
    ဗဒုံမင်းတရား(ခေး)ဘိုးတော်ဦးဝိုင်း ဘုန်းတောက်စဉ် ၁၁၄၇-ခုနှစ်၊ ခြစ်ခြစ်တောက် ပူပြင်းသော နွေရာသီနေရောင်အောက်၌ ရတနာပူရဌာနနေပြည်တော်၏ ပြ လမ်းမ,ကြီးငယ် အသွယ်သွယ်တို့တွင် ကျော၌ အထည်ထုပ်ကြီးကို ပိုးလျက် လက်တဘက်၌ တလံသာသာရှိ တုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ အသားဂျုံသွေးရောင် အသက်(၂၀) ခန့် ပထန်လူမျိုးတစ်ဦးသည် အသံမာကြီးဖြင့် အထည် များကို လှည့်လည်အော်ဟစ်ရောင်း ချနေသည်ကို တွေ့မြင်နိုင်ပေသည်။
    အနောက်တိုင်းဖြစ် အထည်ချောများကိ အသုံးပြုလိုကြသောနေပြည်တော် သူနေပြည်တော်သား တို့မှာ သူရောက်လာလျှင် အထူးပီတိဖြစ်ကြသည်။ သူ့ထက်ငါလုယက်ဝယ်ယူကြသဖြင့် လက်မလည် နိုင်အောင်ပင် ရောင်းချနေရ လျက်ရှိပေသည်။
    သူကလည်း မြို့တော်သို့ ရောက်လိုက်လျှင် အထူးပီတိဖြစ်လျက် မြို့တော်သူမြို့တော်သားတို့အား တအိမ်တက်ဆင်းနှုတ်ဆက်ရင်း ၀င်ထွက်လှည့်လည် အထည်များကို ရောင်းချလေတော့ မြို့တော်သူ မြို့တော်သားများကလည်း ကလေးကအစ သူ့အား မြင်လိုက်လျှင် “ဒိုကရင်လာပြီ၊ ဒိုကရင်လာပြီ”ဟု ဆီးကြိုနှုတ်ဆက်ကြသည်။
    သို့ဖြင့် ဒိုကရင်သည် ဌာနေပြည်တော်သူပြည်တော်သားတို့၏ သိကျွမ်းခင်မင်သူ တစ်ယောက် ဖြစ်ခဲ့သည်။ ထိုသို့ သိကျွမ်းခင်မင်ခဲ့ကြသူတို့အထဲတွင် အိမ်နိမ့်စံတော်ဘုရား စစ်ကိုင်းမင်သားကလေးနှင့် အထူးသိကျွမ်းခင်မင်ပေသည်။ အိမ်နိမ့်စံတော်ဘုရား ကလေးသည် ဒိုကရင်၏ အင်္ဂါလက္ခဏာနှင့် ရိုးသား ရဲရင့်တည်ကြည်သော စကားတို့ကြောင့်လည်းကောင်း၊ လျင်မြန်ဖျတ်လတ်ခြင်းနှင့် အားကိုးရာမဲ့ တစ်ဦး ဖြစ်ခြင်းတို့ကြောင့် လည်းကောင်း အထူးသနား ချစ်ခင်မိပေတော့သည်။
    အဗ္ဗဒွလ်ကရင်(ခေါ်) ဒိုကရင်ကလည်း တော်ဘုရားလေး၏ စံအိမ်တော်ကို တည်အိမ်ပြုကာ ၄င်းမှပင် လှည့်လည်၍ အထည်များကို ရောင်းချလေ့ရှိသည်။
    တော်ဘုရားလေးသည် ဒိုကရင်၏ သွားလာနေထိုင်ပုံတို့ကို အမြဲအကဲ ခတ်လျက်ရှိပေသည်။ ဒိုကရင်အား အိမ်တော်သို့ ရောက်လျှင် အာသောအချိန်များ၌ အငြိမ်မနေတတ်။ တော်ဘုရားလေး၏ စီးတော်မြင်းကို ကိုင်တွယ်ကျွေးမွေးခြင်း၊ သက်တော်စောင့်ကိုယ်တော်စောင့် အစုသား၊ အဆောင်တော် ကိုင် အစုသားတို့အား စနစ်တကျ တိုက်တွန်းခြင်း၊ စံအိမ်တော်၏ အတွင်းအပြင်အမှိုက်သရိုက်များကို လှဲခတ် ရှင်းလင်းခြင်းစသည့်ကိစ္စတို့ဖြင့် အချိန်ကို အသုံးပြုပေသည်။ ထိုအချင်းအရာများကို တော်ဘုရား လေးသည် အထူးနှစ်သက် သဘောကျပေသည်။
    တစ်နေ့သောအခါ တော်ဘုရားလေးသည် ဒိုကရင်အား ရှေ့တော်သို့သို့ ခေါ်၍ “အဆောင်တော် ကိုင် အမှုထမ်း”အဖြစ် ဆောင်ရွက်ရန် မိန့်တော်မူလေသည်။
    ချစ်ခင်စွဲလမ်း၍ နေသော သူငယ်ချင်းတို့၏ စိတ်ဓာတ်သည် ခွဲခွာနေထိုင်ရမည်ကို အလွန်ဝန်လေး တတ်ပေသည်။ သို့ဖြင့် ဒိုကရင်ကလည်း တော်ဘုရားလေး၏ အမိန့်တော်ကို နာခံဆောင်ရွက်နိုင်ရန် အတွက် ဗမာပြည်၌ ရိုးမြေကျနေထိုင်ရန် သန္နိဋ္ဌာန်ပြုလိုက်လေတော့သည်။ ထိုအခါမှစ၍ ဒိုကရင်သည် တော်ဘုရားလေး၏ စံအိမ်တော်အဆောင်တော်ကိုင် အမှုတော်ထမ်းဖြစ်လာလေသည်။
    ဒိုကရင်သည် အဆောင်တော်ကိုင် အမှုတော်ကို ထမ်းရွက်ရသောအခါ၌လည်း သူတစ်ဦးထက် ထူးကဲ၍ ဆောင်ရွက်တတ်ခြင်း သခင်၏ အလိုကို ကြိုတင်သိမြင် တတ်ခြင်းစသည်ဖြင့် လိမ္မာရေးခြားရှိကြ သောကြောင့် တော်ဘုရာလေး၏ အထူးအရေးပေးခြင်းခံရပေသည်။ တော်ဘုရားလေးသာမက အိမ်တော်သူ အိမ်တော်သားများကပင် ဒိုကရင်အား ထူးကဲချစ်ခင်ကြ၍ အရေးပေးကြပေသည်။
    အိမ်နိမ့်စံတော်ဘုရားလေးသည် ၁၁၁၈-ခုနှစ်၌ တော်မူရသောအခါ အရှင်မြှင့် ကျွန်တင့်ဆိုသည့် စကားကဲ့သို့ အဆောင်တော်ကိုင် ဒိုကရင်အား စစ်ဗိုလ်ရာထူးကို ချီးမြှင့်ခန့်အပ်ပြန်သည်။
    စစ်ဗိုလ်ကလေးဒိုကရင်ကား စစ်သားများအပေါ်၌ စီမံအုပ်ချုပ်ခြင်း၊ ငယ်သားတို့အား ဖော်ရွေခြင်း၊ သဘောထားကြီးခြင်း၊ ငယ်သားတို့၏ ချစ်ခင်လေးစားခြင်းခံရခြင်းတို့သည် ရပ်တန့်၍ မနေပဲ ရှေ့သို့ တိုးတက်မည့်ဒိုကရင်၏ အရည်အချင်းများပေတည်း။
    ကသည်းအရေးတော်ပုံ
    —————————-
    ၁၁၈၂-ခုနှစ်၌ လက်အောက်ခံကသည်းပြည် ပုန်ကုန်ခြားနားသဖြင့် တော်ဘုရားလေး(ခေါ်) ဘကြီးတော် စစ်ကိုင်းမင်းချီတက်နှိမ်နင်းရာ စစ်ဗိုလ်ကလေး ဒိုကရင်လည်း သူ၏ တပ်သားများနှင့်အတူ ချီတက်ရလေသည်။ ဒိုကရင်သည် သက်စွန့်ကြိုးပမ်း ရွပ်ရွပ်ချွံချွံကွပ်ကွဲတိုက်ခိုက်ရာ ကသည်း အရေးတော်ပုံကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပေသည်။
    ဤသို့စစ်ဗိုလ်ကလေးဒိုကရင်သည် အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်ကြောင်း ဘကြီးတော် မင်းတရားကြားသိတော်မူလေလျှင် စစ်ဗိုလ်ကြီးရာထူးသို့ တိုးတက်ချီးမြှင်ခြင်း ခံရပြန်လေသည်။ ထိုအခါ မှစ၍ စစ်ဗိုလ်ကြီးဒိုကရင်အား ခံတပ်ဗိုလ်ဒိုကရင်ဟု ခေါ်တွင်ကြလျက် ထင်ပေါ်ကျော်ကြားလာလေသည်။
    တဖန် ၁၁၈၃-ခုနှစ်တွင် အာသံဘုရင်စန္ဒြကန္တာရှိန်သည် အင်္ဂလိပ်များ၏ သွေးထိုးမှုကြောင့် ပုန်ကန် ခြားနားလေရာ ခံတပ်ဗိုလ်ဒိုကရင်အား မြင်းတပ်ကို ဦးစီး ကွပ်ကဲစေလျက် ချီတက်နှိမ်နင်းလေရာ အောင်မြင်လေသည်။
    အာသံက ပြန်လာသောအခါ ယွန်းပြည်သို့ သံအမတ်ဖြင့် စေလွှတ်ခြင်းခံရပြန်သည်။ ယွန်းပြည်    ၌ အမှုတော်ကို ထမ်းရွက်ရာတွင် မင်းနှစ်ပါး၏ ချစ်ကြည်ရေးသည် အထူးအောင်မြင်ပေသည်။ ယွန်းပြည်မှ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပြီးနောက် မကြာမီ အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူသွားလေတော့သည်။
    ထို့ကြောင့် “ခံတပ်ဗိုလ်ဒိုကရင်”အတွက် ဘကြီးတော်မင်းတရားသည် အထူးဝမ်းနည်းကြေကွဲ လျက် အသည်းစွဲကာ ကျန်ရှိခဲ့ပေသည်။
    ဗိုလ်ချုပ်ဝလီခါန်
    ——————-
    ဘကြီးတော်မင်းတရားလည်း မကြာမီနတ်ရွာ စံလေလျှင် ရွှေဘိုမင်း(ခေါ်) သာယာဝတီမင်း ထီးနန်း တက်သည်။ ခံတပ်ဗိုလ်ဒိုကရင်၌ သားဝလီခါန်နှင့် ဘိုးတူတို့ကျန်ရစ်ခဲ့လေရာ သာယာဝတီမင်းသည် ခံတပ်ဗိုလ်ဒိုကရင်၏ သား ၀လီခါန်ကို အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။
    ရွှေဘိုမင်းတရားနောက် ပုဂံမင်းတရားကလည်း ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ကို ဆက်လက် ထမ်းရွက်စေသည်။ ၁၂၁၄-ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယအရေးတွင် ၀လီခါန်သည် မြင်းတပ်ကို ကွပ်ကဲ လျက် သွေးသောက်ကြီးဦးပို(ယင်းတော်)တို့နှင့်အတူ ကုန်းကြောင်းမှ ချီတက်ကြလေသည်။ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်လျက် ဇေယျဝတီ ပန်းကျောင်းအရပ်တို့မှ ရွပ်ရွပ်ချွံချွံခုခံရာ အားမမျှသဖြင့် နောက်ပိုင်း ဆုတ်ခွာခဲ့ရသည်။
    သို့ရာတွင် ဗိုလ်ချုပ်ဝလီခါန်၏ လုပ်ရည်ကြံရည်တို့ကို တဘက်မှ ရန်သူတို့ပင် တွေ့မြင်အံ့သြ ကြပေသည်။
    ၎င်းနောက်မင်းတုန်းမင်းတရား လက်ထက်တွင် ဗိုလ်ချုပ်ဝလီခါန်၏ လုပ်ရည်ကြံရည်တို့ကို နှစ်သက် သဘောကျသဖြင့် မြင်းတပ်ဗိုလ်ရာထူးဖြင့်ပင် အမှုတော်ကို ဆက်လက် ထမ်းရွက်စေသည်။ ဘ၀ရှင် မင်းတုန်းမင်းတရားသည် အမရပူရမှ ရတနာပုံနေပြည်တော်သို့ ရွှေ့ပြောင်းတော်မူသောအခါ ဗိုလ်ချုပ်ဝလီခါန်အား မင်္ဂလာတံခါးအရှေ့ဘက် ကျုံးထောင့်အနီးတွင် နေရာချထားပေသည်။
    ဗိုလ်ချုပ်ဝလီခါန်သည် တော်ဘုရားကြီး မင်းတုန်းမင်း၏ အသက်တော်ကို ပန်းတိမ်မင်းသား အရေး၊ မြင်းကွန်းမင်း မြင်းခုံတိုင်မင်းအရေးတို့၌ ရွပ်ရွပ်ချွံချွံအသက်စွန့်၍ ကာကွယ်ခဲ့ပေသည်။
    တခါသော် ထွန်တုံးပူတက်အရပ်၌ ရှမ်းသူပုန်တို့တောင်ပေါ်မှ ဆင်းလာ စုဝေး၍ နေပြည်တော်ကို ထိပါးရန် ကြံစည်သည်ကို ဗိုလ်ချုပ်ဝလီခါန်ကြားသိ၍ ရုတ်ချည်း မြင်းသည်တော်ဌာနသားတို့နှင့် လိုက်လံ တိုက်ခိုက်ရာ ရှမ်းတို့အကြံပျက်၍ ထွက်ပြေးကြရလေသည်။
    တဖန် ရှမ်းပြည်၌ ရှမ်းစော်ဘွားအချို့ ပုန်ကန်ထကြွရာ ဘ၀ရှင်မင်းတုန်းမင်းတရား အမိန့်တော်ဖြင့် ဗိုလ်ချုပ်ဝလီခါန်သည် ဗိုလ်ဦးကာဗိုလ်ဦးပဲ(ယင်းတော်ရွာ)တို့နှင့် ရှမ်းပြည်သို့ ချီတက်နှိမ်နင်းရာ အောင်မြင်ခဲ့ပေသည်။ ထိုအရေး၌ ရှမ်းပြည်တွင် ဗိုလ်ဦးပဲ(ယင်းတော်)ကျဆုံးခဲ့ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ထမ်းကောင်းလှသဖြင့် မင်းတုံးမင်းတရားကြီးနှင့် မိဖုရားကြီးခေါင်ကြီးတို့ အထူးအရေးပေးခဲ့သည်။
    မင်းတုံးမင်းတရားကြီး နာမကျန်းဖြစ်စဉ် မင်းသွေးမင်းသားတို့အား ဖမ်းဆီး၍ ကြေးတိုက်သွင်း အကျဉ်းချထားသည်ကို ဗိုလ်ချုပ်ဝလီခါန်သည် မိဖုရားခေါင်ကြီးထံ ၀င်ရောက်၍ ရဲဝံ့စွာဖြင့် ဤသို့ပြုမူတော် မမူရန်  သံတော်ဦးတင်သေးသည်။
    သို့ရာတွင် အချည်းနှီးဖြစ်ခဲ့သည်။ လက်လှမ်းမီရာမင်းသွေးမင်းသားတို့ကို လျှို့ဝှက်စွာလိုက်လံ အကြောင်းကြားသောကြောင့် အချို့မင်းသားမင်းသွေးတို့ အသက်ဘေးမှ ချမ်းသာရာခဲ့ကြသည်။
    မင်းတုံးမင်းတရားမရှိသည့်နောက် သားတော်သီပေါင်းမင်းလက်ထက်တွင် ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ဆက်လက်ထမ်းရွက်စေသည်။ ဗိုလ်ချုပ်ဝလီခါန်သည် အသက်ခြောက်ဆယ်နီးပါးခန့်ရှိပြီ ဖြစ်သော်လည်း သန်မာတောင့်တင်းစွာဖြင့် အမှုတော်ကို ထမ်းရွက်နိုင်သေးသည်။
    အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်သဖြင့်လည်းကောင်း၊ လုပ်ရည်ကြံရည်ကောင်းမွန်သဖြင့် လည်းကောင်း၊ သီပေါမင်းတရားသည် အထူးအားရနှစ်သက်တော်မူကာ ဖခမည်းတော် လက်ထက်က ဆောက်လုပ် လှုဒါန်းခဲ့သော ဗိုလ်ချုပ်ဝလီခါန်၏ ရပ်ကွက်ရှိ ဗလီကို တိုးချဲ့ပြုပြင်ဆောက်လုပ်ပေး သနား တော်မူလေသည်။
    ၁၂၄၈-ခုနှစ်၊ သီတင်းကျွတ်လတွင် နေပြည်တော်ရတနာပုံ၌ အုံးအုံးကျွက်ကျွက်ဆူပူလှုပ်ရှားလျက် ရှိပေသည်။ ရပ်ကွက်တိုင်းမှ ဆော်မောင်းများ တညံညံဖြင့် စစ်သံပေးကာ ဟစ်ကြွေးလျက် စစ်ထွက်ရန် ပြင်ဆင်နေကြပေသည်။
    ဗိုလ်ချုပ်ဝလီခါန်တို့ရပ်ကွက်မှလည်း ဆော်မောင်းသံတည်တည်ဖြင့် သြဇာရှိ၍ ခန့်ငြားလှသော အသံနှင့် ငယ်သားတို့အား စစ်မိန့်ပေးနေသောဗိုလ်ချုပ်ဝလီခါန်၏ အမိန့်သံကို ကြားရှိသူတို့မှာ စိတ် တက်ကြွ၍ တကြွကြွဖြစ်နေကြသည်။
    ဗိုလ်ချုပ်ဝလီခါန်သည် နန်းတော်ဘက်သို့ လှည့်ပြီး သက်စွန့်ကြိုးပမ်း ထမ်းရွက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဆော်မောင်းသံ ညံစေလျက် နေပြည်တော်မှ ထွက်ခွာကာ ရန်သူများ လာရာသို့ ချီတက်သွား ကြလေသည်။ သို့ရာတွင် နေပြည်တော်မှ ဆုတ်ခွာပြန်လည်ခဲ့ရန် စာချွန်တော်ရောက်ရှိလာပြန်သဖြင့် ဆုတ်ခွာပြန်လည်ရပေသည်။ ဗိုလ်ချုပ်ဝလီခါန်ကား ရန်သူတို့နှင့်မတွေ့လိုက်ရသဖြင့် စိတ်မကျေပဲ အမိန့်တော်ဖြစ်၍သာ အလျှော့ပေးလိုက်ရဟန်တူ၏။
    စိတ်မကျေနိုင်သော ဗိုလ်ချုပ်ဝလီခါန်သည် နေပြည်တော်ကို အင်္ဂလိပ်တို့သိမ်းပြီးနောက် အင်္ဂလိပ်များက အမှုတော် ဆက်လက်ထမ်းရွက်ရန် ပြောလာသော်လည်း မိမိအရှင်သခင်၏ ကျေးဇူးသစ္စာ တော်ကို စောင့်ထိန်းလိုသည်နှင့်အညီ ရာထူးကို လက်မခံပဲ ၎င်း၏ ရပ်ကွက်၌ ဆိတ်ငြိမ်အေးချမ်းစွာ နေထိုင်ခဲ့ရာမှ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားပေသည်။ “ရဟေမတွလ္လာဟ်” ထိုပုဂ္ဂိုလ်အားလုံး ချမ်းမြေ့ပါစေသော်။
    (ဤဆောင်းပါးဖြစ်မြောက်နိုင်ရန် ပြောကြားခဲ့သော ကွယ်လွန်သူ ကျွန်တော့် ဘကြီးဦးဘိုးမင်း အားလည်းကောင်း၊ ကျွန်တော့်ဘေး “သွေးသောက်ကြီးနေမျိုးရဲတင် ရန်အောင်ဦးပို”အားလည်းကောင်း ဂုဏ်ပြုပါ၏။)
    မှတ်ချက်။    ။“ဒိုကရင်” မှာ အများသူငါခေါ်ကြသော နာမည်ဖြစ်၍ နာမည်ရင်းမှာ အဗ္ဗဒွလ်ကရင်မ် ဖြစ်သည်။
    ဆရာချွန်(ယင်းတော်)
    *ဆောင်းပါးတွင်ပါဝင်သည့် ခုနှစ်များမှာ မြန်မာကောဇာသက္ကရာဇ် ဖြစ်ပါသည်။
    *ဓါတ်ပုံ အညွှန်း- ပါမောက္ခဒေါက်တာအောင်ဇော်ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ- ၂ တွင်ပါရှိသည့် ဓါတ်ပုံဖြစ်ပါသည်။
    * Typing M-Media ဝိုင်းတော်သားများ
  • သီရိပျံချီ ဦးဘစိန် M.Sc,  B.C.S
    သီရိပျံချီ ဦးဘစိန် M.Sc, B.C.S
    ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၅
    ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    U Ba Sein
    ဦးဘစိန်သည် ရခိုင်ပြည်နယ် သံတွဲသားဖြစ်သည်။ မဟာသိပ္ပံ(ဂုဏ်ထူး) M.Sc ဘွဲ့နှင့် မြန်မာနိုင်ငံဝန်ထမ်း (အထက်တန်း အုပ်ချုပ်မှုရာထူး) B.C.S ဘွဲ့ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ တိုင်းမင်းကြီးရာထူးဖြင့် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ပြီး သီရိပျံချီ ဘွဲ့အပ်နှင်းခြင်း ခံရသူလည်းဖြစ်သည်။
    အိမ်ထောင်ဘက်မှာ ဒေါ်စိုင်ဖြစ်ပြီး ၁၉၂၄ ခု မတ်လတွင် တစ်ဦးတည်းသောသမီး ဒေါက်တာဒေါ်ရီရီကို ဖွားမြင်သည်။ ဒေါက်တာ ဒေါ်ရီရီသည် အစိုးရ ပညာတော်သင် အဖြစ် လန်ဒန် တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်ဆိုင်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၅၈-ခုနှစ်တွင် Ph.D ဘွဲ့ကို ရရှိသည်။ မြန်မာနိုင်ငံ သမိုင်းအဖွဲ့ သုတေသနကျမ်းပြု အရာရှိ အဖြစ်လည်းကောင်း၊ ပါတီ သုတေသနဌာန မြန်မာနိုင်ငံသမိုင်း အခြေပြကျမ်း ပြုစုရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာန စာပေဗိမာန် စွယ်စုံကျမ်း စိစစ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
    သီရိပျံချီ ဦးဘစိန်သည် အစ္စလာမ် သာသနာ့ရေးရာ ကောင်စီ  စတင်ဖွဲ့စည်းသည်မှစ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ကောင်စီဌာနချုပ် ကျမ်းပြုကော်မတီဝင်လည်း ဖြစ်သည်။ ၁၉၅၃ ခုနှစ် ဧပြီလမှစ၍ ကမ္ဘာ့အလင်း စာစောင်ကြီးတွင် ဆောင်းပါးများ ပါဝင် ရေးသားသည်။ အထူးသဖြင့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော် မုဟမ္မဒ် သခင်၏ ဟဒီးဆ်သြ၀ါဒတော်ဆိုင်ရာ ဘာသာပြန်ဆိုချက်များဖြစ်သည်။ ပထမဆုံး ရေးသားပြုစု ထုတ်ဝေသော စာအုပ်မှာ “အစ္စလာမ် ဘာလဲ” စာအုပ်ဖြစ်သည်။
    အစ္စလာမ်ဘာလဲ စာအုပ်တွင်-
    အခန်း ၁။ အစ္စလာမ်၏ အဓိပ္ပာယ်
    အခန်း ၂။ ခ၀ပ်ကိုးကွယ်ခြင်း
    အခန်း ၃။ အိမ်တွင်းငြိမ်းချမ်းသာယာခြင်း
    အခန်း ၄။ အိမ်ပြင်ငြိမ်းချမ်းသာယာခြင်း
    အခန်း ၅။ နိဂုံး
    အခန်း ၆။ ဆုတောင်းဂါထာများ
    ဖြစ်သည်။
    အစ္စလာမ်ဘာလဲ စာအုပ်တွင် တမန်တော်မုဟမ္မဒ်သခင်၏ သြ၀ါဒ နီတိများလည်း နောက်ဆက်တွဲ ထည့်သွင်းဖော်ပြထားသည်။ ဆုတောင်း ဂါထာများတွင် ကုရ်အာန်နှင့် ဟဒီးဆ်တော်လာ တောင်းဆုတော်များ ၉၁ ဂါထာပါဝင်သည်။ ကမ္ဘာ့အလင်းပုံနှိပ်တိုက်တွင် ဦးဘသိန်း (ဒဂုန်သိန်း) က တာဝန်ခံရိုက်နှိပ်ကြောင်း စာမူကို ကမ္ဘာ့အလင်းတိုက် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်ဘာသာစာပေ ဖြန့်ဖြူးရေးအဖွဲ့သို့ လှူဒါန်းကြောင်း ဖော်ပြထားသည်။
    အစ္စလာမ်ဘာလဲစာအုပ် နိဒါန်းတွင် ကျမ်းပြုသူက အစ္စလာမ် ဘာသာ၏အနှစ်သာရကို ဗမာမွတ်စလင်မ်အပေါင်းတို့ သိစေခြင်းငှာ ကုရ်အာန်ကျမ်းတော်နှင့် ဟဒီးဆ်သြ၀ါဒတော်မှ ကောက်နုတ်ချက်များဖြင့် စာအုပ်ကို စီစဉ်ဖန်တီးကြောင်း ဖော်ပြသည်။ အစ္စလာမ်ဘာလဲ စာအုပ်က မူရင်းကုရ်အာန်နှင့် ဟဒီးဆ်ဟူသည် ကျမ်းကြီးနှစ်စောင်ကို ဆက်လက် လေ့လာရန် တိုက်တွန်းလိမ့်မည်ဟု ကျမ်းပြုက မျှော်လင့် ထားသည်။ ကျမ်းပြုသည် ကုရ်အာန်နှင့် ဟဒီးဆ်ကို ကိုယ်တိုင် လေ့လာ ဆည်းပူး စေလို သော စေတနာ ဆန္ဒရှိကြောင်း သိရှိရသည်။
    စာအုပ်နိဒါန်းအပြီးတွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ထင်မြင်ယူဆချက်၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေး ၀န်ကြီးဦးဝင်း၏ မိတ်ဆက်စကား၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေးဌာန အတွင်းဝန် ဦးဘခင်၏ ထောက်ခံချက်၊ ရန်ကုန်တက္ကသိုလ် သင်္ချာကထိက ဦးကာ၏ ထောက်ခံချက်များကို ပြည့်စုံစွာ ဖော်ပြထားသည်။
    အစ္စလာမ်ဘာလဲ စာအုပ်ကို ဖတရှုလေ့လာပြီး ကုရ်အာန်ကျမ်း တော်မြတ်လာ မုက္ခပါဌ်များနှင့် ဟဒီးဆ်တော်လာ သြ၀ါဒအဆုံးအမ အတိုင်းလိုက်နာ ကျင့်ကြံအားထုတ်ပါက ကမ္ဘာကြီးက တောင့်တနေသော ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်မည် ဖြစ်သဖြင့် များစွာတန်ဖိုးရှိလှသော စုဆောင်း တင်ပြချက်များဟု ဆိုနိုင်ပါသည်။
    သီရိပျံချီဦးဘစိန်သည် ၁၉၆၂-ခုနှစ်တွင် ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်(ပထမတွဲ)ကို ထုတ်ဝေသည်။ အရဗီစာကိုယ်မပါ။ မြန်မာ ဘာသာပြန်သက်သက်ဖြစ်သည်။ ကျမ်းဦးအမှာစာတွင် အစ္စလာမ်တရား တော်မထွန်းမီကာလက အရဗ်တို့ အခြေအနေနှင့် အစ္စလာမ်တရားတော် ထွန်းပပြီး အရဗ်တို့ အခြေအနေကိုနှိုင်းယှဉ်ပြသည်။ အရိုင်းစိုင်းဆုံး အကြမ်း ကြုတ်ဆုံး အောက်ကျနောက်ကျဆုံး အခြေအနေမှ အလွန်တိုတောင်းသော ကာလအတွင်း အယဉ်ကျေးဆုံး၊ ပညာရှိဆုံး၊ တန်ခိုးအကြီးဆုံးသော လူမျိုးတစ်မျိုးအဖြစ် ရောက်ရှိကြသည့်အကြောင်းရင်းမှာ အရှင်မြတ် အဆုံးအမတော်ကို တစ်သဝေမတိမ်း အခါမလပ် လိုက်နာကျင့်သုံးခြင်းကြောင့် ဖြစ်သည်။
    မြန်မာမွတ်စလင်မ်တို့ အခြေအနေမှာ ရှေးအရဗ်လူမျိုးတို့၏ အခြေအနေလောက်မဆိုး၊ ကြီးပွား အောင်မြင်လိုလျှင် အာရဗ်တို့ကို အတုယူရမည်။ သူတို့ကဲ့သို့ အစ္စလာမ်တရားတော်၌တည်၍ အလ္လာဟ်၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးရမည်။ သို့သော် မြန်မာမွတ်စလင်မ်တို့မှာ တရားတော်ကို နှစ်နှစ်ကာကာ သိခွင့်မရ။ ဗလီဆရာတို့ ဟောကြားသည်ကို နာခံခြင်းဖြင့် တင်းတိမ်နေကြရကုန်၏။ဤသို့သော အားမရဖွယ် အခြေအနေကို ပြုပြင်ရန် ကုရ်အာန်ကျမ်းမြတ်ကို မြန်မာ စကားဝေါဟာရ ဖြင့် ပြန်ဆိုရန် လိုအပ်ပေသည်။ သို့မှသာ မိမိတို့ဘာသာ လေ့လာသိရှိပြီး တရားတော်အတိုင်း ပြုမူပြောဆို ကျင့်ကြံနေထိုင် နေကြမည်ဟု ကျမ်းပြု၏ ရည်မှန်းချက်ကို လေ့လာသိရှိရသည်။
    ကျမ်းကိုပြုစုရာ၌ မစ္စတာပစ်က်ထော၏ အင်္ဂလိပ်ဘာသာဖြင့် ပြီးသော ကုရ်အာန်ကျမ်းမြတ် The  Meaning  of  the  Glorious  Koran ကို အခြေခံထားသည်။ သို့သော် မုဟမ္မဒ်အလီ၊ ယူဆွဖ်အလီ၊ ဂိုလမ်ဆိုရ်ဝါ ဒေါက်တာဘာရီနှင့် မစ္စတာဒါဝတ်တို့၏ အင်္ဂလိပ်ဘာသာ ကုရ်အာန်ကျမ်းတော် များကိုလည်း နှီးနှောကြောင်း ဖော်ပြထားသည်။
    ကျမ်းစီစဉ်ပုံမှာ နိဒါန်းကြီး၊ နိဒါန်းငယ်၊ ပင်ကိုယ် ကျမ်းတော် ဟူသည့် အစီအစဉ်အတိုင်းဖြစ် သည်။ နိဒါန်းကြီးကို မုဟမ္မဒ်အလီ၏ အင်္ဂလိပ်ဘာသာပြန် ကျမ်းနိဒါန်းမှပြန်ဆိုသည်။ စူရာတိုင်းတွင် ပါသော နိဒါန်းငယ်ကို ယူစွဖ်အလီ၏ နိဒါန်းများမှ ပြန်ဆိုသည်။ ပင်ကိုယ်ကျမ်းတော်ကို မစ္စတာပစ်က်ထော၏ အင်္ဂလိပ်ဘာသာကျမ်းမှပြန်ဆိုသည်။
    နိဒါန်းကြီးတွင်
    (က)    ဘုရားတစ်ဆူဝါဒ
    (ခ)    ဘုရားဂုဏ်တော်များ
    (ဂ)    နောင်ဘဝ
    (ဃ)    နိဗ္ဗာန်နှင့်ငရဲ
    (င)    ဗျာဒိတ်ပေးတော်မူခြင်း
    (စ)    အာဒမ်သခင်
    (ဆ)    နူဟိုသခင်
    (ဇ)    သမ္မာကျမ်းတော်၌ မဖော်ပြသော တမန်တော်များ
    (ဈ)    အေဘရာဟင်သခင်
    (ည)    မူစာသခင်
    (ဋ)    ရေရှုခရစ်သခင်
    (ဌ)    လွတ်လပ်စွာကိုးကွယ်ခွင့်
    (ဍ)    အမျိုးသမီးများ၏ အခြေအနေ
    ဟူ၍ ပါဝင်သည်။
    နိဒါန်းကြီးနှင့်အတူ စူရဟ် ၁ မှ ၁၀ ကို ပထမတွဲအဖြစ် ထုတ်ဝေပြီး ၁၁ မှ ၃၀ အထိကို ဒုတိယတွဲအဖြစ် ထုတ်ဝေသည်။ ခေတ်မီကျမ်းများ စီစဉ်ပုံအတိုင်း အက္ခရာစဉ်၊ အညွှန်းပါသဖြင့် သိလိုရာရာကို လွယ်လင့်တကူ ရှာနိုင်ပေသည်။
    ဤကျမ်းကို ထုတ်ဝေပြီးမကြာမီ နိဒါန်းကြီးသည် ကာဒီယာနီ ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီ၏ အယူအဆဖြစ်သည် ဟု ထောက်ပြဝေဖန်ကာ ပြစ်တင် ရှုတ်ချခြင်း ခံရတော့သည်။ သို့နှင့် ၁၉၆၂ ခုနှစ်ဧပြီလ ထုတ် ဗမာမွတ်စလင်မ် စာစောင်တွင် အထူးကြေညာချက် ထည့်သွင်း၍ တောင်းပန်ပြီး အငြင်းပွားဖွယ် များကို ပယ်ဖျက်ရန်ညွှန်ပြခဲ့သည်။ ပရ၀ရှ် အူရဒူနေ့စဉ်သတင်းစာနှင့် အစ္စလာမ် စာစောင်တို့မှလည်း ကျမ်းပြုက ဖြေရှင်းသည်။ အများသူငါအတွက် ကျမ်းမြတ်ကုရ်အာန်နှင့် စပ်လျဉ်းသော ရှင်းလင်းချက်၊ ရှင်းလင်းတောင်းပန်စာဟူ၍ ၁၉၆၃ ခု ဇူလိုင်လ ၂၂ ရက်နေ့စွဲဖြင့် ဝေငှဖြန့်ချိခဲ့ရသည်။ မူရင်းအတိုင်း တင်ပြပါမည်။
    ကျမ်းမြတ်ကုရ်အာန်နှင့် စပ်လျဉ်းသော ရှင်းလင်းချက်
    ရှင်းလင်းတောင်းပန်စာ
    ဒုက္ခနှင့်အလင်းရောင်
    ၁၉၅၅ ခုနှစ်တွင် ကျွန်တော်သည် မတရား စွပ်စွဲမှု တစ်ရပ်ကို ရင်ဆိုင်ချေပလျက်၊ ရန်ကုန်ဗဟိုထောင်ကြီးတွင် အချုပ်ခံနေရ ပါတော့သည်။
    ထိုစဉ်အခါ အမှားနှင့်အမှန်ကို မည်သို့ခွဲခြား ဝေဖန်ရအံ့နည်း။ မွတ်စလင် စိတ်ဓာတ်ကို မည်သို့ပွားရအံ့နည်း။ ဤပြဿနာနှစ်ရပ်ကို စဉ်းစားမိပါတော့သည်။ အဖြေကား လူသား၏ ဥာဏ်သည် နက်နဲခြင်းမရှိ မှားတတ်၏။ အလ္လာဟ် အသျှင်မြတ်သာလျှင် မချွတ်မယွင်း ထာဝရ တရားမှန် ဖြစ်တော်မူသည်သာတည်း။ အမှားအမှန်ကို ခွဲခြားသိသာရန် အသျှင်မြတ်အားသာ ဆည်းကပ်ရပါမည်။ ယင်းဆည်းကပ်ခြင်း ဆိုရာ၌ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်သခင်၏သြ၀ါဒ တော်ကို ဆည်းကပ်ခြင်းဖြစ်၏။ ဤကျမ်းတော် နှစ်ဆူ သာလျှင် မွတ်စလင်ထုအား မွတ်စလင်စိတ်ဓာတ် သွတ်သွင်းနိုင်ပေမည် ဤအတွေးအဆများ ၀င်လာ သည်နှင့် ဗမာ မွတ်စလင်ထု အတွက် သူတို့ဖတ်၍ သဘောပေါက် နားလည်နိုင်သော ဘာသာ စကားရပ်ဖြင့် ပြီးသော ကျမ်းမြတ်ကုရ်အာန် တစ်ဆူလိုကြောင်း ထင်လင်းလာပါသည်။ ဗမာမွတ်စလင်ထု၏ ကျမ်းတော်မှာ ဤအင်္ဂါ နှစ်ပါးနှင့်ညီရပါမည်။ (၁) ဗမာမွတ်စလင်မ်များ နားလည်နိုင်စေခြင်းငှာ လူထုစကားဖြင့် ပြေပြစ်ချောမောအောင် ရေးသားထားခြင်း။ (၂) ၀ိဝါဒကွဲပြားမှုကင်းမဲ့ခြင်း။ ဤအင်္ဂါများနှင့် ပြည့်စုံသော မြန်မာဘာသာပြန် ကျမ်းမြတ် တစ်ဆူကို ကျွန်တော်သည် ၁၉၅၆ ခုနှစ်၌ ပြုစု စီရင်ပြီးပါ သည်။ ဤကျမ်းမြတ်တွင် (၁)နိဒါန်းကြီး၊ (၂)နိဒါန်းငယ်နှင့်၊ (၃)ပင်ကို ကျမ်းတော်ကြီးဟုသုံးမျိုး သုံးစားခွဲထားပါရှိပါသည်။
    နိဒါန်းကြီး
    ၁၉၆၁ ခု ဖေဖော်ဝါရီလအတွင်း ကျွန်တော်၌ အဆုတ်ရောင်ရောဂါ ကပ်စွဲသဖြင့် ဗမာမွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံကြီးသို့တက်ကု ရပါသည်။ ထိုစဉ်အခါ ကျွန်တော်၏ ဘာသာပြန် ကျမ်းတော်ကို ပုံနှိပ်လှူဒါန်းရန် အလှူရှင်တစ်ဦး အလ္လာဟ်အရှင်မြတ် ၏ ကျေးဇူးတော်ကြောင့် ပေါ်ပေါက်လာပါသည်။
    ကျမ်းမြတ်ကုရ်အာန်ကို မသေမီ ထုတ်ဝေဖြန့်ဖြူး ချင်စိတ်စောသဖြင့် မိုဟမ္မဒ်အလီ၏ ကျမ်းနိဒါန်းတွင် ကျွန်တော် ၏ကျမ်းနိဒါန်းကြီးအဖြစ် ဆေးရုံတွင် အဆောတလျင် ဘာသာပြန်ပါတော့သည်။ မနာမကျန်းအတွင်း ယင်းသို့ပြန်ရာ ၀ိဝါဒကွဲပြားမှု ကင်းမဲ့ခြင်းတည်းဟူသော ကျွန်တော်၏ ဒုတိယ၀ါဒကို ကျွန်တော် မျက်ခြည်ပြတ်သွားမိပါသည်။
    ဤနိဒါန်း၌ အီစာသခင် သေကြောင်းပါသွားသဖြင့် ကဲ့ရဲ့ရှုတ်ချခြင်း ပေါ်ပေါက် လာပါတော့သည်။ ထို့ကြောင့် ၁၉၆၃ခု၊ ဧပြီလထွက် ဗမာ မွတ်စလင်စာစောင်တွင် ကျွန်တော် ဤသို့ကြေညာခဲ့ပါသည်။
    အထူးကြေညာချက်သီရိပျံချီ ဦးဘစိန်ပြန်ဆိုသော ကျမ်းမြတ်ကုရ်အာန်
    မွတ်စလင်လောကကြီး၌ အီစာသခင်ပြန်တော်မူ မမူဟု အငြင်းအခုံ ဖြစ်လျက်ရှိပါသည်။ ဤကိစ္စမှာ သုခဥယျာဉ်တော် ရရာရကြောင်းနှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု ကျွန်တော်များ မယူဆပါ။ ထို့ကြောင့် အဆိုပါအငြင်းအခုံ ၀ဲသြဃကြီးမှ လွတ်မြောက်စေခြင်းငှာ ကျွန်တော်များ ပြန်ဆိုသော ကျမ်းမြတ် ကုရ်အာန်၏ နိဒါန်းတွင် အီစာသခင် ပျံတော်မူခြင်းနှင့် စပ်လျဉ်းသော စာကြောင်းများကို ဖျက်ပစ်ပါရန် တောင်းပန်ပါသည်။ အခြား ပြုပြင် ပြင်ဆင်စရာများ အတွက်လည်း ဗမာ မွတ်စလင် လူထုကြီးထံမှ အကြံဥာဏ်တောင်းခံအပ်ပါသည်။
    အောက်ဖော်ပြပါတို့ကို ပယ်ဖျက်ပစ်ပါရန်
    (၁)    ပဋ္ဌမတွဲ စာမျက်နှာ ၇၃၊ စာကြောင်းရေ (၁၁)ရှိ “သူသည် အခြားတမန်တော်များကဲ့သို့ သေရမည်။”
    (၂)    ပဋ္ဌမတွဲ စာမျက်နှာ ၇၃၊ စာကြောင်းရေ(၂၂)မှ စာမျက်နှာ အဆုံးအထိ
    (၃)    ပဋ္ဌမတွဲ စာမျက်နှာ ၇၄၊ တစ်မျက်နှာလုံး
    (၄)    ပဋ္ဌမတွဲ စာမျက်နှာ ၇၅၊ ပဋ္ဌမ (၁၀) ကြောင်း
    ( ပုံ ) သီရိပျံချီ ဦးဘစိန်
    ကျမ်းမြတ်ကုရ်အာန် ပြန်ဆိုသူ
    ကျမ်းပြုသူသည် မြန်မာစာကို ကျွမ်းကျင်သည်။ စကားပြေ အရေးအသား လွယ်ကူရှင်းလင်းသည်။ သို့နှင့် အများသူငါ နှစ်သက် ဖတ်ရှု ကိုးကားကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ ကုရ်အာန်ဘာသာပြန် သမိုင်းတွင် ဒုတိယမြောက်ဘာသာပြန်အဖြစ် မှတ်တမ်းပြုကြသည်။
    သီရိပျံချီ ဦးဘစိန်သည် ၁၉၇၁ ခု စက်တင်ဘာလတွင် အစ္စလာမ် ၏ ဒါနိက(၀ါ)အစ္စလာမ် သဘောတရား ကျမ်းကို ပြုစုခဲ့သည်။
    “ကျမ်းပြုရခြင်း၏ ရည်ရွယ်ချက်ကို ယခုခေတ်တွင် ကိုယ့်အယူဝါဒ နှင့် ကိုယ်နေစတမ်း၊ အယူကွဲသူတို့ကို ရန်သူမမှတ်။ မနှောင့်ယှက် စတမ်း ၀ါဒသည် နှစ်ဆယ်ရာစုအတွင်း ကြီးမားထွားကြိုင်း လာလေပြီ။ လူသားတို့သည် မိမိတို့ ဘာသာတရားအပြင် အခြားဘာသာ တရားများကို ပညာဗဟုသုတ အတွက် လေ့လာကြပြီ။ ကျွန်တော်တို့ ဗမာပြည်မှာလည်း ဤလေ့လာ မှုများကို ပြုလာကြပေပြီ။ သို့သော် လူထုအတွက် အစဩလာမ်စာပေမှာ ခေါင်းပါးလှသည်။ ယင်းကြောင့် အစ္စလာမ် ဒါနကျမ်းငယ်ကို ပြုစု အပ်ပါကြောင်း”ဟု ကျမ်းတော်မြတ်ကုရ်အာန် (၁၀၉း၎-၆)ကို ကိုးကား၍ တင်ပြသည်။ ကျမ်းတွင်အခန်းပေါင်း ၁၁ ခန်းပါဝင်သည်။
    အခန်း ၁။    ပဏာမ
    အခန်း ၂    (က)။    အစ္စလာမ်၏ အဓိကအခြေခံများ
    (ခ)။    တမန်တော်မုဟမ္မဒ်သခင်
    (ဂ)။    ကျမ်းမြတ်ကုရ်အာန်
    အခန်း ၃။    အစ္စလာမ့်ယုံကြည်ချက်များ
    အခန်း ၄။    အစ္စလာမ့်မဏ္ဍိုင်များ
    အခန်း ၅။    အစ္စလာမ့်သဟာယနိုင်ငံတော်
    အခန်း ၆။    လွတ်လပ်စွာ ကိုးကွယ်ခွင့်
    အခန်း ၇။    မွတ်စလင်မ်၏ခံစစ်
    အခန်း ၈။    အမျိုးသမီးများ
    အခန်း ၉။    အ၀တ်တန်ဆာ
    အခန်း ၁၀။ အစားအသောက်
    အခန်း ၁၁။ပညာရွှေအိုးကြီး
    ကျမ်းပြုသူသည် ခေါင်းစဉ်တိုင်းတွင် ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်မြတ် သြ၀ါဒတော်များကို အများဆုံး ကိုးကားဖော်ပြသည်။၊ နောက်ဆုံး အခန်း(၁၁)တွင် တမန်တော်မြတ်သြ၀ါဒ များချည်း ကောက်နုတ် တင်ပြထားသည်။ ကျမ်းပြုသူသည် အစ္စလာမ့်ဂုဏ်ကို ပေါ်လွင်အောင်ဖော်ထုတ်နိုင် သည်။ အစ္စလာမ်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်စေသည့် တင်ပြ ချက်များဖြစ်သည်။
    အကိုးအကားစုံလင်စွာ ဖော်ပြသော်လည်း ကျမ်းလေးမနေပါ။ ရိုးရိုးလွယ်လွယ်နှင့် ဖတ်ချင့်စဖွယ် ရေးသားနိုင်ပါသည်။
    သီရိပျံချီဦးဘစိန်သည် ဝေဖန်ရေးကို ကြိုဆိုသကဲ့သို့ ဝေဖန်ရန်လည်း ၀န်မလေးသူဖြစ်သည်။ တတိယအကြိမ် အာန်ဆွာရီ သင်တန်း ကျင်းပစဉ်က ဖြစ်သည်။ သင်တန်းသို့ ၀န်ကြီးဟောင်း ဦးခင်မောင်လတ်၊ ဆရာကြီး ဃာဇီဟာရှင်၊ ဗိုလ်မှူးဘရှင်၊ ဆရာချယ်၊ ဦးဘစိန်၊ ဆရာကြီး ဦးအဟ်မဒ်၊ ဆရာဃနီ စသည့် ပညာရှင်များကြွရောက်ချီးမြှင့်သည်။
    သင်တန်းဌာနတည်ရာ အင်းစိန်သို့ ဗိုလ်မှူးသည် နံနက်စောစော ရောက်လာတတ်သည်။ ပတ်ဝန်းကျင်တစ်ဝိုက် ပြောင်နေအောင် လှည်း ကျင်းသည်။ ပြီးလျှင် သင်တန်းပို့ချသည်။ တစ်နေ့တွင် ကောင်စီတေးသံ အားလုံးအညီကို ဟန်ပါပါ မာန်ပါပါနှင့်သီဆိုပို့ချသည်။ ဒို့ဗမာ အမျိုးသားများဖြစ်ကြ သည်မှစသည့် တေးသံကို သီဆိုပြီးဆုံး သွားသောအခါ သီရိပျံချီ ဦးဘစိန်က မိမိသည် ရခိုင် အမျိုးသား ဖြစ်သည်။ တေးစာသားမှာ ဗမာအမျိုးသားဖြစ်နေသည်ဟု သုံးသပ်သည်။ ဗိုလ်မှူးက ဒို့ပြည်ထောင်စု သားများ ဖြစ်ကြသည် ဟု ပြင်၍ ဆိုလိုက်သည်။ ဆီလျော်သည့် အကြံကို လက်ခံရန် ၀န်မလေးသော၊ ပြည်ထောင် စုစိတ်ဓာတ် အလေးထားသော ဗိုလ်မှူး၏ ကောင်စီတေးသံသည် ထိုအခါမှစ၍ ဒို့ပြည်ထောင်စုသားများ ဖြစ်ကြသည့်တေးသံဖြင့် စရတော့သည်။ အမှန်ဖြစ်စေလိုသူနှင့် အမှန် လိုလားသူ ခေါင်းဆောင်ကြီးနှစ်ဦး၏ ပြောဆိုပြုမူပုံများကား အားကျဖွယ် ကောင်းလှသည်။    ။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။