News @ M-Media

Tag: famous_myanmar_muslim

  • ဓမ္မကထိက ဆရာသိန့်

    ဓမ္မကထိက ဆရာသိန့်

    စက်တင်ဘာ ၂၊ ၂၀၁၄
    -ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

    ဆရာသိန့်ကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေထူးရွာတွင် အဖ မွတ်စွလေ့ဟွတ်ဒိန် ဦးမှတ်၊ အမိ ဒေါ်အိုခေါ် ဒေါ်ငယ် တို့မှ ၁၈၉၉-ခု နိုဝင်ဘာ ၉-ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ အစ်ကိုသည် ဆရာကြီး ဦးစိန်ဖြစ်ပြီး အစ်မသည် ဒေါ်အေးတုတ်ဖြစ်သည်။

    ဖခင်ဦးမှတ်သည် မြေထူးရွာရှိ မင်္ဂလာဗလီ၏ ရှေ့ဆောင် ဆရာကြီး ဖြစ်သည်။ ကလေးသူငယ်များကို ဘာသာရေး အခြေခံ သင်ကြားပြသ ပေးသည်။ ဆရာသိန့်သည်ငယ်စဉ်က ဖခင်ကြီးထံတွင် ဘာသာရေး အခြေခံများ၊ မြန်မာစာပေ၊ ပါဠိစာပေများကို သင်ယူသည်။ အူရဒူ၊ ဖာရစီနှင့် အရဗီစာပေများကို ကန့်ဘလူမြို့နယ် ချင်မြစ်ကျဉ်းရွာမှ သခင်ကြီး လှထံတွင် ဆည်းပူးသည်။ ထို့နောက် ဆရာသိန့်သည် အဆင့်မြင့်ပညာရပ်များ ဆည်းပူးရန် သမိုင်းရှိ မဒရ်ဆာတဗ်လီဂီယာမှ တစ်ဆင့် ဟစ်ဂျရီ ၁၃၄၀ ရှအ်ဘန်လ ၁၂-ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဒေယိုဘန်ကျောင်းသို့ ရောက်ရှိသွားသည်။

    ငယ်စဉ်ကပင် စာအရေးအသား ၀ါသနာပါသော ဆရာသိန့်သည် ဒေယိုဘန်ကျောင်းတွင် ပညာဆည်းပူးစဉ်စာပေ များ မပြတ်ရေးသားသည်။ ထိုစဉ်က မြန်မာနိုင်ငံ၊ အိုးဝေမဂ္ဂဇင်းက ကျင်းပသည့် စာပေပြိုင်ပွဲတွင် ဆရာသိန့် ၀င်ရောက် ယှဉ်ပြိုင်သည်။ ပြိုင်ပွဲတွင် ပထမဆုရခဲ့သဖြင့် အိုးဝေ မဂ္ဂဇင်း တစ်နှစ်စာဆု ချီးမြှင့်ခြင်းခံရသည်။ သို့နှင့်အိန္ဒိယရောက် ဆရာသိန့်သည် မြန်မာပြည် အခြေအနေများကို မျက်ခြည်မပြတ်ခဲ့ပါ။ ဆရာသိန့်သည် အိန္ဒိယနိုင်ငံထုတ် သတင်းစာများ၌ လည်း အူရဒူဘာသာဖြင့် မြန်မာ မွတ်စလင်မ်သမိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ဆောင်းပါးများပါဝင်ရေး သားသည်။ တိုင်းရင်းမွတ်စလင်မ်တို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖော်ညွှန်းသော ဆောင်းပါးများဖြစ်သည်ဟု သိရသည်။ အူရဒူဘာသာနှင့် ဆောင်းပါးရေးသော ဆရာသိန့်၏ ထူးချွန်မှုကို အများက သြဘာပေးကြရသည်။

    ထိုစဉ် ရန်ကုန်မြို့မှ ကျောင်းအုပ်ဆရာကြီး မောင်လာနာ ဂဖူးရ် စစ်ဒီကီက ဆရာသိန့်ကို အရှင့်အမိန့်ခံယူသွား ပြီးဖြစ်သော ဆရာသိန့်၏ ဖခင်ကြီးအတွက် ရည်စူးပြီး နမာဇ်ခန်းကျမ်းကို မြန်မာဘာသာဖြင့် ပြုစုပေးပို့ရန် စာရေးတာဝန်ပေး သည်။ မိမိဆရာ၏ တာဝန်ပေးချက်အတိုင်း ဆရာသိန့်သည် “အန္တဂျားသ် ဖီရှရ်ဟစ်စလာသ်” အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုပေးပို့သည်။

    ဆရာသိန့်က မိမိ၏ဆရာသခင်က တိုက်တွန်းလွန်းသဖြင့် မနေသာပါ။ ဧည့်သည်ဘ၀ ပရိဒေ၀ အမျိုးမျိုးကို မျိုချပြီး သံသရာအတွက် ရည်မျှော်ပြီး ရေးသား ဆက်သပါကြောင်း၊ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်ကြောင်း၊ အမှားတွေ့လျှင် ပြင်ဆင်ဖတ်ကြပါ။ မိမိဇာတိ မြန်မာနိုင်ငံသို့ အမြန်ပြန်စေ နိုင်ရေး၊ ဆုဒိုအာပြုကြစေလိုသည်ဟု ကျမ်းနိဂုံးတွင် ရေးစီဖော်ပြ ထားသည်မှာ-

    “ဗစ်မေ့ အလ္လာဟ်တစ်ဖြာ၊ အလ်ဟမ်(ဒ်)တစ်ဖန်၊ စလ၀ပ်(တ်)စပြီးသော်၊ ကျမ်းမော်ဆုလာဘ် “ရာဟေ့နဂျားတ်”၏ သိမှတ်အဓိပ္ပာယ် ကျက်ဖွယ်ဖြာဖြာ၊ စွဲယူရာနှင့်“ဖွေကာ” ၀င်းပြောင်၊ ကျမ်းစောင်စောင်မှ၊ ထုတ်နှုတ်ပြသည်၊ က၀ိ လက္ခဏာ၊ ဤကျမ်းစာကို ကြည်ညိုလေးမှု၊ ရှေးရှုတောင်းပန်၊ သံယျောဇဉ်ကြောင့်၊ ကျမ်းဂန်ခပဲ၊ နက်နဲဂမ္ပီ၊ လောကီ လောကုတ်၊ တည်းသုတ်ဖွေရှာ၊ ရှုစာနာလျက်၊ ဘာသာဓမ္မ၊ ၀စနအား၊ မြန်မာ့ဝေါဟာ၊ အက္ခရာဖြင့်၊ သဒ္ဒါသိမ်းပိုက်၊ အစဉ်လိုက်၍၊ တိုက်ရိုက် ပညတ်၊ “ရှရီအသ်”အား၊ မွမ်းမံဖြာထွေ၊ ရေးသွင်းလေဟန်၊ အကြောင်းမှန်ကား  . . . .။

    ကာလံတက္ကသိုလ်၊ ခေါ်ဆိုမရိုင်း၊ သမိုင်းပြုခံ၊ ဒေယိုဘန္ဒဟု၊ ကျော်စောထင်စွာ၊ မည်သညာနှင့်၊ ၀ိဟာထူးဆန်း၊ ရှုမခန်းသာ၊ ကြငှန်းသိပ္ပံ၊ ဘုံဝေယံဝယ်၊ လေးတန်သီလ၊ ဖြူစွာ မညစ်၊ စနစ်ကျကျ၊ သင်ပြဆုံးမ၊ လမ်းညွှန်ပြခြင်း၊ သတင်း ဂုဏ်ရောင်၊ ပြောင်ပြောင်တင့်ရွှန်း၊ နေနှယ်ထွန်း၍၊ ထက်ဝန်း နှံ့စပ်၊ အရပ်ရပ်မှ၊ ဆည်းကပ်ခိုလှုံ၊ ရောက်လာတုံငြား၊ တပည့်များကို၊ တရားအမြိုက်၊ ဧစွာတိုက်လျက်၊ ပိုက်ဖက်မလစ်၊ မိုဟဒဒစ်တို့၊ ဖွင့်လှစ်မြွက်ဟ၊ ဓမ္မမည်သာ၊ တဖ်စီရ်-မအာနီ၏၊ ပညာရင်နို့၊ သောက်စို့စေရာ၊ ထိုအခါတွင်၊ သိသာ ကြည်ယုံ၊ ဥာဏ်ဟုံသင့်ဖွယ်၊ သက်ရွယ်ပျိုနု၊ စတုခြောက်လီ၊ ကျင့်စာဂီနှင့်၊ လောကီဓမ္မ၊ သိပ္ပဂုဏ်အင်၊ သတ္တိတင်ရာ၊ တိုင်း မြန်မာတွင်၊ လွန်လျှင်ထင်ပေါ်၊ သတင်းကျော်သည့်၊ ပညာတော်ရင်၊ သခင် အာစရိယ၊ မည်သတမူ၊ အဗ်ဒွလ်ဃဖူရ်၊ ဂုဏ်ထူးကြေညာ၊ မော်လနာက၊ သိမှတ်ကြစေ၊ ခွန်းချွေမိန့်ချ၊  တိုက်တွန်းရှုမျှော်၊ စေတော်မူရာ၊ မနေသာသဖြင့်၊ ဖြာဖြာသောက၊ နေရကြပ်ကြပ်၊ ပရိဒေ၀၊ မျိုသိပ်ချ၍၊ သံသရာ အကျိုး၊ မျှော်တဩကိုးစား၊ ရေးသားဆက်သ ၊ တင်ပို့ရ၍၊ အများအနည်း၊ မှားကြီးမှားငယ်၊ တိမ်းဖွယ်စကား၊ ပုထုသားမို့၊ တွေ့ငြားထင်ထင်၊ ပြစ်မတင်ဘဲ၊ ပြင်ဆင်သွတ်သွင်း၊ ဖတ်ရှုခြင်းတည်း၊ ရင်းကြီးတန်ဆာ၊ ဆင်ကြပါလေ၊ တထွေထို့ပြင်၊ စီစဉ်ရေးသား၊ တို့အစားမှာ၊ သနားပါသဖြင့်၊ မြတ်အရှင်ထံ၊ တတ်သင့်မှန်မျှ၊ မကျန်ရအောင်၊ လျင်စွာဆောင်၍ ပြည်ဘောင် မြန်မာ၊ ပြန်ပါစေသားဟု မခြားသာ၊ ဆု“ဒိုအာ”ကို၊ ပြုစေလို သည်၊ မပိုသင့်ညီ၊ ရှေးထုံးတည်း” ဟူ၍ ဖြစ်သည်။

    သားတို့ဘုရင် အိန္ဒိယခြင်္သေ့ခွင်မှာ သာယာစွာ ရင့်ကျူးလိုက်သည့် မြန်မာ့ဒေါင်း အိုးဝေသံဟု ဆိုကြပါသည်။ ချီးကျူးထိုက်လှပါသည်။ ဆရာသိန့်သည် ရာဟေနဂျတ်၊ အိမ်မက်တိတ္တုံစသည်ဖြင့် ကျမ်း သုံးလေးအုပ်ထက် မနည်းပြုစုခဲ့ သေးသည်ဟု ဆိုပါသည်။

    ဆရာကြီးသည် အဆိုအတီးဖြင့် ဘ၀နစ်မြော နေမည့်အစား အလ္လာ့ အသိ ရင့်သန်စေမှုသို့ ရှေ့ရှုစေရန် ကဆီဒါ လင်္ကာများကို ရေးစပ်သည်။ အလှူမင်္ဂလာပွဲများတွင် ဆရာကြီး၏ ကဆီဒါများဖြင့် မြိုင်ဆိုင်နေသည်။ ဆရာကြီး ကဆီဒါများသည် နိုင်ငံအ၀ှန်း ရေပန်းစားခဲ့သည်။

    ဆရာသိန့်သည် ပညာအရည်အချင်း ပြည့်ဝသည်။ အူရဒူ မြန်မာ နှစ်ဘာသာဖြင့် ပိုင်နိုင်စွာ ဟောကြားနိုင်သည်။ အာဝဇ္ဇာန်းကောင်းသည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ ပြန်ရောက်သည်နှင့် ရန်ကုန်မြို့ရှိ အိုလမာဌာနချုပ်က နယ်လှည့်ဓမ္မကထိ အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံမြို့ရွာအနှံ့ လှည့်လည်ဟောပြော ခဲ့သဖြင့် လူသိများပြီး ကျော်ကြားသည်။

    ဆရာကြီးသည် ၁၉၃၀ ပြည့်နှစ် အသက် ၃၁-နှစ်အရွယ်တွင် မြေထူးရွာမှ ဆရာကြီးဦးခ၊ ဒေါ်ထိုက်တို့၏သမီး၊ ဒေါ်ခတီနှင့် လက်ထပ်ခဲ့ သည်။ မော်လ၀ီအန္န၀ါရ်၊ ဒေါ်ရာဗီယာ၊ မော်လ၀ီ ဦးတင်ဖေ၊ မော်လ၀ီ အဟ်မရ်၊ ဒေါ်တွာဟိရ်၊ ဦးမွတ္တား၊ ဒေါ်ဘီဟူသည့် သားသမီး ၇-ဦး ထွန်းကားသည်။

    ဆရာသိန့်သည် ၁၉၃၅-ခုနှစ်တွင် ဓမ္မကထိကတာဝန်ဖြင့် ပုသိမ်မြို့သို့ရောက်ရှိသည်။ ပုသိမ်မြို့ တမန်တော် မွေးနေ့ အခမ်းအနား စင်မြင့်တွင် မိမိအလှည့် စောင့်ဆိုင်းရင်း ကဆီဒါရေးစပ်နေသည်။ ထိုကဆီဒါနှင့်ပင် ညလုံးပေါက် ဟောကြားသွားရာ ပရိသတ်က အထူးနှစ်သက်စွဲမက်ကြသည်။

    အိုလမာဌာနချုပ်မှ ထုတ်ဝေသော “သအ်လီမွတ်အစ္စလာမ်”ကျမ်း ပထမတွဲနိဒါန်းတွင် ၁၉၃၅-ခုနှစ် ပုသိမ်မြို့၊ တမန်တော်မွေးနေ့ အခမ်းအနား၌ ရွတ်ဆိုခဲ့သော ချီးကျူးထောပနာ ကဆီဒါကိုထပ်မံ ဖော်ပြထားသည်ကို တွေ့ရသည်။
    ၁    သူရဟ်မသ် ၏ပင်လယ်            အဖြစ်နှင့် ကြွခဲ့သည်
    . နှစ်ဘ၀၏ဘုရင်                       အဖြစ်နှင့် ကြွခဲ့သည်

    ၂    မဖွားမီ အဖကွယ်            ၆ နှစ်မှာ အမိလည်း
    ရင်းချာမဲ့ သည့်ယတီးမ်            အဖြစ်နှင့် ကြွခဲ့သည်

    ၃    ရိုးသားသည့် သူ၏ဂုဏ်            အာရေဗျ တိုင်းလုံးတုန်
    လူတိုင်းယုံ သည့်အမီန်            အဖြစ်နှင့် ကြွခဲ့သည်

    ၄    ကုန်သည်ကြီး လည်းသူပဲ        စစ်သူကြီးလည်း သူပဲ
    ဆေးနည်းကောင်း သမားတော်အဖြစ်နှင့် ကြွခဲ့သည်

    ၅    မိဘမဲ့ တို့အပေါ်            သူဆင်းရဲတို့ကိုနော်
    ထူးတလည် စောင့်ရှောက်သူ        အဖြစ်နှင့် ကြွခဲ့သည်

    ၆    နဗူဝပ် ရသောအခါ            ဦးအစ ဖွာတေဟာ
    မန္နန်တောင်း သင်ပြသူ            အဖြစ်နှင့် ကြွခဲ့သည်

    ၇    ဆရာရှေ့ မှာဒူးချ            ပညာနို့ကို သောက်စို့
    မရှိဘဲနှင့် အွမမီ            အဖြစ်နှင့် ကြွခဲ့သည်

    ၈    မြဲအ်ရားဂ်ျ ၏ညဥ့်မှာ            အွမမတ်များ အတွက်တာ
    အရှင့်ထံ လျှောက်ပန်သူ            အဖြစ်နှင့် ကြွခဲ့သည်

    ၉    ကေယာမသ် ၏နေ့မှာ            ရှာဖွာအသ် ချွတ်ကယ်ရာ
    ထိုက်တန်သည့် ဂုဏ်သိကခာ        အဖြစ်နှင့် ကြွခဲ့သည်

    ၁၀    စလ၀ါတို့ စလာမ်            ပို့ပါသည် မြဲအမှန်
    ရဟေမာတေ့ အာလမ်            အဖြစ်နှင့် ကြွခဲ့သည်

    ၁၁    ဆရာသိန့် ၏အဆို            တောင့်တကြ ရစူလ်ကို
    လမ်းမှန်ပြ သည့်ပုဂ္ဂိုလ်            အဖြစ်နှင့် ကြွခဲ့သည်။

    အဆိုပါ စာအုပ်ကျောဖုံး အတွင်းဘက်မျက်နှာတွင် အခြား ကဆီဒါ တစ်ပုဒ်ကိုလည်း ဖော်ပြပါရှိပါသည်။
    မို့ဟမ္မဒ်သခင်၏ အားထားရာ လွမ်းချင်း

    ၁။    အကြည်တော်ခိုဒါ၏ မူပါသည့်မိုဟမ္မဒ်။
    ဟလီမာ့ရင်ခွင်ဩ ကြီးလှာသည့်မိုဟမ္မဒ်။

    ၂။    ကြီးလှစွာ သိက္ခာ၊ ဂုဏ်တော်ရှင်မိုဟမ္မဒ်။
    ပြိုင်ဘက်ကင်း၏၊ အာလမ့်ထက်သာသည့် မိုဟမ္မဒ်။

    ၃။    ခိုကိုးရာမဲ့သူ၏ အလိုကို ဖြည့်ပါ။
    ဖြည့်သူမရှိလျှင်ဖြင့် ရောက်လာသည့် မိုဟမ္မဒ်။

    ၄။    ဘယ်မှာလဲပြစမ်း၊ ကျွန်တော်ကို အဇီဇို။
    သည်းအူပါချစ်စွာ၊ ကမ်လီပါသည့်မိုဟမ္မဒ်။

    ၅။    စလ၀ါတ်စလာမ်၊ ပို့ပါသည်မြဲအမှန်။
    ဆရာသိန့်တို့တွေ၊ အားထားရာသည့် မိုဟမ္မဒ်။

    ကဗျာဥာဏ်ပါရမီရှင်ဆရာသိန့်သည် ကမ္ဘာ့နောက်ဆုံးနေ့ ကယာမတ်၏ လက္ခဏာများကို ကုရ်အာန် ဟဒီးဆ်များမှ ထုတ်နုတ်ပြီး ကဆီဒါလင်္ကာဖွဲ့သီခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ အသံနေအသံထားဖြင့် ရွတ်ဆိုပြပြီး တပည့်တပန်းများကို သင်ကြား ပေးသည်။ မကြာမီ အဆိုပါ ကဆီဒါများသည် အခြားမြို့ရွာများသို့ ပျံ့နှံ့ကျော်ကြားသွားသည်။

    ကဆီဒါများကို အလာမတ်စွတ်ဘရာ၊ အလာမတ်ကွတ်ဘရာ၊ ရှင်အီဆာအခန်း၊ ကရီးဗီကိယာမတ်ဟူသည့် ခေါင်းစဉ်သုံးမျိုးနှင့် ဖွဲ့ဆိုခြင်းဖြစ်သည်။ မြန်မာ့ဂန္တ၀င်ပါ ကောသလမင်း အိပ်မက် ၁၆ ချက် မျိုးကဲ့သို့ ကာလပြောင်းပြန်၊ ပြောင်းဆန်က စီးနေသည့်အဖြစ်မျိုး၊ ဘူးတောင်းနစ် စောင်ခြမ်းပေါ်ပုံဆိုသော် မဝေးဟူသော ဦးပုညတေးထပ် ကဲ့သို့ ခေတ်အဆက်ဆက် ဖောက်ပြန်ဖြစ်ပျက်မှုများ ထင်ရှားလာစေသည်။ ကာလမရွေး ဆင်ခြင်ဖွယ်များ ပြည့်နှက်နေသည်။ အံ့သြထိတ်လန့်ဖွယ် ခံစားရင်း၊ နှစ်သက်စွဲမက်စေသော အရေးအဖွဲ့များဖြစ်သည်။

    ကဆီဒါများနှင့်ပတ်သက်၍ “ဆရာကြီးဦးသိန့်ကိုယ်တိုင်က မိမိလက်ရာ ကဆီဒါကို ခံစားချက်အပြည့်ဖြင့်ဖတ်၍ ရှင်းလင်းဟောပြောသည်ကို ကြားနာခဲ့ရသော ပရိသတ်ကြီးတစ်ခုလုံးသည် အသက်ရှုမှားမတတ်ရင်တမမ ကြက်သီးတဖြန်းဖြန်း နှင့် ရှိနေခဲ့ကြသည်ကိုယခုတိုင် မြင်ယောင်နေမိပါသည်” ဟု ကိုယ်တိုင်နားဆင်ခံစား အကြည်ညိုပွားခဲ့သော ဆရာကြီး မော်လာနာ မုဟမ္မဒ် အစ်ဗရာဟိမ်(ဂျာမေအိ)က  မိမိ၏“ဆူးကြားမှပွင့်သော နှင်းဆီ ပန်းများ” ကျမ်းတွင် အထူးဖော်ကျူးထား သည်။

    ဆရာကြီးသည် မြေထူးနယ် ဆားကုန်းတွင် မြန်မာအရဗီ သိပ္ပံ ကျောင်းတော်ကြီး စတင်ဖွင့်လှစ်သည်မှစ၍ ပညာရေးမှူးတာဝန်ကို လည်းကောင်း၊ ကျောင်းကြီးအတွက် ရန်ပုံငွေရှာကြံရန် ဓမမကထိက တာဝန်ကို လည်းကောင်း၊ အစဉ်မပြတ် ထမ်းရွက်လာခဲ့သည်။ နယ်လှည့်တာဝန်ဖြင့် ဒေသအနှံ့ခရီးဆန့်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင်မှ စာချတာဝန်ကို ပြန်လည် ထမ်းဆောင်သည်။

    ဆရာကြီးသည် ကျောင်းတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည် မြင့်မားရေးတို့ကို မဆုတ်မနစ် လုံ့လစိုက်ထုတ် ရင်း ၅၁-နှစ်အရွယ်တွင် ကျန်းမာရေးချို့တဲ့လာသဖြင့် မန္တလေးသို့ သွားရောက်ဆေးကုသမှု ခံယူသည်။ အခြေအနေ ပိုမိုယိုယွင်းလာသည့်အတွက် မြေထူးသို့ ပြန်ခေါ်ခဲ့ကြ သည်။ ၁၉၅၀-ခုနှစ်တွင် ဇာတိမြေ မြို့ထူး၌ပင် အလ္လာဟ်အရှင့် အမိန့်တော် ခံယူသည်။ ဆရာကြီး၏ ဂျနာဇာနမာဇ်ကို မွဖ်သီဟာရွန်ခေါ် ဆရာကြီး ဦးလှက ဆောင်ရွက်ပေးပြီး မြေထူးမြို့ဟောင်းရှိ မွတ်စလင်မ် သချိုင်းတွင် မြှုပ်နှံခဲ့ကြသည်။        ။

    ** ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။

  • ဆရာ ဦးဘရှီး အောင်ကျော်

    ဆရာ ဦးဘရှီး အောင်ကျော်

    သြဂုတ် ၁၈ ၊ ၂၀၁၄
    M-Media

    ဆရာကို အဘဦးရွှေဒင်၊ အမိဒေါ်ဘီဘီတို့မှ ၁၉၀၅ခု၊ စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့၌ တောင်ငူမြို့ တွင် ဖွားမြင်သည်။ ဒေါ်ခင်မကြီးနှင့် အိမ်ထောင်ဖက်ရာ သားသမီး ၃ဦးထွန်းကားသည်။   သားနှစ်ဦးသည် ဦးကိုကိုတင်နှင့် ဦးတင်နွယ်ဖြစ်ပြီး၊ သမီးထွေးမှာ ဒေါ်ခင်မြင့်မြင့်ဖြစ်သည်။

    သမီးထွေး ဒေါ်ခင်မြင့်မြင့်နှင့် ခင်ပွန်းသည် ဆရာဦးခင်မောင်မြင့် တို့သည် ရန်ကုန်ဓမ္မဗိမာန်တွင် ဟောပြော ပို့ချသူများဖြစ်သည်။ သာသနာရေး အမျိုးသားရေး ကိစ္စတိုင်းတွင်လည်း ရှေ့တန်းမှ ပါဝင်ကူညီ လျက်ရှိသည်။ ဆရာမ ဒေါ်ခင်မြင့်မြင့်၏ ကလောင်အမည်မှာ မဟူရာမြင့် (ဒဂုန်) ဖြစ်သည်။

    ဆရာသည် အစ္စလာမ့်သုတ ဖြန့်ဖြူးရေးအတွက် ၁၉၄၅-ခုနှစ်တွင် အနုမြူစာစောင်ကို ထုတ်ဝေသည်။ ဆရာရရှိထားသော ဆုတော်ကြေးများ စုဆောင်းထားသောငွေများ၊ ချွေးနှဲစာများဖြင့် ရင်းနှီးထုတ်ဝေခြင်း ဖြစ်သည်။

    ဆရာသည် အနုမြူစာစောင်ကို ၂၅-ပတ်တိုင်တိုင် ဖြန့်ချိခဲ့ပြီး မိမိစုဆောင်းထားသော ငွေများကုန် သွားသောအခါ စာစောင်ကို ရပ်လိုက်ရသည်။ ထိုစာစောင်တွင် စာရေးဆရာ ဒဂုန်သိန်းသည် အဖွဲ့ဝင်စာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။

    အနုမြူစာစောင်သည် ဗမာမွတ်စလင်မ်တို့ နိုးကြားရေးကာလ၏ ပြယုဂ်စာစောင် ဖြစ်သည်။ အနုမြူစာစောင်နှင့် ပတ်သက်၍ အနုမြူကို လူကြိုက်အတော်များသည်။ ရေးသားပုံဟန်နှင့် စာမူတိုင်း လိုလို လိုအပ်သောစာပေစစ်မှန်များ ပါဝင်လာ၏။ အစ္စလာမ်ကို ကွင်းကွင်းကွက်ကွက် ထင်မြင်လာပေသည်”

    ဟု ဆရာကြီး တင်မောင်ရီ(ကျုံပျော်)က ကျွန်ုပ်တို့၏စာပေခေတ် ဆောင်းပါးတွင် သုံးသပ်ထားပါသည်။

    ဆရာသည် ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာအတတ်သင်သိပ္ပံ အလုပ်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင် နေစဉ် ၁၉၅၄-ခု ဧပြီလ ၁၃ ရက်နေ့တွင် အထူး စကောလားရှစ်ရသည်။ အမေရိကန်ဖို့ ဖောင်းဒေးရှင်း ဖဲလိုးရှစ် ဆု ဖြစ်သည်။ အမေရိကန်သို့ ၆-လတာ သွားရောက်ပြီး အင်ဂျင်နီယာသိပ္ပံများ၊ ကျောင်းများ စက်မှုလက်မှု အလုပ်ရုံများ၌ လေ့လာဆည်းပူးသည်။ ယင်းသို့သွားစဉ် ကမ္ဘာ့အနောက်ဘက်မှ စသွားပြီး အရှေ့ဘက်မှ ပြန်လာရာ ဂရင်းနစ် သတ်မှတ်မျဉ်းကို ကျော်ဖြတ်ခဲ့သူ တစ်ဦး ဖြစ်သဖြင့် ရက်အတိုဆုံးဖြင့် ကမ္ဘာကို တစ်ပတ် ပတ်မိသူအဖြစ် မှတ်တမ်း တင်ခြင်းခံရသည်။

    ဆရာသည် သိမ်ဖြူတိုက်နယ်၊ ဗမလအဖွဲ့၏ ပထမဦးဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။  ၁၉၄၅-ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဂျီစီဘီ အမ်အေ မြန်မာမွတ်စလင်မ်အဖွဲ့ ချုပ်၏ တွဲဖက်အတွင်းရေးမှူးလည်း ဖြစ်ခဲ့သည်။  ၁၉၅၄-ခုတွင် အစ္စလာမ် သာသနာရေးအဖွဲ့  Islamic  Society ၏ အရံအမှုဆောင်အဖွဲ့ဝင် ဖြစ်သည်။ ဆရာသည် ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်အသင်း၏ နာယကအဖြစ် တင်မြှောက်ခံရပြီးကျောင်းသား များကို အမြဲပံ့ပိုးကူညီပေးသည်။ တက္ကသိုလ် မွတ်စလင်မ်အသင်းထုတ် ခေတ်ကြေးမြင် မဂ္ဂဇင်း၏ ပင်တိုင် ဆောင်းပါးရှင်ဖြစ်သည်။ အမှားနှင့်အမှန် (၁၉၅၂)၊ တမန်တော် မုဟမ္မဒ်သခင်မွေးနေ့ (၁၉၅၄-၅၅)၊ ကုလား လော ဗမာလော (၁၉၅၇-၅၈)၊ ကမ္ဘာ့ယဉ်ကျေးမှုတွင် အစ္စလာမ် ဘာသာ၏ ကျေးဇူးပြုချက်များ (၁၉၅၉-၆၀)၊ ကျွန်ုပ်တို့ဖြစ်အင် (၁၉၆၂-၆၃) စသည် ဆောင်းပါး ခေါင်းစဉ်များသည် တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းများတွင် ရေးခဲ့သော ဆောင်းပါး ခေါင်းစဉ်များဖြစ်သည်။     အသင်းကပြုလုပ်သော ဟောပြောပွဲများတွင်လည်း ခေတ်မီ ဆန်းသစ်သော အတွေးအမြင်များကို မကြာခဏ ဟောပြောပို့ချသည်။ ဓမ္မဗိမာန်တွင်လည်း ဟောကြားခဲ့သည်။

    ဆရာသည် အင်္ဂလိပ်စာကောင်းသည်။ ဘာသာပြန် ကျွမ်းသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသော ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ စာအုပ်တွင် ဘာသာပြန်သူအဖြစ် ပါဝင်ရေးသားသည်။

    ဆရာသည် စာပေရေးသာခြင်းဖြင့် အစ္စလာမ်အသိအမြင် အတွေးအခေါ်ကို ဖြန့်ဖြူးသကဲ့သို့ နိုင်ငံကျော်တောင်တွင်း ဆရာတော် ရှင်ဥက္ကဋ္ဌ၊ စာရေးဆရာကြီး ရွှေဥဒေါင်း စသည့် ပုဂ္ဂိုလ်ကြီးများနှင့် ဘာသာရေး ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဆရာ၏ အစ္စလာမ် သာသနာဘက်မှရပ်တည် ဆွေးနွေးတင်ပြချက်များမှာ အထူးလေးစားဖွယ် ဂုဏ်ယူဖွယ်ဖြစ်သည်ဟု သိရသည်။

    ဆရာ၏စာပေလက်ရာ အချို့လေ့လာနိုင်ရန် ဦးစွာအနုမြူ စာစောင်မှ ကဗျာကိုစ၍ ကောက်နုတ် တင်ပြပါသည်။

    ကျမ်းထိုထို ကို နွမ်းမငြို ကျင့်သုံးတော့လေး
    –    မွတ်စလင်မ် အောက်မကျအောင်ပ
    ထောက်ဆဘို့ လမ်းထွင်
    ပေါက်ကရအရမ်းယှဉ်လျှင်
    စန်းမလွင် ဂုဏ်မဲ့။
    –    အလ္လာဟ် နှင့် ရစူရှင်ကို
    မဖူးမြင် မေ့ကြပြန်ခဲ့။
    –    ကိုယ်ကျင့်ပျက်နည်းမမှန်
    ကုရ်အာန်ဖယ်ခဲ့။
    –    စာအမှန် မဆွယ်တဲ့ပြီဘူ့
    တကယ်ကွဲ့ မှားရှာ၊
    ကိုယ်ထင်ရာ ကိုယ်မှီးလို့
    ဟဒီးဆ်ကြီးပေးခဲ့လေတာ။
    –    တရားပျက်ခမျာမှာ
    အလ္လာဟ်သာဖက်ပါတော့၊
    တစ်သက်နှင့် ဤတစ်ကိုယ်
    မြဲတွတ်တွတ်ဆို
    မလွဲချွတ် ကျမ်းထိုထိုကို
    နွမ်းမငြို ကျင့်သုံးတော့လေး။    ။

        ဆရာသည် ပညာပြည့်ဝသည်။ အစ္စလာမ်သာသနာဘက်မှ ရပ်တည်ချေပရန် အမြဲအဆင်သင့်ဖြစ် နေ သည်။ ကမ္ဘာနှင့်အ၀ှန်း ကွန်မြူနစ် တို့ တန်ခိုးထွားစဉ်က ကွန်မြူနစ်တို့က ဘာသာရေးသမားများကို စော်ကားသည်။ ရှုတ်ချသည်။ ဖိနှိပ်သည်။ ချုပ်ချယ်သည်။ အန္တရာယ်ပြုသည်။ ကွန်မြူနစ်တို့ မဟုတ်မလျား စွပ်စွဲချက်များကို ကြားရ၊ဖတ်ရသော ဆရာက အမှန်ကို ထင်ရှားအောင် တုန့်ပြန်ဖြေကြားပေးသည်။ ချက်ချလက်ကျ ခိုင်ခိုင်မာမာ ရေးသား ဖြေရှင်းသည်။ အနုမြူ စာစောင်တွင် ကွန်မြူနစ်တို့ စွပ်စွဲချက်ကို အစ္စလာမ်ဘာသာက ဖြေရှင်းခေါင်းစဉ်ဖြင့် စွပ်စွဲချက် ၃-ရပ်ကို ပျက်ပြယ်အောင်ရေးခဲ့သည်။ ဆရာသည် ဇာတိမာန် ထက်သန်သော ပညာရှင်ကြီးဖြစ်သည်။

    ၁၉၅၁-ခုနှစ်တွင် ဆရာကြီးဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် စာအုပ်ထွက်လာသည်။ သမိုင်း ဘာသာရပ်အတွက် ပြဋ္ဌာန်းသည့် ကျောင်းသုံးစာအုပ်ဖြစ်သည်။ လောကီထုပ္ပတ် လူတို့ဇာတ်၊ အခန်း ၁၀ အစ္စလာမ် ဘာသာကဏ္ဍကို ဆရာက တည်းဖြတ် သုတ်သင်ပေးရသည်။ အစ္စလာမ်ဘာသာ ထွန်းကားပျံ့နှံ့လာပုံ၊ အနုပညာ၊ ဗိသုကာ ပညာတိုးတက်လာပုံ၊ စာပေယဉ်ကျေးမှုများ ထွန်းကားလာပုံတို့ စုံလင်စွာ  ပါရှိသည်။ အမည်နာမ အခေါ်အဝေါ် အယူအဆ၊ အစစတွင် စနစ်တကျ ရှိလှသည်။ ကျမ်းပြုသူ ဆရာကြီးဦးစံထွားက အခန်း ၁၀ အဆုံးတွင် –

    “အနုမြူအပတ်စဉ် အယ်ဒီတာချုပ် ဦးဘရှီး အောင်ကျော် က သာသနာရေးအစွန်းအငြိ အမှားအယွင်း ကင်းစင်ရလေ အောင်၊ ပြန်လည်သုတ်သင်ပေးသဖြင့်ကျေးဇူးတင်ရှိပါကြောင်း”

    ဟု မှတ်တမ်းတင် ဖော်ပြထားသည်။ အစိုးရကျောင်း သုံးစာအုပ်ဖြစ်သဖြင့် ဆရာ့ကျေးဇူးပြုမှုသည် မြန်မာ ကျောင်းသား လူငယ်များ မှန်ကန်သော အသိအမြင်ရရှိရေး၊ ဘာသာအချင်းချင်း အပြန်အလှန် နားလည်လေးစား ချစ်ကြည်ရေးအတွက်များစွာ အထောက်အကူပြုခဲ့သည်ဟု ဆိုနိုင်သည်။

    ဆရာ၏ခေတ်အမြင် ခေတ်အတွေး ထင်ဟပ်သည့် ဆောင်းပါးများကို ထုတ်နုတ်တင်ပြပါမည်။  ၁၉၅၂-ခုနှစ် ထုတ်ဝေသည့် ရန်ကုန် တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်း နှစ်လည် မဂ္ဂဇင်းတွင် ဆရာရေးသားသည့် အမှားနှင့်အမှန် ဆောင်းပါးပါရှိသည်။ ဆောင်းပါးတွင် အမှားနှင့်အမှန်၊ အဆိုးနှင့်အကောင်း ပေါ်ပေါက်လာပုံ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ဖြစ်ရန်လိုပုံကို ဦးစွာတင်ပြသည်။ ပြီးမှ သုံးစားခွင့်ပေးသည့် သတ္တ၀ါ၊ တားမြစ်သည့် အသား၊ မစားရသည့် အသေသားတို့ကို ရှင်းပြသည်။ ရုပ်နာမ်နှစ်ပါးလုံး အတွက် ဘေးမဖြစ်စေရန် အစ္စလာမ်က ညွှန်းထားသဖြင့် သဘာဝနှင့်ကိုက်ညီသည်။ မွတ်စလင်မ်များက အစစ်အမှန်တရားဟု လိုက်နာကြခြင်းဖြစ်ကြောင်း တင်ပြသည်။

    ထိုမဂ္ဂဇင်းတွင်ပင် အင်္ဂလိပ်စာကဏ္ဍ‘ The  Holy  Prophet’s  Birthday  Celebration ဆောင်းပါး ပါရှိသည်။ ရန်ကုန် တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်မွတ်စလင်မ် ကျောင်းသူကျောင်းသားများအား မိန့်ကြားသည့် မိန့်ခွန်းကို တင်ပြခြင်းဖြစ်သည်။ ၁၉၅၂-ခု နိုဝင်ဘာ ၂၈-ရက် သောကြာနေ့တွင် ရန်ကုန်တက္ကသိုလ်ခန်းမ၌ ၁၄၂၄-ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့်အခမ်းအနား၌ ဆရာ မိန့်ကြားသည့် မိန့်ခွန်းကို ပြန်လည် ရေးသားတင်ပြခြင်းဖြစ်သည်။

    တမန်တော်နှင့် ပတ်သက်၍၊ ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်၍၊ အစ္စလာမ်သာသနာနှင့် ပတ်သက်၍ စွပ်စွဲချက်များကို ကမ္ဘာ ကျော်သမိုင်းပညာရှင်ကြီးများ၊ သိပ္ပံပညာရှင်ကြီးများ၊ အတွေးအခေါ် ပညာကျော်များ၏ အဆိုအမိန့်များကို ကိုးကားပြီး ဆရာက ဖြေရှင်းပြထားသည်။ တမန်တော်နှင့်ပတ်သက်၍ Bosworth  Smith, Stanleyy Lane -Pole, Thomas Carlyle  ဟူသည့် ပုဂ္ဂိုလ်ကျော်တို့၏ အဆိုအမိန့်များကို ကိုးကားပြသည်။

    ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်၍ Rod Well, Major. A.G Leonard, Rev.G. Margoliouth, Deytsch, J.W. H Stobart, Tlrum Rlrao Rao Raopole, B.A, LL.B, S. Colo Sio  ဟူသည့်ပုဂ္ဂိုလ်ကျော်များ၏ အဆိုအမိန့်များကို အထောက်အထားပြသည်။

    အစ္စလာမ်သာသနာနှင့်ပတ်သက်၍ M’ajor Arthur Glyn Leonard, Bernard Shaw, Sir Radkris Hanan, M.N, Roy, Prof Snouck Hurgonje E.E Ellet, Briffault, Declay O’leary, D.D, Professor WamDey, B.A, Editor, Satupdesh Lahore, Sir P.C Roy, Munshi Prem Chand, M.A, Lawton, Gobineau, Hon’ble Sir Chhotu Wam B.A LL.B, M.L.A, Marmaduke Picktal  ဟူသည့် ပုဂ္ဂိုလ်ကျော်များ၏ အဆိုအမိန့်များကို ညွှန်းဆိုသည်။

    ဆရာသည် စာဖတ်နာသဖြင့် ကမ္ဘာ့သုတကြွယ်သူဖြစ်သည်။ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ အဆိုအမိန့်များကို ကိုးကား၍ စွဲချက်ကိုခိုင်လုံစွာ ချေဖျက်ထားသည်။ ဆရာ၏ ဆောင်းပါးတိုင်းလိုလိုသည် တရားခွင် လျှောက်လဲချက်များပမာ ချက်ကျလက်ကျရှိသည်။ ခိုင်လုံတိကျသည်။ မွတ်စလင်မ်တို့အတွက် အထူးအားထား ထိုက်သည့် ရှေ့နေ ကောင်းကြီး တစ်ဦးပမာ ဖြစ်သည်။

    ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်အသင်းမဂ္ဂဇင်း (၁၉၅၅-၅၄)လာ တမန်တော် မိုဟမ္မဒ်သခင်မွေးနေ့ ဆောင်းပါးတွင် အာရဗ်၌ အဘယ်ကြောင့် ကရုဏာတော်ရှင် တမန်တော်သခင်ပွင့် ပေါ်တော်မူရခြင်း အကြောင်းကို –

    “အလ္လာဟ်အရှင်မြတ်သည် တမန်တော် မုဟမ္မဒ်သခင်ကို ထိုအချိန်ထိုအခါက အရဗ် လူမျိုးများတွင်ပွင့်တော်မူစေခြင်း မှာ ကမ္ဘာပေါ်တွင် အရဗ်လူမျိုးများ အဆိုးဝါးဆုံး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်၏။ အကယ်၍ တရုပ်လူမျိုးများက ပို၍ဆိုးသွမ်း ညစ်ညမ်းပါမူ ထိုဆိုးသွမ်း ညစ်ညမ်းသော လူမျိုးများတွင်ပင် အလ္လာဟ်အသျှင်မြတ်သည် တမန်တော် မုဟမ္မဒ်သခင်အား ပွင့်တော်မူစေမည်ကာ ယုံမှားသံသယမရှိ သင့်ပြီ”

    ဟူ၍ မိမိအမြင် မိမိအဆင်အခြင်ကို ရှင်းလင်း စွာ ဖော်ပြသည်။ ရာဇ၀င်တွင် မကြုံဖူးအောင် မိုက်တွင်းနက်ခဲ့သူများ သူတို့ခေတ်သူတို့အခါက မည်သူကမျှ မပြုပြင် မပြောင်းလဲပေးနိုင်ခဲ့။ တရားစစ်တရားမှန်ကို ဟောပြောဆုံးမ၍ ကိုယ်ကျင့်တရား ပြောင်းလဲပစ်ရန် တမန်တော်ကြီးက ကြိုးပမ်းခဲ့သည်။ အတိဒုက္ခအမျိုးမျိုး ကြုံခဲ့ပြီးမှ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့သည်။ ဆောင်းပါးနိဂုံးတွင် –

    “တမန်တော်မုဟမ္မဒ် မပွင့်မီက အခြေဆိုးအနေဆိုးဖြစ်နေသော အရဗ်လူမျိုးတို့ကို ငြိမ်းချမ်းရေးရစေသော လမ်းစဉ်ဖြင့် ယခုအခါ ငြိမ်းချမ်းရေး အလိုရှိသော ကမ္ဘာသူကမ္ဘာသားတို့အား ငြိမ်းချမ်းရေးရစေရန် တမန်တော် မုဟမ္မဒ်သခင်၏ အတ္ထုပ္ပတ္တိနှင့် ကိုယ်တော်မြတ်လမ်းစဉ်ကို လူမျိုးမရွေး ဘာသာမရွေး ဤတမန်တော်သခင် မွေးနေ့ကို အကြောင်းပြု၍ လေ့လာမှတ်သား ကျင့်ဆောင်ပြီးလျှင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ပန်းတိုင်သို့အရောက် ချီတက်ကြရန် လေးနက်စွာ မေတ္တာရပ်ခံလိုက်ရပေသတည်း”

    ဟု ယခုအချိန်အခါသည် တမန်တော်ကြီး၏လမ်းစဉ်ကို ဖ၀ါးခြေထပ် လိုက်နာခြင်း ပြုမှသာ ကမ္ဘာသူကမ္ဘာသားတို့ လိုလားတောင့်တသော ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ကျူးထားသည်။

    ဆရာသည် တက္ကသိုလ်မွတ်စလင်မ်အသင်း မဂ္ဂဇင်း(၁၉၆၃-၆၄) တွင် “ကျွန်ုပ်တို့ဖြစ်အင် ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသည်။ ထို ဆောင်းပါးတွင် အစ္စလာမ်၏အဓိပ္ပာယ်ကို လူသားဟူသရွေ့ လိုက်နာ ကျင့်သုံးရမည့် ဘာသာ(၀ါ) ကိုယ်ကာယကြံ့ခိုင်ဆောက်တည်ရေး၊ ကျင့်ဝတ်တရား ဆောက်တည်ရေး၊ ၀ိညာဉ်သဘော ဆောက်တည်ရေး ဟူသော လူ့ လောကတွင် ဆောက်တည်ရမည့် အရေးကြီးသုံးရေးကို အစ္စလာမ်ဟု အလ္လာဟ်အရှင် မြတ်က အရဗီဘာသာနှင့် အမည်ပေးထားသည်။ အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်အား လုံးဝပုံအပ်ထားသော ဘာသာ သို့မဟုတ် ငြိမ်းချမ်းရေး လိုက်နာသော ဘာသာဖြစ်လေသည်” ဟူ၍ ဖွင့်ရှင်းပြထားသည်။ အသိအမြင်သစ် ကို ရရှိစေနိုင်သည့် ဖွင့်ဆိုချက်ဖြစ်သည်။

    ဆက်လက်၍ ကုရ်အာန်ကျမ်းတော်လာ တရားဒေသနာများကို စောင့်ထိန်းပြီး တမန်တော်မြတ်၏ သြ၀ါဒတော်များကို လိုက်နာလျက် ဆင်ခြင်တုံတရားကို အသုံးပြုခဲ့၍သာ ကမ္ဘာတွင် လူချွန်လူမွန်များ ဖြစ်လာ သည်။ ဤသည်ကို သာဓကနှင့်ယှဉ်၍-

    “ဤဗျာဒိတ်တော်များနှင့် တမန်တော်မြတ်၏ မိန့်ခွန်း သြ၀ါဒတော်များအရ အရဗ် လူမျိုးများသည် အနိမ့်ဆုံးဘ၀မှ အမြင့်ဆုံးသို့ ရောက်ရှိရန် အားသွန်ခွန်စိုက်ကြိုးစားကာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ သိပ္ပံ၊ တက္ကသိုလ်စသော ကျောင်းမြောက်မြားစွာကို ဖွင့်လှစ်ကာ တရားစီရင်ရေး ပညာ၊ ရာဇ၀င်နှင့် ပေါင်းသင်း ဆက်ဆံရေးပညာ၊ ပထ၀ီပညာ၊ နက္ခတ်တာရာ အတတ်ပညာ၊ သင်္ချာပညာ၊ ဂီတပညာ၊ ဓာတု ဗေဒပညာ၊ ရူပဗေဒပညာ၊ သဘာဝ ရာဇ၀င်နှင့် ဆေးအတတ် ပညာ စသော ပညာရပ်များကို လေ့လာသူက လေ့လာ၊ သင်ကြား သူက သင်ကြား၊ ရှာဖွေ စုဆောင်းသူက စုဆောင်းကြသဖြင့်  တစ်နေ့တစ်ခြား တိုးတက်ကာ ကမ္ဘာပေါ်တွင် လူဇော်လူမော်များ ဖြစ်လာကြလေသည်။ ဟာရွန်ရရှစ် ဘုရင် လက်ထက်တော်၌၀ယ် ကျွန်အမျိုးသမီး ပင်လျှင် ဖော်ပြပါပညာရပ်များကို အမျိုးသား ပညာရှိများနှင့် ပြိုင်နိုင်ကြလေသည်”

    ဟု အားကျဖွယ် ထုတ်ဖော်သည်။ လူဇော်လူမော်များ ဖြစ်လာနိုင်ပါလျက် ယမန်ခေတ်များနှင့် မယှဉ်နိုင်၊ ယနေ့ခေတ် မတိုးတက်နိုင်သည့် ဘ၀ကို ဆရာကြီးက ဆင်ခြင်သည်။ သုံးသပ်သည်။ အဖြေရှာသည်။ မထောက်မညှာ တင်ပြသည်။ ဆရာက-

    “ယခုခေတ် မွတ်စလင်မ်တို့သည် ထိုခေတ် က အလ္လာဟ်၊ ထိုခေတ်က ကုရ်အာန်၊ ထိုခေတ်က ပိုင်ဂံဘရ် နှင့် ထိုခေတ် က ကလီမာများကို ရထားကြသည်မဟုတ်ပါလော။ ဤမည်သော လူမျိုး၏ တိုးတက်မှု ဖြစ်စေသော လက်နက်ကိရိယာများ ရှိနေပါလျက် ထိုခေတ်ထဲသို့ မတိုးတက်ခြင်းကို ယခုခေတ် မွတ်စလင်မ်တိုင်း အသိပင် မဟုတ်ပါလော။ ဤသို့ မတိုးတက်ရခြင်း အကြောင်းရင်းကိုလည်း မွတ်စလင်မ် အနည်းအများဆိုသလို ကမ္ဘာတစ်ဝန်း လုံးတွင် သိပြီးဖြစ်ပါသည်။ မွတ်စလင်မ် အများမှာမူ သိပင်သိလင့်ကစား မရေးဝံ့မပြောဝံ့ မဟောဝံ့သည်မှာ အဘယ်ကြောင့်နည်းဆိုမူ ထိုမွတ်စလင်မ် များသည် မော်လ၀ီ၊ မော်လာနာ၊ မွဖ်သီများကို ဘုန်းကြီး သဖွယ် ကိုးကွယ်နေခြင်းကြောင့်ပေသည်”

    ဟု ရဲဝံ့ပြတ်သားစွာ ဖော်ပြသည်။ ဆောင်းပါးနိဂုံးတွင် ခေတ်သစ်တူရကီ နှင့် ပါကစ္စတန်နိုင်ငံများကို သာဓကဆောင်ပြီး မလိုလားအပ်သည့် ၀ါဒ များကို တော်လှန်ရန်လှုံ့ဆော်သည်။ စာရှုသူများ လတ်တလောအရေး အခင်းများကို မျက်ကွယ် မပြုသင့်ကြောင်း အသိရှိရန် –

    “ကျွန်ုပ်တို့ ဗမာမွတ်စလင်များသည် ဤတော်လှန်ရေး ခေတ်ကို သတိမမူဘဲ စာအုပ်ဟောင်းကြီး အတိုင်း ခရီးသွားနေ သင့် မနေသင့်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားကြပါရန် အကြောင်းအားလျော်စွာ တင်ပြလိုက်ပါသည်”

    ဟု ဆောင်းပါးတွင် ရှင်းလင်းပြတ်သားစွာဖော်ပြသည်။ မှန်သည်ဟုထင်လျှင် ပွင့်ပွင့်လင်းလင်း ပြောတတ်၊ ဟောတတ်၊ ရေးတတ်သည်မှာ ဆရာ၏ ပင်ကိုစရိုက်ဖြစ်သည်။

    ဆရာသည် သိပ္ပံပညာရပ်ကို ပို့ချသော သိပ္ပံဆရာတစ်ဦး ဖြစ်သည်။ သဘောတရားရော လက်တွေ့နယ် ပယ်၌ပါ ကျွမ်းသည်။ အစ္စလာမ်နှင့် လောက ဓာတ်ပညာကို မြန်မာမွတ်စလင် ပရိသတ်နှင့် ဦးစွာမိတ်ဆက်ပေး သူတစ်ဦး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မွတ်စလင်မ် အသင်းထုတ် ခေတ်ကြေးမြင်မဂ္ဂဇင်း  (၁၉၅၉-၆၀)လာ ကမ္ဘာ့ယဉ်ကျေးမှုတွင် အစ္စလာမ်ဘာသာ၏ ကျေးဇူုးပြုချက်များ ဆောင်းပါးတွင် ဖော်ပြသော အချက်အလက်များ သည် တိကျသည်။ ဂုဏ်ယူဖွယ် အတိသာဖြစ်သည်။

    ၁၉၆၈-ခု မတ်လထုတ် ဗိုလ်တထောင် သတင်းစာတွင် ဆရာရေးသည့် အနစ်နာခံပွဲတော်ဟူသော ဆောင်းပါး ပါရှိသည်။ ထို့နေ့သည် အီဒွလ်အသ်သွဟာနေ့ ဖြစ်သည်။

    ဆရာသည်က ဤအီဒွလ်အသ်သွဟာပွဲတော်သည် အနစ်နာခံ ပွဲတော်ဖြစ်သည်။ တမန်တော်အီဘရာဟင် ပြုလုပ်ခဲ့သော သားစွန့် မယားစွန့် လုပ်ငန်းသာလျှင် ကြီးသောအနစ်နာခံခြင်း ဖြစ်တန်ရာသည်။ သားကောင် သတ်ရခြင်းမှာ ကုရ်အာန် ၂၂း၃၆-၃၇ အရ ဖြစ်သည်ဟု အကိုးအကား ဖော်ပြသည်။

    ဤဗျာဒိတ်တော်များအရ လူသားသည် ၎င်းအား မွေးမြူဖန်ဆင်း တော်မူသော အလ္လာဟ်အရှင်မြတ်အား မည်မျှကျိုးနွံ့ ရမည်ကိုလည်းကောင်း၊ တိရစ္ဆာန်သည် လူသားများ၏ အသုံးအဆောင်သာဖြစ်၍ ၎င်းတို့ အမြတ်တနိုး ကိုးကွယ်ရန် မဟုတ်ကြောင်းကိုလည်းကောင်း၊ ထို့အပြင် တိရစ္ဆာန်ကို သတ်၍သေသွားသကဲ့သို့ မိမိအတွင်းတိရစ္ဆာန် များဖြစ်သည့် လောဘ ဒေါသ မောဟတို့ကိုလည်းကောင်း သေအောင်သတ်ရမည် ဟူသည်ကိုလည်းကောင်း၊ လူသည် ယဇ်နတ်ပူဇော်ခြင်း ဆိတ်သုဉ်းသွားပြီ ကိုလည်းကောင်း၊ ဤသားကောင် သတ်ခြင်းမှရရှိသော သင်ခန်းစာ များကို မိမိဘ၀ သက်တမ်းတစ်လျောက်လုံး ကျင့်စဉ်အနေဖြင့် ကျင့်သုံးသွားရန် ဖြစ်သည်ဟု ကုရ်ဘာနီ၏ အဓိပ္ပာယ်နှင့်အနှစ်သာရကို မိမိအမြင် မိမိ အယူအဆဖြင့် တင်ပြခဲ့သည်။

    ဆက်လက်၍ ဘာသာပြန်လက်ရာစာအုပ်တစ်အုပ်ကိုလည်း တင်ပြပါမည်။ ဘာသာဓမ္မသာသနာတော် ဖြစ်သော အစ္စလာမ်ဘာသာ စာအုပ်ဖြစ်သည်။ အဆိုပါစာအုပ်သည်-

    မောင်လာနာမုဟမ္မဒ်အလီ အဲမ်အေ၊ အယ်လ်၊ အယ်ဘီ၏ အင်္ဂလိပ် ဘာသာဖြင့် ပြုစုစီရင်သော Islam’  the  Religion  of  humanity ကို ပြန်ဆိုခြင်းဖြစ်သည်။

    နိဒါန်းတွင် လူမျိုးနှင့် ဘာသာခွဲခြားနားမလည်သဖြင့် အစ္စလာမ် ဘာသာဝင်တို့အား အထင်အမြင်မှား အခေါ်အဝေါ်မှားနေကြသည်။ မြန်မာပြည်သို့ နှစ်ပေါင်း ၁၀၀၀ လောက် စတင် ပြန့်ပွားလာသော်လည်း ဤဘာသာ၏ အခြေခံတရားများကိုပင် မသိနားမလည်ကြသေး။ မြန်မာ ဘာသာရေးကျမ်းများ မရှိ၍ လည်းကောင်း၊ မြန်မာ ဘာသာဖြင့် ဟောကြားခြင်း မရှိ၍ လည်းကောင်း၊ ဘာသာခြားမိတ်ဆွေများအား နားလည်အောင် မပြော ဟောနိုင်ခြင်းကြောင့်လည်းကောင်းဖြစ်သည်။ ဤချွတ်ယွင်းချက်များကို ပြုပြင်ရန် မြန်မာမွတ်စလင်များ၏ တာဝန်ဖြစ်သည်ဟု ဘာသာပြန် ဆိုရခြင်း၏ အကြောင်းခံများကို ဘာသာပြန်သူကရှင်းပြသည်။ ရိုးရှင်းပြေပြစ် လွယ်ကူ၊ ချောမွေ့သော စကား ပြေဖြင့် အောက်ပါခေါင်းစဉ်များအတိုင်း တင်ပြထားသည်။

    သဘာဝဓမ္မသည်ကား အစ္စလာမ်တည်း။
    –    အစ္စလာမ်၏ အဓိပ္ပာယ်
    –    အစ္စလာမ်ဘာသာ၏ ၀ိသေသသီးခြား ထင်ရှားသော ဂုဏ်အင်္ဂါ
    –    ရာဇ၀င်သမိုင်း ၀င်ဘာသာ
    –    အစ္စလာမ်ဘာသာ၏ အခြေခံ တရားများ
    –    အစ္စလာမ်ဘာသာတွင် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်း
    –    တစ်ပါးတည်းသော အလ္လာဟ်
    –    အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်
    –    တမလွန်ဘ၀၊ တမလွန်ဘ၀သည် ယခုဘ၀၏ အဆက်မျှသာဖြစ်သည်။
    –    ကောင်းကင်တမန် သက်ဝင်ယုံကြည်ခြင်းနှင့် ဆက်သွယ်ပုံ လုပ်ငန်း ၏ အခြေခံများ
    –    နမာဇ်ဝတ်ပြုခြင်း
    –    သီလ ဆောက်တည်ခြင်း (ရိုဇာစောင့်ထိန်းခြင်း)
    –    ဟဂ်ျပြုခြင်း (မက္ကာမြို့တော်သို့ရ ဖူးမြော်သွားခြင်း)
    –    ပုထုဇဉ်လူသားအချင်းချင်း အလုပ်အကျွေးပြုခြင်း
    –    အစၥလာမ္ဘာသာ ကလ်ာဏယု၀
    –     အမိန့်အာဏာကို ရိုသေလေးစားခြင်း
    –    ဒါနပြုခြင်း
    –    အကျင့်စာရိတ္တ ညွှန်ကြားခြင်း၏ အကျယ်အ၀န်း ဟူ၍ ပါရှိသည်။

    ဆရာသည် နက်နက်နဲနဲ တွေးသည်။ နှိုက်နှိုက်ချွတ်ချွတ် တွေးသည်။ ဆရာ၏အတွေးများကို လူသာမန်တို့ လိုက်မမီနိုင်။ ထူးခြားသည်မှာ ဆရာ့အတွေးအမြင်များကို စာရှုသူတို့ သိရှိနားလည် လက်ခံနိုင်အောင် ရှင်းလင်းစွာ ရေးပြနိုင်ခြင်းဖြစ်သည်။ သာဓကအဖြစ် အစ္စလာမ်ဓမ္မဗိမာန် ၃၃ နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်လာ ဆရာ့ဆောင်းပါးကို လေ့လာနိုင် ပါသည်။ ဆောင်းပါးခေါင်းစဉ်မှာ အလ္လာဟ်အရှင်မြတ်ရှိခြင်း (၀ါ) သောင် ဟိဒ်သဘောတရားဖြစ်သည်။ ဆရာက မိမိအတွေး အမြင်သစ်များကို သိပ္ပံနည်းကျစွာ ရဲဝံ့စွာတင်ပြထား သည်။ ဆရာသည် ဘာသာရေးလည်း ကျွမ်းသည်။ သိပ္ပံပညာလည်း နှံ့စပ်သည်။ အတွေးလည်း ထက်သည်။ အရေးလည်း သွက်သည်။ ဆောင်းပါးကို ကျမ်းတစ်စောင် တစ်ဖွဲ့ပမာ ခိုင်ခိုင်မာမာ တင်ပြထားသည်။ ဆရာသည် အတွေးအခေါ် ထက်မြက်သဖြင့် ဆွေးနွေးဘက်များကို အမြဲစိန်ခေါ်နိုင်သည့် ပါရမီရှင် ဖြစ်သည်။ ဆရာယုံကြည်စွဲ ကိုင်သော ဆောင်ပုဒ်မှာ “မှန်ကန်ခြင်း အပေါ်တွင် ငါတို့၏ ယုံကြည်မှုနှင့် သစ္စာရှိမှုသည်တုန်လှုပ်မည် မဟုတ်” ဟူသော ဆောင်ပုဒ်ဖြစ်သည်။

    ဆရာသည် အစ္စလာမ်ဘာသာ၏ တမန်တော်မုဟမ္မဒ် သခင် ခေါင်းစဉ်ဖြင့်လည်း ရေးသားထုတ်ဝေခဲ့ဖူး ကြောင်း ဗဟိုစာကြည့်တိုက် မှတ်တမ်းအရ သိရသည်။

    လေးနက်သည့် အယူအဆသစ် အတွေးအခေါ်သစ်များဖြင့် ကျော်ကြားသော ဆရာသည် အသက်ရှစ်ဆယ်ပြည့် ၁၉၇၉-ခု သြဂုတ်လ ၁ ရက်နေ့ ရမ်ဇာန်လအတွင်း အလ္လာဟ်အရှင့်အမိန့် ခံယူခဲ့သည်။

    ငြိမ်းချမ်းရေးဝါဒညီရင်းအစ်ကို ချစ်ကြည်ရေးအစည်းအရုံး ခေါင်းဆောင်ဆရာကြီးသည် မိမိ၏တပည့်များ အား –

    “ပစ္စုပ္ပန် သံသရာ၊ ဒွန္နရာ၊ အာခေရတ်၊ နှစ်ရပ်ဘ၀၊ နှစ်ဌာန၌၊ ကောင်းမြတ်ချမ်းသာ၊ မင်္ဂလာ ဘရ်ကတ်နှင့် ပြည့်စုံကြ၍၊ နောင် တမလွန်၊ ဘ၀ပြောင်းရသည့် အခါ ချမ်းသာစွာဖြင့် ဂျန္နသ်သုခဘုံဝင် စံမြန်းနိုင်သည့်ကိုယ် ဖြစ်ရပါလို၏”

    ဟူသော ဆုပဏ္ဏာဒိုအာကို ညွှန်းဆိုပြခဲ့သည်။ တပည့်များကလည်း ယနေ့တိုင် မမေ့နိုင်ဘဲ ဆရာကြီးညွှန်းဆိုခဲ့သည့် ဆုဒိုအာကို ကိုယ်တိုင်လည်း လိုက်နာတောင်းဆို၊ အများသူငါအတွက်လည်း ဖြန့်ဝေလျက် ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။       ။

    ** ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။

  • စွယ်စုံအနုပညာရှင် ရတနာပုံ မောင်စု

    စွယ်စုံအနုပညာရှင် ရတနာပုံ မောင်စု

    ဇူလိုင် ၃၀၊ ၂၀၁၄
    M-Media

    ya-dar-pone-mgmgsu

    ဆရာမောင်စုကို မန္တလေးမြို့ ၂၆ ဘီလမ်း ချမ်းအေးသာဇံ အလယ်ရပ်၌ အဘ ဦးသာဒွန်း၊ အမိ ဒေါ်ကြည်တို့မှ ၁၉၀၁ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်း ၄-ဦးအနက် အထွေးဆုံး သားဖြစ်သည်။ မန္တလေးသား ဖြစ်၍ ရတနာပုံ မောင်စုဟူသော အမည်ကိုသာသုံးသည်။

    မိခင် ဒေါ်ကြည်သည် မန္တလေးမြို့ (အနောက်ပြင်) ချမ်းအေးသာဇံ ၈၃လမ်း တိုက်တန်းရပ်နေ မုဟမ္မဒီယာ အာရဗီသိပ္ပံကျောင်းနှင့် အိုးတော် ဗလီဒါယကာ၊ မြူနီစပယ် ကော်မတီလူကြီး၊ ပတ္တမြားကျောက်ကုန် သည် ဦးဘိုးသက်၏နှမဖြစ်သည်။

    ဆရာသည် ငယ်စဉ်က မန္တလေးမြို့ ၀က်စလီကျောင်းတွင် အထက်တန်းပညာရပ်များကို သင်ယူခဲ့ပြီး ၂၆ ဘီလမ်း ကြိုးမဲ့ ကြေးနန်းရုံးတွင် အလုပ်ဝင်ခဲ့သည်။

    ဆရာစုသည် မိခင်ဒေါ်ကြည်၏ ညီမ ဘင်္ဂလားဆေးပြင်းလိပ် ကုန်သည် ဒေါ်ရီ၏သမီး မငြိမ်းနှင့် လက်ထပ်ခဲ့သည်။ ဆရာသည် ဂီတနှင့်သာ မွေ့လျော်ပြီး အပေါင်းအသင်းခင်မင်သည်။ ကြာသော် အိမ်ထောင် ရေးတွင် ထိခိုက်လာသည်။ သဘောထားချင်း မတိုက်ဆိုင်ဖြစ်ကာ သားဦး အစ္စမာအိလ် ရရှိပြီးနောက် ခေတ္တ ခွဲခွာနေထိုင်ရာမှ နောင်တွင် ရန်ကုန်မြို့၌ အပြီးအပိုင် အခြေချကာ မိမိဝါသနာသန်ရာ ပန်းချီဂီတပညာနှင့် အသက်မွေး ၀မ်းကျောင်းပြုခဲ့သည်။

    ရန်ကုန်တွင် ဒေါ်မြင့်မြင့်နှင့်လက်ထပ်ရာ သမီးဒေါ်ရင်ရင်စု ဒေါ်ဖြူဖြူစု၊ သား ဦးသောင်းစု (သောင်းစု/သုတေသန)တို့ ဖွားမြင်သည်။

    ဆရာသည် စန္ဒယားနှင့်ဂီတာ တီးအလွန်ကျွမ်းကျင်သည်။ တေးဂီတနယ်တွင် မင်းသားကြီး ခင်မောင်ရင်နှင့် အတူ လှုပ်ရှားခဲ့သည်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုပြီး ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီတွင် ဓာတ်ပြား ၁၃ချပ်သွင်းခဲ့သည်။ အသံသွင်းခဲ့သော ဓာတ်ပြားအချို့မှာ –

    တစ်ရွာသား(၁၉၃၅)၊ နှစ်သွယ်စကြာ(၂၉၃၆)၊ လူပျိုစင်(၁၉၃၇)၊ ခါနွေဦး (၁၉၃၈)၊ ဂွဒ်နိုက်ဒါလင် (၁၉၃၈)၊ လောက ဤဘုံ(၁၉၃၈)၊ မောင်တို့ရွာ(၁၉၄၁)တို့ ဖြစ်သည်။ ဇာတိ ချက်ကြွေ၊ ညိုညိုလေး၊ မြတ်နိုးသူ တို့မှာ မန္တလေးအလွမ်းပြေဟု လူသိများ ကျော်ကြားသည်။

    ဆရာ၏ ဓာတ်ပြားတေးသီချင်းများကို ယခု ထက်တိုင် မြန်မာ့အသံမှ မကြာခဏ လွှင့်ထုတ်ပေးလျက် ရှိသည်။ တစ်ရွာသား၊ ခါနွေဦး၊ လူပျိုစင်၊ ဇာတိချက်ကြွေတို့မှာ မရိုးနိုင်သောတေးများဖြစ်သည်။ နိုင်ငံတော်မှ ကြီးမှူး ကျင်းပသော ၂၀၀၃-ခုနှစ် ဆိုကရေးတီးပြိုင်ပွဲ ဓမ္မတေးကဏ္ဍတွင် လောကဤလူ့ဘုံ တေးကို ပြိုင်ပွဲဝင် တေးအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

    ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော တေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးများ အတွဲ ၂-တွင် ရတနာပုံ မောင်စု၏ အတ္ထုပ္ပတ္တိ အကျဉ်းနှင့် ကိုယ်တိုင်ရေးဆိုသော တေးသီချင်းများဖော်ပြခဲ့သည်။

    ဆရာစုသည် တေးဂီတပညာရှင်ဖြစ်[ုံသာမက ပန်းချီပညာတွင်လည်း ထူးချွန်ပြောင်မြောက်သော ကြောင့် နိုင်ငံကျော် ကမ္ဘာသိ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ ဆရာစုသည် ထိုအခါက လမ်းပန်း အဆက်အသွယ် ခက်ခဲသည့် တောင်ပေါ်ဒေသများသို့ သွားရောက်ဎ တိုင်းရင်းသားဓလေ့ ယဉ်ကျေးမှုများကို ပန်းချီပညာနှင့် ရှေးဦးမှတ်တမ်းတင်နိုင်သူ ဖြစ်သည်။ ဆရာ့၏ လက်ရာ  Tribes  of  Burma ပန်းချီကားများကို ထိုစဉ်က နာမည်ကြီးသော စထရင်းဟိုတယ် (Strand  Hotel) က အများဆုံး ၀ယ်ယူအားပေးသည်။ အမျိုးသားပြတိုက် တွင်လည်းကောင်း၊ နိုင်ငံရပ်ခြား ပြတိုက်အချို့တွင်လည်းကောင်း ချိတ်ဆွဲပြသထားသည်။ စစ်ကြိုနှင့် စစ်ကြီး အပြီးတွင် ကုမ္ပဏီအဖွဲ့အစည်းများနှင့် အသင်း အဖွဲ့များက ပြက္ခဒိန် ထုတ် လုပ်ရာတွင် ဆရာစုကရေးဆွဲပေးရ သည်။ ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲ နွှဲစဉ်က စိန်ရတု ခန်းမဆောင်ပြခန်းတွင် ဖော်ပြပါတိုင်းရင်းသား ပန်းချီ ကားများ ခင်းကျင်းပြသထားသည်ကို တွေ့ရသည်။

    ဆရာသည် ရန်ကုန်မြို့ ၁၅၇-လမ်းတွင် အခြေချနေထိုင်ပြီး ၁၉၆၅-ခု အောက်တိုဘာလ ၁၇-ရက်နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့် တော်ခံယူသည်။ ဆရာ့ကို ကန်တော်ကလေး စွန္နီ မွတ်စလင်သင်္ချိုင်း တွင် မြုပ်နှံထားသည်။

    ဆရာကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် စာတမ်းရေးထိုးထားသော ပန်းချီကားများမှာ
    Padaung Man    –  Leiktho,  Toungoo  Dist
    Padaung  Roman  –  Leiktho,  Toungoo  Dist
    Kachin  Old  Man  –  Jan  Gyan,  N.S.S
    Kachin  Old  Roman  –  Jan  Gyan,  N.S.S
    Maingtha  Old  Man  –  Sinlumkaba,  Bhamo  Dist
    Maingtha  Old  Roman  –  Sinlumkaba,  Bhamo  Dist
    Shan  Chinese  Old  Man  –  Lashio,  N.S.S
    Shan  Chinese  Old  Roman  –  Nam  Kham,  Shan  State
    Hill  Karen  Man  –  Yado,  Toungoo  Dist
    Hill  Karen  Girl  –  Yado,  Toungoo  Dist
    Hkahku  Kachin  Man  –  Sumprabum  Division
    Hkahku  Kachin  Girl  –  Sumprabum  Division
    ကျား မ စုစုပေါင်း ၁၂ ပုံ ဖြစ်သည်။

    ဆရာစု ရေးဆိုတဲ့ ဂွတ်နိုက်ဒါလင်သီချင်း

    မပေါ်လည်းတ . . .ပေါ်လည်းတတဲ့ . . .သော်တာမင်းသွင် ချစ်စရာ ဖြူဖြူခင် . . .တစ်နေ၀င် မြင်ချင်နိုးနဲ့ . . .တစ်မိုးသောက်တွင် တွေ့စမ်းချင်တာ မောင့်စိတ်ထဲမှာပင် . . .တွေ့ပြီးရင်လည်း တွေ့ချင် . . . မြင်ပြီးရင်လည်းမြင်ချင် . . .ချစ်မ၀ သူတွင် . . . အိုင်အမ်(မ်) သင့်ကင်းအော့(ဖ်)ယူ ဆွိဟတ် . . .ဒါလင် . . .တစ် နေ့မမြင် တစ်နှစ်ပင် ထင်မိမယ်ခင် . . .

    ချစ်သူကို လွမ်းကာတလျှင် . . .လရောင်မှာ ပေါ်မယ်ထင့် . . . ညသန်းခေါင်မှာ မျှော်မယ်အစဉ် . . .တစ်ယောက်တည်းကွယ့် အမြဲ နေ့တိုင်းပဲ ယူ့ကိုသာ တွေ့မြင်ကြည်လင် အေးချမ်းရှာ . . .စန်းသော်တာ လွမ်းစရာ . . .စိတ်ကူးနဲ့သာ ရူးလိမ့်မယ် မောင်ထင် မြင်လှည့်ပါဦး မမုန်းနဲ့အပျိုစင် . . . . . .

    (အိုင် ဒီမှာ လမင်းနဲ့ မှာပြီခင် . . .ယူမိ(ထ်) မီးအင်သမွန်း မိုင်ဒါလင်)၂ . . . ချစ်ရေးမ၀ရင် မျက်စိလည် . . .ကြိုက်ရေး မ၀ရင် ခက်မိမယ် . . .နေ့တိုင်းတွေးလို့ ငေးရတယ . . .တွေ့အောင်ပြေကြွယ် ဖိုးလမင်းရယ် အောင်သွယ်ကြေး . . .ပေးပါ့ မယ်အရင် . . .
    (ပံသုသေလာမဟီ နှစ်သိန်းလေးသောင်း ဒုယှဉ် . . ခင်ထက် ပိုမယ်ထင် ချစ်သဒဓါကပင် . . ပမာဆောင် ပုံခင်း . . ချစ်ခြင်း မတူဘူးထင်)၂
    (မိုင်ဒါလင် . . .ယူ့ကို နေ့တိုင်းမြင် . . .၀ီ(လ်)ယူဘီ . . .ကွင်း အော့(ဖ်)မိုင်ဒရင်း(မ်) )၂ . . . လေပြည်သွေးရင် မွေးတယ်လို့ မောင်ထင်  . . . ချစ်တဲ့သူ ယူ့ဆီကပင် . . . . . .
    နှုတ်ဆက်ကာ မေးလိုက်ရင် . . .မေတ္တာကုန်စင်ပုံမလားခင် ရုတ်တရက်သာ ထွေးပိုက်ချင် . . .အချစ်ကိုယုံကာ . . .ပုံမလာခင် . ..  (ရတနာပုံ ကဗျာဆင် . . .စိတ်ဝယ်မှန်းကာ လွမ်းပါရ အင်)၂ ဂီတာတီးကာပင် . . .အိုင် ၀စ်(ရှ်)ယူခင် ဂွတ်နိုက်ဒါလင် . . .၎
    (နန်းငွေယုဂန် . . .စန်းသော်တာတွင် . . .လပ်ဗလီးဆွိတီး . . . ၅ မှန်းမှော်ပါ အစဉ်)၂ စိတ်ထင်သလို နှစ်ယောက်တည်း ယှဉ်လျက် ပင် . . .အိုင်ဝစ်(ရှ်)ယူခင် စက်ရာဘေး အစ်ကိုမြင် . . .မျက်နှာကလေး မချိုမချဉ် ဂွတ်နိုက်ဒါလင် . . .

    1.    I  am  thinking  of  you,  sweetheart  darling
    2.    You  meet  me  in  the  moon  my  darling
    3.    Will  you  be  Ssueen  of  my  dream?
    4.    I  wish  you  Khin,  good  night,  darling
    5.    Lovely  sweety

    ဆိုကရေးတီးပြိုင်ပွဲဝင်ဓမ္မတေး လောကလူ့ဘုံ

    စံပယ်လေး … ရုံ … အပွင့်တွေမှာကုန် … အငုံသော် ကျန်ပါသေးရဲ့ တစ်ငုံတည်းနော် ကျန်ပါသေးရဲ့ … ပန်ချင်သူ မခင်လေးတို့ရယ်  … ခေါင်းဖြီးခဲ့လေးရယ်လို့ … တေးကဗျာ သီဆိုကြပုံ …

    (သန် ဂုံ ပ မ ဗုဒ္ဓမြတ်စွာ လေးဖြာရှင်ပင်)၂ ပွင့်ရှာလေပြီ ခေမာသောင်ကမ်း မြန်းကြွချီ … သုံးဆယ့်တစ်ဘုံ … ကြုံချည်လေငြား  … ဆုံလည်နွားနဲ့ ချားရဟတ်ပုံ … (မနေချင် ရတနာပုံ နေ့စဉ်စိတ်ထဲ စွဲမက်အာရုံ)၂ ကာမညွန်တဏှာ … သံသာဝဲက ခွဲထွက်ချင်သည် ဇောစိတ် အဟုန်  … အနိစ္စ ဒုက္ခအနတ္တ လက္ခဏာ တော်ကိုသာ မြင်ကြရင် … ကမ္မဋ္ဌာန်း ဘာဝနာ ဓူတင်တရားကို ပွားများကာ အားလုံးလှူဖို့ပါ … (အရိမေတ္တေယျ လောင်းဗုဒဓါ)၂ ပင်ကံ့ကော်  … ရွှေပလဒင်မြင့်မှာ … ဘုန်းသွင်ကိုခ ရှေးဦးစွာ … ဖူးတွေ့ကာပါ့ဆုံ  …  ရတနာပုံ မောင်စုမယ် အထူးပဲ စိတ်လည်းကုန် လူ့ပြည်ဌာန ကာမဆယ့်တစ်ခွင် ဒုက္ခနယ်တွင် မပျော်ရွှင်ပါဘူးယုံ  …  သြော်  …  လောက ဤလူ့ဘုံ  …

    ပုထုဇဉ် သဘာဝများ  …  မလွတ်နိုင်ရှာတဲ့ တရားမိုက်မှားကာ လိုက်စား လေကုန် ညွတ်ကွင်း၌ ကြုံ ကာမဂုဏ်ဘုံကို သံယောဇဉ် ခင်တွယ်မိလို့ မချိအောင်ပူပုံ … များသတိ တရားညှိထားရှိပါ ကြကုန်…

    ဤ … ရတနာပုံ … မောင်စုက ဂရုဓမ္မ ထားကာပင် နှိုးဆော်ချင် ဝေဟင်ရွှေမြို့ထဲ မဂ်ဖိုလ်ကို … ရက်တိုတိုနဲ့ဝင် သြော် … ရောက်နိုင်ကြရင် အောင်ပွဲသဘင် … ကြံယူဆောင် (လူ နတ် ဗြဟ္မာရော အနိစ္စကောင် ရုပ်တရား နာမ်တရား သရုပ်ပါ့ဆောင်)၂ ဒုက္ခဘောင် … သမုဒယနယ်မှာ ကြုံ … မနေချင် စိတ်ထဲ အမှန်ပဲယုံ … ဘူခေမတံ … နိဗ္ဗာန်ပြည် …  စံရာနန်း … တက်လှမ်းရန် စိတ်ဇောသန် … ကျန်ရှင်တော်တစ်ပါးရဲ့  … ဖ၀ါးရွှေစက်လုံး .. ဖူးရအောင် ကြိုးပမ်းပါကြ (နက်သန် ဘူမိ … နန်းရွှေဘုံ)၂ ရောက်လွယ်အောင် ကြံဆောင်စိတ်အဟုန် … ကာမ ဆယ့်တစ်ဘုံ လူ့ပြည်နတ်ရွာထဲ … မနေချင်ပါဘဲ … အမြဲစိတ်ကုန် ငြီးငွေ့ပြီး ဒိဋ္ဌအမှန်ပဲယုံ … သြော် … လောက ဤလူ့ဘုံ …  … ပုထုဇဉ် … ပါကြကုန်။

    ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။

  • သီရိပျံချီ ဦးဘသောင်း (B.Sc)

    သီရိပျံချီ ဦးဘသောင်း (B.Sc)

    ဇွန်လ ၂၆ ရက်၊ ၂၀၁၄
    M-Media

    ဦးဘသောင်းကို ၁၉၀၆ ခု၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သာယာ ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့၌မွေးဖွား ခဲ့သည်။ အဖသည် ကန်ထရိုက်တာ နှင့် ဆန်စက်ပိုင်ရှင် ဦးအီဗရာဟင်ဖြစ်၍ အမိမှာ ဒေါ်ခင်ဖြစ်သည်။ ရန်ကုန် မြို့၊ ကြည့်မြင်တိုင် အက်စ်၊ ပီ၊ ဂျီ  (S.P.G) ကျောင်းနှင့် သာယာဝတီမြို့ ၀ိုင်၊ အမ်၊ ဘီ၊ အေ (Y.M.B.A) ကျောင်းတွင် အလယ်တန်း ပညာကို သင်ကြားခဲ့သည်။ အထက်တန်း ပညာကို ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်းတွင် ဆည်းပူးခဲ့ပြီး ယင်းကျောင်းမှ တန်းမြင့်ကျောင်းထွက်စာမေးပွဲကို သင်္ချာနှင့်သိပ္ပံဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ သည်။

    ရန်ကုန်တက္ကသိုလ် ယူနီဗာစတီကောလိပ်သို့ တက်ရောက်ခဲ့သည်။ ဥပစာတန်းတွင် ရူပဗေဒဘာသာရပ်၌ အမှတ်အများဆုံး ရရှိခဲ့သဖြင့် ဆုချီးမြှင့်ခြင်းခံရသည်။ ၁၉၂၈ ခုနှစ်တွင် သိပ္ပံဘွဲ့ရရှိခဲ့သည်။

    ရန်ကုန်မြို့ရှိ ဟိုက်ကုတ် (High  Court)  တရားလွှတ်တော်တွင် ၁၉၂၈ခုနှစ်၌ အင်္ဂလိပ်-မြန်မာ စာတော်ပြန်အဖြစ စတင်အမှုထမ်းခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက် သင်ယူခဲ့ပြီး ၁၉၃၂-ခုနှစ်တွင် ဥပဒေဘွဲ့ကိုရရှိခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် တောင်တန်း ဒေသ စုံစမ်းရေးကော်မတီ၌ အင်္ဂလိပ်-မြန်မာ စာတော်ပြန်အဖြစ် အမှုထမ်းခဲ့သည်။ စုံစမ်းရေးကော်မတီတွင် တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့၍ ကော်မတီ သဘာပတိ၏ အမှုထမ်းကောင်း လက်မှတ် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်မှစ၍ တိုင်းပြည်ပြု  လွှတ်တော်ရုံး လက်ထောက် ဥပဒေ အရာရှိ၏ သုတေသနလက်ထောက်၊ တိုင်းပြည်ပြု လွှတ်တောရုံး ၀န်ထောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

    လွှတ်တော်နှစ်ရပ်ဖွဲ့စည်းသည့် ၁၉၅၁-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်၌ လက်ထောက် အတွင်းဝန် ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်းကို ခံခဲ့ရသည်။ တစ်ဖန် ၁၉၅၄-ခုနှစ်တွင် ဒုတိယအတွင်း ၀န်ရာထူးကိုတိုးမြှင့်ခြင်း ခံရသည်။ ၁၉၅၅-ခုနှစ်တွင် လူမျိုးစုလွှတ်တော်ကို ဒုတိယအတွင်းဝန်အဖြစ် ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ချက်ကိုစလိုဗက်ကီးယား သမ္မတနိုင်ငံနှင့် ရိုမေးနီးယား သမ္မတနိုင်ငံများသို့ မြန်မာနိုင်ငံ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ သွားရောက် ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်မှ သီရိပျံချီဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် လူမျိုးစု လွှတ်တော်အတွင်း ၀န်အဖြစ် အငြိမ်းစားယူခဲ့သည်။

    ဟိုက်ကုတ်တရားလွှတ်တော်၌ အမှုထမ်းခဲ့စဉ် ဟိုက်ကုတ် ၀န်ထမ်းများအသင်း၏ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ မင်္ဂလာတောင်ညွန့် ဒေသစိတ် ကြံ့ခိုင်ရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မင်္ဂလာ တောင်ညွန့်ဒေသစိတ် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း ရပ်ကွက် တာဝန်များကို ထမ်းရွက်ခဲ့သည်။
    OLYMPUS DIGITAL CAMERA
    အစ္စလာမ်သာသနာရေး အဖွဲ့အစည်းများတွင်လည်း ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ အစ္စလာမ်ဘာသာ သင်ခန်းစာ အစီအစဉ် ရေးဆွဲရေး နှင့် အကြံဥာဏ်ပေးရေးကော်မတီတွင် အတွင်းရေးမှူးအဖြစ် အစိုးရက ၁၉၅၃ခု ဧပြီ ၉ရက် ရက်စွဲဖြင့် ခန့်အပ်တာဝန်ပေးသည်။ တာဝန်ပေးချက်ရ အစ္စလာမ်ဘာသာ သင်ခန်းစာ အစီအစဉ်ကို ပထမဆင့်မှ န၀မဆင့်အထိကို ကော်မတီ နှင့် ညှိနှိုင်းရေးဆွဲပြီး ၁၉၅၄ ခု ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေ ညာသည်။

    အစ္စလာမ် သာသနာရေးအဖွဲ့ (Islamic  society) တွင် ဒု-ဥက္ကဋ္ဌ၊ ကုရ်အာန်ဘာသာပြန် အဖွဲ့တွင် အဖွဲ့ဝင်၊ မွတ်စလင် ဗဟိုရန်ပုံငွေအဖွဲ့၏ အဖွဲ့ဝင်၊ တစ်ခြမ်းပဲ့ဗလီနာယက၊ ဇီးနသ် အစ္စလာမ် ယောက်ျားလေးများ ဂေဟာနှင့် ပညာသင်ကြားရေး အသင်း၏အဖွဲ့ဝင်၊ လူငယ်များ ဂေဟာ အုပ်ချုပ်ရေးအဖွဲ့တွင် ဇီးနသ်အစ္စလာမ် ယောက်ျားလေးဂေဟာ၏ ကိုယ်စားလှယ်၊ တက္ကသိုလ်မွတ်စလင် ကျောင်းသူ ကျောင်းသားများအသင်း ဥက္ကဋ္ဌ၊ အစိုးရ သာသနာထောက်ပံ့ကြေး လက်ခံသုံးစွဲရေး ကော်မတီ၏အဖွဲ့ဝင် အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာနချုပ် ဒု-ဥက္ကဋ္ဌ အစရှိသည့် သာသနာရေးအဖွဲ့အစည်းများတွင်လည်း ပါဝင်ခဲ့သည်။

    တဖန် တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားများအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် ကျောင်းသူ ကျောင်းသားများအသင်း၊ စတော့ကိတ် ပညာ့ရိပ်သာ ကျောင်းသူကျောင်းသားများ အသင်းအစရှိသော အသင်းအဖွဲ့များက ကျင်းပပြုလုပ်သော ဟောပြောပွဲများတွင် ဟောကြားခဲ့သည်။ စကားရည်လုပွဲများတွင် အကဲဖြတ် လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဥာဏ်ကြီးရှင် ဖြေဆိုပွဲများတွင် မေးခွန်းများကို ပြန်လည်ဖြေကြား ခဲ့သည်။

    အစ္စလာမ်သာသနာ့ အဖွဲ့အစည်းများက ဦးစီးကျင်းပသော တမန်တော်မွေးနေ့ဟောပြောပွဲများတွင်လည်း ဟောပြောခဲ့သည်။ ထို့အပြင် ရေဒီယိုမှတစ်ဆင့် တမန်တော်မွေးနေ့ အကြောင်းကို ဟောကြား ထုတ်လွှင့်ခဲ့သည်။ အစ္စလာမ် ဓမ္မဗိမာန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဟောပြောပွဲများ၊ သင်တန်းများတွင် အစ္စလာမ် သာသနာ အကြောင်း  သိကောင်းစရာများကို ဟောပြောခဲ့သည်။

    ဤတွင် ရန်ကုန်မြို့ ၁၄၂၅ ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ် ကျင်းပရေးကော်မတီ ကိုယ်စား မြန်မာ့အသံမှ ဆရာကြီး ဟောပြောထုတ်လွှင့်ခဲ့သည့် တစ်မူထူးခြားသည့် ဟောပြောချက်ကို လေ့လာ တင်ပြပါသည်။ ဆရာကြီးသည် သိပ္ပံပညာရှင်ပီပီ “တမန်တော် ပွင့်လာတဲ့အတွက် ကမ္ဘာလောကမှာ ဘယ်ပုံဘယ် နည်း ဖွံ့ဖြိုးစေခဲ့တယ်ဆိုတဲ့ အကြောင်းပါပဲ” ဟု စကားခံကာ လောကဓာတ်ပညာ တိုးတက်လာပုံကို ရှင်းပြသည်။ ရှေးအခါက ဗီဇလှုံ့ဆော်မှုအလိုက် ပိုမိုကျင့်သုံးပြီး ဥာဏ်ကို သုံး ပြန်လျှင်လည်း အတုံးလိုက် အတစ်လိုက် သုံးကြသည်။ လက်တွေ့တွင် အထမမြောက်၊ အကြောက်ကြီး ကြောက်ကြပြီး မဟားတရား အယူအဆ လက်ခံခဲ့ကြ သည်။ နောက်ပိုင်းတွင် အရဗ်တို့က အညွန့်တုံး Geomatry ငရုတ်ကျည်ပွေ့ကို အတက်ပေါက်စေခဲ့သည်။ ဤသို့ စွမ်းနိုင်သည်မှာ ဂါထာကောင်း ရှိ၍ ဖြစ်သည်။ ဂါထာကောင်းများမှာ ကုရ်အာန်ထဲမှ ဂါထာများဖြစ်သည်ဟု ကုရ်အာန် အာယတ်များကို ညွှန်းဆိုပြသည်မှာ-

    ၁။    ကောင်းကင်ရှိသမျှ၊ မြေတွင်းမြေပေါ်၌ ရှိသမျှတို့သည် အသင်တို့ (လူသား)အဖို့ အသုံးတ၀င် အထောက်အပံ့ဖြစ်ရန် အလ္လာဟ် အရှင်မြတ်က ပေးထားသော ပစ္စည်းစုဖြစ်သည် (၄၅း ၁၃)။

    ၂။    အလ္လာအရှင်မြတ်သည် ညနှင့်နေ့၊ နေနှင့် လတို့ကို အသင်တို့ (လူသား)အဖို့ အသုံး ပြုရန်နှင့် နက္ခတ်တာရာများကိုလည်း အသင်တို့အဖို့ အထောက်အပံ့ ဖြစ်စေရန် မိန့်ထားခြင်း ဖြစ်သည်။ (၁၆း၁၂)

    ၃။    အလ္လာအရှင်မြတ်သည် သင်တို့၏ အကျိုးငှာ သမုဒ္ဒရာပင်လယ်ကို သင်္ဘောများ အသွားအလာ အကူးအသန်းအတွက် သတ်မှတ်ထား၏။ သို့ပါ၍ အလ္လာအရှင်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကို သိရှိကြကုန်။ ဟူ၍ ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တမန်တော် မုဟမ္မဒ်သခင်က ဟောတော်မူသဖြင့် အရဗ်လူမျိုးတို့ တရားဦးနာကြရကာ အစွမ်းထက်ခဲ့ခြင်း ဖြစ်သည်ဟုရှင်းပြသည်။

    နိဂုံးတွင် –

    “တမန်တော်ရဲ့တရားကို ရယူပြီးတဲ့နောက် အရဗ် တစ်မျိုးသားလုံးဟာ လူတစ်ယောက်ထဲလို ညီညွတ်ပြီး နိုင်ငံတိုးချဲ့ချင်တဲ့ စိတ်များ ပေါ်ပေါက်လာတယ်။ ခပ်ရိုင်းရိုင်းနေတဲ့ လူမျိုးဟာ အနှစ် ၂၀ အတွင်းမှာ ပါရှားဘုရင်များ၊ ရောမဘုရင်များ အုပ်စိုးခဲ့တဲ့ နိုင်ငံတွေကို လက်နက်နိုင်ငံ ပြုလုပ်နိုင်စွမ်းပြီး ရောမခေါမနဲ့ အဲလီဇင်ဒရီယားမှာ ထွန်းကားပြီးနောက် အညွန့်တုံးသွားတဲ့ Geometry ပညာကို အတိုင်းအတာ သင်္ချာသစ်အဖြစ် ဖန်တီးပြီး မြေမျက်နှာပြင်နှင့် အထက်နက္ခတ် တာရာတို့ကိုပါ တိုင်းထွာခဲ့တယ်။ နက္ခတ်တာရာပညာကို နိုင်နင်းပြီး ပင်လယ်ကိုဖြတ်၊ ကုန်းပျောက် ကမ်းပျောက် ရွက်တိုက်နိုင်တော့ ခေါမ တိုင်းပြည်မှာ တစ်ခါတုန်းက အရိုအသေခံနေ တဲ့ နက္ခတ်တွေဟာ လူရဲ့ အစေအပါး အထောက်အပံ့ဘ၀သို့ ယာယီရွေ့သွားရတယ်။ တစ်ခါတုန်းက သဘာဝရဲ့ အောက် ကျွန်သားပေါက်ဘ၀မှာ နစ်မွန်းနေတဲ့ လူသားများဟာ တမန်တော်ရဲ့ လက်ထက်ကျမှ သခင်ဘ၀ကို မြှင့်တင်ခြင်းခံရတယ်။ သည်လို မွတ်စလင်မ်များ က သူတို့ရဲ့ ရာဇ၀င်အစမှာ သဘာဝကို ရဲရဲကြီး ရင်ဆိုင်ပြီး ပညာဗဟုသုတရှာဖွေလိုက်စားတဲ့ လမ်းစဉ်ချလိုက်တော့ အနောက်နိုင်ငံသားများက မွတ်စလင်မ်များနှင့် ကုန်ရောင်း ကုန်ဝယ် ဘာသာရေးစင်တို့မှာတွေ့ဆုံကြပြီးနည်းနာကို ယူလိုက်လို့ ဒီကနေ့ အနောက်နိုင်ငံဟာ ဒီအခြေအနေကိုရောက် ရှိတယ်ဆိုတာ အထူးပြောစရာမလိုပါ။ ဒါကြောင့်မို့ ကျွန်တော် ထပ်လောင်းပြီး အစီရင်ချံခင်တာက လောကဓာတ်ပညာအစစ်ရဲ့ အခြေခံဖြစ်တဲ့ လက်တွေ့စမ်းခြင်း၊ သေချာစေ့ငှ မှတ်သားစူးစမ်း ခြင်းနှင့် အကျိုးအကြောင်းဝေဖန်ပြီး နောက်ဆုံးမှာ သဘောတရားဖမ်းခြင်းဆိုတဲ့ နည်းနာဥပဒေသဟာ မွတ်စလင်မ် အရဗ် လူမျိုးများ ဒီကနေ့ လောကဓာတ်ပညာဟာ ဒီလောက် ထွန်းကားနေတယ်ဆိုတာနှင့်ပဲ နိဂုံးချုပ်လိုက်ပါတယ်” ဟု လက်တွေ့သမိုင်းဖြစ်ရပ်နှင့်ယှဉ်၍ တမန်တော်မြတ်သခင်၏ လမ်းစဉ်က လောကဓာတ်ပညာကို ရှင်သန်စေသည်။ ဖွံ့ဖြိုး စေသည်၊ လောကဓာတ် ပညာစွမ်းကြောင့် ထူးထူးကဲကဲ ပြောင်းလဲတိုးတက်လာသည်ဟု ဖော်ကျူး ဟောကြားခြင်း ဖြစ်သည်။ ရှုထောင့်သစ်မှ တင်ပြခြင်းဖြစ်သည်။ ဆရာကြီးသည် ခြေခြေမြစ်မြစ် လေ့လာထားသည်။ ထို့ကြောင့်ပင် အစ္စလာမ် လောကဓာတ် ပညာစာအုပ်ကို ၁၉၆၁ ခုနှစ်တွင်  ထုတ်ဝေခဲ့သည်။

    ဆရာကြီးသည် သိပ္ပံဘာသာရပ်တွင် ထူးချွန်သူပီပီ အစ္စလာမ် က သိပ္ပံပညာဖြင့် ကမ္ဘာအား မည်ကဲ့သို့ အကျိုးပြုပုံကို ပိုသိထားသည်။ ဆရာကြီးအား ဟောပြောပွဲ ဖိတ်ကြားလျှင် အစ္စလာမ်နှင့် လောကဓာတ်ပညာ ခေါင်းစဉ်ကိုသာ ပေးလေ့ရှိသည်။ တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားများအား အဆိုပါခေါင်းစဉ်ကို ဟောကြားသကဲ့သို့ ကောင်စီ ဌာနချုပ်မှ ကျင်းပသော(အန်ဆွာရီသင်တန်း) ဗဟုသုတပေး ရက်သတ္တပတ် သင်တန်းများတွင်လည်း အဆိုပါခေါင်းစဉ်ကိုပင်ပို့ချသည်။ နာကြား ရသူအပေါင်း၏ တိုက်တွန်းတောင်းဆိုမှုအရ အစ္စလာမ်နှင့် လောကဓာတ် ပညာသည် စာအုပ်အဖြစ် ပေါ်ထွက်လာခဲ့သည်။

    ဆရာကြီးက မိမိ၏ရည်ရွယ်ချက်ကို အချီးနိဒါန်းတွင်-
    “ကမ္ဘာ့ရာဇ၀င်သမိုင်းဖြစ်သော လူတို့၏ဖြစ်အင်ကို တင်ပြ ရာ၌ စိတ်နေစိတ်ထား မသန့်မှုတို့ကြောင့် ခေတ်ပညာနှင့် စပ်လျဉ်းသည့်ကဏ္ဍ၌ အနောက်နိုင်ငံ ရာဇ၀င်ဆရာတို့သည် မိမိတို့ စိုးမိုး၍ ဆရာလုပ်ရသည့်အခိုက် အခွင့်ကောင်းယူ၍ အမှန်တရားကို ထိမ်ဝှက်ကာ အလှူရှင်လက်သစ်က မဏ္ဍပ်တိုင်တက်ကြသည့်နှယ် မိမိတို့အတွက် အကျိုးပြုခဲ့သည့် ပုဂ္ဂိုလ်တစ်စုအား မထောက်မထား၊ အားမနာ၊ ရာဇ၀င် တစပြင်သို့ ပို့လိုက်သည်ကို ထင်ရှားပေါ်လွင်ရန်နှင့် ထိုသို့ မညှာမတာ အကျင့်ခံရသည့် ရှေးမွတ်စလင်တို့က ကမ္ဘာ့လူသားများအား မည်သို့အကျိုးပြုခဲ့ပုံကို ဖော်ထုတ်ရန် ရည်ရွယ်၍ ဤစာအုပ်ငယ်ကို ရေးသားရခြင်းဖြစ်သည်”ဟု တင်ပြထားသည်။

    ဆရာကြီးသည် လောကဓာတ်ပညာနှင့်စပ်လျဉ်း၍ (က) ယဉ်ကျေးမှု မရသေးမီ လောကဓာတ်ပညာ အရိပ်အငွေ့ပေါ်လာသည့်အခါထိ တစ်ပိုင်း နှင့် (ခ) လောကဓာတ်ပညာ၏ စတင်အညွန့်လူလာရာမှ ယနေ့လက်ရှိ အချိန်အထိ အပိုင်းတစ်ပိုင်းဟူ၍(၂)ပိုင်း ပိုင်းခြားသုံးသပ်တင်ပြသည်။

    လောကဓာတ်အားလုံးလူသားတို့၏ သြဇာခံများ ဖြစ်ကြောင်း ကုရ်အာန်ကျမ်းလာ မုက္ခပါဋ္ဌ် (၄၅၊ ၁၃၊ ၁၆၊ ၁၂ နှင့် ၂း ၁၆၄)တို့ကို ကိုးကားဖော်ပြသည်။ လောကဓာတ်ပညာနှင့် ပတ်သက်၍ -“ပညာရှိတို့၏ပြောဟော ချက်များကို နားထောင်၍ လောကဓာတ် ပညာသင်ခန်းစာများကို စိတ်နှလုံးတွင် ထည့်သွင်းခြင်းသည် ဘာဝနာ စီးဖြန်းခြင်းထက် ကောင်း၏။ ကျွန်တစ်ရာကို သူကောင်းပြု လွတ်လပ်ရေးပေးသည် ထက်လည်းမြတ်၏”

    “လောကဓာတ်ပညာ၌ ထင်ပေါ်ကျော်ကြားခြင်းသည် ဂုဏ်အရှိဆုံးဖြစ်၏”ဟု အစရှိသော တမန်တော်မြတ်ကြီး၏ သြ၀ါဒတော်များကိုလည်း ညွှန်းဆိုထားပါသည်။

    အစ္စလာမ်ဘာသာကို လိုက်နာကျင့်သုံးရန်အတွက် အခြေခံဖြစ်သော နည်းမှာ –
    (၁)    တရိကတ် – ဆောင်ရွက်ခြင်းဖြင့် လက်တွေ့စမ်းသပ်ခြင်း
    (၂)    ဟကိကတ်  – ကြည့်ရှုစူးစမ်းလေ့လာခြင်း
    (၃)    မာအရေဖတ် – အကြောင်းနှင့်အကျိုးကို ဆင်ခြင် ဝေဖန်ခြင်းဖြစ်သည်။ ဤနည်းမှာ လောကဓာတ်ပညာ ဆန်လှသည်။  ဤနည်းကို အခြေပြု၍သာ ယနေ့ထွန်းကားနေသော လောကဓာတ်ပညာစစ်စစ် ပေါ်ပေါက်ရခြင်း၏မူလဖြစ်သည်။ ခေတ်လောကဓာတ်ပညာ စစ်စစ် ပေါ်ပေါက်ရခြင်း၏ မူလဘူတမှာ အမှန်စင်စစ် အစ္စလာမ်၏ နည်းသာလျှင် ဖြစ်သည်မှာ ထင်ရှားပေသည်ဟု သဘောတရားနှင့် လက်တွေ့ပေါင်းစပ်ဖော်ထုတ်ပြ ထားသည်။

    ပြီးမှ ပညာရပ်အလိုက် ထူးချွန်သူများနှင့် စွယ်စုံပညာရှင်များကို သင်္ချာပညာကျော် ကဗျာဆရာကြီး စွယ်စုံက၀ိ အူမရ်ကိုင်ယမ် မှ မျက်ကြော Ratina ကို ရှာဖွေဖော်ထုတ်သူ ဟဆန်အဘူ ဟေသာအထိ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ၅၄-ဦး၏ ထူးချွန်အောင်မြင်မှုကို ပုဂ္ဂိုလ်အလိုက် ဖော်ကျူးထားသည်ကို တွေ့ရသည်။

    လောကဓာတ်ပညာကို ဆုံးရှုံးရခြင်း၊ ပြန်လည်ထွန်းကားမှုအတွက် ဆောင်ရွက်ရန် ခဲယဉ်းနေခြင်းတို့မှာ “အေလင်ဟူသော ဝေါဟာရနှင့် အေလင်ကို ပိုင်ဆိုင်သည်ဟု အယူရှိသော အာလင် အိုလမာဟူသော ဝေါဟာရတို့၏ အဓိပ္ပါယ် သက်ရောက်မှု ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်သည် ဟူသောဖော်ပြချက်မှာ ယေဘူယျ အားဖြင့် လက်ခံရမည်သာဖြစ်၏” ဟူ၍ ရေးသား ဖော်ပြချက်သည် ဆရာကြီး၏ သဘောထားအချုပ်ဟု မှတ်ယူ နိုင်ပါသည်။

    ထို့ကြောင့်ပင် ကျမ်းနိဂုံးတွင် ယနေ့မှစ၍ ဘာသာရေးတွင် လည်းကောင်း၊ လောကီရေးတွင်လည်းကောင်း ကျွန်ုပ်တို့ မွတ်စလင်များသည် လောကဓာတ် ပညာဆန်ဆန် သုတေသီများ ဖြစ်နိုင်ပါစေ။ ဤသုတေသီ ဖြစ်ရေးတွင် အိုလမာဆိုသူတို့လည်း ပါဝင်ကူညီနိုင်ကြပါစေ။ လောကဓာတ် ပညာ သုတေသီများ ဖြစ်ခြင်း အားဖြင့် ရှေးမွတ်စလင် ကြီးတို့၏ မွန်မြတ်လှသော အစဉ်အလာ စံချိန်ကြီးကို မှီကြ၍ ကမ္ဘာကို အကျိုးကျေးဇူးပြုသော မွတ်စလင် လောကဓာတ် ဆရာကြီးများ ပညာရှိကြီးများပေါ်ပေါက်လာ ပါစေသတည်းဟု စေတနာဆန္ဒပြုခဲ့ခြင်းဖြစ်ပါသည်။

    လူသားတို့အား သဘာဝ၏အစေခံဘ၀မှ သဘာဝ၏အရှင်သခင် အဖြစ်သို့ အစ္စလာမ်က မြှင့်တင်ပေးမှုကို ဆရာကြီးကခိုင်မာစွာ ဖော်ကျူးနိုင်ခဲ့သည်ဟု ဆိုရပါမည်။

    ဆရာကြီးပြုစုခဲ့သော ထာဝရအရှင် အလဒာဟ်ရှိကြောင်းကို သဘာဝ သိပ္ပံရှုထောင့်မှဖော်ပြချက် ဆောင်းပါးတွင် အချက် ၇-ချက်ဖြင့် သာဓကပြထားသည်။ သိပ္ပံပညာရှင်ကြီး A.Cressy  Morrison ၏ Man  does  not  Stand  Alone မှ ကောက်နုတ်ချက်ဖြစ်သည်။ ဆရာကြီးသည် သိပ္ပံနည်းကျကျ သုတေသနပြုမှုကို အလေးထားသည့် ပညာရှင်ကြီးဖြစ်သည်။ အဆိုပါဆောင်းပါးကို ဓမ္မဗိမာန် ၃၃ နှစ်ပြည့် အထူးထုတ်(၁၉၉၆)တွင် ဖော်ပြပါရှိသည်။

    ဆရာကြီး၏ လက်ရာများကို အထောက်အထားပြု၍ ဆရာကြီးသည် အစ္စလာမ်ဘာသာအတွက် သက်သေကောင်းကြီးတစ်ဦးဟု ကောက်ချက်ချနိုင်ပါသည်။

    ဆရာကြီးသည် ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အသက် (၈၁)နှစ်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ခံယူသွားလေသည်။

    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။

  • မောင်လာနာ M.A ဂနီ

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    MA-Ga Ni
    ဆရာသည် အဘ ဦးအာမင် (ခေါ်) ဦးအောင်မင်းနှင့် အမိ ဒေါ်သက်ပွင့် တို့မှ ၁၉၁၀ ခုနှစ်တွင် ရွှေတောင်မြို့ ဆယ်နာရီဈေးအနီး၌ ဖွားမြင်သည်။ မွေးချင်း ၄-ဦးအနက် အငယ်ဆုံးသားထွေးဖြစ်သည်။ ခံ့ညားသော ဥပဓိရုပ်ရှိသည်။ သေသပ်စွာ ၀တ်စားဆင်ယင်လေ့ရှိသည်။

    ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာ ဆည်းပူးသည်။ ဗိုလ်ချုပ်ကြီးစန်းယုနှင့် ကျောင်းနေဖက်ဖြစ်သည်။ လန်ဒန် မက်ထရစ်အောင်မြင်ခဲ့သည်။ သာသနာ့ပညာကို ဒေယိုဘန်ဒီဆရာကြီး တစ်ဦးထံ တပည့်ခံဆည်းပူးပြီး မိဘများက အိန္ဒိယနိုင်ငံ ဒေယိုဘန် ကျောင်းတော်သို့စေလွှတ်၍ ဆက်လက် ဆည်းပူးစေသည်။

    ဆရာသည် စာဖတ်နာသူဖြစ်သဖြင့် ဗဟုသုတ နှံ့စပ်သည်။ ကလောင်သွေးရာတွင် အမည်ရင်း မောင်လာနာ M.A ဂနီဖြင့်သာ အရေးများသည်။ မြန်မာအမည် ဦးတင်မြင့် ဖြစ်သဖြင့် ဇာတိနှင့်တွဲ၍ ရွှေတောင် တင်မြင့်ဟုလည်းကောင်း၊ သရက်သူနှင့် အိမ်ထောင်ကျသဖြင့် သရက် တင်မြင့်ဟုလည်းကောင်း ကလောင်အမည် ကွဲများဖြင့် ၀တ္ထု၊ ဆောင်းပါး၊ ဘာသာပြန်စာမူများစွာ ရေးသားခဲ့သည်။ အမျိုးသမီးအမည် အပါအ၀င် ကလောင် အမည်များလည်း ရှိသေးသည်ဟုသိရသည်။

    စီးပွားရေးလုပ်ငန်းကို ရန်ကုန်မြို့ သင်းကြူကြူ အလှကုန်ကုမ္ပဏီ နှင့် ဆက်သွယ်ဆောင်ရွက်သည်။ ဆရာသည် ပထမဇနီးဖြစ်သူ ကွယ်လွန် ပြီးနောက် သရက်မြို့သူ ဒေါ်မြကြည်နှင့် ၁၉၄၇ ခုနှစ်တွင် အိမ်ထောင်သစ် ထူသည်။ သား ၁ ယောက် သမီး ၁ ယောက် ထွန်းကားသည်။

    အင်းစိန်မြို့နယ် အောင်ဆန်း စဥ့်ငူဗလီတွင် ရှေ့ဆောင်ဆရာကြီးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန် ထမ်းဆောင်သည်။ ၁၉၉၈ ခု နိုဝင်ဘာ လ ၂၁ ရက်နေ့ သောကြာနေ့ နံနက် ၉ နာရီတွင် အင်းစိန်မြို့ ပြည်သူ့ ဆေးရုံကြီး၌ အလ္လာဟ်အရှင် အမိန့်တော်ခံယူခဲ့သည်။ ဆရာကို ရွာမဗလီတွင် ၀တ်ပြုဆုတောင်းပြီး ရေဝေးဥယျာဉ် တော် (စီ-၁၅)တွင် မြှုပ်နှံခဲ့သည်။

    ဆရာသည် စာပေ၀ါသနာပါသည်။ အဖတ်အရှု အလေ့အလာများ သဖြင့် ခေတ်မီစွာတွေးတတ်သည်၊ ခေတ်မီစွာရေးတတ်သည်။ အပေါင်းအသင်း ဆံ့သည်။ စေတနာထက်သန်သည်၊ ကူညီတတ်သည်။ ဤသည် ကို ကမ္ဘာ့အလင်း စာတည်းအဖွဲ့က-

    “ဆရာကြီး ရန်ကုန်မြို့သို့ ခေတ္တခဏ ရောက်လာခိုက်တွင် ကျွန်ုပ်တို့အား ရင်းနှီးခင်မင်စွာ အကြံဥာဏ် ကောင်းများပေးရုံမက အရေးကြီးသော ကိစ္စများတွင် ကိုယ်ထိလက်ရောက် ပါဝင်ဆောင် ရွက်ပေးခဲ့သည်ကို ကမ္ဘာ့အလင်း အမှတ် ၁၄ စာမျက်နှာ ၉၃ နှင့် ၆၅ တွင် ပြန်လည်သုံးသပ် ခြင်းဖြင့် သိရှိနိုင်ပါ သည်။ ၎င်းကဲ့သို့ စေတနာရှင်များ အမြောက်အမြား ပေါ်ပေါက်ပါစေသောဝ်”

    ဟူ၍ မှတ်တမ်းပြုခဲ့ပါသည်။

    ၁၉၅၃ ခု ဒီဇင်ဘာ ၂၃ တွင် အီဂျစ်မြန်မာ ချစ်ကြည်ရေးကိစ္စတွင် ကမ္ဘာ့အလင်းကိုယ်စား တွေ့ဆုံဆွေးနွေးပေးခဲ့သည်ဟု သိရသည်။ မကြာမီ ဆရာ့ကို ကမ္ဘာ့အလင်းမဂ္ဂဇင်း စာတည်းအဖြစ် တာဝန်ပေးအပ်သည်။ ဆရာသည် ဤသို့တာဝန် မယူမီကပင် အစ္စလာမ့် အလင်းရောင် အမည်ဖြင့် ပြုစုထုတ်ဝေ ခဲ့သည်။ ဆရာသည် ဗမာ မွတ်စလင်မ် ကလောင်ရှင် အဖွဲ့ အရံအမှုဆောင်ဖြစ်သည်။ အစ္စလာမ့်အလင်း ပေါ်လာသောအခါ အယ်ဒီတာ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ဆရာ ပညာပေး ရေးသားတင်ပြသည့် ဆောင်းပါးများကို အတင်အပြ လွယ်ကူရန်-

        ၁။    အလ္လာဟ်အရှင်မြတ်
    ၂။    တမန်တော်မြတ်
    ၃။    ကုရ်အာန်ကျမ်းမြတ်
    ၄။    အစ္စလာမ့်ဝိနည်း၊ ဓမ္မသတ်
    ၅။    ဘာသာရေးအခြေခံ
    ၆။    နေ့ကြီးရက်ကြီးများ
    ၇။    ရင်သွေးပျိုးထောင်မှု
    ၈။    အတ္ထုပ္ပတ္တိ
    ၉။    နိုင်ငံတကာ အစ္စလာမ်
    ၁၀။    လူမှုရေး၊ စီးပွားရေး
    ၁၁။    ဘာသာချင်း ချစ်ကြည်လေးစားမှု
    ၁၂။    ဟောပြောချက်
    ၁၃။    ရသဖန်တီးမှု ဟူ၍ ခေါင်းစဉ်ခွဲ ကန့်နိုင်ပါသည်။

    ဤတွင် ခေါင်းစဉ်များ၏ သဘာဝကို ရိပ်စားမိရန် အစီအစဉ်အတိုင်း အကျဉ်းမျှ မိတ်ဆက် တင်ပြပါသည်။

    ၁။    အစိန္တေယျ အရှင်မြတ် ဆောင်းပါးသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကို ဖော်ကျူးသော ဆောင်းပါး ဖြစ်သည်။ ပင်ကိုရေးမဟုတ်၊ ဘာသာပြန် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။

    ရှေးက ဘုရားအများဝါဒမှ တဖြည်းဖြည်း တန်ခိုးအကြီးဆုံး တစ်ပါးသို့သာ ယုံကြည်လာသည်။ ထာဝရ ဘုရားရှင်နှင့် ပတ်သက်၍ပြောဆိုဆွေးနွေး လာသည်။ ကမ္ဘာ့အတွေးအခေါ် ပညာရှင်များက အယူအဆ အမျိုးမျိုး ဖော်ထုတ်လာကြသည်။ ရှုပ်ထွေးပြီး ဝေခွဲမရ ဖြစ်ကြသည်။ တမန်တော်မြတ် ပွင့်ပေါ်လာသောအခါ အစိန္တေယျ ထာဝရအရှင်နှင့် ပတ်သက်၍ ပြတ်သားစွာ ဟောပြောတင်ပြသည်။ ကုရ်အာန် ကျမ်းတော်မြတ်တွင်-

    “အို-တမန်တော် ပြောပါလေလော့၊ အလ္လာဟ်အရှင်မြတ်သည် တောင်းတရမ္မက်အပေါင်းမှ ကင်းစင် တော်မူသော အရှင်ဖြစ်သည်။ ထိုအရှင် မြတ်သည် မည်သူ့ကိုမျှ မမွေးဖွားချေ။ မည်သူကမျှလည်း မွေးဖွားသော အရှင်မဟုတ်ချေ။ ၎င်းအပြင် အရှင်မြတ်နှင့် တုနှိုင်းရန် မည်သည့်အရာမျှ မရှိချေ”ဟူ၍ မုက္ခပါဌ်တော်အတိုင်း ထုတ်ဖော်ခဲ့သည်။ ကမ္ဘာ့ပါရဂူများ ရှုပ်ထွေး နေသောပြဿနာကို သာမန်လူများပင် ရှင်းလင်းလွယ်ကူစွာ နားလည် နိုင်ရန် ဟောပြောချက်ဖြစ်သည်။ အစိန္တေယျ (မကြံစည်အပ်သော)ဂုဏ်ကို ကမ္ဘာ့စာပေ အကိုးအကားများစွာ ကိုးကားပြီး ကုရ်အာန် အာယတ်တော်ဖြင့် ဖော်ပြလိုက်သည်မှာ ပေါ်လွင်ပါသည်၊ ထင်ရှားပါသည်၊ ချောပြေပါသည်။

    ၂။ တမန်တော်မြတ်နှင့်ပတ်သက်၍ အံ့ဖွယ်မော့အ်ဂျေဇာ(၁၉) မေတ္တေယျ ကိုယ်တော်(၅၁)နှင့် ကြီးမားလှသော မေတ္တာရှင်(၅၉) ဆောင်းပါးများ ရေးသားခဲ့ပါသည်။

    အံ့ဖွယ် မော့အ်ဂျေဇာကို ဟစ်ဂျရီ ၁၄၀၀ ပြည့်အထိမ်းအမှတ် အထူးထုတ် အစ္စလာမ့်အလင်း အမှတ် ၁၉ တွင် တင်ပြသည်။

    တမန်တော်မြတ်သည် လမင်းကို နှစ်ခြမ်းကွဲစေသော မော့အ်ဂျေဇာ တန်ခိုးပြာဋိဟာကို ပြသခဲ့သည်။ ပြာဋိဟာကိုမြင်တွေ့ပြီး အစ္စလာမ့် အေးရိပ် ဆာယာကို ခိုလှုံလာသူ ဘုရင် ဘုဂ်ျရာဇာ၏ အကြောင်း ဆရာက တင်ပြသည်။ ဘုရင်က ထီးနန်းစွန့်ပြီး အိန္ဒိယပြည် ဂူဂျရတ်နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ယုံကြည်ချက်အတွက် စွန့်လွှတ်ပုံများ၊ ပညာကျော်များ ဆက်လက်သုတေသနပြု ဖော်ထုတ်နေကြပုံများ ပါဝင်သည်။

    အလားတူ အံ့သြဖွယ်ဖြစ်ရပ်တစ်ခုသည် ၁၉၂၇ ခု ဖေဖော်ဝါရီ ၈ ရက် ညဦးတွင် ဖြစ်ပေါ်သည်။ ကိုယ်တော်၏ နာမတော် နူရီရောင်ခြည် ကောင်းကင်မှာ ပေါ်တော်မူသည်ကို အိန္ဒိယရှိ ဟိန္ဒူမွတ်စလင်မ် အမြောက် အမြား ကိုယ်တိုင်မြင်တွေ့ကြသည်။ ဟိုင်ဒရဘတ် ဂျဘာလ်ပူရ်မြို့ (အစ္စလာမ် ဘာသာဝင် မဟုတ်သူ) အရေးပိုင် မင်း၏ ကိုယ်တွေ့ထောက်ခံစာဖြင့် ဖြစ်ရပ်ကို ခိုင်လုံစေသည်။

    စာရေးသူက ယုံကြည်စွာ အဆင့်ဆင့် ဖြန့်ဖြူးရန် တိုက်တွန်းထားသည်။ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင် ကို ကြည်ညိုသဒ္ဒါ ပွားလိုစိတ် ပိုမို ထက်သန်စေပါသည်။

    မေတ္တေယျကိုယ်တော်(၅၁)ဆောင်းပါးတွင် တမန်တော်မြတ်သခင်၏ မေတ္တာတော်ကို ဖော်ကျူးသည်။ တမန်တော်သခင်က အစိန္တေယျ အရှင်ကိုသာ ကိုးကွယ်ဆည်းကပ်ကြရန် ဟောကြားသည်။ ထိုအခါ ကိုယ်တော်ကို ခြိမ်းခြောက်သည်၊ ချော့မြှောက်သည်၊ အနှောင့်အယှက် အမျိုးမျိုး ပေးကြသည်။ နောက်ပါတို့ကို လူ့သမိုင်းတွင် မကြုံဘူးသော နှိပ်စက်ခြင်း မျိုးဖြင့် ရက်စက်စွာ နှိပ်စက်သည်။ လူထုနှင့်အဆက်ဖြတ်ပြီး အငတ်ထားကြသည်။ ကိုယ်တော်သခင်၏ခြေစုံမှ သွေးစိမ်းရှင်ရှင် ထွက်ကျစေသည်၊ ရှုတ်ချ၊ လှောင်ပြောင် ဆဲရေးကြသည်။ ရန်ပြုသူတို့အား တောင်နှစ်လုံးဖြင့် ညှပ်သတ်ရန် သို့မဟုတ် ဆန္ဒတော်ကို ထုတ်ဖော်ရန် ကောင်းကင်တမန် တော်က သခင့်၏ ဆန္ဒတောင်းခံသည်။ ကိုယ်တော်က ရန်သူတို့အား မေတ္တာထားသည်၊ ဒုက္ခပေးသော လူမိုက် သူမိုက်တို့မှပင် အီမာန်ရှင် ပေါ်ထွန်းလာရေး မက်ထားသည်။

    အရိ = ရန်သူကို မေတ္တေယျ = မေတ္တာထားသူ ဖြစ်သဖြင့် ကျမ်းတော်မြတ် ကုရ်အာန်တွင် ရဟ်မသုလ်အာ လမီန် ခပ်သိမ်းသော လောကဓာတ် အပေါင်းတို့အတွက် မေတ္တာတော်ရှင်ဟု ထောပနာပြုထား သည်။ တမန်တော်သည် အရိမေတ္တေယျ ကိုယ်တော်ဖြစ်သည်။

    ဆရာက တမန်တော်မြတ်ကြီး၏ နာမတော်ကို မြန်မာတို့ နားယဉ် နေပြီဖြစ်သော ပါဠိဝေါဟာရ အရိမေတ္တေယျဖြင့် ၀ိသေသပြုလိုက်သည်မှာ တာသွားလှပါသည်။

    ၃။ ကုရ်အာန်ကျမ်းမြတ်ကဏ္ဍ နှင့် ပတ်သက်၍ ကုရ်အာန်ကျမ်းမြတ် ၏ အဖွင့်ဘာသာပြန်များကို တင်ပြသည်။ ၁၉၇၂-ခု အစ္စလာမ့်အလင်း စာစောင် အမှတ် ၁ မှ စတင် တင်ပြခြင်းဖြစ်သည်။ ကုရ်အာန် ၄၉း၁-၁၈ စူရာဟူဂျရတ် အတွင်းဆောင်များကဏ္ဍ အဖွင့်ကို အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူအပ်သော မွတ်စလင် ညီညွတ်ရေး လမ်းစဉ် ခေါင်းစဉ်ဖြင့် ဖွင့်ဆိုရှင်းပြသည်။ မူရင်းကို မဟာပညာကျော် အလ္လာမဟ် ရှဘီးရ် အဟ်မဒ် အွတ်စမာနီ သခင်ကြီးက ပြုစုခဲ့သည်။ အစ္စလာမ့်အလင်း အမှတ် ၁ တွင် အာယတ်တော် ၁ မှ ၁၀ အထိ အဖွင့်ပါဝင်ပြီး၊ အမှတ် ၂ တွင် ၁၁ မှ ၁၈ အထိအဖွင့် ပါဝင်သည်။ ဟူဂျရတ် အခန်းများ၊ အဆောင်များဟူသည် တမန်တော်မြတ်၏ ကြင်ရာတော်များ နေထိုင်ကြသော အဆောင်များကို ဆိုလိုသည်။

    အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်မှု၊ ကွဲပြားမှု အများစုသည် မမှန်သတင်းများမှ စတင်ဖြစ်ပေါ်လာသည်။ အာယတ်တော်တွင် ထိုအမှုများ၏ အခြေခံ ဇစ်မြစ်ကို ဖော်ပြတားမြစ်ထားသည်။ မည်သည့် သတင်းစကားကိုမျှ မစူးစမ်း မဆင်ခြင်ဘဲ လက်မခံရ၊ သတင်းမှားကို ယုံကြည်မိ၍ တိုက်ခိုက် ကြရသည်။ ကြေကွဲကြရသည်။ ၀မ်းနည်းကြရသည်။ အစ္စလာမ့် စုစည်းမှုကြီး ပြိုကွဲရသည်။

    အကြောင်းအားလျော်စွာ မမျှော်လင့်ဘဲအုပ်စု ၂ စု အချင်းချင်း တိုက်ကြခိုက်ကြသော် ကျန်မွတ်စလင်မ် များသည် ညီနောင်များ ဖြစ်ကြသော ထိုအုပ်စု ၂ စု စပ်ကြား ပြေရာပြေကြောင်း အစွမ်းကုန် ကြိုးစားကြရမည်။ ဤသို့ ကြိုးစားပါလျက် မအောင်မြင်သော် ကျူးကျော်စော်ကား ခံရသူ အုပ်စုဘက်မှ ရပ်တည်ရမည်။ ပြေငြိမ်းရန် ကမ်းလှမ်းလာခဲ့သော် ဘက်မလိုက်ရ၊ တရားမျှတစွာ ပြန်လည် စေ့စပ်ပေးရမည်။ ဤကား မွတ်စလင်မ် အချင်းချင်း ရန်မီးငြိမ်းသည့် နည်းဖြစ်သည်။

    များသောအားဖြင့် သဘောကွဲလွဲမှုဖြစ်သည့်အခါ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ အထင်အမြင် သေးကာ ပြောင်လေ့ လှောင်လေ့ရှိသည်။ သရော်လေ့ရှိသည်။ ငြူစူစောင်းပြောင်းလေ့ရှိသည်။ မဖွယ်မရာအမည်များ ဖြင့် ခေါ်လေ့ရှိသည်။ မိမိအပြစ် မိမိမမြင်။ ခြောက်ပစ်ကင်းဟု ထင်တတ်ကြသည်။ သူတစ်ပါးအား ကဲ့ရဲ့ပြစ်တင်နေ သူသည်သာ အမှန်ကဲ့ရဲ့ ပြစ်တင်ဖွယ်ဖြစ်သည်။ အရှင်မြတ်ထံတော်၍ ကဲ့ရဲ့ပြစ်တင်သူထက် ကဲ့ရဲ့ ပြစ်တင်ခြင်း ခံရသူက ပို၍ကောင်းနေတတ်သည်။ ကဲ့ရဲ့ ပြစ်တင်သူသာလျှင် အရှက်တကွဲ အကျိုးနည်းဖြစ်ပေမည်။

    လူ့သဘာဝအရ သဘောထားကွဲလျှင် တစ်ယောက်နှင့် တစ်ယောက် အကောင်းမမြင်တော့ အရှင်မြတ်က မကောင်းမထင်ကြနှင့်။ သူတစ်ပါးအတွင်းရေး မရှာဖွေကြနှင့်။ နောက်ကွယ်ရာတွင် အတင်းမဆိုကြနှင့်။ သို့ဆိုလျှင် ကြုံတွေ့ နေရသော ကွဲလွဲမှု၊ မလိုမုန်းတီးမှု၊ ရန်ငြိုးထားမှု၊ ဆန့်ကျင်ခိုက်ရန် ဖြစ်ပွားမှုများ ပပျောက်သွားနိုင်သည် ဟု မိန့်ကြားထားသည်။

    ညီနောင်တစ်ဦး၏ အကြောင်းကို နောက်ကွယ်တွင် အတွင်းဆိုခြင်းသည် သေနေသော မိမိညီနောင်၏ အသေသားကို ၀ါးမြိုစားခြင်းပင် ဖြစ်သည်ဟု အာယတ်တော်က ဆိုထားသည်။

    မိမိကိုယ်ကို အထင်မကြီးရ။ သူတစ်ပါးကို အထင်မသေးရ၊ အားလုံးသည် တစ်မိတည်း တစ်ဘတည်းမှ ဆင်းသက်လာသော ညီအစ်ကို မောင်နှမများသာ ဖြစ်သည်။ စစ်မှန်သော ဂုဏ်ရည်မှာ အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ တမန်တော်မြတ်အား လည်းကောင်း ယုံကြည်ကြသည်။ ယုံကြည်ချက်အပေါ် အသက်ထက်ဆုံး ရပ်တည်နေကြသည်။ အရှင်နှင့် အရှင့်တမန်တော်အတွက် အသက်အိုးအိမ်စည်းစိမ် စွန့်လွှတ်ရန် အမြဲအဆင့်သင့် ရှိနေကြရမည့် ဂုဏ်ရည်ပင်ဖြစ်သည်ဟု ဖွင့်ဆိုရှင်းပြထားသည်။

    ဆရာသည် လက်တွေ့ကျသည့် ခေတ်နှင့် ဆီလျော်သည့် အာယတ်တော်များကို ရွေးချယ်တတ်သည်။ လက်ခံလိုက်နာဖွယ် ရှင်းပြတတ်သည်။

    ၄။ အစ္စလာမ့် ၀ိနည်းနှင့် ပတ်သက်၍ ဖေကဟ်ဓမ္မောပဒေသ(၆၂)နှင့် ဖေကဟ်ဓမ္မောပဒေသ(၆၃)ဆောင်းပါးများ ရေးသားခဲ့သည်။ ဖေကဟ် အဆုံးအဖြတ်များကို ဓမ္မောပဒေသဟု မြန်မာမှု ပြုထားခြင်း ဖြစ်သည်။

    ဖေကဟ်ဓမ္မောပဒေသ(၆၂)တွင် ယုံကြည်ချက်မှစ၍ နိဒါန်းချီသည်။ မွတ်စလင်မ်တစ်ဦးတွင် အီမာန်သည် အဓိကဖြစ်သည်။ ထို့နောက် ခ၀ပ်မှုသည် အရေးကြီးသည်။ ခ၀ပ်မှုတွင် (တွဟရတ်)သန့်ရှင်းခြင်းက အရေးပါသည်။ သန့်ရှင်းဖို့ရန် ရေကိုသုံးရသည်။ သန့်သောရေ၊ မသန့်သောရေ၊ သုံးပိုင်သောရေ၊ မသုံးပိုင်သောရေဟူ၍ တရားတော် တွင် အသေးစိတ် သတ်မှတ်ထားသည်ဟု ဆရာက ဖွင့်ဆိုရှင်းပြထားသည်။

    ၅။ ဘာသာရေးအခြေခံအကြောင်းကို ၁၉၅၉ ခု မတ်လ အမှတ် ၅ မှ ၁၉၆၀ ပြည့်နှစ် အမှတ် ၆၀ အထိ ဘာသာရေးအခြေပြ ခေါင်းစဉ်များ ဖြင့် တင်ပြသည်။ အစ္စလာမ်ဘာလဲ(၇၇)ဟူသော ဘာသာပြန်ဆောင်းပါး လည်း ပါဝင်သည်။

    အစ္စလာမ်ဘာလဲ(၇၇)ဆောင်းပါးတွင် အစ္စလာမ်သာသနာ၏ သဘာဝကို ပေါ်လွင်အောင် တင်ပြသည်။ အစ္စလာမ်သည် ငြိမ်းချမ်းရေး ဘာသာဖြစ်သည်။ ငြိမ်းချမ်းရေးဘ၀ တည်မြဲရန်ဆုံးမသည်။ မကောင်း ဆိုးယုတ် မှန်သမျှကို ပိတ်ပင်သည်။ တမန်တော် မုဟမ္မဒ်သခင်သည် ပွင့်လေသမျှ တမန်တော်တို့၏အချုပ် ဖြစ်တော်မူသည်။ ကုရ်အာန်သည် ကောင်းကင်ကျ ကျမ်းများ စုပေါင်းရာဖြစ်သည်။ အစ္စလာမ်တွင် ယုံကြည်ချက် ၇ ရပ်ရှိသည်။ မဏ္ဍိုင် ၅ ခုကို လိုက်နာကျင့်သုံးသည်။ အစ္စလာမ်က အမျိုးသမီးတို့ အဆင့်အတန်းမြှင့်ပေးသည်။ ပညာသင်ယူရန် လူတိုင်း၏ တာဝန်ဖြစ်သည်။ လှူဒါန်းပေးကမ်းရသည်၊ ဥပုသ်သီလ ဆောက်တည်ရသည်။ တမန်တော်မြတ်က ကဏ္ဍစုံအတွက် အဖိုးတန်သြ၀ါဒများ ထားခဲ့ သည်။ ကမ္ဘာညီနောင် စိတ်ဓာတ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးပြုသည်။ မွတ်စလင်မ်တို့သည် အမွန်ရည်ဆုံး အွမ္မသ်သားဖြစ်သည်။ သက်ရှိစဉ် တမလွန်အရေး ပြင်ဆင်လုပ်ဆောင်ထားကြရန် အသိပေးတင်ပြသည်။ ဤဆောင်းပါးတွင် အချက်အလက်များစွာကို အချိန်တိုအတွင်း လွယ်ကူစွာ သိနိုင်သဖြင့် အကျိုးထူးလှပါသည်။

    ဘာသာရေးအခြေပြ(၅၅-၈၆)တွင် ခေါင်းစဉ်အတိုင်း အစ္စလာမ် ဟူသောအဓိပ္ပာယ်မှစ၍ ဖွင့်ဆိုသည်။ ကနဦးလူသားသည် မွတ်စလင်မ် ဖြစ်သည်၊ အလ္လာ့ဟ်သာသနာသည် တစ်ခုတည်းသာဖြစ်သည်၊ ပြီးပြည့်စုံသည့် သာသနာဖြစ်သည်။ သဘောထားကြီးသည်၊ ယထာဘူတကျသည်၊ အရှင်မြတ် စောင့်ထိန်းထားတော်မူသည့် သာသနာတော်ဖြစ်သည်ဟု တင်ပြသည်။

    ဆရာက အစ္စလာမ် ဘာလဲဟူသည်မှစပြီး အခန်းဆက်ရေးသည်။ ကောင်းမှုကုသိုလ်၊ သန့်ရှင်းစင်ကြယ်မှု၊ အစ္စလာမ့် မဏ္ဍိုင်ကြီးများ၊ စွလာသ် ၀တ်ပြုမှု၊ တမလွန်ဘ၀ကို ယုံကြည်မှု စသည့် အစ္စလာမ်ဘာသာ အခြေခံ သဘောတရားများကို တင်ပြသည်။ ခိုင်မြဲသောယုံကြည်မှု တိုးတက်လာပြီး ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးလာ စေနိုင်မည့် တင်ပြချက်များဖြစ်သည်။

    ၆။ နေ့ကြီးရက်ကြီးများနှင့် ပတ်သက်၍ ကျွန်ုပ်တို့အီးဒ်(၃၁)၊ အီးဒ်ပျော်ရွှင်ခြင်း အထိမ်းအမှတ်နေ့(၅၃)၊ အီဒွလ်အသွဟာ(၅၅)ဟူသည့်ဆောင်းပါးများဖြင့် တင်ပြထားသည်။

    ကျွန်ုပ်တို့ အီးဒ်(၃၁)ဆောင်းပါးတွင် အစ္စလာမ်တရားတော် ပညတ်ချက်တိုင်းသည် အလ္လာဟ်၏ ဆန္ဒတော် သို့ ခြွင်းချက်မရှိ လုံးဝပုံအပ်ရန် သင်တန်းပေးခြင်း ဖြစ်သည်ဟု အစပျိုးသည်။ အီးဒ်ဝေါဟာရအဓိပ္ပာယ် မှာ ပျော်ရွှင်ခြင်းဖြစ်သည်။ စုပေါင်းဝတ်ပြုရာဌာန အီဒ်ဂါသို့သွားပြီး အရှင့်အား ကျေးဇူးတင်စွာ ၀တ်ပြုကြရသည်။

    အီးဒ်နေ့အတွက်ပေးရသော ဖိသ်ရာကြေးသည် ဆင်းရဲသားများအတွက် အထူးထောက်ပံ့ကြေးဖြစ်သည်။ ဗြဟမစိုရ်တရား လက်တွေ့ ကျင့်သုံးခြင်းဖြစ်သည်။ ၀တ်ပြုအပြီး အချင်းချင်းမေတ္တာပို့ကြ၊ မေတ္တာ ခံယူကြသည်။ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေကြသည်။ အီးဒ်နေ့တွင် ဘုရားလွတ်တရားလွတ် ပျော်ရွှင်ခြင်းမဟုတ်။ မွတ်စလင်မ်အဖြစ် ပျော်ရွှင်မှုဖြစ်သည်၊ မွတ်စလင့်မ်ယဉ်ကျေးမှုဖြစ်သည်ဟု ဖော်ပြသည်။ မှတ်သားခံယူကျင့်သုံး ရမည့် နည်းမှန်လမ်းမှန် အသိတရားများ ဖြန့်ဝေခြင်း ဖြစ်သည်။

    ၇။ ရင်သွေးပျိုးထောင်မှုနှင့် ပတ်သက်၍ ကလေးတို့အစ္စလာမ်ဘာသာ ဆောင်းပါး(၃၄)တွင် တင်ပြထားသည်။ မူရင်းသည် အိန္ဒိယနိုင်ငံ နယူး ဒေလီ ဂျာမေအာမိလဒီယာထုတ် ပြဋ္ဌာန်းစာအုပ်ဖြစ်သည်။ ကလေးတို့ အကျိုးဖြစ်ထွန်း စေရန် ဘာသာပြန်တင်ပြ ဝေဖန်မှုခံယူခြင်းဟု နိဒါန်းပြုထားသည်။

    စာကိုယ်တွင် အလ္လာဟ်အရှင်မြတ်၊ အာဒမ်နဗီသခင်၊ အစ်ဗလိစ် ရှိုင်တာန်၊ ပထမဆုံးသော ဂိုနာဒုစရိုက်၊ ဒီးန်သာသနာတော် စသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဖော်ပြသည်။ ကလေးဘ၀ကတည်းက သိသင့် သိထိုက်သည့် အခြေခံတရားများ ပါရှိသဖြင့် အကျိုးများလှပါသည်။

    ၈။ အတ္ထုပ္ပတ္တိ ကဏ္ဍနှင့်ပတ်သက်၍ ဗမာမွတ်စလင်မ်တို့၏ လက်ရုံးကြီး (၄၀)၊ ဂေါင်စွလ်အစွမ်သခင်ကြီး၏ သြ၀ါဒ(၆၂)၊ ဓမ္မရှစ်ပါး မြတ်ဆရာ(၅၀)၊ ဆောင်းပါးများပါဝင်သည်။ ဗမာမွတ်စလင်မ်တို့၏ လက်ရုံးကြီး ဆောင်းပါးသည် စာရေးဆရာကြီး ဒဂုန်သိန်း အလ္လာဟ်အရှင့် အမိန့်တော်ခံယူရသဖြင့် နှမြောတသ ဖော်ကျူးခြင်းဖြစ်သည်။

    ဂေါင်စွလ်အအ်ဇွမ်သခင်ကြီး၏ သြ၀ါဒအချို့(၆၂) ဆောင်းပါး တွင် သူတော်စင်အပေါင်းတို့၏ ရှေ့ဆောင်လမ်းပြ သခင်ကြီးက သြ၀ါဒ ပေးခဲ့သည့် ရှိုက်ခ် အတွင်းလမ်းပြရှေ့ဆောင်၏ အင်္ဂါရပ်ငါးရပ်ကို ဖော်ပြ သည်။ သခင်ကြီး၏ညွှန်းဆိုချက်နှင့် မပြည့်စုံပါက ဒပ်ဂ်ျဂျာလ် မိစ္စာ ကောင်အဖြစ် မောင်းနှင်ထုတ်သင့်ကြောင်း တင်ပြထားသည်။ သိရှိမှတ်သား လေးစားနာယူအပ်သော သြ၀ါဒများဖြစ်ပါသည်။

    ဓမ္မတရား မြတ်ရှစ်ပါး(၅၀)တွင် ဟာသင်အာဇွင် သူတော်စင်၏ ဓမ္မရှစ်ပါးကို တင်ပြထားပါသည်။ ရှရီအတ် တရားလမ်းပေါက် မြောက်ခဲ့ပြီး မအ်ရေဖတ်စခန်းသို့ရောက်ရှိသော သူတော်စင်ကြီးနှင့် ဆရာ သခင်ဖြစ်သူ တို့ မေးဖြေဟန်တင်ပြသည်။ သူတော်စင်မှာ ဟာသင်မ် အာဇွင်ဖြစ်ပြီး ဆရာတော်မှာ ရှကီလ်ဗလ်ခီ သခင်ဖြစ်သည်။ ဆရာ့ထံ ၃၃ နှစ်တိုင် ကျိုးနွံစွာတပည့်ခံ ဆည်းပူးလေ့ကျက်ပြီး ခံယူရရှိသော ဓမ္မတရား မြတ်ရှစ်ပါးကို ရှင်းပြသည်။

    (၁)    လောကီအာရုံ ချစ်ခင်နှစ်သက် သာယာမှုများထက် သံသရာ ပါမည့် သုစရိုက်တရား မြတ်နိုးမှု

    (၂) ဆန္ဒကိုချုပ်ထိန်းပြီး စိတ်ရိုင်းကိုပယ်ကာ ကုသလကမ္မ နှင့် သီလဆောက်တည်မှု

    (၃) လောကီဥစ္စာ စည်းစိမ်ရတနာ စုဆောင်းရသမျှ လှူဒါန်းစွန့်ကြဲပြီး အရှင့်ထံမှ နိစ္စထာဝရ ဥစ္စာပစ္စည်းစုဆောင်းမှု

    (၄) ဓနဂုဏ်၊ ဆွေဂုဏ်၊ မျိုးဂုဏ်ထက် အကုသိုလ်ကြဉ်ရှောင်သော ဂုဏ်ကို တန်ဖိုးထားမှု

    (၅) မနာလို ၀န်တိုစိတ်ပယ်ပြီး အချင်းချင်းမေတ္တာထား၍ ချစ်စိတ်ပွားမှု

    (၆) လူအချင်းချင်း နိုင့်ထက်စီးနင်းမှုမပြုဘဲ အရှင်မြတ်၏ရန်သူ ဖြစ်သည့် ရှိုင်တာန်မိစ္ဆာကိုသာ အောင်နိုင်မှု

    (၇) စားနပ်ရိက္ခာကို အရှင်ကသာ ဖြည့်စွမ်းပေးနိုင်သည်ဟု ယုံပုံပြီး ပညတ်တော်များ တစ်သဝေမတိမ်း လိုက်နာမှု

    (၈) မှီခိုအားထားရာအစစ်သည် အလ္လာဟ်သာဖြစ်သည်။ အရှင့်ထံမှ ကောင်းကျိုးမင်္ဂလာ သက်ရောက်ပါက ပြည့်စုံ ကုံလုံသည်ဟု ခံယူမှုဟူသည် တရားရှစ်ပါးဖြစ်သည်ဟု တပည့်ကရှင်းပြသည်။ ဆရာသခင်က ကောင်းကင်ကျ ကျမ်းများဖြစ်သည့် တောင်ရတ်၊ အင်ဂျီလ်၊ ဇဗူရ်နှင့် ကုရ်အာန်ဟူသည့် ကျမ်း ၄ ကျမ်းစလုံးမှ ညွှန်ကြားသည့် တရားလေးပါးလုံး ပါဝင်သဖြင့် ကျမ်းလေးကျမ်းလုံး လိုက်နာရာ ရောက်သည်ဟု ချီးမွမ်းထောပနာ ပြုကြောင်း ဖော်ပြထားသည်။

    ၉။ နိုင်ငံတကာအစ္စလာမ်ကဏ္ဍတွင် ရုရှားပြည်မှာ ကိုးကွယ်ရာ ဘာသာ(၃၂)၊ ဂျာမဏီပြည်တွင် အစ္စလာမ် ရောင်ခြည်(၇၀)၊ တရုတ်ပြည်ရှိ မွတ်စလင်မ်(၄၈)၊ နေသွေးနီ တူရကီ ပြဇာတ်(၈၉၊ ၉၁)၊ ဒို့တရားသူကြီး (၆၁) ဟူသည့် ဆောင်းပါးများ ပါဝင်သည်။

    တရုတ်ပြည်ရှိ မွတ်စလင်မ်များ ဆောင်းပါးသည် ၁၉၅၄ ခု စက်တင်ဘာလထုတ် မွတ်စလင်မ်ဒိုင်ဂျက်မှ ပြန်ဆိုသည့်ဆောင်းပါးဖြစ်သည်။ မွတ်စလင်မ်တို့သည် တိဘက်၊ မွန်ဂိုလီးယား၊ စင်ကီယန်နှင့် အနီးပတ်ဝန်းကျင် ဒေသတို့တွင် မြောက်မြားစွာစုရုံးနေထိုင်လျက်ရှိကြသည်။ ထိုစဉ်က စုစုပေါင်း ၄၇ သန်း ၁ သိန်းရှိသည်။ ပါကစ္စတန်နှင့် အင်ဒိုနီးရှား၏နောက်တွင် တတိယအများဆုံးဖြစ်သည်။ သက်ဆိုင်ရာအစိုးရက လျစ်လျူရှုခြင်းငှာ မဖြစ်နိုင်တော့ဟု သုံးသပ်တင်ပြထားသည်။

    ဒို့တရားသူကြီး(၆၁)ဆောင်းပါးတွင် ကော်တိုဘာမှ တရားစီရင် ရေးအကြောင်း တင်ပြခြင်းဖြစ်သည်။ ဥပဒေအထက် မည်သူမျှမရှိစေရ ဟူသောအယူအဆကို ဖော်ကျူးထားသည်။ ဘုရင့်နန်းတော်နှင့် တရားရုံးတော်ကို ဇာတ်နောက်ခံပြုပြီး တရားရေးတွင် မင်းကလည်း တရားဥပဒေ လိုက်နာသည်၊ တရားသူကြီးကလည်း ဥပဒေနှင့်အညီ စီရင်သည်။ မင်းနှင့် ဆင်းရဲသားကို ခွဲခြားမှုမရှိ၊ မည်သူ့မျက်နှာကိုမျှ မထောက်ဘဲစီရင်သဖြင့် ပရိသတ်က ဒို့တရား သူကြီးဟု တစ်ခဲနက်ပဲ့တင်ထပ်မျှ ကြွေးကြော်ပုံကို ဖော်ပြသည်။ ကော်တိုဘာမှ မွတ်စလင်မ် ဥပဒေသဘာဝ ပေါ်လွင် သည်။

    ၁၀။ လူမှုရေး စီးပွားရေးကဏ္ဍတွင် အစ္စလာမ် တရားတော်နှင့် တရားမျှတမှု(၆) ဘ၀သစ် ဖန်တီးရေး (၅၀) ဘ၀သစ်ဖန်တီးရေး(၅၁)၊ မာနစိတ်(၅၂) ဆောင်းပါးများပါဝင်သည်။

    ဘ၀သစ်ဖန်တီးရေး(၅၀)တွင် ဆရာ၏ခေတ်အမြင်ကို တွေ့ရသည်။ လူတိုင်းအလုပ်လုပ်ရန် အရေးကြီး သည်။ နိုင်ငံ၏စီးပွားရေး ခိုင်မာတောင့်တင်းရန် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

    မြန်မာနိုင်ငံတွင် သစ်ထွက်သည်၊ သုံးထပ်သား ထုတ်လုပ်လျှင် ကြီးပွားနိုင်သည်။ အိမ်တွင်းလက်မှုလုပ်ငန်း က စတင်ထုတ်လုပ်နိုင်သည်။ အစိုးရက စက်မှုလက်မှု လုပ်ငန်းကို အားပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။

    ဘ၀သစ်ဖန်တီးရေး(၅၁)တွင် ချမ်းသာကြီးပွားရေးအတွက် လမ်းညွှန်တင်ပြထားသည်။ ကြီးပွားလိုလျှင် ရေသာခို၍မရ၊ လုံ့လစိုက်ထုတ်ရသည်။ တကယ်တမ်းကြိုးပမ်းမှ တိုးတက်ကြီးပွားမည်။ လစ်ပတန် လက်ဖက်ခြောက် လုပ်ငန်းရှင် ဆာသောမတ်လစ်ပတန်သည် ငယ်စဉ်က နပ်မှန်အောင် မစားရသူဖြစ်သည်။ နောင်သော် ဆာဘွဲ့ခံ လစ်ပတန် ဖြစ်လာသည်မှာ မဆုတ်မနစ် ကြိုးစားမှုကြောင့် ဖြစ်သည်။

    ကြီးပွားလိုသူမှန်သမျှ ကိုယ်ကျင့်တရား စောင့်ထိန်းရမည်၊ သူတစ်ပါးကိုမှီခိုသည့် နွယ်ပင်ကဲ့သို့မကျင့်ဘဲ ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ဟု လက်တွေ့ လုပ်ကိုင်နိုင်ရန် လုပ်ငန်းအချို့ ဖော်ပြသည်။

    ရေမွှေးလုပ်နည်းသည် လုပ်ငန်းငယ်သော်လည်း ကျယ်ပြန့်အောင် လုပ်နိုင်သည်။ ပုလင်း၊ တံဆိပ်၊ ဘူးခွံမှအစ ခေတ်မီအောင် ဆောင်ရွက်နိုင်သည်။ ပျို့သက်လှယ်ရေမွှေး၊ မောင်မယ်တို့ လက်စွဲရေမွှေး ပြုလုပ်နည်း များ ဖော်ပြထားသည်။ ကြီးပွား တိုးတက်စေနည်းများကို လက်တွေ့ကျကျ ဖော်ပြခြင်းဖြစ်သည်။

    ၁၁။ ဘာသာအချင်းချင်း ချစ်ကြည်လေးစားမှု ကဏ္ဍတွင် အစ္စလာမ် ဘာသာကို သူတို့မြင်ပုံ(၄)၊ သင်တို့အဖို့ မှီခို အားထားရာ ဘာသာသာသနာ (၁၅)၊ ကမ္ဘာ့အလင်းနှင့် ဦးပဇဉ်းဆောင်းပါးတို့ ပါဝင်သည်။

    အစ္စလာမ် ဘာသာကို သူတို့မြင်ပုံ(၄)ဆောင်းပါးတွင် ဒေလီ မြို့တော် တက္ကသိုလ် သက္ကဋနှင့် ဟင်ဒီဘာသာ အကြီးအကဲ ပဏ္ဍိတ်ကြီး မဟာမဟော ပါဒယာ ဒေါက်တာ လက်ချမီဒါရ် M.A, PhD က ၁၉၄၇ စက်တင်ဘာ ၃ ရက်တွင်ကျင်းပသော အစည်းအဝေး၌ “အစ္စလာမ်ဘာသာ ၏ မဟာကျေးဇူးတော် အပေါင်း နှင့် မွတ်စလင်မ် ယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့် အယူမှန် တွေ့ရှိသိမြင်လာကြောင်း” ပရော်ဖက်ဆာ စအီးဒ်နှင့် ဆွေးနွေးပုံ၊ ပွင့်ပွင့်လင်းလင်း ဖွင့်ဟမိန့်ကြားပုံကို တင်ပြထားသည်။

    တစ်ဆက်တည်းမှာပင် ဆရာက မိမိဘာသာကို မိမိတို့ လေးစား ကိုင်းရှိုင်းရန် နှိုးဆော်တင်ပြထားသည်။

    သင်တို့အဖို့ မှီခိုအားထားရာ ဘာသာသာသနာ (၁၅)တွင် ကမ္ဘာပေါ်၌ ပွင့်လေသမျှသော ဘုရားတရား လမ်းသို့ ပို့ဆောင်သည့် ပုဂ္ဂိုလ် ထူးပုဂ္ဂိုလ်မြတ်များကို အစ္စလာမ် ဘာသာက အသိအမှတ်ပြုသည်ဟု ဖော်ပြသည်။ လောကတွင် အမြင်ကျဉ်းသူများကြောင့် မုန်းတီးမှုများပေါ်ရသည်။ ဘာသာတရားကို အယုံအကြည်မဲ့သူများ ရှိလာသည်။ ဘာသာပေါင်းစုံ ညီညွတ်ရေးကို အစ္စလာမ်က လမ်းခင်းပေးသည်။ အစ္စလာမ် ဘာသာသည် ဝေနေယျ တို့ မှီခိုအားထားရာဖြစ်သည်။

    အိန္ဒိယပြည် ဂုရုနာနတ်သခင်ကြီးက ရှေးဟောင်း ကျမ်းရင်းများကို ကိုးကား၍ ထာဝရရှင်ကို ထောက်ခံထားသည်။ အလ္လာဟ်အရှင်မြတ်၊ ရစူလ်ကိုယ်တော်မြတ်၊ ကုရ်အာန် ကျမ်းတော်မြတ် ဟူသော သရဏဂုံ သုံးပါးကိုသာ ဆည်းကပ်ရန် တိုက်တွန်းသည်။ အစ္စလာမ်သည် မျက်မှောက်ဘ၀ နှင့် တမလွန်ဘ၀အတွက် ငြိမ်းချမ်းသာယာမှုကို ဖန်တီးပေးသည်။ ဥာဏ်ဖြင့်ယှဉ်ပြီး လိုက်နာကျင့်သုံးကြရန် တိုက်တွန်းထားသည်။

    ၁၂။ ဟောပြောချက်ကဏ္ဍတွင် ရန်ကုန်တက္ကသိုလ်တွင် ဟောပြောချက်  Peace role of Islam (၆၁)နှင့် မြို့တော်ခန်းမ ဟောကြားချက်(၉၅)တို့ ပါဝင်သည်။

    ဆရာသည် ရန်ကုန်တက္ကသိုလ်တွင် ကမ္ဘာ့ငြိမ်းချမ်း သာယာရေးနှင့် အစ္စလာမ့်လမ်းစဉ် Peace role of Islam ခေါင်းစဉ်ဖြင့် ဟောကြားသည်။

    ယခုခေတ်သည် မည်သူ့ကို အားကိုးပြီး မည်သည့်အရာများ လုပ်ဆောင်ရမည်ဆိုသည် မသိသည့်ခေတ်ဆိုး ကြီးဖြစ်သည်။ အလားတူပင် ယခင် ၅ ရာစုကြားမှာလည်း ကမ္ဘာကြီးတွင် အ၀ိဇ္ဇာအမှောင်အတိ လွှမ်းခဲ့သည်။ တမန်တော် သခင်ပွင့်တော်မူပြီး သဘာဝကျသော တရားဓမ္မကို ပြသခဲ့သည်။ ကမ္ဘာသားများသည် တစ်မိတည်း တစ်ဖတည်းမှ ပေါက်ဖွားသည်။ သူတစ်ဦးတွင် ဒုက္ခတွေ့လျှင် ကိုယ်တိုင်ခံစားရသကဲ့သို့ သဘောထားရမည်။ ပါရှားစာဆို ရှိုက်စအ်ဒီကလည်း ဤသဘောရည်ကာ ကဗျာစပ်ခဲ့သည်။ လိုက်နာကျင့်သုံးလျှင် ကမ္ဘာကြီး စစ်မက်မရှိ ငြိမ်းချမ်း သာယာလာမည်။ လူတန်းစား ခွဲခြားခြင်းသည် မငြိမ်မသက်ရသည့် အကြောင်းရင်းဖြစ်သည်။ အစ္စလာမ်က လူလူချင်းအဆင့်မခွဲ၊ အစ္စလာမ့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ နိုင်ငံကြီးများမှ လူ့အခွင့်အရေး ကွာခြားမှုကို အမေရိကန်မှ လတ်တလောဖြစ်ရပ်နှင့် နှိုင်းယှဉ်တင်ပြထားသည်။

    မြို့တော်ခန်းမ ဟောကြားချက် (၉၅)တွင် ကမ္ဘာ့အလင်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဟောကြား သည့် နိုင်ငံတော် ဘာသာကိစ္စ မိန့်ခွန်းကို ဖော်ပြခြင်း ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေ နေ့ နံနက် ၉ နာရီတွင် ဟောကြားခြင်းဖြစ်သည်။

        မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ အခြေခံထားသဖြင့် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်ခဲ့သည်။ ပြည်ထောင်စုသားများက ဒီမိုကရေစီကို မြတ်နိုးသည်။ သက်ဦး ဆံပိုင်စနစ်ကို ရွံမုန်းခဲ့ကြသည်။ နိုင်ငံတော် ဘာသာ ကိစ္စကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ယိမ်းယိုင်ညှိုးမှိန်သွားနိုင်ကြောင်း အထောက် အထား ခိုင်ခိုင်မာမာ အာဝဇ္ဇာန်းရွှင်ရွှင်ဖြင့် ဟောကြားမှုပေါ်လွင်သည်။

    ၁၃။ ရသဖန်တီးမှုကဏ္ဍတွင် ရုပ်ပုံတော်စာပန်းချီ (၆)၊ အို-ဟူစိန်(၅၆)၊ အို- မြေခရွက်ဝါရယ်(၇၆)တို့ ပါဝင်သည်။

    ရစူလ် ကိုယ်တော်မြတ်၏ ရုပ်ပုံတော် စာပန်းချီကို ၁၉၇၃ ခု နိုဝင်ဘာလထုတ် အစ္စလာမ့်အလင်း အမှတ်စဉ် (၆)တွင် တင်ပြသည်။

    အစဩလာမ်က ရုပ်တုဆင်းတု ပြုလုပ်ခြင်းကို ခွင့်မပြုသဖြင့် မဟာ တမန်တော်မြတ်ကြီးပုံတော်ကို ထုတ်လုပ်ခွင့်မရ၊ မြတ်နိုးသူများ ကြည်ညို သဒ္ဓါပွားစိမ့်သောငှာ သရုပ်ဖော် တင်ပြခြင်း ဖြစ်သည်။ ခိုင်လုံသော ကျမ်း တော်ကြီးများမှ ကိုယ်တော်မြတ် ပုံပန်းသွင်ပြင် ရုပ်ဆင်းအင်္ဂါ မဟာ ပုရိသ လက္ခဏာတော်များကို မြင်ယောင် ကြားယောင်လာအောင် စာပန်းချီ ခြယ်ခြင်းဖြစ်သည်။

    သာဝကကြီး အဗူဗက္ကရ်၏ အရဗီလင်္ကာကို

    “လပြည့်ဝန်းကြီး ထွန်းပေါ်ကာ၊
    အမှောင်ခွင်း၍ အလင်းဆောင်လာ၊
    နဗီမြတ်မွတ်တဖွာ ရွှေမျက်နှာတော်မှာ၊
    ပမာထိုသို့သာ”ဟု မြန်မာမှုပြုဖော်ပြထားသည်။ နိဂုံးတွင်

    “ဗလဂလ်အုလာ ဗေကမားလေဟီ” အစချီသော မေတ္တာပို့ ဖာရစီကဗျာဖြင့် နိဂုံးပြုထားသည်။ ခံ့ညားလှပသော လက်ရာမြောက် ပန်းချီကားချပ်ကြီး တစ်ချပ် ရေးခြယ်ခဲ့ခြင်းဟု ဆိုနိုင်သည်။

    အို-ဟူစိန်သည် တမန်တော်မြတ်၏ မြေးတော်ချစ် အေမာမ်သခင် ဘွဲ့ရ ဟူစိန်သခင်အကြောင်း ရသ စာတမ်းငယ်ဖြစ်သည်။

    ကရ်ဘလာရင်ပြင်တွင် ယဇီးဒ်၏ ဘက်တော်သားများကြောင့် ရှဟီးဒ်ဖြစ်သွားရသော အေမာမ်သခင်နှင့် အပေါင်းပါတို့ဖြစ်အင်ကို ရသ မြောက်အောင် ဖွဲ့နွဲ့တင်ပြသည်။ အလ္လာ့ဟ်လမ်းတွင် အသတ်ခံရသဖြင့် သေသည် မမည်။ သခင့်လမ်းစဉ် ရှင်သန်လျက်ရှိသည်။ သခင်သည် စည်းစိမ်ဥစ္စာ ရာထူး ဌာနန္တရကို မမက်၊ ဒုက္ခအသွယ် သွယ်ကို ရင်ဆိုင်၊ အမှားရှေ့မှောက် ဒူးမထောက်၊ ကြံ့ခိုင်သောဇွဲသတ္တိဖြင့် ယောက်ျားပီသစွာ ခုခံတော်လှန်ခဲ့သည်။ သခင့်သာဓကသည် ကမ္ဘာတည်သရွေ့ တည်နေမည်၊ သခင့် စံနမူနာသည် ထာဝရ ရှင်သန်နေမည်ဟု  ရေးဖွဲ့ထား သည်။

    ကြည်ညို လေးစားသူ အပေါင်းကို အမှားရှေ့မှောက် ဒူးမထောက်ဘဲ အမှန်တရားကို အသက်နှင့်လဲ၍ စောင့်ရှောက်ရန် ခိုင်မြဲသည့်သန္နိဋ္ဌာန်ကို ချကြပါစို့ဟု နှိုးဆော်ထားသည်။ စာဖတ်ပရိသတ် ခံစားနှစ်သက်စေနိုင်သည့် ရသဖန်တီးမှုဖြစ်သည်။

    အို-မြေခရွက်ဝါရယ်သည် သဘာ၀၀န်းကျင်မှ ရွက်ကြွေကို အကြောင်းပြုပြီး ခံစားမှုကို အားပြုရေးဖွဲ့ ထားသည်။

    ပထမတွင် မိဘအသိုင်းအ၀ိုင်းကြောင့် ရွက်ဝါတွေကြွေကျ မြေခသည်ကို သတိမမူမိခဲ့၊ ထို့နောက် ချစ်ရေယဉ်ကြော မျောပါနေမိခြင်း ကြောင့်လည်း သတိမမူမိခဲ့။

    ဆင်ခြင်တုံ တရားကြောင့် သတိမူမိလိုက်သည့်အခါ သစ်ရွက် မည်သည် ပင်စည်တွင်ရှိစဉ် အေးမြသည့် အရိပ်ကိုပေးသည်၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေသည်၊ ပင်စည်ကြီးမှခွဲပြီး ကြွေကျမြေခသည်နှင့် လူနင်းခံရ သည်၊ သဘာဝကို မလွန်ဆန်နိုင်၍ ခံရခြင်းဖြစ်သည်ဟု တွေးသည်။

    သစ်ရွက်နှင့်ပမာယှဉ်၍ ကမ္ဘာ့မွတ်စလင်များနှင့် ပတ်သက်၍ ခံစားမိသည်။ ကမ္ဘာ့မွတ်စလင်များသည် အဖွဲ့အစည်းတည်း ဟူသော ပင်မကြီးတွင် ခိုင်မြဲစွာ တွယ်နေစဉ် ဝေနေယျာ အများ၏ ခိုလှုံအားထားရာ ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်း သာယာမှုကို ပေးသည်။ ပင်မမှခွဲသည်နှင့် တစ်ပြိုင်နက် နင်းပြားဘ၀ ရောက်ရသည်။ သဘာဝကို မလွန်ဆန်နိုင်၍ ဖြစ်သည်ဟု ဖြေသာသည်။

    ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပင်မမှ ရုန်းထွက်ကာ နင်းပြားဖြစ် ရခြင်းကို စိတ်မည်သို့ဖြေရပါ့ဟု ဆွေးလိုက်သည်။ စာဆို အတွေးအမြင် ခံစားမှုကို အားပြု ရေးဖွဲ့ထားသည်။ ရသဖန်တီးမှုဖြစ်သည်။

    ဆရာရေးသားသော ဆောင်းပါး ခေါင်းစဉ်များကို ကြည့်ရုံမျှဖြင့်ပင် ဆရာသည် သာသနာ့ပညာရော ခေတ်ပညာပါ လေ့ကျွမ်းသည်။ ကမ္ဘာ့ ဗဟုသုတ ကြွယ်ဝသည်၊ အရှေ့အနောက် ယဉ်ကျေးမှုများနှင့် ရင်းနှီးသည်၊ ကမ္ဘာ့ အဆင့်မီ ပညာရေးကို လိုလားသည်။ သာသနာရေးကို စိတ်ဝင်စား သကဲ့သို့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး များကို အလေးထားသည်။ အမျိုးသား ကြီးပွားရေးကို လိုလားသည်။  ညီအစ်ကိုတော် ကမ္ဘာ့မွတ်စလင်များကို ကိုယ့်ရင်တတူ စာနာသည်။ ဘာသာအချင်းချင်း နားလည်စေချင်သည်၊ ချစ်ကြည်စေချင်သည်၊ စည်းလုံးစေချင် သည်၊ ငြိမ်းချမ်းစွာ အတူတကွ ဖြစ်ပေါ်တိုးတက်ချင်သည်။ အစ္စလာမ် သာသနာ၏ ခေတ်မီ ဆန်းသစ်သော ပကတိ သဘောကို ပေါ်လွင်စေချင်သည်။ ခက်ခဲနက်နဲသော သဘောတရားများကို ရေလည်အောင် ဖွင့်ဆိုတတ်သည်။ ခံစားနှစ်သက် သာယာအောင် ဖွဲ့ဆိုတတ်သည်။ အစ္စလာမ်အဖြစ် ဂုဏ်ယူတတ်အောင် ခေတ်မီစွာ တင်ပြ တတ်သည်ဟု ဆိုနိုင်ပါသည်။

    ဆရာ၏ ကျန်ရစ်သော လုံးချင်းစာမူများကို ဆရာ့အားလေးစား ကြည်ညိုသော တပည့်တပန်း စာပေ ၀ါသနာရှင်များက ထုတ်ဝေရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

    ဆရာသည် ကမ္ဘာ့အလင်း အယ်ဒီတာ ဘ၀က Islam The Religion  for Humanity to Understand and Practice သိမှတ်ကျင့်သုံး ဖွယ်ရာ အစ္စလာမ်ဘာသာ စာအုပ်ကို ထုတ်ဝေခဲ့သည်။ နုယဉ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး ကမ္ဘာ့အလင်းအယ်ဒီတာ ရုံးခွဲလိပ်စာဖြင့် ထုတ်ဝေခြင်း ဖြစ်သည်။ ကျမ်း၏ကျောဖုံးတွင် ဆက်လက်ပြုစုရန် ရည်စူးထားသော စာအုပ်စာရင်း ဖော်ပြထားသည်မှာ-

    ၁။    The Peace Message of Islam     ငြိမ်းချမ်းသာယာ အစ္စလာမ်ဘာသာ

    ၂။    Islam –  A Blessing for Mankind     လူသားများအဖို့ ကောင်းချီးမင်္ဂလာ အစ္စလာမ်ဘာသာ

    ၃။    လူတိုင်းအဖို့ အစ္စလာမ်ဘာသာ အခြေပြ

    ၄။    Islam – That it means.    အစ္စလာမ်ဘာသာ၏ အဓိပ္ပာယ်နှင့် သဘောတရား

    ၅။    ကလေးများအဖို့ အစ္စလာမ်အယူဝါဒ အခြေပြ

    ၆။    Islam and Capitalism    အစ္စလာမ်နှင့် ဓနရှင်ဝါဒ

    ၇။    Islamism အစ္စလာမ်ဝါဒ

    ၈။    အစၥလာမ္ဘာသာ အဘိဓမၼာ

    ၉။    ကုရ်အာန်ပညာ သင်ခန်းစာ

    ၁၀။    မေတ္တေယျ ကိုယ်တော် ဟူ၍ဖြစ်သည်။

    အများစုသည် ကမ္ဘာ့အလင်းပါ ဆောင်းပါးများတွင် ဆွေးနွေးတင်ပြပြီး အကြောင်းရပ်များဖြစ်သည်။ ဆရာသည် စတင်ရေးကတည်းက အစီအစဉ်တကျ ခြေခြေမြစ်မြစ် ရေးတတ်သဖြင့် လုံးချင်းအဖြစ် ထုတ်ဝေနိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု ယူဆပါသည်။ တစ်အုပ်ပြီးတစ်အုပ် ထွက်ပေါ်လာ မည်ဆိုပါက များစွာအကျိုးပြုနိုင်ပါသည်။ ဘာသာမတူ အယူခြားသူများကိုပင် သဘောပေါက်အောင် ရေးလေ့ရှိသည်မှာ ဆရာ၏ ထူးခြားမှု ဖြစ်သည်။ ဆရာသည် ဘာသာအချင်းချင်း နားလည်မှုမှ ဘာသာပေါင်းစုံ ချစ်ကြည်မှု၊ ထိုမှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသို့ ဦးတည်ခဲ့သော ခေတ်မီစာရေး ဆရာကြီးဟု ဆိုနိုင်ပါသည်။

    ဆရာ့လက်ရာများကား ခေတ်မီဆဲ၊ သစ်လွင်ဆဲ ဖြစ်ပါသည်။

    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။