News @ M-Media

Tag: featured

  • သံတွဲ အကြမ်းဖက်မှုတွင် ကမန်တိုင်းရင်းသား အကြမ်းဖက်ခံများကိုလည်း ဖမ်းဆီးနေ

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    ချမ်းငြိမ်းအေး

    31545_598712750171199_327644139_n
    အကြမ်းဖက်ခံ ကမန်တိုင်းရင်းသား မွတ်စလင်များ (Photo: Reuters / Soe Zeya Tun)

    သံတွဲ   ။          ။      ၂၀၁၃၊ စက်တင်ဘာ ၂၉-ရက်နေ့ကစတင်၍ သံတွဲမြို့တွင် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်တချို့နှင့် ၀န်းကျင် ကမန်ရွာများမှ အိမ်ခြေ ၁၇၀-နီးပါး မီးရှို့ ဖျက်ဆီးခံရပြီး ကမန် လူဦးရေ ၈၀၀-နီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အကြမ်းဖက်မှုပြီးဆုံးပြီးနောက် ဖမ်းဆီးမှုများတွင် အကြမ်းဖက်ခံ ကမန်တိုင်းရင်းသားများပါ ဖမ်းဆီးခံနေရသည်ဟု သိရှိရပါတယ်။

    အောက်တိုဘာ ၅-ရက်နေ့တွင် လင်းသီရွာတွင် ဓါတ်ဆီပုလင်းတွေ့ရှိသည်ဟုဆိုကာ ကိုတင်နောင်ထွန်းနှင့်ဒေါ်ခင်မေသန်းတို့အား ဖမ်းဆီးပြီး၊ အခြား ၁၁-ယောက်ကိုလည်း အကြောင်းပြချက်မရှိပဲ ဖမ်းဆီးခဲ့ပါတယ်။ မနေ့က အောက်တိုဘာ ၉-ရက်နေ့မှာ လင်းသီရွာသူကြီးကိုပါ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

    “ကျွန်တော်တို့က အကြမ်းဖက်ခံခဲ့ရသူတွေပါ။ ဘာကြောင့် အခုလို အကြမ်းဖက်ခံခဲ့ရသူတွေကိုပါ လိုက်လံ ဖမ်းဆီးနေတယ်ဆိုတာ မသိရသေးပေမယ့် ရွာထဲက ယောက်ျားလေးတွေလည်း အလကားနေရင်း ဖမ်းခံရမှာ လန့်နေကြတယ်ဗျာ”လို့ လင်းသီဒေသခံတစ်ဦးက ပြောခဲ့ပါတယ်။

    အောက်တိုဘာ ၅-ရက်နေ့က ဖမ်းဆီးမှုအား ရွှေလှေရဲစခန်းအား ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခြင်းမပြုသည့်အတွက် အောက်တိုဘာ ၉-ရက်နေ့က လင်းသီရွာလူကြီးအား ဖမ်းဆီးမှုကို ရွှေလှေရဲစခန်းမှ ရဲမှူးတင်မောင်လွင်ထံ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ဖမ်းဆီးမှုရှိသည်ဆိုသည်မှာ စုံစမ်းစစ်ဆေးမှုပြုဆဲဖြစ်ပြီး သံတွဲအကြမ်းဖက်မှုဖြစ်နေစဉ် အောက်တိုဘာ ၁-ရက်နေ့က ဆိုင်ကယ် ၃-စီးဖြင့် ရခိုင် ၆-ယောက်မှာ လင်းသီရွာအနီးတွင် ပြဿနာဖြစ်ပွားပြီး ၂-ယောက် ပျောက်ဆုံးနေသဖြင့် ဓါးခုတ်မှုနှင့် ပတ်သက်သော ကမန် ၈-ဦးအား အောက်တိုဘာ ၅-ရက်နေ့က ဖမ်းဆီးပြီး စစ်ဆေးခဲ့သဖြင့် တရားခံတွေမှ ရွာအနီး အလောင်းမြှုပ်သည့်နေရာအားလိုက်ပြသဖြင့် သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးပြီး အလောင်းတွေကိုလည်း တူးဖော်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

    ဆက်လက်၍ အောက်တိုဘာ ၉-ရက်နေ့တွင် လင်းသီရွာလူကြီးအား ဖမ်းဆီးခြင်းမှာ  “သူ့ရဲ့လက်အောက်မှာရှိတဲ့ ရွာဖြစ်တဲ့အတွက် ရွာလူကြီးကို ဖမ်းတယ်ဆိုတာထက် သူ့ကို မေးမြန်းရန်အတွက်ခဏခေါ်လိုက်တာပါ။ သူ့ကိုလည်း အရင်ကတည်းက ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ တရားခံတွေ လာအပ်ပေးဖို့ပြောထားပြီးသားပါ။ ကျေးရွာသားတွေကို အမိန့်ပေးပိုင်ခွင့်ထဲမှာ သူတို့လည်း ပါတယ်။ ဒါပေမယ့် သူတို့က အမိန့်မပေးဘူး။ အဲဒါကြောင့် စုံစမ်းမေးမြန်းဖို့ ခေါ်ထားတာပါ။ ဖမ်းထားတဲ့ ၈-ယောက်ကလည်း ဖမ်းတုန်းက မသင်္ကာတရားခံအနေနဲ့ ဖမ်းခဲ့တာပါ။ အခင်းဖြစ်ပွားစဉ်က အဲ့ဒီနေရာမှာ သူတို့ရှိနေတယ်ဆိုတာ သိရလို့ ဖမ်းလိုက်တာ။”လို့ဆိုပါတယ်။

    ၎င်းရက်များအတွင်း သဗြုချိုင်ရွာတွင် ကမန်တိုင်းရင်းသားများအား အကြမ်းဖက် လူသတ် မီးရှို့ခဲ့သည့်တရားခံများကိုရော ဖမ်းဆီးရမိပြီလားဟု မေးမြန်းချက်အား “သဗြုချိုင် လူသတ် မီးရှို့မှုနဲ့ပတ်သက်ပြီး တရားခံ ၁၃-ဦး ကိုဖမ်းထားပါတယ်။ အခင်းဖြစ်စဉ်မှာ ကျွန်တော်တို့ကိုယ်တိုင် တားရင်းနဲ့ မျက်မြင်တွေ့ရတဲ့ ၁၃-ဦးကို အမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတာ ရှိပါတယ်။ အဲ့ဒီ ၁၃-ဦးထဲကပဲ မီးရှို့ရင် ရှိုတဲ့သူ သတ်ရင် သတ်တဲ့သူ ၀န်ခံတာရှိပါတယ်။ ကျွန်တော်တို့က နှစ်ဖက်စလုံးကို ဖမ်းဆီးတာပါ။ ရွှေလှေက နယ်မြေရဲစခန်းဖြစ်တဲ့အတွက် သံတွဲ မြို့မ ရဲစခန်းကိုပဲ ပို့ဆောင် စစ်ဆေးခွင့်ရှိပါတယ်”လို့ ရွှေလှေ ရဲစခန်း ရဲမှူး တင်မောင်မှ ပြောပြပါတယ်။

    မနေ့က အောက်တိုဘာ ၉-ရက်နေ့ ည ၁၁-နာရီခန့်မှာ အကြမ်းဖက်ခံခဲ့ရသည့် သဗြုချိုင်ရွာမှ ကျော်ကျော်၊ ကျော်ကြီး၊ ကျော်ကျော်နိုင်၊ အောင်အောင်၊ နေလင်းကျော်၊ ဂျပန်၊ ညီလေး(ခ)ကုလားပု၊ ဖိုးသားအေးတို့အား ထပ်မံ ဖမ်းဆီးခဲ့သည်ဟု ဒေသခံများမှ ဆက်သွယ်ပြောပြမှုကြောင့် ယနေ့မနက်ပိုင်းမှာ ရွှေလှေ ရဲစခန်း ရဲမှူးထံ ထပ်မံ ဆက်သွယ် မေးမြန်းရာ “သဗြုချိုင်က ၈-ယောက်ကို မနေ့ညက ထပ်မံဖမ်းဆီးတယ်ဆိုတာ ကျွန်တော်တို့က ကမန်ရယ် ရခိုင်ရယ်လို့ ဖမ်းတာ မဟုတ်ပဲ ဖြစ်စဉ်နဲ့ပတ်သက်ပြီးပဲ ဖမ်းခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေမှာ ကမန်အိမ်က ဘယ်နှစ်အိမ်ရှိတယ်၊ ရခိုင်အိမ်က ဘယ်နှစ်အိမ်ရှိတယ်ဆိုပြီး စုံစမ်းတဲ့အခါ ရခိုင်အိမ် ၁၁-အိမ် ပါသွားတယ်။ အဲဒီ ၁၁-အိမ်ကို မီးရှို့တယ်လို့ မျက်မြင်သက်သေက ဒီကမန်တွေပါပဲဆိုတဲ့အတွက် သူတို့ကို ဖမ်းဆီးခြင်းဖြစ်ပါတယ်”လို့ဖြေကြားခဲ့တာကြောင့် အများစုမီးရှို့ခံရတာက ကမန်အိမ်တွေဖြစ်တာကြောင့် ကမန်အိမ်တွေကို မီးရှို့သူ သတ်ဖြတ်သူများကိုရော ဖမ်းဆီးရမိတာမျိုး ရှိပါသလားလို့ မေးမြန်းရာ “ကျွန်တော်တို့ ဖမ်းထားတာ ရခိုင်ဘက်က ဖမ်းဆီးမှုလည်း ရှိပါတယ်။ အိမ်မီးရှို့ခံရသူတွေရဲ့ ထွက်ဆိုချက်အရ စုံစမ်းမေးမြန်းဖို့ ကျွန်တော်တို့ ခေါ်ယူရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဘက်ကလည်း ဖမ်းဆီးထားတာ အယောက် ၂၀-ကျော် ရှိပါတယ်။ ပြစ်မှုကျူးလွန်တဲ့အပိုင်းအလိုက် ခေါ်ယူစုံစမ်းစစ်ဆေးနေပါတယ်။ ကျွန်တော်တို့အနေနဲ့က အမှုကို တရားစွဲဆိုနိုင်တဲ့အဆင့်ထိ ရောက်အောင်ပဲ စုံစမ်းစစ်ဆေးမှုပြုရမှာပါ။ ဥပဒေနဲ့အညီ တရားစွဲတင်ရမှာဖြစ်ပါတယ်။ တရားစွဲတင်တာက ကျွန်တော်တို့အပိုင်းမဟုတ်ပါဘူး။ ကျွန်တော်တို့က အမှုတွဲကို တည်ဆောက်ပြီး သူတို့ထွက်ဆိုချက်အရ ဥပဒေနဲ့အညီ စွဲတင်ဖို့ စီစဉ်ထားပါတယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဖမ်းဆီးထားသည့် ကမန်တိုင်းရင်းသားအားလုံးကို ယခုအခါ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းနှင့် မနေ့ညက ဖမ်းဆီးခံရသူများအားလည်း ရမံဖြင့် သံတွဲထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကို ဖမ်းဆီးခြင်းခံရ၏ နေလင်းကျော် ၏ဖခင်ဖြစ်သူမှ ပြောပြခဲ့ပါတယ်။

    အောက်တိုဘာ ၅-ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ကမန်တိုင်းရင်းသားများကိုလည်း ထောင်အတွင်းတွင် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကြောင်း၊ ဒု-ထောင်မှူး နေ၀င်း (ကိုယ်ပိုင်အမှတ် က/၄၀၃၄)၏ စေခိုင်းချက်အရ တန်းစီး ထက်အောင်နှင့်အဖွဲ့၊ အခန်း(၄) အခန်းလူကြီး မိုးဇော်၊ စည်းကမ်းထိန်း မောင်လှတို့မှ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

    ဒေသခံများအနေဖြင့် ဖမ်းဆီးခံရသူများအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုလည်း မသိရှိရပဲ ထပ်မံဖမ်းဆီးခံနေရသည့်အတွက် စိုးရိမ်မှုများ ရှိနေကြပါတယ်။

    ယခုအကြောင်းကိစ္စအား ဒေသခံများထံသို ဆက်သွယ်မေးမြန်းရာ “ဒီလို ကိစ္စတွေကြောင့်ဖမ်းတယ်ဆိုတာ အခုမှ သိရတယ်။ ဘာကြောင့် ဖမ်းသွားမှန်းကို မသိတာပါ။ ဓါတ်ဆီပုလင်းမိလို့၊ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပဲသိတာ။ သဗြုချိုင်မှာက လာရောက် အကြမ်းဖက်ကြသူတွေကို အကြမ်းဖက်ခံရသူတွေက ပြန်လည် ခုခံတာတော့ ရှိခဲ့တာပါပဲ။ အဲလို ပြန်လည် ခုခံတာကို ပြန်ပြီး အကြမ်းဖက်တယ်လို့ပြောတာတော့ တဘက်သတ် လုပ်ကြံမှုပါပဲ။ ကျွန်တော်တို့မှာလည်း ပြန်လည် ခုခံပိုင်ခွင့်ရှိပါတယ်။ လင်းသီမှာ အလောင်းတူးဖော်ရတယ်ဆိုတာလည်း ကျွန်တော်တို့ စပြီးလုပ်ကြတာမှ မဟုတ်တာ။ အခုတော့ မျက်မြင်သက်သေတွေရှိတဲ့ အကြမ်းဖက်သမားရာပေါင်းများစွာကိုတော့ အရေးယူမှုက နှောင့်နှေးနေပြီး အကြမ်းဖက်တာလည်းခံရသေးတယ်၊ အိုးအိမ်မဲ့ ဒုက္ခရောက်ကြတဲ့ ကျွန်တော်တို့တွေကိုတော့ အရေးယူမှုတွေက တအားမြန်ဆန်တယ်။ တကယ်တမ်း တရားဥပဒေ စိုးမိုးမှုသာရှိမယ်ဆိုရင် ဒီလို အကြမ်းဖက်မှုတွေဖြစ်လာစရာအကြောင်းကို မရှိပါဘူး”လို့ ဖြေကြားခဲ့ကြပါတယ်။

  • ဂုဏ်ယူနေဦးမည် ဒွါရာဝတီ

    အောက်တိုဘာ၊ ၁၀
    M-Media
    ရေးသားပေးပို့သူ- ခင်မောင်တိုး

    KONICA MINOLTA DIGITAL CAMERA
    သံတွဲမြို့ ဆိုင်းဘုတ် (ဓာတ်ပုံ – arakantimes.net)

    ကျွန်တော်တို့လူသားများသည် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာများ မည်သို့ပင်ကွဲပြားစေကာမူ ဘုံတူညီသောအချက်မှာ မိမိတို့မွေးဖွားရာဇာတိမြေကို ချစ်မြတ်နိုးကြခြင်းဖြစ်သည်။ မိမိတို့မွေးဖွားကြီးပြင်းရာ မြို့ရွာ၊ ဒေသ၏ ရိုးရာဓလေ့စရိုက်များ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များ၊ ယဉ်ကျေးမှု အမွေအနှစ်များကို  ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ကြပါသည်။

    ဒွါရာဝတီ ဟုခေါ်တွင်သည့် ကျွန်တော်မွေးဖွားကြီးပြင်းရာ သံတွဲမြို့သည် သာမန်မြို့ငယ်လေးတစ်မြို့သာ ဖြစ်သော်လည်း ဂုဏ်ယူဖွယ်ရာများ၊ ချစ်ခင်မြတ်နိုး တန်ဖိုးထားအပ်သည့်အရာများဖြင့် ပြည့်နှက်နေပါသည်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၇)မြို့နယ်ရှိသည့်အနက် သံတွဲမြို့သည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု အများဆုံးဒေသတစ်ခုဖြစ်သည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ကြသည့် ဂုဏ်သတင်းကြောင့် သံတွဲမြို့သည် ရခိုင်ပြည်နယ်တွင်းသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စံပြမြို့တစ်မြို့အဖြစ် လူသိများကြသည်။

    ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှ စတင်ကာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများ ပထမလှိုင်း၊ ဒုတိယလှိုင်းစသည်ဖြင့် ပေါ်ပေါက်ခဲ့သော်လည်း ယင်းအဓိကရုဏ်းများသည် သံတွဲမြို့သို့ ရိုက်ခတ်ခြင်းမရှိခဲ့ဘဲ၊ သံတွဲမြို့ကိုကျော်လွန်ကာ မြန်မာပြည်အတွင်းပိုင်း အထင်ကရမြို့ကြီးများဆီသို့သာ ကူးစက်ပြန့်နှံ့ခဲ့ပါသည်။ အဓိကရုဏ်းဖန်တီးသူတို့၏ ကျော့ကွင်းအတွင်းသို့ အ၀င်မခံခဲ့သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများနှင့် သံတွဲမြို့သူ မြို့သားများ၏ အမြော်အမြင်ကြီးမားမှု၊ ဘာသာရေး၊လူမျိုးရေး မခွဲခြားတတ်သည့် လူမှုအဆင့်အတန်းကိုပါ ခန့်မှန်းကြည့်နိုင်ပါသည်။

    အဆိုပါ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများအား မည်သူကဖန်တီးသည်၊ မည်သည့်အတွက် ဖန်တီးသည်များကို ကျွန်တော့်အနေဖြင့် တင်ပြလိုခြင်းမရှိပါ။ သံတွဲမြို့၏ တည်ငြိမ်အေးချမ်းလှသည့် ပကတိအလှတရားများကို တိုက်ခိုက်ဖျက်ဆီးရန်အတွက် အကြမ်းဖက်သမားများသည် နည်းလမ်းပေါင်းစုံဖြင့် အကြိမ်ကြိမ် ကြိုးစားအားထုတ်ခဲ့ကြပါသည်။

    ၂၀၁၃ခု စက်တင်ဘာလ (၂၈)နေ့တွင် အကြမ်းဖက်သမားများသည် ကြိုတင်ကြံစည်ထားသည့်အတိုင်း သံတွဲမြို့၊ မြို့နယ်ခန်းမရှေ့ရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်ဇံလှ ပိုင်ဆိုင်သည့် ငပလီရောင်းဝယ်ရေးဆိုင်ရှေ့ ၀င်ပေါက်တည့်တည့်တွင် သုံးဘီးဆိုင်ကယ်ပိတ်ရပ်ရာ ဦးကျော်ဇံလှ၏ အလုပ်သမားလူငယ်များမှ လမ်းဖယ်ပေးရန်ပြောဆိုရာမှ အချင်းများကြပြီး ရဲစခန်းသို့ သာသနာ့အလံကို ဆွဲဆုတ်ဖျက်စီးသည်ဟူသော စွပ်စွဲချက်ဖြင့် သွားရောက်တိုင်တန်းခဲ့ကြသည်။ ရဲစခန်းမှ ဦးကျော်ဇံလှအပါဝင် သူ၏အလုပ်သမား ၂ဦးတို့အားဖမ်းဆီးခဲ့ကြပြီး ပြသနာဆက်လက်မပြန့်ပွားစေရန် ထိန်းသိမ်းခဲ့ပါသည်။ သို့သော် အကြမ်းဖက်သမားများသည် ယင်းကိစ္စကို အကြောင်းပြု၍ စက်တင်ဘာလ(၂၉)ရက်နေ့တွင် သံတွဲမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆရာဦးခင်မောင်(တရားလွှတ်တော်ရှေ့နေ) ပိုင်ဆိုင်သည့် ရှေးဟောင်းအိမ်ကြီးအား မီးရှို့ခဲ့ကြပါသည်။

    အကြမ်းဖက်သမားများသည် မီးရှို့အကြမ်းဖက်မှုများ မပြုလုပ်မီနာရီပိုင်းအလိုတွင် ဆရာဦးခင်မောင်သည် ဦးကျော်ဇံလှအား ထောက်ခံအားပေးသူတစ်ဦးသဖွယ် လုပ်ကြံတိုက်ခိုက်သည့် စာများအား နာမည်ကြီး ၉၆၉ဆရာတော်တစ်ပါး၏ Facebook စာမျက်နှာအပါအ၀င် အင်တာနက်လူမှု ဆက်သွယ်ရေး ကွန်ယက်များတွင် ရေးသားဖြန့်ဝေခဲ့ကြပါသည်။ သံတွဲမြို့ အစ္စလာမ်ဘာသာဝင်များအကြားတွင် အုပ်စု(၂)စုကွဲလျှက်ရှိပြီး ဦးကျော်ဇံလှမှာ ဆရာဦးခင်မောင်နှင့် ဆန့်ကျင်ဘက်အုပ်စုမှဖြစ်ပြီး မည်သည့်ဆက်စပ်ပတ်သက်မှုမှ မရှိကြောင်း သံတွဲမြို့သူမြို့သားများအားလုံး သိကြပါသည်။ သံတွဲမြို့တွင် အကြမ်းဖက်  မီးရှို့မှုများကို ဦးဆောင်သူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းလိုက်ပြီးနောက်ပိုင်းတွင်လည်း အကြမ်းဖက်သမားများ၏ Facebook စာမျက်နှာပေါ်မှ ဆရာဦးခင်မောင်အား လုပ်ကြံစွပ်စွဲထားသည့် စာများကို ဆက်လက်ရေးသားနေကြပါသည်။

    ဆရာဦးခင်မောင်သည် မိမိဘ၀တစ်ခုလုံးအား အစ္စလာမ်နှင့် အများပြည်သူကောင်းကျိုးအတွက် အချိန်ပြည့်နှစ်မြှုပ်ကာ ကိုယ်ကျိုးအတ္တမှန်သမျှကို စွန့်ခြင်းကြီးစွန့်ထားသူတစ်ဦးဖြစ်ပြီး၊ အကြမ်းဖက်သမားများ၏ ဆရာဦးခင်မောင်အပေါ် လုပ်ကြံမှုများမှာ အခြေအမြစ်မရှိသည့် ကောက်ကျစ် ယုတ်မာမှုများသာဖြစ်ကြောင်း  အကဲခတ် သိရှိနားလည်စေရန်ရည်သန်၍ ဤဆောင်းပါးအား ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

    ဆရာဦးခင်မောင်သည် အစ္စလာမ့်ဝိပဿနာ ပရမတ္တဆိုင်ရာ သူတော်စင်မျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ဖြစ်သူ ဆရာကြီးအလ်ဟဂ်ျ မောင်လာနာနေဇွာမွဒ္ဒင်န် သခင်ကြီး၏ သာသနာ့ကြိုးပမ်းမှုအမွေကို ဆက်ခံသူဖြစ်ပါသည်။ ဆရာဦးခင်မောင်၏ ဘ၀အကြောင်းကို တင်ပြရာတွင် ဖခင်ဖြစ်သူ ဆရာကြီးအကြောင်းကို တင်ပြမှသာ ပိုမိုပြည်စုံမည်ဖြစ်သဖြင့်  ဆရာကြီးမောင်လာနာနေဇွာမွဒ္ဒင်၏ အကြောင်းကို ဦးစွာတင်ပြလိုပါသည်။

    ဆရာကြီးမောင်လာနာနေဇွာမွဒ္ဒင်မှာ ဖခင်ဖြစ်သူမှာ အစ္စလာမ့်ဝိပဿနာဆရာကြီး ဦးအမီရွဒ္ဒင် ဖြစ်ပြီး မိခင်မှာ ဒေါ်ဇိုင်နဗ်ဖြစ်သည်။ ငယ်စဉ်ကတည်းက ဘီ-အို-စီ ကိုယ်စားလှယ်များဖြစ်ကြသော အထက်တန်းရှေ့နေ ဦးဘလှိုင်(မြန်မာ့လက်ရွေးစင် ဘောလုံးသမား သံခြေထောက်ဘလှိုင်)၊ မင်းကတော် ဒေါ်ညွန့်တို့မှ မွေးစားခြင်း ခံခဲ့ရသည်။ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ဆားကုန်းမြန်မာအာရဗီ သိပ္ပံကျောင်းမှ အစ္စလာမ်ဘာသာရေးပညာရှင်(မော်လ၀ီ)ဘွဲ့ကိုရရှိခဲ့သည်။ ရခိုင်တိုင်းရင်းသား မော်လ၀ီဆရာကြီးများအနက်မှ မြန်မာစကားဖြင့် အစ္စလာမ်တရားတော်များကို ဟောပြောနိုင်သည့် ပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ကျောင်းသားဘ၀တွင် သခင်ဇွာအမည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆရာချယ်၊ ဦးနေ၀င်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ဆရာကြီးသည် မော်လ၀ီဘွဲ့ကိုရရှိပြီး သံတွဲမြို့သို့ပြန်လာကာ မွေးစားမိဘများနှင့်အတူနေထိုင်ပြီး မိမိဘ၀ကို သာသနာအတွက်မြှုပ်နှံပြီး  ဘာသာရေး၊ လူမှုရေးနှင့်  လူသားအကျိုးပြုလုပ်ငန်းများကို တစ်သက်တာလုံး လုပ်ဆောင်သွားခဲ့ပါသည်။ ဆရာကြီးသည် မိမိပိုင်နေအိမ်ကို မြန်မာအာရဗီသိပ္ပံကျောင်းအဖြစ်ဖွင့်လှစ်ခဲ့ပြီး လူငယ်များအား ဘာသာရေးနှင့် ခေတ်ပညာနှစ်သွယ်ပေါင်းစပ်သင်ကြားသော နှစ်လမ်းသွားပညာရေးကို စွန့်ဦးအကောင်အထည်ဖေါ်ခဲ့သူဖြစ်ပါသည်။ ယနေ့ခေတ်တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၊ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပါဗက်ဇ်မူရှာရက်တို့မှ ဘာသာရေးနှင့် ခေတ်ပညာ ပူးတွဲသင်ကြားရန် နှိုးဆော်လာကြချိန်တွင် ဆရာကြီးသည် အမြော်အမြင်ကြီးစွာဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် (၁၉၅၁)ခုနှစ်ကတည်းက မိမိကိုယ်တိုင် အကောင်အထည်ဖေါ်ခဲ့ပါသည်။ ဆရာကြီး၏ တပည့်များတွင် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ရှေ့နေများစသည့် ဘာသာရေးနှင့်ခေတ်ပညာ စွယ်စုံတတ်သည့် နိုင်ငံအကျိုးပြု တပည့်ပေါင်းမြောက်များစွာ ပေါ်ထွန်းခဲ့ပါသည်။

    ဆရာကြီးသည် မြန်မာမွတ်ဆလင်များအား တိုင်းတစ်ပါးယဉ်ကျေးမှုသြဇာ လောင်းရိပ်မှ ကင်းလွတ်ပြီး အစ္စလာမ့်တရားစစ်၊ တရားမှန်များကိုသာ လိုက်နာကျင့်သုံးရန်၊ လူငယ်များ ခေတ်ပညာ၊ ဘာသာရေးပညာ စွယ်စုံတတ်ပြီး နှစ်ဘ၀ကောင်းစားရေးအတွက် သူတော်ကောင်းတရားပွားများသည့် လူတော်လူကောင်းများ ပေါ်လာစေရန်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်စွာ တိုင်းပြည်အကျိုး၊ လူသားထုအကျိုးသယ်ပိုးဆောင်ရွက်ရန် ရည်ရွယ်၍ ဦးတည်ကြိုးပမ်းခဲ့ပါသည်။

    ဆရာကြီး၏ မွေးစားမိဘများဖြစ်ကြသည့် ဘီ-အို-စီ ကိုယ်စားလှယ် အထက်တန်းရှေ့နေဦးဘလှိုင်၊ ဒေါ်ညွန့်တို့မှာ မျိုးရိုးစဉ်ဆက်ကြွယ်ဝချမ်းသာသူများဖြစ်သကဲ့သို့ မိမိတို့ပိုင်ဆိုင်မှုအ၀၀ကိုလည်း မိမိတို့၏ တစ်ဦးတည်းသောသားဖြစ်သူ ဆရာကြီး၏ မြင့်မြတ်သောပရဟိတလုပ်ငန်းများတွင် စိတ်ကြိုက်အသုံးပြုရန် ပေးအပ်ခဲ့ကြသဖြင့် အခြားမည်သည့် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ ငွေကြေးများလက်ခံ သုံးစွဲခဲ့ခြင်းမရှိခဲ့ပေ။ ဆရာကြီးသည် မည်သည့် နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများတွင်မှ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘဲ မိဘများထားခဲ့သည့် ဓနအင်အား၊ မိမိ၏ ကာယ၊ ဥာဏအားတို့ကို ပေါင်းစပ်ကာ တစ်ပိုင်တစ်နိုင် ဘာသာရေး၊ လူမှုရေးစသည့် ပရဟိတလုပ်ငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်းများကို ကွယ်လွန်သည့် ၁၉၉၁ခုနှစ်တိုင်အောင် လုပ်ကိုင်ခဲ့ပါသည်။

    ဆရာဦးခင်မောင်အား ဖခင်ဖြစ်သူ အလ်ဟဂ်ျမောင်လာနာနေဇွာမွဒ္ဒင်န်နှင့် မိခင် ဟာဂျီမဒေါ်စိန်ဒွေးတို့မှ ၁၉၆၀ခုနှစ်တွင် သံတွဲမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာအာရဗီ သိပ္ပံကျောင်းဝင်းတွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို သံတွဲမြို့တွင်လည်းကောင်း၊ အဆင့်မြင့်ပညာကို စစ်တွေဒေသကောလိပ်နှင့် ရန်ကုန်တက္ကသလိုလ်တို့တွင် တက်ရောက်သင်ယူခဲ့ပြီး ဘာသာရေးပညာကို ဖခင်ကြီး၏ မြန်မာအာရဗီသိပ္ပံကျောင်းမှ ဆည်းပူးခဲ့ပါသည်။ နိုင်ငံတော်မှ ပေးအပ်သည့်ဘွဲ့ဒီဂရီများဖြစ်သည့် Dip(AG), B.Sc(Zoo), Hons(Lch), H.G.P, R.L,(Advocate) တို့ကိုရရှိခဲ့ပါသည်။ ၁၉၈၄ မှ ၁၉၉၁ ခုနှစ်အထိ ဥပဒေအကျိုးဆောင်ရှေ့နေအဖြစ် သံတွဲမြို့နယ်ရှိ တရားရုံးအဆင့်ဆင့်တွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

    ဆရာဦးခင်မောင်သည် ဖခင်ဖြစ်သူ ဆရာကြီးမောင်လာနာနေဇွာမွဒ္ဒင်န် ကွယ်လွန်သည့်အချိန်မှစတင်ကာ ဆရာကြီးတည်ထောင်ခဲ့သည့် ကျောင်းနှင့် အနယ်အနယ်အရပ်ရပ်ရှိ ဆရာကြီး၏ တပည့်ဒကာများကို ဆရာကြီးကိုယ်စား ကြီးကြပ်လမ်းညွှန်မှုပြုသူ အမီးရ်(ခေါင်းဆောင်)အဖြစ်ခံယူကာ ဆရာကြီး၏ သာသနာ့ကြိုးပမ်းမှုအမွေကို ဆက်ခံကာ ဦးဆောင်ဦးရွက်ပြုလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မိမိဘ၀အား ဖခင်ကြီး၏မူဝါဒလမ်းကြောင်းအတိုင်း သာသနာအတွက်မြှုပ်နှံလျှက် ဘာသာရေး၊ လူမှုရေး၊ ပညာပြန့်ပွားရေးတို့ကို အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုတွင်မှ မပတ်သက်စေဘဲ၊ နိုင်ငံတော်၏မူဘောင်အတွင်းမှဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်စု ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။

    ဆရာဦးခင်မောင်သည် ဖခင်ကြီး၏ဖေါ်ဆောင်ခဲ့သည့်လမ်းကြောင်းအတိုင်း မြန်မာအာရဗီသိပ္ပံကျောင်းသားငယ် များအား ဘာသာရေးနှင့်ခေတ်ပညာတို့ကို တတ်မြောက်စေပြီး စာရိတ္တကောင်းမွန်သည့် တိုင်းပြည်အကျိုးဆောင်သူ အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ပေါက်လာရန်အတွက် မြေတောင်မြှောက်ပေးခြင်းကို တစ်နိုင်တစ်ပိုင်ဆောင်ရွက်လျှက်ရှိပါသည်။

    မိမိ၏တပည့်ဒကာများအတွင်း ဒုစရိုက်မှုကင်းစင်ရေး၊ စိတ်ဝိဥာဉ်သန့်ရှင်းရေးတို့ကိုရည်သန်လျက်  အရက်နှင့်မူးယစ်ဆေးဝါး၊ အတိုးနှင့်လောင်းကစားများကို စစ်ဆင်ရေးအသွင်ဖြင့် တိုက်ဖျက်ခဲ့ရာ အထူးအောင်မြင်ခဲ့ပါသည်။ ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့်ညှိနှိုင်း၍ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ လမ်းတံတားများ ပြုပြင်ဖေါက်လုပ်ခြင်း၊ ရေတွင်းရေကန်များ ဆည်မြောင်းများတူးဖေါ်ခြင်း၊ ဆေးရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားရုံများ တည်ဆောက်ခြင်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ တပည့်ဒကာများ၏ စုပေါင်းအင်အားဖြင့်လည်း ဆောင်ရွက်နေပါသည်။ နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီးများအား သံတွဲမြို့သို့ပင့်ဖိတ်ပြီး လူမျိုးဘာသာမခွဲခြားဘဲ မျက်စိဝေဒနာသည်များကို အခမဲ့ခွဲစိတ်ကုသပေးနေပါသည်။

    ဗုဒ္ဓသာသနိက အဆောက်အဦးများ တည်ဆောက်ပြုပြင်ရာတွင်လည်း လက်မနှေးဘဲ လှူဒါန်းကူညီခဲ့ပါသည်။ သံတွဲမြို့၏ အထင်ကရဖြစ်သော ရွှေဆံတော်စေတီတောင်တက် လမ်းများပြုပြင်ခြင်း၊ ရွှေနံတော်စေတီတော်ရင်ပြင်ခင်းခြင်းလုပ်ငန်းများအပြင် သက်သေသာဓက မြောက်များစွာရှိပါသည်။ သံတွဲမြို့တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသရ ဦးစီးတည်ဆောက်သည့်  သီတဂူစက္ကုဒါန မျက်စိဆေးရုံကြီးတည်ဆောက်ရာတွင်လည်း ဆရာတော်နှင့်အတူပူးပေါင်းပါဝင်လှူဒါန်းပါသည်။ ဆရာဦးခင်မောင်၏ သစ္စာသမာဓိကို ယုံကြည်လေးစားကြသည့် ဗုဒ္ဓဘာသာဝင်များသည် နေ့စဉ်နှင့်အမျှ ဆရာ့အိမ်သို့လာရောက်ကာ မေတ္တာရေမန်းများ လာရောက်တောင်းခံကြပါသည်။ ဆရာဦးခင်မောင်၏ နေအိမ်အား ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်ကြီးငယ်တို့သည် အယုတ်အလတ်အမြတ်မရွေး ၀င်ထွက်ရာ ဓမ္မရိပ်သာအဖြစ် လူသိများပါသည်။ ဆရာသည် ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေသော ဘာသာရေးခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များသာမက ဘာသာခြားများဖြစ်သည့် ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာဝင်များ၏ လေးစားကြည်ညိုမှုကို အထူးရရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။

    ဆရာကြီး အလ်ဟဂ်ျမောင်လာနာနေဇွာမွဒ္ဒင်န်လက်ထက်မှ ယခုသားဖြစ်သူ ဆရာဦးခင်မောင် လက်ထက်အထိ နှစ်ပေါင်း(၆၀)ကျော် ကာလအတွင်း နိုင်ငံရေး အရှုပ်အရှင်းများတွင် ပါဝင်ပတ်သက်မှုလုံးဝမရှိခဲ့သည့်အပြင် ရာဇ၀တ်မှု၊ တရားမမှုစသည့် မှုခင်းများနှင့်ကင်းရှင်းကာ ရိုးသားဖြူစင်မှုပကတိဖြင့် သာသနာ့အကျိုးကို သယ်ပိုးခဲ့သူ အရိယာသူတော်စင် ပုဂ္ဂိုလ်မြတ်များသာဖြစ်ကြပါသည်။

    U Khin Maung House
    စက်တင်ဘာ(၂၉)ရက်နေ့ ည(၆း၃၀)ခန့်တွင် တာဝတိံသာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဆရာဦးခင်မောင်ပိုင်ဆိုင်ပြီး ဆရာ၏တပည့်မိသားစု (၃)စုနေထိုင်သည့် ရှေးဟောင်း နှစ်ထပ် အိမ်ကြီးအား အကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးခဲ့ကြပါသည်။ ကျွန်းသစ်၊ ပျဉ်းကတိုးများဖြင့်ဆောက်လုပ်ထားသည့် ပျဉ်ထောင်အိမ်ဖြစ်ပြီး အကျယ်အ၀န်းမှာ ပေ၄၀- ပေ၆၀ ဖြစ်ပါသည်။ မိုးဒဏ်လေဒဏ်ခံနိုင်ရန်နှင့် ခြနှင့် ပုရွက်ဆိတ်စသည့် ပိုးကောင်များကိုက်ဖျက်မှုမရှိစေရန် တစ်အိမ်လုံးရေနံချေးသုတ်ထားသည့်အတွက် သံတွဲမြို့တွင် အိမ်မည်းကြီးဟု ခေါ်တွင်ပါသည်။ ယင်းအိမ်မည်းကြီးတွင်နေထိုင်သူမိသားစုများမှ ဆရာဦးခင်မောင်၏ လမ်းညွှန်ချက်ဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘာသာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့များ၊ သင်္ဘောသားများ၊ ရှေ့နေများ ပေါ်ထွက်ခဲ့သည့် သမိုင်းဝင် အဆောက်အဦးတစ်ခုလည်းဖြစ်ပါသည်။

    U Khin Maung House burn2

    အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် စက်တင်ဘာ ၂၈ရက်နေ့မှ အောက်တိုဘာ ၁ရက်အထိ သေဆုံးသူ အစ္စလာမ်ဘာသာဝင်(၅)ဦး၊ ဗလီ(၄)လုံး ဘာသာရေးကျောင်း(၁)ကျောင်းနှင့် အိမ်ခြေ စုစုပေါင်း(၁၇၀)နီးပါးခန့် ဆုံးရှုံးပျက်စီးခဲ့ပါသည်။ သံတွဲမြို့ပေါ်တွင် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး အနီးအနားရှိ မွတ်စလင်ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါသည်။

    သမိုင်းအဆက်ဆက် အေးချမ်းတည်ငြိမ်ခဲ့သည့် သံတွဲမြို့လေးသည် အစွန်းရောက်အကြမ်းဖက်သမားများကြောင့် သွေးစွန်းခဲ့ရပြီဖြစ်ပါသည်။ အကြမ်းဖက်သမားများ၏ အကြံအစည်သည် အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့သော်လည်း    ရာနှုန်းပြည့်အောင်ပွဲခံခွင့်မပေးခဲ့သည့် သံတွဲသူ၊ သံတွဲသားများ၏ စည်းလုံးညီညွတ်မှုအတွက် ဆက်လက်ဂုဏ်ယူနေဦးမည်သာဖြစ်ပါသည်။

    ** M-Media သို့ ဆောင်းပါးရှင်ခင်မောင်တိုး ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

  • “ ကျွန်မတို့ကို အသက်ချမ်းသာပေးပါ ” ( အကြမ်းဖက်ခံတို့ရဲ့ ရှိုက်သံများ )

    အောက်တိုဘာ၊ ၈
    M-Media
    source: http://www.mmtimes.com
    သြရသရေချမ်း ဘာသာပြန်ဆိုသည်။

    thandwe

    သံတွဲမြို့နယ် သပြုချိုင်ကျေးရွာက မွတ်စ်လင်မ်နဲ့ဗုဒ္ဒဘာသာဝင် နယ်ခံဒေသခံတို့ဟာ မျိုးဆက်အလီလိ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာပါ။ တည်ငြိမ်အေးချမ်း လျက်ရှိတဲ့ လူ့အသိုင်း အ၀ိုင်းအပေါ် စိုးထိတ်စရာ ဖျက်ဆီးသောင်းကျန်းမှုတွေကို ဗုဒ္ဓဘာသာဝင် အကြမ်းဖက် လူအုပ်များက အောက်တိုဘာ ၃ ရက်မှာ သယ်ဆောင်လာကြတယ်။ အဲ့ဒီမွှေနှောက်မှုကိုကြုံလိုက်ရတဲ့ အခါမှာတော့ ရှိနေတဲ့ ငြိမ်းချမ်းမှုဟာ အစိပ်စိပ်အမြွာမြွာ ပြိုကွဲသွားပါတော့တယ်။

    သေဆုံးသွားရတဲ့သူတွေထဲမှာ အသက် ၉၅ နှစ်အရွယ် ရောဂါသည်အဖွားအို ဒေါ်အေးကြည် လည်း အပါအ၀င် တစ်ဦးပေါ့။ သူမဟာ မိမိနေအိမ်ထဲမှာ ရက်ရက်စက်စက် ဓားနဲ့ထိုးခုတ်ခံခဲ့ရှာတယ်။ မိမိတို့ဟာ လူရမ်းကားအုပ်စုလက်က လွတ်မြောက်အောင်ထွက်ပြေးရလို့  မိခင်အိုကြီးကိုထားရစ်ခဲ့ရပုံကို သမီးဖြစ်သူ ဒေါ်ဇော်လေးခက မျက်ရည်ချောင်းစီးလို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။

    “ ရခိုင်လူမျိုး အယောက် ၄၀ ၀န်းကျင်လောက် ကျွန်မတို့အိမ်နားရောက်လာကြတယ်။ ပထမပိုင်းတုန်းကတော့ ခဲတွေနဲ့ ၀ိုင်းပေါက်ကြတယ်။ ကျွန်မတို့ဟာ အမေ့ကို သယ်ထုတ်ဖို့ ကြိုးစာခဲ့ကြတယ်။ အမေက လေဖြန်းပြီး အောက်ပိုင်းသေနေတဲ့အတွက် အမြဲတစေ အိပ်ရာထဲလှဲနေရသူပါ။

    ကျွန်မတို့ဆီ လူ ၃ ယောက် ပြေးလာကြတယ်။ ကျွန်မတို့ကို အသက်ချမ်းသာပေးပါဆိုပြီး သူတို့ကို ခယတောင်းပန်ပေမယ့် သူတို့က အိမ်ထဲ တိုးဝင်လာကြတော့ ကျွန်မတို့ အမေ့ကိုထားရစ်ပြီး ထွက်ပြေးကြရတယ်။ ကျွန်မတို့ထွက်ခွာလိုက်တဲ့စက္ကန့်ပိုင်းလေးမှာတင် အမေ့ရဲ့အော်သံသဲ့သဲ့လေးကို နောက်ဆုံးကြားလိုက်ရတာပါပဲရှင် ”။

    အကြမ်းဖက်မှုအပြီး နာရီအနည်းငယ်အကြာမှာ ဒေါ်ဇော်လေးခနဲ့ သူ့သမီး ဒေါ်မိမိခိုင်တို့ နေအိမ်ကို ပြန်လာခဲ့ကြတယ်။ ဒေါ်အေးကြည်ရဲ့ခန္ဓာကိုယ်ပေါ် ဓားဒဏ်ရာ ဗလပွနဲ့ဖြစ်နေပါပြီ။

    “ အမေ့ရဲ့ကိုယ်ပေါ်မှာ တော်တော်နက်ရှိုင်းတဲ့ ဓားဒဏ်ရာ ၅ – ၆ ချက်ထိ တွေ့ခဲ့ရပါတယ်။ နေ့လည်ပိုင်းရောက်တော့ ပိုမိုများပြားတဲ့ရခိုင်လူစုတွေ ရောက်လာပြီး အိမ်တွေကို မီးထပ်ရှို့ပြန်တယ်။ မိခင်ရဲ့ ရုပ်အလောင်းကို ကျွန်မတို့ ထပ်ပြီး ထားရစ်ခဲ့ရပြန်တယ်။ ညနေပိုင်းမှာ အာဏာပိုင်တွေက သူမကို ဆေးရုံသယ်သွားတယ် ဆိုတာလောက်ပဲ သိခဲ့ရပါတယ်။ ကျွန်မတို့ ခုချိန်ထိ အိမ်မပြန်ရဲသေးပါဘူး ”  ဆိုးသွမ်းလူအုပ်ကြီးရဲ့ပစ်မှတ် ဖြစ်သွားသူတွေအဖို့ နာကျင်ကြေကွဲတုန်လှုပ်နေရဆဲပါ။

    “ ကျွန်မ အိပ်လို့လည်း မပျော်ဘူး၊ စားလို့လည်း မ၀င်နိုင်ပါဘူး။ အသက် ၁၀၀ နီးပါးအရွယ်ရှိနေတဲ့ ရောဂါသည်အမယ်အိုကြီးကို သူတို့ သတ်ပစ်တာကို တွေးမိလေတိုင်း ကျွန်မရဲ့စိတ် ကစဥ့်ကလျားဖြစ်နေရပါတယ် ”

    အကြမ်းဖက်မှုဟာ ရုတ်တရက် မထင်မှတ်ပဲ ဖြစ်လာတာမဟုတ်ကြောင်း မွတ်စ်လင်မ်များက ဆိုပါတယ်။

    “ မွတ်စ်လင်မ်အိမ်တွေကိုသာ မီးရှို့ကြတာပါ။ မွတ်စ်လင်မ်တွေရဲ့နေအိမ်တွေကို အလွယ်တကူ တွေ့မြင်ခွဲခြားနိုင်ကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အခင်းမဖြစ်ပွားခင် ရက်အနည်းငယ်ကတည်းက ဗုဒ္ဓဘာသာဝင်တွေက သူတို့အိမ်ရှေ့မှာ သာသနာ့အလံတွေကို စိုက်ထူထားကြလို့ပါပဲ ” လို့ ဒေါ်အေးကြည်ရဲ့မြေး ဒေါ်မိမိခိုင်က ပြောပြပါတယ်။

    အလျင်အမြန် ရွှေ့ပြောင်းသယ်ယူရ မလွယ်ကူတဲ့အတွက် အမယ်အိုကြီးဟာ တိုက်ခိုက်သူများရဲ့သားကောင် ဖြစ်သွားခဲ့ရတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ထဲမှာ အသက် ၈၉ နှစ်အရွယ် ဦးအဒူစမတ် လည်း ပါဝင်တယ်။

    “ အဖေဟာ သူ့သားအငယ်ဆုံးနဲ့အတူ ရှိနေခဲ့တယ်။ အခင်းဖြစ်ပွားလာတော့ အိမ်မှာ အဖေတစ်ဦးတည်း ကျန်နေတယ်။ သူထွက်ပြေးဖို့ကြိုးစားခဲ့ရှာပါတယ်။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ကျန်းမာရေးအရ တခြားလူတွေလို မပြေးလွှားနိုင်တော့ဘူးလေ။ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့  သူ့ရုပ်အလောင်းကို ညနေပိုင်းကျမှ ကျွန်တော်တို့ တွေ့လိုက်ရပါတယ် ” ဆိုပြီး သားတစ်ဦးဖြစ်သူ ဦးမျိးဝင်းက ရှင်းပြခဲ့တယ်။

    လူရမ်းကားတွေရဲ့သားကောင်ထဲမှာ အသက်အငယ်ဆုံးအဖြစ် ကလေးသုံးဦးဖခင် အသက် ၄၈ နှစ်အရွယ် ဦးမြင့်လွင် ကို တွေ့ကြရတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်တင်တင်လေး( ၄၈ နှစ် )က ဒီလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

    “ စတင်ဖြစ်ပွားတာနဲ့ သူက ကျွန်မတို့ကို ပြေးခိုင်းပါတယ်။ ကျွန်မတို့ပြေးနေစဉ်မှာပဲ  တင်းကုပ်ထဲက နွားတွေကိုလွှတ်ပေးဖို့ ကမန်းကတန်း သူ ပြန်သွားခဲ့တယ်။ ကျွန်မတို့ သူ့ရုပ်အလောင်းကို မမြင်ခဲ့ရပါဘူး။ အိမ်ကနေ သူပြန်ပြေးလာချိန်မှာ အသတ်ခံလိုက်ရတယ်လို့ မြင်တဲ့ သူက  ပြန်ပြောပြခဲ့တာပါ ”။

    ခုချိန်မှာ သူတို့အိမ်ဂေဟာလေးက ပြာပုံအတိဖြစ်သွားခဲ့ပါပြီ။ မတည်ငြိမ်တဲ့အခြေအနေကြောင့် သူတို့လယ်ကွက်အနီး သွားရောက်ဖို့လည်း အခက်အခဲရှိနေပါတယ်။

    “ ဘာဆိုဘာမှ မကျန်ရစ်ပါဘူ။ အရာအားလုံး မီးထဲပါသွားပါတယ်။ ကျွန်မတို့ရဲ့နွားတွေကိုလည်း မတွေ့တော့ဘူး။ ရွာတစ်ဖက်ခြမ်းက ဆွေမျိုးတစ်ဦးအိမ်မှာ ကျွန်မတို့နေထိုင်နေရပါတယ်။ ကျွန်မတို့ လယ်မြေတွေက ရွာတစ်ဖက်ခြမ်း ရခိုင်တွေရဲ့ရွာနားကပ်လျက်မှာပါ။ ကျွန်မသားကြီးက ဒီနှစ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတယ်။ သမီးငယ် နှစ်ယောက်က ကျောင်းနေဆဲပါပဲ။ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မ မသိတော့ပါဘူးရှင် ” လို့ ဒေါ်တင်တင်လေးက ဆိုရှာပါတယ်။

    သပြုချိုင်အကြမ်းဖက်မှုမှာ မွတ်စ်လင်မ်လယ်သမား ဦးအဒူမီယာ လည်း သတ်ဖြတ်ခံခဲ့ရတယ်။ သမီးဖြစ်သူ မယဉ်မေသန်း ( ၂၄ နှစ် ) က သူ့ဖြစ်အင်ကို ဒီလိုပြောပြခဲ့ပါတယ်။

    “ အဲ့ဒီအချိန်က ကျွန်မတို့ နေ့လည်စာ စားသောက်နေကြပါတယ်။ ကျွန်မတို့အားလုံးကို အဖေက ဝေးဝေးပြေးခိုင်းခဲ့ပြီး သူတစ်ဦးတည်း ကျန်ရစ်ခဲ့တာပါ။ သူတို့တွေက သူ့ကို ၀ါးချွန်တစ်ချောင်းနဲ့ ထိုးသွင်းသတ်ဖြတ်လိုက်ကြပါတယ် ”။

    မြန်မာတိုင်း(မ်) အင်္ဂလိပ်ပိုင်း ဆောင်းပါးရှင် Aung Shin ၏ ‘We begged them not to kill us’ ဆောင်းပါးကို သြရသရေချမ်း မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

  • ကျောင်းကုန်းမြို့နယ်မှာ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု ဖြစ်ခဲ့ပြီး အိမ်နှစ်လုံးနဲ့ တဲတလုံး မီးရှို့ခံရ

    အောက်တိုဘာ၊ ၆
    BBC မြန်မာပိုင်း

    Kyaunggon, Irrawaddy

    ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွတ်ဆလင်တွေရဲ့ အိမ်နှစ်လုံးနဲ့ တဲတစ်လုံးကို ဗုဒ္ဓဘာသာဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    မွတ်ဆလင် တယောက်က အသက် မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို မတော်တရား ပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို အိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

    ဒေသခံတွေကတော့ ဖျက်ဆီးခံရတဲ့ အိမ်ခြေ အရေအတွက်ဟာ ၆ လုံးလောက် ရှိတယ်လို့ ဆိုကြပါတယ်။

    ဧရာဝတီတိုင်းအတွင်း ပြီးခဲ့တဲ့ သြဂုတ်လထဲနဲ့ စက်တင်ဘာ ၃ ရက်နေ့တွေမှာလည်း အသေးအဖွဲ ခိုက်ရန် ဖြစ်ပွားမှုမျိုး ရှိခဲ့ပေမဲ့ လူမျိုးရေး ပဋိပက္ခအဖြစ် ကျယ်ပြန့်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

    အောက်တိုဘာလ ၁၆ ရက်နေ့ကတော့ အစ္စလာမ်တွေရဲ့ အိဒ်နေ့ဖြစ်ပြီး အဲဒီနေ့မှာပဲ မျိုးစောင့်ဥပဒေ အခမ်းအနားလည်း လုပ်မယ် ဆိုတဲ့ အတွက် ဒေသခံတွေက ပဋိပက္ခဖြစ်ပွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။

    ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ကမန် မွတ်ဆလင်တွေရဲ့ အိမ်အများစု ဖြစ်တဲ့ အိမ်ပေါင်း ၁၀ဝ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

    Link>>http://www.bbc.co.uk/burmese/burma/2013/10/131006_kyaungkone.shtml

  • မြန်မာပြည်က လတ်တလောဖြစ်ပျက်ခဲ့တဲ့ လူမျိုးဘာသာရေး အကြမ်းဖက်မှုကြီးအကြောင်း ရိုက်တာမှ သတင်းဆောင်းပါး

    M-Media
    အောက်တိုဘာ ၅ ရက်၊ ၂၀၁၃
    မြန်မာပြန် – M-Media
    မူရင်းလင့် – www.reuters.com

    သံတွဲအကြမ်းဖက်မှုကြောင့် မွတ်စလင်တွေ သေကျေခဲ့သလို တချို့လည်း ပုန်းအောင်းနေကြရဆဲပါ။ ထုံးစံအတိုင်း အသွင်ပြောင်း မြန်မာစစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ကုလသမဂ္ဂမှာ သံကောင်းပြပြီး လူမျိုးဘာသာရေးအဓိကရုဏ်းတွေ ကို “ဇီးရိုးတော်လိရန့်”၊ လုံးဝသည်းခံသွား မှာမဟုတ်လို့ ဆိုခဲ့ပါတယ်။ အဲဒီလိုပါပဲ၊ လူပေါင်းများစွာ သတ်ဖြတ်ခဲ့တဲ့ လက်ရက်ဇက်ရဲစိတ်ဓါတ် ကြောင့် လူများစွာသေကျေနေရတာကို မထိခိုက်မခံစားနိုင်ဘဲ အပြုံးမပျက်လက်ဆွဲနုတ်ဆက်ကာ ရခိုင်မြေကို ခြေချခဲ့တဲ့ ဗိုလ်ချုပ်တဖြစ်လဲ သမ္မတဦးသိန်းစိန်ကလည်း သံတွဲအဖြစ်အပျက် ဟာ အချိန်ကိုက်လှုပ်ရှားမှုလို့ သံသယဖြစ်ကြောင်း ဆိုပါတယ်။

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပေါ်လစီကို အားကျခိုးချပြီး အန္တီမွတ်စလင်အရေးကို ကာကွယ်ပြီး မွတ်စလင်အကြမ်းဖက်ကို ဗန်းပြဖို့ အကြီးအကျယ် လှုပ်ရှားနေတဲ့ ဆေးကုဆရာဝန် ဦးသန်းထွတ်အောင်ခေါင်းဆောင်တဲ့ အလဲဗင်းမီဒီယာကလည်း ချိန်သားကိုက် ၀ါဒဖြန့် ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ၀ါဒဖြန့်ချက်ဟာ အရာမရောက်မအောင်မမြင်ဖြစ်နေဆဲပါပဲ။ ကမ္ဘာ့မီဒီယာကြီးတွေက နှစ်ပေါက်ကြမြင့်နေပြီဖြစ်တဲ့ အကြမ်းဖက်မှုတွေကို သတင်းရယူနိုင်ဖို့အတွက် ကင်မရာကြီးတွေနဲ့ မြန်မာပြည်တွင်း နေရာအနှံ့ကနေ စောင့်ကြည့်နေကြပါပြီ။

    ရိုက်တာသတင်းဌာနက သူတို့မျက်မြင်တွေ့ရှိခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းကို ဆောင်းပါးတိုရေးသား တင်ပြထားပါတယ်။ အမ်-မီဒီယာ ပရိသတ်များ မြန်မာပြန် ကို ဖတ်ရှုနိုင်ပါပြီ။

    A man walks out from a destroyed mosque that was burnt down in recent violence at Thapyuchai village
    (Photo is the courtesy of Reuters and Soe Zeya Tun)

    ဒေါသူပုန်ထနေတဲ့ ဗုဒ္ဓဘာသာလူအုပ်ကြီးက ခင်နိုင့်အလောင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်တယ်၊ မီးနဲ့ရှို့တယ်။ ရက်ရက်စက်စက် လုပ်ထားတာကြောင့် သူ့သားဖြစ်သူကိုယ်တိုင် ခင်နိုင့်အလောင်းကို မမှတ်မိတော့ဘူး။ မြန်မာပြည်က ဗုဒ္ဓဘာသာဘုန်းကြီးတွေ ခေါင်းဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် တိုက်ခိုက်မှုဖြစ်စဉ်တွေ ဆက်တိုက်ထွက်ပေါ်လာသလို အဲဒီလှုပ်ရှားမှုက မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးဖြစ်နေတယ်လို့လည်း သမုတ်ခံနေရပါတယ်။

    သဗြုချိုင်ကျေးရွာရဲ့ ဗလီဝတ်ကျောင်းကတော့ ဗြောင်းဆန်အောင် မွှေနှောက်ရှာဖွေခံထားရပါတယ်။ ဗလီရှေ့က သွေးစွန်းနေတဲ့ မြေကြီးထက်မှာ ယင်ကောင်တွေ တလူလူနဲ့ပါ။ ခင်နိုင်ရဲ့ ရုပ်အလောင်းကို ရဲတွေက ဖယ်ရှားလိုက်ပါတယ်။ ခင်နိုင်ကတော့ ရခိုင်ဗုဒ္ဓဘာသာ ၀င်တွေလက်ချက်နဲ့ သေခဲ့ရတာပါ။

    “အဖေက ရခိုင်တွေလက်ကနေလွတ်အောင် မပြေးနိုင်ခဲ့ဘူးဗျာ” လို့ ခင်နိုင်ရဲ့သား အသက် ၁၇ နှစ်အရွယ် ထွန်းထွန်းနိုင်က ဆိုပါတယ်။ ထွန်းထွန်းနိုင်ကတော့ မီးလောင်ခံထားရလို့ မဲသဲနေတဲ့ အ၀တ်အစားတွေနဲ့အတူ သူ့အဖေအလောင်း ဟုတ်မဟုတ်ဆိုတာ ခွဲခြားဖို့ ပုန်းနေတဲ့နေရာကနေထွက်လာခဲ့တာပါ။

    သံတွဲရုန့်ရင်းဆန်ခတ်မှုက ၄ ရက်ကြာမြင့်ခဲ့ပါတယ်။ မွတ်စလင်ငါးဦးသေဆုံးခဲ့တဲ့ထဲမှာ ခင်နိုင်လည်း အပါအ၀င်ဖြစ်သလို ဗုဒ္ဓဘာသာဝင် လေးဦးဒဏ်ရာရခဲ့ပါတယ်။ သံတွဲကတော့ ရခိုင်ပြည်နယ်အနောက်ဘက်မှာရှိပြီး ငပလီကမ်းခြေကြောင့် နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာ ပေါ်ပြူလာ နေရာတစ်ခုပါ။

    အဲဒီငပလီအပန်းဖြေစခန်းနဲ့ မဝေးတဲ့တနေရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ တုတ်တွေ၊ လောက်လေးဂွတွေနဲ့ ဓါးရှည်တွေကို ကိုင်ပြီး မွတ်စလင်ကျေးရွာတွေကို ထပ်ကာထပ်ကာ တိုက်ခိုက်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့ကစပြီး တိုက်ခိုက်ခဲ့တဲ့နေရာမှာ သူတို့တွေဟာ အိမ်ဒါဇင်များစွာကိုလည်း မီးရှို့ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

    ဇွန်လ ၂၀၁၂ ကတည်းက စလာလိုက်တဲ့ လူမျိုးရေးအဓိကရုဏ်းကြောင့် လူပေါင်း အနည်းဆုံး ၂၄၀ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ မိသားစုပေါင်း တစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ခဲ့ရပါတယ်။ သူတို့ထဲက အများစုကတော့ မွတ်စလင်တွေပဲဖြစ်ပါတယ်။

    သံတွဲမှာ လတ်တလောဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် မြန်မာအသွင်ပြောင်းအစိုးရအနေနဲ့ ၉၆၉ ခေါ် ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ ရခိုင်တိုင်းရင်းသားပါတီတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာ ပေါ်လွင်လာပါတယ်။

    ၉၆၉ လှုပ်ရှားမှုတွေကိုတော့ ပြဿနာရှာတတ်တဲ့ ဘုန်းကြီးတွေက ဦးဆောင်တာပါ။ သူတို့က မွတ်စလင်တွေနဲ့ ထိမ်းမြားတာတွေ မလုပ်ဖို့၊ မွတ်စလင်ပိုင်စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ စတာတွေ (တရား) ဟောပြောတင်ပြကြပါတယ်။

    ၉၆၉ ဂဏန်းကတော့ ဗုဒ္ဓ၊ ဓမ္မနဲ့ သံဃာကို ရည်ညွှန်းတာပါ။ ၉၆၉ တရားဟောတဲ့နေရာအများစုမှာ အစ္စလာမ်ဆန့်ကျင်ရေး (အကြမ်းဖက်) တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လျက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုသံတွဲအဖြစ်အပျက်မတိုင်မီ ရက်သတ္တပတ်တွေမှာတော့ အကြမ်းဖက်မှုတွေ ငြိမ်သက်နေခဲ့ ပါသေးတယ်။

    သံတွဲက ရဲတွေကတော့ လူ ၆ ယောက်ဖမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာတော့ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အာရ်အန်ဒီပီ) ရဲ့ ဒေသခံ ဥက္ကဌပါဝင်သလို ၉၆၉ လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာလတုန်းကလည်း အဲဒီ အာရ်အန်ဒီပီပါတီဝင်တွေရဲ့ လှုပ်ရှားပါဝင်မှုကြောင့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရသလို လူပေါင်း ၈၉ ဦး အသတ်ခံခဲ့ ရပြီးပါပြီ။ ဒါကို ရိုက်တာသတင်းဌာနက စုံစမ်းတွေ့ရှိထားတာပါ။

    သံတွဲအကြမ်းဖက်မှုကတော့ ရခိုင်ကို သမ္မတဦးသိန်းစိန်အလည်အပတ်ရောက်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြီးကို ဖြစ်သွားခဲ့တာပါ။ ဗုဒ္ဓဟူး နေ့မှာ ရခိုင်ကို ဦးသိန်းစိန်ရောက်တော့ တင်းမာမှုရေချိန် တော်တော်လေးမြင့်တက်နေပါပြီ။ ရဲတွေကလည်း လူစုခွဲဖို့ လေထဲကို သံနတ် တွေ ပစ်ဖောက်နေကြရပါပြီ။

    ရန်သူတွေရဲ့ ခြေကုပ်စခန်းများ

    ၉၆၉ လှုပ်ရှားမှုကိုတော့ (ဒီအကြမ်းဖက်မှုတွေထဲမှာ ပါဝင်ပတ်သတ်နေမနေ သိရှိဖို့အတွက်တော့) မေ့ကျန်မနေစေ ရလောက်အောင် ထင်သာမြင်သာရှိ လွန်းလှပါတယ်။ ငပလီကမ်းခြေလမ်းမကြီးတွေတလျှောက် ၉၆၉ အလံတွေကိုင်ပြီး ချီတက်နေကြတယ်။ ၉၆၉ ထောက်ခံသူတွေက (အဲဒီလိုမချီတက်မီမှာ) သံတွဲမြို့တော်ခန်းမမှာ ဗုဒ္ဓဘာသာအမျိုးသားရေးသီချင်းတွေကို လော်စပီကာတွေသုံးပြီး အသံကုန်ဟစ်အော်ခဲ့ကြပါသေးတယ်လို့ မွတ်စလင်တွေက ပြောပြပါတယ်။

    အဲလိုအသံကုန်ဟစ်အော်ပြီးတဲ့နောက်မှာတော့ ရွှေလှေးရွာမှာ ၉၆၉ ဘုန်းကြီး ၀ီရသူက တရားဟောခဲ့ပါသေးတယ်။ သူကပဲ ဗလီဝတ်ကျောင်းတွေကို ရန်သူတွေရဲ့ ခြေကုပ်စခန်းတွေလို့ သမုတ်ခဲ့တာပါ။

    “အဲဒီနောက်တော့ဗျာ၊ ကျနော်တို့ ရွာထဲမှာ အတော်ကလေး ကရုစိုက်ပြီးနေကြရတာပေါ့၊ ဗုဒ္ဓဘာသာဝင်တွေကို မတိုက်မိအောင်၊ စိတ်ဆိုး မသွားရအောင် ကရုစိုက်နေကြရပါတယ်။” လို့ သဗြုချိုင်ကျေးရွာ ဒေသခံမွတ်စလင်တွေထဲကတစ်ဦးဖြစ်တဲ့ မြင့်အောင်က ဆိုပါတယ်။ သဗြုချိုင်မှာတော့ အိမ်အနည်းငယ်သာ (မီးဘေးမသင့်ဘဲ) ကျန်ရစ်နေခဲ့ပါတယ်။

    ၀ီရသူကို အထင်ကြီးသူတွေထဲမှာ သာသနာရေးဝန်ကြီး (ဦး) ဆန်းဆင့်လည်း ပါဝင်ပါတယ်။ သူက ဇွန်လတုန်းက ရိုက်တာကို ၀ီရသူရဲ့ တရားတွေက သာသနာတွေအကြား ချစ်ခင်ရေးနဲ့ နားလည်မှုကို မြင့်မားစေပါတယ်လို့ ဆိုခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန်ကလည်း ၀ီရသူကို ဗုဒ္ဓသားတော်လို့ ခေါ်ခဲ့ဖူးသလို ၉၆၉ တံဆိပ်ကိုလည်း ငြိမ်းချမ်းရေးသင်္ကေတရယ်လို့ ကင်ပွန်းတပ်ခဲ့ ပါတယ်။

    အစိုးရရဲ့ ခန့်မှန်းချက်အရ လူပေါင်း သန်း၆၀ရှိတဲ့ မြန်မာပြည်မှာ ၅ ရာခိုင်နှုန်းလောက်က မွတ်စလင်တွေပါ။ အဲဒီထဲက ၁ မီလီယံထက်ပို တဲ့ လူအရေအတွက် က ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်ပါတယ်။ သူတို့တွေထဲက အများစုက နိုင်ငံမဲ့နေပြီး ရခိုင်မြောက်ပိုင်းမှာ နေပါတယ်။

    သဗြုချိုင်ရွာသား ဗုဒ္ဓဘာသာဝင် မြင့်ဌေးကတော့ အင်္ဂါနေ့ အကြမ်းဖက်ပွဲကြီးမှာ သူမပါဝင်ခဲ့ဘူးလို့ဆိုပေမယ့် အကြမ်းသမားတွေုကို ရှုတ်ချဖို့ တော့ ငြင်း ဆိုခဲ့ပါတယ်။

    “ဒါမမှားဘူးလေ” လို့ သူက ဆိုပါတယ်။ ဒြါ့ပင်သူက ရခိုင်တွေအနေနဲ့ သူတို့ရဲ့ အမိမြေကို မွတ်စလင်တွေလက်ကနေ ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ လည်း ဆိုပါတယ်။

    အမျိုးဘာသာသာသနာကာကွယ်ရေးအဖွဲ့ဝင် မြင့်မိုးဆိုသူကတော့ သူကိုယ်တိုင် ၉၆၉ တံဆိပ်ကပ် စတစ်ကာတွေကို ဖြန့်ဖြူးခဲ့သလို ဗုဒ္ဓဘာသာ ဘုန်းကြီး ရာပေါင်းများစွာကို အထောက်အပံ့ပေးခဲ့တယ်လို့ ပြောပြပါတယ်။

    မြင့်မိုးက ရိုဟင်ဂျာအသုံးအနှုံးကို ငြင်းဆိုခဲ့ပြီး ရိုဟင်ဂျာဆိုသူတွေဟာ ဘင်္ဂလီတွေပါလို့ ပြောပါတယ်။ ဘင်္ဂလီကတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူတွေကို ခေါ်တာပါ။

    သံတွဲအခြေဆိုက် အာရ်အာန်ဒီပီပါတီရဲ့ ခေါင်းဆောင်တွေကတော့ သူတို့ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးတာဟာ အကျိုးဆက်အနေနဲ့ မတည်ငြိမ်မှုကို တိုးပွားစေမှာပဲလို့ ဆိုပါတယ်။

    “ပါတီခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့အတွက် အစိုးရမှာတာဝန်ရှိတယ်၊ လူတွေက ဒေါသူပုန်ထနေကြတယ်” လို့ မောင်မောင်ဖြူက ဆိုပါတယ်။

    (ရိုက်တာသတင်းဌာန – ဂျာရက်ဖာရီ သံတွဲမှာ တိုက်ရိုက်သတင်းရေးသားသည်။ ရန်ကုန်မှ မင်းဇေယျာဦးက ထပ်တိုးသတင်းပေးပို့ပြီးMartin Petty, Andrew R.C. Marshall နှင့် Robert Birsel တို့က တည်းဖြတ်သည်။)