News @ M-Media

Tag: featured

  • ၀ံသာနုရက္ခိတ စိတ်ရှိစေရန် ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးစာရွက်များ တိုက်ကြီးမြို့တွင် လှုံ့ဆော်ဖြန့်ချီ

    သြဂုတ် ၃၁၊ ၂၀၁၃
    M-Media
    အေးမောင်

    img391
    တိုက်ကြီး ။         ။        ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တွင် ၀ံသာနုရက္ခိတ စိတ်ရှိစေရန်ဟု ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးဖြစ်စေမည့် စာရွက်များကို လိုက်လံဖြန့်ဝေ၍ ဘာသာရေးအရ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန်အတွက် သြဂုတ်လ ၂၁-ရက်နေ့က လှုံ့ဆော်ဖြန့်ချီနေကြောင်း သိရသည်။

    အဆိုပါ လက်ကမ်းစာစောင်တွင် ၀ံသာနုရက္ခိတစိတ်ရှိစေရန်အတွက် တိုက်ကြီးမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်မြောက်ရေးအဖွဲ့ဟု သိရပြီး ၉၆၉ လှုပ်ရှားသူများ ဦးဆောင်နေကြောင်း သိရသည်။

    အဆိုပါ လက်ကမ်းစာစောင်တွင် မိဘဆရာအပေါင်းကို ဦးတည်၍ ကလေးများအား သင်ကြားပေးသင့်သည်များဟု ရေးသားထားသည်များမှာ ဘာသာတရားကို သင်ကြားပေးခြင်းမဟုတ်ဘဲ ဘာသာတစ်ခုမှ တစ်ခုအပေါ်သို့ ကလေးဘ၀ကတည်းမှစပြီး အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သင်ကြားပေးရန် လှုံ့ဆော်ထားသည်ကို တွေ့ရပါသည်။

    အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေနေမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့သို့ ဆက်သွယ်စုံစမ်းရာ အဆိုပါ လက်ကမ်းစာစောင်ကို လက်ခံရရှိထားပြီး ဘာသာပေါင်းစုံ စည်းလုံးညီညွတ်မှုကိုလိုလားသူ ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးမှ ပြောကြားသည်မှာ “အရင်ကတော့ ကျွန်တော်တို့ဒီမှာ အဲလို ခွဲခြားမြင်တာတွေ မရှိဘူး။ ကျွန်တော်တို့ တိုက်ကြီးမှာက မွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာတွေဆိုတာ ရောပြီး နေနေကြတာ။ တချို့ဆို မိသားစုတစ်ခုတည်းမှာပဲ ဗုဒ္ဓဘာသာရေ မွတ်စလင်မ်ရော ရှိနေတဲ့သူတွေလည်း ရှိတယ်ဗျ။ အခုလို ၀ံသာနုရက္ခိတ စိတ်ရှိစေဖို့ခေါင်းစဉ်တပ်ပြီး မွတ်စလင်မ်တွေရဲ့ သောကြာနေ့တိုင်းဆုတောင်းဆိုတာကို တလွဲဖော်ပြထားတာမျိုးလည်း မကြိုက်ဘူး။ ကျွန်တော့်မှာလည်း မွတ်စလင်မ်မိတ်ဆွေတွေရှိပါတယ်။ အခုလို ကိုယ့်ဘာသာတရားအတွက် သွန်သင်ဆုံးမခိုင်းတာမျိုးမဟုတ်ပဲ တခြားဘာသာကို တလွဲပြောထားတာမျိုးကို ကျွန်တော်မကြိုက်ပါဘူး။ အခု ဒါတွေလုပ်နေတာလည်း ၉၆၉ အဖွဲ့တွေ လုပ်တယ်လို့သိရတယ်။ ကျွန်တော်ကတော့ ဒါမျိုးလုပ်ရပ်ကို လုံးဝ အားမပေးပါဘူး။ ၉၆၉ ခေါင်းစဉ်တပ်ပြီး လုပ်နေတာကိုလည်း လုံးဝ ရှုံ့ချပါတယ်”လို့ ပြောပြခဲ့ပါတယ်။

    ဘာသာလူမျိုးပေါင်းစုံ အေးချမ်းစွာနေထိုင်လျက်ရှိတဲ့ တိုက်ကြီးမြို့အားလည်း အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် အမျိုးဘာသာစောင့်ရှောက်ရေး အမည်ဖြင့် ၉၆၉ အဖွဲ့မှ လှုံ့ဆော်မှုများ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် တိုက်ကြီးမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် ၀ိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းနေကြတယ်လို့ အဆိုပါ မြို့ခံမှ ဆက်လက်ပြောပြခဲ့ပါတယ်။

    img392

  • ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း

    ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း

    M-Media
    သြဂုတ်လ ၃၀ ရက်၊ ၂၀၁၃
    www.dvb.no

    ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုမှ ဗွီဒီယိုအပိုင်းအစတစ်ခု အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။ ထိုဗွီဒီယို ကို နိုင်ငံခြား သား သတင်းထောက်များက ခဲရာခက်ဆစ် ရိုက်ကူးထားပုံပေါ်နေပြီး လူအုပ်ကြီးက ၄င်းတို့အား ရန်မူပုံများပါ ပါဝင်နေပါသည်။

    နိုင်ငံခြားသား သတင်းထောက်များက ဗလီအတွင်းသို့ ၀င်ရောက်လာကြသည်ကို အဓမ္မမောင်းထုတ်ရုံမက အမျိုးသားတစ်ဦးက နိုင်ငံခြားသူ အမျိုးသမီးအား မဖွယ်မရာ ပြုလုပ်ပြခဲ့ရုံမက (၀.၄၁ မိနစ်) ရဲဝန်ထမ်းကလည်း ရိုက်သတ်ပစ်လိုက်မယ် ဟု ခြိမ်းခြောက်ပြောနေခဲ့ပါသည်။ (၁.၃၂ မိနစ်)

    ထိုနေရာသည် ဗလီအဆောက်အဦဖြစ်သော်လည်း ရခိုင်ဗုဒ္ဓဘာသာလူအုပ်ကိုသာ တွေ့ရပြီး ဗလီထဲသို့ အ၀င်မခံသည့်အချက်မှာ မည်သည်ကြောင့်ဖြစ် သည်ကိုမူ ကွဲပြားစွာ မသိရှိရသော်လည်း အာဏာ ပိုင်များကမူ ကန့်သတ်နယ်မြေဟု ဆိုပါသည်။

    ယခုကဲ့သို့ ရိုဟင်ဂျာအရေးကို အရင်းတည်ကာ နိုင်ငံနှင့်အ၀ှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တအုံနွေးနွေးရှိနေစဉ် မြန်မာအစိုးရက ထိုဗွီဒီယိုအား ကိုယ်တိုင်ရိုက်ကူးခဲ့သည့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦးကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရပါသည်။

    ထိုအကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ကို DVB အင်္ဂလိပ်ပိုင်းက “Burma blacklists two US-based reporters for covering Rohingya crisis” ခေါင်းစဉ်ဖြင့် တင်ပြထားပါသည်။

    အမ်-မီဒီယာပရိသတ်ကြီး မြန်မာဘာသာပြန်အား ရှုစားနိုင်ပါပြီ။
    ==================================================================

     

    Download လုပ်ပြီးကြည့်လိုသူများအတွက်
    File Size= 17.6 MB
    Google Doc =>http://goo.gl/UiKEOO

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းဆဲခံနေရမှုများကို မှတ်တမ်းတင်ဖို့ ရခိုင်ကို သွားရောက်ခဲ့ကြတဲ့ အမေရိကန်ဂျာနယ်လစ်နှစ်ယောက်ကို မြန်မာအစိုးရက အမည်ပျက် စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။

    သူတို့က ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်နေတုန်း သွားရောက်ခဲ့ကြတာပါ။ ဒါပေမယ့် ယခုလ၊ သြဂုတ်လဆန်းပိုင်းမှာ မြန်မာပြည်ထဲပြန်ဝင်ဖို့ ကြိုးစားရာ မှာတော့ ၀ါရှင်တန်မြန်မာသံရုံးက သူတို့ကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အစိုးရမဟုတ်တဲ့ ဓါတ်ပုံထောက် လှမ်းရေးအေဂျင်စီ တစ်ခုရဲ့ ၀န်ထမ်းတွေပါ။

    မြန်မာသံရုံးတာဝန်ရှိသူတွေကတော့ သူတို့နှစ်ဦးဟာ Lux Capio Photography Agency ဖြစ်ပြီး မတ်ရိန်းနဲ့ အာလီယာ မဟ်ဘူးဘ်တို့ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ အကြောင်းပြချက် ပေးရာမှာတော့ သူတို့တွေက ပြီးခဲ့တဲ့တခေါက် ရခိုင်ပြည်နယ် ရောက်ခဲ့စဉ် ထိန်းချုပ်ကန့်သတ်ထားတဲ့ မွတ်စလင်ဧရိယာကို ၀င်ရောက်ခဲ့ကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးအနေနဲ့ လာမယ့်နှစ်မှာ ဗီဇာရဖို့ ထပ်ကြိုးစားနိုင် ပါတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း သူတို့နှစ်ဦး ရခိုင်ကိုရောက်ခဲ့တော့ ဒေါသပုန်ထနေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေက သူတို့ကိုအုပ်စုလိုက် ၀ိုင်းဝန်းရန်မူခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စစ်တွေမြို့စွန် အောင်မင်္ဂလာမှာရှိတဲ့ ဗလီထဲကို ၀င်ရောက်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်ကို ပြန်ခိုင်းခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ သူတို့နောက်က စစ်ထောက်လှမ်းရေးတွေ တကောက်ကောက် လိုက်နေတယ်လို့ သူတို့က ဆိုပါတယ်။

    သူတို့နှစ်ဦးက တိုးရစ်ဗီဇာကိုင်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားခရီးသွားလာရေးဝန်ကြီးဌာနက သူတို့ကို စစ်တွေမြို့မှာရှိတဲ့ ဘယ်နေရာ ကိုမဆို သွားလာခွင့်ရှိတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုဝင်တော့ ရဲတွေက သူတို့ကို တားဆီးခဲ့ကြတယ်။ အဲဒီနောက်သူ တို့က အနီးအပါးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ နေရာယူထားတဲ့ ဗလီထဲကို ၀င်တဲ့အခါ ဆိုးသွမ်းလူအုပ်က သူတို့နားကို ၀ိုင်းဝန်း ချဉ်းကပ်ခဲ့ပါတယ်။

    “နေရာတိုင်းက လူတွေ ရောက်လာတယ်။ အာလီယာကို အဲဒီထဲက လူတစ်ယောက်က ခန္ဓာကိုယ် အောက်ပိုင်းကို ပြပြီး မဖွယ်မရာလုပ်ပြခဲ့တယ်။ တချို့ကတော့ ကျွန်တော်တို့ကျောဘက်ကနေ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူနေကြတယ်။ ကျွန်တော့်ကင်မရာကိုလည်း လုယူဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ရိန်းက ရှင်းပြခဲ့ပါတယ်။

    သူတို့နှစ်ဦး ရိုက်ယူခဲ့တဲ့ဗွီဒီယိုဖိုင်ကတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗွီဒီယိုမှတ်တမ်းမှာ ရဲတွေက သူတို့ကို သေနတ်တပြပြ လုပ်ပြီး ခြိမ်းခြောက်နေ တာတွေလည်း ပါဝင်ပါတယ်။ ရခိုင်တွေကတော့ ကင်မရာကိုလုဖို့ ကြိုးစားနေပါတယ်။ အရပ်ဝတ်နဲ့ လူတစ်ယောက်ကတော့ သူ့ကိုယ်သူ ချဲမင်း(Chairman) လို့ဆိုပြီး ဗလီထဲကနေ သူတို့ကို မောင်းထုတ်ပြီးတော့ ပတ်စ်ပို့ပေးဖို့လည်း အော်ငေါက် တောင်းဆိုခဲ့ပါတယ်။

    အဲလိုဖြစ်နေစဉ် သူတို့နှစ်ဦးက ရဲစခန်းကို သွားဖို့ တောင်းဆိုခဲ့တာကြောင့် ရဲစခန်းကို ရောက်ခဲ့ပါတယ်။ ရဲတွေက သူတို့ပတ်စ်ပို့ကို နာရီပေါင်းများစွာ သိမ်းဆည်းထားခဲ့ပါတယ်။ နောက်ဆုံးတော့ နောက်နေ့မနက်အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ကို ပြန်ပို့ခဲ့တာပါ။ သူတို့က ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ အထပ်ထပ်အခါခါမေးတဲ့အခါ ကန့်သတ်ဇုန်ထဲ ၀င်ရောက်တာကြောင့်လို့ ရဲတွေက အဖြေပေးခဲ့တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ကို ရန်ကုန်ဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နောက်က လူ ၄ယောက်ကနေ ၆ ယောက်လောက်ထိ ဘယ်နေရာသွားသွား လိုက်နေတယ်။ ကားနှစ်စင်းကို ထရိတ်ဒါးဟော်တယ် ရှေ့မှာ ရပ်ထားတယ်၊ လူတွေက ဟော်တယ်ထဲက ဧည့်သည်ဆောင်မှာထိုင်နေပြီး ကျွန်တော်တို့ ကို စောင့်နေကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို တွေ့ဆုံစကားပြောမယ့် ဘယ်သူတစ်ဦးတစ်ယောက်မဆိုမှာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆတာကြောင့် ကျွန်တော်တို့လည်း ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ခဲ့တယ်။” လို့ ရိန်းက ပြောပြခဲ့ပါတယ်။

    မြန်မာအစိုးရကတော့ ထုံးစံအတိုင်း ဥပဒေတွေ ချပြပြီး နိုင်ငံတကာက ပြစ်တင်ဝေဖန်တာတွေကို အကာအကွယ်ယူပါတယ်။ သူတို့နှစ်ဦးက ဂျာနယ်လစ်ဗီဇာ မပါဘဲ ကန့်သတ်နယ်မြေထဲဝင် တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောကြောင်း ဒီဗွီဘီအင်္ဂလိပ်ပိုင်းက တင်ပြပါတယ်။

    ဒီဗွီဘီအင်္ဂလိပ်ပိုင်းကတော့ မီဒီယာပီပီ မြန်မာအာဏာပိုင်တွေကိုလည်း ဆက်သွယ်မေးမြန်းသလို ရိုဟင်ဂျာ ဂျာနယ်လစ်ဖြစ်တဲ့ ကိုအောင်ဝင်း ကိုလည်း မေးမြန်း ခဲ့ပါတယ်။ ကိုအောင်ဝင်းက အောင်မင်္ဂလာကိုသွားချင်တဲ့ အဲဒီအမေရိကန် ဂျာနယ်လစ်နှစ်ဦးကို ရဲတွေက တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခဲ့ တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အောင်မင်္ဂလာမှာတော့ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ကူညီရေးတွေ ၀င်ခွင့်မရှိတဲ့ မွတ်စလင်ဒုက္ခသည် စခန်းရှိပါတယ်။

    “ခင်ဗျားတို့ ရခိုင်ပြည်နယ်အစိုးရဆီကနေ ပါမစ်ယူရလိမ့်မယ်။ ကျွန်တော်ခင်ဗျားတို့ (ဂျာနယ်လစ်များ) ကို အိုင်ဒီပီစခန်းပတ်လည်နေရာတွေ ကို ခေါ် သွားနိုင်တယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုတော့ အာဏာပိုင်တွေက သွားခွင့်မပြုဘူး” လို့ ကိုအောင်ဝင်းက ရှင်းပြပါတယ်။

    ဒါပေမယ့် ဝေဖန်သူတွေကတော့ ဂျာနယ်လစ်တွေကို အဲဒီလိုထောက်လှမ်းတဲ့လုပ်ရပ်တွေဟာ အရင်စစ်အစိုးရလက်ထက်က လုပ်ရပ်တွေဖြစ်တဲ့အကြောင်း၊ အဲဒီလုပ်ရပ်တွေကြောင့်လည်း ရိုဟင်ဂျာတွေ အလူးအလဲခံခဲ့ရတာတွေံ လူမသိသူမသိဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။

    ရိန်းနဲ့ မဟ်ဘူးဘ်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာတွေ ညှဉ်းပမ်းနှိပ်စက်ခံရတာကို မှတ်တမ်းတင်ဖို့ ကြိုးစားတာကြောင့် ကာယိနြေ္ဒပျက်ပြားအောင် အနှောင့်အယှက်ပေးခံခဲ့ရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ကြောင်း၊ သူတို့မှာ အတွေ့အကြုံရှိနေပြီးဖြစ်ကြောင်း၊ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တရားမ၀င်ခိုးဝင်သူတွေလို့ ဆိုပြီး အခြေခံလူ့အခွင့်အရေးတွေကိုတောင် ငြင်းပယ်ထားကြောင်း၊ ၂၀၁၂ သြဂုတ်လမှာတော့ သူတို့နှစ်ဦးကို ရခိုင်ရဲတွေက ပိတ်နှောင်ထားတာမျိုး အကြိမ်ကြိမ်လုပ်ခဲ့ကြောင်း၊ ရခိုင်ဒေသခံတွေက အာလီယာကို မီးရှို့သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အာလီယာကတော့ ပါကစ္စတန်လူမျိုး အစ္စလာမ်ဘာသာဝင် ဂျာနယ်လစ်ဖြစ်ကြောင်း ဆိုပါတယ်။

    အမေရိကန်နိုင်ငံသား ရိန်းကတော့ စစ်တွေအရှေ့မြောက်ဘက်က မြောက်ဦးကိုရောက်တော့ သူတို့နှစ်ဦး ရုပ်ရှင်ဝင်ကြည့်တဲ့အတွေ့အကြုံကို ပြောပြပါတယ်။ သူက အဲဒီအတွေ့အကြုံကို Third Reich ခေါ် နာဇီဂျာမနီလုပ်ရပ်နဲ့ အလားတူဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦး ရုပ်ရှင်ရုံထဲဝင်တော့ ရုပ်ရှင်မစခင် ရှေးဟောင်း မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး နိုင်ငံတော်သီချင်း စလာပါတယ်၊ ဖန်သားပြင်မှာတော့ ရခိုင်စာသားတွေပြည့်လို့နေပါတယ်။

    ဒါနဲ့ သူတို့က ဘေးကလူကို မေးမြန်းကြည့်တဲ့အခါ သူက – “အဲဒီစာသားတွေက ရိုဟင်ဂျာတွေ အိမ်တွေကို ဘယ်လိုမီးရှို့တယ်၊ လူတွေကို ဘယ်လိုသတ် တယ်ဆိုတာ ရေးထားတာ” လို့ ပြောပြပါတယ်တဲ့။ အဲဒီအချိန်မှာ ရိန်းက သူ့ရဲ့ကင်မရာကို ထုတ်လိုက်တယ်ဆိုရင်ပဲ ဖန်သားပြင်က ၁၉၈၀ ပြည့် လွန်နှစ်တွေ မှာ ရိုက်ကူး ခဲ့တဲ့ ရုပ်မြင်သံကြားဇတ်လမ်းတွဲတွေဆီ ချက်ချင်း ပြောင်းသွားတယ်။ ပြီးတော့ မန်နေဂျာက သူတို့ကို မောင်းထုတ်ခဲ့တယ်။

    “ဒါမျိုး ၀ါဒဖြန့်တာက အရှိန်ပြင်းပြင်းနဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေပြီ” လို့ ရိန်းကဆိုပါတယ်။

    မြန်မာအစိုးရက ဒီမိုကရေစီအပြောင်းအလဲကြောင့်နိုင်ငံတကာရဲ့ ချီးကျူးမှုတွေ ခံနေရပါတယ်။ အဲဒီထဲမှာ မီဒီယာထိန်းချုပ်မှု လျော့ချတာတွေ၊ အာဏာရှင် အစိုးရလက်ထက် အမည်ပျက်စာရင်း သွင်းခံရသူတွေကို ပယ်ဖျက်ပေးတာတွေ ပါဝင်ပါတယ်။ အမည်ပျက်စာရင်းထဲ မှာတော့ နိုင်ငံတကာ ဂျာနယ်လစ်တွေ လည်း ပါနေတာကြောင့် အဲဒီဂျာနယ်လစ်တွေအတွက်တော့ အမည်ပျက်စာရင်း ဆိုတာ ထောင်ဘားတန်းတွေ လို မြန်မာပြည်ထဲဝင်ဖို့ကာထားတဲ့ အကာအရံတွေပါပဲ။ ဒါပေမယ့်လည်း လေ့လာသူတွေက အဲဒီအမည်ပျက်စာရင်းထဲမှာ လူပေါင်း ၄၀၀၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ၊ စစ်ထောက်လှမ်းရေးကလည်း အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်လုပ်ရှားမှုတွေမှာ လိုက်လံသတင်းယူကြသူများကို ထောက်လှမ်းစောင့်ကြည့်နေကြ ဆဲဖြစ်ပါတယ်။

  • “ကိုယ်အိမ်ပြန်နေဖို့ ကန့်ကွက်ခံရတာ တရားဥပဒေစိုးမိုးမှု မရှိတာထင်ရှား” ဟု မိတ္ထီလာမြို့တွင် မွတ်စလင်မ်လူကြီးများ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် တွေ့ဆုံစဉ် ပြောကြား

    သြဂုတ်လ- ၃၀၊ ၂၀၁၃
    M-Media
    သုတ

    “ကိုယ်အိမ်ပြန်နေဖို့ ကန့်ကွက်ခံရတာ တရားဥပဒေစိုးမိုးမှု မရှိတာထင်ရှား” ဟု  မိတ္ထီလာမြို့တွင် မွတ်စလင်မ်လူကြီးများ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် တွေ့ဆုံစဉ် ပြောကြား

    Burning Meikhtila Muslim Houses and Mosque pic 3
    ၂၀၁၃ ခုနှစ် မတ်လ တွင် အကြမ်းဖက်မီးရှို့ခံရသည့် မိထ္ထိလာမှ မွတ်စလင်မ် နေအိမ်များ

    မိတ္ထီလာ ။        ။        မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူ (၄)ဦးသည် မိတ္ထီလာမြို့ရှိ မွတ်စလင်မ် လူကြီး(၁၀)ဦးနှင့် သြဂုတ်လ ၂၈-ရက်နေ့ မနက်ပိုင်းက မိတ္ထီလာမြို့ ခရိုင်ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

    အဆိုပါ တွေ့ဆုံမှုတွင် မွတ်စလင်မ် လူကြီးများမှ မတ်လအတွင်းက မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် CAMP များတွင် နေထိုင်နေရသော ‘အကြမ်းဖက်ခံ’ ဒေသခံ မွတ်စလင်မ် များမှ  မိမိတို့၏နေအိမ်များတွင် ပြန်လည်နေထိုင် ခွင့်ရရန်၊ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကို ဦးတည်ကြောင်း၊ Hate Speech (အမုန်းတရားဝါဒဖြန့််မှု)  များကို တားဆီးပေးရန်၊ မွတ်စလင်မ်ဈေးဆိုင်များ ပြန်လည်ရောင်းချ ခွင့်ရရန်၊ ကလေးများ စိတ်အေး ချမ်းသာစွာ နေထိုင်ခွင့်ရရန် ၀ိုင်းဝန်းလုပ်ဆောင်ပေးရန်၊  ပြန်လည် ဖွင့်ခွင့် မရသေးသော ကျန်ရှိသည့် ဗလီ ၆-လုံးအား ပြန်လည် ဖွင့်ခွင့်ရရှိရေး၊ ဖျက်ဆီးခံရသည့် အိမ်များ၊ ဗလီဝတ်ကျောင်းများ ပြန်လည် ပြန်ဆင်ခွင့်ရရန် တင်ပြဆွေးနွေးခဲ့သည်။

    ထိုသို့ ဆွေးနွေးနေစဉ်မှာပင် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးမှ အချိန် မရှိတော့ဘူးဟုဆိုကာ ဆွေးနွေးမှုအား တားဆီးခဲ့ပြီး  မင်္ဂလာဇေယုံတွင် ဖြစ်သွားသည့် ကိစ္စရပ်သည့် မွတ်စလင်မ်များမှ ဘုန်းကြီးကိုသတ်လိုက်သည့် အတွက် ပိုဆိုးသည်၊ မွတ်စလင်မ်များတွင် တာဝန်ရှိသည်၊ မွတ်စလင်မ်များတွင် ခေါင်းဆောင်ကောင်း မရှိဘူးဟု ပြောဆိုခဲ့ကြောင်း သိရသည်။

    မိမိရပ်ကွက်အတွင်း မိမိပြန်လာသည်ကို လက်သင့်မခံခြင်း၊ ကန့်ကွက်ခြင်းရှိသည့်အတွက် တရားဥပဒေ စိုးမိုးရေး မည်သို့ရှိကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ရာချီက ရှိခဲ့သော ဗလီများအားလည်း ပတ်ဝန်းကျင်က ကန့်ကွက်သည်ဟု ဆိုကာ ပြန်လည် ဖွင့်လှစ်ခွင့် မပေးသည်မှာလည်း တရားဥပဒေစိုးမိုးမှု မရှိကြောင်း ပြန်လည်ပြောဆိုရာမှ တွေ့ဆုံမှုကို ရပ်တန့်လိုက်ရကြောင်း သိရသည်။

    မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အစိုးရ အဖွဲ့တာဝန်ကို လွှဲပြောင်းလက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ တွင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်အားလုံးနီးပါးမှာ အငြိမ်းစား အစိုးရ အရာရှိကြီးများဖြစ်ပြီး အငြိမ်းစား သံတမန်၊ ပါမောက္ခနှင့် အခြားသော အစိုးရဋ္ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့သူ များဖြစ်သည်။ ကော်မရှင်၏ ဥက္ကဋ္ဌမှာ အငြိမ်းစား သံအမတ် ဦးဝင်းမြ ဖြစ်သည်။

  • ကုလသမဂ္ဂအကြံပေး မစ္စတာ နမ်ဘီယား မိတ္ထီလာမြို့သို့ ရောက်ရှိပြီး ဘာသာပေါင်းစုံနှင့် တွေ့ဆုံ

    သြဂုတ် ၂၉၊ ၂၀၁၃
    M-Media
    သုတ

    1234905_582756241766850_432073801_n

    မိတ္ထီလာ ။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကိုရောက်ရှိနေရာ ယနေ့ သြဂုတ်လ ၂၉-ရက်နေ့တွင် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး ညနေ ၄း၀၀-နာရီက အကြမ်းဖက်ခံများ၊ ထို့နောက် ၄း၃၀-နာရီခန့်က ဘာသာပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြာင်း သိရသည်။

    အဆိုပါ တွေ့ဆုံမှုတွင် သံဃာတော် ဆရာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အကြမ်းဖက်ခံများ အပါအ၀င် မိတ္ထီလာမြို့ခံများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

    မစ္စတာနမ်ဘီးယားသည် ၄-နာရီခန့်က ဘင်္ဂါလီဗလီနှင့် မင်္ဂလာဇေယုံရပ်ကွက်များသို့ သွားရောက်တွေ့ဆုံမေးမြန်းပြီး ချမ်းအေးသာယာဗလီသို့လည်းသွားရောက်ခဲ့သည်။ ချမ်းအေးသာယာ အကြမ်းဖက်ခံများနှင့် တွေ့ဆုံမေးမြန်းမှုတွင် အကြမ်းဖက်ခံများမှ CAMP များအတွင်း နေထိုင်လိုမှု မရှိတော့ဘဲ မိမိတို့ နေရာများသို့သာ ပြန်လိုကြောင်းပြောကြားခဲ့သည်။  မစ္စတာနမ်ဘီးယားမှ နိုင်ငံတော်မှ စီစဉ်ပေးခြင်းမရှိဘူးလားဟုမေးမြန်းရာတွင် အကြမ်းဖက်ခံများမှ နိုင်ငံတော်မှ စီစဉ်ပေးသည်။ သို့သော် မိမိတို့ မြေကွက်များကို သိမ်းယူပြီး တိုက်ခန်းများ ဆောက်လုပ်မည်ဆိုခြင်းကို လက်မခံလိုကြောင်း၊ မိမိမြေနေရာများသာ လိုချင်ကြောင်း၊ နိုင်ငံတော်မှ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းကို မလိုလားကြောင်း ပြန်လည်ဆွေးနွေးပြောဆိုခဲ့ကြသည်။

    ထို့နောက် ချမ်းအေးသာယာရပ်ကွက်အတွင်းမှ ဗုဒ္ဓဘာသာဝင်များ၏ CAMP များသို့လည်း သွားရောက်ရာ ထို CAMP အတွင်းမှ ဗုဒ္ဓဘာသာဝင်များမှလည်း မွတ်စလင်မ်များနှင့် မည်သည့်ပြဿနာမျှမရှိဘဲ အတူယှဉ်တွဲ နေထိုင်လို့ရကြောင်း၊ မွတ်စလင်မ်တွေနဲ့အတူ နေထိုင်နိုင်သည့်အတွက် မိမိတို့အနေနှင့်လည်း တိုက်ခန်းများတွင် မနေလိုကြောင်း ပြောဆိုခဲ့သည့်အတွက် မစ္စတာနမ်ဘီးယားမှ တာဝန်ရှိသူများအား ပြန်လည်တင်ပြမည်ဟု ဆွေးနွေးပြောဆိုခဲ့သည်။

    10026_582756175100190_123279992_n

    ညနေ ၄း၃၀-နာရီတွင် ဘာသာပေါင်းစုံနှင့် တွေ့ဆုံရာတွင် ဘာသာပေါင်းစုံမှ သံဃာတော်များ၊ မွတ်စလင်မ်ခေါင်းဆောင်များ၊ ခရစ်ယာန်ခေါင်းဆောင်များ၊ ဟိန္ဒူဘာသာမှခေါင်းဆောင်များလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ အစ္စလာမ်မှ မုဖ်သီနူးမုဟမ္မဒ်မှလည်း  ဘာသာပေါင်းစုံ အတူယှဉ်တွဲရေးနှင့် ဘာသာတရားတိုင်းသည် အကြမ်းဖက်သည့် သာသနာမဟုတ်ဘဲ တရားရေအေး တိုက်ကျွေးသည့် သာသနာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

    အင်တာနက်စာမျက်နှာများ အထူးသဖြင့် ဖေ့ဘွတ်စာမျက်နှာတွင် မုန်းတီးရေးများရေးသားနေမှု၊ ဦးရဲထွဋ်ကိုယ်တိုင်ရေးသားသည်မှာ ယခုဖြစ်ခဲ့သော ကိစ္စရပ်များသည် ဘာသာရေးအသွင် မဟုတ်၊ လူတစ်စု၏လုပ်ဆောင်မှုသည်ဆိုသည့်အတွက် အကြမ်းဖက်မှုလုပ်ဆောင်နေသည့် လူစုအား အရေးယူသင့်ကြောင်း၊ အရေးယူမှုအား နိုင်ငံတော်အနေနှင့် မလုံလောက်ပါက နိုင်ငံခြား၏ အကူအညီလည်း ယူသင့်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။

    အချုပ်အနေနှင့် မစ္စတာ နမ်ဘီးယားမှ ဘာသာပေါင်းစုံ အေးချမ်းစွာနှင့် သင့်မြတ်စွာနေထိုင်ကြရန် ဆွေးနွေးပြောဆိုခဲ့ပါသည်။

    ဗုဒ္ဓဘာသာမှ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဘုန်းတော်ကြီးများ၊ ခရစ်ယာန်သာသနာမှ မန္တလေးတိုင်း သင်းအုပ်ဆရာတော်၊ ဟိန္ဒူဘာသာမှ ဆရာတော် ဦးဘော်ဘီ၊ အစ္စလာမ် သာသနာမှ မုဖ်သီနူး မုဟမ္မဒ်၊ ခလီဖွှဟ်ဦးသိန်းဝင်းအောင်၊ ဦးအောင်ဇော်ဝင်း တို့လည်း အဆိုပါ တွေ့ဆုံမှုတွင် တက်ရောက်ပါဝင်ခဲ့ကြသည်။

    ဓါတ်ပုံများကြည့်ရန်။ http://goo.gl/A8877Y

  • မှူးတင်အောင်မြင်ပါစေ သို့မဟုတ် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်

    M-Media
    သြဂုတ်လ ၂၈ ရက်၊ ၂၀၁၃
    အေပီသတင်းငှာန၏ Meet Myanmar’s one-man anti-smoking lobby အား ဆီလျော်သည့်အတိုင်း မြန်မာမှု ပြုပါသည်။

    ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ (ဓါတ်ပုံ - 7-days news)
    ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ (ဓါတ်ပုံ – 7-days news)

    သိပ္ပံ မှူးတင်ဆိုတာထက် “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်” ဆိုတဲ့စာတမ်းက လူသိပိုများမှာပါ။ သိပ္ပံ မှူးတင် ကတော့ အခြေခံပညာကျောင်းတွေ မှာ ဆေးလိပ်မသောက်ရေး လှုံဆော်ဟောပြောသူအဖြစ်လည်း ထင်ရှားပါတယ်။ သိပ္ပံ မှူးတင်ခေါ် ဗိုလ်မှူးတင်မောင်ကတော့ မလွတ်လပ်ခင်မြန်မာပြည်အတွက် ဂျပန်မှာ စစ်ပညာသွား သင်တော့ သွေးပူလေ့ကျင့်ခန်းဆင်းတုန်း မြန်မာစစ်သားတွေ “ဂျပန် အေ -ိုး ဂျပန်အေ -ိုး” လို့ တိုင်ပင်အော်ကြတာကို အစချီပြောတော့ ကျောင်းသားတွေရယ်မောကြတယ်၊ အဲဒါကို အခွင့်ကောင်းယူကာ ဆေးလိပ် မသောက်ကြဖို့ လှုံဆော်ခဲ့တဲ့ လွတ်လပ်ခေတ်မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ဆေးလိပ်ဆန့်ကျင်တဲ့ နှစ်ရှည်တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။

    မြန်မာပြည်မှာ တိုဘက်ကိုလို့ခေါ်တဲ့ ဆေးရွက်ကြီး၊ ဆေးလိပ်အရောင်းဆိုင်တွေ တွင်ကျယ်လာတာနဲ့အမျှ ဆေးလိပ်သောက်တာကို ဆန့်ကျင်ဖို့ လှုံဆော်တဲ့ အသက် ၉၀ အရွယ် အဘိုးအိုကြီးကတော့ ဒီဆေးလိပ်တွေ အရောင်း ဆိုင်တွေပေါ်ထိ ရောက်မလာဖို့ သူတတ်နိုင်သလောက် လုပ်နေခဲ့တာပါ။

    အတိအကျပြောရရင် အသက် ၈၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဦးတင်မောင်ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ အတွင်း မဂ္ဂဇင်းတွေမှာ၊ နိုင်ငံတော်က ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဆေးလိပ်ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ ဒါ့ပြင် သူဟာ နိုင်ငံအနှံ့ဟောပြောပွဲတွေ၊ ကျောင်းတွေ လှည့်ပြီး ဟောပြောပွဲတွေပြုလုပ်ပြီး လူငယ်တွေကို ဆေးလိပ်အန္တရာယ်ကြီးမားပုံအကြောင်း တင်ပြခဲ့ပါတယ်။ ဒါတွေအားလုံးကို သူ့အိတ်ထဲက အရင်းအနှီးဆိုက် ပြုလုပ်ခဲ့တာပါ။

    မြန်မာပြည်ကတော့ ရာစုဝက်လောက် အထီးတည်းဖြစ်နေတယ်၊ ပိတ်ဆို့မှုတွေနဲ့အတူ ကြမ်းတမ်းတဲ့ စစ်အုပ်ချုပ်ရေးအောက် ရောက်နေခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အရင်ကစပြီး (အဲဒီအကျည်းတန်မှုတွေ) အဆုံးသတ်သွားပါပြီ။ ကမ္ဘာပေါ်က ကြီးမားပါပေ့ဆိုတဲ့ ကုမ္ပဏီအချို့ကတော့ အာရှရဲ့ ရုပ်ချည်းထင်ပေါ်လာတဲ့ (မြန်မာပြည်က) ရှေ့ဆောင်ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက် လာကြပါပြီ။ ဒါပေမယ့် ဆေးလိပ်ကုမ္ပဏီတွေမှာတော့ ကွဲပြားတဲ့ မဟာဗျူဟာတွေ ရှိနေပါတယ်။ သူတို့က မြန်မာပြည်ထဲ အသံကျယ်ကျယ်မလုပ်ဘဲ (တိတ်တိတ်ကလေး) ၀င်ရောက်ကြတာပါ။

    နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရုပ်လိုက်တော့ ကိုကာကိုလာကစပြီး ဆူဇူကီးကားကုမ္ပဏီအထိ မြန်မာပြည်ထဲ လျင်လျင်မြန်မြန်ပဲ ရောက်လာကြပါပြီ။ ဒီလိုပါပဲ၊ ဆေးလိပ်ကုမ္ပဏီကြီးတွေကလည်း ဖဲကြိုးဖြတ်တာတို့၊ မီဒီယာကြေညာချက်တွေ မလုပ်ဘဲ တိတ်တိတ်ကလေး ရောက်လာနေကြပါတယ်။
    ဗြိတိသျှ အမေရိကန်ဖက်စပ်ကုမ္ပဏီကြီး (BAT – British American Tobacco) တစ်ခုဖြစ်သလို ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးဆုံး ဆေးလိပ် ထုတ်တဲ့ ဆေးရွက်ကြီး ကုမ္ပဏီကြီးကတော့ ပြီးခဲ့တဲ့လက ရွေးချယ်ထားတဲ့ အစိုးရကိုယ်စားလှယ်တချို့နဲ့အတူ (မြန်မာနိုင်ငံကို ၀င်ရောက်လာခြင်း အထိမ်းအမှတ်အခမ်းအနားကို) အကျဉ်းရုန်းကျင်းပခဲ့ပါတယ်။ အဲဒီကုမ္ပဏီကြီးကတော့ ငါးနှစ်အတွင်း ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံ ကာ ဆေးလိပ်တွေ ထုတ်လုပ်မယ်၊ ဖြန့်ဖြူးမယ်၊ မြန်မာပြည်ကို သူတို့ ဆေးလိပ်တံဆိပ်နဲ့ အကျွမ်းဝင်အောင် လုပ်မယ်လို့ ရည်ရွယ်ထားကြပါတယ်။ သူတို့ကုမ္ပဏီကို ရန်ကုန်မြို့စွန်တနေရာမှာတည်ပြီး အလုပ်နေရာပေါင်း ၄၀၀ လောက် ဖန်တီးပေးနိုင်ပါလိမ့်မယ်။

    ထိုနည်းတူ ကမ္ဘာ့နံပါတ်သုံး ဆေးလိပ်ကုမ္ပဏီကြီးဖြစ်တဲ့ ဂျပန်အခြေဆိုက် ဂျပန်တိုဘက်ကို (JT – Japan Tobacco) ကလည်း ခြေလှမ်းမနှေး လှပါဘူး။ မြန်မာပြည်က သူဌေးကြီး ဦးကျော်ဝင်းဆိုသူနဲ့ လက်တွဲပြီး အလုပ်လုပ်ကြဖို့ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက စီစဉ်ခဲ့ကြတာပါတဲ့။ ဂျပန်တိုဘက်ကိုရဲ့ ပြောခွင့်ရ မစ္စတာ ရွိုင်းဟီ ဆူဂါတာကတော့ ကုမ္ပဏီစက်ရုံကြီး တည်ဆောက်နေပြီဆိုတဲ့အကြောင်း ပြောပြပေမယ့် ဘယ်လောက်ထိ တာသွားမယ့် စီမံကိန်းလဲဆိုတာနဲ့ ဘယ်နေရာမှ ဆောက်နေတာလဲဆိုတာတွေကိုတော့ ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

    တရုတ်ကလည်း ဘယ်လက်နှေးမလဲပေါ့လေ။ သူတို့ရဲ့ အကြီးမားဆုံး ဆေးလိပ်ကုမ္ပဏီကြီးက ဒေါ်လာ ဘီလီယံချီသုံးပြီး ဖက်စပ်ဆောင်ရွက်မှုတွေနဲ့ အတူ မြန်မာပြည်ကို ၀င်ရောက်လာပါပြီ။

    ဒါတွေနဲ့ ပတ်သတ်ပြီး ဗိုလ်မှူးဟောင်းကြီး တင်မောင် (ခ) သိပ္ပံမှူးတင်ကတော့ – “သူတို့က ဒီလို ကိုယ်ယောင်ဖျောက်ဝင်လာလို့ (သူတို့လုပ်မယ့် အလုပ်ကို) လူတွေက စိစစ်သုံးသပ်လိမ့်မယ်မဟုတ်ဘူးလို့ ထင်နေပုံရတယ်။ ပိုက်ဆံက လူအများကြီးရဲ့ ပါးစပ်ပေါက်ကို ပိတ်နိုင်တယ်လေ။ ကျွန်တော်ကတော့ ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွက် အလွန်မတ်လှတဲ့ တောင်ကုန်းကြီးတစ်ခု မြင်နေပါပြီ။” ဟု မှတ်ချက်ပေးလိုက်ပါပြီ။

    What-is-in-a-Cigarette-Chemicals

    လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းတဲ့အပြင် လျှပ်စစ်မီးလည်း လုံလုံလောက်လောက်မပေးနိုင်တဲ့ တိုင်းပြည်ကြီးမှာ အမည်ခံအရပ်ဘက် အစိုးရကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် အလုပ်သစ်တွေဖန်တီးနိုင်မယ်၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လာလိမ့်မယ်လို့ မြှော်လင့်ချက်ထားနေပါတယ်။ ဒါပေမယ့် ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူထုသက်သာချောင်ချိရေးစတဲ့ တခြားဦးစားပေးကဏ္ဍတွေကတော့ ချောင်တချောင်ထဲမှာ ရံဖန်ရံခါ ချေးတွေ အလိမ်းလိမ်းတက်နေအောင် (ပစ်ထားတာ) ခံနေရပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန၊ တိုဘက်ကို (ဆေးရွက်ကြီး) ထိန်းချုပ်ရေးအစီအစဉ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နန်းနိုင်နိုင်ရှိန်းကတော့ – “BAT (British American Tobacco) နဲ့ JT (Japan Tobacco) တို့သာမက အခြားဆေးလိပ် ထုတ်လုပ်ရေးတွေကို ပြင်းပြင်းထန် ထန်ဆန့်ကျင်ထား ချက်တွေ ကတော့ Myanmar Investment Commission ခေါ် မြန်မာ့ရင်းနှီးမြှုပ်နှံရေးကော်မရှင်ရဲ့ ဖျက်သိမ်းတဲ့စာရင်းထဲ ပါသွားခဲ့ပါပြီ” လို့ ပြောပါတယ်။ အဲဒီကော်မရှင်ကြီးရဲ့ ဒါရိုက်တာကလည်း လာဘ်လာဘအရှုပ်တော်ပုံသံသယကြောင့် ထွက်သွားခဲ့ပြီဖြစ်ပေမယ့် တိုဘက် ကို ခေါ် ဆေးရွက်ကြီးကုမ္ပဏီ ကြီးတွေကို အတည်ပြုပေးထားချက်ကတော့ တစုံတရာမထိခိုက်ဘဲ ဒီအတိုင်း ဆက်လက်တည်ရှိနေဆဲပါ။

    ဒီလို နိုင်ငံတကာ အင်အားကြီးတိုဘက်ကိုကုမ္ပဏီကြီးတွေက သူတို့ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အဓိကဈေးကွက်တွေမှာ ဆေးလိပ်သောက်သုံးမှုနှုန်းတွေ ကျဆင်းနေတော့ မြန်မာပြည်ဟာ သူတို့အတွက် ကျေနပ်စရာ ဆွဲဆောင်မှုတစ်ခုပါပဲ။

    (မြန်မာပြည်မှာ) ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာမယ့်အန္တရာယ်ကို သိတဲ့နှုန်းက နိမ့်လှပါတယ်။ ဒီတော့ကား တိုဘက် ကိုခေါ် ဆေးရွက်ကြီး ထိန်းချုပ်ရေးအစီအမံတွေကို ထိထိရောက်ရောက် အကျိုးသက်ရောက်စေဖို့ (လုပ်ဆောင် တာတွေ) လည်း နည်းပါးလျက်ရှိပါတယ်။

    ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်တဲ့လှုပ်ရှားမှုကြီးကို ထိထိရောက်ရောက်လုပ်နေတာဆိုလို့ တစ်ယောက်တည်းရှိပါတယ်။

    မြန်မာပြည်က တခြားလူငယ်တွေလိုပါပဲ၊ (ဦး)တင်မောင်က အသက် ၁၀ နှစ်မှာတင် ဆေးလိပ်ဆွဲနေပါပြီ။ ဒါကြောင့် ဆေးလိပ်ဆွဲဖို့ ဘယ်လောက်လွယ် သလဲဆိုတာ သူသိပါတယ်လို့ (ဦး)တင်မောင် (ခ) သိပ္ပံမှူးတင်က ဆိုတယ်။ သူဆေးလိပ်ပြတ်ပုံကိုလည်း ပြောပြတဲ့အခါ တခေါက် သူ Readers Digest မဂ္ဂဇင်းကိုဖတ်တော့ အဲဒီမှာ ဆေးလိပ်ဆိုးကျိုးတွေရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်မိပြီးတဲ့နောက် ဖြတ်ပစ်ခဲ့တာပါလို့ ဆိုပါတယ်။
    ဆေးလိပ်သောက်တဲ့သူအရေအတွက်များသလို သူတို့ထဲက အချို့သူတွေလောက်ပဲ ဖင်ဆီခံပါတဲ့ဆေးလိပ်ကို သောက်ကြပါတယ်။

    ၂၀၀၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီရင်ခံစာအရ ယောက်ျား ၄၅ ရာခိုင်နှုန်းက တိုဘက်ကိုခေါ်ဆေးရွက်ကြီးကို သောက်တယ် ဒါမှမဟုတ် ၀ါးစားကြပါတယ်တဲ့။ အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက်တွေကတော့ ၈ ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်းစီ အသီးသီးဖြစ်ကြပါတယ်။

    ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီ (BAT) ရဲ့အကြီးအကဲ နီကန်ဒရို ဒူရန်တီကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က စစ် (ဗိုလ်ချုပ်ကြီး)တွေနဲ့ အငြင်းပွားဖွယ် ဆက်သွယ်မိတာကြောင့် မောင်းထုတ်ခံခဲ့ရပြီးနောက် အခု မြန်မာပြည်ကို ပြန်ဝင်ခွင့်ရတဲ့အတွက် အမှန်အကန်ကို စိတ်လှုပ်ရှားမိကြောင်း၊ BAT အနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုရေးတိုးတက်ပြောင်းလဲမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မယ့်အကြောင်း BAT ရဲ့ ၀က်ဘ်ဆိုဒ်ကနေ ရေး သားဖော်ပြခဲ့ပါတယ်။

    ဆေးပြင်းလိပ်လို ရိုးရာဆေးလိပ်မှာတော့ ဆေးရွက်ကြီးကောင်းကောင်းတွေ လိပ်ထားတာမျိုးရှိသလို၊ အရိုးအသားအပိုင်းအစမျိုးနဲ့ မကျည်းသာမက အခြားသော အရသာမျိုးတွေပါ ရှိပါတယ်။ မြန်မာပြည်မှာတော့ ခပ်ငယ်ငယ်အရွယ်ကတည်းက စတာပါပဲ။ တခါတလေ သားဖြစ်သူက ဖခင်ကို မီးညှိပေးရပါသေးတယ်။

    လူတော်တော်များများကတော့ ဆေးလိပ်သောက်တာမကောင်းဘူးလို့ သိကြတယ်၊ ဒါပေမယ့် ဘာကြောင့်မကောင်းတာလဲဆိုတာကိုတော့ သိသူနည်းပါးလှပါတယ်။

    “ဆေးလိပ်သောက်တာမကောင်းဘူးဆိုတာတော့ သိတယ်၊ ဒါပေမယ့် ဆေးလိပ်သောက်သူတိုင်း ကင်ဆာဖြစ်နေတာမှမဟုတ်တာ။ ကျွန်တော် အခု ကောင်းကောင်းမွန်မွန်ပါပဲ။ မဖြစ်သေးတာတွေတွေးပြီး ပူပန်မနေချင်ပါဘူး” လို့ ၃၇ နှစ်အရွယ် အိမ်ထောင်သည် မခင်ချိုက ပြောပါတယ်။ သူမကတော့ အိမ်မှာနေရင် ဆေးပြင်းလိပ်သောက်ပြီး အပြင်ထွက်ရင် စီးကရက်သောက်သူဖြစ်ပါတယ်။

    ရန်ကုန်ဆေးရုံကြီးမှာတော့ ကင်ဆာရောဂါသည်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီထဲက ဆေးလိပ်ကြောင့် ဖြစ်တဲ့ကင်ဆာရောဂါသည် အချို့ကသာ ဆေး လိပ်ရဲ့ ဆိုးကျိုးကို အချိန်နှောင်းပြီးမှ သဘောပေါက်နားလည်ကြပါတယ်။

    အသက် ၆၀ နှစ်အရွယ်ရှိပြီး နှစ် ၅၀ လောက်ဆေးလိပ်သောက်ခဲ့တဲ့ ကိုလှစိုးကတော့ – “မစဉ်းစားတတ်အောင်ပဲဗျာ။ လွန်ခဲ့တဲ့ ၁ နှစ်အရင်ကအထိ ကျွန်တော် ဆေးလိပ်မဖြတ်ဖြစ်ခဲ့ဘူး။ အဆုတ်ကင်ဆာဖြစ်နေပြီဆိုမှ ဖြတ်ဖြစ်တော့တာပဲ” လို့ ပြောပြပါတယ်။

    လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတော့ မြန်မာအစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဆေးရွက်ကြီး (ဆန့်ကျင်တိုက်ဖျက်ရေး) စာတမ်းမှာ သဘောတူ လက်မှတ်ထိုးခဲ့တယ်။ ဒါပေမယ့် မြန်မာမှာတော့ ဆေးရွက်ကြီး ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ ဈေးကွက်ဖြန့်ချိမှုတွေကိုတော့ ဥပဒေတွေနဲ့ ထိန်းချုပ်တာမျိုး၊ ရောင်းချမှုကို ကန့်သတ်တာမျိုးတွေ မရှိသလောက် ရှားပါတယ်။

    အသက်အရွယ်အလိုက် ကန့်သတ်ပြီး ဆေးလိပ်ရောင်းချခွင့် ပိတ်ပင်ထားပေမယ့် အသက် ၁၂ ကနေ အဲဒီထက်ငယ်တဲ့ ကလေးတွေကိုတော့ စီးကရက် အပျည် (ဘူးလိုက်မဟုတ်ပဲ၊ တလိပ်ချင်း) တွေ ၀ယ်နေတာမျိုးကိုတော့ လမ်းဘေးက ဆိုင်တွေမှာ ပုံမှန်တွေ့နေရတာပါပဲ။

    ပြည်တွင်းအခြေဆိုက် ဆေးလိပ်ကုမ္ပဏီတွေကတော့ ဈေးကွက်မှာ ကြော်ငြာပိတ်ပင်ခံရတာကနေ လွတ်အောင် တနည်းတဖုံနည်းမျိုးစုံ သုံးကြတာပေါ့။ ဇိမ်ခံကားမျိုးစုံနဲ့ အရမ်းကို ချမ်းသာကြွယ်ဝတဲ့ နာမည်ကြီး ဦးတေဇကတော့ သူထုတ်တဲ့ ဆေးလိပ်တံဆိပ်မှာ ထီလက်မှတ်ပုံစုံ ၅ ဒေါ်လာတန်၊ ၁၀ ဒေါ်လာတန်တွေထည့်ပြီး မြှူဆွယ်တာပါ။

    ဆေးရွက်ကြီးထုတ်တဲ့ ဂုရုကြီးတွေကတော့ ဈေးကွက်မှာ ဘယ်လို မြှုရမလဲဆိုတာ ၀ါရင့်အတွေ့အကြုံရှိနေပါပြီ။ သူတို့တွေဟာ ကျွမ်းကျင်မှုတွေနဲ့ အတူ ဆေးလိပ်သောက်သုံးသူတွေကို တစ်ဘ၀လုံး (ဖောက်သည်ဖြစ်နေအောင်) ထက်ထက်မြက်မြက်ကလေး ဆွဲဆောင်ကြပါတယ်။ ဒီလူတွေကလည်း တရားဝင်ထွက်ပေါက်တွေကနေ (လက်နှစ်လုံးကြား) လှုပ်ရှားကြတာပါ။

    လက်ရှိ သတ်မှတ်ချက်တွေအရ ဆေးလိပ်ကုမ္ပဏီတွေက ကလေးတွေကို ပညာသင်စရိတ်ထောက်မယ်၊ လူမှုရေးလုပ်ငန်းတွေကို စပွန်ဆာပေးမယ်ဆိုရင် သူတို့ဆေးလိပ်တံဆိပ်ကို အရောင်းမြှင့်တင်ရေး လုပ်လို့ရနေပါပြီ။ ဒါမှမဟုတ် ဖေ့ဘွတ်လို ဆိုရှယ်နက်ဝက်တွေကနေ ကြော်ငြာကြပါတယ်။

    မြန်မာကတော့ ဆေးလိပ်ဘူးခွံပေါ်မှာ ပုံနဲ့ဖော်ပြပြီး သတိပေးတာမျိုးမလုပ်တဲ့ အာရှနိုင်ငံအနည်းအကျဉ်းတွေထဲက တနိုင်ငံလည်းဖြစ်ပါတယ်လို့ ကမ္ဘာ့ တီဘီရောဂါနဲ့ အခြားရောဂါများတိုက်ဖျက်ရေး ယူနီယံရဲ့ နည်းပညာအကြံပေး တာရာဆင်းဘမ်းက ဆိုပါတယ်။ သူကတော့ မြန်မာပြည်ကို ဒုတိယအကြိမ်မြောက် အလည်အပတ်သွားခါးနီး ခုလိုပြောခဲ့တာပါ။

    WHO ကတော့ ခုချိန်ထိ ဆေးလိပ်သောက်သူတွေထဲက ၅ ရာခိုင်နှုန်းကသာ ဖင်စီခံပါတဲ့စီးကရက် သောက်ကြတယ်လို့ ဆိုပါတယ်။

    အရှေ့တောင်အာရှ ဆေးရွက်ကြီးထိန်းချုပ်ရေး ညွှန့်ပေါင်းအဖွဲ့ရဲ့ ပေါ်လစီအကြံပေး မေရီအဆွန်တာကတော့ (မြန်မာပြည်ရဲ့) အပြောင်းအလဲက စီးပွားရေးကို တိုးတက်ဖြစ်ထွန်းစေမှာဖြစ်လို့ (ဆေးလိပ်သောက်တဲ့) အလေ့အကျင့်တွေ ပြင်ကြလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

    “စီးပွားရေးတိုးတက်လာဖို့၊ အလယ်အလတ်တန်းစားလူတွေဟာ အသားတင်ဝင်ငွေတွေ ရလာဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။” လို့ သူမက ဆိုပါ တယ်။ နေရာတိုင်းမှာ ဆေးလိပ်သောက်တဲ့ဓလေ့ ပျံ့နှံ့နေတာနဲ့ စပ်လျဉ်းပြီး သူမက “အလယ်အလတ်တန်းစားတွေနဲ့ ဆယ်ကျော်သက်တွေ ကို ဆေးလိပ် ကုမ္ပဏီတွေက ဈေးပေါတဲ့ဆေးလိပ်တွေနဲ့ ပစ်မှတ်ထားဆွဲဆောင်ဖို့ အခွင့်အလမ်းတွေ ရသွားပါလိမ့်မယ်။” လို့ သူမက မိသားစုဝင်ငွေ တွေကိစ္စနဲ့ စပ်လျဉ်းပြီး ပြောပြပါတယ်။ ဒါ့ပြင်သူမက မြန်မာပြည်ရဲ့ အသစ်အသစ်သော ကုမ္ပဏီကြီးတွေနဲ့ ပတ်သတ်လို့ – “ဒီကုမ္ပစီတွေက ဆွဲဆောင် မှုကောင်းကောင်းနဲ့ ထုပ်ပိုးထားတဲ့ ဆေးလိပ်တွေကို (ဈေးဆိုင်တွေက) ပိုက်ဆံရှင်းတဲ့ကောင်တာတွေမှာ ဒါမှမဟုတ် ထင်သာမြင်သာတဲ့ မှန်ဗီရိုကြီးတွေ ထဲမှာ ပြသထားတာမျိုးကို ကျွန်မတို့ ပိုပြီးမြင်ကြရမယ်လို့ ထင်ပါတယ်။” ဟု မှတ်ချက်ပေး ပြောပြခဲ့ပါတယ်။

    ဒါတွေကတော့ (ဦး) တင်မောင် (ခ) သိပ္ပံမှူးတင်အတွက်တော့ ကြောက်စရာလန့်စရာတွေ ဖြစ်နေပြီ။ သူက သူ့ဘ၀မှာ ဆေးရွက်ကြီးကို ဆန့်ကျင်ခြင်းက အကြီးမားဆုံးသော ဆန့်ကျင်မှုအဖြစ် သတ်မှတ်ထားသူပါ။

    (မှူးတင် အောင်မြင်ပါစေ။ – အမ်-မီဒီယာ)