News @ M-Media

Tag: featured

  • မိတ္ထီလာဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကုလကိုယ်စားလှယ် ကင်းတားနား ဖြစ်စဉ်မှန်ကို ပြောခြင်း မဟုတ်ဟု ဦးရဲထွဋ် စွပ်စွဲ

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    UN envoy
    မိတ္ထီလာခရီးစဉ်အတွင်း ကုလကိုယ်စားလှယ်အား လုံခြုံမှုအပြည့်အ၀ ပေးခဲ့ကြောင်းဖြင့် သမ္မတပြောခွင့်ရ ဦးရဲထွဋ်မှ ပြောကြားကာ ကုလကိုယ်စားလှယ် ကင်းတားနား၏ ပုဂ္ဂလိက ခံစားချက်ကို ငြင်းဆန်ပယ်ချခဲ့ ကြောင်း သတင်းများက ဆိုသည်။

    ကုလကိုယ်စားလှယ် ကင်းတားနားမှာ မိတ္ထီလာသို့အသွား ရမ်းကားလူအုပ်ကြီးက ကားတန်းတလျောက်လိုက်ကာ ဆဲဆိုရန်စကာ ကားများကို ကန်ကျောက်ခဲ့သော်လည်း ရဲများက လက်ပိုက်ကြည့်နေကြောင်း၊ သို့ကြောင့် ကင်းတားနားနှင့်အဖွဲ့က ကြောက်ရွံ့စိုးရိမ်မှု ခံစားခဲ့ရကြောင်းဖြင့် သတင်းများက ဖော်ပြသလို ကင်းတားနားကိုယ်တိုင်ကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

    သို့သော် ဦးရဲထွဋ်ကမူ ဆိုးသွမ်းလူအုပ်ကြီးမှာ ကင်းတားနားအား စာနှင့် တီရှပ်များပေးရန်သာ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကင်းတားနား၏ ပြောစကားများမှာ ဖြစ်စဉ်မှန်နှင့် လုံးဝဆန့်ကျင်နေကြောင်း၊ ရဲများက သူ့ကို အကာအကွယ်ပေးခဲ့ကြောင်း၊ ဆိုးသွမ်းလူအုပ်ကြီးက သူ့ကိုထိခိုက်စေဖို့ ရည်ရွယ်ရင်း မရှိခဲ့ကြောင်း စသဖြင့် ၄င်းကိုယ်တိုင် ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့်အလား ဆိုခဲ့သည်။

    ကင်းတားနားကမူ ထိုဖြစ်စဉ်တွင် အကာအကွယ်လုံးဝကင်းမဲ့နေသည်ဟု မိမိခံစားရကြောင်း၊ မြန်မာအစိုးရက ကုလကိုယ်စားလှယ်တစ်ဦးကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့်မြန်မာအစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    Ref: ဧရာဝတီ

    Photo – AFP

    ဗီဒီယို Credit >> ကမာရွတ်မီဒီယာ

  • အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်များကို ထိရောက်စွာ ဖြေရှင်း ကိုင်တွယ်ဖို့ မြန်မာအား လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ ပြော

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအတွက် မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း (Physicians for Human Rights) က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြထားသည်။

    riot-hit-meiktila
    ယခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့က မွတ်စလင်မ် နေအိမ်များကို မီးရှို့အကြမ်းဖက်မှုများ

    ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်းက ယမန်နှစ်အတွင်းဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို “ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည့် စနစ်ကျသော လှုပ်ရှားမှုကြီး” အဖြစ် ကင်ပွန်းတပ်ထားသည်။ ထိုအဖွဲ့၏ အစီရင်ခံစာအရ အဓိကရုဏ်းကြောင့် လူပေါင်း ၂၅၀ အသတ်ခံခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

    ထိုအဖွဲ့က မြန်မာ၏ လက်ရှိအခြေအနေသည် ငြိမ်သက်နေပြီဟု ထင်ရသော်လည်း အကြမ်းဖက်မှုကျူးလွန်ခဲ့သူများကို ထိရောက်စွာ အရေးယူမှု ပျက်ကွက်နေသေးကြောင်း၊ ထို့ကြောင့် ထပ်မံဖြစ်လာမည့် အဓိကရုဏ်းများကို ကြိုတင်ကာကွယ်ရေးကဏ္ဍ၌လည်း ပျက်ကွက်နေကြောင်း ဆိုသည်။

    “ဒီလိုမျိုးအခြေအနေတွေနဲ့ပတ်သတ်ပြီး ဖုံးဖိထားမယ်၊ နုတ်ဆိတ်နေမယ်ဆိုရင် မြန်မာပြည်တစ်နိုင်ငံလုံးမှာ ဆူပူမှုတွေ ဒါမှမဟုတ် ကပ်ဆိုက်သလိုမျိုးထိ ဖြစ်လာလိမ့်မယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပါဝင်တယ်။” ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ အစီရင်ခံစာက Burma ဟု သုံးနှုံးကာ ဖော်ပြထားသည်။

    မြန်မာအစိုးရကမူ HRW ၏ စောင့်ကြည့်မှုအစီရင်ခံချက်များကို ပြင်းထန်ခါးသီးစွာ ငြင်းဆန်ပယ်ချခဲ့သည်ချည်းဖြစ်သည်။ သို့သော် မတ်လအတွင်းဖြစ်ခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုတွင် အစ္စလာမ်ဘာသာရေးကျောင်းမှ ကျောင်းသားလူမမယ် အယောက် ၂၀ ကျော်နှင့် ဆရာများ သတ်ဖြတ်ခံခဲ့ရသည်။ ကင်းတားနားကမူ ရဲများ၏ အကာအကွယ်ပေးရန်ပျက်ကွက်ခဲ့မှုကို မိမိအနေဖြင့် ကိုယ်ချင်းစာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ မြန်မာပြည် ဒါရိုက်တာ ၀ီလျံဒေးဗစ်က မြန်မာမွတ်စလင်ကျူးလွန်သူများသည် ဗုဒ္ဓဘာသာဝင်ကျူးလွန်သူများထက် ပို၍ အပြစ်ဒဏ်ပေးခြင်း ခံနေရကြောင်း ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “အကြမ်းဖက်တာတော့ ရပ်သွားပြီ။ ဒါပေမယ့် အဲဒီမှာ အကြမ်းဖက်ဖို့ အထောက်အပံ့တွေ ရှိနေတုန်းပဲ။” ဟု ၀ီလျံဒေးဗစ်က အပြစ်ပေးရန်ပျက်ကွက်မှုများ နှင့် အကျင့်စာရိတ္တပျက်ဆီးနေသော တရားသူကြီးများဦးစီးသည့်  တရားစီရင်ရေးကဏ္ဍများကို ရည်ညွှန်းပြောကြားသွားသည်။

    မြန်မာအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ်ကမူ သမ္မတဦးသိန်းစိန်က ကုလကိုယ်စားလှယ်အား တွေ့ဆုံဖို့ လုံးဝ (လုံးဝ) အစီအစဉ်မရှိကြောင်း လတ်တလော ကြေညာခဲ့သော်လည်း ကင်းတားနားကမူ ကုလကိုယ်စားလှယ်အား မြန်မာအစိုးရက လုံခြုံရေးပေးရန် ပျက်ကွက်ခဲ့သည်ဟု လူသိရှင်ကြား ပြောဆိုလိုက်ပြီဖြစ်သည်။

    အေအက်ဖ်ပီ
    Ref: (http://www.mmtimes.com/index.php/national-news/7902-rights-group-calls-on-myanmar-to-address-anti-muslim-sentiment.html)

  • မြန်မာနိုင်ငံမှ မွတ်စ်လင်များ မျိုးဖြုတ် သုတ်သင်ခြင်း အန္တရာယ်တွင်းဝသို့ ရောက်နေပြီလော ? (ဘာသာပြန်)

    သြဂုတ်လ-၂၁၊ ၂၀၁၃
    M-Media
    Source: DVB
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်

    27131_4783306302136_1685146913_n
    မတ်လတွင်းဖြစ်ပွားခဲ့သည့် မိထ္ထိလာမြို့မှ အကြမ်းဖက်မှုတွင် အသတ်ခံရသူ တဦး၏ အလောင်းနားမှ လက်နက်ကိုင်ဆိုင်ထားသူများနှင့် လုံခြုံရေးအဖွဲ့ဝင်တဦး

    မြန်မာနိုင်ငံတွင်းရှိ လူနည်းစု မွတ်စ်လင်မ်တို့အပေါ် စံနစ်တကျလှုံ့ဆော်အကြမ်းဖက်မှုများအတွက် မြန်မာအစိုးရမှ အတိုင်းအတာ ပမာဏတစ်ရပ်အထိ လက်သင့်မခံနိုင်စရာကောင်းအောင် ပံ့ပိုးကူညီနေကြောင်း ပေါ်လွင်လာပါသည်။ ယင်းပံ့ပိုးမှုအား စစ်ဆေး အရေးယူခြင်းမရှိပါက မျိုးဖြုတ်သုတ်သင်မှုထံသို့ ဦးတည်လာနိုင်သည်ဟု အင်္ဂါနေ့ထွက် အစီရင်ခံစာသစ်တစ်ခုမှ သတိပေးလိုက်သည်။

    အစ္စလာမ်သာသနာကို တစ်ဖက်သတ်ရွံမုန်းသွားအောင် အမုန်းတရားဝါဒဖြန့်မှု ကျယ်ပြန့်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ မွတ်စ်လင်မ်များကို တစိုက်မတ်မတ်စော်ကားနေမှုများမှာ အစိုးရ၏ သဘောတူညီမှုနှင့် တရားဝင် ဘေးမဲ့ပေးထားခြင်းက အခြေခံလောင်စာဖြစ်နေသဖြင့် ညှင်းပန်းနှိပ်စက်မှုများ ဖြစ်လာရကြောင်း နျူးယော့ခ် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (Physicians for Human Rights – PHR)၏ လေ့လာမှု စာတမ်း၌ ဖော်ပြထား၏။

    “ ဤအခြေအနေများကို ကြပ်မတ်မှုမရှိဘဲ ဆက်လွှတ်ထားပါက မြန်မာနိုင်ငံသည် လူမဆန်သည့်ပြစ်မှုများ နှင့် မျိုးဖြုတ်သုတ်သင်မှု အပါအ၀င် တိုင်းပြည်တစ်ခုလုံး ပျက်စီးမည့် အကြမ်းဖက်မှုကြီးအား တွေ့ကြုံသွားဖွယ်ရှိနေပါသည် ” ဟု အစီရင်ခံစာမှ သတိပေးထားသည်။

    မြန်မာနိုင်ငံသည် မျိုးဖြုတ်သုတ်သင်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးညွှန်ကြားရေးဌာနမှ သတ်မှတ်ထားသော သတိပေးစည်းမျဉ်း ၈ ချက်နှင့် ညှိစွန်းနေပြီဖြစ်ကြောင်း၊ အထူးသဖြင့် ဆယ်စုနှစ်များစွာ အဓမ္မ အင်အားသုံးချုပ်ထိန်းခံရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုး ၈ သိန်း ကိစ္စဖြစ်ကြောင်း အစီရင်ခံစာရေးသူတစ်ဦးမှ DVB သို့ ပြောဆိုခဲ့သည်။

    “ မျိုးဖြုတ်သုတ်သင်မှုကြီးဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ပေမယ့် အဲ့ဒီအန္တရာယ်ရဲ့ တွင်းဝ ကို ရောက်နေပြီဖြစ်တယ်။ ဒါကြောင့် တကယ်လို့ အဲ့ဒီ စည်းမျဉ်းစံညွှန်းတွေနဲ့ညှိစွန်းပြီဆိုယင်တော့ အရေးယူ ကာကွယ်မှုလုပ်ရတော့မှာပါဘဲ။ ကျွန်တော်တို့က ဒီစာရင်းဝင်အောင် သွတ်သွင်းခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ့မြင်တဲ့အတိုင်း ဖော်ပြချက်သာ ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံ အရေး သုတေသီ PHR တစ်ဦးဖြစ်သော ဘီလ် ဒေးဗစ္စ (Bill Davis) က ဆိုသည်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်ရေး အမှုဆောင်ချုပ် မက်သျူး စမစ်(Mattew Smith) က ဤအစီရင်ခံစာသည် ယုံကြည် လက်ခံနိုင်သော၊ မျှတသော၊ အရေးပါသော အစီရင်ခံစာတစ်စောင် ဖြစ်ကြောင်း ရှင်းပြပြီး၊ မဖြစ်မနေကိုင်တွယ်ရမည့် ကိစ္စဖြစ်သည်ဟု အခိုင်အမာ ဆိုလိုက်သည်။ “ ဒီကိစ္စကို မျိုးဖြုတ်သုတ်သင်မှုစံညွှန်းနဲ့ညှိနေပြီ ဆိုပြီး ဆွေးနွေးတဲ့ အဆင့်ထိရောက်နေပါပြီ။ ဒီဆွေးနွေးမှုပန်းတိုင်ကတော့ ပိုမိုပြီးဆိုးဆိုးဝါးဝါးဖြစ်မလာအောင် ကာကွယ်ဖို့ (နဲ့) မျိုးဖြုတ်သုတ်သင်မှုလို့ သတ်မှတ်အတည်ပြုခံရတာမျိုးကနေ ဝေးကွာစေဖို့ ဖြစ်ပါတယ် ” ဟု ၄င်းမှ  DVB သို့ ပြောကြားခဲ့သည်။

    အစိုးက နိုင်ငံသားအဖြစ်ငြင်းပယ်ထားပြီး ပြင်းထန်စွာဖိနှိပ်ညှင်းပန်းခံရသော ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ရခိုင်ပြည်နယ်ပဋိပက္ခ (ယမန်နှစ် ဇွန်လ)မှစတင်၍ မြန်မာနိုင်ငံတစ်ဝှန်း ဘာသာရေးအကြမ်းဖက်လှိုင်းလုံးများ ရိုက်ခတ်ခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့(Human Rights Watch – HRW) ၏ အလွတ်သဘော စုံစမ်းမှုတစ်ရပ်က မြန်မာ့လုံခြုံရေးတပ်ဖွဲ့များသည် လူနည်းစုတို့အား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းစဉ်တွင် ကိုယ်စိတ်တစ်လက်တည်း ပူးပေါင်း ပါဝင်ခဲ့သည်ဟု ကောက်ချက်ချကာ ဖော်ထုတ် တင်ပြနိုင်ခဲ့သည်။

    ဤနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဗလီဝတ်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် အိမ်ခြေ တစ်သောင်းမျှ ပျက်စီးဆုံးရှုံးခဲ့သည်။ အာဏာပိုင်များက ရိုဟင်ဂျာ ဆန့်ကျင်ရေး သဘောထားမှသည် တိုင်းပြည်အနှံ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြစ်လာသည်အထိ အားပေး အားမြှောက်ပြုခဲ့ကြောင်း၊ အပြင်းထန်ဆုံး ကာလ၌ အကြမ်းဖက်ခံရသူမျာကို ကာကွယ်ရန်သာမက ဒုစရိုက်သားများကို နှိမ်နှင်းရန် ပျက်ကွက်ခဲ့ကြောင်း PHR မှ စွပ်စွဲလိုက်သည်။ ၄င်းအပြင် အကြမ်းဖက်မှုနောက်ကွယ်မှ ကြိုးကိုင်ထားသည့် နိုင်ငံရေးသမားတို့၏ တင်ပြမှုတို့အပေါ် စုံစမ်းစစ်ဆေးရန်ကိုလည်း တိုက်တွန်းခဲ့သည်။

    “ အာဏာပိုင်အစိုးရက ဖန်တီးတာလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ လုပ်သင့်တာကို မလုပ်ခဲ့တာကတော့ အမှန်ပါဘဲ။ ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်ရဲ့လုပ်ရပ်ကို လေ့လာကြည့်လိုက်ပါ။ အကြမ်းဖက်မှု မရပ်မနားဖြစ်နေပါလျက် မတားဆီးခဲ့ကြပါဘူး။ လမ်းမပေါ်မှာ အပြန်အလှန် သတ်ဖြတ်နေတာကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ရပ်ပြီးသာ စောင့်ကြည့်နေခဲ့ကြတယ်။ တိတိကျကျပြောရယင် ဒါဟာ အကာအကွယ်ပေးဖို့ ပျက်ကွက်တာပါဘဲ ” ဟု ဒေးဗစ္စ က ဆိုလေသည်။

    မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၌ မွတ်စ်လင်မ်ကျောင်းသားငယ်များအား စုပြုံသတ်ဖြတ်မှုနှင့်ပတ်သက်၍ PHR မှ မေလတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ၄င်း၌ မွတ်စ်လင်မ်တို့အား လှီးဖြတ် သတ်ဖြတ်နေစဉ် ရဲတပ်ဖွဲ့ဝင်များသည် အရုပ်သဖွယ် ရပ်ကြည့်လျက်သာရှိကြောင်း ဖော်ပြထားသည်။

    ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာ၌ မွတ်စ်လင်မ်တို့၏စီးပွားရေးကို သပိတ်မှောက်ရန် ဗုဒ္ဓဘာသာဝင်တို့အား လှုံ့ဆော်နေသည့် မြန်မာနိုင်ငံ၏ ၉၆၉ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုသည် ပွင့်ထွက်လာသော အကြမ်းဖက်မှုများစွာနှင့် အချိတ်အဆက်ရှိနေကြောင်း ဖော်ပြထားသည်။ မိတ္ထီလာအကြမ်းဖက်မှု မဖြစ်ပွားမီ တစ်ပတ်အလိုတွင် မီးရှို့မခံလိုပါက ၉၆၉ စတစ်ကာများကို မိမိတို့အိမ်များ၌ ဖော်ပြထားရမည်ဟုဆို၍ ဗုဒ္ဓဘာသာဝင်အုပ်စုများသည် တစ်အိမ်တက်ဆင်း  ဝေငှခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးမှ PHR သို့ ပြောပြခဲ့၏။

    “ တိုက်ခိုက်မှုတွေဖြစ်ပွားလာတဲ့အခါ ၉၆၉ စတစ်ကာကပ်ထားတဲ့အိမ်တွေ၊ ၉၆၉ နံပါတ် ဆေးမှုတ်ရေးသားထားတဲ့ အိမ်တွေဟာ အကာအကွယ်ရခဲ့ကြတယ်။ ဒါဟာ ခိုင်မာတဲ့ သက်သေပြချက် မဟုတ်ပေမယ့်လည်း အဲ့ဒီလို ဆက်စပ်နေမှုကို ကျွန်တော်တို့ တကယ်ကို တွေ့ကြရတယ်။ ၉၆၉ အဖွဲ့က ဒီကိစ္စကို ပစ်မှတ်ထား စီမံတာလားဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ အမုန်းတရားဖြန့်ချိရေးအတွက် ဒေါက်တိုင်တွေဘဲဆိုတာကတော့ အသေအချာပါဘဲ ” ဟု ဒေးဗစ္စက ပြောဆိုသည်။

    ယင်းလှုပ်ရှားမှု၏ နာမည်ကြီးဟောပြောသူတစ်ဦးဖြစ်သည့် ဦးဝီရသူမှာ သူ၏မီးမွှေးမှိုင်းတိုက် တရားပွဲပြီးဆုံးခဲ့သော နေရာများစွာ၌ များမကြာမီအတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း လူသိများလှပေသည်။ မိတ္ထီလာတွင် မွတ်စ်လင်မ်ကလေးငယ်များ အသတ်ခံရခြင်းသည် မိမိတို့၏ အင်အားကို ခင်းကျင်းပြသခြင်းဟုလည်း ပြောဆိုခဲ့သည်။

    အကြမ်းဖက်မှုအတွက် မိမိတို့ထံ တာဝန်မရှိပါဟု အစိုးရမှ မပြတ်စတမ်း ငြင်းဆိုနေလျက် ၉၆၉ ကို  ငြိမ်းချမ်းရေးအဖွဲ့အဖြစ် အကာအကွယ်ပေးနေပြန်သည်။ သို့သော် တက်ကြွလှုပ်ရှားသူများ၏အဆိုအရ – နှစ်ပေါင်းငါးဆယ်နီးပါး စစ်အုပ်ချုပ်ရေးလမ်းကြောင်းမှ ခွဲဖြာထွက်ရှိလာသည့် မြန်မာနိုင်ငံအဖို့ ယင်းသို့ပြုလုပ်နေခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအား နစ်နာပျက်သုဉ်းသွားစေနိုင်သည် ဟု သိရသည်။

    “ ဘာသာတရားတွေအကြား အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်မှုဖြစ်လာအောင် အမုန်းသွတ်သွင်းလှုံ့ဆော်တရားပွဲတွေကို ခွင့်ပြုနေမှုအတွက် တာဝန်ယူဖို့ အစိုးရအနေနဲ့ ရေရှည်ခေါင်းရှောင်လို့ မရနိုင်တော့ပါဘူး။ ဒါ့အပြင် ဇာတ်လမ်းအဆုံးသတ်ကောင်းလိမ့်မယ်လို့ မျှော်မှန်းလို့ မရနိုင်တော့ပါဘူး ” ဟု HRW ၏ အာရှဒေသတာဝန်ခံ ဒုတိယဒါရိုက်တာဖြစ်သူ ဖီးလ် ရောဘတ်ဆင်(Phil Robertson) မှ ထုတ်ဖော်ပြောကြားလိုက်သည်။

    **  ဟန်းနား ဟင်းဒ်စထရောမ်း(HANNA HINDSTROM) ၏ Burmese Muslims at ‘great risk’ of genocide, warn activists အမည်ရှိဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားပါသည်။

    ** မူရင်းလင့်ခ် – http://www.dvb.no/news/burmese-muslims-at-great-risk-of-genocide-warn-activists/31682

  • နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြရန် လှုံ့ဆော်စာများ မန္တလေးတွင် ဖြန့်ဝေ

    သြဂုတ် ၂၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    national
    မန္တလေး ။           ။             နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန် လှုံ့ဆော်စာများကို ယနေ့ သြဂုတ်လ ၂၁-ရက်နေ့မနက်ပိုင်းမှစ၍ မန္တလေးမြို့ နေရာအနှံ့အပြားတွင် လိုက်လံ လှုံ့ဆော် ဝေငှနေကြောင်း သိရသည်။

    အဆိုပါ လှုံ့ဆော်စာတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်း (၅၂)နှစ်မြောက်အဖြစ် နိုင်ငံတော် ဘာသာနေ့အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန်တိုက်တွန်းထားပြီး ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် အမျိုးသာဘာ-သာသနာနှင့် နိုင်ငံတော်ကို မြတ်နိုးတန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်လို စိတ်များ နိုးကြားထက်သန်ကြစေရန်၊ ယဉ်ကျေးသော ဘာသာတရားအဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများကို ဆောင်ရွက်နိုင်ကြစေရန်၊ ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်သော စိတ်ဓါတ် အင်အားကို မေတ္တာတရားဖြင့် တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ရေးသားထားသည်။ ယင်းအခမ်းအနားများကို သြဂုတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ၃-ရက်တိုင် ပြုလုပ်သွားမည်ဟုလည်း သိရသည်။

    ယခုကဲ့သို့ စာများ လှုံ့ဆော်ဖြန့်ဝေနေသည့် စာရွက်အားလက်ခံရရှိလာသည့် မန္တလေးမြို့ခံ တစ်ဦးမှ “ဒီစာရွက်တွေ လိုက်ဝေနေတာက မန္တလေးမြို့ နေရာတော်တော်များများမှာ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့အနီးတ၀ိုက်မှာ လာဝေတာက လူ ၁၀-ယောက်လောက်ရှိတယ်။ လမ်းပေါ်သွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို တားပြီးဝေနေတာ။ တစ်ခြားဘက်က လာကြတဲ့ သူတွေမှာလည်း ဒီလို စာရွက်တွေ ကိုင်လာကြတာတွေ့တယ်။

    ကိုယ့်ဘာသာတရားအရ ဥပုသ် သီတင်းဆောက်တည်တာ၊ အလှူဒါနပြုတာ၊ တိရစ္ဆာန်တွေကို ဘေးမဲ့ပေးတာ၊ စုပေါင်း ပရိတ် ရွတ်ဖတ်တာ၊ တရား ဓမ္မဟောပြောပွဲတွေ လုပ်တာက ကောင်းပါတယ်။ အဲဒါတွေကနေ သွေဖည်ပြီး ပြောင်းပြန်တွေ လုပ်ရင်တော့ မသင့်တော်ဘူးပေါ့ဗျာ။

    အရင်နှစ်တွေတုန်းက မလုပ်ခဲ့ဘဲ အခုလို နိုင်ငံတဝှမ်းမှာ အကြမ်းဖက်မှုတွေ၊ ဘာသာရေး ပြဿနာတွေ ဖြစ်အောင် လုပ်နေကြချိန်မှ ဒီလိုလှုံ့ဆော်စာတွေ ဖြန့်ဝေတာ ကောင်းတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ နိုင်ငံတော် ဘာသာဆိုတာ ဦးနု လက်ထက်က ပြဋ္ဌာန်းဖို့ လုပ်လိုက်တာ အခုမှ ပြန်ပြီး ဒီလို လုပ်နေတာဟာ ရည်ရွယ်ချက်ကောင်း လုံးဝ မဟုတ်ဘူးလို့ ကျွန်တော်တော့ မြင်တယ်။ ဒါတွေလုပ်နေတာဟာ ဘာသာရေးအရ ခွဲခြားမှု ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပေါ်လာအောင် အားပေးနေတာပါ။ အခုလို အချိန်အခါမျိုးမှာ လုံးဝ မလုပ်သင့်တာပါ”လို့ M-Media ကို ပြောပြခဲ့ပါတယ်။

    အဆိုပါ နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် ကျင်းပရန် စတင်လှုံ့ဆော်မှုမှာ မွန်ပြည်နယ် ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး ကျောင်းတိုက်မှ ၂၄-၅-၂၀၁၃ က မွန်ပြည်နယ်တွင် အစပြုလှုပ်ရှား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    မုတ္တမမြို့ မြစေတီနန်းဦး ကျောင်းတိုက်မှ ဆရာတော်များမှာ နိုင်ငံအဝှမ်း ဖြစ်ပွားခဲ့သည့် မွတ်စလင်မ်မုန်းတီးရေး အကြမ်းဖက်မှုများ ဖြစ်ပွားစေသည့် မုန်းတီးရေးတရားများ ဟောပြောဖြန်ချီနေသော ၉၆၉ အဖွဲ့ စတင်တည်ထောင်ဦးဆောင်သူများ ဖြစ်ကြသည်ဟု မှတ်တမ်းများအရသိရပါသည်။

    ဦးနုအစိုးရလက်ထက် မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ် ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ခရစ်ယာန်နဲ့ မွတ်စလင်မ်များရဲ့ ၀ိုင်းဝန်းကန့်ကွက်မှုများ ဖြစ်ပွားခဲ့ကြသည်။  ၁၉၆၂-ခု စစ်အာဏာသိမ်း ဦးနေ၀င်းအစိုးရ လက်ထက်မှာ အခြေခံ ဥပဒေသစ်ပြဌာန်း လိုက်တဲ့ အခါ ဗုဒ္ဓ ဘာသာဟာ နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းထားတဲ့အချက်က အလိုလို ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ တကျော့ပြန် ပြန်လည်၍ အထိမ်းအမှတ်များ ပြုလုပ်ရန် လှုံ့ဆော်လာခြင်း ဖြစ်သည်။

    ထိုအချိန်က နိုင်ငံတော်ဘာသာပြဌာန်းမှုကို ဦးဆောင် ကန့်ကွက်ခဲ့ကြသည့် ခရစ်ယာန်နှင့် မွတ်စလင်မ်များလည်း ဖမ်းဆီးထောင်ချခြင်း ခံခဲ့ကြရသည်။

     

  • ကျိုလီယာ မွတ်စလင်မ်အသင်းမှ သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ဆေးဝါး ပစ္စည်းများ လှူဒါန်း

    သြဂုတ်လ ၂၀၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    P8190401
    ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ဆေးရုံကြီးသို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ သြဂုတ်လ ၁၉-ရက်နေ့ နေ့လည် (၄)နာရီက နှလုံးဆေးဝါး ပစ္စည်း တန်ဖိုးငွေကျပ် (၂၁)သိန်းဖိုး တတိယ အကြိမ်မြောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ လှူဒါန်းဖြစ်ခဲ့ခြင်း အကြောင်းနှင့် ပတ်သက်၍ “ဆေးရုံကို လာရောက်တဲ့ သူတွေထဲက မရှိဆင်းရဲသားတွေ အဆင်ပြေ ချောမွတ်စေဖို့ အတွက် ရည်ရွယ် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ မေတ္တာဖြင့် ကုနေတဲ့ ဆေးရုံဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း မေတ္တာနဲ့ လာရောက် ကူညီခဲ့ခြင်း ဖြစ်ပါတယ်။ အခုတစ်ကြိမ်နဲ့ဆို ဒီဆေးရုံမှာကြီးပဲ သုံးကြိမ်ရှိပါပြီ။ ပထမအကြိမ်က အားဆေးသွင်းတဲ့ ဆေးဝါး ပစ္စည်းတန်ဖိုးငွေ ၁၄-သိန်း၊ ဒုတိယအကြိမ်က ကင်ဆာဆေးဝါး ပစ္စည်း တန်ဖိုးငွေ ၃၇-သိန်းဖိုးပါ။ မကြာသေးခင်ကလည်း ကလေးဆေးရုံကို ၁၅၆-သိန်းဖိုး ဆေးဝါးလှူဒါန်းခဲ့ပါတယ်” ဟု ၎င်းအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှဌေးက M-Media သို့ပြောသည်။

    စံပြဆေးရုံအုပ်ကြီး ဦးဇော်ထွန်း (M.B., B.S) Ygn က ” အခုလို လာရောက်လှူဒါန်းကြတဲ့အတွက် ဆရာကြီးရဲ့ လူနာတွေအတွက် ပီတီဖြစ်ရတယ်။ ဆရာကြီးတို့ဟာ ရောက်လာသမျှ လူနာတွေကို ဆင်းရဲ ချမ်းသာ မရွေး၊ ဘာသာ လူမျိုး မရွေး အားလုံးကို တန်းတူ နွေးနွေး ထွေးထွေး စောင့်ရှောက် ကာကွယ် ကုသ ပေးတယ်။ အခုလို အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့ လာရောက်လှူဒါန်း တဲ့အပေါ်မှာလည်း အရမ်းဝမ်းသာပါတယ်။ အစိုးရကလည်း မနှစ်က ဘတ်ဂျက် တန်ဖိုး ကျပ်သိန်းတစ်ထောင့်နှစ်ရာ ကနေ အခုဒီနှစ်အတွက် ကျပ်သိန်းငါးထောင် ချပေးခဲ့ပါတယ်။ အလှူရှင်တွေကလည်း အခုလို ကြိုကြား ကြိုကြား လာလှူဒါန်းပေးတဲ့အတွက် ဒီဆေးရုံရဲ့ လိုအပ်ချက်တွေဟာ ပြည့်မှီလာပါတယ် ” ဟု M-Media သို့ပြောသည်။

    ဆက်လက်၍ ” နောက်တစ်ခု ဆရာကြီးရဲ့ ရုံးခန်းတံခါးကို အမြဲဖွင့်ထားတယ်။ ဘယ်သူမဆို ၀င်လို့ရတယ်။ လူနာရှင်တွေရဲ့ အခက်အခဲတွေကို ဆရာကြီး တတ်နိုင်သလောက် ကူညီပေးတယ်။ အကြံပြုစာ ထည့်ရန်ဆိုပြီး ပုံးအပြာလေးတွေလည်း ချိတ်ဆွဲထားတယ်။ လူနာရှင်တွေအနေနဲ့ အကြံပြုစာ ထည့်နိုင်ပါတယ်။ အဲဒီ့ အကြံပြုစာတွေကို တစ်လတစ်ခါ ပေါင်းပြီး ဖတ်တယ်။ ဒါမှ လိုအပ်ချက်တွေနဲ့ သူတို့တွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တာပေါ့။ ဆရာကြီး ဒီဆေးရုံမှာ တာဝန်ထမ်းဆောင်တာ တစ်နှစ်ကျော်ပါပြီ။ ဆရာကြီးရဲ့ တစ်ယောက်တည်းနဲ့ လုပ်ဆောင်ခဲ့တာတွေ မဟုတ်ပါဘူး။ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြတာပါ။ ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေကိုလည်း အရင်ခေတ်လို မဟုတ်တော့ဘူး။ ခေတ်ပြောင်းသွားပြီ။ ဒါကြောင့် ဆရာကြီးတို့တွေဟာလည်း အပြောအဆို ရပ်တည်ချက်တွေ ပြောင်းရတော့မယ်လို့ ပြောပြ စည်းရုံးခဲ့ပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ဆေးရုံမှာ ဓာတ်ပုံရိုက်တာကို သိပ်မကြိုက်ခဲ့ကြဘူး။ အခုတော့ ဓါတ်ပုံကို ကြိုက်သလောက်ရိုက်လို့ရတယ်” ဟု ၎င်းမှ M-Media သို့ပြောသည်။

    အဆိုပါ စံပြဆေးရုံကြီးသို့ တစ်နေ့လျှင် ပျမ်းမျှ အတွင်းလူနာ ၅၀၀ကျော်နှင့် အပြင်လူနာ ၂၀၀ကျော်ခန့် လာရောက်ပြသကြောင်း၊ ဂိတ်ပေါက်စောင့်မှ စောင့်၍ လူနာများထံ လာရောက်သည့် ဧည့်သည်များအား ပိုက်ဆံ တောင်းမည့် သူမရှိကြောင်း၊ အိမ်သာများ သန့်ရှင်းအောင် ထားရှိထားကြောင်း၊ ရေစီးရေလာကောင်းအောင်နှင့် ပတ်ဝန်ကျင် သန့်ရှင်းရေးကို အရေးပေး ဆောင်ရွက်ရန် စီမံထားရှိကြောင်း၊ အမှိုက်ပုံးများကိုလည်း အလွယ်တကူ စွန့်ပစ်နိုင်ရန်အမြောက်အများထားရှိပေးထားကြောင်း သို့ပါသောကြောင့် ဆေးရုံတွင် အနံအသက် ကင်းစင်သန့်ရှင်းနေခြင်း ဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်ပုံများအား M-Media သို့ထပ်လောင်းပြောကြားသည်။

    ယင်းနောက် ကျိုလီယာ သာသနာရန်ပုံငွေ အဖွဲ့အား စံပြ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးအား ၁၉၉၁-ခုနှစ်၊ ဧပြီလ (၂)ရက်နေ့က စတင်အုတ်မြစ်ချ တည်ထောင်ခဲ့ကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန် =>http://goo.gl/DfFnuK

    P8190410