News @ M-Media

Tag: featured

  • မြန်မာမွတ်ဆလင်တို့ရဲ့ စိုးရိမ်သောက

    မြန်မာမွတ်ဆလင်တို့ရဲ့ စိုးရိမ်သောက

    သြဂုတ်လ- ၁၂ ရက်၊ ၂၀၁၃

    လင်းလက်ကြယ်စင် အင်တာဗျူးကို M-Media မှ စာ၇ိုက်ဖော်ပြပါသည်။

    လားရှိုးမြို့ကနေ လင်းလက်ကြယ်စင်တို့ တင်ဆက်တဲ့ မြန်မာမွတ်ဆလင်တို့ရဲ့ စိုးရိမ်သောက နားဆင်နိုင်ပါပြီ။

    လိုင်းမကောင်းသော M-Media စာဖတ်ပ၇ိတ်သတ် Download ယူ၇န်
    Google Dive =>http://goo.gl/3ELjS9
    File Size = 37 MB

    တိုက်၇ိုက် နားဆင်ရန်။ https://soundcloud.com/m-media/qvfrvim5szsy

    အသံဖိုင် နားထောင်၇န် အခက်အခဲရှိသူများအတွက် စာ၇ိုက်ပြီးဖော်ပြပေးလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလက ပဋိပက္ခတွေဖြစ်ပွားခဲ့တာ အားလုံးသိပဲ အသိပါ။

    ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ပဋိပက္ခတွေဟာ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးနဲ့  တခြားမြို့တွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။
    ရခိုင်ပြည်နယ်မှာလည်း ဒီပဋိပက္ခတွေကြောင့် လူ (၂၀၀)သေဆုံးပြီး လူပေါင်း ၁-သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    အခုတော့ ပဋိပက္ခတွေ ငြိမ်သက်သွားခဲ့ပါပြီ။ ဒီပဋိပက္ခတွေအလွန်မှာရော လူတွေရဲ့ဘ၀တွေအပေါ်မှာ ပဋိပက္ခလှိုင်းတွေ သက်ရောက်နေဆဲလားဆိုတာကို နားဆင်နိုင်ပါတယ်။

    ယခုလို ပဋိပက္ခတွေဟာ အခုမှ ရှိခဲ့တာမဟုတ်ပဲ ဘူးသီးတောင် မောင်တောမှာ ၁၉၄၅-၅၀ တ၀ိုက်မှာ ဒီလိုမျိုး ဘာသာရေးပဋိပက္ခတွေရှိခဲ့တယ်။ ပြီးတော့ ၁၉၈၀ တ၀ိုက်လောက်မှာလည်း တောင်ကြီးနဲ့ ပြည်မြို့တွေမှာ ဖြစ်ခဲ့ဖူးတယ်။

    ဒါဆိုရင်တော့ အခု ရခိုင်မှာဖြစ်သွားခဲ့တဲ့ ပဋိပက္ခတွေက ပထမဦးဆုံးလို့ ပြောလို့ မရတော့ဘူးပေါ့။
    ရခိုင်အပြီး မိတ္ထီလာနဲ့ တခြားမြို့တွေမှာဖြစ်နေတဲ့ချိန် ရန်ကုန်ကို ကူးမလာလို့တော်ပါသေးတယ်လို့ ပြောရမယ်ဗျ။

    ရန်ကုန်လိုမျိုး ပဋိပက္ခတွေ ကူးစက်မခံရတဲ့ မြို့တွေရှိနေပေမယ့် စိုးရိမ်စိတ်တွေရှိနေကြတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအထွဋ်အမြတ် ဗလီကြီးရဲ့ပတ်လည်မှာ CCTV ကင်မရာတပ်ဆင်ထားတာကို တွေ့နေရပါတယ်။
    ဒါကတော့ ရန်ကုန် တာမွေမြို့နယ် မအူကုန်းရပ်ကွက်က ဗလီတစ်ခုဖြစ်ပါတယ်။ ဥပုသ်လကြီးဖြစ်နေတော့ ည ၉-နာရီကျော်နေပေမယ့်လည်း ဗလီကြီးမှာ ၀တ်ပြုတဲ့သူတွေနဲ့ စည်ကားနေတာကိုတွေ့ရပါတယ်။ ဒီလုံခြုံရေးအတွက် ကင်းစောင့်ရမယ့်သူတွေကိုလည်း ဗလီကြီးရဲ့ရှေ့မှာ ကုလားထိုင် ၅-လုံးချပြီး နေရာပေးထားပါတယ်။

    ဒီနေ့ ရောက်ရှိနေတဲ့အချိန်ရဲ့ ၄-လ လောက်ကို နောက်ပြန်ရစ်ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်သွားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်တွေအပြီးမှာတော့ လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့လုံခြုံရေးအတွက် ရတက်မအေးတာကို တွေ့နေရပါတယ်။

    ဒီပဋိပက္ခတွေဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေး ၂-ခုလုံးကို ကိုယ်စားပြုပါသလားဆိုတဲ့  မေးခွန်းကိုတော့ မနွယ်နီက ကိုယ်စားပြုတယ်လို့ မယူဆပါဘူး။ ဖြစ်သွားတဲ့အထဲမှာ အများစုက ပြောကြတယ်။ တခြားက လာတဲ့လူတွေက ဦးဆောင်ပြီးတော့မှ သေချာ သဘောမပေါက်ပဲနဲ့ ရောယောင်ပြီး ပါသွားတဲ့လူတွေကြောင့် ဒီလိုဖြစ်သွားတယ်လို့ မြင်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ လုံခြုံဖို့ဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးတယ်လို့ ကိုညီညီက ဆိုပါတယ်။ နိုင်ငံတော်အစိုးရ ကနေပြီးတော့ ပြစ်မှု ကျူးလွန်တဲ့သူတွေကို ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတအောင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေဖြစ်လာမယ်။ နောက်တစ်ချက် ဒီဘာသာရေးအရ သွေးထိုးလှုံ့ဆော်နေတဲ့ ဒီကိစ္စတွေကို ဥပဒေအရ အရေးယူမယ်။ နောက်တစ်ချက်ဆိုရင် လူမှုဘ၀တွေမှာ ကြုံတွေ့နေရတာတွေကို တရားဥပဒေစိုးမိုးရေးအရ ကျောသားရင်သားမခွဲခြားပဲ လုပ်ပေးမယ်။ တရားဥပဒေ စိုးမိုးရေးကို အာမခံပြီး စနစ်တကျ လုပ်ပေးမယ်ဆိုရင် သင့်ပါမယ်။

    ဗလီကြီးကတော့ ကိုညီညီတို့ လုံခြုံရေးယူထားလို့ မားမားမတ်မတ် ရပ်တည်နေပေမယ့် ကိုညီညီတို့ လုံခြုံရေးကိုတော့ ဘယ်သူတွေများ တာဝန်ယူကြပါမလဲဆိုတဲ့ မေးခွန်းကို ကျွန်မတစ်ယောက်တည်း အသံတိတ်မေးမြန်းရင်း အိမ်ပြန်လမ်းဆီသို့ ဦးတည်လိုက်ပါတယ်။

    လူတွေရဲ့စိတ်ထဲက လုံခြုံမှုကို ဒီလို အစောင့်တွေချ ကင်းတွေစောင့်နေရုံနဲ့တော့ လုံလောက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။
    ဒါ ပဋိပက္ခမဖြစ်တာတောင် သူတို့စိတ်ထဲမှာ စိုးရိမ်နေကြတာပါ။ တကယ် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ဒေသတွေမှာ သူတို့တွေရဲ့ စိုးရိမ်စိတ်က ဘယ်လိုရှိမလဲ။

    လားရှိုးမြို့မှာက ဟိုးအရင်ကတည်းက ရှမ်းလူမျိုးတွေအပြင် လူမျိုးပေါင်းစုံ လာရောက်နေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ ဒါကြောင့် ဟိုတယ်အပေါ်ထပ်က ကြည့်လိုက်မယ်ဆိုရင် လားရှိုးမြို့က မဟာမြတ်မုနိဘုရားကိုလည်း လှမ်းမြင်နိုင်တယ်။ ဒီဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ဗလီဝတ်ပြုကျောင်းလည်း ရှိတယ်။ ဒါ့အပြင် အမိုးချွန်ချွန်နဲ့ ခရစ်ယာန် ချာ့ခ်ျကျောင်းတွေလည်း လားရှိုးမြို့ထဲမှာ အများအပြားရှိတယ်။ တရုတ်ဘုံကျောင်းတွေလည်းရှိတယ်။ ဒီလို လူမျိုးပေါင်းစုံနေထိုင်ကြတဲ့ လားရှိုးမြို့မှာလွန်ခဲ့တဲ့ မေလ ၂၈နဲ့ ၂၉ ရက်နေ့တွေမှာ ဘာသာရေး လူမျိုးရေးနွှယ်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ဘာပြဿနာမှ မရှိပဲ အေးချမ်းစွာနေလာခဲ့ပေမယ့် ဒီလို ပဋိပက္ခတွေ ကိုယ့်မြို့လေးကို ကူးစက်လာတဲ့အခါမှတော့ မြို့သူမြို့သားတွေရဲ့စိတ်ထဲမှာ ဘယ်လိုများ ရှိနေမလဲခင်ဗျာ။

    မနန်းအေးဆေးတစ်ယောက် သူရဲ့ အိမ်နေရာကို လိုက်ပြနေပါတယ်။ သူကတော့ ဒါက အိပ်ခန်း၊ ဒါက ရေချိုးခန်းလို့ ခွဲခြားပြောနေပေမယ့် တွေ့လိုက်ရတာက မီးလောင်ပြင်ပါပဲ။

    လားရှိုးမြို့မှာ မေလကုန်ပိုင်းလောက်က ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင်ဆိုသူ အမျိုးသားတစ်ဦးက မီးရှို့ခဲ့ရာကစပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် အများစု တိုက်ခိုက်ခံရပြီး မနန်းအေးဆေးလိုပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့အိမ်တွေ မီးရှို့ခံရတာ တွေ၊ ဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။

    မနန်းအေးဆေးတစ်ယောက် ပြောနေရင်းနဲ့ ၀ဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင် လေးငါးချက်လောက်ခတ်ပြီးဖယ်ရှားလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူက လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်ကတည်းက ဆုံးပါးသွားခဲ့တာကြောင့် စက်ကလေးချုပ်ပြီး သူတစ်ယောက်တည်း ဘ၀ကို ရုန်းကန်ခဲ့ရတာပါ။ ဒီလိုမျိုး ရှာဖွေ ရုန်းကန်ခဲ့သမျှဟာ အခုအချိန်မှာတော့ ….. ။

    မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး မကြာခင်မှာပဲ ရခိုင်ပြည်နယ်ကစလို့ ဒီလိုမျိုး ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ လားရှိုးမြို့က ဒေသခံ တော်တော်များများကတော့ ဒီလိုမြို့လေးမှာ ဒီလို ပဋိပက္ခတွေ ကူးစက်လာလိမ့်မယ်လို့ ထင်မထားကြပါဘူးတဲ့။ မျှော်လင့်မထားတဲ့ကြားပဲ မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခုလို အကြောင်းကိုတော့ အမျိုးမျိုး ပြောနေကြပါတယ်။

    မွတ်စလင်မ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ၂-ဘက်စလုံးက ပြောပြသွားခဲ့ပါတယ်။ ဒီလိုမျိုး ပဋိပက္ခတွေဖြစ်ဖို့အတွက် ကြိုတင်ကြံစည်မှုတွေ ရှိနိုင်တယ်လို့ တချို့က ခန့်မှန်းကြပေမယ့် ဘယ်သူက ဒီလိုကြံစည်တယ်ဆိုတာကိုတော့ ထင်မြင်ချက် မပေးနိုင်ကြပါဘူး။ လားရှိုးမြို့က မွတ်စလင်မ်ဘာသာရေးခေါင်းဆောင် ဒေါက်တာတင်အောင်ကတော့ ဒီပဋိပက္ခတွေနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

    ‘ပထမဦးဆုံးအနေနဲ့ပြောချင်တာက ပဋိပက္ခမဟုတ်ဘူး။ ဒါဟာ အကြမ်းဖက်မှု၊ ပဋိပက္ခဆိုတာ နှစ်ဦးနှစ်ဘက်ဖြစ်တဲ့ဟာမျိုးကို ပဋိပက္ခလို့သုံးတာ။ ဒါက တဘက်က လာပြီး အကြမ်းဖက် မီးရှို့ဖျက်ဆီးတာကြောင့် ကျွန်တော့်အနေနဲ့ အကြမ်းဖက်မှုလို့ သုံးချင်ပါတယ်။ ဒီနေ့ အကြမ်းဖက်တဲ့သူတွေသည် ဗုဒ္ဓဘာသာ ဖြစ်သော်ငြားလည်း ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်ဘူး။ အကြမ်းဖက်တဲ့သူက အကြမ်းဖက်သူပဲ၊ ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာပဲ။ တကယ့်တကယ် ဒီအရေးအခင်းတစ်ခုလုံးကို ပြေလည်အောင် ဖြေရှင်းသွားတာသည် သံဃာတော်တွေ၊ လားရှိုးမြို့ သံဃာ့မဟာနာယက အဖွဲ့ဖြစ်တဲ့ မန်ဆူဆရာတော်ကြီးဦးဆောင်ပြီး ငြိမ်းချမ်းအောင်၊ လူအုပ်ကွဲအောင်၊ အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် ဆရာတော်ကိုယ်တိုင် ထိန်းသိမ်းတယ်။ အင်မတန်မှ ၀မ်းသာစရာကောင်းတဲ့ အပြုအမူပေါ့။’
    ဒေါက်တာတင်အောင် ပြောပြသွားတာပါ။ သူပြောသွားတဲ့ မန်ဆူကျောင်းမှာ ပဋိပက္ခတွေအတွင်း ဒုက္ခသည်ပေါင်း ၁၀၀၀-ကျော်ကို ခေါ်ယူ စောင့်ရှောက် ထားခဲ့ပါတယ်။

    ဒါကြောင့် မန်ဆူကျောင်းက ဆရာတော်ကို သွားရောက်လျှောက်ထားခဲ့ပါတယ်။

    ဟုတ်ကဲ့ပါ ဘုန်းဘုန်း။ ဒီလိုမျိုး ပဋိပက္ခက ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မ် တွေကြားထဲမှာဖြစ်တယ်လို့ပြောကြတယ်။ အဲဒီမှာမှ ဘုန်းဘုန်းက မွတ်စလင်မ်တွေကို ဘာဖြစ်လို့ ကူညီဖြစ်ခဲ့တာလဲ ဘုန်းဘုန်း’

    ‘ဒါဟာ လူသားချင်းစာနာတဲ့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒုက္ခရောက်နေတဲ့အချိန်မှာ မြန်မြန်မထိန်းသိမ်းနိုင်ရင် အားလုံး ကူးစက်မယ်။ ဒါကြောင့် ဘုန်းဘုန်းက သူတို့ကိုနေရာပေးလိုက်တော့ သူတို့လည်း အေးအေးဆေးဆေးနဲ့ ခိုလှုံခွင့်ရတော့ သူတို့လည်း တုန့်ပြန်မှုမရှိတော့ဘူး။ သူများလည်း သူတို့ကို ရန်မမူတော့ဘူး။ ဒီအချိန်မှာ သူတို့ အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားကြပြီဆိုတော့ အဲဒါကို ဘုန်းဘုန်းကတော့ အဲ့ဒီ ခံယူချက်နဲ့ ခိုလှုံခွင့် ပေးလိုက်တာပါ။’ မန်ဆူဆရာတော် မိန့်ကြားသွားတာပါ။ ဒီလိုမျိုး ဘာသာလူမျိုး မခွဲခြားပဲ လူသားချင်း စာနာစိတ်နဲ့ ကူညီနေတာဟာ ဘုန်းဘုန်းတစ်ပါးတည်းတင် မဟုတ်ပါဘူး။ တခြား ဗုဒ္ဓဘာသာဝင်တွေလည်း ရှိကြပါတယ်။ ဒီထဲမှာတော့ ကိုစိုင်းထွန်းထိုက်လည်း အပါအ၀င်ပါ။

    ကိုစိုင်းထွန်းထိုက်က ပဋိပက္ခဖြစ်ပွားရာ နေရာတွေမှာ ဘာသာလူမျိုး မခွဲခြားပဲ အလှူအတန်းတွေ ပြုလုပ်ပေးနေပါတယ်။ ကျွန်မတို့နဲ့ တွေ့တဲ့အခါမှာလည်း ဒီလို ပဋိပက္ခတွေ မဖြစ်ဖို့ လူငယ်တွေ ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့အကြောင်းကို ပြောပြသွားပါသေးတယ်။

    ‘ကိုယ့်မှာ မွတ်စလင်မ်သူငယ်ချင်းရှိရင် အတွင်းကျကျ ပေါင်းကြည့်ပေါ့နော်။ အတွင်းကျကျပေါင်းကြည့်ရင် သူတို့ဆီမှာ ကောင်းတဲ့အချက်တွေ အများကြီးရှိတာကို တွေ့ရလိမ့်မယ်။ မွတ်စလင်မ်တွေမှာလည်း ကောင်းတဲ့သူတွေ ရှိတယ်။ ဘာသာတိုင်းမှာ မေတ္တာတရားဆိုတာ အချင်းချင်း ကူညီရမယ်၊ မေတ္တာထားရမယ်ဆိုတာ ပါတာပေါ့နော်။ မေတ္တာတရားထားရင် ပိုပြီးတော့ အဆင်ပြေမယ်။’

    ဒီလိုမျိုး ကူညီစောင့်ရှောက်တဲ့သူတွေ ရှိနေတာဟာ မနန်းအေးဆေးတို့အတွက်က အားတက်စရာပါ။ ဒီလိုမျိုး ကူညီမှုတွေ ရှိနေပေမယ့် သူတို့ရဲ့စိတ်ထဲက စိုးရိမ်မှုတွေကိုတော့ ဘယ်လိုအရာတွေနဲ့များ ကုစားလို့ ရနိုင်ပါ့မလဲ။

  • ဂွာတာနာမို အကျဉ်းစခန်း အစောင့်ဖြစ်ခဲ့သူမှ အကျဉ်းသားဟောင်းများအား တောင်းပန်

    သြဂုတ်-၁၂ ၇က်။ ၂၀၁၃
    M-Media

    guantanamo_detainees-620x412
    Detainees sit in a holding area at Camp X-Ray, inside Guantanamo Bay. (Credit: Reuters/Shane T. McCoy)

    ဂွာတာနာမိုအကျဉ်းစခန်းဖွင့်လှစ်စဉ်က လဟာပြင်လှောင်အိမ်များထဲ၌ ရာနှင့်ချီသောအကျဉ်းသားများမှာ အစာငတ်ရေဖြတ်သည့်ဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရသည်။ ထိုကာလအတွင်း ဘရန်ဒန် နီးလီ(၂၉ နှစ်)က ဓာတ်မှန်ဌာန၏ အစောင့်တပ်သားဖြစ်သည်။

    မိမိကိုယ်ပိုင်လုပ်ရပ်များအပါအ၀င် အကျဉ်းသားများအပေါ်ဆက်ဆံမှု၌ အပြစ်ရှိသည်ဟု ခံစားရသဖြင့် တပ်မှထွက်လိုက်ပြီဖြစ်သော နီးလီသည် ပြန်လည်လွတ်မြောက်လာသည့်အကျဉ်းသားများစွာကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်မှုပြုရန် ဗြိတိန်သို့ထွက်ခွာသွားကြောင်း BBC မှ တင်ပြခဲ့သည်။

    တက္ကဆက်နယ်၊ ဟန့်စ်ဗီလီမှစတင်ခဲ့သည့် ယင်းပြေငြိမ်းရေးခရီးစဉ်မှာ တစ်နှစ်နီးပါးကြာညောင်းပြီဖြစ်သည်။ မစ္စတာ နီးလီသည် ၂၀၀၅ ခုနှစ်တွင် အမေရိကန်စစ်တပ်မှထွက်၍ ရဲအရာရှိဖြစ်လာခဲ့သည်။ ဂွာတာနာမိုအကျဉ်းစခန်း၌ အမှုထမ်းစဉ်ကကြုံတွေ့ခဲ့ရသည်များအပေါ် စိတ်ဒုက္ခခံစားနေခဲ့ရသူဖြစ်သည်။

    “ ဂွာတာနာမိုအကျဉ်းစခန်းနဲ့ပတ်သက်ပြီး သတင်းတွေက ကောင်းကောင်းမွန်မွန်ထားရှိဆက်ဆံသလို အစဉ်အမြဲ လုပ်ကြံထုတ်လွှင့်ခဲ့ကြတယ်။ တကယ်တော့ လုံးဝ မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့လူများစွာကို သားရဲတွင်းထဲ ကျွန်တော် ပို့ဆောင်နေခဲ့မိပါတယ် ” ဟု ၀န်ခံပြောဆိုခဲ့သည်။ နှိပ်စက်ညှင်းပန်းမှုဖြစ်အင်အမြောက်အများကို တွေ့မြင်ခဲ့ရသည့် အပေါ် လွန်စွာ ဒေါသထွက်မိကြောင်း၊ မိမိသည်လည်း အပြစ်ရှိသူတစ်ဦးဟု ခံစားရကြောင်း ဆိုသည်။

    ယင်းအကျဉ်းစခန်းတွင် တာဝန်ထမ်းဆောင်စဉ်က သူ့အသက် ၂၂ နှစ်သာရှိသေး၏။ အီရတ်တွင် ခြောက်လတာ တာဝန်ထမ်းဆောင်မှုဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တပ်မှထွက်ပြီးနောက် ဂွာတာနာမိုအပေါ်ရှိ သူ၏ သံသယများမှာ တစ်နေ့တစ်ခြား ပိုမိုခိုင်မာလာခဲ့သည်။ ထိုအချက်က သူ့အကျဉ်းသားဟောင်းများထံ သူ့အား အရောက်ပို့ပေးလိုက်ခြင်းဖြစ်၏။

    “ ကျွန်တော် Facebook ပေါ် လူသစ်စိတ်သစ်နဲ့ပြန်တက်လာတယ်။ သူတို့နာမည်နဲ့ profile တွေကို ရိုက်ပြီး ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီမှာ ရှဖီးက်ရဲ့စာမျက်နှာနဲ့ သွားဆုံတော့ သူ့ဆီ အီးမေးလ်တစ်ချို့ ပို့ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ် ” ဟု သူကပြောပြသည်။

    မစ္စတာ ရာစူးလ်၊ မစ္စတာ အဟ်မဒ် နှင့် ဗြိတိန်ရှိ တစ်ပ်တန်မှ အခြားမိတ်ဆွေတစ်ဦးတို့သည် တာလီဘန်တို့နှင့် အဆက်အသွယ်ရှိကြောင်း သံသယဖြစ်ခံရ၍ အာဖဂန်နစ္စတန်တွင် အဖမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံရမှု ၂ နှစ်ရှိပြီးနောက် ၂၀၀၄ ခုနှစ်တွင် လွတ်မြောက်လာကြသည်။ သူတို့သည် အမေရိကန်တပ်သားတို့၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း၊ ထိုအချိန်က ယင်းသို့မပြုပါဟု အမေရိကန်အစိုးရက ငြင်းဆိုနေခဲ့ကြောင်း သုံးဦးစလုံးမှ ဆိုသည်။ Facebook မှ ဆက်သွယ်မှုရလာသည့်အခါ မစ္စတာ ရာစူးလ် အဖို့ အံအားသင့်သွားခဲ့ကြောင်း၊ မစ္စတာ နီးလီအဖို့လည်း ပြန်စာနှင့်အတူ အပြန်အလှန်အီးမေးလ်ဖလှယ်မှုရှိလာသောကြောင့် အံသြ၀မ်းသာဖြစ်ရကြောင်း သိရသည်။ ထို့ကြောင့်လည်း နှစ်ဦးနှစ်ဖက်စလုံးမှ တွေ့ဆုံရန်အစီအစဉ်ရှိမရှိကို BBC မှ မေးမြန်းခဲ့ခြင်းဖြစ်သည်။

    “ သူ့လုပ်ရပ်မှားယွင်းခဲ့တယ်ဆိုတာ သူနားလည်သဘောပေါက်နေပြီ။ သူ့အမှားသူ သိပြီးကတည်းက အပြစ်ရှိနေတယ်လို့ တောက်လျှောက်ခံစားနေရတာလေ။ အဓိကအချက်ကတော့ ဒါပါဘဲ ” ဟု နီးလီ၏ ပြေလည်ရေးအားထုတ်မှုများနှင့်ပတ်သက်ပြီး အဟ်မဒ်က BBC သို့ ပြောပြခဲ့၏။

    ဂွာတာနာမိုစခန်းတွင် လက်ရှိအချိန်ထိ ၁၆၆ ဦး ထိန်းသိမ်းခံရဆဲဖြစ်ပြီး လူများစွာမှာ ဆယ်စုနှစ်တစ်ခုစာခန့် ပစ်ထားခံကြရသည်။ အကျဉ်းသား ၈၆ ဦးမှာ တရားဝင်လွှဲပြောင်းပေးရန် အမိန့်ထုတ်ပြန်ခံရပြီးဖြစ်သည်။ ထိုကာလအတွင်း ဖေဖော်ဝါရီလ၌ အစာငတ်ခံဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၄၀ ကျော်တို့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နှင့် ဆေးပညာအသိုင်းအ၀ိုင်းခံယူချက်ကို ချိုးဖောက်သော လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကို ခံစားခဲ့ကြရသည်။

  • ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး

    ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး

    သြဂုတ်လ-၉၊ ၂၀၁၃
    သတင်းအချက်အလက် – မြန်မာတိုင်းမ်စ်၊ ဧရာဝတီ၊ RB News နှင့် M-Media သတင်းဌာန

    သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ် စစ်တွေတွင် ရိုဟင်ဂျာများနှင့် ရဲလုံထိန်းများအကြား အခြေအနေတင်းမားနေကြောင်း သိရသည်။ ရဲလုံထိန်းတို့က ငါးဖမ်းသမားတစ်ယောက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ရာမှ စတင်ပြီး နောက်ဆက်တွဲ အခင်းများဆက်တိုက်ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

    အုန်းတောကြီးကျေးရွာမှ ငါးဖမ်းသမားနှစ်ဦးကို ရဲများက ရိုက်နှက်ခဲ့ရာ တစ်ဦးမှာ နံပါတ်တုတ်ဖြင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အုန်းတောကြီးရွာတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတည်ရှိပြီး အခင်းဖြစ်ပွားချိန်၌ စခန်းတွင် မွတ်စလင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲနေချိန်ဖြစ်သည်။

    ငါးဖမ်းသမားများအား တိုက်ခိုက်ခံရမှုသတင်း ဒုက္ခသည်စခန်းသို့ ပျံ့နှံ့လာသဖြင့် စခန်းမှ ဒေါသထွက်နေသော လူအချို့စုဝေးပြီး နံနက် ၁၁ နာရီကျော်တွင် ရဲစခန်းကို သွားရောက် မီးရှို့ခဲ့ကြဟု သတင်းများတွင် ထုတ်ပြခဲ့သည်။ သတင်းမျအားအရ လ့ ရဲများက ပြန်လည်ပစ်ခတ်သဖြင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။
    ရိုဟင်ဂျာ သတင်းများကို ဦးစားပေးဖော်ပြသည့်  RB News ၏ ဖော်ပြချက်တွင်  ပစ်ခတ်ရသည့် အကြောင်းကို အကွက်ဆင် ပြသရန် အတွက် လုံထိန်းစခန်းကို လုံထိန်းများ ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားကြောင်းနှင့် အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက စခန်း ဖြစ်ကြောင်း သိရပါသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာနက ရိုဟင်ဂျာကိုယ်စားပြု ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်ဝင်းအား ဆက်သွယ်မေးမြန်းထားသည်။ ကိုအောင်ဝင်းက အခင်းဖြစ်ပွားပုံကို မြင်တွေ့ခဲ့ကြောင်း၊ ရဲစခန်းနှင့် အိမ်အများအပြားကို ဒုက္ခသည်စခန်းနေ အချို့သော လူများ သွားရောက်မီးရှို့ခဲ့ကြောင်း၊ လုံထိန်းရဲများက အီးဒ်ပွဲတော်ကျင်းပနေသော ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာများကို ရည်ရွယ်ချက်ရှိရှိ ရန်စစော်ကားခြင်းမျိုး ဖြစ်နိုင်မဖြစ်နိုင်ကိုမူ သူ့အနေဖြင့် မသိရှိပါကြောင်း ပြောပြသည်။

    ရဲလုံထိန်းများက အီးဒ်ပွဲတော်ကျင်းပနေသည့် ရိုဟင်ဂျာများကို တမင်ရည်ရွယ်၍ ရန်စခြင်းမျိုးဖြစ်နိုင်ကြောင်း ကောလဟလများနှင့် မုဒိန်းမှုပါဝင်သည့် ထိုထက်ဆိုးသော ကောလဟလများလည်း ပျံ့နှံ့နေသည်။

    ကိုအောင်ဝင်းက သူ့အနေဖြင့် အသေအပျောက်စာရင်းကို မခန့်မှန်းနိုင်ကြောင်း၊ သူ့အတွေ့အကြုံအရ ပြီးခဲ့သည့်နှစ်ဇွန်လနောက်ပိုင်း အကြမ်းဖက်မှုများအပြီး အဆိုးဆုံး အဓိကရုဏ်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင်သူက – “ရဲတွေက လူသေအလောင်းတွေကို ဖျောက်ဖျက်ပြစ်နေတယ်၊ ဒါတွေတင်မက ဒဏ်ရာရတဲ့သူအားလုံးကိုလည်း ဆေးရုံမပို့ခဲ့ဘူး၊ အဲဒါတွေကို ကျနော်စိုးရိမ်တယ်။ ရဲတွေက လူ ၁၅ ယောက်၊ အယောက် ၂၀ လောက်ကို ထရပ်ကားတစ်စီးပေါ် ဖမ်းခေါ်သွားတယ်၊ သူတို့ကို အကြောင်းပြချက်မခိုင်လုံဘဲ ဆက်ပြီးဖမ်းထားမှာကိုလည်း ကျနော် စိုးရိမ်ပါတယ်။” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြသည်။

    အုန်းတောကြီးကျေးရွာနေ အမျိုးသမီးများက မိမိတို့အား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိလာမည်ကို စိုးရိမ်ကြသဖြင့် ရွာကိုစွန့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ကိုအောင်ဝင်းက ပြောပြသည်။

    “ညနေ ၂ နာရီလောက်ရောက်တော့ အမျိုးသမီးတွေ ရွာကိုစွန့်ပြီးထွက်ပြေးဖို့ ကြိုးစားကြတယ်။ လုံထိန်းရဲတွေ ရောက်လာပြီး သူတို့ကို ရိုက်တော့တာပဲ”  ဟု ကိုအောင်ဝင်းက ဆိုသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာန၏ မြေပြင်သတင်းထောက်မှ တိုက်ရိုက်သတင်းပေးပို့ချက်အရမူ အခင်းဖြစ်ပွားသည့်နေရာတွင် လုံခြုံရေးအခြေအနေ သိသိသာသာတိုးမြှင့်ထားကြောင်း သိရသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာနက အင်ဂျီအိုကားမောင်းသမားတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။ ထိုကားမောင်းသမားမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ နေ့စဉ်ဝင်ထွက်နေသူလည်းဖြစ်ကြောင်းသိရသည်။ သူ၏ပြောပြချက်အချက် ကြာသပတေးနေ့ညဘက်အထိ ဒုက္ခသည်စခန်းတွင် ငြိမ်ငြိမ်သက်သက်ပင်ရှိနေကြောင်း၊ အီးဒ်ပွဲတော်လည်း စတင်တော့မည်ဖြစ်၍ ထိုသို့ ငြိမ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။

    “(ဒုက္ခသည်စခန်းက) လူတိုင်းကြည့်ရတာ ပျော်နေပုံပဲ၊ လုံလုံခြုံခြုံလည်းရှိနေတာကိုး။ မနေ့က ကျနော်ဒုက္ခသည်စခန်းကိုမသွားခင် စခန်းက ကျနော့်အဆက်အသွယ်တွေကို လှမ်းပြီး အခြေအနေမေးကြည့်ပါတယ်။ သူတို့က အားလုံးအကောင်းပကတိပဲလို့ ပြောပြတယ်။ ဒီနေ့မနက် ဒီသတင်းကြားတော့ ကျနော်တော်တော်အံ့အားသင့်သွားတယ်။” ဟု ပြောပြသည်။

    မြန်မာတိုင်းမ်စ်၏ တင်ပြချက်အရ အခြေအနေမှာ အရှင်းငြိမ်သက်မသွားဘဲ ရိုဟင်ဂျာများက တက်ကြွလှုပ်ရှားသူ ဦးကျော်လှအောင်အားဖမ်းဆီးထား၍ ၄င်းအားပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ထိုကြောင့် ရဲနှင့်စစ်တပ်တို့ကပါ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဗောဒူဖကဲ့သို့သော အခြားဒုက္ခသည်စခန်းများတွင်လည်း ရဲအဖမ်းအဆီးများ ရှိခဲ့သည်။

    ယနေ့ မနက်ဖြစ်ပွားသော လုံထိန်းများနှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်စဉ်ကြောင့် မွတ်စလင် ၄ ဦးသေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိသည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်ကလည်း ဧရာဝတီသို့ ပြောထားသည်။

    “လူသေတာမရှိပါဘူး။ ဒဏ်ရာရတာပဲ ရှိပါတယ်။ ဒဏ်ရာရတာ ၃ ယောက်လောက်ရှိတယ်။ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောပြခဲ့သည်။

    မကြာသေးမီက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အာရှဆိုင်ရာအကြီးအကဲ မစ္စတာရောဘတ်ဆင်က ရိုဟင်ဂျာများ ၄င်းတို့နေထိုင်သည့်နေအိမ်များကို ကိုယ့်ဖာသာ မီးရှို့ကြခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်အား foolish (သူရူးသူနှမ်း) ဟု သမုတ်ခဲ့ဖူးသည်။

  • ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ဆွေးနွေးပွဲမှ အများ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့

    သြဂတ် ၇၊ ၂၀၁၃
    M-Media
    သုတ

    1098072_572257016150106_1769622866_n
    ရန်ကုန် ။ ။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ဒုတိယနေ့အဖြစ် ရန်ကုန်မြို့ MCC တွင် ယနေ့ နံနက် (၈း၃၀)နာရီမှ ညနေ(၆)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဆွေးနွေးပွဲများသို့ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှလူထု တက်ရောက်ပါဝင်ခဲ့ကြသည်။ ၈၈ အရေးအခင်းက အနယ်နယ် အရပ်ရပ်မှ မှတ်တမ်းဓါတ်ပုံများကို ပြသထားသော ပြခန်းများတွင်လည်း ကြည့်ရှုလေ့လာသူများနှင့် စည်ကားနေပါသည်။
    မနေ့ကစ၍ ဆွေးနွေးခဲ့ကြသော ခေါင်းစဉ်လေးခုဖြစ်သည့် တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏အခန်းကဏ္ဍဟူသော ခေါင်းစဉ်(၄)ရပ်ကို ဆက်လက်ဆွေးနွေးခဲ့ကြရာ ယနေ့ဆွေးနွေးပွဲတွင် အားလုံးတူညီသော ဆန္ဒဖြစ်သည့် (၁) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ (၂)၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး၊ (၃) အားလုံးပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံတစ်ရပ်ကျင်းပရေး စသည့် မူ(၃)ရပ်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ထို မူ(၃)ရပ်ကို ပြည်သူလူထုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပွဲများတွင် ဆွေးနွေးခဲ့ကြသူများအားလုံးက သဘောတူညီခဲ့ကြပါသည်။

    ယခုကဲ့သို့ MCC တွင် ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည့်အခမ်းအနားသို့ တက်ရောက်လာသူ အသက်(၅၀)ကျော် လူကြီးတစ်ဦးမှ “၈၈ တုန်းကလည်း ဒီလိုပဲ မိုးစွတ်စွတ်ရွာနေတဲ့အချိန် ငါတို့တွေအားလုံး လမ်းမတွေထက်မှာ ငှက်ပျောသီးစား ရေသောက်ပြီး တန်းစီလှည့်လည်ခဲ့ကြတယ်။ အခုတော့ ဒီလို ခန်းမကြီးမှာ ကော်ဖီသောက်၊ မုန့်စားပြီး ကျင်းပနေတာ အရမ်းဝမ်းသာတယ်။ ဒါပေမယ့် ငါတို့တွေ လက်ဆင့်ကမ်းရဦးမယ်။ ငါတို့တွေ အလှည့်က ပြီးသွားပေမယ့် နောက်တက်လာမယ့် လူငယ်တွေကို လက်ဆင့်ကမ်းရမယ်။ ဗကသ တွေကို လက်ဆင့်ကမ်းရမယ်။ ၈၈ လိုမျိုး တစ်ခါထပ်ပြီး လာကို လာလိမ့်ဦးမယ်။ အဲဒါအတွက် လူငယ်တွေ အသင့်ပြင်ထားကြစေချင်တယ်။ အခုက အရင်လို မဟုတ်တော့ဘူး။ ပညာနဲ့ တိုက်ရတော့မယ်။ ဒါကြောင့် လူငယ်တွေကို ဒီလို အသိတွေ၊ အမြင်တွေကို လက်ဆင့်ကမ်းပေးကြပါ”လို့ M-Media ကို ပြောပြခဲ့ပါတယ်။

    ရှစ်လေးလုံး ငွေရတုအခမ်းအနားကို မနက်ဖြန်တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

    ဓါတ်ပုံများ ကြည့်၇န်။ Click Here

  • အန္တရာယ်ရှိသည့် ရခိုင်အစီရင်ခံစာအား ဝေဖန်သူများ ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ

ိM-Media
    သြဂုတ် ၄ ရက်၊ ၂၀၁၃

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားပြီး ဆက်ဆံမယ်၊ ဒုတိယသို့မဟုတ် တတိယတန်းစားနိုင်ငံသားတွေအဖြစ် ဆက်ဆံမယ်ဆိုရင် ဒါဟာ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ လက်ခံနိုင်စရာမရှိဘူး၊ ရိုဟင်ဂျာကိစ္စအတွက် မြန်မာနိုင်ငံက လွဲလို့ အခြားနိုင်ငံတွေမှာ တာဝန်မရှိဘူးရယ် လို့ ဗြိတိသျှလွှတ်တော်ဥက္ကဌက သြဂုတ် ၁ မှာပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စင်ထရယ်ဟိုတယ်မှာတော့ ဂီတပညာသည် Rick Heizman ခေါင်းဆောင်ရေးသားတဲ့ AHRD ရဲ့ ဘာသာရေးစော်ကားမှုတွေသာမက စိတ်ခံစားချက်တွေပါ ပါတဲ့ အငြင်းပွားဖွယ်ရာ ရခိုင်အစီရင် ခံစာ ကြေငြာခဲ့ပါတယ်။

    Rick Heizman ကို ပညာရှင်လို့ အလဲဗင်းမီဒီယာဂရုက ဖော်ပြထားပြီး အခြားနိုင်ငံတွေမှာ မွတ်စလင်အစွန်းရောက်တွေ အဖျက်လုပ်ငန်းတွေ လုပ်နေတာကြောင့် ရခိုင်မှာလည်း အဲဒီလိုဖြစ်နေတာရယ်လို့ သူ့အစီရင်ခံစာကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အလဲဗင်းဂရုက ဇူလိုင်လ ၁၃ ရက်နေ့နေ့စွဲနဲ့ သတင်းတစ်ပုဒ်တင်ပြခဲ့ပြီး အဲဒီသတင်းမှာ ရခိုင်ပြည်နယ်တွင်း မွတ်စလင်အကြမ်းဖက်မှု မရှိဘူးရယ်လို့ မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က ပြောကြားတဲ့အကြောင်း ရေးသားထားပြန်ပါတယ်။ မြန်မာအစိုးရအတွက် နိုင်ငံတကာထောက်ခံမှု လွယ်လွယ်ကူကူရနိုင်တဲ့ မွတ်စလင်အစွန်းရောက် အကြမ်းဖက်မှု မြန်မာပြည်တွင်းမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို မြန်မာအစိုးရတာဝန်ရှိသူတွေကိုယ်တိုင် တရားဝင်ပြောကြား အတည်ပြုတာမျိုး မရှိသေးပါဘူး။

    အလဲဗင်းဂရုက Rick Heizman ကို ပညာရှင်လို့ သုံးစွဲခဲ့ပေမယ့် ဘာပညာရှင်လို့တော့ ကွဲကွဲပြားပြား မဖော်ပြထားပါဘူး။ Rick Heizman ကတော့ အမေရိကန်နိုင်ငံသား မထင်မရှား ဂီတပညာသည်ဖြစ်ပါတယ်။ ဒါကြောင့် သူရေးတဲ့ ရခိုင်အစီရင်ခံစာကတော့ ပညာရှင်အဆင့် အစီရင်ခံစာလို့ သမုတ်ရမှာထက် “အမှိုက်” သို့မဟုတ် “အန္တရာယ်မှတ်တမ်း” လို့သာ ခေါ်ရမှာဖြစ်တဲ့အကြောင်း ပညာရှင်ဝေဖန်းရေးဆရာတွေက မှတ်ချက်ပြုပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရခိုင်တွေအတွက် အဖတ်ဆယ်ဖို့ ကြိုးစားတာက အရာမထင်ဘဲ တဆင့်တိုးလို့သာ ရခိုင်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်ကို ရည်ညွှန်းပြီး မိုက်မဲတဲ့ လူတန်းစားရယ်လို့ HRW ရဲ့ အာရှဒါရိုက်တာရဲ့ သမုတ်ခြင်းခံလိုက်ရပါတယ်။

    Rick Heizman ကတော့ အမေရိကနိုင်ငံ ဆန်ဖရန်စစ္စကိုနေ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မြန်မာအမျိုးသမီး ၊ ဂီတပညာရှင် မစုဝေနဲ့ ၂၀၀၉ ခုနှစ်တုန်းက လက်ထပ်ခဲ့ပါတယ်။ မစုဝေကိုတော့ ရခိုင်အမျိုးသမီးတစ်ဦး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု ဝေဖန်နေကြပေမယ့် သူမရဲ့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်ဒ်မှာတော့ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမျိုး မရှိပါဘူး။

    Rick Heizman ရေးသားတဲ့ အစီရင်ခံစာထွက်ပေါ်အပြီးမှာ မြန်မာတိုင်းမ်စ်က Critics slam ‘dangerous’ Rakhine Report ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတင်ပြခဲ့ပါတယ်။ အဲဒီသတင်းအပြည့်အစုံမြန်မာပြန်ကို M-Media ပရိသတ် ရှုစားနိုင်ကြပါပြီ။

     

    Rick tux guitar 2
    ရခိုင်အစီရင်ခံစာ ရေးသားသူ Rick Heizman (ဓာတ်ပုံ – baymusic.com)

    ရခိုင်ပြည်နယ်က မွတ်စလင် ၈သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်ကို ပို့ပစ်ဖို့ အဆိုပြုထားတဲ့ အစီရင်ခံစာတစ်စောင် သြဂုတ် ၁ရက်နေ့တုန်းက ထွက်ပေါ်လာ ပါတယ်။ စထွက်လာတဲ့နေ့မှာပဲ ပြင်းထန်တဲ့ အငြင်းပွားစရာတွေကို ဖြစ်ပျက်စေခဲ့ပါပြီ။ တချိုကတော့ ဒီအစီရင်ခံစာကို “အမှိုက်” အဆင့်သာသာပဲလို့ သမုတ်လိုက်သလို တချို့ကတော့ အဲဒီအစီရင်ခံစာကြောင့် တင်းမာမှုတွေ လောင်စာဆီဖြည့်တင်းပေးသလို ဖြစ်မှာပဲလို့ သတိပေးပြောကြားခဲ့ကြပါတယ်။

    “မြန်မာပြည်၊ ရခိုင်နယ်က ပဋိပက္ခနဲ့ အရှုပ်အထွေးများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို The Arakan Human Rights and Development Organization ခေါ် အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သြဂုတ် ၁ တုန်းက ရန်ကုန်မြို့စင်ထရယ်ဟိုတယ်မှာ အခမ်းအနားနဲ့ တင်ပြခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာကတော့ ရခိုင်က မွတ်စလင်တွေကို နိုင်ငံသားပြုပိုင်ခွင့် မပေးဖို့တင်ပြထားသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား “လူအုပ်စု အပြန်အလှန်လဲလှယ်ခြင်း” လုပ်ကြဖို့ အဆိုပြုထားပါတယ်။ ဒါမှာသာလျှင် လူ ၂၀၀ လောက်သေကြေခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်း ကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒီအစီရင်ခံစာရေးတုန်းက ရိုဟင်ဂျာတစ်ဦးကိုတောင် အင်တာဗျူးမေးမြန်းပြီး သုတေသနလုပ်ထားတာမျိုး မရှိပါဘူး။ အစီရင်ခံစာ ကြေငြာ အပြီး ဆွေးနွေးပွဲလုပ်တော့ အဲဒီအစီရင်ခံစာရေးသားရာမှာ ခေါင်းဆောင်ခဲ့တဲ့ (အမေရိကန်နိုင်ငံသား၊ ဂီတပညာရှင်) Rick Heizman တစ်ယောက် ပရိသတ်အချို့ထံက စိတ်ဆိုးမာန်ဆိုးမှတ်ချက်တွေကိုသာ လက်ခံရရှိခဲ့ပါတယ်။

    “ကျွန်တော်တို့ အဲဒီအစီရင်ခံစာကို အမှိုက်စာရင်းထဲ ထည့်ရမယ်၊ ဒါပါပဲ” လို့ အဲဒီအခမ်းအနားမှာတင် အရှေ့တောင်အာရှ သမိုင်းလေ့လာသူ PhD ကျောင်းသားတစ်ဦးက ကြေငြာခဲ့ပါတယ်။

    “အာရကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ လူချင်းလဲလှယ်ဖို့ဆိုတာက အမြော်အမြင်မပါတဲ့ ကိစ္စပဲ။ အမေရိကန်သမ္မတ အိုဘာမားလို အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကို အာဖရိကပြန်သွားဆိုပြီး လဲလှယ်လို့ ရနိုင်မလား? အတူပူးတွဲနေကြဖို့နဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးမှုတွေက ပိုကောင်းပါတယ်။ အခုခင်ဗျားဒီစာနယ်ဇင်းတွေ့ဆုံပွဲမှာလို အမုန်းတရားတွေ ဖြန့်ကျဲလိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။” ဟု မြန်မာ့လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မြန်မာပြည်ဆိုင်ရာ ဂျာမနီသံရုံးရဲ့ သံအရာရှိတစ်ဦးကတော့ ဒီအစီရင်ခံစာကို “တကယ့် အန္တရာယ်ရှိတဲ့ အစီရင်ခံစာပဲ၊ ဒါမျိုးကို ကျွန်တော်တို့ အတည်အတန့် ထည့်စဉ်းစားဖို့ မဖြစ်နိုင်ဘူး။” လို့ ဆိုပြန်ပါတယ်။ သူမက “ကျွန်မ အခု ကျွန်မရဲ့ရပ်တည်ချက်ကို ပြောချင်တယ်။ ခင်ဗျားရဲ့ (Rick Heizman ကို ရည်ညွှန်း) တင်ပြမှုတွေကိုလည်း နားထောင်တယ်၊ အစီရင်ခံကိုလည်း ဖတ်ပါတယ်။ ခင်ဗျားရဲ့ အစီရင်ခံစာက တဖက်သတ်ပါပဲ၊ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားက ပြဿနာကို အလွန်ဆိုးဆိုးရွားရွားကို မှားယွင်းစွာ သုံးသပ်ပြီး အဖြေထုတ်ထားတယ်။” ဟု ပြောခဲ့ပါတယ်။

    အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးအောင်မရမ်းဦးကတော့ အစီရင်ခံစာက တဖက်သတ်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ သဘောတူခဲ့ပေမယ့် သူတို့အစီရင်ခံစာက အပြုသဘောဆောင်ဆဲပါလို့ အမေးအဖြေကဏ္ဍမှာ ပြောခဲ့ပါတယ်။ “ဒါက လျစ်လျူရှုခံထားရတဲ့ ရခိုင်ဘက်က သမိုင်းကြောင်းပါပဲ” လို့ သူက အစီရင်ခံစာကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    Rick Heizman ကတော့ မေးခွန်းတော်တော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအနေအထား ကို မေးတဲ့ မေးခွန်းမျိုးတွေလည်း ပါခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ သူက အခုအချိန်မှာ ဖြေဖို့မလိုဘူးဆိုပြီး ပယ်ချသွားခဲ့ပါတယ်။ သူရဲ့ တင်ပြပြောဆိုမှု ပြီးချိန်မှာ လုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ သူက – “ကျွန်တော့်ပညာရပ်ဆိုင်ရာ အထောက်အထားကတော့ဗျာ၊ ကျွန်တော် ဒီနေရာကို အကြိမ်များစွာ ရောက်ဖူးတယ်” ဟုသာ အဖြေပေးခဲ့ပါတယ်။

    Rick Heizman ရဲ့ ဘ၀ဇတ်ကြောင်းတွေကို အင်တာနက်မှာ တွေ့မြင်ဖတ်ရှုနေရတာနဲ့ ပတ်သတ်ပြီးလည်း မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ Thingsasian.com က Rick Heizman ကိုအင်တာဗျူးလုပ်ထားပြီး သူတို့ရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီမှာ Rick Heizman ရဲ့ ကိုယ်ရေး အချက်အလက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ Rick Heizman က နယူးယောက်ကဖြစ်ပေမယ့် ဆန်ဖရန်စစ္စကိုမှာ နေပါတယ်။ ဆန်ဟိုဆေးအစိုးရတက္ကသိုလ်ကနေ ဂီတနဲ့ပတ်သတ်ပြီး (ထုတ်လုပ်ရေး + ဂီတာ) ၀ိဇ္ဇာ ဘီအေဘွဲ့ ရရှိထားပါတယ်။

    အဲဒီ အင်တာဗျူးဆောင်းပါးမှာ – “Rick Heizman က မြန်မာပြည်ကို တိုင်ပြည်ကြီးတစ်ခုရယ်လို့ ခံစားမှတ်ယူကြောင်း၊ မြန်မာပြည်ကလူတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားကြောင်း၊ ဒါ့ပြင် ဘယ်လိုအစိုးရမျိုးကို ဖွဲ့စည်းရမလဲဆိုတဲ့ ကိစ္စကိုလည်း စိတ်ဝင်စားကြောင်း၊ သူက မြန်မာပြည်ကို မကြာခဏ လာတဲ့အတွက် သူငယ်ချင်းကောင်းတွေ ရရှိခဲ့ကြောင်း၊ ဒါ့ပြင်သူက မြန်မာ့ နိုင်ငံရေးဘက်မှာလည်း အမြော်အမြင်ရှိရှိ ပါဝင်ဆောင်ရွက်နေအကြောင်း” ဖော်ပြထားပါတယ်။

    Baymusic.com လို့ခေါ်တဲ့ မင်္ဂလာဆောင်အခမ်းအနားတွေ၊ အခြားလူမှုပူးပေါင်းဆောင်ရွက်မှုတွေမှာ ဂီတာလိုက်တီးတဲ့ ဂီတသမားတွေအတွက် ရည်ရွယ်ပြီး သူတို့ရဲ့ လိပ်စာတွေ အချက်အလက်တွေကို အင်တာနက်မှာ တင်ပြပေးနိုင်ဖို့ စီစဉ်ထားတဲ့ ၀က်ဘ်ဆိုက်ဒ်မှာလည်း Rick Heizman က ဒီနှစ်ထဲမှာ သူ့ရဲ့အချက်အလက်တွေကို တင်ခဲ့ပါတယ်။

    ဝေဖန်မှုတွေ ရှိနေပေမယ့် သူရေးရဲ့ အစီရင်ခံစာကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့ရဲ့ သဘောဆန္ဒတွေကိုလည်း အနည်းဆုံး ထင်ဟပ်ဖော်ပြထားပါတယ်။ မြန်မာတိုင်းမ်စ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်တို့ မကြာသေးမီက အင်တာဗျူးမေးမြန်းခဲ့တဲ့အခါ သူက ရိုဟင်ဂျာတွေကို “ခိုးဝင်လာတဲ့ ဘင်္ဂါလီ” တွေ၊ သူတို့ကို နိုင်ငံတွင်းကနေ အင်အားသုံး မောင်းထုတ်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။

    Rick Heizman လိုပါပဲ၊ ဦးဝင်မြိုင်ကလည်း အနောက်မီဒီယာတွေသာမက ထောက်ပံ့ရေးအဖွဲ့တွေကလည်း ရခိုင်တွေကို တလွဲမြင်နေကြတယ်လို့ ရှည်လျားစွာ ပြောပြခဲ့ပါတယ်။ သူက ကုလနဲ့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW တို့ကို ရည်ညွှန်းပြီး အဲဒီလို ပြောခဲ့တာပါ။ “သူတို့မှာ မွတ်စလင်ကို ပရိုမုတ်လုပ်တဲ့ ဘက်လိုက်မှုတွေ ရှိနေတယ်” လို့ သူကဆိုပါတယ်။

    ဒါ့ပြင်သူ ရဲနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပဋိပက္ခကြောင့် အိမ်ယာမဲ့မွတ်စလင်တွေကို နေရာချပေးထားတဲ့ စခန်းတွေရဲ့ ညစ်ပတ်ဆုတ်ခြာပုံတွေကို ဖော်ပြထားတဲ့ အစီရင်ခံစာတွေက မွတ်စလင်အစွန်းရောက်တွေရဲ့ မှားယွင်းစွာပုံဖော်ထားချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်ယာမဲ့ခဲ့ကြတဲ့ မွတ်စလင်တွေက ဘာကြောင့် အဲဒီလို နေစရာပျောက်ရတာလဲဆိုတော့ သူတို့က တခြားရခိုင်အိမ်တွေမှာ မီးသင့်ရအောင် ရည်ရွယ်ပြီးကိုယ့်အိမ်ကို ပြန်မီးရှို့တယ်၊ ကုလအေဂျင်စီတွေက အစားထိုးဆောက်ပေးတဲ့ အိမ်ကောင်းတွေရဖို့ ရည်ရွယ်ပြီး လုပ်ကြတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

    HRW ရဲ့ အာရှဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ ဒါမျိုးမှတ်ချက်ကို “အထောက်အထားမဲ့ ဟာသပျက်လုံး” ရယ်လို့ ၀ိသေသပြု ပြောဆိုခဲ့ပါတယ်။

    မစ္စတာရောဘတ်ဆင်က – “သူက ရခိုင်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေကိုချည့် ထပ်တလဲလဲပြောနေတယ်။ အဲဒီပုံပြင်တွေကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဇွန်လပဋိပက္ခတုန်းကတည်းက ဖန်တီးထားကြတာပဲ။ ဒါမျိုးပြောဆိုချက်တွေကို ဘယ်သူမှမယုံဘူး၊ ဒါမျိုးထပ်ပြောရင် အဲဒီလူကို အရူးလို့ပဲ မြင်ရမှာပဲ။” ဟု ပြောဆိုခဲ့ပါတယ်။

    “ကြိုက်တဲ့ဘက်က နှိုင်းယှဉ်နိုင်တယ်၊ ရိုဟင်ဂျာတွေက အိုင်ဒီပီစခန်းတွေမှာ ခက်ခဲကြပ်တည်းစွာ တားဆီးပိတ်လှောင်ခံထားရတယ်။ အထောက်အပံ့မရှိဘူး၊ ပညာရေးအတွက်လည်း အခွင့်အရေးမရှိဘူး၊ ကျန်းမာရေးနဲ့ အခြားအခြေခံလိုအပ်ချက်ရောပေါ့ဗျာ” ဟု မစ္စတာ ရောဘတ်ဆင်က ပြောပါတယ်။

    HRW မှာ ရခိုင်တွေနဲ့ဆန့်ကျင်ပြီး ဘက်လိုက်တာမျိုး ဘာမှမရှိဘူး။ ဦးဝင်းမြိုင်က “သတင်းဆိုးတွေ ပေးလို့ အပြစ်တင်မခံရတဲ့ပုံမျိုး” ဖမ်းနေတာပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အချက်အချို့ရှိတယ်၊ သူက အဲဒီအချက်တွေကို ကိုယ်တိုင်တောင် ကြိုက်တာမဟုတ်ဘူး၊ အဲဒီအချက်တွေက ကျွန်တော်တို့ ပြောတဲ့ လူမျိုးရေး သုတ်သင်မှု၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ ရာဇ၀တ်မှု စတာတွေကို ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်မှာ ကျူးလွန်ခဲ့ကြတယ်၊ (ဒါပါပဲ။)” လို့ မစ္စတာ ရောဘတ်ဆင်က ပြောပြခဲ့ပါတယ်။

    ရိုဟင်ဂျာများဘက်ကနေ ဆောင်ရွက်ပေးနေတဲ့ အာရကန်ပရောဂျက်ခေါင်းဆောင် ခရစ်လီဝကတော့ ဦးဝင်းမြိုင်ရဲ့ မှတ်ချက်ကို ချက်ချင်းပယ်ချပြီး “ပျက်လုံးဖြစ်နေလို့ မှတ်ချက်ပေးစရာ မလိုပါဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။

    “ဒါမျိုးအမှန်ကို လက်မခံငြင်းပယ်တာက ရခိုင်မှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေစေမှာပဲ” လို့ သူမက ဆိုပါတယ်။