News @ M-Media

Tag: featured

  • ” ဒါလားမျှတတဲ့ တရားစီရင်မှု” (Facebook ပေါ်မှ ပြည်သူ့အသံ)

    ဇူလိုင်- ၄ ၊ ၂၀၁၃
    ရေးသူ- AUNG MIN KHANT

    မတ်လ(၂၂)ရက်နေ့ သောကြာနေ့ နေလည်(၁၁း၃၀)မိနစ်လောက်မှာ မိတ္ထီလာ ပဋိပက္ခကြောင့်ကြောက်လန့် တကြားထွက်ပြေးလာတဲ့ နန်းတော်ကုန်းရပ်ကွက်က စက်ဘီးပြင် ဆိုင်ဖွင့်ပြီးလုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့တဲ့ မိသားစုတစုကို အကြမ်းဖက် သမားတွေက နန်းတော်ကုန်းသံလမ်းနားမှာတွေ.သွားပြီး လာဝှက်ပေးမယ်လို့ခေါ်ကာ ဓားနဲ့ခုတ်သတ်ပြီး အလောင်းတွေကိုမီးရှို. ဖျောက်ဖျက်ပြစ်ခဲ့ကြတယ်။

    Ma Khin Khin Htwe

    မီးလောင်ပြီးခါနီးကျမှ အလောင်းတွေပေါ်ကို သင်္ဃန်းအုပ်ကာ ဘုန်းကြီးတွေ အသတ်ခံရတယ်လို့ထင်အောင် ယုတ်မာခဲ့ကြတာဖြစ်ပါတယ်။

    ဓါတ်ပုံထဲက ကလေးချီထားတဲ့ အမျိုးသမီးကတော့ မခင်ခင်ထွေးဖြစ်ပြီးအသက်မသေပဲလွတ်မြောက်လာတဲ့သူဖြစ်ပါတယ်၊

    သူမကိုပါသတ်ဖြတ်ဖို့လုပ်တဲ့အခါ လက်ထဲကချီထားတဲ့ သူမရဲ.လသား အရွယ်ကလေးကို “မ” ပြပြီး မသတ်ဖို့တောင်းပန်တော့မှ “ဟေ့..ကုလားမ ဒါဆို နင်နောက်ကိုပြန်လှည့်မကြည့်နဲ့..ကြည့်ရင် နင့်ကိုပါသတ်မယ်လို့ပြောတဲ့အတွက် သူ့ရှေ.မှာတင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပါတယ်။

    အသတ်ခံခဲ့ကြရတဲ့သူတွေကတော့ သူမရဲ.ယောက္ခထီး ဦးမောင်မောင်မြင့်အသက်(၇၃)နှစ်၊ သူမရဲ.ခင်ပွန်း ဦးမိုးဇော်အသက်(၃၄)နှစ်၊ သူမရဲ.သားသမီး ကျောင်းသား၊ ကျောင်းသူလေးဖြစ်ကြတဲ့ မောင်ရန်ပိုင်စိုး(၁၁)နှစ်နဲ့ မနွယ်နွယ်စိုး(၉)နှစ် အရွယ်ကလေးတို့ကို ရက်ရက်စက်စက်ဓားနဲ့ ခုတ်သတ်ပြီးမီးရှိုးခဲ့တာဖြစ်ပါတယ်။

    အခုတော့အဲဒီလူမဆန်တဲ့ရာဇဝတ်မှုကို ကျုးလွန်ခဲ့တဲ့ မောင်တာတာစိုးကို ဇွန်လ (၂၈)ရက်နေ့က ပုဒ်မ ၃၀၂/၄၃၆/၁၁၄ အလုပ်ကြမ်းနှင့် ထောင်(၇)နှစ်ချခဲ့တယ်လို့ ဒီနေ့ ၄-၇-၂၀၁၃ ရက်နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ် သတင်းစာမှာရေးသားထားပါတယ်။

    အာဏာပိုင်တွေအနေနဲ. ဒီလိုလူလေးယောက်ကို ရက်စက်စွာသတ်ဖြတ်ခဲ့သူကို ထောင်(၇)နှစ်ပဲချခဲ့တာဟာ အာဏာပိုင်တွေ ကိုယ်တိုင်ရာဇဝတ်မှုကျုးလွန်လိုက်တာလို့ပြောရမှာဖြစ်ပါတယ်။

    ထွက်ပြေးနေတဲ့ တရားခံကတော့ အငယ်ကောင်(ခ)စိုးမိုးသူဖြစ်ပါတယ်။ သတင်းစာမှာ သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ဘယ်လောက်ကျခံပြီးသလဲဆိုတာကို ရှင်းလင်းစွာဖော်ပြမထားပါဘူး။ ဒီလူမဆန်တဲ့အကြမ်းဖက်သတ်ဖြတ်မှုဟာ နိုင်ငံတကာက မတော်မတရား စွပ်စွဲနေတာပါလို့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေတဲ့သူတွေအတွက်တော့ အကောင်းဆုံးသက်သေတခုပါပဲ။

    သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာပါစေ။…….

    မူရင်းလင့်ခ် =>http://goo.gl/jZ2L6

  • သံတွဲမြို့မှ အမျိုးသမီးအား အနိုင်ကျင့်စော်ကားမှု စွပ်စွဲခံရသူ၏ မိခင်နှင့် ဆက်သွယ် မေးမြန်းချက်

    သံတွဲမြို့မှ အမျိုးသမီးအား အနိုင်ကျင့်စော်ကားမှု စွပ်စွဲခံရသူ၏ မိခင်နှင့် ဆက်သွယ် မေးမြန်းချက်

    ဇူလိုင်-၅ ၊ ၂၀၁၃
    M-Media
    KK

    သံတွဲမှ အကြမ်းဖက်မီးရှို့မှု အကြောင်းပြချက်- အမျိုးသမီးအား အနိုင်ကျင့်စော်ကားမှု စွပ်စွဲခံရသူ၏ မိခင်နှင့် ဆက်သွယ် မေးမြန်းချက်

    ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား မွတ်စလင်မ် ၂-ယောက်မှ မုဒိမ်းကျင့်သည်ဟု သတင်းများ ထုတ်လွှင့်ပြီး အကြမ်းဖက်မီးရှို့မှုများဖြစ်ပွားခဲ့ပါသည်။

    ကျူးလွန်သူများမှာ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးများဟု ပြည်တွင်းမီဒီယာ အများစုတွင်ထည့်သွင်းဖော်ပြကြပြီး ယင်းကိစ္စကို အကြောင်းပြုပြီး သံတွဲမြို့တွင် အကြမ်းဖက် လုပ်ရပ်များဖြင့် တုန့်ပြန်ခဲ့ကြသည်။ ကျူးလွန်ခဲ့သူဟု စွပ်စွဲခံရသူ နှစ်ဦးအနက်မှ ကိုနိုင်သူ၏ မိခင်ဖြစ်သူနှင့် M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ ကိုနိုင်သူမှာ အစ္စလာမ်ဘာသာဝင်တယောက်မဟုတ်ပဲ  ဗုဒ္ဓဘာသာကိုးကွယ်သူသာ ဖြစ်ကြောင်း အခြားတယောက်ဖြစ်သူ ကိုမျိုးနိုင်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းထည့်သွင်း ဖြေကြားခဲ့သည်။

    ဆက်လက်ပြီး ယခုဖြစ်ရပ်က လုပ်ကြံမှုသက်သက်လို့သာထင်ကြောင်း၊ မွတ်စလင်မ်တွေ ကိုယ်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့သတင်းတွေ မဖြစ်နိုင်ကြောင်း၊ မီးရှို့ခံရတဲ့ အိမ်တစ်အိမ်ဆိုရင် လူတောင်မရှိကြောင်း၊ အပြင်သွားနေတာဖြစ်ကြောင်း၊ ယခု အကြမ်းဖက်မှုများ အစပျိုးရာ အကြောင်းပြချက်ဖြစ်သော မုဒိမ်းမှုမှာ ယခုလိုထင်အောင် လုပ်ကြံ ဖန်တီးထားသာဖြစ်ကြောင်း ဆက်သွယ်မေးမြန်းချက်မှာဖြေကြားသွားပါသည်။

    ရခိုင်အမျိုးသမီးငယ်အား စော်ကားခဲ့သည် ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ သံတွဲမြို့မှ ကိုမျိုးနိုင်နှင့် ကိုနိုင်သူတို့ နှစ်ဦးအား ဇူလိုင် ၁ ရက်က ဖမ်းဆီးရမိခဲ့ပြီး သံတွဲရဲစခန်းက ပုဒ်မ၃၇၆ ပြစ်မှုနှင့် အမှတ် ပ-၃၇/၂ဝ၁၃ နှစ် ယင်းနေ့တွင်ပင် စတင် စစ်ဆေးလျက် ရှိသည်။

    သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဇူလိုင် ၁ရက်နေ့ထိ စာရင်းများအရ လူနေအိမ် ၅-လုံး မီးရှို့ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါတယ်။

    မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်တွင်နားဆင်နိုင်ပါတယ်။

  • ထီးချိုင့်မြို့တွင် ဗလီဝတ်ကျောင်းဘေးလမ်းမှ မွတ်စလင်မ်အိမ်တစ်လုံး မနေ့က မီးရှို့ခံရ

    ဇူလိုင် ၂၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    ထီးချိုင့် ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့တွင် ယမန်နေ့ ဇူလိုင်လ (၂)ရက်ည ၁၁-နာရီခန့်က မီးရှို့ခံရမှုကြောင့် မွတ်စလင်မ်ပိုင် အိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သတင်းရရှိသည်။

    Htigyaing, Sagaing

    အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ထီးချိုင့်သို့ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ပါသည်။

    “ဟုတ်ပါတယ် ကျွန်တော် ထီးချိုင့်ကပါ။ အိမ်တစ်လုံး မီးလောင်ပြာကျသွားပါတယ်။ ဖြစ်တာက ကျွန်တော့်နားကအိမ်ပါ။ ထီးချိုင့်မြို့ လက်ခုပ်ပင်၊ အမှတ်(၃)ရပ်ကွက်မှာပါ။ ဘယ်လိုစလောင်သလဲတော့ မသိဘူးဗျ။ ကျွန်တော်တို့ ညဘက်အိပ်စက်နေကြတဲ့အချိန်မှာ ဖြစ်တာပါ။ အိမ်ကလည်း လူမနေပဲ တံခါးပိတ်ထားတာကြာပြီဗျ။ အဲဒီအိမ်က ဒံပေါက်ဆိုင်ဖွင့်တာပါ။ ဆိုင်လည်း ပိတ်ထားတာ ၁-လလောက်ရှိပါပြီ။ ဆိုင်ရှင်ရဲ့အမျိုးသမီး မီးဖွားလို့ပိတ်ထားခဲ့တာ။ မနေ့ကတော့ အားလုံး အိမ်ပြန်ရောက်လာတာ။ လူကြီးတချို့လည်းပါလာတယ်။ မနေ့ကမှ ခရီးကရောက်တော့ ခရီးပန်းပြီး ည ၉-နာရီကျော်လောက်မှာပဲ အိပ်ပျော်သွားတယ်ပြောတယ်။ ည ၁၁-နာရီဝန်းကျင်လောက်မှာ မီးစလောင်တယ်။ မီးလောင်တာကလည်း တစ်နေရာတည်းက လောင်တာမျိုးမဟုတ်ပဲ ခြံစည်းရိုးအစကနေ အဆုံးထိ တလျှောက်လုံး စလောင်တာ။ စလောင်လောင်ခြင်း အိမ်ရှင်တွေလည်းမသိဘူး၊ စသိတာက လူကြီးတွေက စသိလိုက်တာ။ မီးနေသည်အမျိုးသမီးနဲ့ ၁-လသားအရွယ် ကလေးရောရှိနေတော့ အားလုံးပြေးထွက်ကြမယ်လုပ်တော့ ခြံတံခါးကိုလည်း အပြင်ကနေ မင်းတုန်းတွေထိုးထားတယ်။ မီးရှိန်ကလည်း တော်တော်ပြင်းလာတော့ ခြံစည်းရိုးကို အိမ်ရှင်က ရိုက်ချိုးထွက်ပြီးတော့မှ မိသားစုအားလုံးကို အပြင်ထုတ်ရတယ်။ မီးနေသည်အမျိုးသမီးကိုလည်း တစ်ခုခုဖြစ်မှာစိုးလို့ ထိန်းရတယ်။ လူကြီးတွေကလည်း အသက် ၆၀-ကျော်တွေနဲ့ ကလေး ၂-ယောက်ကလည်း ၈-နှစ် ၁၀-နှစ် ကလေးတွေဆိုပဲဆိုတော့ သူတို့ကိုပါ လိုက်ထိန်းပြီးခေါ်ထုတ်ရတယ်။ ခြံဝန်းကတော့ ပေ-၄၀ ပတ်လည်ရှိပါတယ်။ အိမ်ကတော့ ထရံအိမ်ပါပဲ။ အိမ် ၂-လုံးမဟုတ်ပါဘူး။ အိမ် ၁-လုံးတည်းကို အဆောင် ၂-ခု တွဲထားလို့ ၂-အိမ်ထင်ရတာပါ။ အဲ့ဒီတစ်အိမ်လုံးတော့ ပြာကျသွားပါတယ်။ အဲ့ဒီတစ်အိမ်တည်း လောင်သွားတာပါ။ ရှေ့အိမ် နောက်အိမ်တော့ နည်းနည်းပါးပါး မီးဟပ်သွားတယ်။ ပထမတော့ ရပ်ကွက်က ၀ိုင်းပြီး ငြိမ်းကြတာပါ။ တော်တော်ကြာကြာမှာတော့ မီးသတ်ကားရောက်လာပါတယ်။

    ဒီနေ့မနက် ၁၀-နာရီမှာ အိမ်ရှင်ကို ရုံးကခေါ်ပြီး စစ်ချက်ယူပါတယ်။ အိမ်ရှင်ကလည်း ဖြစ်စဉ်ကို အစအဆုံးပြောပြပါတယ်။ သူတို့က ပြီးခဲ့တဲ့ ဇွန်လ ၁-ရက်နေ့ကတည်းက ခရီးသွားလိုက်တာ အမျိုးသမီး မီးဖွားမှာကြောင့်လေ။ မနေ့ကပဲ ပြန်ရောက်တယ်။ ပြန်ရောက်ရောက်ချင်း အခုလိုဖြစ်တယ်။ ဟုတ်ပါတယ်။ အခုတော့ သူ့အဒေါ်တစ်ယောက်အိမ်မှာ ခဏနေနေပါတယ်။ ဗလီက အဲ့ဒီအိမ်နဲ့ ၃-ပေ လမ်းတစ်လမ်းပဲ ခြားပါတယ်။ ရုံးကတော့ အိမ်ရှင်တွေကိုကို မနက်ဖြန် ပြန်ပြီးချိန်းထားပါတယ်။ ထူးခြားချက်ရှိရင် ကျွန်တော် ပြောပြပါ့မယ်”လို့ ထီးချိုင့်မြို့ခံတစ်ဦးက M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    ထီးချိုင့်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရှိပြီး ထီးချိုင့်တစ်မြို့လုံးတွင် မွတ်စလင်မ်များ စုပေါင်းဝတ်ပြုရာ ဗလီတစ်လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ ၄၅-အိမ်ခန့်ရှိပြီး ခေတ်အဆက်ဆက် ဘာသာလူမျိုးပေါင်းစုံ အေးချမ်းစွာ နေထိုင်လာခဲ့သော မြို့တစ်ခုဖြစ်ကြောင်းလည်း ထပ်မံသိရှိရပါသည်။

  • ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့ မြောက်ဥက္ကလာပ ဗလီဝတ်ကျောင်းတွင် တွေ့ဆုံဆွေးနွေး

    ဇူလိုင် ၃၊ ၂၀၁၃
    M-Media
    ဆူးထက်

    ရန်ကုန် ။            ။       ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့၏ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို မြောက်ဥက္ကလာ အောင်ဝလ်ဂျာမေ စွန္တွီဗလီကြီး၌ ယနေ့ မနက်(၁၀)နာရီမှ (၁၁)နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    P7037342

    အဆိုပါ အခမ်းအနားတွင် ပရိယတ္တိ စာသင်တိုက်၊ ရပ်ကွက် သံဃနာယက ဥက္ကဌ ဆရာတော် ဦးပညာသီရိက “ဆရာတော်တို့က ပုထုဇဉ် ဖြစ်တဲ့အတွက်၊ ဘုရားရှင်တောင် သည်းခံတဲ့အတွက် သည်းခံခြင်းတရားကို လက်ကိုင်ထားရမယ်။ ကိုယ့်ကို လုပ်ရင်တောင် သည်းခံရမယ်။ မေတ္တာမထားရင် ဖြစ်နေကြမှာပဲ။ အဲဒီတော့ သည်းခံစိတ်ထားမှ ငြိမ်းချမ်းမယ်။ အားလုံး ညီညီညွှတ်ညွှတ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြပါ” ဟုထည့်သွင်း မိန့်ကြားခဲ့သည်။

    ဧည်သည်တော်အဖြစ် ဖိတ်ကြားခြင်းခံရသော ဒေါက်တာမြင့်သိန်း(စာရေးဆရာ ငြိမ်းချမ်းလုလင်) က “ဗလီတွေကို ရှေးတုန်းကတည်းက အစ္စလာမ် ၀တ်ကျောင်းတော်တွေလို့ ခေါ်ပါတယ။် အစ္စလာမ် ဆိုတဲ့ အဓိပ္ပါယ်ကိုက တရားဓမ္မကို နာခံခြင်း၊ အဲလိုနာခံခြင်းဖြင့် ငြိမ်းချမ်းမှု ရရှိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အချို့သော လူတွေရဲ့ စွပ်စွဲ ပြောဆိုသလို အစ္စလာမ်ဟာ စုတ်ပြတ်သပ်နေတဲ့ ဘာသာတရားတွေကို လူမျိုးတွေကို အမုန်းတရားတွေ ပွားနေတတယ်ဆိုရင် ဒီကနေ့ ကမ္ဘာပေါ်မှာ သန်းပေါင်း(၁၅၀၀) ကိုးကွယ်ဖို့ မရှိပါဘူး။ ကမ္လာဦးရေ လေးပုံတစ်ပုံ ကိုးကွယ်ဖို့ မရှိပါဘူး။ အဲဒီ သန်းပေါင်း(၁၅၀၀)က အ-တုံးတွေ၊ အ-အတွေ၊ လူ အောက်တန်းစားတွေ မဟုတ်ပါဘူး။ တကယ့် ပညာတတ်တွေ တစ်ပုံကြီး ပါပါတယ်။ တကယ့် လူသားအကျိုးပြုနေတဲ့ သူတွေ ကမ္ဘာသမိုင်း တစ်လျှောက်လုံး အများကြီးရှိပါတယ်။ နှစ်ပေါင်း တစ်ထောင်ကျော်ပါပြီ။ အားလုံးသော ဘာသာတရားတွေဟာ သစ္စာတရားပေါ်မှာ အခြေခံပြီး ထွန်းကားနေကြတာ ဖြစ်တယ်။ လူသား အကျိုးပြု ဆောင်ရွက်လာကြတဲ့ အခါမှာ သွေးလှူတဲ့ လုပ်ငန်းတွေ၊ အလှူဒါန လုပ်ငန်းတွေ၊ အန္တရာယ်တွေ ကြုံလာတဲ့ အခါမှာလည်း လူမျိုးဘာသာ မခွဲဘူး သွားကြတယ်။ ၂၀၀၈-ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ်တုန်းက ကြည့်လိုက် တစ်ပတ်အတွင်းမှာ သီတဂူ ဆရာတော် ဘုရားကြီးတို့ သွားကြသလို ကျွန်တော်တို့ အစ္စလာမ့်အဖွဲ့ချုပ်ကြီးကလည်း တစ်ပတ်အတွင်းမှာ ငွေကြေးတတ်နိုင်တဲ့ ချမ်းသာတဲ့သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ ဟိုးတောကြို အုံကြားထိ ဒီရေ အတက်ကျကို စောင့်ပြီး ဗွတ်ထဲမှာရော၊ ရွှံ့ထဲမှာရော အဲဒီဖြစ်တဲ့ နေရာဒေသတွေထဲထိရောက်အောင် လူမျိုးမခွဲ၊ ဘာသာမခွဲဘဲ ငါတို့ မြန်မာနိုင်ငံသားတွေ ပြည်ထောင်စုသားတွေ ဆိုပြီးတော့မှ သွားပြီး လှူဒါန်းဆောင်ရွက်ခဲ့တာတွေ အားလုံးကို မြန်မာ့သမိုင်းပြန်ကြည့်ရင် အားလုံးသော  အစ္စလာမ် သာသနာဝင်တွေဟာ ကျန်တဲ့ ညီနောင်တွေနဲ့ အတူ မြန်မာ့သမိုင်း တစ်လျှောက်လုံး ပါဝင်ဆောင်ရွက်ခဲ့တာဟာ ပုဂံခေတ်ကတည်းက ရှိခဲ့တာပါ။ ကျောက်စာတွေ၊ သမိုင်းတွေကို ပြန်ကြည့် ကြည့်ပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ဥက္ကလာပမြို့နယ်၊ ဘာသာပေါင်းစုံ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့၏ ဆောင်ရွက်ချက်များကို အဖွဲ့ကိုယ်စား ဦးဆန်နီက “မိမိတို့ မြို့နယ် အတွင်းတွင် ရပ်ရွာ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် ဖြစ်စေသော ဘာသာရေးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှု ပဋိပက္ခများ ပေါ်ပေါက်ခြင်း မရှိစေရန်၊ ငြိမ်းချမ်းရေး လိုလားကြသော အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ဘာသာကြီး (၄)ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းဦးဆောင်လျက် အစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေး အဖွဲ့အစည်းများနှင့် လိုအပ်သလို လက်တွဲ၍ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး၊ လူမျိုးရေး ဘာသာရေး ဆက်နွယ်သော အထိကရုဏ်းများ မပေါ်ပေါက်စေရေး စသည့်ကိစ္စများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မြောက်ဥက္ကလာပ မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် အားလုံး တညီတညွှတ်တည်း သဘောတူညီခဲ့ကြပါသည်။

    မိမိတို့ အဖွဲ့အနေဖြင့် ဘာသာပေါင်းစုံ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အားစိုက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား” ဟုထည့်သွင်း တင်ပြ ခဲ့သည်။
    ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အဖွဲ့မှ ပြန်ကြားရေးမှူး  ကိုသန်းအောင်က “အစည်းအဝေး အနေနဲ့ တစ်ပတ်ကိုတစ်ကြိမ် လုပ်ဖြစ်ပါတယ်။ အခမ်းအနားအနေနဲ့က  ပြီးခဲ့တဲ့ အပတ်က ဟိန္ဒူ၊ဒီအပတ်က အစ္စလာမ်၊ လာမည့်အပတ်က ခရစ်ယာန်ဘာသာဝင်တွေနဲ့တွေ့ဆုံမှာပါ။ အဓိကရည်ရွယ်ချက်ကတော့ အခုဖြစ်ပေါ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေ လျော့ကျနိုင်အောင်၊ ကျွန်တော်တို့ မြို့နယ်မှာ တစ်ဘာသာနဲ့တစ်ဘာသာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်ဆိုတာကို ပြချင်တာပါ။ ကျွန်တော်တို့မြို့နယ် သာမကပဲ တစ်ပြည်လုံးမှာ ရှိတဲ့ မြို့နယ်တွေမှာလည်း ဒီလိုမျိုးလေးတွေ လုပ်ပေးခြင်းအားဖြင့် လျော့ကျသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် လူတစ်ယောက်ပါ။ လူအချင်းချင်းဆိုတာ ဘာသာရေး လူမျိုးရေး မမြင်ဘဲနဲ့ လူလို့ပဲ မြင်မယ်။ တစ်ဦးနဲ့ တစ်ဦး ရင်းရင်းနှီးနှီးနေကြမယ် ဆိုရင် တစ်ခြား ပြဿနာက ရေရှည် အဓွန့်ရှည်စွာ နေနိုင်မှာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အနှောင့်အယှက် အဟန့်အတားတွေ မဖြစ်နိုင်အောင်လို့ ကျွန်တော်တို့ အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု M-Media သို့ပြောပြခဲ့ပါသည်။

    အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ လူဦးရေ ၂၀၀-ကျော် တက်ရောက်ခဲ့ပါသည်။

    More Photo Click Here

  • ရွှေဝါရောင် ပညာဒါနကျောင်းသို့ ပွင့်လင်းကွန်ရက် ပရဟိတအဖွဲ့မှ အလှူငွေပေးအပ်

    ဇူလိုင် ၃၊ ၂၀၁၃
    M-Media
    အိမေ

    ပွင့်လင်းကွန်ယက် ပရဟိတအဖွဲ့မှ ရွှေဝါရောင်ပညာဒါနကျောင်းသို့ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ ၃-ရက်နေ့ နေ့လည်၁၂-နာရီ တွင် ရွှေဝါရောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

    P7037433
    “လှူဖြစ်တာကတော့ ဘုန်းဘုန်းက လှမ်းပြီး လိုအပ်တာလေးကို အကူအညီိ တောင်းလို့ပါ။ ဒီနှစ်မှာ ဆိုရင် ရွှေဝါရောင် ပညာဒါနကျောင်းမှာ ကျောင်းသားတွေ တော်တော်များလာပါတယ်။ ဒီကျောင်းမှာ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်း ကလေးတွေ ပညာသင်ကြားနေတာပါ။ ကျောင်းသားတွေ အတွက် အဓိက လိုအပ်နေတဲ့ ကျောင်းသုံး ပစ္စည်းတွေ ၀ယ်ဖို့အတွက် တစ်သိန်းလေးသောင်း ငါးထောင် တိတိ လှူဒါန်းခဲ့ပါတယ်။ ကွန်တော်တို့ ဥက္ကံမှာ ရှိတဲ့ ဒုက္ခသည်တွေကိုလည်း အ၀တ်အစား အထည်သုံးရာကျော်ကို လှူဒါန်းခဲ့ပါသေးတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ အဖွဲ့အနေနဲ့ တတ်နိုင်သမျှ ပရဟိတ လုပ်ငန်းတွေကိုပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” ဟု ပွင့်လင်း ကွန်ရက် အဖွဲ့ကိုယ်စား ကိုရဲဝင်းထွန်းက M-Media သို့ပြောသည်။
    “ကျွန်ုပ်တို့ လက်များသည် ကမ္ဘာလောကကြီးအတွက် လိုအပ်နေသော ကွက်လပ်များအား ဖြည့်ဆည်းပေးနိုင်သည့် ထာဝရဖြူစင် ကမ်းလင့်လက်များဖြစ်နိုင်ပါစေ” ဆောင်ပုဒ်ဖြင့်  ပွင့်လင်းကွန်ရက် ပရဟိတအဖွဲ့ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃-ရက် ဗိုလ်ချုပ်မွေးနေ့ မတိုင်မီ ရက်ပိုင်း အလိုက စတင် ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ အဆိုပါကွန်ရက်၏ ပထမဆုံး အလှူဒါနမှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် သန်လျင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲမှာ သောက်ရေသန့် ဒါဇင် (၃၀၀) လှူဒါန်းမှု ပြုခဲ့ပြီးကြောင်းလည်း သိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here