News @ M-Media

Tag: featured

  • အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အစ္စလာမ်ကို စော်ကားသည့် ကိစ္စ မလေးရှား မွတ်စလင်မ်များ ဆန္ဒပြမည်။

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media

    20131125_154658

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲကို လာမည့် သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    မြန်မာနိုင်ငံသို့ OIC ခေါင်းဆောင်များ လာရောက်လေ့လာသည် ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်းများ ဦးစီးကာ ကျင်းပခဲ့သည်။ ထိုသို့ကျင်းပရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဟူသော စာသားများလည်းပါဝင်ခဲ့သည်။ ယင်းစာသားသည် OIC ခေါင်းဆောင်များ လာရောက်လေ့လာမှုကို ဆန့်ကျင်သည့် စာသားမဟုတ်ဘဲ၊ အစ္စလာမ် ဘာသာကို ပြင်းထန်စွာ စော်ကားခြင်းသာ ဖြစ်သည် ဟု မလေးရှားရှိ NGO အဖွဲ့အစည်းအတော် များများ က ခံယူကြသဖြင့် လာမည့်သောကြာနေ့ (၂၉.၁၁.၂၀၁၃) ဝတ်ပြုမှု အပြီး တွင် မလေးရှား နိုင်ငံသားတို့ ထူထောင်ထားသည့် NGO အဖွဲ့အစည်းများမှ ဦးဆောင်ကာ Ampang Park, Kuala Lumpur, Malaysia ရှိ Tabung Haji ဗလီဝတ်ကျောင်းတော်ရှေ့ တွင် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမည် ဖြစ်ကြောင်း ယနေ့ (၂၅.၁၁.၂၀၁၃) မလေးရှား ရှိ လူမှုရေးအဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်သော MAPIM(Malaysian Consultative Council of Islamic Organization) မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) ရုံးချုပ်တွင် ပြုလုပ်သော ဆန္ဒပြပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲ ၌ ကြေညာသွားကြောင်း သတင်းရရှိပါသည်။

    sittwe 2013

    အဆိုပါ ဆန္ဒပြပွဲအား မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာရဟန်းများမှ အစ္စလာမ် ဘာသာ အား စော်ကားသည် ကို ဆန့်ကျင်ရှုတ်ချ သည့်အနေဖြင့်ပြုလုပ်မည် ဖြစ်ကြောင်း CAREM အကြီးအကဲတစ်ဦးလည်းဖြစ်၊ MAPIM ဥက္ကဋ္ဌကြီးတစ်ဦး လည်း ဖြစ်သော Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒပြပွဲ အား ငြိမ်းချမ်းစွာပြုလုပ် ရန်နှင့်၊ အခြား ဘာသာသာသနာ၊ လူမျိုး ကို မှ ထိပါးသည့် ပိုစတာများ၊ ကြွေးကြော်သံများ မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်ဘာသာ ဝင်များ အနေဖြင့် မိမိတို့ဘာသာသာသနာ အစော်ကားခံရသည်ပင်ဖြစ်လင့် ကစား၊ အခြားဘာသာသာသနာ အား ပြန်လည် လက်တုန့်ပြန်စော်ကားရန် ခွင့်မပြုကြောင်း၊ မိမိတို့ သာသနာ ရိုင်းပြစွာစော်ကားခံရသည် ကို ကမ္ဘာ သိအောင် ပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့သော ရိုင်းပြစော်ကားမှုမျိုး နောက်ထပ် မပေါ်ပေါက်စေရန် မိမိတို့ CAREM မှ လိုလားကြောင်း လည်း ပြောကြားခဲ့သည်။ ဆန္ဒပြပွဲ အပြီးတွင် ဆန္ဒပြပွဲ ထုတ်ပြန်ချက် (Memorandum of Protest) အား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးသို့ CAREM ကိုယ်စားလှယ် များ မှ သွားရောက်ပေးအပ်မည်ဖြစ်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင်၊ အာဆီယံ၊ OIC နှင့် အခြား အဖွဲ့အစည်းများ နှင့် မွတ်စ်လင်မ်နိုင်ငံ များသို့ မိတ္တူပေးပို့ သွားမည် ဖြစ်ကြောင်း Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) ရှုံချသည့် ကြေညာချက်တစ်စောင်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် ရက်စွဲကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ Link

    သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ပြန်ခဲ့သည့် CAREM ပူးတွဲကြေညာချက် (Joint Statement) အား ပူးတွဲတင်ပြလိုက်ပါသည်။

    mapim1 mapim2

  • မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

    ဆောင်းပါးရှင်-အောင်ဒင်
    ပြည်သူ့ခေတ်ဂျာနယ်

    1234966_459304604178143_219941149_n

    ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ပြဌာန်းထားတဲ့ နိုင်ငံသား တိုင်းရဲ့လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တွေကိုအာမခံချက်ပေးမည့် ဘာသာရေးပဋိပက္ခများ မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အားပေးတဲ့ဥပဒေ တစ်ရပ်ကို အမြန်ဆုံးပြဌာန်းသင့်ပါပြီ။

    ၂၀၀၈ ဖွဲ့စည်းပုံပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာ ပြဌာန်းချက်များ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်း ထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကို သော်လည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည် လို့ပြဌာန်းထားပါတယ်။

    ပုဒ်မ ၃၆၁ မှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ ပုဒ်မ ၃၆၂ မှာ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိကြေသောကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည် ဟုလည်း ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ထို့ပြင် လူမျိုးရေးကြောင့် လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မှုခြင်း ၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမှုသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမှုမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် ဟု ပြဌာန်းထားသည်။

    အထက်ဖော်ပြပါ ပြဌာန်းချက်များအရ နိုင်ငံသားများရဲ့လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုများကိုလည်း အပြစ်ပေးနိုင်ကြောင်း ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီ ပြဌာန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော် ရမည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်းရေးဆွဲတင်သွင်းခြင်း၊ စဉ်းစားခြင်း လုံးစ မရှိသေးပါ။ ပြည်ထောင်စု အစိုးရဲ့သာသနာရေးဝန်ကြီးဌာနကလည်း ဥပဒေကြမ်းရေးဆွဲပြီးလွှတ်တော်ကို တင်သွင်းခြင်းမရှိသေးပါ။

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ မှာ ငြိမ်ဝပ်ပိပြားရေးနှင့်သော် လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော် လည်းကောင်း၊ ဤ ဖွဲ့စည်းပုံအခြခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည် လို့ပြဌာန်းထားပါတယ်။ တက်ယ်တော့ ဘာသာရေး ကိုးကွယ်မှုဟာ လူတစ်ယောက်ရဲ့မွေးရာပါ လူ့အခွင့်အရေးပါ။ လူတစ်ယောက်ဟာ သူကြိုက်နှစ်သက်ရာ ဘာသာတရားကို သူ ယုံကြည်သလို ကိုးကွယ်ခွင့်ရှိပါတယ်။ လက်ရှိ ဘာသာကို စွန့်ပြီး အခြားဘာသာကို ကူးပြောင်းကိုးကွယ်ွင့်ရှိပါတယ်။ ဘယ် ဘာသာ ကိုမှ မကိုးကွယ်ဘဲ နေထိုင်ခွင့်လည်း ရှိပါတယ်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းထံ ကိုယ့်ကိုယ်ကိုယ် အပ်နှံနိုင်သလို ဘယ်ဘာသာရေး အဖွဲ့အစည်းနဲ့မှ မပက်သက်ဘဲ ကိုယ့်ဘာသာကိုယ် တစ်ဦးတည်း တိတ်တိတ် ဆိတ်ဆိတ် ကိုးကွယ်ခွင့်လည်းရှိပါတယ်။ လူတစ်ယောက်ရဲ့ကိုးကွယ် ယုံကြည်မှုမှာ အစိုးရရဲ့ အမိန့်အာဏာ မပါရ၊ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ သွေးဆောင်ဖြားယောင်းမှု၊ ခြိမ်းခြောက်မှုတွေမပါရပါ။

    နိုင်ငံသားတိုင်းဟာ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိသလို အခြားသူတွေမှာလည်း သူတို့ ယုံကြည်ရာ ကိုးကွယ်ခွင့်၇ှိတယ် ဆိုတာကိုလည်း အသိအမှတ်ပြုရမှာပါ၊ ကိုယ်ယုံကြည်ရာ ဘာသာတရားကို ကိုယ့်ဘာသာ အကောင်းဆုံး၊ အမြင့်မြတ်ဆုံးလို့ ထင်မြင်ယူဆခွင့်ရှိပေမယ့် ကိုယ်နဲ့မတူတဲ့ အခြားဘာသာတရားကို ၊ နှိမ့်ချစော်ကားခွင့်မရှိပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တန်ဖိုးထားသလို အခြားသူတစ်ယောက်ရဲ့အခွင့်အေ၇းကိုလည်းလေးစား သင့်ပါတယ်။ အခြားသူများကိုးကွယ်တဲ့ဘာသာတရားကို နှိမ့်ချ စော်ကားခြင်းအားဖြင့် ဘာသာရေး ပဋိပက္ခများကို လှုံဆော်ရာ ရောက်ပါတယ်။ အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးမျှော်လင့်ချက်တွေနဲ့နှစ်ပေါင်း များစွာ တည်ရှိခဲ့တဲ့ထိန်းချုပ်မှုတွေကို အစိုးရက စတင်ဖြေလျှော့ပေးစ အချိန်မှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ များက မြန်မာနိုင်ငံကို အမှောင်ခေတ်ထဲ ပြည်လည်တွန်းပို့လိုက်နိုင်ပါတယ်။

    ဒါကြောင့်လူတိုင်းရဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို နိုင်ငံတော်က အခိုင်အမာ အာမခံရပါမယ်။ ဘာသာ သာသနာတိုင်းကို နိုင်ငံတော် စောင့်ရှောက် ကူညီဖို့လိုပါတယ်။ ဘာသာဝင်တစ်ဦါ်က အခြားဘာသာ ယုံကြည်မှုကို မစော်ကား၊ မနှောင့်ယှက်အောင် နိုင်ငံတော်က ထိထိရောက်ရောက် တားဆီးဖို့လိုအပ်ပါတယ်။ ဘာသာရေး ပဋိပက္ခ များကိုရည်ရွှယ်ချက်ရှိရှိနဲ့ လှုံ့ဆော် ဖန်တီးနေသူများကို နိုင်ငံတော်က ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အရေးယူဖို့ လက်ရှိတည်ဆဲဥပဒေများက အင်မတန်အားနည်းနေပါတယ်။

    ဒါကြောင့်မို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရာဝင် ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်းရဲ့လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တွေကို အာမခံချက်ပေးမည့် ဘာသာရေး ပဋိပက္ခ များမဖြစ်အောင်ထိထိရောက်ရောက် တားဆီးနိုင်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းစါာ အတူ ယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံး ပြဌာန်းသင့်ပါပြီ။

    ရာဇသတ်ကြီး အက်ဥပဒေမှ ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ

    မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်မှာ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီး အက်ဥပဒေရဲ့အခန်း ၁၅ မှာ ဘာသာ သာသနာ ဆိုင်ရာ ပြစ်မှုများဆိုပြီး ပုဒ်မ (၅)  ခု ပြဌာန်းထားပါတယ်။ ပုဒ်မ ၂၉၅၊ ၂၉၅-က ၊၂၉၆၊၂၉၇၊၂၉၈ တို့ဖြစ်ကြပါတယ်။ ဒီပုဒ်မတွေ အားလုံးဟာ လူ့အသိုင်းအဝိုင်းတစ်ခု ကိုးကွယ်သည့်ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ် ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း ၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း၊ ဘာသာ သာသနာ ကိုစော်ကား ခြင်း၊ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင် ကျူးလွန်သော ပြုလုပ်မှုများ၊ ဘာသာ သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက် ခြင်း၊ သင်္ချိုင်း စသောနေရာအရပ်များကို ကျူးကျော် စော်ကားခြင်း၊ ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ စကား စည်များကို ပြောဆိုခြင်း စတာတွေအားလုံးနဲ့ ပတ်သက်တဲ့ပြစ်မှုနဲ့ပြစ်ဒဏ်များကို ပြဌာန်းထားပါတယ်။ ဒီဥပဒေ ပုဒ်မများအရာ ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အခြား ဘာသာ သာသနာများကို စာဖြင့်လည်းကောင်း ၊စကားဖြင့် လည်းကောင်း စော်ကားခြင်း၊ အခြား ဘာသာ သာသနာ တစ်ရပ်ကိုစော်ကား တဲ့တရားတွေ ဟောတာ၊ ဗီဒီယိုအခွေတွေ ဖြန့်ချိတာ၊ စာရွက်စာတမ်းတွေ ဖြန့်ဝေတာ၊ လူ့အသိုင်းအဝိုင်းအကြား အမုန်းတရားတွေကြီးမားအောင် သံသယနဲ့ အာဃာတတွေ ပွားများအောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်တာ တွေအားလုံးဟာ ရာဇဝတ်မှုမြောက်ပါတယ်။ ဒါပေမဲ့လည်း ချမှတ်နိုင့်တဲ့ ပြစ်ဒဏ်ကတော့ နည်းလှပါတယ်။ အများဆုံးထောင်ဒဏ် တစ်နှစ်မှ နှစ်နှစ်အထိသာ ပြစ်ဒဏ်ချနိုင်ပြီး ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်။

    ပုဒ်မ ၂၉၅-က မှာ ဒီလိုပြဌာန်းထားပါတယ်။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင် မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှိားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ ထိုလူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင် သို့မဟုတ်စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးပါ

    အိုအိုင်စီ (OIC) လို့ခေါ်တဲ့ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Countries) ကိုယ်စားလှယ် များဟာ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၄ ရက် ကနေ ၁၆ ရက်နေ့အထိ လာရောက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာကြပါတယ်။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် မစခင်မှာရော၊ ခရီးစဉ်ကာလ အတွင်းမှာပါ မြန်မာနိုင်ငံ တစ်ဝန်းက မြီု့ကြီးတွေမှာ အိုအိုင်စီ ကိုယ်စာလှယ်အဖွဲ့ကို ပြည်သူလူထထု ဆန္ဒပြခဲ့ကြပါတယ်။ အိုအိုင်စီ က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြကြတယ်လို့ဆိုပါတယ်။ ကျွန်တော်က လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ယုံကြည်ထောက်ခံသူမို့ ဒီဆန္ဒပြပွဲတွေကို ဝေဖန်စရာ မရှိပေမယ့် အစ္စလာမ် ဘာသာကို နင့်နင့် သီးသီး စော်ကား ရေးသားထားတဲ့ ဗီနိုင်း ပိုစတာ တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတဲ့ သံဃာ တော်များရဲ့ ဓာတ်ပုံတွေကို ဆန္ဒပြပွဲတိုင်းလိုလိုမှာ တွေ့ရတော့ အင်မတန်မှ တုန်လှုပ် ချောက်ချားမိပါတယ်။

    sittwe 2013

    လူသားတိုင်းအတွက် မွေးရာပါ အခြေခံ အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ မြန်မာနိုင်ငံမှာ အကြီးအကျယ် ခြိမ်းခြောက်ခံနေ ရပြီးလားဟု တွေးမိပါတယ်။ ပြီးတော့ မေတ္တာ တရား၊ အကြင်နာတရား၊ ကရုဏာတရား၊ သည်းခံ ခွင့်လွှတ်ခြင်းနဲ့ ကိုယ်ချင်းစာနာမှုတွေ ရှိရမည့် ဗုဒ္ဓဘာသာ သံဃာများ ကိုယ်တိုင်က အခြားကိုးကွယ်ရာ ဘာသာတစ်ခုကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနေပါပြီ။ ဒီလို အစွန်းရောက်မှုတွေ၊ စော်ကားမှုတွေကို မတားဆီးနိုင်ရင် မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ တွေ လူများစု က လူနည်းစုကို အနိုင်ကျင့် အကြမ်းဖက်မှုတွေ ဆက်လက်ပေါ်ပေါက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင် ပတ်သက်မှုတွေကို ရှောင်လွဲမရအောင် ဖြစ်လာပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပက်သက်ရင် နယ်နိမိတ် မရှိပါ။ ကျွန်တော်တို့ကိုယ်တိုင်က မြန်မာနိုင်ငံ နဝတ၊ နအဖ စစ်အာဏာရှင်တွေအောက်မှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်းမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ပါဝင်တာဆီးပေးကြဖို့ တောင်ဆိုခဲ့ကြတာကိုလည်း မမေ့သင့်ပါ။ အစိုးရက နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို အပြည့်အဝ အာမခံပြီး၊ ပြည်ထောင်စု လွတ်တော်က လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ်အမြန်ဆုံး ထုတ်ပြန်သင့်ပါပြီ။

    ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၄ အမှတ် ၁၇၂ မှ ဆောင်းပါးရှင် အောင်ဒင် ရေးသားသော ဆောင်းပါးဖြစ်ပါသည်။

    Image via- Haji Zaw Tun FB

  • OIC နှင့် ရိုဟင်ဂျာ – လူမျိုးသုဉ်း ရှင်းလင်းမှုကို ဆန့်ကျင်ခြင်း(ဘာသာပြန်)

    OIC နှင့် ရိုဟင်ဂျာ – လူမျိုးသုဉ်း ရှင်းလင်းမှုကို ဆန့်ကျင်ခြင်း(ဘာသာပြန်)

    နိုဝင်ဘာ ၂၀- ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
    1980072842

    ရိုဟင်ဂျာ အရေးသည် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ အတူတကွဖော်ဆောင်မည့် ဘုံကိစ္စတစ်ရပ် ဖြစ်လာပြီ။

    အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း Organization of Islamic Cooperation (OIC) ၏ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်၍ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး ၇ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ရောက်လာပြီး ရခိုင်ပြည်နယ်သို့ နောက်တစ်နေ့တွင် ထွက်ခွာသည်။ ကြာသပတေးနေ့မှ စတင်သည့် ခရီးစဉ်အတွင်း၌ ရိုဟင်ဂျာမွတ်စ်လင်မ်များနေထိုင်ရာ ဒုက္ခသည် စခန်းများသို့သွားရောက်ရန်၊ လူသားချင်း စာနာမှုအကူအညီပေး အဖွဲ့အစည်းများ၊ ဘာသာဝင် အုပ်စုနှစ်ဖက်လုံးမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း (*မူရင်းဆောင်းပါးပါ အချက်အလက်အတိုင်းဖြစ်ပါသည်။) ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ဒေသခံနှင့်နိုင်ငံတော်အဆင့် အာဏာပိုင်တို့နှင့်ဆွေးနွေးရန် ရည်ရွယ်ထားကြသည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ရင်းမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့မှ ရင်ဆိုင်ကြုံတွေ့နေရသည့် ဖိနှိပ်ညှင်းဆဲမှုအပေါ် ဆွေးနွေးအဖြေရှာဆာင်ရွက်ကြရန်ဖြစ်သည်။

    ရိုဟင်ဂျာ မွတ်စ်လင်မ်တို့၏ အဖြစ်ဆိုး
    ————————————–
    ရိုဟင်ဂျာ မွတ်စ်လင်မ်တို့မှာ မြန်မာနိုင်ငံ၌ နှိပ်စက်ခြင်း၊ လျစ်လျူရှုခြင်း၊ ဖိနှိပ်ခြင်းများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။ အစွန်းရောက် ဗုဒ္ဓဘာသာဝင် အုပ်စုတစ်စု၏ လတ်တစ်လော တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာဦးရေ တစ်ရာကျော် သေဆုံးပြီး ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခဲ့ရသည်ဟု ဆိုကြသည်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်များနှင့်မွတ်စ်လင်မ်တို့အကြားဖြစ်ပွားသည့် အကြမ်းဖက်ဖြစ်ရပ်များမှ အလွတ်ရုန်းပြီးနောက်ပိုင်း ဒုက္ခသည်စခန်းများအတွင်း နေထိုင်နေရသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်၏။ ဒေသတွင်း၌ တင်းမာမှုမှာ မြင့်မားနေဆဲ ဖြစ်ပြီး၊ နိုင်ငံမဲ့ရိုဟင်ဂျာများသည် စော်ကားမှုနှင့် ကန့်သတ်ချုပ်ခြယ်မှုများကို ဆက်လက်ခံစားနေရဆဲဖြစ်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။ ၂၀၁၂ ခုနှစ် ဇွန်လနှင့်အောက်တိုဘာလတွင် ပွင့်အံခဲ့သည့် အကြမ်းဖက်မှုများကြောင့် ၁၉၂ ဦးအသက်ဆုံးရှုံးခဲ့ကာ တစ်သိန်းလေးသောင်းဝန်းကျင် အိုးအိမ်စွန့်ခဲ့ကြရသည်။

    ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မွတ်စ်လင်မ်ရွာများသို့ ဗုဒ္ဓဘာသာဝင်များ လာရောက်တိုက်ခိုက်ခဲ့သော ၂၀၁၃ ခုနှစ် စက်တင်ဘာနှင့်အောက်တိုဘာလအတွင်း နောက်ဆုံးဖြစ်စဉ်များ၌ လူ ၇ ဦး သေဆုံး၍ အိမ်ခြေများစွာ မီးရှို့ဖျက်ဆီးခံရ၏။ မြန်မာအနိုင်ငံအာဏာပိုင်များသည် တအုံတကျင်းသတ်ပွဲများအပေါ် ထိထိရောက်ရောက်မကိုင်တွယ်ဘဲ လျစ်လျူရှုထားသည်သာမက မွတ်စ်လင်မ်လူနည်းစုအားကာကွယ်ရန် ပျက်ကွက်ခဲ့ခြင်းအပေါ် အရပ်ဖက်လူ့အဖွဲ့အစည်းတို့၏ ပြစ်တင်ရှုံ့ချမှုကို ခံခဲ့ရသည်။ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ရိုဟင်ဂျာတို့ထံ ပေးပို့သည့် အကူအညီများမှာလည်း ရခိုင်ပြည်နယ်၏တားဆီးမှုကို ကြုံနေရ၏။

    လူမျိုးရေးဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုဟု အပြင်းအထန်ခေါင်းစဉ်တပ်ထားကြသော်လည်း အဖြစ်မှန်စင်စစ်မှာကား နိုင်ငံတော်မှ ကျားကန်ပေးထားသည့် လူမျိုးသုဉ်းရှင်းလင်းရေးသာ ဖြစ်နေသည်။ မြန်မာနိုင်ငံအတွင်း မွတ်စ်လင်မ်တို့အား စုပြုသတ်ဖြတ်မှုအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက မမြင်သလိုလုပ်နေကြ၏။ လူ့အခွင့်အရေးချိုးဖောက်မှုမျက်နှာစာ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့က အဘယ်ကြောင့် နှုတ်ပိတ်တိတ်ဆိတ်နေကြပါသနည်း ?

    ဖြစ်နိုင်ချေအဖြေတစ်ရပ်က ဒေသတွင်းနှင့်ကမ္ဘာ့အဓိကအင်အားစုများ၏ မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ် တွက်ချက်မှုများ၌ တည်မှီနေပါသည်။ မြန်မာအစိုးရ၏ ဒီမိုကရေစီအသွင်ပြောင်းရေးစကားကို အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် ကနေဒါတို့က လက်ခံလိုက်သဖြင့် မြန်မာနိုင်ငံသည် အမှန်ပင် ရင်းနှီးမြှုပ်နှံရေး ပန်းတိုင်ကြီး ဖြစ်လာခဲ့သည်။ လက်တွေ့အားဖြင့်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း စတင်ချမှတ်ခဲ့သော ပိတ်ဆို့မှုများကို ၄င်းတို့မှ အကျယ်တ၀င့် ရုပ်သိမ်းပေးခဲ့ကြသည်။ သို့ဖြစ်ရာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ထိုင်း၊ စင်္ကာပူ နှင့် မြန်မာများနှင့်လုပ်ငန်းဆောင်ရွက်မည့် နိုင်ငံတကာရေနံကုမ္ပဏီတို့အတွက် တံခါးမရှိ ဓားမရှိ လမ်းပွင့်သွားခဲ့၏။

    OIC နှင့် လူနည်းစုဝင်မွတ်စ်လင်မ်များ
    —————————————–
    အိုအိုင်စီကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ကျယ်ပြန့်စွာ ကန့်ကွက်ဆန္ဒပြမှု ဖြစ်လာစေခဲ့သည်။ ဗုဒ္ဓဘာသာဝင် လူမျိုးရေးဝါဒီများက အိုအိုင်စီသည် မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟု စွပ်စွဲကြသည်။ ဤအဆိုများမှာ နည်လမ်းမကျပေ။ အကြောင်းမှာ ရိုဟင်ဂျာမွတ်စ်လင်မ်များ အပေါ်ထားရှိသော အိုအိုင်စီ၏ သဘောထားသည် အလားတူ အနေအထားမျိုးအပေါ် အခြား အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးများအတိုင်း ထပ်တူထပ်မျှဖြစ်နေသောကြောင့်ပင်။ အိုအိုင်စီသည် ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် တိုင်းနိုင်ငံ အစိုးရများပါဝင်သည့် ဒုတိယမြောက် အကြီးမားဆုံးအသင်းအဖွဲ့ကြီး ဖြစ်၍ ကမ္ဘာ့တိုက်ကြီးလေးခုမှ နိုင်ငံပေါင်း ၅၇ နိုင်ငံသည် အဖွဲ့ဝင်အဖြစ် ရှိနေသည်။ ဖွဲ့စည်းတည်ဆောက်ထားပုံမှာလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ထပ်တူထပ်မျှနီးပါးဖြစ်သည်။ မွတ်စ်လင်မ်လူနည်းစုဝင်များ၏ အကျိုးကို ကာကွယ်စောင့်ရှောက်ပေးရေးသည် ဤအဖွဲ့ကြီး၏ ကမ္ဘာသိရပ်တည်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး သုံးနှစ်အကြာတွင် ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများ အရှိန်အဟုန်ကြီးမားမြင့်တက်လာသည်။ မွတ်စ်လင်မ် လူနည်းစုဝင်များအပေါ် တရားဝင် အစီအစဉ်ရှိပြီးဖြစ်သော အိုအိုင်စီသည် အကြမ်းဖက်မှု စတင်ကတည်းက သာသနာရေးအရ ပါဝင်လာရခြင်းဖြစ်သည်။

    အိုအိုင်စီအဖွဲ့ဝင် မဟုတ်သည့်နိုင်ငံများမှ မွတ်စ်လင်မ် လူနည်းစုတို့အပေါ် ယခင် ၅-၆ နှစ်မှစ၍ အိုအိုင်စီက ပထမဦးစားပေးအဆင့်ဖြင့် စဉ်းစားပေးခဲ့ကြသည်။ ဤသည်မှာ အိုအိုင်စီ ရည်ရွယ်ချက်များအနက် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်၏။ မွတ်စ်လင်မ်လူထုအားလုံး၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု နှင့် လူ့အခွင့်အရေးဆိုင်ရာ ဒုက္ခများ၌ အိုအိုင်စီမှ ဖြေရှင်းပေးသည်။ ၄င်းအပြင် အိုအိုင်စီ၏ စည်းမျဉ်းတစ်ရပ်၌ ငြိမ်းချမ်းရေးကိုထိခိုက်စေမည့် ပဋိပက္ခမှန်သမျှကို ညှိနှိုင်းခြင်း၊ ရင်ကြားစေ့ဖျန်ဖြေပေးခြင်း၊ သင့်မြတ်အောင်ဆောင်ရွက်ပေးခြင်း၊ အကူအညီတောင်းခံမှုတွင်ကြားဝင် စီရင်ပေးခြင်း စသည့် ပြဿနာဖြေရှင်းရေးလည်း အပါအ၀င်ဖြစ်သည်။

    တစ်ချိန်က ဖိလစ်ပိုင်၊ ထိုင်း စသည့် နိုင်ငံများစွာ၌ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များကို အိုအိုင်စီမှ ပါဝင်ဆောင်ရွက်ကူညီခဲ့သည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ဇာတိဒေသများမှ မောင်းထုတ်ခံခဲ့ရသော ရိုဟင်ဂျာဒုက္ခသည်များပြဿနာ အဖြေရှာရေးအတွက်လည်း ငြိမ်းချမ်းစွာကြိုးပမ်းကူညီလျက်ရှိ၏။ ဤရင်ကြားစေ့ပေးရေး၌ မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ်မဟုတ်သော အရပ်ဖက်ဆိုင်ရာလူ့အဖွဲ့အစည်းများမှ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ စီစဉ်၍ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းများ ရင်ဆိုင်နေရသော အခက်အခဲများကို သုံးသပ်ဆွေးနွေးခြင်း၊ လိုက်လျောညီထွေအဖြစ်ဆုံး နည်းလမ်းကို ရှာကြံခြင်းတို့မှာ ၄င်းတို့အသုံးပြုသော နည်းလမ်းများအနက် တစ်ရပ်မျှသာဖြစ်သည်။

    ရိုဟင်ဂျာ မွတ်စ်လင်မ်များအရေးနှင့်ပတ်သက်ပြီး ဤတစ်ကြိမ်မှာ အိုအိုင်စီအတွက် ပထမဦးဆုံး မဟုတ်။ ၂၀၁၁ ခုနှစ် မေလကလည်း နိုင်ငံအသီးသီးရှိ ရိုဟင်ဂျာဒုက္ခသည်များ၏ ထင်ရှားသူများ၊ ကနဦးခေါင်းဆောင်များကို ခေါ်ယူကာ အစည်းအဝေးတစ်ရပ်ဆောင်ရွက်ပေးခဲ့သည်။ Arakan Rohingya Union (ARU) ၏ လိုလားချက်ဖြစ်သည့် ဌာနီမဲ့ရိုဟင်ဂျာများကို မွေးရပ်မြေမြန်မာနိုင်ငံရခိုင်ပြည်သို့ ပြည်တော်ပြန်နိုင်ရေး လိုအပ်ချက်များ နှင့် ဒုက္ခသည်တို့၏ပြဿနာများအပေါ် ဆွေးနွေးအဖြေရှာခဲ့ကြသည်။

    အိုအိုင်စီ၏ ၂၀၀၅ ခုနှစ်စည်းမျဉ်းပြန်လည်ချမှတ်မှု၌ မွတ်စ်လင်မ် လူနည်းစုဝင်များ အရေးကြားဝင်ကူညီပေးခြင်းက အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်လာသည်။ ၄င်း၏အလျင်က အိုအိုင်စီသည် ၄င်း၏ အားနည်းချက်များ၊ ရှေ့ထွက်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဝေဖန်ခံခဲ့ရ၏။ အတိတ်ကာလတွင် ရှေ့ထွက်ဆောင်ရွက်ချက်များ မရှိသလောက်ဖြစ်ခဲ့ခြင်းမှာ အဖွဲ့ဝင် ၅၇ နိုင်ငံ၏သဘောထားပေါ်မူတည်ခဲ့သောကြောင့်ဖြစ်သည်။ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ရေနံနှင့်စွမ်းအင် ဈေးကွက်အများစု၏အခန်းကဏ္ဍ၌ ထင်ထင်ရှားရှား အဓိကဖြည့်ဆည်းပေးလျက်ရှိနေသည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများက အပြည်ပြည်ဆိုင်ရာအရေးတွင်ပါဝင်ခြင်း နှင့် ရှေ့ထွက်ဆောင်ရွက်ခြင်းတို့အတွက် အတားအဆီးဖြစ်သွားစေခဲ့သည်။ ဘုံအယူအဆ၊ အတွေးအမြင်နှင့်အကျိုးစီးပွား မရှိခဲ့သဖြင့် ၄င်း၏စီးပွားရေးနှင့်နိုင်ငံရေးမျှော်မှန်းချက်နှင့် အလှမ်းဝေးကာ ရှေ့ထွက်ဆောင်ရွက်ခြင်းတွင် အကန့်အသတ်ပြဿနာများကြုံဆုံ သွားစေလေသည်။

    သို့တစေ ပါလက်စတိုင်းပြဿနာ၊ အစ္စလာမ်ပေါ် အမြင်မှားရွံကြောက်မှု နှင့် လူနည်းစုဝင်မွတ်စ်လင်မ်များအရေးတို့သည် အိုအိုင်စီအစည်းအဝေးတိုင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်သာ ရှိနေခဲ့၏။ ဤအချက်များက အဖွဲ့ဝင် ၅၇ နိုင်ငံစလုံး၏ တစ်ခုတည်းသော အခြေခံရည်မှန်းချက်အောက်သို့ မသိမသာ တစ်ပြေးညီဖြစ်အောင် စုစည်းသွားစေခဲ့ကြောင်း သိနိုင်ပေပြီ။

    သို့ဖြစ်ရာ ရိုဟင်ဂျာမွတ်စ်လင်မ်ပြဿနာသည် အိုအိုင်စီမှ အတူတစ်ကွ ဖော်ဆောင်ဖြေရှင်းရာ အခြေခံအရေးကိစ္စတစ်ရပ် ဖြစ်လာရပေသည်။ ၄င်းအပြင် ဤအရေးသည် အပြည်ပြည်ဆိုင်ရာပံ့ပိုးကူညီမှု နှင့် မီဒီယာပွင့်လင်းမှန်ကန်မှု လုံလောက်ပြည့်ဝစွာ မခံစားကြရ။ သို့သာမက ရိုဟင်ဂျာမွတ်စ်လင်မ်တို့သည် အိုအိုင်စီနှင့်တိုက်ရိုက် ဆက်သွယ်ခွင့်ရရှိရန်၊ မြန်မာပြည်တွင် ထောက်ပံ့ရေး ဌာနတစ်ရပ်ရှိရန် လိုအပ်နေကြောင်း အိုအိုင်စီမှ နားလည်သိမြင်လာခဲ့သည်။ ထို့ကြောင့် လူနည်းစုဝင်ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား လူသားချင်းစာနာမှု အကူအညီပေးရေး တံတားတစ်စင်းခင်းနိုင်ဖို့ အခြေစိုက်ရုံးတစ်ခု ဖွင့်လှစ်ပေးရေးအတွက် အိုအိုင်စီမှ မြန်မာအာဏာပိုင်တို့ထံ တစိုက်မတ်မတ် ဆိုနေခြင်းဖြစ်ပေသည်။

    အိုအိုင်စီသည် မွတ်စ်လင်မ်ကမ္ဘာကြီးတစ်ခုလုံးနှင့်သက်ဆိုင်သည့် သေရေးရှင်ရေးပြဿနာများကို အခြေခံကျကျဖြေရှင်းပေးရန်၊ မွတ်စ်လင်မ်ထုတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်စိန်ခေါ်မှုများအပေါ် စွက်ဖက်ရန် စွမ်းသာထိရောက်သော အဖွဲ့အစည်းကြီးတစ်ခု မဟုတ်ချေ။ သို့သော်လည်း ရိုဟင်ဂျာမွတ်စ်လင်မ်တို့အပေါ် ဖိနှိပ်ခြင်း ကဲ့သို့သော အရေးအရာများနှင့်စပ်လျဉ်း၍ကား ကောင်းစွာ ဆောင်ရွက်နိုင်သည့်အနေအထားတွင်ရှိသည်။ ထို့ပြင် ၄င်းသည် ကျွန်ုပ်တို့နေထိုင်ရှင်သန်နေသောကမ္ဘာ၏ အဆင့်အတန်းရှိ အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်နေကြောင်း ပြသနိုင်သည့် အခွင့်အရေးလည်း ရှိနေပေသည်။

    World Bulletin တွင် Aysenur Goksen ရေးသားသော The Rohingya and the OIC: A voice against the ethnic cleansing? ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

  • ရိုဟင်ဂျာနှင့် အခြား မွတ်စလင်မ်များကို အကြမ်းဖက်မှုတွေ တားဆီးနှိမ်နှင်းရန် မြန်မာအစိုးရကို ကုလပြော

    နိုဝင်ဘာ-၂၀ ၊ ၂၀၁၃
    M-Media

    201311191943782734_20
    ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကလေးငယ်များ [Getty Images]

    မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် ခွင့်ပြုရန်နှင့် ဗုဒ္ဓဘာသာဝင်များမှ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အတွင်းရှိ အခြားသော အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက်နေမှုများကို နှိမ်နင်းရန် မြန်မာအစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ အင်္ဂါနေ့က ပြုလုပ်တဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူ အတည်ပြုခဲ့ပါတယ်။

    ထိုဆုံးဖြတ်ချက်တွင် မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုထားပြီး၊ ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ ကတိအား တည်ကြည်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထို့ပြင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးမှု၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများအား ဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းမှု၊ လယ်မြေများ သိမ်းဆည်းခြင်း၊ စစ်တပ်၏ အဓမ္မကျင့်မှုများနှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် လူမဆန်သော လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။

    ထိုဆုံးဖြတ်ချက်တွင် ကော်မတီတွင် ပါဝင်သည့်အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူမျိုးရေး အကြမ်းဖက်မှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအား ညှင်းပန်း နှိပ်စက်မှုများနှင့်ပက်သက်၍ အလွန်စိုးရိမ်မိကြောင်း အလေးထား ဖော်ပြခဲ့ကြသည်။

    ထိုဆုံးဖြတ်ချက်အား လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြုရန် ရှိနေသည်ဟု သိရသည်။

    Source: Agencies

  • အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ တိုင်စာပို့

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media
    KK

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

    အဆိုပါ တိုင်ကြားစာတွင် ဆန္ဒပြသူများမှ အစ္စလာမ်ကို စော်ကားပုတ်ခတ်ထားသော “သားဖောက်နှုန်းမြန်အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ” လူသတ်ဝါဒ၊ မုဒိမ်းကျင့်ဝါဒ ကို လက်ကိုင်ပြုထားသည့် ရှရီးယား(အစ္စလာမ့်ဥပဒေ) အလိုမရှိ။” စသည့် စာသားများကို ဖော်ပြထားပြီး အဆိုပါစွပ်စွဲ ပုတ်ခတ်စော်ကားမှုများမှာ ဖွဲ့စည်းပုံအခြေခံဥပေဒ၊ ပြစ်မှုဆိုင်ရာ ဥပဒေ( ရာဇသတ်ကြီး ) ပြဌာန်းချက်များနှင့် ဆန့်ကျင်နေပြီး အထူးသဖြင့် ကမ္ဘာတဝှမ်းမှ လူမျိုးပေါင်းစုံ ကိုးကွယ်ရာ ကမ္ဘာ့ဘာသာကြီးတစ်ခုကို “တိရိစ္ဆာန်ဝါဒ”ဟု ပုတ်ခတ်စော်ကားခြင်းမှာ ဘာသာဝင်များ၏ စိတ်ကိုနာကျည်းစေရန်  တမင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အဖွဲ့ကြီးအနေဖြင့် လုံးဝ(လုံးဝ) လက်မခံဟု ထည့်သွင်းရေးသားထားပြီး အဆိုပါ စော်ကား ပုတ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးကို တရားဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုထားသည်။

    statement3

    statement2

    statement1

    sittwe 2013