News @ M-Media

Tag: featured

  • မလေးရှားနိုင်ငံတွင် သိပ္ပံ နှင့် သင်္ချာအားအင်္ဂလိပ်လို သင်ကြားရန် ဒေါက်တာ မဟာသီမှ ထပ်မံနှိုးဆော်

    နိုဝင်ဘာ ၁၄ ၂၀၁၃
    M-Media

    MAHATHIR_MOHAMAD_121113_TMINAJJUA_01_300_198_100

    မလေးရှား ၀န်ကြီးချုပ်ဟောင်း  ဒေါက်တာ မဟာသီ မုဟမ္မဒ် (TunDr Mahathir Mohamad) သည်  ပူထရာဂျာယာ (Purtrajaya) တွင် ပြောကြားခဲ့ဘူးသော သိပ္ပံနှင့် သင်္ချာအား အင်္ဂလိပ်ဘာသာရပ်ဖြင့် ပြန်လည်ပြောင်းလဲသင်ကြားရန် အဆိုကို နိုဝင်ဘာ ၁၂ ရက်နေ့က ထပ်မံပြောဆိုတိုက်တွန်းခဲ့သည်။

    “ အသိပညာဟူသည် လူမျိုးစု တစ်ရပ်အတွက် အောင်မြင်မှုသော့ချက်ဖြစ်သည် ” ဟူသောအမြင်ဖြင့် ယခုကဲ့သို့ ဘာသာရပ်များအား အင်္ဂလိပ်လိုပြောင်းလဲ သင်ကြားခြင်းမှာ မျိုးချစ်စိတ်ဓာတ်ကို ပျက်ဆီးစေမည် မဟုတ်ပါ ဟု သူက အချေအတင်ပြောဆိုတင်ပြခဲ့သည်။

    “ ကျွန်တော်တို့အားလုံး လက်တွေ့ကျကျ တွေးခေါ်တတ်ရပါမယ်။ မလေး ဘာသာစကား သို့မဟုတ် ဘဟာဆာ မလာယု (Bahasa Malaysia) ဆိုတာ သိပ္ပံ နဲ့ သင်္ချာအတွက် ထိရောက်သော ဘာသာစကား မဟုတ်ဘူး။ ကျွန်တော်ဟာ မလေးလူမျိုးပါပဲ။ မလေးဘာသာ စကားကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် မလေးလူမျိုး အားလုံးကို အသိပညာ မြင့်မားသူများ ဖြစ်စေချင်ပါတယ်။  ဒါ့ကြောင့် အဲ့ဒီဘာသာရပ်များကို အင်္ဂလိပ်လို သင်ကြားပေးဖို့  ကျွန်တော် ထပ်မံတောင်းဆိုပါတယ် ” ဟု ပတ်တလင်း ဂျာယာ(Petaling Jaya) တွင် ပြုလုပ်ခဲ့သော မွတ်စ်လင်မ်လောကမှ ဆရာများ ပညာမြှင့်တင်ရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့် (International Conference on Teacher Education in the Muslim World)၌ မဟာသီမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

    အကယ်၍ မလေးလူမျိုးများသည် အင်္ဂလိပ် ဘာသာရပ်တွင် မကျွမ်းကျင်ပါက သူတို့တစ်ဦးချင်းသည် မည်မျှတော်သော ကျောင်းသားဖြစ်နေစေကာမူ ၄င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ အလွန်ကိုနည်းပါးသွားနိုင်မည် ဟု ၀န်ကြီးချုပ်ဟောင်းက ထောက်ပြခဲ့သည်။

    “ အင်္ဂလိပ်ဘာသာစကားကိုမသိရင် ဘယ်လိုမှ တိုးတက်မှု  ဖြစ်မလာနိုင်ဘူး။ မျိုးချစ်ဝါဒဆိုတာ မလေးဘာသာ စကားတစ်ခုတည်း တတ်ကျွမ်းရုံ ပြောဆိုနိုင်ယုံကို ခေါ်တာ မဟုတ်ဘူး။ အဲ့ဒီအယူအဆက မှားယွင်းနေပါတယ် ” ဟု သူက ထည့်သွင်းပြောဆိုသည်။

    သိပ္ပံ နှင့် သင်္ချာဘာသာရပ်နှစ်ခုစလုံးသည် နေ့စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိချက်အသစ်များနှင့် ပြောင်းလဲနေလျက်ရှိကြောင်း သူမှ ဆက်လက်တင်ပြသည်။

    “ ၉၈ ရာခိုင်နှုန်းသော သိပ္ပံ နဲ့ သင်္ချာ ဆိုင်ရာသုတေသန အစီရင်ခံစာများက အင်္ဂလိပ်ဘာသာရပ်နဲ့သာ ထုတ်ပြန်ကြတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒါတွေ တစ်ခုချင်းစီကို လိုက်ပြီး ဘာသာပြန်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။  တကယ်လို့ အင်္ဂလိပ် ဘာသာရပ်ကို အသုံး မပြုနိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အသိပညာပိုင်းဆိုင်ရာမှာ နောက်ကျ ကျန်ရစ်သူများ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ဟာ အခြားသူများနဲ့ ယှဉ်ပြိုင်နိုင် စွမ်းရှိတော့မှာ မဟုတ်ဘူး ”။

    ဒေါက်တာ မဟာသီသည် သူဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်က သိပ္ပံ နှင့် သင်္ချာအား အင်္ဂလိပ်ဘာသာရပ်ဖြင့် သင်ကြားရန် အစပြုခဲ့သော်လည်း ယင်း စီမံချက်သည် ၂၀၁၁ ခုနှစ်တွင် ရပ်တန့်သွားကြောင်း သိရသည်။

    ယခင်တစ်ချိန်တုန်းကလည်း လူတို့အနေဖြင့် နောင်တမလွန်ပြင်ဆင်ရေးအတွက် သာသနာ့ပညာရပ်တစ်မျိုးတည်းကို ဦးတည် အာရုံစိုက်မည့်အစား  စက်မှုလက်မှု နည်းပညာရပ်များ ဖက်သို့လည်း အလားတူကဲ့သို့ အလေးပေးစေချင်ကြောင်း သူက ပြောဆိုဖူးသည်။

    အာရဗ်ကမ္ဘာ၏ တအိအိနိမ့်ကျပြိုလဲခြင်းက ၄င်းရှိလူတို့သည် ဘာသာရေးပညာ တစ်ရပ်တည်းကိုသာ အဓိကထား အာရုံစိုက်ကြသောကြောင့်ဖြစ်သည်ကို ဖော်ကျူးပြသနေကြောင်း ဥပမာတစ်ရပ်အဖြစ်ပေး၍ သူကဆိုသည်။

    “ အသိပညာရပ်တွေကို လိုက်စားရယူခြင်းက နောင်ဘ၀မှာ ဘာကုသိုလ်မှ မရနိုင်ဘူးလို့ မွတ်စ်လင်မ်များက ခံယူခဲ့ကြတယ်။ သူတို့က ဘာသာရေးကိုသာ အာရုံစိုက်လေ့လာခြင်းဖြင့်သာလျှင် နောက်ဘ၀အတွက် ခိုင်မာလိမ့်မယ်လို့ ယုံထားကြတယ် ” ဟု ပြောပြ၏။

    သူက  ကျောင်းများ၏ သင်ရိုးညွှန်းတမ်းများအား ပြန်လည်ပြုပြင်ပြီး ရှင်သန်ခြင်း၏ တန်ဖိုးတရားများကိုပါ ထည့်သွင်းပို့ချပေးရန် ပညာရေးဝန်ကြီးဌာနသို့ ဆော်သြခဲ့သည်။

    “ ကိုယ်ကျင့်တရားဘာသာရပ်ကို အရေးမကြီးဘူးလို့ ထင်နေကြတယ်။ ကျောင်းများမှာ ဘာသာရေးသင်ကြားချက်များ ပါဝင်နေပေမယ့်လည်း လူတစ်ဦးရဲ့ကိုယ်ကျင့်စရိုက်ကို ဘယ်လို ပြုပြင်ရမယ်ဆိုတာတော့ ဦးစားပေး မပြောဆိုကြဘူး။

    အစ္စလာမ်က လူတွေကို တန်ဖိုးရှိအောင် – အကောင်းအဆိုးခွဲခြားနိုင်အောင် သွန်သင်လမ်းညွှန်ထားတယ်။  ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်လိုဝတ်ပြုရမလဲ၊ ဘယ်လို ဆုတောင်းရွတ်ဆိုရမလဲ ၊ ဘုရားသခင်ဆီ ဘာတွေတောင်းဆိုဆုပန်ရမလဲ ဆိုတာတွေကိုပဲ အလေးထားနေတယ်လေ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်လာအောင်  မသင်ကြားပေးကြတော့ဘူးလားဗျာ ” ။

    လူထုများကြားတွင် စရိုက်စာဂပျက်စီးမှုများ တိုးပွားနေသည်ကို တွေ့ရကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများ နှင့် ရာဇ၀တ်မှု ကျူးလွန်နှုန်း မြင့်တက်လာခဲ့ကြောင်း ဆိုကာ “ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ ဥပဒေလေးစားပြီး အမှန်တရားမြတ်နိုးသူ တိုင်းသူပြည်သားတွေကို မွေးထုတ်မယ့် ပညာရေးစံနစ်က အောင်မြင်ပုံမရဘူး။ သူတို့ဟာ ဥပဒေကိုမချိုးဖောက်ကြလျှင်သော်မှ မိမိရဲ့အလုပ်အပေါ်တန်ဖိုးထားမှု နဲ့ တာဝန်ယူတတ်မှုတွေဟာ မျှော်မှန်းအဆင့်အနေအထားဆီ မရောက်နိုင်အောင် ပြတ်ကျန်ခဲ့ကြတယ်။ အလုပ်နဲ့ ပတ်သက်ရာ ကျင့်ဝတ်ကောင်းတွေ သူတို့ဆီမှာ လစ်ဟာနေသေးတယ် ” ဟု သူ၏ ယူဆချက်ကို တစ်ချိန်က ပြောခဲ့ဖူးပါသည်။

    Ref: themalaysianinsider

  • အမယ်အို တဦး အသတ်ခံရမှုက ဂါရ၀တရား ပျောက်ဆုံးသွားစေမှု လှစ်ပြလိုက်သော မြန်မာနိုင်ငံတွင်း ဘာသာရေး ခွဲခြားမှု

    နိုဝင်ဘာ ၁၁ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်- သောမတ်စ် ဖူလာ
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    MYANMAR-2-articleLarge

    ဓာတ်ပုံ အညွှန်း- မသေမချင်းဓားနဲ့ ထိုးခုတ် သတ်ဖြတ်ခံရသူ သဗြုချိုင်ကျေးရွာက အသက် ၉၄ နှစ်အရွယ် အမယ်အိုရဲ့သမီး

    သဗြူချိုင်၊ မြန်မာ။     ။ ဆန်စပါးစိုက်ပျိုးသက်မွေးနေကြတဲ့ ဒီရွာထဲ ဗုဒ္ဓဘာသာအကြမ်းဖက်အုပ်စုတွေ ၀င်ရောက်လာချိန်မှာ ခါးအောက်ဖက် ကိုယ်တစ်ပိုင်း လေဖြတ်ထားတဲ့ ဒေါ်အေးကြည်ကို သမီးနဲ့မြေးမနှစ်ဦးက အနီးဝန်းကျင်ကတောအုပ်အတွင်း အလျဉ်မီသယ်ဆောင်ခေါ်ယူသွားဖို့ အင်မတန် လေးပင်ခက်ခဲလွန်းလှပါတယ်။

    မီးကွင်းတွေ၊ ဓားတွေ ကိုင်ဆောင်ဝှေ့ရမ်းနေကြတဲ့ အမျိုးသားသုံးဦးဟာ အသနားခံတောင်းပန်မှုကို အလျဉ်းအရေးမစိုက်ပဲ ဒေါ်အေးကြည်ထံကို တဟုန်ထိုး ပြေးဝင်သွားခဲ့ကြတယ်။ သူမရဲ့ သမီးနဲ့မြေးမကလည်း အလွတ်ရုန်းထွက်ပြေးလိုက်ရတယ်။ နာရီအနည်းငယ်ကြာပြီးနောက် မီးခိုးငွေ့တလူလူ သူမရဲ့သစ်သားအိမ်ဘေးမှာ ဒေါ်အေးကြည်ရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်။ သူမဟာ ဓားနဲ့ ခြောက်ကြိမ်အထိ ထိုးခုတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ဆိုတယ်။ သူမရဲ့အသက်က ၉၄ နှစ်အထိ ရှိနေပါပြီ။

    ပြီးခဲ့တဲ့လအတွင်း သဗြုချိုင်တိုက်ခိုက်မှုမှာ သတ်ဖြတ်ခံရသူ မွတ်စ်လင်မ်ငါးဦးအနက် ဒေါ်အေးကြည်လည်း အပါအ၀င် တစ်ဦးပါ။ အဲ့ဒီတိုက်ခိုက်မှုမှာ အိမ်ပေါင်း တစ်ဒါဇင်ကျော်လည်း မီးတင်ရှို့ခဲ့ကြတယ်။ တစ်နှစ်ခွဲလောက် ကြိုကြားကြိုကြားနဲ့ အဆက်မပြတ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီ။ အများစုကတော့ မွတ်စ်လင်မ်တွေ ဖြစ်ကြပါတယ်။

    သို့သော်လည်း ကယ်ကူရာမဲ့အမယ်အိုကြီးတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းဟာ ဗုဒ္ဓဘာသာဝင်လူများစုတိုင်းပြည်ထဲရှိနေတဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေးဆိုင်ရာ ကမ်းကုန်အောင်ဆိုးသွမ်းချက်များထဲက လက္ခဏာတစ်ခုအဖြစ်၊ အကြမ်းဖက်ခံသူများအပေါ် သနားညှာတာခြင်းကင်းမဲ့မှု၊ သတ်ဖြတ်ခြင်းအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မတားမြစ်မှု မြင်ကွင်းကြီးအဖြစ် ပေါ်လွင်လာပါတော့တယ်။

    ဒီသတ်ဖြတ်မှုတွေကို နိုင်ငံပိုင်သတင်းမီဒီယာတွေကလည်း ပဋိပက္ခရဲ့ဓားစာခံဖြစ်ရတဲ့ပုံဟန်နဲ့ တဖက်စောင်းနင်း ဖော်ပြခဲ့ကြတယ်။ အသေးစိပ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိကြဘူး။ သေမှုသေခင်းများနဲ့ပတ်သက်ပြီး တိုက်ရိုက်စစ်ဆေးစုံစမ်းဖို့ အပျံသင်စဒီမိုကရေစီသမ္မတက သူ့သမ္မတရုံးကို အမိန့်ပေးခဲ့ပေမယ့် တိုင်းသိပြည်သိ ရှုတ်ချကန့်ကွက်တာ မတွေ့ရပါဘူး။

    “ ဒီလောက် အိုမင်းမစွမ်းဖြစ်နေသူကို လူ့ယဉ်ကျေးမှုအရ လေးလေးစားစားဆက်ဆံရမှာဖြစ်တယ်။ ဒီအမယ်အိုကြီးကို သတ်ဖြတ်မှုက အမျိုးသားရေးဝါဒဆိုတဲ့အမြင်ကို လှစ်ဟပြလိုက်သလိုပါပဲ။ ဒီကိစ္စသာ မဖြစ်ပွားခဲ့ဘူးဆိုယင် သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်နေဦးမယ့် အချက်ကို တွေ့ရတယ် ” ဆိုပြီး မြန်မာနိုင်ငံမှာ အမှုထမ်းခဲ့ဖူးတဲ့ ကုလသမဂ္ဂအရာရှိဟောင်း ရစ်ချတ် ဟော်စီ Richard Horsey က ဆိုပါတယ်။

    မကြာသေးမီအချိန်အထိ တည်ရှိနေခဲ့တဲ့ နောက်ဆုံးလက်ကျန်ငြိမ်းချမ်းမှုလေးကို ဒီအကြမ်းဖက်မှုက လှဲကျင်းဖယ်ထုတ်ပစ်ခဲ့တယ်။ ဒီဒေသအတွင်း မွတ်စ်လင်မ်နဲ့ဗုဒ္ဓဘာသာဝင်များဟာ အေးအတူပူအမျှ သင့်သင့်မြတ်မြတ် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြတာပါ။ စစ်အာဏာရှင်ဟောင်းတွေက မြန်မာနိုင်ငံရဲ့မကောင်းဆိုးဝါးအချို့ကို လွတ်မြောက်ခွင့် မပေးခင်ကာလအထိ ဆိုပါတော့။ အနောက်ပိုင်းရခိုင်ပြည်နယ်က ဒီသဗြုချိုင်ရွာမှာရော အခြားဒေသများပါ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေက မီးမွှေးမှုပါပဲ။ အစွန်းရောက်ဗုဒ္ဓဘာသာဝင်အုပ်စုဖြစ်တဲ့ ၉၆၉ အဖွဲ့ရဲ့ဟောပြောလမ်းကြောင်းချက်တွေက အဲ့ဒီမီးကိုမွှေးယူခဲ့ခြင်းဖြစ်တယ်။ အာဏာပိုင်များကလည်း အဲ့ဒီ အမုန်းသွတ်သွင်းဟောပြောလှုံ့ဆော်ချက်တွေကို ဆက်လက်လိုက်လျောခွင့်ပြုတဲ့အခါ တိုင်းပြည်အနှံ့ သြဇာလွှမ်းပြီး ကြီးစိုးမင်းမူလာကြတယ်။

    ကိုလိုနီခေတ်ကာလမကျေလည်မှုတစ်စိတ်တစ်ပိုင်းပေါ်အခြေပြုလာတဲ့ မွတ်စ်လင်မ်တွေကိုမုန်းတီးမှုက မြန်မာနိုင်ငံထဲ တော်တော်လေး နက်ရှိုင်းနေတယ်။ မွတ်စ်လင်မ်တွေအပေါ် စာနာနားလည်မှုကိုပင်လျှင် မဖော်ပြရဲလောက်အောင် ဖြစ်နေကြတယ်။ အာဏာပိုင်တွေပင်လျှင် အကြမ်းဖက်ခံမိသားစုတွေကို နှစ်သိမ့်မှုပေးဖို့ ကြောက်ရွံ့နေတဲ့အထိပါပဲ။

    ဒေါ်အေးကြည်ရဲ့ရုပ်အလောင်းကို စစ်ဆေးကြည့်ရှုခဲ့စဉ် ရဲတပ်ဖွဲ့မှူး ဦးတင်မောင်လွင်က “ ရက်စက်လိုက်ကြတာဗျာ ” လို့ ပြောကြားခဲ့တာ သူမရဲ့သမီးနဲ့မြေးမဖြစ်သူတို့ မှတ်မိနေကြပါတယ်။ ဒါပေမယ့် တယ်လီဖုန်းနဲ့အင်တာဗျူးတဲ့အခါမှာတော့ ဦးတင်မောင်လွင်က အခြားသော ဗုဒ္ဓဘာသာဝင်အစိုးရ၀န်ထမ်းများအတိုင်း ဒီလူသတ်မှုအပေါ် ရက်စက်ကြမ်းကြုတ်မှုဆိုတဲ့ ဝေါဟာရမသုံးပဲ ရှောင်လွှဲသွားခဲ့ပါတယ်။

    “ တစ်ဖက်ဖက်ကို မျက်နှာလိုက်တဲ့အသုံးအနှုန်းမျိုးနဲ့ ကျွန်တော် မပြောဆိုခဲ့ပါဘူး ” လို့ သူက ဆိုပါတယ်။

    နှစ်ငါးဆယ်စစ်အုပ်ချုပ်ရေးအလွန်မှာ မြန်မာနိုင်ငံက စစ်ကျွန်တိုင်းပြည်အဖြစ် ရှိနေဆဲပါ။ စစ်တပ်တစ်ခုထဲမှာ အင်အား ငါးသိန်းဝန်းကျင်ရှိနေတဲ့အပြင် အရပ်ဝတ်ထောက်လှမ်းရေးအရာရှိတွေကလည်း နေရာအနှံ့ စိုးမိုးနေဆဲပါ။ ဒါတောင်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဗုဒ္ဓဘာသာဝင်လူရမ်းကားအုပ်စုကို မတားမြစ်နိုင်ကြဘူး သို့တည်းမဟုတ် တားမြစ်လိုစိတ်မရှိတာ တွေ့နေရတယ်။

    အာဏာပိုင်တွေက ဒီလိုပြဿနာတွေဖြစ်လာမှာကို ကောင်းစွာသိပြီးဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အကြမ်းဖက်မှု မတိုင်မီတစ်ရက်အလို စက်တင်ဘာ ၃၀ ရက်က လာလတ္တံ့သော အန္တရာယ်နဲ့ပတ်သက်ပြီး ဒေသခံရဲစခန်းကနေ ဖုန်းဆက်ပြောကြားမှုတစ်ရပ်ရှိခဲ့ကြောင်း၊ ရွာအ၀င်လမ်းဝမှာ အကာအကွယ်ပြုလုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း မွတ်စ်လင်မ်ရွာသားများက ပြောပြလို့ပါပဲ။

    အောက်တိုဘာလ ၁ ရက် အစောပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ လူရမ်းကားအုပ်စုချီတက်လာကြတာကို ရွာသားတွေ သတင်းရတဲ့အခါ  သူတို့ရွာနဲ့မိုင်အနည်းငယ်မျှသာကွာဝေးတဲ့ ရဲစခန်းနဲ့စစ်တပ်ဆီ မတုန့်မဆိုင်း ဖုန်းဆက်အကြောင်းကြားကြပါတယ်။

    ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သံသယစကားနဲ့သာ တုန့်ပြန်ခဲ့ကြောင်း “ မင်းတို့ သေချာရဲ့လား၊ ဟုတ်ရောဟုတ်ရဲ့လား ဆိုပြီး သူတို့က ကျွန်တော်တို့ကို မေးမြန်းခဲ့ကြတယ်။ အသေအချာပါပဲ။ အမြန်ဆုံးလာ(တားဆီး)ကြပါ ဆိုပြီး ကျွန်တော်တို့က သူတို့ကို အကြောင်းကြားခဲ့ပါတယ် ” လို့ မွတ်စ်လင်မ်လယ်သမား ဦးမြင့်အောင်က ပြန်လည် ပြောပြပါတယ်။

    ရဲကားတစ်စီးသာ ရောက်လာခဲ့တယ်။ အရုဏ်မတိုင်မီ ၀င်ရောက်လာတဲ့ တိုက်ခိုက်သူတွေ တစ်ကြိမ်သာ လူစုခွဲခဲ့ကြတယ်။ ဒါပေမယ့် နံနက်လင်းအားကြီး အကြမ်းဖက်အုပ်စုထပ်မံရောက်လာလို့ ဒေါ်အေးကြည်ကိုသတ်ဖြတ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက လေထဲ သေနတ်ထောင်ဖောက်ပြီးတဲ့နောက် ထွက်ခွာသွားကြောင်း ရွာသားများက ဆိုကြတယ်။

    ရခိုင်ပြည်နယ်ရဲမှူးကြီး ဦးကျော်တင့်က “ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ် ” လို့ ပြောကြားခဲ့တယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ Tomás Ojea Quintana က မွတ်စ်လင်မ်တွေအပေါ်အကြမ်းဖက်မှုများ ထပ်ဖန်တလဲလဲ ဖြစ်နေပါလျက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြားဝင်တားဆီးဖျန်ဖြေမှု မပြုကြခြင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို ဝေဖန်ထားပါတယ်။ မိတ္ထီလာမြို့ထဲ မွတ်စ်လင်မ်တွေစုပြုံသတ်ဖြတ်ခံခဲ့ကြတဲ့နေရာမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း သွားရောက်လေ့လာစဉ်က ရဲတပ်ဖွဲ့ဝင်တွေရဲ့အရေးမယူလစ်ဟင်းခဲ့မှုကို ခံစားနားလည်ခဲ့ရကြောင်း၊ မိမိရဲ့ကားကို လူရမ်းကားတွေ ထုရိုက်ကန်ကျောက်ချိန်မှာ ရဲတွေက ရပ်ကြည့်လျက်သာရှိနေခဲ့ကြောင်း ကင်တားနားရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပုံရိပ်များရဲ့မြင်ကွင်းကျယ်
    —————————
    အခင်းဖြစ်ဒေသဖက် မြန်မာသမ္မတ ဦးသိန်းစိန် ရောက်ရှိနေချိန်ဖြစ်ပါလျက် အောက်တိုဘာ ၁ ရက် အကြမ်းဖက်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့ခြင်းကတော့ ထူးခြားလှပါတယ်။ မိမိအနေနဲ့ လူမှုရေး၊ ဘာသာရေး၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များကို ပူးပေါင်းအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်လို့ ဦးသိန်းစိန်က ပြောဆိုပါတယ်။

    သမ္မတရုံးရဲ့တိုက်ရိုက်ညွှန်ကြားချက်အရ ဒီတစ်ကြိမ်အကြမ်းဖက်မှုအပေါ် စစ်ဆေးကိုင်တွယ်တာကတော့ ယခင်သတ်ဖြတ်မှုများထက် လျင်မြန်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင် ၅၀ ဦးအပါအ၀င် လူ ၇၀ ကျော်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

    ရက်အတန်ကြာပြီး နောက်ရွာတစ်ခုမှာ ဗုဒ္ဓဘာသာဝင်နှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့ကြတယ်။ ဒါပေမယ့် သေမှုသေခင်းနဲ့ပတ်သက်ပြီး သေချာရှင်းလင်းစွာ မသိရသေးပါဘူး။

    မြန်မာပြည်ရဲ့ပထမဆုံးအကြမ်းဖက်လှိုင်းလုံးက ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတစ်ခုမှာ တိုက်ခိုက်တာကနေ စတင်ခဲ့တာပါပဲ။ ရိုဟင်ဂျာနဲ့ဗုဒ္ဓဘာသာဝင်တွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အပြင်းအထန်ရှုတ်ချမှုကိုခံနေရတဲ့ ဌာနီမဲ့မွတ်စ်လင်မ်အုပ်စုတစ်ခုဖြစ်တယ်။ သို့ပင်သို့ငြား မိုင်ပေါင်းရာနဲ့ချီဝေးကွာတဲ့နေရာက အကြမ်းဖက်မှုဟာ နိုင်ငံအ၀ှန်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု အသွင်အဖြစ် ဘယ်လိုလုပ်ပြီး ကူးစက်ပျံ့နှံ့ရတာလဲ။ အလေးထားစဉ်းစားစရာပါ။

    ဒေါ်အေးကြည်ရဲ့ရွာက ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တွေ ဘာသာရေးအရ အလွန်သဟဇာတဖြစ် သင့်မြတ်လွန်းလှတဲ့ ပန်းချီကားတစ်ချပ်ပါ။ သူမရဲ့အမျိုးသားတွေက ကမန်တိုင်းရင်းသားများဖြစ်ပြီး ပဋိပက္ခဆိုတာတွေလဲ ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။

    နှစ်ဖက်နှစ်ဝ ရွာခံမိသားစုဝင်များဟာ အပြန်အလှန် ကူးလူးဆက်ဆံပတ်သက်နေတာချည်းပါပဲ။ ဒေါ်အေးကြည်ဟာ ဗုဒ္ဓဘာသာဝင်အဖြစ် မွေးဖွားကြီးပြင်းတယ်။ မွတ်စ်လင်မ်အမျိုးသားနဲ့ အိမ်ထောင်ထူတယ်။ သူ့ရဲ့သားသမီးလေးဦးအနက် သုံးဦးက ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူထားပြီးသား။ ဗုဒ္ဓဘာသာဝင်တွေ နဲ့ မွတ်စ်လင်မ်များဟာ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းမှာ အတူတူ။ မင်္ဂလာဆောင်နဲ့အသုဘတွေမှာလည်း တစ်ဖက်နဲ့တစ်ဖက် ၀င်ထွက်မဆုံးရှိကြတယ်။ ယမန်နှစ် မြန်မာပြည်အနှံ့ အကြမ်းဖက်မှုတွေအုံကြွနေချိန်မှာတောင်မှ ရွာလေးက တည်ငြိမ်အေးဆေးနေခဲ့တယ်လေ။

    အမုန်းတရားကွင်းဆက်တွေက ရွာပြင်ပကနေ ကျယ်ကျယ်ပြန့်ပြန့် တိုးဝင်လွှမ်းမိုးလာတာလို့ မွတ်စ်လင်မ်များက ဆိုကြပါတယ်။

    အစ္စလာမ်ကို အန္တရာယ်အဖြစ် ရှုမြင်လာအောင် တိုင်းပြည်အနှံ့ လှည့်လည်ဟောကြေားနေတဲ့ အစွန်းရောက် ၉၆၉ ဂိုဏ်းခေါင်းဆောင်တစ်ဦးဟာ လွန်ခဲ့တဲ့ ဧပြီလက အနီးအနားရွာတစ်ရွာမှာ တရားပွဲလာလုပ်ပြီးတဲ့နောက် အိမ်နီးချင်းဗုဒ္ဓဘာသာင်များဟာ ခပ်ခွာခွာ စတင်ပြုလုပ်လာကြတယ်လို့ သူတို့အဆိုအရ သိရတယ်။ ဗုဒ္ဓဘာသာဝင်မိသားစုများက သူ့ရဲ့အမုန်းသွတ်သွင်းဗီဒီယိုတွေကို ဝေငှကြတယ်။ သြဂုတ်လမှာ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းရဲ့ ဆော်သြမှိုင်းတိုက်မှုအားဖြင့် ဗုဒ္ဓဘာသာဝင်တို့က မိမိတို့ရဲ့အိမ်ရှေ့မှာ သာသနာ့အလံတွေ လွှင့်ထူလာခဲ့ကြတယ်။ ဒါဟာ ရွာသားတွေရဲ့သက်တမ်းတစ်လျှောက် ပထမဦးဆုံး ပြုမူတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရွာခံကျောင်းထိုင်ဘုန်းတော်ကြိးက ဆိုပါတယ်။

    မွတ်စ်လင်မ်တွေရဲ့အမြင်အရ သာသနာ့အလံများက “ မင်းတို့ နဲ့ ငါတို့ ” ဆိုပြီး ခွဲခြားမှုကို ကိုယ်စားပြုချက်ဖြစ်ပြီး အကြမ်းဖက်အုပ်စုတွေအနေနဲ့ ကွဲပြားအောင် ခွဲခြားနိုင်စေဖို့ဖြစ်နေတယ်။

    မွတ်စ်လင်မ်ရွာသူတစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်းနွယ်က “ သူတို့က အစ္စလာမ်ဘာသာကို မုန်းတီးနေပြီး ဒီတိုင်းပြည်က ပျောက်ကွယ်သွားစေချင်နေတာရှင့် ” လို့ ပြောပြခဲ့ပါတယ်။

    ၉၆၉ ရဲ့ ပင်မခေါင်းဆောင် အရှင်ဝီရသူက ဗုဒ္ဓဘာသာဝင်တွေဟာ မွတ်စ်လင်မ်တွေရဲ့လက်ဝါးကြီးအုပ်မှုကို ခံနေကြရတယ်၊ သူတို့က ဗုဒ္ဓဘာသာဝင်တွေထက် ကလေးပိုများတယ်လို့ ပြောဆိုတယ်။ ဒါ့အပြင် မိမိရဲ့အဖွဲ့ သတ်ဖြတ်မှုများရဲ့နောက်ကွယ်ကကြိုးမကိုင်ပါဘူးလို့လည်း ပြောပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ဟောပြောချက်က အကြမ်းဖက်မှုကိုဖြစ်ပွားအောင် လှုံ့ဆော်နေခြင်းသာဖြစ်တယ်လို့ လူပေါင်းများစွာက ဆိုနေပါတယ်။ တစ်ခါက သမ္မတ ဦးသိန်းစိန်သည်ပင်လျှင် မစ္စတာ ၀ီရသူကို ကြည်ညိုဖွယ်ရာပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောထုတ်ခဲ့ပါသေးတယ်။

    ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့သုံးဘီးတက္ကစီဆိုင်ကယ်ပေါ်က သာသနာ့အလံကို မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးက စော်ကားပြုမူရာကနေ အောက်တိုဘာ ၁ ရက် အကြမ်းဖက်မှုဆီ ဆင့်ကဲဖြစ်ပွားခဲ့တာပါလို့ ဗုဒ္ဓဘာသာဝင်များက ဆိုကြတယ်။

    မြန်မာပြည်ရဲ့အကျော်ကြားဆုံးကမ်းခြေ – ငပလီက ကျောင်းထိုင်ဆရာတော် ဦးအိန္ဒသာလ ဆိုသူကလည်း အစွန်းရောက် ဘုန်းကြီးတစ်ဦးဖြစ်သလို ဗုဒ္ဓဘာသာဝင်လူ့အသိုင်းအ၀ိုင်းအပေါ် တော်တော်လေး သြဇာကြီးမားသူ ဖြစ်တယ်။ သူကလည်း ဒီဖြစ်ရပ်ကို ပြောင်တင်းစွာ လီဆည်ပြောကြားခဲ့တယ်။

    သူ့ကျောင်းမှာ အင်တာဗျူးလုပ်စဉ်က အသက် ၉၄ နှစ်အရွယ် အမယ်အိုကြီးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သူ့ပြောကြားချက်ဟာ ရဲဌာနထွက်ချက်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ “ ဒေါ်အေးကြည်ဟာ ထွက်ပြေးယင်း အသက်ရှူကြပ်အမောဖောက်လို့ သေဆုံးခဲ့တာပါ။ သူမရဲ့ရုပ်အလောင်းကို မွတ်စ်လင်မ်တွေကပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ပြီး ဗုဒ္ဓဘာသာဝင်တွေအပေါ် မကောင်းမြင်သွားစေတာပါ ” တဲ့။

    ဒီဘုန်းတော်ကြီးက မိမိကိုယ်ကိုကာကွယ်မှုအရ မွတ်စ်လင်မ်တွေကို သတ်ဖြတ်ရသလိုမျိုး အောက်ပါအတိုင်း ပြောကြားခဲ့ပါတော့တယ်။

    “ တကယ်လို့ ကျားကို ထိပ်တိုက်တွေ့ယင် အတတ်နိုင်ဆုံး ရှောင်ပြေးပါ။ ဒါပေမယ့် မပြေးနိုင်ယင်တော့ ပြန်ပြီး တိုက်ခိုက်ရပါလိမ့်မယ် ”။

    ဝေမိုး(ရန်ကုန်၊ မြန်မာ)ရဲ့ အချက်အလက်ပေးပို့မှုအပေါ် New York Times တွင် သောမတ်စ် ဖူလာ Thomas Fuller ရေးသားတဲ့ Elderly Woman’s Killing Lays Bare Myanmar’s Religious Divisions သတင်းဆောင်းပါးကို “ မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင်ပြန်ဆိုချက်ဖြစ်ပါတယ်။

  • အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဦးသိန်းစိန် အစိုးရမှ ခွင့်ပြုချက်ပေးပြီး လာရောက် လေ့လာခိုင်းခြင်းဖြစ်

    နိုဝင်ဘာ- ၁၁ ၂၀၁၃
    M-Media
    မောင်ပုည

    43f64cb912bb1c1c1d0f6a70670074e8

    နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့် ခရီးစဉ်မှာ မြန်မာအစိုးရ၏ ဖိတ်ကြားအချက် အရ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ပြောစကားအရ သိရှိပါသည်။

    “အိုအိုင်စီက အရင်တုန်းက ဖြစ်စဉ်တွေမှာ တကယ် ဖြစ်နေတာကို မသိဘဲ အပြင်က ပြောနေတာတွေ ရှိတယ်။ တကယ်အဖြစ်မှန် လာလေ့လာခိုင်းတာပါ” ဟု ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်ကို The Voice Weekly ရဲ့ သတင်းတပုဒ်မှာဖော်ပြထားတာကိုတွေ့ရှိရပါသည်။

    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့် သတင်းနှင့်အတူ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမည့်လုပ်ရှားမှု သတင်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။ ရန်ကုန်မြို့အင်းစိန်တွင် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဆန္ဒပြမည်ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်လုံးကျွတ် ဆန္ဒပြသွားမည့်ဟု စစ်တွေမြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ စီစဉ်နေကြောင်းကိုလဲ သိရှိရပါသည်။

    အိုအိုင်စီ ကို ကန့်ကွက်ဆန္ဒပြမည့် သတင်းများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ အစ္စလာမ်ဘာသာဝင် တဦးက သူရဲ့ သဘောထားကို အောက်ပါ အတိုင်းပြောကြားခဲ့ပါသည်။

    ” ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက အိုအိုင်စီကို ကန့်ကွက်ဆန္ဒပြပွဲများမှာ မွတ်စလင်မ်ဆန့်ကျင်ရေ့း ကြွေးကြော်သံတွေ၊ လှုံဆော်မှုတွေနှင့်အတူ သမ္မတကြီးကို ထောက်ခံသော ကြေညာစာတန်းတွေလည်း ကိုင်ဆောင်ခဲ့ကြခြင်းကို တွေ့ရှိရကြောင်း၊ ယခုတစ်ကြိမ် အိုအိုင်စီကို ဖိတ်ခေါ်ပြိး လေ့လာစေသည်မှာ မြန်မာအစိုးရဖြစ်သဖြင့် တကယ်တမ်း ကန့်ကွက်မည်ဆိုလျှင် ဦးသိန်းစိန် အစိုးရကိုသာ ဦးတည် ကန့်ကွက်ရမှာ ဖြစ်ကြောင်း၊ ဤသည်မှာ အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့မှ ဖိတ်ခေါ်ထားလျှင် ပွင့်လင်းမြင်သာစွာ ပြည်သူကို ထုတ်ဖော် အသိပေးရမှာဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ဘဲ အိုအိုင်စီအကြောင်းပြပြီး မွတ်စလင်မ် ဆန့်ကျင်ရေးလမ်းကြောင်း တင်လျက် ဦးသိန်းစိန် ထောက်ခံရေး လမ်းကြောင်းကို သဲ့ယူသွားခြင်းသည် နိုင်ငံရေး အမြတ်ထုတ်မှု သက်သက်သာဖြစ်ကြောင်း၊ ထို့ကြောင့် ကန့်ကွက်ဆန္ဒပြမှုဖြစ်ပွားခဲ့လျှင် (တနည်း) နိုင်ငံတော်မှလည်း ခွင့်ပြုခဲ့ပါလျှင် ဆန္ဒပြသူတို့မှာ နိုင်ငံတော်၏သဘောထားကို တော်လှန်ဆန့်ကျင်ရာရောက်ကြောင်း၊ နိုင်ငံတော်အစိုးရကိုလည်း မရိုးမသားပြုမူသည်ဟု စွပ်စွဲရာရောက်ကြောင်း ” ၄င်း၏ အမြင်ကို ပြောပြသွားပါသည်။

    ဓါတ်ပုံအညွန်း- ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ မြင်ကွင်းတခု

    ကိုးကား-http://goo.gl/MJ40iU

  • လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းတွေ ပြသထားတဲ့ ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာရုပ်ပုံများ ခင်းကျင်းပြသ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media
    Olaie Manzu
    US Myanmar Rohingya Exhibit.JPEG-09511
    အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ်ပြတိုက်ရဲ့ အပြင်ပိုင်းနံရံတွေမှာ အကြမ်းဖက်ခြင်းခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို ခင်းကျင်းပြသနေပါတယ်။ ဟိုလိုကော့စ်ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ခင်ကျင်းပြသတဲ့ သမိုင်းဝင်ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေရီကန်ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။

    ဟိုလိုကော့စ်လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံသတ်ဖြတ်တဲ့ ဖြစ်ရပ်ကြီးဟာ ကမ္ဘာ့သမိုင်းမှာ အကျဉ်းတန်တဲ့ဖြစ်ရပ် တစ်ခုဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟိုလိုကော့စ်ပြတိုက်ကြီးက မီးမှောင်းထိုးပေးလေ့ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒါန်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံတွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်းပြသခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ကူးပြောင်းသွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

    ပြတိုက်မှာ ခင်းကျင်းပြသနေတဲ့ ဓါတ်ပုံတွေကတော့ အင်ဒီယားနားနယ်ဖွား ဓါတ်ပုံဆရာ ဂရေခ့် ကောစတန်တင်း ကိုယ်တိုင် အကြမ်းဖက်ဒေသတွေဆီ သွားရောက် ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ ကောစတန်တင်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီးဓါတ်ပုံတွေ ရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ အံ့မခန်းနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်ဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုဘဲ အာရုံစိုက်နေကြပြီး ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်တွေက အမှောင်ထုထဲမှာ ဖုံးအုပ်နေတာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်” လို့ ကောစတန်တင်းကပြောပါတယ်။

    ကောစတန်တင်းဟာ နိုင်ငံမဲ့ဖြစ်နေရသူတွေကို ကမ္ဘာလည့်မှတ်တမ်းနေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကား၊ ကန်နီယား၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေမှာလည်း အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကတော့ အဆိုးရွားဆုံးပါဘဲလို့ သူကဆိုပါတယ်။

    “အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေလုံးဝ မရှိတော့သလို ခံစားရတာကတော့ စိတ်မချမ်းမြေ့စရာဘဲ။ မွတ်စလင်တွေရဲ့ ဘုရားဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရတော့ဘူး။ ဗလီကျောင်းတွေကလည်းပျက်ဆီးကုန်ပြီ။ လုံးဝမပျက်ဆီးတဲ့ဗလီတွေဆိုရင်လည်း မြန်မာစစ်တပ်က ဗလီတွေထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကိုသွားလာခဲ့တဲ့အတွေ့အကြုံကို ကောစတန်တင်း ကပြောပြပါတယ်။ ပြောင်းရွေ့နေရာ ချထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အားကိုးရာမဲ့ဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ ကျနော်တို့ပြောတာမဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြားလူတွေမကြုံတွေ့ရအောင် ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကြိုးစားကာကွယ်ချင်လို့ဘဲဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ်ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကတော့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစုက သုံးသပ်နေကြပေမယ့်၊ ဒီကျူးလွန်မှုတွေဟာ လူသားများအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်းကိုတော့ ကမ္ဘာ့ပညာရှင်အများက လက်ခံထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ရဲ့မွေးရပ်ဇာတိမြေမှ ထွက်ပြေးပြောင်ရွေ့သွားရအောင် ဦးနေဝင်းခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ်နေတာဖြစ်တဲ့အတွက် ယေဘုယအားဖြင့် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုကလက်ခံထားကြပါတယ်။ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ မနေနိုင်လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ပြေးစရာမြေမရှိဘူးဖြစ်နေပါတယ်။

    ဒါကြောင့် ပြောင်းရွေ့ထွက်မပြေးနိုင်တော့တဲ့ အဆုံးမှာ ဂျောင်ပိတ်နေမိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီကြားထဲ မကြာခဏဆိုသလို ရိုဟင်ဂျာတွေ ထွက်ပြေးကြရင်း လှေမှောက်သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာနေပါတယ်။

    Photo-washingtonpost

    M-Media သို့ Olaie Manzu ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။

  • အာရှတိုက်က ကြောက်စရာ ကွမ်းစွဲလမ်းမှု ပြဿနာ (ဘာသာပြန်-သတင်းဆောင်းပါး)

    နိုဝင်ဘာ-၇ ၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    CNN ၏ နိုင်ငံအသီးသီးမှ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများဆိုင်ရာ On the Road အစီအစဉ် အယ်ဒီတာ မှတ်စု ဖြစ်သည်။ ၄င်းအဖွဲ့သားတို့သည် နိုင်ငံ၏တိုးတက်မှု နှင့် အသွင်းပြောင်းမှုများကို လေ့လာရန် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။

    131025001452-betel-nut-12-horizontal-gallery

    ရန်ကုန်၊ မြန်မာ၊။        ။ ကွမ်းစားကြမ်းသူများဟာ ရယ်မောလိုက်တဲ့အခါတိုင်း သူတို့ရဲ့ကွမ်းစွဲမှုကို မြင်သာစေပါတယ်။ ထုံးသုတ်ထားတဲ့ကွမ်းရွက်ထဲ ကွမ်းသီးစိတ်နဲ့ဆေးရွက်ကြီးတွေထည့်ယာပြီး နှစ်ပေါင်းများစွာ ကွမ်းဝါးနေသူတို့ရဲ့သွားများက နီစွေးစွေးအရောင်ထွက်နေတယ်လေ။

    “ လူတစ်ချို့က လက်ဖက်ရည်၊ ကော်ဖိသောက်ပြီးတဲ့နောက် ကွမ်းဝါးကြတယ်။ ကျွန်တော်ကတော့ အစာစာပြီးတိုင်း ကွမ်းယာကိုဝါးလေ့ရှိပါတယ်။ ကျွန်တော် ကွမ်းယာကို နှစ်သက်လို့ပါ ” ဆိုပြီး ရန်ကုန်မြို့ဈေးကြီးတစ်ခုက အသက် ၂၈ နှစ်အရွယ် ခေါက်ဆွဲရောင်းသူ မောင်မျိုးမင်းသန်းက ဆိုပါတယ်။

    ကွမ်းသီး သို့မဟုတ် ကွမ်းယာဟာ လက်ဖက်ရည် ကော်ဖီများအတိုင်း အရှိန်တက်လာစေလေ့ရှိတယ်။ ဒါပေမယ့် လက်ဖက်ရည်ကော်ဖီတို့နဲ့ မတူတာက ကွမ်းယာဟာ ခံတွင်းကင်ဆာရောဂါကိုလည်း ဖြစ်ပွားစေတတ်ပါတယ်။

    “ ကွမ်းတစ်ယာစားမိလို့ကတော့ ပြဿနာ မရှိသေးဘူး။ နောက်ထပ် ဒုတိယတစ်ယာ စ၀ါးတဲ့အခါ အန္တရာယ် ကြီးလာတော့တာပါပဲ။ အတိုင်းအတာတစ်ခုရောက်ယင်တော့ အဲ့ဒီလူတွေ ကင်ဆာရောဂါ ရရှိသွားနိုင်ပါတယ် ” လို့ ထိုင်ဝမ်က ကောင်းရှုံဆေးတက္ကသိုလ် ဒုပါမောက္ခ ပရော်ဖက်ဆာ ယင်ချင်းကိုက ပြောကြားပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်များအတွင်း ကွမ်းသီးနဲ့ခံတွင်း ဆက်နွှယ်မှုအပေါ် ပထမဆုံးလေ့လာသုတေသနပြုခဲ့သူဖြစ်တယ်။

    ကွမ်းယာဆိုတာကတော့ သာမန်အားဖြင့် ထုံးရည်သုတ်ထားတဲ့ ကွမ်းရွက်ထဲ ကွမ်းသီးစိတ်တွေကို ထည့်ပြီး ထုပ်ပိုးပြင်ဆင်ထားတဲ့ စားစရာတစ်မျိုးပါ။ တချို့ကတော့ ဆေးရွက်ကြီး ထည့်ဝါးကြတယ်။ အာရှဒေသအသီးသီးမှာ ကွမ်းယာထဲ ဖာလာ၊ လေးညှင်း၊ အချို(ယို) စတာတွေကို အရသာထူးကဲဖို့အတွက်လည်း ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ၂၀၀၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာကင်ဆာရောဂါသုတေသနအဖွဲ့ရဲ့ “ကွမ်းယာနှင့်ကွမ်းသီးဝါးခြင်း” စာတမ်းမှာ ဒီအကြောင်းတွေကို ဖော်ပြထားပါတယ်။

    ကမ္ဘာတစ်ဝှန်းမှာ ကွမ်းဝါးသူပေါင်း သန်း ၆၀၀ ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းထားကြတယ်။ ဆေးရွက်ကြီး(ဆေးလိပ်)၊ အရက် နဲ့ ကဖိန်းဓာတ်ပါ အချိုရည် သုံးစွဲသူများရဲ့နောက် စတုတ္ထနေရာ ရောက်နေပါတယ်။ အာရှဒေသမှာတော့ ကွမ်းဝါးခြင်းဓလေ့ အများဆုံး နဲ့ အရွယ်မရွေးတာကို တွေ့ရတယ်။ စူးစမ်းမှုတွေမှာ ကလေးငယ်တချို့ရဲ့သွားတွေမှာ ပေါ်လွင်နေပါတယ်။

    မြန်မာနိုင်ငံအတွင်း ကားမောင်းသူတွေအကြား လမ်းခရီးမှာနိုးကြားနေဖို့ ကွမ်းဝါးခြင်းက အလွန် ခေတ်စားပါတယ်။

    အငှားယာဉ်မောင်း ဦးစိန်က တစ်နေ့ကို ကွမ်း ၁၀ ယာဝန်းကျင်ဝါးလေ့ရှိပြီး ရန်ကုန်မြို့လယ်လမ်းဘေးဆိုင်များကနေ ၀ယ်ယူတတ်သူပါ။ သူက “ ဆေးရွက်ကြီးက မူးယစ်ဆေးဆန်ဆန်ပါပဲ။ အဲ့ဒါကို ကျွန်တော်ထည့်ဝါးယင် ရီဝေေ၀ ဖြစ်နေတတ်ပါတယ် ” လို့ ပြောပြတယ်။ သူ့အဆိုအရ သူက ဆေးလိပ်မသောက်ဘူး၊ ကွမ်းယာကတော့ မိမိအတွက် အကောင်းဆုံးပါလို့ ဆိုပါတယ်။ သူ့ကျန်းမာရေးအရလား ကုန်ကျစားရိတ်ကြောင့်လားဆိုတာတော့ သဲကွဲစွာ မသိရပါဘူး။

    131025001427-betel-nut-11-horizontal-gallery

    ကွမ်းသုံးယာပါ ကွမ်းတစ်ထုတ်ကို မြန်မာငွေ ၁၀၀ ကျပ်( အမေရိကန်ဒေါ်လာ ၁၀ ဆင့်) ပေးရတယ်။ ရန်ကုန်မြို့လယ်က ကွမ်းရောင်းသူ ကျော်သက်(၂၆ နှစ်)ရဲ့ ရောင်းဈေးဖြစ်ပြီး ဦးစိန်စောင့်ယူနေစဉ်မှာ သူက သွက်လက် လျင်မြန်စွာနဲ့ ကွမ်းယာထုပ်ပိုးပေးနေတာကို တွေ့ရတယ်။

    ကျော်သက်က တစ်နေ့ကို ဘယ်နှစ်ထုပ်အထိ ယာပေးနိုင်တာကို မပြောနိုင်ပေမယ့် ၂ မိနစ်အတွင်း ကွမ်း ၆ ထုပ်ကို စံနစ်တကျ သေသေသပ်သပ် လုပ်ကိုင်သွားခဲ့တယ်။ ကွမ်းယာအပေါ် မထုပ်ပိုးခင် ထုံးထပ်ဖြန်းယုံမကဘူး၊ အထားခံအောင်လို့ ဆေးရွက်ကြီးမှုန့်တွေကိုလည်း ဖြူးလိုက်ပါသေးတယ်။

    ငွေပေးချေရင်း ရီပြုံးလိုက်တဲ့ ဦးစိန်ရဲ့သွားများမှာ ကွမ်းဂျိုးကပ်လို့ အနီရောင်သန်းနေပါတယ်။

    ကြေးခေတ်ကာလကတည်းက ကွမ်းဝါးတဲ့အစဉ်အလာ စတင်နေခဲ့ကြောင်း ၂၀၀၁ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ Thanh Hoa ခရိုင်၊ Nui Nap ဒေသမှာ တူးဖော်ရရှိတဲ့ ရုပ်ကြွင်းများကို လေ့လာမှုအရ သိရတယ်။ သွားတွေမှာ ကွမ်းဂျိုးကပ်နေတာကို သုတေသီများက တွေ့မြင်ခဲ့ရတယ်။

    ဒီအစဉ်အလာဟာ ဘာသာရေးနဲ့ယဉ်ကျေးမှုဓလေ့ကနေ ကာလကြာမြင့်စွာကတည်းက ဆက်နွှယ်ဖြစ်တည်လာခဲ့တာပါ။ အာရှဒေသအချို့မှာ ကွမ်းယာကို သွားကိုက်သွားနာ၊ ၀က်ခြံ စတဲ့ကိစ္စတွေအတွက် ဆေးမြီးတိုအဖြစ် အသုံးပြုကြတယ်။ တချို့သူတွေကျပြန်တော့ ကာမစွမ်းအင်တိုးပွားစေတယ်လို့ ယုံကြည်ကြတယ်။

    ဆေးရွက်ကြီးပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ကွမ်းဝါးခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေများပြားတယ်ဆိုပြီး သိပ္ပံနည်းကျသုတေသနပြုချက်မှာ တွေ့ရပါတယ်။

    ကွမ်းသီးနဲ့ဆေးရွက်ကြီးကတဆင့် ထွက်လာတဲ့ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ဓာတ်သဘာဝကို ကွမ်းဝါးသူရဲ့တံတွေးများမှာ တွေ့ရလေ့ရှိတယ်။ ဆေးရွက်ကြီးကတဆင့် စိမ့်ထွက်လာမှုလား၊ ရောထွေးဝါးစားရာက ထွက်ရှိလာတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ပါမောက္ခကို က ဒုတိယနည်းလမ်းကနေ ဖြစ်ရတယ်လို့ ယူဆပါတယ်။ “ ကွမ်းရွက်က ကင်ဆာဖြစ်စေတဲ့ပြဿနာ မရှိပါဘူး။ ထုံး(ရည်) ကလည်း မဖြစ်စေတာ မှန်ပေမယ့် အဲ့ဒီဓာတ်ကိုထွက်လာအောင်တော့ အထောက်အကူပြုနေတယ်။ ငုပ်လျှိုးနေတဲ့ အန္တရာယ်လို့ ပြောယင်မမှားပေဘူး ” လို့ သူက ဆိုပါတယ်။

    131025000829-betel-nut-5-horizontal-gallery

    နိုင်ငံတစ်ချို့က အာဏာပိုင်တွေဟာ သတိပေးနှိုးဆော်မှုတွေ လုပ်ပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကွမ်းစွဲနေသူတွေကို နားလည်အောင် ရှင်းပြဖို့ မလွယ်လှဘူး။ “ လူတွေက သိတော့သိကြတယ်။ ဒါပေမယ့် စွဲလန်းမှုကို ဖြတ်တောက်ဖို့က တော်တော်ခဲယဉ်းတယ်လေ ” လို့ ပါမောက္ခကိုက ပြောပြတယ်။

    ပါပူးဝါး နယူးဂီနီရဲ့မြို့တော် Port Moresby မှာ မကြာသေးမီကပဲ ကွမ်းရောင်းချခြင်းနဲ့ကွမ်းဝါးခြင်းကို တားမြစ်ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက ကွမ်းဝါးသူတွေအနေနဲ့ စည်းကမ်းမဲ့ကွမ်းထွေးခြင်း ပပျောက်အောင်ကိုသာ အဓိက ရည်ရွယ်ခဲ့တာပါ။

    မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စားသုံးသူအကျိုးကာကွယ်ရေးအဖွဲ့ဟာ ကွမ်းဝါးခြင်းရဲ့အန္တရာယ်နဲ့ ပတ်သက်ပြီး လူထုပညာပေးလုပ်ငန်းတွေကို စတင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သို့တစေလည်း ကွမ်းရွက်ပေါ်က ပိုးသတ်ဆေးအန္တရာယ်များအကြောင်းသာ ဖြစ်နေပါတယ်။

    “ ရှေးပဝေသဏီကတည်းက ကွမ်းရွက်ကို ဆေးဝါးအဖြစ် အသုံးပြုလာကြတယ်။ ဒါပေမယ့် ခုအခါမှာ ကွမ်းရွက်တွေကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးကို အလွန်အကျွံအသုံးပြုလာကြလို့ပါပဲ ” လို့ အဖွဲ့ဥက္ကဌဖြစ်သူက CNN ကို ပြောပြခဲ့တယ်။

    သိပ္ပံအထောက်အထား မဟုတ်တဲ့ သီအိုရီတစ်ရပ်ကို ပါမောက္ခကို က ဒီလိုတင်ပြထားပါတယ်။
    “ ကွမ်းရွက်နဲ့ကွမ်းသီးအကြားက ဆက်သွယ်ချက်ကို အတိအကျ မသိရပါဘူး။ ကွမ်းသီးနဲ့ကွမ်းရွက် နှစ်မျိုးလုံးက ပိုးမွှားလေးတွေကို ကိုယ်ခံအား ပိုကောင်းစေပါတယ်။ အစောပိုင်းလေ့လာမှုတွေမှာ ပိုးသတ်ဆေးတွေက သွေးကင်ဆာ သို့မဟုတ် Lymph ကင်ဆာနဲ့ ဆက်စပ်မှုရှိနိုင်တာကိုပြသထားခဲ့ပေမယ့် ခံတွင်းကင်ဆာနဲ့ဆက်စပ်မှုကိုတော့ လုံးဝ မတွေ့ရပါဘူး ”။

    မည်သည့်ခိုင်လုံသောအကြောင်းအချက်ရှိစေကာမူ ခေါက်ဆွဲရောင်းသူ မျိုးမင်းသန်းကတော့ ကွမ်းဖြတ်ဖို့ အစီအစဉ် မရှိဘူးလို့ဆိုပါတယ်။ နံနက် ၃ နာရီကနေ ည ၈ နာရီအထိ ငြီးငွေ့စရာအရောင်းကာလရှည်ကြီးကိုကျော်ဖြတ်ဖို့ သူ့အတွက် ကွမ်း ၁၀ ထုပ်လောက် လိုအပ်ပါတယ်တဲ့။

    “ ကျွန်တော် တစ်နေကုန်အလုပ်လုပ်နေရတာပါ။ တစ်နေ့ဆိုတဲ့အချိန်က ရှည်လျားကြာညောင်းလှတော့ ကွမ်းဝါးနေယင် မအိပ်ချင်တော့ဘူးလေ ” ဆိုပြီး သူက ပြောပြခဲ့ပါတယ်။

    CNN မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် Hilary Whiteman ၏ Nothing to smile about: Asia’s deadly addiction to betel quids ဆောင်းပါးကို မြင့်မိုရ်မောင်မောင် စီလျော်အောင် မြန်မာပြန်ဆိုပါသည်။

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]