News @ M-Media

Tag: featured

  • လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာတွေ မေ့နေတယ်ဟု ဒေါက်တာ အောင်ထွန်းသက် သတိပေး

    လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာတွေ မေ့နေတယ်ဟု ဒေါက်တာ အောင်ထွန်းသက် သတိပေး

    ဇွန် ၈ ၊၂၀၁၃

    Source: ကမာရွတ်မီဒီယာ

    လူ့အခွင့်အရေးကြေညာစာတမ်း မြန်မာတွေမေ့နေတယ်ဟု ဒေါက်တာအောင်ထွန်းသက် သတိပေး

    ရခိုင်ပြည်နယ်မှာ လူမျိုးရေးဘာသာရေး ပဋိပက္ခမှာ လူသားတွေအတွက် အရေးကြီးတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို မေ့ထားသလို ဖြစ်နေတယ်လို့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဇွန်လ ၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

  • ပေါင်းတည်မြို့ သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင်နေသူ တစ်ဦး ခဲတံချွန်ဓါးနှင့် အလှီးခံရ

    ဇွန် ၈၊ ၂၀၁၃
    M-Media
    အေးမောင်

    ပေါင်းတည် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်း သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင် နေထိုင်သူ တစ်ဦးအား ဇွန်လ ၇-ရက်နေ့က ခဲတံချွန်ဓါးနှင့် အလှီးခံရကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဈေး(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သော သကျမုနိမိုရ်းကောင်းဘုရားကြီး၏ အလှူခံဌာနတွင် နိဗ္ဗာန်ဆော်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အလှူခံလေ့ရှိသော အသက် (၆၅)နှစ် အရွယ်ရှိ ဦးသိန်းအောင် (ဘ) ဦးခင်မောင် ၏ လည်ပင်းအား ခံတံချွန်ဓါးနှင့်း လှီးဖြတ်ခံခဲ့ရကြောင်း၊ ထို ဒဏ်ရာကြောင့် ဦးသိန်းအောင်သည် ယင်း ဓါးဖြင့် လှီးဖြတ်သည်ကို ၆-ချက် ချုပ်လိုက်ရကြောင်းနှင့် ပေါင်းတည်ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူမှု ပြုလုပ်လိုက်ရကြောင်းသိရသည်။

    အဆိုပါ ဦးသိန်းအောင်အား ဓါးဖြင့် လှီးသူမှာ နတ်တလင်းမြို့နယ်၊ လှပခြင်းရွာ နေ ဗမာ/ဗုဒ္ဓဘာသာ ဖြစ်ပြီး အသက် (၁၄)နှစ်အရွယ်ရှိ ခန့်ကြည်ဝင်း (ခ) ဖြူလုံး (ဘ) ဦးကျင်ထွန်း ဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းဖော်ထုတ်ခဲ့ပြီး ယင်းအမှုအား ပေါင်းတည်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းထွဋ်မှ ပြစ်မှု ပုဒ်မ(၃၂၆)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

    ယခုကဲ့သို့ ဓါးဖြင့် လှီးဖြတ်ခံရသည်မှာ အဆိုပါ ဦးသိန်းအောင်ဆိုသူသည် ဘုရားဝင်းအတွင်းတွင် နေထိုင်သူဖြစ်ပြီး ဘုရားဝင်းအတွင်း ကလေးများ လာရောက်ကစားသည်ကို ငေါက်ငမ်းအော်ဟစ်လွှတ်မှုကို မကျေနပ်၍ သူအိပ်ပျော်နေချိန်တွင် လာရောက် လှီးဖြတ်သွားခြင်းဖြစ်နိုင်ကြောင်းကို အဆိုပါ ဦးသိန်းအောင်နှင့် နီးစပ်သူထံမှ သိရသည်။

    poung tae

    ** ဓါတ်ပုံပါ သတင်းထုတ်ပြန်ချက်မှာ ကောလဟလ သတင်းအမှားများထုတ်ပြပြန်ပြီး ဘာသာရေးအကြမ်းဖက်မှုများ ဖန်တီးမည်ကို စိုးရိမ်သောကြောင့် ပေါင်းတည်ရဲစခန်းမှ သတင်းထုတ်ပြန်ချက်ဖြစ်ပါသည်။

  • ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်ကို ဦးသိန်းစိန်မှ ပယ်ချ

    ဇွန် ၈ ၊၂၀၁၃
    Source: Australia Network News

    သူမအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တာဝန်များအား ထမ်းဆောင်ရန်အတွက် သမ္မတဦးသိန်းစိန် ၏ အာဏာအား အသုံးပြု၍ လမ်းဖွင့်ပေးရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အား သမ္မတဦးသိန်းစိန်မှ ပယ်ချလိုက်ပါသည်။

    4742080-16x9-700x394

    ABC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ဒေါ်စုကြည်မှ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးအား ရည်ရွယ်သည်ကို မိမိမှ မကန့်ကွက်ပါကြောင်း၊ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး ကိစ္စမှာ လွှတ်တော်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို မိမိမှ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း “ ဖွဲ့စည်းပုံ ဥပဒေဟာ ပြည်သူ့ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာပါ။ ဒါကြောင့် လွှတ်တော်က လုပ်ပိုင်ခွင့်ပေးပြီး၊ ပြည်သူတွေက သူမကို သမ္မတအဖြစ် သဘောတူညီမယ်ဆိုလို့ရှိယင် ကျွန်တော့်ဖက်က ပြောစရာမရှိပါဘူး ” ဟု သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

    ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရခေါင်းဆောင်များ၏ စုပေါင်းတွေ့ဆုံမှု တစ်ခုဖြစ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်၌ ကျင်းပနေစဉ် အတွင်း ဒေါ်စုကြည်မှ ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံ၏ယိုင်နဲ့နေသောစီးပွားရေးအား မြှင့်တင်နိုင်ရန် ဤဖိုရမ်က ကြားခံတစ်ခုဖြစ်သလို အတိုက်အခံခေါင်းဆောင် အတွက်လည်း မိမိ၏အသံမြှင့်ရန် အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့သည်။

    “ ကျွန်မအဖို့ သမ္မတရာထူးရရှိဖို့ဆိုယင် ဖွဲ့စည်းပုံဥပဒေကို တရားဝင်ပြောင်းဖို့ လိုအပ်ပါလိမ့်မယ် ” ဟု ပြောခဲ့သည်။

    ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူမ၏သမ္မတဖြစ်ရေးကို လက်ရှိဥပဒေက တားဆီးလျက်ရှိသည်။ မည်သူမဆို မိမိ၏ ရင်သွေးများသည် နိုင်ငံခြားသားဖြစ်နေလျှင် သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။

    ဒေါ်စုကြည်၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားဖြစ်နေခြင်းအပေါ် မူတည်၍ သူမအား သမ္မတရာထူးသို့ မတက်လှမ်းနိုင်အောင် ယင်းသို့စီမံရေးဆွဲပြဋ္ဌာန်းထား ခဲ့သည်ဟု မြန်မာလူမျိုးအများအပြားမှ ယုံကြည်ထားသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲပြင်ဆင်ရန်မှာ လွှတ်တော်၏ ၇၅ % ထောက်ခံမှု လိုအပ်၏။ သို့သော် အမတ် နေရာအားလုံး၏ လေးပုံတစ်ပုံမှာ စစ်တပ်မှ ရယူထားသည်။

    ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် ဒေါ်စုကြည်၏ တက်လမ်းအလို့ငှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆော်သြပေးရန် မိမိထံ အခွင့်အာဏာမရှိကြောင်း “ ကျွန်တော်တို့နိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိနေပါတယ်။ အုပ်ချုပ်စီမံရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးကဏ္ဍများ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို သြဇာပေးဖို့ အခွင့်အာဏာ ကျွန်တော့်ဆီမှာ မရှိပါဘူး ” ဟု ပြောဆိုခဲ့သည်။

    Ref: http://www.abc.net.au/news/2013-06-08/an-thein-sein-rejects-suu-kyi-demand/4742094

  • လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း (သရော်စာ)

    ဇွန်-၇၊၂၀၁၃
    ရေးသူ-Paw Lwin

    ပုဂံမှာ ဗလီဆောက်မည်ဆိုသည့်အကြောင်း
    အခုတစ်လော တစ်သောသောညံနေသည်

    မျိုးချစ်ပုဂ္ဂိုလ်ကြီးများ တင်ပြသောသတင်းဖြစ်ပါသည်
    ဗိုလ်ခင်ညွန့်ထံ ထောက်လှန်းရေး သင်တန်းတွေဘာတွေ တက်ဖူးသည် ထင်ပါ့ သတင်းက အတိအကျ ခိုင်ခိုင်လုံလုံ ယုံလောက်အောင် တင်ပြထားသည်

    ကာယကံရှင် မွတ်စလင်မ်များဘက်ကတော့ ဘာသံမှမထွက် လျှို့ဝှက်စိမ်းကားနိုင်လွန်းသည်
    တကယ်ဆို ကြိုပြောဖို့တော့ ကောင်းတာပေါ့အဘိုင်တို့
    ဟိုတစ်ခါ ဗလီတွေမှာ မြေအောက်ခန်းတွေ လက်နက်တိုက်တွေ အခိုင်အမာဆောက်ထားတယ်ဆိုတုန်းကလဲ ဟိုလူတွေပြောမှသိရ အဘိုင်တို့က ကွမ်းငုံနှုတ်ပိတ် တကယ်ရှာကြည့်တော့ ဘာမှမရှိ
    ဟိုလူတွေပြောတုန်းက တစ်ကယ်ရှိတာသိလို့ပြောတာလေ ရှာလို့မရှိတာကတော့ မရှိတာကိုရှာလို့ဖြစ်မှာပေါ့
    ဥပမာ ဗလီက ပူတာအိုမှာ သူ့မြေတိုက်ခန်းက ကော့သောင်းမှာ ဒီလို ဒီလို လှည့်ကွက်လေးတွေရှိနိုင်သည်လေ ဟုတ်ဘူးလား
    အလွယ်တကူတွေ့အောင်တော့ အောက်တည့်တည့်မှာ ဘယ်ထားပါ့မလဲ နော့…..
    အခု ပုဂံဗလီဆိုတာလဲ ဟိုလူတွေဒီလောက် အသေအချာပြောနေမှတော့ ဟုတ်ကိုဟုတ်ရမည်
    မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ကလဲ မွတ်စလင်မ်တွေဆို မျက်နှာသာပေးတတ်ပါဘိသနဲ့ ဆောက်ခွင့်ပေးမှာသေချာသည်…
    ပုဂံမြေမှာက မွတ်စလင်မ်အင်အား .001% လောက်တောင်ရှိတာဆိုတော့
    မွတ်စလင်မ်ခေါင်းဆောင်ပိုင်းအနေနဲ့ကလဲ မဖြစ်မနေ ဆောက်ဖြစ်အောင် ဆောက်ပေးမှသင့်မည်

    အို …… မျိုးချစ်အပေါင်းတို့
    ဒီလောက်သေချာနေတာ ပုဂံကိုကြိုတင် ကာကွယ်ကြလေလော့
    ပုဂံအထိ မသွားနိုင်လျှင်လဲ ထုံးစံအတိုင်း ကိုယ်နဲ့နီးတဲ့ ကုလားဆိုင်တွေ ကုလားအိမ်တွေ ကုလား ဗလီတွေကို ဖျက်ဆီး၍ ပုဂံကို ကာကွယ်ကြကုန်လော့
    ပုဂံမဟုတ်လဲ နောက်တစ်မျိုးပြီး နောက်တစ်မျိုး မရိုးနိုင်သော အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်လောက်နဲ့ ဆော်ပလော်တီးမှာဘဲ မဟုတ်လား ဆော်ကြကုန်လော့

    သာဓု သာဓု သာဓု

    ====================

    Bangan

    ** မှတ်ချက်
    ဓါတ်ပုံမှာ … ပုဂံတွင် ဗလီဆောက်လုပ်မည်ဟု မဟုတ်မမှန် သတင်းထုတ်လွှင်ပြီး ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် မဟုတ်မမှန်ဝါဒဖြန့်နေသည့် FaceBook Page များထဲမှ တခုဖြစ်သော”မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)” စာမျက်နှာမှ ဝါဒဖြန့် ပိုစ်တခုဖြစ်ပါသည်။ လက်ဆင့်ကမ်းမျှဝေသူ ၃၀၀၀ ကျော်သွားပြီဖြစ်ပါသည်။

    ၁၉၆၂ ခုနှစ် ဗိုလ်ချူပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီဝတ်ကျောင်းတော်အသစ်များ ယနေ့အချိန်ထိ ဆောက်လုပ်ခွင့်လုံးဝ မရှိခဲ့ပေ။ ရှိပြီးသား ဗလီဝတ်ကျောင်းတော် အများစုမှ လွတ်လပ်ရေးမရခင် ခေတ်မတိုင်ကတည်းက တည်ရှိပြီးသော ဗလီဝတ်ကျောင်းတော်များဖြစ်ပါသည်။ ထိုအပြင် ဘာသာရေးအကြမ်းဖမ်းမှု ပဋိပက္ခများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော် အများအပြား ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါသည်။
    https://www.facebook.com/photo.php?fbid=536295016427723&set=a.436761573047735.100202.436748389715720&type=1&theater

  • တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား

    တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား

    ဇွန်လ ၆၊ ၂၀၁၃
    M-Media
    ဆုံမှတ်

    ရန်ကုန် ။ ။ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် ဘာသာတစ်ခုနှင့်တစ်ခုအကြား အထင်အမြင်လွဲမှားပြီး အကြမ်းဖက်မှုဖြစ်ပေါ်လာစေရန် လှုံ့ဆော် ရန်စပြီး မိမိကိုယ်ကို အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါဟု လိမ်ညာပြောဆိုခဲ့မှုတစ်ခု ဇွန်လ(၄)ရက်ညက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

    ဖြစ်ပွားပုံမှာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အိုးဘို အရှေ့ရပ်ကွက်၊ သာဓု(၁)လမ်းတွင် ဟိန္ဒူဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦး ဖြစ်သော အသက် (၃၀)ကျော်အရွယ်ရှိ ဦးလှဝင်း(ခ)ရာန်ဆာမိ မှ ဇွန်လ ၄-ရက်နေ့ ည(၁၀)နာရီ ၀န်းကျင်ခန့်တွင် တစ်ဘာသာနှင့် တစ်ဘာသာ ချစ်ခင်လေးစားမူကို ပျက်ပြားစေကာ အထင်မြင်လွဲမှားပြီး အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် လှုံဆော် ရန်စသော အပြောအဆို အသုံးအနှုန်းသုံးကာ ပြဿနာရှာခဲ့ပြီး ရဲစခန်း၌ မိမိကိုယ်မိမိ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါဟု လိမ်ညာထွက်ဆိုခဲ့ကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ” အိုးဘို သာဓု (၁)လမ်းမှာ ဘယ်ကနေပြောင်းလာတဲ့ သူတွေတော့ မသိဘူး၊ သေချာတာကတော့ ကျွန်တော်တို့ မြို့က မဟုတ်ဘူး၊ ကျွန်တော်တို့ မြို့က ကျဉ်းတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုပြီး အကုန်လုံး သိကြတယ်၊ ၁၀-ရက်နေ့ညက ကိုလှဝင်းက သူ့မိန်းမနဲ့ သူတို့လင်မယားချင်း စကားများ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတော့ သူက လမ်းအပြင်ဘက် ထွက်လာပြီး ၉၆၉ ခွေးတွေ၊ ဘာညာ ဆိုပြီး ညစ်ညစ်ငြမ်းငြမ်း ဆဲတယ်လို့ သိရတယ်၊ အဲဒီမှာ သူ့ကို လူအယောက် တစ်ရာလောက် ၀ိုင်းလာပြီး ရိုက်မယ်၊ ထုမယ်၊ လုပ်တဲ့အချိန်မှာပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးရောက်လာပြီး နောက်ဆုတ်ပေးပါလို့ လူအုပ်ကြီးကို တားတယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။

    တွံ့တေးမြို့နယ် ရဲစခန်းရောက်တော့ အဲဒီ့ ဦးလှဝင်းဆိုတဲ့ လူက သူကိုယ်သူ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါလို့ ပြောတယ်။ အဲဒါကို ကြားတော့ မြို့က အစ္စလာမ်ဘာသာဝင် တစ်ယောက်၊ နှစ်ယောက်က ရဲစခန်းကို သွားရောက်ပြီး အဲဒီ့လူကို တွေ့ခွင့်ပေးပါလို့ ခွင့်တောင်းပြီး ဖြေရှင်းပေးဖို့ သွားတယ်။ အဲဒီ့ မြို့က အစ္စလာမ် ဘာသာဝင်က ဘာလို့ အဲလိုလုပ်ရတာလည်းလို့ ဆဲဆိုရန်စသူကို မေးကြည့်မယ်ဆိုပြီး သွားတာလို့ သိရပါတယ်၊ သူပြောရင် သူ့အပြစ်လုပ်ရင် ကိုယ်ဘာသာခံရမယ်ပေါ့၊ အဲဒီလူကို သွားရောက်မေးမြန်းတဲ့ သူက ‘မင်းဘာလို့ အဲလိုလုပ်တာလဲ၊ မင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ၊ ရန်စရှိလို့လားလို့ မေးတယ်၊ အဲဒီလူက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူးတဲ့၊ ဒါဆို ဘာလို့ ၉၆၉ ဆိုတာကို ကိုင်ပြီး ဆဲရတာလဲ၊ ကိုယ့်မိန်းမနဲ့ကိုယ်ရန်ဖြစ်တာ အိမ်မှာ မိန်းမကို ဆဲချင်ဆဲပေါ့၊ ဘာလို့ အပြင်က မဆိုင်တဲ့ သူများတွေကို ဆဲရတာလဲ လို့ပြောတယ်။ အဲဒီလူက ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိဘူး၊ ဘယ်လိုပြောရမှန်း မသိတော့ပါဘူး လို့ပြန်ပြောတယ် လို့အပြန်အလှန်စကားပြောကြတယ်။

    အဲဒီမှာ သွားတွေ့တဲ့ ပုဂ္ဂိုလ်က မသင်္ကာဖြစ်လာတယ်။ သူ့မှာလည်း ဘာသာပေါင်းစုံက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းစုံတယ်။ အဲဒီလူရဲ့ လေသံတွေကလည်း မွတ်စလင်မ် တစ်ယောက်ရဲ့ ပြောဆိုနေကြ အသံမဟုတ်ဘူး။ အဲဒီမှာ မင်း အာအုဒုလိလ္လာ ဗစ္စမိလ္လာဟ် ဖတ် ဆိုတော့ သူက ‘ အန် ‘တဲ့၊ ဖတ်ခိုင်းတော့ မဖတ်တတ် ဖြစ်နေတယ်၊ အဲဒါနဲ့ ကျွန်တော်က ကလီမာ(အစ္စလာမ်ဘာသာဖြစ်ရန် သက်သေယုံကြည့်ချက်) ထပ်ဖတ်ခိုင်းတယ်၊ မဖတ်နိုင်ဘူး ဖြစ်နေတယ်၊ သူရဲ့ အာရဗီ နာမည် ကဘာလဲ ဆိုတော့ ရာန်ဆာမိ လို့ ပြန်ဖြေတယ်လို့ သိရတယ်။ ဒါနဲ့ သွားတွေ့တဲ့ ပုဂ္ဂိုလ်က ဒီနာမည်က အာရဗီနာမည်မှ မဟုတ်တာ၊ ဟိန္ဒူ နာမည်ကြီးပဲလို့ ပြန်ပြောတယ်လို့ သိရတယ်၊ အဲဒါနဲ့ အဲဒီလူက မင်းကွာ ဘာလို့ တဖက်သားကို ဘာလို့ အဲလိုလုပ်တာလည်း။ မင်းကြောင့် အပြစ်မရှိတဲ့ သူတွေအားလုံး ဒုက္ခရောက်သွားနိုင်တယ်။ အမှန်အတိုင်းပြောပါကွာ လိမ်လည်တာ မကောင်းပါဘူး။ အမှုလည်း ပိုကြီးသွားလိမ့်မယ်လို့ပြောတယ်။ အဲဒီတော့မှ ဦးလှဝင်းဆိုသူက ဟုတ်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က ဟိန္ဒူ ဗုဒ္ဓဘာသာပါလို့ ပြန်ပြောတယ်လို့ သိရပါတယ်၊ သူ့ကို အရင်က ဘယ်မှာနေတာလဲဆိုပြီးမေးတော့ ကျွန်တော် အရင်က လှိုင်သာယာမှာနေတာပါ၊ ဒီကို ဘာလာလုပ်တာလည်းဆိုတော့ အဲဒီလူက သူဒီမှာ ပေ-၄၀ ပေ-၆၀ မြေကွက် ၀ယ်ထားတယ်။ အဲဒါနဲ့ လာနေတာတဲ့။ သူ့ကို မနက်က ထမင်းလာပို့တဲ့သူတွေကတော့ ဒီမြို့က မျက်နှာသိတွေပဲလို့ ပြောတယ်။

    ထူးထူးခြားခြားအနေနဲ့ ကျွန်တော်တို့ မြို့မှာ ဒီနေ့ မနက်က မြို့က မဟုတ်တဲ့ တစိမ်း ဟိန္ဒူ ဗုဒ္ဓဘာသာတစ်ယောက် ထပ်ရောက်နေတာကို ကျွန်တော်ကိုယ်တိုင် သတိထားပြီး တွေ့မြင်ရပါတယ်၊ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က စစ်တပ်ကိုလည်း သတင်းပို့ထားတယ်၊ ရဲစခန်းကိုရော၊ မယက ကိုရော ကျွန်တော်တို့ အကြောင်းကြားထားပါတယ်”ဟု ပြောပြလာပါတယ်။

    ယခုတလော မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ မိမိဒေသခံမဟုတ်ပဲ အခြားဒေသမှရောက်ရှိလာသူနေများအနေနှင့် မြို့ရွာအတွင်း ပြဿနာများဖြစ်ပွားအောင် လှုံ့ဆော်ဖန်တီးနေမှုများ များစွာကြားသိတွေ့ရှိနေရပါတယ်။ ဒါကြောင့် မိမိရပ်ရွာ ဒေသအတွင်း အကြမ်းဖက်ရန် လှုံ့ဆော်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းသင့်ကြောင်း သုံးသပ်လိုက်ရပါတယ်။