News @ M-Media
Tag: featured
  • ရခိုင်ပြည်နယ်က မွတ်စလင်တွေ ကလေး ၂ယောက်သာ ယူရန် ဥပဒေကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် RFA မေးမြန်းခန်း
    ဇွန်လ-၆၊၂၀၁၃
    Source: RFA
    ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံး တန်းတူဖြစ်ရမယ်လို့ ပြောကြား
    DASSK
    ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင် တွက်ဆပြီး ဖြစ်ပါတယ်။
    ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
    “ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေတစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး”
    RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
    တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ် သဘောထားကို မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
    “ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့”
  • အကြမ်းဖက်မှု အန္တရာယ် ဘယ်လိုအမြစ်ဖြတ်ကြမလဲ
    Popular Myanmar News Journal
    ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)
    dsc_0477-copy
    ဘာသာရေးပဋိပက္ခတွေ မငြိမ်း သေးတာ ငြိမ်အောင်မလုပ်လို့ မငြိမ် တာ။ တည့်တည့်ပြောရရင် ငြိမ်အောင် လုပ်ရင် သိပ်ပြီးတော့ ငြိမ်ပါတယ်။ ၈၈ အရေးတော်ပုံမှာ တစ်တိုင်းပြည်လုံး ဆန္ဒပြနေတာ။ ၂ဝဝ၇ ခုနှစ် သံဃာ့ အရေးအခင်း ငြိမ်သွားတာပဲဗျာ။ ပြဿနာဖြစ်တာနဲ့ ချက်ချင်း ရဲက ဝိုင်းမယ် ဖမ်းဆီးမယ်။ ဒီလောက်ပုံတူ လေးတွေ ဖြစ်နေတာကိုမှ ပြဿနာ ဖန်တီးတဲ့သူတွေကို မိအောင်မဖမ်းနိုင် ဘူးဆိုတော့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ဘူးဆိုရင် အဲဒီလို မလုပ်သေး သရွေ့ ဒီပြဿနာ ငြိမ်းသွားမှာ မဟုတ်ပါဘူး။ အဓိက တာဝန်အရှိဆုံးကတော့ အုပ်ချုပ်ရေး ဌာနပဲ။ ပြည်ထဲရေးဝန်ကြီး ဌာနက တာဝန်အရှိဆုံးပဲဗျ။ ဥက္ကံဆိုရင် လည်း တော်တော်အရေးယူတာ များ လာတယ်။ ဥက္ကံမှာ ချက်ချင်းထိန်း တယ်။ ပြီးတာနဲ့ အရေးယူတယ်။ တော်တော်ကို ဖမ်းတယ်ဆီးတယ်။ရုံးဘယ်နှယောက်တင်တယ်တော့ မသိ ပါဘူး။ အခု လားရှိုးဆိုရင်လည်း ချက်ချင်းထိန်း တယ်။ သာသနာရေး ဝန်ကြီးက အန္တရာယ်တွေကြားထဲမှာ စပီကာနဲ့ လိုက်အော်နေတယ်ဆိုတာ တော်တော်လေးစားဖို့ ကောင်းတယ်။ တကယ် တမ်း အဲဒီအလုပ်က ပြည်ထဲ ရေးကလုပ်ရမှာ။
    ဆူပူတာ၊ သောင်း ကျန်းတာ အကြမ်းဖက်တာ၊ လူသတ် တာ၊ မီးရှို့တာ၊ လုတာတွေက ကြီးလေး တဲ့ ပြစ်ဒဏ်တွေပါ။ ဒါမရှိစေချင်ရင် လွယ်လွယ်လေးပါ။ နံပါတ် ၁ ကြို တင်ပြီးတော့ သတင်းထောက်လှမ်းပြီး ဆူပူအောင် လှုံ့ဆော်နေသူတွေကို ဖမ်း မယ်။ အဲဒါကို မီဒီယာကနေ ဘယ်နေရာ မှာ ဆူပူအောင် လုပ်လို့ဖမ်းဆီးအရေး ယူလိုက်ပါတယ်လို့ ကြိုတင်လုပ်ရမယ်။ ဒုတိယအဆင့် က ဖြစ် ပြီဆိုတဲ့အချိန်မှာ ထိထိရောက်ရောက် အရေးယူရမယ်။ ဥပမာ ရာဘာကျည်နဲ့ ပစ်တယ်ဆိုပါ တော့။ ရော်ဘာကျည်ဆန်နဲ့မှ မရရင် ကျည်ဆန် အစစ်နဲ့ ပစ်ရမယ်။ အိမ်မီးရှို့ တဲ့အခါမျိုးပေါ့။ အဲဒီလို လုပ်တဲ့အခါ လုပ်တဲ့သူတွေဟာ မရဘူးဟ ဒီလိုမျိုး လုပ်ရင် ပစ်တာပဲကွဆိုပြီး သိသွားရင် ရှဲသွားကြမျာပါ။
    နောက် တတိယအဆင့် က ပြဿနာဖြစ်ပြီးရင် ပြဿနာလုပ်တဲ့ နေရာမှာ ပါတဲ့သူအားလုံးကို ထိထိရောက်ရောက် အရေးယူရ မယ်။ ဒီနေ ရာမှာ ကုလား-ဗမာ မလိုချင်ဘူး။ အားလုံးကို အရေးယူပေးရမယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်မယ် ဆိုရင် ဒီပြဿနာဟာ ပြီးသွားပြီပေါ့။ ဒီပြဿနာရပ် တန့်သွားပြီဆိုမှ ပြန်လည် သင့်မြတ်ရေးကို လုပ်ရမှာပါ။ ပြန်လည်သင့်မြတ်ရေးဆိုတာမှာ ရှင်းရှင်း ပြော ရရင် ချစ်ပြီး သားဗျ။ တကယ့် တကယ် ပြဿနာပေါ်ရင် ကာကွယ်ပေးနေတာ ဗုဒ္ဓဘာသာတွေပဲ။ သူတို့မှ မကာကွယ် ရင်ရော ဒီလူနည်းစုက ဘယ်သွားမလဲ ဗျာ။ ဖြစ်ချင်တဲ့သူ ရှိတယ်။ မဖြစ်ချင်တဲ့ သူရှိတယ်။ နည်းနည်းပါးပါးအထင် လွဲတာလေးတွေကို ရှင်းပြရင် ပြီးပါ တယ်။ မှိုင်းမိတဲ့သူတွေပေါ့ဗျာ။ ခုလုပ် ရမှာက စောစောကပြောတဲ့ အချက် သုံးခု၊ သိကြပါတယ်။ အားလုံးက ကြောက်တတ်ပါတယ်။ အရေးမယူတာ သိရင်တော့ ဆော်မှာပေါ့ဗျာ။ ဘာဖြစ် လို့လဲဆိုတော့ ပစ္စည်းလုရတာက တော် တော်ကို အရသာရှိတာကိုးဗျ။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ပြီဆိုရင် သူများ ရှာဖွေ ထားတဲ့ဟာကို အသာလေး ကောက် ယူသွားကြဆိုတော့ အဓိက ကတော့ အုပ်ချုပ်ရေးက ထိရောက်ရင် ပြီးသွား မယ့်ကိစ္စပါ။
    ဓာတ်ငွေ့ပိုက်လိုင်းနဲ့ နီးစပ် တဲ့နေရာတွေမှာ ဖြစ်တယ် ဆိုတာ မှာကျွန်တော်တို့က တရုတ်ကို မကြိုက် ရင် တည့်တည့်ဆန္ဒပြပေါ့။ ဓာတ်ငွေ့ ပိုက်လိုင်းကို မကျေနပ်ရင် ပိုက် လိုင်းကို လုပ်လို့ရတယ်ဗျ။ လူသတ်တာ၊ အဆောက်အအုံတွေ မီးရှို့တာတွေမှာ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဟိုဘက် သည်ဘက် အကုန်တွေးမှာပဲ။
    =======================================================
    ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
    dwyebu
    ဒါကပြောဖို့ ခက်ပါတယ်။ တကယ် ပဲ ဘာသာရေး အသွင်ဆောင်တာလား။ နိုင်ငံရေးအကျိုးအမြတ် တစ်ခုအတွက် ဘာသာရေးကို ခုတုံးလုပ်တာ လား ဆို တာကို အဓိကလေ့လာဖို့ လိုအပ်ပါ တယ် ။အရင် အစိုးရခေတ်ကဆို ဗုဒ္ဓ ဘာသာကလွဲပြီးတခြားဘာသာတွေကို တော်တော်လေး အခွင့် အရေး မပေးခဲ့ ဘူးလေ။ အဲ့ဒီတုန်းက ဒီလိုမျိုး ပြဿ နာတွေ သိပ်မရှိခဲ့ဘူးလေ။ ကျွန်မတို့ ခရစ်ယာန်ဆိုလည်း တော်တော်လေး လှိမ့်ခံရတာပဲလေ။ ဒါပေမဲ့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်မှ မဖြစ်ခဲ့တာပဲ။
    အခု ကျွန်မ အမြင်တော့ ဘာသာ ရေးမဟုတ်ဘူးလို့ မြင်တာပဲ။ နိုင်ငံရေး အကျိုးအမြတ်တစ်ခုအတွက် ဘာသာ ရေးအကြောင်းပြပြီး ဝင်အကြမ်း ဖက် တယ်လို့ပဲ မြင်ပါတယ်။ ဗုဒ္ဓဘာသာက လည်း သည်းခံခြင်းတရားနဲ့ပဲ၊ မွတ်ဆ လင်ရော၊ ကျွန်မတို့ ခရစ်ယာန်တွေရော အကုန်လုံး သည်း ခံခြင်းတရား အဆုံး အမနဲ့ နေလာခဲ့တာပဲ။
    မဖြစ်ခင်ကတည်းက ကြိုတင် ဖော်ထုတ် အရေးယူတဲ့အပိုင်းမှာ အ ရမ်းအားနည်းပါတယ်။ အခုလိုမျိုး ပဋိ ပက္ခတွေဖြစ်၊ မီးလောင်ဆုံးရှုံးမှုဖြစ် ပြီးမှ ဖမ်းဆီး အပြစ်ပေးတာထက်စာရင် ကြိုတင်ကာကွယ်နိုင်ရင် ပြည်သူတွေ အတွက် ပိုကောင်းတာပေါ့။ တရား ဥပဒေစိုးမိုးမှု ပိုရှိလာတယ်လို့ ပြော လို့ရ မှာပေါ့။ ကျွန်မအမြင်ကတော့ ရဲ ထောက်လှမ်းရေးတို့၊ြှ တို့လိုမျိုးဟာ တွေဟာ တော်တော်အားနည်းတယ်လို့ မြင်ပါတယ်။ အဲ့ဒီဘက်မှာ အင်အား လည်း တိုးသင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ အညီဖြစ်အောင် သင်တန်းတွေ၊ နိုင်ငံတကာမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက် လဲ သိရအောင် ပညာသင်တွေလည်း အများကြီးလွှတ်ဖို့ လိုပါလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်နိုင်ငံမှာ အကြမ်းဖက်မှုတွေက ကာကွယ်နိုင်မှာ ပေါ့။ ဒါဟာ တရားဥပဒေစိုးမိုးရေး ကိုလည်း အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။
    အခုလိုမျိုး ပြည်နယ်နဲ့ တိုင်းတွေမှာ အကြမ်းဖက်မှုေ တွ တောက်လျှောက် ဖြစ်နေတာဟာ နိုင်ငံ ရဲ့ အပြောင်းအလဲဖြစ်စဉ်ကို ထိခိုက် လာနိုင်တာ သတိထားရပါမယ်။ ပြီး တော့ ပဋိပက္ခဖြစ်တဲ့နေရာတွေဟာ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ နေရာအနီးတစ်ဝိုက်မှာ ဖြစ်တဲ့ကိစ္စ အပေါ်လည်း ဂရုစိုက်သင့်တယ်။ ပဋိ ပက္ခဖန်တီးလိုတဲ့သူတွေဟာ အဲ့ဒါတွေ ကို သွားထိလိုက်ရင် ဆုံးရှုံးမှု အရမ်း ကြီးမှာဆိုတော့လေ။ ကျွန်မတို့နိုင်ငံက လည်း အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ပိုက် လိုင်းနဲ့ဆိုတော့ အဲဒီနေရာတွေမှာ ဖြစ် ခဲ့ရင်ဘယ်လို ကာကွယ်မလဲဆိုတာ ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ ဒါဟာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ် ဘူး။ ပြည်သူတွေမှာလည်း တာဝ န်ရှိ တယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို တားဆီးကာကွယ်ဖို့ဆိုတာ အစိုးရမှာ တင် မဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက အသိစိတ်အပြည့်နဲ့ တာဝန် ယူစေချင် တယ်။
    ဒီလို ပဋိပက္ခတွေ လုံးဝရပ်ဆိုင်း သွားဖို့က အချင်းချင်း ချစ်ခြင်းမေတ္တာ ထားဖို့ပဲ။ ဒို့နိုင်ငံရဲ့ သွားနေတဲ့ နိုင်ငံ ရေးလမ်းကြောင်းကိုလည်း အားလုံးက ဝိုင်းဝန်းကူညီဖို့ လိုပါလိမ့်မယ်။ ပဋိပက္ခ ဆိုတာကတော့ တကယ့် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာတောင် လုံးဝ ချုပ်ငြိမ်းတယ်မှ မရှိတာ။ အားလုံး စုစည်းထိန်းသိမ်းရမှာပါ။ လုံးဝချုပ်ငြိမ်း သွားဖို့ဆိုတာ အင်မတန် ခဲယဉ်းပါ တယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆို တော့လေ။
    Popular Myanmar News Journal မှ ကူးယူဖော်ပြပါသည်။
    အပြည့်အစုံဖတ်လိုလျှင် http://popularmyanmar.com/mpaper/?p=70620
  • ယနေ့ ဖြစ်ပွားခဲ့သော မန္တလေးမှ ကောလဟလများနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်
    ဇွန် ၅၊ ၂၀၁၃
    M-Media
    သုတ
    မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ကောလဟလများနှင့် ပတ်သက်၍ ကျောင်းသားမိဘတချို့နှင့် ဆက်သွယ်မေးမြန်းချက်
    မန္တလေး ။ ။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက ပေါ်ထွက်ခဲ့သော ကျောင်းတချို့တွင် မီးရှို့နေသည်၊ ကျောင်းသားများကို သတ်ပြစ်နေသည်ဆိုသော ကောလဟလများနှင့် ပတ်သက်၍ အဆိုပါကျောင်းများတွင် စာသင်ကြားနေသော ကလေးငယ်များ၊ ကျောင်းသား မိဘတချို့နှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
    mdy
    Photo Credit t- Irrawaddy
    “မနက်က ၁၀-နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ။ အမှတ်(၃) အထက်တန်းကျောင်းအနီး ၃၆-လမ်းအနား မှာ ဆိုင်ကယ်နဲ့ လူတစ်စုက လာအော်တယ်။ ဘုန်းကြီးတွေလာနေပြီ။ မီးရှို့တော့မယ်ဆိုပြီးအော်တယ်။ အဲလို လာအော်လိုက်တော့ ရပ်ကွက်ထဲက လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ပြီးတော့ အနားဝန်းကျင်က ကျောင်းသား မိဘတွေကလည်း ကျောင်းကိုပြေးပြီး ကျောင်းရှေ့မှာ စုပြုံသွားကြတယ်။ ကျွန်တော်လည်း ကျွန်တော့်သားသမီးတွေရှိတဲ့ ကျောင်းရှေ့ရောက်သွားတယ်။ ဒါပေမယ့် ကျောင်းမှာ ဘာမှမဖြစ်ဘူး။ ရဲတွေလည်း ရောက်လာပြီး ကျောင်းရှေ့မှာ စောင့်ပေးနေကြတယ်။ ရဲက ၃၀-လောက်ရှိပါတယ်။ ကျောင်းက ချက်ချင်းဆင်းပေးလိုက်တာမဟုတ်ပါဘူး။ ထမင်းစားကျောင်းဆင်းချိန်မှ ဆင်းပေးလိုက်တာပါ။ ကျောင်းကိုလည်း ပိတ်လိုက်တာမဟုတ်ပါဘူး။ ကလေးတွေ လာချင်လည်း လာလို့ရတယ်။ ဖွင့်ပါတယ်။ ဒါပေမယ့် မိဘတွေက စိတ်ပူပြီး ကလေးတွေကို ကျောင်းကို ပြန်မလွှတ်တော့ဘူး။ ကျောင်းလည်းဘာမှ မဖြစ်ဘူး။ ကလေးတွေလည်း ဘာမှ မဖြစ်ပါဘူး။ တမင် ပဋိပက္ခတွေဖြစ်အောင် ကောလဟာလတွေ လွှင့်ပြီး ဖန်တီးနေကြတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အပြစ်မဲ့တဲ့ ကလေးတွေ စာသင်ကြားနေတဲ့အချိန်ကာလမှာတော့ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ ကျောင်းသားမိဘအနေနဲ့ ကျွန်တော်လည်း ကလေးတွေအတွက် စိုးရိမ်ပါတယ်။” လို့ ကျောင်းသား မိဘတစ်ဦးမှ ပြောပြပါတယ်။
    အဆိုပါကျောင်းတွင် စာသင်ကြားနေသည့် ဆဌမတန်း ကျောင်းသားတစ်ဦးအား မေးမြန်းရာ “သားတို့ ဘာမှ မသိလိုက်ဘူး။ ဆရာမက စာသင်နေတာ။ ခါတိုင်းလိုပဲ ထမင်းစားကျောင်းဆင်းတော့ ခါတိုင်းလိုပဲ အိမ်ပြန်မလို့ ထွက်လာတော့ ကျောင်းပေါက်ဝမှာ လူတွေ အများကြီးဖြစ်ပြီး သားတို့အဖေလည်း သားတို့ကို လာကြိုနေတာ တွေ့လိုက်ရတာ။ ကျောင်းဝင်းထဲမှာလည်း ဘာမှ ဖြစ်တာ မရှိပါဘူး။ အခုတော့ အဖေနဲ့အမေက စိတ်ပူလို့ဆိုပြီး သားတို့ကို ကျောင်းပြန်မလွှတ်တော့ဘူး။ ဟုတ်ကဲ့ ဒီနေ့တော့ နေ့ခင်းကို သား ကျောင်းပြန်မတက်တော့ပါဘူး။ နောက်ရက်ကျရင်တော့ ကျောင်းပြန်တက်မှာပါ”လို့ ဖြေကြားသွားပါတယ်။
    အခြားသော ကျောင်းသားမိဘတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ဟုတ်ပါတယ်။ ဒီမနက်က ဖြစ်သွားတဲ့ ကောလဟလပါ။ တမင်သက်သက်ကို လုပ်ကြံနေကြတာပါ။ မန္တလေးမြို့တွင်းက ကျောင်းတော်တော်များများ ပိတ်လိုက်တယ်။ ကလေးတွေကို သတ်နေပြီ၊ ကလေးတွေကို သတ်တော့မယ် ဆိုတဲ့သတင်းကြောင့်ပါ။ ကျောင်းတော်တော် များများဆိုတာ အမှတ်(၃)အထက အပါအ၀င်၊ စိန်ပန်းဘက်ကကျောင်း၊ နောက် ၄၁-လမ်းဘက်ကကျောင်းနဲ့ တခြားကျောင်းတွေလည်း ပိတ်လိုက်ပါတယ်။ ပြီးတော့ မြို့သစ်ဘက်က ကျောင်းတချို့လည်း ပိတ်လိုက်ပါတယ်။ မြို့သစ်ဘက်က တွဲဘက်အလယ်တန်းကျောင်းတစ်ခုမှာဆို ကလေးတွေကို လာသတ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ကျောင်းသားမိဘအများစုက တုတ်တွေ၊ ဓါးတွေကိုင်ပြီး ကျောင်းပတ်ပတ်လည်ကို လာစောင့်နေတဲ့အထိဖြစ်သွားတယ်။ ဒါကြောင့် ကျောင်းဆင်းပေး လိုက်ရတယ်။ နောက် စက်မှုမြို့သစ်ဘက်က ကျောင်းတချို့လည်း ပိတ်လိုက်ပါတယ်။ ကောလဟလကြောင့်သာ ပိတ်လိုက်တာပါ။ တစ်ခြား ဘာမှ ဖြစ်ပွားခဲ့တာ မရှိပါဘူး။”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
    မန္တလေးမြို့အား ဆူပူမှုဖြစ်စေရန် ဘက်ပေါင်းစုံမှ သွေးထိုးလှုံ့ဆော်မှုများရှိနေသည့်အတွက် မန္တလေးမြို့ခံများအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာခဲ့ရပါတယ်။ မန္တလေးမြို့တွင် အကြမ်းဖက် ကိစ္စရပ်များ မပေါ်ပေါက်လာစေရေးအတွက် မြို့ခံများအနေနှင့်လည်း ၀ိုင်းဝန်းထိန်းသိမ်းနေကြပါတယ်။ ကောလဟလများကို စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်အတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပါဝင်သော ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီ(မန္တလေး)မှလည်း လိုက်လံဖြေရှင်း ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
    ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီ၏ နာယကဆရာတော် ရေတော်တိုက်ဆရာတော် ဦးဝိသုတထံ ဆက်သွယ်မေးမြန်းလျှောက်ထားပါသော်လည်း တယ်လီဖုန်းလိုင်း ဆက်သွယ်မှုမရရှိသေးသဖြင့် ရရှိပါက ဆရာတော်၏ သြ၀ါဒမြွက်ကြားချက်ကို ထပ်မံဖော်ပြပေးပါမည်။
  • အကြမ်းဖက်ခံရမှုကြောင့် ဥက္ကံမှ ရွှေပြောင်းလာသူအား ကူညီထောက်ပံ့
    ဇွန်လ-၅၊၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ဥက္ကံမြို့တွင် နေအိမ်များ အကြမ်းဖက်ခံရသော အစ္စလာမ်ဘာသာဝင် များထဲမှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်း နေထိုင်လာသော မိသားစုတစ်စုအား အမည်မဖော်လိုသူ အစ္စလာမ် ဘာသာဝင် အလှူရှင် တစ်ဦးမှ မဖရီဒါ မှတဆင့်  မစိုးစိုး ဦးဆောင်သော လူသားခြင်း စာနာ ထောက်ထားမှု ဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ယက် မြန်မာ (Islamic Women humanitrian Network Myanmar) နှင့် ချိတ်ဆက်၍ ဇွန်လ ၄ရက်နေ့က နေ့လည် (၁)နာရီတွင် အဆိုပါ မိသားစု နေထိုင်ရာသို့ ငွေကျပ် နှစ်သိန်းတိတိ သွားရောက် လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    11
    မီးလောင်သွားတဲ့ နေအိမ်ကို ကြည့်ပြီး ဝမ်းနည်းပူဆွေးနေသည့် သားအမိ
    ဓါတ်ပုံ – AP
    “အရမ်းပဲ ပြောမပြတတ်အောင် ၀မ်းနည်း၊ ၀မ်းသာဖြစ်ရပါတယ်၊ အခုလို လာရောက် အားပေးစကားပြောတဲ့ အတွက်ရော၊ အကူအညီပေးတဲ့ အလှူရှင်ကိုရော ဒီ့ထက် အလ္ဘာဟ်ရှင်မြတ်ဘက်က ပြန်ပေးပါစေ လို့ဆုတောင်းပေးပါတယ်၊ အခု ဒီပတ်ဝန်းကျင်က အန်တီတို့ အတွက် အရမ်းကို စိမ်းပါတယ်၊ နေသား မကျသေးပါဘူး၊ အခု ဒီပိုက်ဆံလေးက အန်တီတို့ မိသားစု စားဝတ်နေရေး အတွက် အရင်းအနှီးရတာပါ၊ အရမ်းကို ကျေးဇူးတင်ရှိပါတယ်၊ အန်တီ ခင်ပွန်းကလည်း စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရလို့ ကျန်းမာရေးကုသမှု ခံယူနေရတာပါ၊ အန်တီတို့က မိသားစု ငါးယောက်ရှိပါတယ်၊ အန်တီတို့က ပြည်ဇာတိပါ၊ ပြည်မှာ အရေးအခင်း ဖြစ်လို့ ဥက္ကံမြို့ကိုပြောင်းရွှေ့နေထိုင်လာတာ အနှစ် ၂၀နီးပါး ရှိပါပြီ၊ အခုလို ဥက္ကံမြို့ပေါ်မှာ ဒီလို အဖြစ်မျိုးကြုံရတော့ မနေရဲတော့ပဲ ပြောင်းလာကြတာပါ၊ ပစ္စည်းလည်း ဘာမှ ပြန်မရပါဘူး၊ ပစ္စည်းတွေကအစ အိမ်ကိုရော ထုရိုက် ဖျက်ဆီး ထားကြတာပါ၊ ဘာမှကို ပြန်မရပါဘူး၊ လူပဲ ကိုယ်လွတ်ရုန်း ပြေးခဲ့ရတာပါ ” ဟု M-Media သို့ပြောသည်။
    ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဥက္ကံဈေးထဲတွင် အလံတိုင် ဘုန်းကြီးကျောင်းမှ အသက် ၁၁ နှစ်အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို ဥက္ကံမြို့ ပါးနီပြင် ကျေးရွာမှ အစ္စလာမ် ဘာသာဝင် မ၀င်းဝင်းစိန်က မတော်တဆ ၀င်တိုက်မိရာ သပိတ်ကျကွဲသွားခဲ့မှုကို အစပြုပြီး ဥက္ကံမြို့ရှိ အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
    ဧပြီလ ၃၀ ရက် ဥက္ကံမြို့နယ် အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှိုမှုများကြောင့် ဥက္ကံမြို့ပေါ်မှာ ဗလီ ၂ လုံး၊ ဘာသာရေးစာသင်ကျောင်း ၁ ခု ဈေးဆိုင်ခန်း ၂၀ ခု၊ လူနေအိမ် ၅၃ လုံး ပျက်ဆီ ခဲ့ပြီး ၊ ဒေသတွင်း ကျေးရွာတွေဖြစ်တဲ့ မီးလောင်စခန်း၊ ပနီပင်၊ ကျွဲပုံလေး၊ ခြောက်တဲနဲ့ ရတနာကုန်းကျေးရွာစတဲ့ ကျေးရွာ ၅ ရွာမှာတော့ ဗလီ ၁ လုံး၊ ဘာသာရေးစာသင်ကျောင်း ၂ ကျောင်း မီးလောင်၊ပျက်ဆီးခဲ့တဲ့အပြင် လူနေအိမ် ၁၅၁ လုံး မီးလောင်၊ ပျက်ဆီးမှုခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် ၈ ဦး ဒဏ်ရာရရှိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ မှတ်တမ်းများအရ သိရှိရပါသည်။
    အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သည့်ဟု သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသောလဲ ယနေ့အချိန်ထိ တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှု ယနေ့အထိ ထင်သာမြင်သာရှိအောင် လုပ်ဆောင်တာ မတွေ့ရှိရသေးပေ။
  • Mizzima Youth Network မှ ရန်ကုန်မြို့ အတွင်းရှိ အစ္စလာမ် ဘာသာရေး ပညာရှင်များ မိတ်ဆုံစားပွဲ အခမ်းအနား တစ်ရပ်ကျင်းပ
    ဇွန်လ ၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    IMG_1697
    အဆိုပါ အခမ်းအနားသို့ ဘာသာရေး ပညာရှင် (၆၀)ဦးခန့် နှင့် အစ္စလာမ်ဘာသာဝင် (၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ဖြေရှင်းသင့်သည့် နည်းလမ်းကောင်းများနှင့် အနာဂတ်တွင် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ အနေနှင့် ပြည်တွင်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးတွင် ဆက်လက် ပါဝင်လုပ်ဆောင်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှ သာသနာ့ပညာရှင်များ၊ အစ္စလာမ်ဘာသာဝင် ပြည်သူများနှင့် Mizzima Youth Network မှလူငယ်များစုပေါင်းကာ အနာဂတ်တွင် အစ္စလာမ်ဘာသာဝင်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆောင်ရွက်နိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသတင်းရရှိပါသည်။
    အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ မိတ်ဆုံစားပွဲ ဖိတ်ခေါ်ဆောင်ရွက်ခဲ့သော Mizzima Youth Network မှ လူငယ်တစ်ဦးဖြစ်သော ကိုရဲထူးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ ” လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး အစ္စလာမ်ထုတစ်ရပ်လုံးဘက်မှ မားမားမတ်မတ် ခိုင်ခိုင်မာမာ မှန်ကန်စွာ ရပ်တည်ပေးနိုင်မယ့် ဦးဆောင်လမ်းပြမယ့်သူတွေ လိုအပ်နေသေးသည်ဟု ယူဆတဲ့ အတွက် အခုလို အခမ်းအနား ကျင်းပခဲ့ရခြင်း ဖြစ်ပါတယ်။
    လက်ရှိ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုများကို အစ္စလာမ် ဘာသာရေးပညာရှင်၏ မှန်ကန်စွာ ရပ်တည်သော လမ်းညွှန်မှု အောက်မှာ တစ်ပြည်လုံးရှိ အစ္စလာမ်ဘာသာဝင်များ တစ်ညီတညွှတ်တည်း ငြိမ်းချမ်းစွာ ဖြေရှင်းစေဖို့ ရည်ရွယ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။
    အဆိုပါ အခမ်းအနားကို နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ပြီး နေ့လည်(၂) နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။